top of page
  • Myanmar Internet Project

နွေဦးတော်လှန်ရေးတွင် ဒစ်ဂျစ်တယ်နည်းနာများအား အသုံးချမှုကို ပြန်လှန်သုံးသပ်ခြင်း

Updated: Sep 13, 2023

ဤဆောင်းပါးကိုနန်းလင်း”က ရေးသားထားခြင်းဖြစ်သည်။ နန်းလင်းသည် အကြမ်းမဖက်လူထုအာဏာဖီဆန်ရေးလှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင်နေသူတဦးဖြစ်သည်။ သူသည် စစ်အာဏာမသိမ်းခင်ကာလများတွင် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ဦးဆောင်ပါဝင်ခဲ့ပြီး ပညာ ရေးပြုပြင်ပြောင်းလဲမှုများနှင့် ဒီမိုကရေစီအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများတွင် တက်ကြွစွာပါဝင်ခဲ့သူဖြစ်သည်။


နိဒါန်း

ဖေဖော်ဝါရီ ၁ ရက်နေ့မတိုင်မှီကပင် စစ်အာဏာသိမ်းမှုဖြစ်ပွားနိုင်ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူများ၏ သတင်းစာရှင်း လင်းပွဲများမှ ပြောကြားချက်များ၊ နေပြည်တော်နှင့် နီးစပ်သည့် နိုင်ငံရေးအသိုင်းအဝိုင်းများမှတစ်ဆင့် အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ကြားသိပြီးဖြစ်သည်။ ထို့အတွက် တုန့်ပြန်နိုင်ရန်လည်း ကြိုတင်စဥ်းစားပြင်ဆင်မှုအချို့ရှိနေခဲ့ပြီး ဖြစ်သည့်အပြင် ကြေညာချက်များကိုပါ ထုတ်ပြန်၍လည်း စစ်အာဏာသိမ်းမှုကို မကြိုဆို၊ မထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲရလဒ်ကို လေးစားလိုက်နာသင့်ကြောင်း အစရှိသည့် နိုင်ငံရေးအရ တုန့်ပြန်မှုများကိုလည်း ဆောင်ရွက်ခဲ့ကြပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်မှုနှင့် ကန့်ကွက်မှုများသည် ဖေ ဖော်ဝါရီလ ၂ ရက်နေ့မှ စတင်ခဲ့သည်ဟု ဆိုနိုင်ပါသည်။ စစ်ကောင်စီက အာဏာသိမ်းယူသည့်နေ့ မနက် ၃ နာရီမှ စတင်၍ မိုဘိုင်းအင်တာနက်များကို ပိတ်ဆို့ခဲ့သည်။ သို့သော်လည်း အိမ်သုံး၊ ရုံးသုံး အင်တာနက်များမှာ ဆက်လက်အသုံးပြုနေနိုင်သေးသည်ဖြစ်၍ ဆိုရှယ်မီဒီယာစာမျက်နှာတွင် ငြင်းခုန်နိုင်ခြင်း၊ လှုံ့ဆော်နိုင်ခြင်း၊ သတင်းအချက်အလက်များ မျှဝေနိုင်ခြင်းနှင့် ချိတ်ဆက်နိုင်ခြင်းတို့ကိုဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့ပြင် တခြားသောဒစ်ဂျစ်တယ်နည်းနာများဖြစ်သည့် “Zoom” ၊ “Signal” ၊ “Telegram”, “Protonmail” ၊ “Gmail” ၊ “Jisti” အစရှိသည်တို့ကို တက်ကြွလှုပ်ရှားသူများကြား၊ နိုင်ငံရေးအင်အားစုများကြားနှင့် လူငယ်များကြားတွင်ကျယ်စွာ အသုံးပြုနေနိုင်သည့် အလေ့အကျင့်များ ရှိနေကြပြီ ဖြစ်သည်။ ထိုနည်းနာများနှင့် ဆိုရှယ်မီဒီယာ(Facebook ၊ Twitter ၊ IG ၊ Youtube)တို့သည် မြန်မာ့နွေဦး ကနဦးလှုပ်ရှားမှုများ ဆောင်ရွက်ရာတွင် အဓိ ကအရေးပါသည့် ဒစ်ဂျစ်တယ်ကိရိယာ(tools)များ ဖြစ်ခဲ့ကြသည်။ ထို့အပြင် တစ်နှစ်ကျော်ကာလမှ ယခုအချိန်ထိလည်း ချိတ်ဆက်မှုများ၊ သတင်းထုတ်ပြန်မှုများနှင့် ဝါဒဖြန့်ချိန်မှုများတွင် အရေးပါလျက်ရှိသည့် ဒစ်ဂျစ်တယ်နည်းနာများလည်း ဖြစ်ပါသည်။ ယခုစာတမ်းတွင် နွေဦးတော်လှန်ရေး၏လူထုလှုပ်ရှားမှုများတွင် ဒစ်ဂျစ်တယ်နည်းနာအရ အသုံးချနိုင်ခဲ့မှုများကို ပြန် လှန်သုံးသပ်သွားမည် ဖြစ်ပါသည်။

(၁) သံပုံးတီးနှင့် အကြမ်းမဖက် အာဏာဖီဆန်ခြင်း(CDM)

သံပုံးတီးလှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် စတင်ခဲ့ပါသည်။ ထိုကာလတွင်ရှိနေသည့် အရပ်ရပ်သော အခြေအနေများကြောင့် လူထုပါဝင်နိုင်ရန်လွယ်ကူပြီး စစ်အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ပြသနိုင်သည့်လှုပ်ရှားမှုအဖြစ် လူငယ်အင်အားစုတချို့က သံပုံးတီးရန်ဆုံးဖြတ်ခဲ့ကြသည်။[1] ထိုနေ့တွင်ပင် ဆိုရှယ်မီဒီယာပလက် ဖောင်းကိုအသုံးပြု၍ ကမ်ပိန်းစာသားများနှင့် အကြောင်းအရာ(Content)များဖန်တီးခြင်း၊ ကြေညာချက်များထုတ်ပြန်ခြင်း၊ Zoom မီတင်ဖြင့် သရုပ်ပြခြင်း စသဖြင့် သံပုံးတီးလှုပ်ရှားမှုကို စတင်လှုံ့ဆော်ခဲ့ပါသည်။ ကနဦးအစရက်တွင် လူထု၏ပါဝင်မှုမှာ ကျယ်ပြန့်ခြင်း မရှိခဲ့သော်လည်း ဆိုရှယ်မီဒီယာပလက်ဖောင်းများတွင် လူထုချင်းလှုံ့ဆော်စည်းရုံးမှုများ၊ အနုပညာရှင်များနှင့် လူမှုကွန်ရက်မီဒီယာပေါ်တွင် ဩဇာရှိသူ(Social Influencer)များ၏လှုံ့ဆော်မှုများ၊ မီဒီယာများ၏ဖော်ပြမှုများမှတစ် ဆင့် သံပုံးတီးလှုပ်ရှားမှုသည် မြို့အသီးသီးရှိ အိမ်တိုင်း၊ လမ်းတိုင်းမှ ပါဝင်လာပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသနိုင်သည့် လှုပ်ရှားမှုတစ်ခု ဖြစ်လာခဲ့ပါသည်။

