၂၀၂၆ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ

မပြောင်းလဲသောဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များဖြင့် မြန်မာ့ဒစ်ဂျစ်တယ်ရပ်ဝန်းသည်ကာလတစ်ခုကို ဆက်လက်ရွေ့လျားနေ သည်။ အွန်လိုင်းပေါ်မှဝေဖန်ပြောဆိုမှုများကိုဆက်လက်စောင့်ကြည့်နေခြင်းဖြင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ဆက်လက်အမှောင်ကျနေပြီး ပီအက်စ်အမ်အက်စ်(PSMS)စနစ်ဖြင့် စောင့်ကြည့်ခံရမှုများမှာလည်း တိုးမြင့်လာနေဆဲဖြစ် ကြောင်း တွေ့ရသည်။ ချင်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး၏နေရာအချို့တွင် မိုဘိုင်းဖုန်းဆက်သွယ်ရေးလိုင်းများ ပြန်ရသော်လည်း အင်တာနက်ရရှိမှုမှာဆက်လက်ကန့်သတ်ခံထားရဆဲဖြစ်သည်။ စတားလင့်ခ့်၏မူဝါဒအပြောင်းအလဲကြောင့် စတားလင့်ခ့်အင်တာနက်ဝန်ဆောင်မှုစျေးနှုန်းများ ကြီးမြင့်လာပြီး အင်တာနက်ဖြတ်တောက်ခံထားရသည့်ဒေသများ၏သတင်းစားသုံးနိုင်မှုများ ပိုမိုချို့ယွင်းယုတ်လျော့လာနေကြောင်း တွေ့ရသည်။
ယခုအစီအရင်ခံစာတွင် ၂၀၂၆ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များအား မှတ်တမ်းတင်ထားခြင်းဖြစ်သည်။
(၁) ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(၁.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(၁.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(၁.၃) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက်စစ်အုပ်စုက လုပ်ဆောင်လာမှုအခြေအနေများ
(၁.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ဆက်သွယ်ရေးပြတ်တောက်မှုအခြေအနေများကို ခြုံငုံကြည့်ပါက စတားလင့်ခ့်(Starlink)မူဝါဒအပြောင်းအလဲများကြောင့် အင်တာနက်စျေးနှုန်းများမြင့်တက်လာမှု၊ စစ်ရေးလှုပ်ရှားချိန်များတွင် အင်တာနက်ဖြတ်တောက်မှုကို လက်နက်သဖွယ်ဆက်လက်ကျင့်သုံးနေမှု စသည်တို့ကို တွေ့ရသည်။ သဘာဝဘေးအန္တရာယ်(ရေကြီးရေလျှံမှု) ကြုံတွေ့နေရချိန်တွင် ဆက်သွယ်ရေးလိုင်းများပါ ပြတ်တောက်ခဲ့သဖြင့် လူသားချင်းစာနာမှုကယ်ဆယ်ရေးလုပ်ငန်းများအပေါ် သိသာစွာသက်ရောက်ခဲ့သည်။ တစ်နည်းအားဖြင့် ဒစ်ဂျစ်တယ်အခြေခံ အဆောက်အအုံ ကြံခိုင်နိုင်စွမ်း အားနည်းမှုကို ယင်းသဘာဝဘေးဖြစ်စဉ်များက ထောက်ပြနေသည်။
(က) စစ်ရေးလှုပ်ရှားမှုနှင့်ပစ်မှတ်ထား ဆက်သွယ်ရေးဖြတ်တောက်မှုများ
စစ်အုပ်စုသည် စစ်ကြောင်းထိုးခြင်းနှင့်လေကြောင်းတိုက်ခိုက်မှုများမပြုလုပ်မီ ဆက်သွယ်ရေးဖြတ်တောက်မှုများကို မကြာခ ဏဆောင်ရွက်လေ့ရှိကြောင်း သတင်းဖော်ပြချက်များအရ တွေ့ရလေ့ရှိသည်။
