top of page

စစ်အုပ်စု၏ ဒစ်ဂျစ်တယ်ဖိနှိပ်မှုဂေဟစနစ် အစီရင်ခံစာထုတ်ပြန်ခြင်း

  • Myanmar Internet Project
  • 2 days ago
  • 2 min read

(လူ့အခွင့်အရေးနှင့်တက်ကြွလှုပ်ရှားသူ မြန်မာအမျိုးသမီးအသံများ နှုတ်ဆိတ်သွားစေရေး စစ်အုပ်စု၏ကြိုးပမ်းချက်များ)


၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင် ငံတွင် ဒစ်ဂျစ်တယ်ဖိနှိပ်မှုများ သိသိသာသာ မြင့်တက်လာသည်။ စစ်အုပ်စုသည် အင်တာနက်ဖြတ်တောက်မှုများပြု လုပ်ခြင်း၊​  စောင့်ကြည့်ရေးနည်းပညာများအသုံးချခြင်း၊ မတရားသောဥပဒေများအား လက်နက်အဖြစ်အသုံးပြုခြင်းဖြင့် သဘောထားကွဲလွဲမှုများကို နှုတ်ဆိတ်တိတ်ဆိတ်စေခဲ့သည်။ 


ယင်းလုပ်ရပ်များသည် လူအခွင့်အရေးကာကွယ်သူစောင့်ရှောက်သူများ အထူးသဖြင့် အမျိုးသမီးအခွင့်အရေးကာကွယ်စောင့်ရှောက်သူများအပေါ် အွန်လိုင်းနှင့်အော့ဖ်လိုင်းနှစ်မျိုးလုံး၌ နှောင့်ယှက်မှုနှင့်ခြိမ်းခြောက်မှုများခံရပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကျင့်သုံးသူများကို ရာဇ ဝတ်မှုအဖြစ်သတ်မှတ်၍ ညှင်းပန်းနှိပ်စက်မှုများလည်း အ ချိုးမညီစွာသက်ရောက်လျက်ရှိသည်။


ယင်းအခြေအနေများအတွက် Myanmar Internet Project (MIP) က Association for Progressive Communications (APC)နှင့်ပူးပေါင်း၍ ယင်းတို့၏ ပံ့ပိုးကူညီမှုဖြင့် သုတေသနစာတမ်းပြုစုခြင်း၊ လူတွေ့မေး မြန်းခြင်းများနှင့်ဖြစ်ရပ်မှန်များကို ခွဲခြမ်းစိတ်ဖြာခြင်းတို့ကိုပေါင်းစပ်၍ ဤအစီရင်ခံစာအား ထုတ်ပြန်လိုက်ပါသည်။ ဤအစီရင်ခံစာ၌ စစ်အာဏာရှင်လက်အောက်ရှိ ဒီဂျစ်တယ်ဖိနှိပ်မှုများ၊ ဂျဲန်ဒါအခြေပြုအကြမ်းဖျက်မှုများနှင့် လက်တွေ့ဘဝအခြေအနေများကို နားလည်နိုင်ရန်အတွက် အမျိုးသမီးအခွင့်အ ရေးကာကွယ်စောင့်ရှောက်သူများနှင့် အခြားဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများ၏အတွေ့အကြုံများကိုမှတ်တမ်းတင် ၍ ခွဲခြမ်းစိတ်ဖြာရေးသားထားပါသည်။ ထို့အပြင်ဥပဒေကြောင်းအရ နောက်ခံအကြောင်းအရာများနှင့်ချိုးဖောက်မှုများကြောင့် သက်ရောက်မှုများကို ရှင်းလင်းသိသာစေရန် ဥပဒေပညာရှင်များ၏အမြင်များကိုလည်း ထည့်သွင်းရေးသားထားသည်။ 



တွေ့ရှိချက်များ


၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း စစ်အုပ်စု၏ဒစ်ဂျစ်တယ်ဖိနှိပ်မှုပုံစံများသည် လူ့အခွင့်အရေးလှုပ်ရှားသူနှင့်တက်ကြွလှုပ်ရှားသူအမျိုးသမီးများအပေါ် ရန်လိုသည့်သဘောထားရှိကြောင်း တွေ့ရသည်။ ဥပဒေကြောင်းအရဖိနှိပ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့်အင်တာနက်ဖြတ်တောက်ခြင်းများကို “ဒစ်ဂျစ်တယ်ဖိနှိပ်မှုဂေဟစနစ်”အဖြစ်ဆောင်ရွက်နေကြောင်း လေ့လာတွေ့ရှိရသည်။ ယင်းကြောင့် ဘက်စုံ၌အကျိုးသက်ရောက်မှုများရှိနေပြီး အကြောက်တရားနှင့်မသေချာမှုကြီးစိုးခြင်းများသည် ရုပ်ပိုင်း၊ စိတ်ပိုင်းအပါအဝင် ဥပဒေအရ အကာအကွယ်မရခြင်းကြောင့် ဒစ်ဂျစ်တယ်လုံခြုံမှုကင်းမဲ့ခြင်းများအပေါ် ကြီးစွာသက်ရောက်နေသည်။ ထို့ကြောင့် တက်ကြွလှုပ်ရှားသူများအပေါ် နှုတ်ဆိတ်နှုတ်ပိတ်စေသကဲ့သို့ နိုင်ငံပြင်ပသို့ ထွက်သွားစေရန် တွန်းပို့ခဲ့သည်။