CDM လှုပ်ရှားမှုကို မန္တလေးမြို့ရှိ ကျန်းမာရေးဝန်ထမ်းများမှ စတင်လှုပ်ရှားခဲ့ပြီး ရက်ပိုင်းအတွင်းတွင် တစ်နိုင်ငံလုံးရှိ ကျန်းမာရေးနှင့် ပညာရေးဝန်ထမ်းများစွာ ပါဝင်ခဲ့ကြသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှုကြီးဖြစ်ပါသည်။ မြန်မာ့သမိုင်း၌ ၁၉၄၆ ခုနှစ်ကာလများတွင် ပုလိပ်သပိတ်ပေါ်ပေါက်ခဲ့ဖူးပြီး၊ ၁၉၈၈ ခုနှစ်တွင်မှု အစိုးရဌာနပေါင်းစုံမှ ဝန်ထမ်းပေါင်းများစွာ၏ သပိတ်များလည်း ပေါ်ထွက်လာခဲ့ဖူးပါသည်။ သမိုင်းအစဥ်အဆက်အရ အစိုးရဝန်ထမ်းသပိတ်များသည် လမ်းပေါ်လူထုလှုပ် ရှားမှုအားကောင်းစွာရှိပြီး နောက်ဆက်တွဲကြီးမားသည့် လှုပ်ရှားမှုအနေဖြင့်သာ ပေါ်ပေါက်ခဲ့ဖူးသည်။ နွေဦးတော်လှန်ရေးတွင်မူ ပထမဦးဆုံးပွဲဦးထွက်လှုပ်ရှားမှုအဖြစ် CDM လှုပ်ရှားမှုကြီး ပေါ်ပေါက်ခဲ့ပါသည်။

CDM လှုပ်ရှားမှုကို မန္တလေးမြို့ကျန်းမာရေးဝန်ထမ်းများက စတင်သည်နှင့် တပြိုင်နက် နိုင်ငံတစ်ဝန်းရှိ ကျန်းမာရေးဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများ၏ ဖဲကြိုးနီလှုပ်ရှားမှုနှင့် CDMလှုပ်ရှားမှုများသည်လည်း အားကောင်းစွာဖြင့် ပေါ်ထွက်လာခဲ့သည်။ ယင်းတို့သည် ဆိုရှယ်မီဒီယာမျက်နှာစာများတွင်လည်း အကြီးအကျယ်လှုပ်ခတ်ခဲ့ပြီး သက်ရောက်မှုကြီးမားသည့် လှုပ်ရှားမှုကြီး ဖြစ်ခဲ့သည်။ လမ်းပေါ်လူထုတိုက်ပွဲများ ပေါ်ပေါက်လာပြီးနောက်တွင် အစိုးရရုံးရှေ့နှင့် ဘဏ်များရှေ့တွင် CDM ပါဝင်ရေးလှုံ့ဆော်မှုများဖြင့် ပေါင်းစပ်နိုင်ခဲ့ပြီး ဖေဖော်ဝါရီတစ်လအတွင်းတွင်ပင် ကြီးမားကျယ်ပြန့်သည့် လှုပ်ရှားမှုကြီးတစ်ခုဖြစ်ပေါ်လာခဲ့ပါသည်။ CDM လှုပ်ရှားမှုသည် အာဏာသိမ်းကာလ တစ်နှစ်ကျော်သည်အထိ ထုထည်အကြီးမားဆုံးနှင့် သက် ရောက်မှု အကြီးမားဆုံးသော လှုပ်ရှားမှုအဖြစ် တည်ရှိနေဆဲ ဖြစ်သည်။

CDM လှုပ်ရှားမှုနှင့် သံပုံးတီးလှုပ်ရှားမှုသည် လမ်းပေါ်လူထုတိုက်ပွဲများ အရှိန်အဟုန်ကောင်းစွာမစတင်ခင် ကနဦးပေါ် ပေါက်ခဲ့ပြီး ဆိုရှယ်မီဒီယာများပေါ်ကလှုပ်ခတ်မှု(Digital Resistance)၊ လူထု၏ထောက်ခံပါဝင်မှု၊ ကွန်ရက်(Network) အလိုက်ချိတ်ဆက်ပုံဖော်နိုင်မှုတို့ဖြင့် အားကောင်းစွာ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

(၂) သန်းချီစုဝေး အမေစုလွတ်မြောက်ရေး

CDM လှုပ်ရှားမှုနှင့် လမ်းပေါ်လှုပ်ရှားမှုများ ပေါင်းစပ်နိုင်ပြီးနောက်တွင် မြို့တိုင်းနယ်တိုင်းတွင် သန်းနဲ့ချီသည့် ပြည်သူများက လမ်းမများပေါ်တွင်လည်းကောင်း၊ အစိုးရရုံးရှေ့များတွင်လည်းကောင်း ပုံစံအမျိုးမျိုးဖြင့် လမ်းပေါ်တိုက်ပွဲများကို ဆင်နွှဲလျက်ရှိပါသည်။ လမ်းပေါ်တိုက်ပွဲစတင်အားကောင်းခဲ့သည့် ဖေဖော်ဝါရီ ၆ ရက်နေ့ မှ ၁၆ ရက်နေ့အထိ ၁၀ ရက်တာကာလအတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်ပုံဖော်နိုင်မှု မရှိသလောက်ဖြစ်နေသည့်ကာလ ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေ့လည်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီမှ ရုံးထုတ်ပြီး အမှုထပ်တိုးခဲ့သည်။ ထိုဖြစ်စဥ်ကို အခြေခံပြီး “သန်းချီစုဝေး အမေစုလွတ်မြောက်ရေး” ခေါင်းစဥ်ဖြင့် ဖေဖော်ဝါရီလ ၁၇ ရက်နေ့၌ ဆူးလေတစ်ဝိုက်တွင် စုရုံးကြရန်နှိုးဆော်သည့် နွေဦးတော်လှန်ရေး၏ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သပိတ်ပုံဖော်နိုင်မှုအဖြစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ညမှစတင်၍ ပေါ်ပေါက်ခဲ့ပါသည်။ ထိုသပိတ်နှိုးဆော်မှုကို တော်လှန်ရေးအင်အားစုတစ်ခု ၏အမည်ဖြင့် ဖြန့်ဝေခြင်းမဟုတ်ပဲ အပျောက်သဘောခေါ်ယူခြင်းဖြစ်ပြီး စုရုံးရမည့်နေရာကိုပါ တပါးတည်း သတ်မှတ်ခေါ်ယူနိုင်ခဲ့သည်။ အမြို့မြို့အနယ်နယ်တွင်လည်း သက်ဆိုင်ရာမြို့၏ အထင်ကရနေရာများတွင် အထက်ဖော်ပြပါခေါင်းစဥ်ဖြင့်ပင် သန်းချီစုဝေးမှုများ ရှိခဲ့ကြပါသည်။