ဖုန်းနှင့်အင်တာနက်ဖြတ်တောက်ခံထားရသော ဝက်လက်မြို့နယ် အရှေ့ခြမ်းကို စစ်အုပ်စုက လေကြောင်းမှ(၇)ကြိမ်ထက်မ နည်း တိုက်ခိုက်ခဲ့သည်။ ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်(ထားဝယ်အထူးစီးပွားရေးဇုန်အတွင်းရှိ ကျေးရွာများ)တွင်လည်း ဖုန်းလိုင်းများဖြတ်တောက်ပြီး စစ်ကြောင်းထိုးမှုများ ပြုလုပ်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ တတိ ယပုံမှန်အစည်းအဝေး၌ မြင်းခြံမြို့နယ်တွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ပြန်လည်ဖွင့်ပေးမည့်အခြေအနေအား မေးမြန်းခဲ့သည်။ လုံခြုံရေးအခြေအနေကောင်းမွန်လာမှသာ ‘3G’ နှင့် ‘4G’ မိုဘိုင်း အင်တာနက်များကိုပြန်လည်ဖွင့်ပေးမည်ဟု ပြန် လည်ဖြေကြားခဲ့သည်။ ဆက်သွယ်ရေးလမ်းကြောင်းများကို လက်နက်တစ်ခုအဖြစ်အသုံးပြုနေသော်လည်း စစ်အုပ်စုသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၏ စတုတ္ထသုံးလပတ်တွင် ‘5G’ဝန်ဆောင်မှုများကိုစတင်လုပ်ဆောင်ရန်အစီအစဉ်ရှိကြောင်း ကြေညာထားသည်။
(ခ) စတားလင့်ခ့်(Starlink)မူဝါဒအပြောင်းအလဲကြောင့် အင်တာနက်သုံးစွဲမှု စရိတ်မြင့်တက်လာမှုများ
စတားလင့်ခ့်(Starlink)ပိတ်ပင်မှုများသည် အွန်လိုင်းလိမ်လည်မှုဆိုင်ရာလုပ်ဆောင်ချက်များအား အဟန့်အတားဖြစ်စေရန် အနည်းငယ်သာ သက်ရောက်မှုရှိပုံရသည်။ ဒီကေဘီအေ(DKBA)ထိန်းချုပ်နယ်မြေ မြဝတီမြို့တောင်ဘက်၌ အွန်လိုင်းလိမ် လည်မှုများအား ပိတ်ဆို့နှိမ်းနင်းလာချိန်တွင် စတားလင့်ခ့်(Starlink)မှ ဖိုက်ဘာ (သို့မဟုတ်) ကေဘယ်အင်တာနက်သို့ ပြောင်းလဲအသုံးပြုလာကြကြောင်း မွန်သတင်း အေဂျင်စီက ဖော်ပြသည်။
သို့သော် အင်တာနက်အသုံးပြုခွင့် ဖြတ်တောက်ခံထားသည့်နေရာများတွင် စတားလင့်ခ့်(Starlink)အားပိတ်ပင်ခြင်းသည် ပဋိပက္ခဒဏ်ခံရသောဒေသများရှိ လူများအတွက် သတင်းအချက်အလက်ရနိုင်ယူရန်မလိုလားအပ်သောအကျိုးဆက်များ ဖြစ်ပေါ်စေခဲ့သည်။
စတားလင့်ခ့်ဝန်ဆောင်မှုများရပ်တန့်သွားနိုင်သည်ဆိုသည့် စိုးရိမ်ပူပန်မှုများနှင့်အတူ ရခိုင်ပြည်နယ်တွင် ငွေသားထုတ်ယူမှု ဝန်ဆောင်ခများမှာ ကျပ်တစ်သိန်းလျှင်(၁၀,၀၀၀)ကျပ်၊ (၁၀%)နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့သည်။ ကချင်ပြည်နယ်တွင်လည်း စတားလင့်ခ့်ဝန်ဆောင်ခများ သိ သာစွာမြင့်တက်လာခဲ့သည်။ သို့သော် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ခံထားရသည့်အခြေအနေကြောင့် စတားလင့်ခ့်အင်တာနက်ကိုသာ ဆက်လက်အားထားအသုံးပြုနေရသည်။ ကရင်နီ(ကယား)ပြည်နယ် ဒီမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စတားလင့်ခ့်(Starlink) အသုံးပြုအင်တာနက်ကဖေးများတွင် အသုံး ပြုခကို အချိန်ဖြင့်ကောက်ခံခြင်းမှ ဒေတာပမာဏ(Volume-based)ဖြင့် ကောက်ခံသောစနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့ရပြီး အင်တာနက်အသုံးပြုမှုစျေးနှုန်းများလည်း ကြီးမြင့်လာခဲ့သည်။ ထိုအခြေအနေများသည် ဒေသခံတို့၏သတင်းအချက်အလက် စားသုံးနိုင်မှုကို သိသာစွာလျော့ကျသွားစေသည်။