ဖိနှိပ်ချုပ်ခြယ်သောဥပဒေမူဘောင်များအင်တာနက်ဖြတ်တောက်ခြင်းများနှင့် စောင့်ကြည့်ရေးယန္တရားတိုးချဲ့ခြင်းများသည် စစ်အုပ်စုအသုံးပြုနေသော “ဒစ်ဂျစ်တယ်ဖိနှိပ်မှုဂေဟစနစ်” ဖြစ်သည်။


“ဖိနှိပ်ချုပ်ခြယ်သောဥပဒေမူဘောင်များ”ကြောင့် တက်ကြွလှုပ်ရှားသူများနှင့်ဒစ်ဂျစ်တယ်အခွင့်အရေး လှုပ်ရှားသူများသည် ရာဇဝတ်မှုဖြင့် အရေးယူခြင်းခံခဲ့ရသည်။ “အင်တာနက်ဖြတ်တောက်ခြင်း”ကြောင့် သတင်းအချက်အလက်စီးဆင်းမှု၊ လွတ် လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်လိုအပ်သော အကူအညီပေးမှုများကို အနှောင့်အယှက်အဟန့်အတား ဖြစ်စေသည်။ “စောင့်ကြည့်‌ရေးယန္တရားတိုးချဲ့ခြင်း”ကြောင့် တက်ကြွလှုပ်ရှားသူများ၏တယ်လီဖုန်းဆက်သွယ်ခြင်း၊ ဒစ်ဂျစ်တယ်ငွေကြေးသုံးစွဲခြင်းနှင့်ဇီဝအချက်အလက်စုဆောင်းခြင်းများအပေါ် သက်ရောက်ခဲ့ပြီး စစ်အုပ်စုလော်ဘီများ၏စောင့်ကြည့်အချက်အလက် ဖွင့်ချခြင်းများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။


ဤနည်းလမ်းများက လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးများအပေါ် ဂျဲန်ဒါအခြေပြုသက်ရောက်မှုများ အောက်ပါ အတိုင်းဖြစ်စေခဲ့သည်။



ဖမ်းဆီးခံရခြင်း၊ ကိုယ်တိုင်ဆင်ဆာဖြတ်တောက်ရခြင်းနှင့်မရေမရာဖြစ်ခြင်း


စစ်အုပ်စုနှင့်သဘောထားကွဲလွဲမှုကို ရာဇဝတ်မှုအဖြစ်သတ်မှတ်ခြင်းကြောင့် ဖမ်းဆီးခံရခြင်းနှင့်ထိန်းသိမ်းခံထားရစဉ် ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ ကြောက်ရွံ့မှုနှင့်မရေမရာဖြစ်မှုပတ်ဝန်းကျင်ကို ဖန်တီးပေးခဲ့သည်။ တက်ကြွလှုပ်ရှားသူများသည် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရန် ကိုယ်တိုင်ဆင်ဆာဖြတ်တောက်ခဲ့ကြရသည်။ 


နေရာစုံ(အွန်လိုင်းနှင့်အော့ဖ်လိုင်း)မှစောင့်ကြည့်နေမှုအပြင် ထိုစောင့်ကြည့်မှုများမှတစ်ဆင့် တရားစွဲဆို ခြိမ်းခြောက်မှုများပြု လုပ်ခြင်းတို့ကြောင့် အချို့သောသူများအား ယင်းတို့၏လုပ်ငန်းနှင့်ရှင်သန်မှုအတွက် မရှိမဖြစ်လိုအပ်သော အသုံးပြုရမည့် ဒစ်ဂျစ်တယ်ကိရိယာများကို မယုံကြည်မှုဖြစ်စေခဲ့သည်။ 



နည်းပညာအခြေပြု ဂျဲန်ဒါ အကြမ်းဖက်မှု(TFGBV)


လူ့အခွင့်အရေးလှုပ်ရှားသူနှင့်တက်ကြွလှုပ်ရှားသူ အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနှင့် ခြိမ်းခြောက်မှုများကို အွန်လိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ရင်ဆိုင်နေရသည်။ အဆိုပါ တိုက်ခိုက်မှုများသည် စိတ်ပိုင်းဆိုင်ရာဒဏ်ရာများကို ကြာရှည်စွာဖြစ်ပေါ်စေပြီး ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများကိုလည်း ဖြစ်ပေါ်စေခဲ့သည်။ ထိန်းသိမ်းခံရသော တက်ကြွလှုပ်ရှားသူများ၏ဖုန်းများမှ ကိုယ်ရေးကိုယ်တာဓာတ်ပုံ/ဗီဒီယိုများအား ကူးယူပြီး နှိမ့်ချရန်နှင့်အရှက်ရစေရန်များကို စစ်အုပ်စုက ကျယ်ကျယ် ပြန့်ပြန့် လုပ်ခဲ့သည်။