“သန်းချီစုဝေး အမေစုလွတ်မြောက်ရေး” သပိတ်သည် နွေဦးတော်လှန်ရေး၏ လမ်းပေါ်လှုပ်ရှားမှုတွင် ပထမဆုံးအချိန် အောင်အောင်မြင်မြင်ဖြစ်ခဲ့သည့် သပိတ်တစ်ခုဖြစ်ပါသည်။ ထိုသို့အောင်မြင်ရခြင်း၏အဓိကအချက်မှာ ဒေါ်အောင်ဆန်းစုကြည်တို့ကို တိတ်တဆိတ်ရုံးထုတ်၍ အမှုတိုးသည့် ဖြစ်စဥ်ကြောင့် လူထု၏အလှုပ်အခတ်ကို တိုင်ပင်ကိုက်ခေါ်ဆိုနိုင်ခြင်းနှင့် ယခင်ကာလများကဲ့သို့ သပိတ်ဖိတ်ခေါ်မှုတစ်ခုကို လူထုဆီရောက်စေရန် ရေဒီယို၊ သတင်းစာများနှင့် စာဝေစာကြဲခြင်းနည်းနာများဖြင့် ရက်များစွာအလိုကတည်းက အသိပေးလှုံ့ဆော်စရာမလိုပဲ ဒီနေ့ဖြစ်ရပ်အတွက် နက်ဖြန်တွင် တုံ့ပြန်ရန်အချိန်နှင့် တပြေးညီလှုံ့ဆော်နိုင်သည့် ဆိုရှယ်မီဒီယာပလက်ဖောင်းများကို အသုံးချနိုင်ခြင်းတို့ကြောင့်ဖြစ်သည်။ ထိုဖိတ်ခေါ်မှု ပေါ်ပေါက်ပြီးနောက်တွင် အကြီးအကျယ်ဆုံးသပိတ်ဖိတ်ခေါ်မှုများအဖြစ် “ပြိုင်တူ စုရုံး ၂ ငါးလုံး”အပါအဝင် သပိတ်လှုပ်ရှားများသည် မတ် လတွင်ပေါ်ပေါက်ခဲ့ပါသည်။

(၃) အသံတိတ်သပိတ်(Silent Strike)

မတ်လ ၂၄ ရက်နေ့တွင် အသံတိတ်သပိတ်(Silent Strike)ကို ပထမဆုံးအကြိမ် ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။

ထိုအချိန် ထိုကာလသည် ဖေဖော်ဝါရီလကဲ့သို့ သန်းချီစုဝေးနိုင်သည့် အခင်းအကျင်းမရှိတော့ပဲ စစ်ကောင်စီ၏သပိတ်များအား ဖြိုခွဲမှုများကို ဒိုင်းကာများ၊ အရံအတားများချကာ ပြန်လည်တုန့်ပြန်သည့်ပုံစံများ ရှိနေသည့်ကာလဖြစ်ပါသည်။ ဖေ ဖော်ဝါရီလကုန် မတ်လအစပိုင်းကတည်းကပင် စစ်ကောင်စီက သပိတ်များကို ဖြိုခွဲသည့်အတွက် အတိုးအဆုတ်နှင့် အရံအ တားများကို ချကာပြန်လည်တုန့်ပြန်သည့် တိုက်ပွဲဝင်ဟန်ကို လမ်းမပေါ်က လူငယ်များကပင် ရှာဖွေဖော်ထုတ်ခဲ့သည်။ ထို့အ ပြင် ဟောင်ကောင်မှ တိုက်ပွဲဝင်နည်းနာများကိုပါ လူငယ်များက ဆိုရှယ်မီဒီယာပလက်ဖောင်းများမှတစ်ဆင့် ရင်းနှီးကျွမ်းဝင် နေခဲ့ပြီး ကိုယ်နှင့်ကိုက်ညီသည့်ပုံစံများကိုရွေးချယ်၍ တိုက်ပွဲဝင်နေကြပြီဖြစ်ပါသည်။ ထို့ပြင် ထိုတိုက်ပွဲဝင်ဟန်များသည် သ ပိတ်ကော်မတီတစ်ခုခုမှ ချမှတ်ပေးလိုက်သည့် ပုံစံထက် ဆိုရှယ်မီဒီယာမျက်နှာစာများတွင် အပြန်အလှန်သင်ယူရင်းဖြင့်၊ ကိုယ့်မြို့ကိုယ်ရွာနှင့် ကိုက်ညီသည့်ပုံစံများကို ဖော်ထုတ်တိုက်ပွဲဝင်ရင်းဖြင့် မြန်မာနိုင်ငံရှိ မြို့အသီးသီးသို့ ကျယ်ပြန့်သွားသည့်ပုံစံ ဖြစ်ပါသည်။

မတ်လ ၂၀ ရက်နေ့ နောက်ပိုင်းရက်များတွင် ယင်းပုံစံများ တည်ရှိနေသေးသော်လည်း စစ်ကောင်စီက အချို့သောနေ ရာများတွင် ရပ်ကွက်နေလူထုကို အတင်းအဓမ္မ ဖိအားပေးခြိမ်းခြောက်၍ အတားအဆီးများကို ဖယ်ရှားခိုင်းခြင်း၊ မြို့နေရာအနှံအပြားတွင် တပ်စခန်းများချ၍ သပိတ်များကို အချိန်ပိုင်းအတွင်းတွင် ဖြိုခွဲခြင်းတို့ကြောင့် အားလျော့လာသည့် သဘောရှိလာပါသည်။ သို့ဖြစ်ရာ ရန်ကုန်မြို့ရှိ လူငယ်အင်အားစုများနှင့် ကျောင်းသားသမဂ္ဂခေါင်းဆောင်များတိုင်ပင်ကာ “အသံတိတ်သ ပိတ်(Silence Strike)”ကို “တိတ်ဆိတ်ခြင်းဖြင့် အကျယ်လောင်ဆုံး ဟစ်ကြွေးကြပါစို့” ခေါင်းစဥ်ဖြင့် ရန်ကုန်မြို့အတွက် ရည်ရွယ်၍ မတ်လ ၂၁ ရက်နေ့မှစတင်ကာ ဆိုရှယ်မီဒီယာများတွင် လှုံ့ဆော်ခဲ့ပါသည်။ ယင်းတိုက်ပွဲနည်းနာသည် မြန်မာပြည်အတွက် ပုံစံအသစ်ဖြစ်ပြီး ရန်ကုန်မြို့အတွက်သာရည်ရွယ်သော်လည်း အခြားသောသပိတ်အားကောင်းသည့် မြို့များဖြစ်သည့် မုံရွာနှင့် မန္တလေးမြို့များသို့ပါ ပြန့်နှံ့သွားခဲ့ပါသည်။ သို့ဖြစ်ရာ မူလက တနေကုန်တိတ်ဆိတ်ရန် လျာထားသော်လည်း အ ခြားမြို့များမှ သပိတ်ကော်မတီများ အဆင်ပြေစေရန်အတွက် ၃ နာရီအထိသာ အသံတိတ်သပိတ်(Silence Strike)ကို ဆောင်ရွက်ကြရန် သက်ဆိုင်ရာမြို့များမှ သပိတ်ကော်မတီများ၏အစီအစဥ်ဖြင့် လူထုသို့ နှိုးဆော်ခဲ့ပါသည်။ ထိုအစီအစဉ်ကို မူလစတင်စီစဥ်ကတည်းကပင် ရန်ကုန်မြို့ရှိ သပိတ်ကော်မတီများအပါအဝင် တခြားသောမြို့များမှ သပိတ်ခေါင်းဆောင်များကအစ သဘောမကျခဲ့ပေ။ အထူးသဖြင့် မတ်လ ၂၄ ရက်နေ့တွင်လည်း လူထုလမ်းပေါ်ထွက်ရန်အတွက် “အားလုံးစုဝေး မတ် လတော်လှန်ရေး” ခေါင်းစဥ်ဖြင့် သပိတ်ကော်မတီအချို့မှ လျာထားသတ်မှတ်ပြီး ဖြစ်နေရာမှ လှုပ်ရှားမှုခြင်း ပွတ်တိုက်မှု မဖြစ်စေရန်အတွက် ၂၅ ရက်နေ့ကို ပြောင်းလဲသတ်မှတ်ပေးခဲ့ပြီး မတ်လ ၂၄ ရက်နေ့ ကို “အသံတိတ်သပိတ်”အဖြစ် စီစဥ်ခဲ့ကြခြင်း ဖြစ်ပါသည်။

“အသံတိတ်သပိတ်”ကို ဆိုရှယ်မီဒီယာမျက်နှာစာများတွင် လှုံ့ဆော်ကြခြင်းဖြစ်ပြီး မတ်လ ၂၄ ရက်နေ့ နီးကပ်လာသည် နှင့်အမျှ သပိတ်ခေါင်းဆောင်များ၊ သပိတ်ကော်မတီများကပါ ဝိုင်းဝန်းလှုံ့ဆော်ပေးခြင်း၊ ဆိုင်များ၊ ကုန်တိုက်များနှင့် စျေးများပိတ်ရန်ကို ဆိုင်အချင်းချင်း၊ စျေးသည်အချင်းချင်းတို့က တစ်ဆင့်စကားဖြင့် နှိုးဆော်ကြသကဲ့သို့ စီးတီးမတ်(City Mart)ကဲ့ သို့သော ကုန်တိုက်များကပါ ထိုရက်တွင် တနိုင်ငံလုံးရှိ ကုန်တိုက်များကို ပိတ်မည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခြင်းများသည် “အသံတိတ်သပိတ်(Silence Strike)”အောင်မြင်ရေးအတွက် များစွာအထောက်အကူပြုခဲ့သည်။ ထို့ပြင် အဆိုပါသပိတ်နည်းနာသည် အသစ်အဆန်းဖြစ်ပြီး လူထုကိုယ်တိုင်သည်လည်းပါဝင်ရန် လွယ်ကူသကဲ့သို့ ပါဝင်ရန်အသင့်ရှိနေသည့် အခြေအနေတွင် ပထမအကြိမ် အသံတိတ်သပိတ်(Silence Strike)သည် အောင်မြင်ခဲ့ပါသည်။

ဒုတိယအကြိမ်နှင့် တတိယအကြိမ် အသံတိတ်သပိတ်(Silence Strike)တို့ကို GSCBမှ ကြီးမှူး၍ ဒီဇင်ဘာ ၁၀ ရက်နေ့တွင်လည်းကောင်း၊ အာဏာသိမ်းတစ်နှစ်ပြည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်လည်းကောင်း ဆောင်ရွက်ခဲ့ ကြပါသည်။ ဒုတိယအကြိမ်လှုပ်ရှားမှုတွင် GSCB ကဲ့သို့သော တနိုင်ငံလုံးအတိုင်းအတာ သပိတ်ကော်မတီအများစုပါဝင်သော မြေပြင်တွင် လှုပ်ရှားနေနိုင်သည့် သပိတ်ခေါင်းဆောင်များပါရှိနေသည့် အစုအဖွဲ့ကြီးကဦးဆောင်၍ သပိတ်ခေါ်သည်ဖြစ်ရာ ဆိုရှယ်မီဒီယာများတွင်သာမက မြေပြင်တွင်ပါ စာရွက်ကြဲခြင်း၊ သပိတ်များဖြင့်လှုံ့ဆော်ခြင်းစသည့် မြေပြင်လှုပ်ရှားမှုများကို အဖွဲ့အ သီးသီး၊ အင်အားစုအသီးသီးက အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ကြပါသည်။ ထို့ပြင် လူထုချင်းချင်းမှလည်း တစ်ဆင့်စကား တစ်ဆင့်နားကို ကြားစေသည့် တိုက်တွန်းပြောဆိုမှုများဖြင့် အပြန်ပြန်အလှန်လှန် လှုံဆော်ကြသည်ဖြစ်ရာ ဒုတိယအကြိမ်တွင်လည်း မျှော်မှန်းထားသည်ထက် ပိုမိုသည့် လူထုပါဝင်မှုများ ရှိခဲ့ပါသည်။ ဒုတိယအကြိမ်တွင်လည်း ယင်းနည်းနာကို သဘောမကျသည့် အင်အားစုများရှိခဲ့၊ ဝေဖန်ခဲ့သော်လည်း ပြင်းထန်သည့် သဘောထားကွဲလွဲမှုများကို ရှောင်လွှဲနိုင်ခဲ့ပါသည်။ လူထုကိုယ်တိုင်သည်လည်း တက်ကြွစွာပါဝင်ရန် အသင့်ရှိခဲ့ပြီး အင်တိုက်အားတိုက်လည်း ပါဝင် ခဲ့ကြပါသည်။