အင်တာနက်ဖြတ်တောက်မှုကြောင့် အမျိုးသမီးများအပေါ်သက်ရောက်ခြင်း


အင်တာနက်ဖြတ်တောက်ခြင်းကြောင့် လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသမီးများအပါအဝင် အမျိုးသမီးတစ်ရပ်လုံးအပေါ် ဆိုးဝါးသောအန္တရာယ်များ ကျရောက်စေခဲ့သည်။ အင်တာနက်/အွန်လိုင်း အသုံးပြုရန် ဝေးလံသော၊ မလုံခြုံသောနေရာများသို့ သွားရောက်ကြရ၍ အကြမ်းဖက်မှုများကို ရင်ဆိုင်ကြရသည်။ ကျား၊ မခွဲခြားဆက်ဆံခြင်းအပါအဝင် အကြမ်းဖက်မှုများကို ကြီးထွားလာစေရန် တွန်းပို့ခဲ့သည်။



အကြုံပြုချက်များ


သုတေသနပြုလေ့လာချက်များအရ နိုင်ငံတကာအသိုင်းအဝန်း၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းနှင့်ကုမ္ပဏီများ၊ အစိုးရမဟုတ်သောနိုင်ငံတကာအဖွဲ့များ(INGO)နှင့်ကူညီထောက်ပံ့ရေးအဖွဲ့များ၊ မြန်မာနိုင်ငံအခြေစိုက် ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားသူများ၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးလှုပ်ရှားသူများတို့အား  အောက်ပါအတိုင်းအကြုံပြုသည်။



နိုင်ငံတကာအသိုင်းအဝန်းသို့


(၁) ဖိနှိပ်ချုပ်ချယ်သောဥပဒေများကို နှိပ်စက်ညှဉ်းပန်းမှုကိရိယာများအဖြစ် အသုံးပြုမှုအတွက် စစ်တပ်က တာဝန်ခံစေပါ။

(၂) စောင့်ကြည့်ရေးယန္တရားများကို အားပေးကူညီနေသည့်ကုမ္ပဏီများကို အရေးယူဆောင်ရွက်ပါ။



ဒစ်ဂျစ်တယ်ပလက်ဖောင်းများနှင့်ကုမ္ပဏီများသို့


(၁) အန္တရာယ်ရှိသော အကြောင်းအရာများကို ဖယ်ရှားပြီး ပလက်ဖောင်း၏ တာဝန်ယူမှုကို မြှင့်တင်ပါ။

(၂) လူ့အခွင့်အရေးဆိုင်ရာ အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပါ။

(၃) နည်းပညာကုမ္ပဏီများသည် ဖိနှိပ်မှုများအား အားမပေးသင့်သည့်အပြင် လူ့အခွင့်အရေးစံနှုန်းများကို လိုက်နာစောင့်ထိန်း ရမည်။



အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့များ(INGO)နှင့်ကူညီထောက်ပံ့ရေးအဖွဲ့များသို့


(၁) ဒစ်ဂျစ်တယ်လုံခြုံရေး ပံ့ပိုးမှုများပေးပါ။

(၂) ပြန်လည်ထူထောင်ရေးအစီအစဉ်များ ပံ့ပိုးပါ။

(၃) နိုင်ငံတကာ စည်းလုံးညီညွတ်မှုနှင့်ထောက်ခံအားပေးမှုကို မြှင့်တင်ပါ။



မြန်မာနိုင်ငံအခြေစိုက် ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားသူများ၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများနှင့်

လူ့အခွင့်အရေးလှုပ်ရှားသူများသို့


(၁) ခုခံလှုပ်ရှားမှုများအတွင်း ကျား၊ မ တန်းတူညီမျှမှုကို မြှင့်တင်ပါ။

(က) နည်းပညာအခြေပြု ဂျဲန်ဒါ အကြမ်းဖက်မှု(TFGBV)ဆိုင်ရာမူဝါဒများ ရေးဆွဲပါ။

(ခ) ဘက်စုံပါဝင်နိုင်မှုကို အဓိပ္ပာယ်ပြည့်ဝစွာ ဖော်ဆောင်ပါ။

(ဂ) ပွင့်လင်းမြင်သာသော တာဝန်ခံမှုကို ကျင့်သုံးပါ။



အစီရင်ခံစာအပြည့်အစုံကို အောက်ပါလင့်ခ့်တွင် ရယူနိုင်ပါသည်။ (အင်္ဂလိပ်ဘာသာဖြင့်သာ ထုတ်ဝေသည်။)




Recommended Citation Style - Myanmar Internet Project (2026, May 28),

စစ်အုပ်စု၏ ဒစ်ဂျစ်တယ်ဖိနှိပ်မှုဂေဟစနစ် အစီရင်ခံစာ (လူ့အခွင့်အရေးနှင့်တက်ကြွလှုပ်ရှားသူ မြန်မာအမျိုးသမီးအသံများ နှုတ်ဆိတ်သွားစေရေး စစ်အုပ်စု၏ကြိုးပမ်းချက်များ), https://www.myanmarinternet.info/my/post/an_ecosystem_of_digital_repression

Comments


bottom of page