တတိယအကြိမ်ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်မှု လူထုပါဝင်နိုင်သည့် လူထုလှုပ်ရှားမှုကို စဥ်းစားကြရာတွင် “အသံတိတ်သပိတ်မှတပါး အခြားမရှိသည့်” အခြေအနေမျိုးကြုံတွေ့ရခဲ့သည်။ ထို့ပြင် GSCB အတွင်း အဖွဲ့ဝင်အဖွဲ့စည်းများအချို့နှင့် တခြားသော အင်အားစုအသီးသီးတို့မှလည်း ၁ နှစ်ပြည့်သည့် ၁ ရက်နေ့တွင် ပိုမိုအားပါ၍ ပြင်းထန်သည့်လှုပ်ရှားမှုမျိုးကို ဆောင်ရွက်စေလိုသော်လည်း မြေပြင်တွင်မူ လူထုလိုက်ပါနိုင်သည့် အခြေအနေသည် အသံတိတ်သပိတ်သာ ရှိနေခဲ့ပါ သည်။ ထိုအခြေအနေများကြောင့် သဘောထားကွဲလွဲမှုများကြားမှ အသံတိတ်သပိတ်(Silence Strike)ကို ဆောင်ရွက်ခဲ့ကြပါသည်။ ဤအကြိမ်တွင်မူ အင်အားစုအသီးသီး တက်ကြွစွာပါဝင်ခြင်းမရှိသော်လည်း စစ်ကောင်စီ၏ ဖိအားပေးနှိပ်ကွပ်မှု ပြင်းထန်ခြင်းကြောင့်ပင် လူထုက မခံချင်စိတ်ဖြင့် ပို၍ပါဝင်သည်ကို တွေ့ရှိခဲ့ရပါသည်။ ရှေ့နှစ်ကြိမ်တွင်လည်း စစ်ကောင်စီက ချော့၍ တစ်မျိုး၊ ခြောက်၍ တစ်ဖုံ၊နည်းအမျိုးမျိုးဖြင့် ရပ်ကွက်ကျေးရွာများအထိ ပုံမှန်တိုင်းအသွားအလာပြုကြရန်၊ ဆိုင် များ၊ စျေးများဖွင့်ကြရန် ဆော်သြခဲ့ရခြင်းသည်ပင်လျှင် လူထုကို “အသံတိတ်သပိတ်”တွင်ပါဝင်ရန် ပို၍တွန်းအားဖြစ်စေခဲ့ပါ သည်။

(၄) ဘာတွေလဲ ရန်ကုန်သားတွေနှင့် ပြောက်ကျားသပိတ်

တော်လှန်သင်္ကြန်လှုပ်ရှားမှုများပြီးသည့်နောက်တွင် လမ်းပေါ်လူထုတိုက်ပွဲများမှာ ခေါင်းပြန်မထောင်နိုင်ပဲ ကျန်ရှိနေသည့် အင်အားစုအသီးသီးတို့၏ နီးစပ်ရာ ချိတ်ဆက်မှုများဖြင့် ရန်ကုန်၊ မန္တလေး၊ မုံရွာစသည့်မြို့များတွင် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြောက်ကျားသပိတ်များဆောင်ရွက်နေခဲ့ကြပါသည်။ ထိုသို့ ပြောက်ကျားသပိတ်လှုပ်ရှားမှုများ ပို၍အားကောင်းစေရန်နှင့် လူ ထုစိတ်ပါဝင်စားစေမှုရှိစေရန် လှုံ့ဆော်နိုင်သည့် ပြောက်ကျားသပိတ်သည် ရန်ကုန်မြို့လည်ခေါင်တွင် ဧပြီလ ၂၃ ရက်နေ့တွင် ထွက်ပေါ်လာသည့် “ဘာတွေလဲ ရန်ကုန်သားတွေ” ပြောက်ကျားသပိတ်သည် အားကောင်းမောင်းသန်ရှိခဲ့ပြီး လူထုကိုပါ လှုပ်နိုးနိုင်သည့် ပြောက်ကျားသပိတ်တစ်ခု ဖြစ်ခဲ့ပါသည်။

မြို့ပြပြောက်ကျားသပိတ်များသည် လူဦးရေအကန့်အသတ်၊ အချိန်အကန့်အသတ်ရှိသော်လည်း အားကောင်းသည့် ကြွေးကြော်သံများ၊ နိုင်ငံရေးသတင်းစကားများ၊ ဓာတ်ပုံများနှင့် ဗီဒီယိုများကို ဆိုရှယ်မီဒီယာတွင် လွှင့်တင်နိုင်ခြင်းသည်ပင်လျှင် တော်လှန်ရေးခရီးကို ဆက်နိုင်ခဲ့သည့် နည်းနာတမျိုးဖြစ်စေခဲ့ပါသည်။ မြေပြင်တွင် အကန့်အသတ်လှုပ်ရှားမှုနှင့် ဆိုရှယ်မီဒီယာတို့ကိုပေါင်းစပ်ကာ တော်လှန်ရေးသွေးမအေးကြောင်း ပြသနိုင်ခဲ့ပြီး လူထုကိုပါ လှုပ်နိုးစေခဲ့ပါသည်။ ထိုကာလများမှစ တင်၍​ ယခုအချိန်အထိ တောရွာများတွင် ကျေးလက်သပိတ်၊ မြို့ပြများတွင် ပြောက်ကျားသပိတ်၊ အခါအားလျော်စွာ လူထုပါ ဝင်နိုင်သည့် လှုပ်ရှားမှုများဖြင့် ပုံဖော်၍ တော်လှန်ရေးခရီးကို ဆက်ခဲ့ကြခြင်းဖြစ်ပါသည်။

(၅) ဘူးသပိတ် (ဝါ) လူထုစီဒီအမ်(CDM)

ဘူးသပိတ်လှုပ်ရှားမှုများကို မတ်လကုန်ပိုင်းနှင့် ဧပြီအတွင်းတွေမှာ စတင်ခဲ့ကြပါသည်။ စစ်ကောင်စီ၏ရပ်ကျေးအုပ်ချုပ်ရေးလည်ပတ်နိုင်ရေးကြိုးစားမှုကို နည်းလမ်းနှစ်ခုဖြင့် တုန့်ပြန်ဟန့်တားနိုင်ခဲ့သည်။ ထိုနည်းလမ်းနှစ်ခုထဲတွင် ဘူးသပိတ်သည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ ဧည့်စာရင်းဥပဒေများထုတ်ပြန်ပြီး အိမ်များကို ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်ဖြစ်နေသည်ဖြစ်ရာ ဧည့်စာရင်းမတိုင်ရေးနှင့်အတူ မီတာမဆောင်၊ အခွန်မဆောင်၊ စစ်တပ်ထုတ်ကုန် မသုံးဆိုသည့် လှုံ့ဆော်မှုဖြင့် ဘူးသပိတ်ကို စတင်လာခဲ့ကြပါသည်။ ဘူးသပိတ်ဆိုသည့်အသုံးအနှုန်းကို GSCB ကစတင် သုံးစွဲခြင်းဖြစ်သော်လည်း ယင်းလှုပ်ရှားမှုတွင် အစုအဖွဲ့အသီးသီးမှ သန်ရာကဏ္ဍအလိုက် ဆောင်ရွက်နေကြပြီဖြစ်ပါသည်။ အထူးသဖြင့် စစ်တပ်ထုတ် ကုန်မသုံးရေးကမ်ပိန်းသည်လည်း ဆိုရှယ်မီဒီယာများမှတစ်ဆင့် လူထုထံသို့ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိနေပြီး စစ်တပ်၏ စီး ပွားရေးထောက်တိုင်များကို ရိုက်ချိုးနိုင်ရေးသည် ဖေဖော်ဝါရီလများကတည်းကပင် လူထုထံ သတင်းစကား ရောက်ရှိပြီးဖြစ်သည့်အပြင် “Boycott” နှင့် “SP “ကိုလည်း လူထုကြီးက ရင်းနှီးရင်းစွဲ ရှိနေပြီးဖြစ်ပါသည်။

လူထုသန်းချီလမ်းမများပေါ်တွင် မစုဝေးနိုင်သော်လည်း လူထုသန်းချီပါဝင်နိုင်သည့် ဘူးသပိတ်သည် နွေဦးတော်လှန် ရေးတွင်အရေးပါပြီး သက်ရောက်မှုကြီးသည့် လှုပ်ရှားမှုတစ်ခုဖြစ်ပါသည်။ မီတာမဆောင်၊ အခွန်မဆောင်ခြင်းဖြင့် စစ်တပ်၏ ဝင်ငွေရပေါက်များကို ပိတ်ဆို့ရေးနှင့် ဧည့်စာရင်းမတိုင်ခြင်းဖြင့် လုံးဝအုပ်ချုပ်ခွင့် မပေးစတမ်း စစ်ကောင်စီကို အသိအမှတ်မပြု၊ မပူးပေါင်းဆောင်ရွက်ရေးသည် ထိရောက်အောင်မြင်ခဲ့ပြီး စစ်ကော်စီသည် ယနေ့အချိန်ထိ နောက်ဆက်တွဲကိစ္စရပ်များကို ဖြေရှင်းကိုင်တွယ်နေရဆဲ ဖြစ်ပါသည်။ ဘူးသပိတ်သည် ဆိုရှယ်မီဒီယာ၏အားကို အဓိကယူဆောင်ရွက်ရသည့် လှုပ်ရှားမှုဖြစ်ပြီး ပြောက်ကျားသပိတ်များမှလည်း ချိန်သားကိုက် လှုံ့ဆော်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် မေလကုန်ချိန်တွင် ကျောင်းမတက်ရေးအတွက် နှိုးဆော်ရေးနှင့်အတူ ဘူးသပိတ်ကိုလည်း တဖန်ပြန်နှိုးဆော်ခဲ့ကြပါသည်။

(၆) သံတမန်ရေးတိုက်ပွဲ(Credential Challenge)

သံတမန်ရေးတိုက်ပွဲ(Credential Challenge)မှာလည်း ဆိုရှယ်မီဒီယာအားကို အဓိကအားယူ၍ လူထုသို့ သတင်းစကားပေးနှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပါသည်။ ကုလသမဂ္ဂ(UN)နှင့် ယူအက်စ်(US)တို့၏ သံတမန်ရေးမျက်နှာစာတွင် နှစ်ပေါင်းများစွာလုပ်ကိုင်ခဲ့သော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးအောင်ဒင်က သံတမန်ရေးတိုက်ပွဲ(Credential Challenge)နှင့်ပတ်သက်၍ ဇူလိုင်လအစောပိုင်းတွင် စတင်ရေးသားခဲ့သည်။ ထိုအချိန်မှစတင်၍ ယင်းအကြောင်းကို ကျယ် ပြန့်စွာသိမြင်လာပြီး အရေးပါမှုကိုလည်း မှန်းဆနိုင်ခဲ့ကြပါသည်။ ပြည်တွင်းပြည်ပအင်အားစုများ၊ CRPH, NUG နှင့် NUCC တို့ကလည်း ယင်းကိစ္စကို ဆွေးနွေးလာခဲ့ကြသည်။

ဤလှုပ်ရှားမှုတွင် လူထု၏သဘောပေါက်နားလည်မှုနှင့် ပါဝင်မှုသည်လည်း အရေးပါသည်ဟု ယုံကြည်ကြသည်နှင့် လူ ထုသိနားလည်စေရန် ဆိုရှယ်မီဒီယာများမှ သတင်းစကားများပေးခြင်း၊ နှိုးဆော်ခြင်းနှင့် လူထုပါဝင်နိုင်သည့် လှုပ်ရှားမှုများကို ဖော်ဆောင်ခြင်းတို့ကို ဩဂုတ်လတွင် ဆောင်ရွက်ခဲ့ကြပါသည်။ ဖေ့ဘွတ်ခ်(Facebook)တွင် သံတမန်ရေးတိုက်ပွဲနှင့်ပတ် သက်သည့် “Accept NUG, Reject Military” ဓာတ်ပုံဘောင်(Profile Frame)ပြောင်းလဲခြင်းတွင် လူသန်းနဲ့ချီပါဝင် ပြောင်းလဲခဲ့ကြပြီး လူထု၏ တိကျရှင်းလင်းသည့် သဘောတရားများကို နိုင်ငံတကာမျက်နှာစာသို့ ဖော်ပြနိုင်ခဲ့ပါသည်။ တပြိုင်တည်းတွင်ပင် မြေပြင်ရှိ ကျေးလက်သပိတ်များနှင့် မြို့ပြပြောက်ကျားသပိတ်များမှလည်း နှိုးဆော်စည်းရုံးခဲ့ကြသည်ဖြစ်ရာ ဆိုရှယ်မီဒီ ယာကို ပင်မအခြေပြု၍ မြေပြင်လှုပ်ရှားမှုနှင့်ပေါင်းစပ်နိုင်ခြင်း၊ ပြည်တွင်းပြည်ပ အင်အားစုများအကြား ဟန်ချက်ညီပေါင်းစပ်နိုင်ခြင်းတို့ကြောင့်ပင် သံတမန်ရေးတိုက်ပွဲ(Credential Challenge)သည် နွေဦးတော်လှန်ရေးတွင် သိမ်းပိုက်နိုင်ခဲ့သည့် တောင်ကုန်းတစ်ခုဖြစ်ခဲ့ပါသည်။

(၇) ပန်းသပိတ်

“Symbolic Strike”ဟု ခေါ်ဆိုနိုင်သည့် “ပန်းသပိတ်”ကို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်သည့် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဆင်နွှဲခဲ့ကြခြင်းဖြစ်ပြီး လူထု၏ပါဝင်မှုသည်လည်း အတိုင်းအတာတစ်ခုအထိရှိခဲ့ပါသည်။ ဤသပိတ်ကို GSCB မှ ဆော်သြခြင်းဖြစ်ပြီး ၇၆ နှစ်ပြည့် မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ ဖမ်းဆီးခံခေါင်းဆောင်များ၊ ရဟန်းရှင်လူကျောင်းသားပြည်သူများအပါအဝင် ထောင်နဲ့ချီတဲ့ နိုင်ငံရေးအကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အသိအမှတ်ပြု၊ အောက်မေ့သောအား ဖြင့် ပန်းသပိတ်ဆင်နွှဲကြရန် နှိုးဆော်ခြင်းဖြစ်ပါသည်။ ဤသပိတ်သည်လည်း သပိတ်ကော်မတီများ၊ သပိတ်ခေါင်းဆောင်များ၊ နိုင်ငံရေးခေါင်းဆောင်များနှင့် လူမှုကွန်ရက်မီဒီယာတွင် ဩဇာရှိသူ(Social Influencer)များနှင့် ရာပေါင်းများစွာသော ဖေ့ဘွတ်ခ်စာမျက်နှာများမှ ဝိုင်းဝန်းလှုံ့ဆော်ကြခြင်း၊ မြေပြင်သပိတ်လှုပ်ရှားမှု၊ စာဝေစာကြဲလှုပ်ရှားမှုများနှင့် ပေါင်းစပ်နိုင်ခြင်းကြောင့်ပင် အောင်မြင်ခဲ့ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လူထုအပေါ်လွှမ်းမိုးမှု ရှိနေဆဲဆိုသည်ကိုလည်း ပြသနေခြင်းဖြစ်ပါသည်။

(၈) ဒစ်ဂျစ်တယ်လူထုဟောပြောပွဲ

အမျိုးသားနေ့အကြိုဟောပြောပွဲကို “စစ်ကျွန်မခံ ဘူးငြင်းဆန် အမျိုးသားနေ့အဓိဌာန်” ခေါင်းစဥ်ဖြင့် နိုဝင်ဘာလ ၂၅ နှင့် ၂၆ ရက်နေ့များတွင် ကျင်းပခဲ့ခြင်းဖြစ်သည်။ မီဒီယာများနှင့် သပိတ်ကော်မတီများ၏ ဆိုရှယ်မီဒီယာစာမျက်နှာများမှနေ၍ တိုက် ရိုက်ထုတ်လွှင့်ခဲ့ပြီး သပိတ်ခေါင်းဆောင်များမှလူထုကို နိုင်ငံရေးတရားများ ဟောပြောခဲ့ကြပါသည်။ အမျိုးသားနေ့ဖြစ်ပေါ်လာရခြင်းသည်ပင်လျှင် “ကျွန်ပညာရေးစနစ်ကို သပိတ်မှောက်”ပြီး ကိုယ်ထူကိုယ်ထအမျိုးသားကျောင်းများထောင်ပြီး ဗြိတိသျှ၏ ပညာရေးစနစ်ကို အံတုသပိတ်မှောက်ပြခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်ရာ ၁၀၁ နှစ်ပြည့် အမျိုးသားနေ့တွင်လည်း ဘူးသပိတ်ကို ပြန်လည်ဖော်ဆောင်၍ လူထုစိတ်ကို နိုးကြားစေမည့် အစီအစဥ်များနှင့် လှုပ်ရှားမှုများ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

ရန်ကုန်ရှိ သပိတ်အင်အားစုများမှလည်း အမျိုးသားနေ့ ရက်သတ္တပတ်လှုပ်ရှားမှုခေါင်းစဥ်ဖြင့် စစ်တပ်နှင့် ပတ်သက်ဆက်နွှယ်နေသည့် “YBS”ဘတ်စ်ကားလိုင်းများကို နိုဝင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ တစ်ပတ်တိတိ သ ပိတ်မှောက်ကြဖို့ နှိုးဆော်ခဲ့ကြပါသည်။ သို့သော် လူထု၏ ရွေးချယ်စရာမရှိသော နေ့စဥ်မဖြစ်မနေ စီးနင်းရသည့် ဘတ်စကားလိုင်းများ ဖြစ်နေခြင်း၊ ကမ်ပိန်းသတင်းစကားပေးနိုင်မှု အကန့်အသတ်ရှိနေခြင်း တို့ကြောင့် ဘတ်စ်ကားသပိတ်သည် အောင် မြင်မှု မရှိခဲ့ပေ။ သို့သော် ဘတ်စ်ကားသပိတ်အတွက် နှိုးဆော်ရင်း မြန်မာပလာဇာဖြစ်စဥ်ဖြစ်ပွားခဲ့ရာ[2] မြန်မာပလာဇာကို “Boycott”ကြရန် ဆိုရှယ်မီဒီယာစာမျက်နှာတွင် ပြည်သူအချင်းချင်းနှိုးဆော်ခဲ့ကြပြီး ယခုအချိန်အထိ မြန်မာပလာဇာသည် စည်းကားနိုင်ရန် ရုန်းကန်နေရဆဲဖြစ်ပါသည်။

အမျိုးသားနေ့ဝန်းကျင်တွင် သပိတ်ခေါင်းဆောင်များ၏ အွန်လိုင်းမှဒစ်ဂျစ်တယ်တရားပွဲများ၊ မြေပြင်လှုပ်ရှားမှုများ သည် ချက်ချင်းလက်ငင်း သက်ရောက်မှုမရှိခဲ့သော်လည်း စတင်စဥ်းစားချိန်ကပင် အမျိုးသားနေ့နှင့် “10D”လှုပ်ရှားမှုကို ဆက်စပ်ချိန်စ စဥ်းစားခဲ့ကြသည်ဖြစ်ရာ ဒီဇင်ဘာလ ၁၀ ရက်နေ့ အသံတိတ်သပိတ်အပေါ် သက်ရောက်မှု ကြီးမားခဲ့ပါသည်။ ယင်းကာလများတွင် ဆိုရှယ်မီဒီယာမျက်နှာစာတွင် စကားဝိုင်းဆွေးနွေးပွဲများ၊ လှုံ့ဆော်ရေးဗီဒီယိုဖိုင်များ၊ လူထုသို့သတင်းစ ကားပေးကြသည့် သပိတ်ခေါင်းဆောင်များ၏အင်တာဗျူးများ၊ ဗီဒီယိုများ စသည်ဖြင့် ရှိကြသော်လည်း ဒစ်ဂျစ်တယ်လူထုတ ရားပွဲခေါင်းစဥ်ဖြင့်ကိုမှု နိုဝင်ဘာ ၂၅ ရက်နေ့တွင် စတင်နိုင်ခဲ့ပြီး နွေဦးတော်လှန်ရေးတွင် ဒစ်ဂျစ်တယ်နည်းအရ အရေးပါမှုကို သက်သေပြနေခဲ့ပါသည်။

နိဂုံး

အထက်ဖော်ပြပါ လှုပ်ရှားမှုအသီးသီးသာမက များစွာသောအကြမ်းမဖက်လှုပ်ရှားမှုနည်းနာပေါင်းစုံဖြင့် နွေဦးတော်လှန်ရေး၏ ပထမတစ်နှစ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး စစ်ကောင်စီကို လုံးဝအုပ်ချုပ်ခွင့် မပေးစတမ်း ခုခံတွန်းလှန်နိုင်ခဲ့ပါသည်။ ဖော်ပြပါလှုပ် ရှားမှုများသည် နွေဦးတော်လှန်ရေးတွင် ဒစ်ဂျစ်တယ်ခုခံမှု(Digital Resistance)ကို ပိုင်ပိုင်နိုင်နိုင်အသုံးချနိုင်ခဲ့ကြောင်း ပြသနိုင်သည့် လှုပ်ရှားမှုများဖြစ်ပါသည်။ နွေဦးတော်လှန်ရေးကာလတစ်လျှောက်၌ ဖေ့ဘွတ်ခ်(Facebook)တွင် လူထုလှုပ် ရှားမှုများကို လှုံ့ဆော်ခြင်း၊ သတင်းစကားပေးခြင်းတို့ကို အခြေပြုဆောင်ရွက်နိုင်ခဲ့ပြီး တယ်လီဂရမ်(Telegram)နှင့် တွစ်တာ (Twitter)တို့ကိုပါ တွင်တွင်ကျယ်ကျယ် အသုံးချနိုင်ခဲ့ပါသည်။ တွစ်တာ(Twitter)သည် မြန်မာ့အရေးကို နိုင်ငံတကာမှ အာ ရုံစိုက်အောင် နှိုးဆော်ရာတွင်အရေးပါသည့် ပလက်ဖောင်းဖြစ်ခဲ့ပြီး တယ်လီဂရမ်(Telegram)သည် နေ့စဥ်လုံခြုံရေးဆိုင် ရာသတင်းအချက်အလက်များနှင့် ဖြစ်ပျက်မှုများကို မျှဝေရာနေရာများဖြစ်ခဲ့ပါသည်။

ထို့ပြင် NUG မှ ရန်ပုံငွေရှာဖွေရေးတွင်လည်း ဒစ်ဂျစ်တယ်နည်းနာများအပြင် ဒစ်ဂျစ်တယ်ငွေကြေးများကိုပါ အသုံးချလာနိုင်သည်အထိ ရှိခဲ့ပါသည်။ နောက်ပိုင်းကာလများတွင် “C2D” ကဲ့သို့သော လှုပ်ရှားမှုများပေါ်ပေါက်လာပြီး “Digital Strike”ဆိုသည့်အသုံးအနှုန်းများကိုပါ တွဲကပ်သုံးစွဲလာခဲ့ကြပါသည်။ ထို့ပြင် “Youth Sports Media” ကဲ့သို့သော အား ကစားနှင့် နည်းပညာကိုပါ တွဲစပ်အသုံးပြုသည့် နည်းလမ်းများဖြင့် ဘောလုံးပွဲကြည့်ရင်း အလှူငွေရနိုင်သည့်အထိပါ ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို အသုံးပြုလာနိုင်ပါသည်။ ကျင့်ဝတ်ဆိုင်ရာနှင့် ဒစ်ဂျစ်တယ်နားလည်တတ်မြောက်မှု(Digital Literacy)ရှုထောင့်အရ မေးခွန်းများနှင့် ဆိုးကျိုးများရှိနိုင်သော်လည်း ဒစ်ဂျစ်တယ်ပလက်ဖောင်းများသည် တော်လှန်ရေးအ တွက်အရေးပါမှုနှင့် သက်ရောက်မှုကြီးမားစွာ တည်ရှိနေပါသည်။

ထို့ကြောင့် စစ်ကောင်စီသည် ဖြတ်လေးဖြတ်တွင် အင်တာနက်ကိုပါထည့်သွင်းစဥ်းစားလာပြီး တိုင်းရင်းသားဒေသများ နှင့် တိုက်ပွဲပြင်းထန်သောနေရာများတွင် အင်တာနက်ဖြတ်တောက်ခြင်းနှင့် မြို့ပေါ်များတွင်မူ VPN အသုံးပြုမှုများကို ကန့်သတ်ခြင်း၊ အင်တာနက်ခများကို စျေးမြှင့်ခြင်း၊ အော်ပရေတာများကို ထိန်းချုပ်ခြင်း၊ ဆိုက်ဘာဥပဒေပြဌာန်းခြင်း၊ လူထုလှုပ် ရှားမှုများပါဝင်သည့် အကောင့်များကိုဖမ်းဆီးအရေးယူခြင်းနှင့် ပိုင်ဆိုင်မှုများသိမ်းခြင်း စသည့် ပြင်းထန်သည့် ဖိနှိပ်မှုများကို ဆောင်ရွက်လာခြင်း ဖြစ်ပါသည်။ သို့ဖြစ်ရာ တော်လှန်ရေးအသက်ဆက်နိုင်ရေးနှင့် အရေးတော်ပုံအောင်နိုင်ရေးတို့သည် အင်တာနက်နှင့် ဒစ်ဂျစ်တယ်အခွင့်အရေးများရရှိမှု၊ ပြည်သူများ၏ ဒစ်ဂျစ်တယ်နားလည်တတ်မြောက်မှု(Digital Literacy)တို့ အရေးပါနေဆဲ ဖြစ်သည်။


[1] သံပုံးတီးခြင်းသည် မြန်မာအယူအဆအရ မကောင်းဆိုးဝါးကို မောင်းထုတ်ခြင်းဖြစ်သည်။ [2] မြန်မာပလာဇာအတွင်း ဆန္ဒဖော်ထုတ်ခဲ့ကြသောလူငယ်များကို ပလာဇာမှလုံခြုံရေးက

ကူညီဖမ်းဆီးပေးခြင်းကြောင့် အများပြည်သူက မကျေမနပ်ဖြစ်ခဲ့ကြသည်။

Commenti


bottom of page