(ဂ) သဘာဝဘေးအန္တရာယ်ကျရောက်ချိန် ဆက်သွယ်ရေးပြတ်တောက်မှုများ
မြန်မာနိုင်ငံသည် ငလျင်ဘေးနှင့်ရေကြီးမှုစသည့် သဘာဝဘေးအန္တရာယ်ကြုံရသည့်အချိန်များတွင် ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ ထိခိုက်မှုနှင့်အတူ ဆက်သွယ်ရေးပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိသည်။ ထို့အပြင် ပြန်လည်ပြင်ဆင်ချိန်ကြာမြင့်မှုများကြောင့် ကယ်ဆယ် ရေးလုပ်ငန်းများ နှောင့်နှေးလေ့ရှိကြောင်း တွေ့ရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် မြို့နယ်တစ်ခုလုံးနီးပါး ရေ ကြီးခဲ့ပြီး ဖုန်းလိုင်းများပြတ်တောက်ခဲ့သဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများအခက်အခဲဖြစ်ခဲ့ရသည်။ ရေဘေးကြောင့် မြို့နယ်အ တွင်းရှိ အမ်ပီတီ(MPT)မိုဘိုင်း စခန်း(၁၃)ခုအနက် (၁၁)ခုအထိ ပြတ်တောက်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူ၊ ကောလင်း၊ ကျွန်းလှ၊ တန့်ဆည်နှင့်ရေဦးဒေသများ တွင် ရေကြီးမှုများကြုံတွေ့နေရစဉ် ဆက်သွယ်ရေးလိုင်းများ ဆက်လက်ဖြတ်တောက်ခံထားရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုခက်ခဲခဲ့ရသည်။
(၁.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်းတွင်လည်း အွန်လိုင်းပေါ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား ဆက်လက်ဖိနှိပ်နေကြောင်း ဖမ်းဆီးမှုများက သက်သေခံနေသည်။ လူမှုကွန်ရက်မီဒီယာပေါ်တွင် မှတ်ချက်ပေးခြင်း(Comment)နှင့်တုံ့ပြန်မှုပေးခြင်း(Reaction)ကဲ့သို့သော သာမန်လှုပ်ရှားမှုများကိုပင် ပစ်မှတ်ထားဖမ်းဆီးခဲ့သည်။ မွန်ပြည်နယ်အခြေစိုက် တော်လှန် ရေးအဖွဲ့တစ်ခုဖြစ်သည့် "ရေးဘီလူး"အဖွဲ့၏ဖေ့ဘွတ်ခ့်ပို့စ် (Facebook Post)များအောက်တွင် မှတ်ချက်(Comment) ရေးသားခဲ့သည့်အမျိုးသမီးတစ်ဦးနှင့် တုံ့ပြန်မှု(Reaction)ပေးခဲ့သည့်အမျိုးသားတစ်ဦးတို့အား ဖမ်းဆီးခဲ့သည်။ ဩဂုတ်လ တစ်လတည်းအတွင်း လူမှုကွန်ရက်မီဒီယာပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ (၁၀)ဦးအထိ အနည်းဆုံးရှိခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကာတာရေယိုစိမ့်မှုသတင်းများ လူမှုကွန်ရက်မီဒီယာပေါ်တွင် ဖြန့်ဝေသူများအား အရေး ယူမည်ဟုလည်း စစ်အုပ်စုက ခြိမ်းခြောက်ခဲ့သည်။ နိုင်ငံရေးနှင့်သက်ဆိုင်ခြင်းမရှိသည် သဘာဝဘေးအန္တရာယ်သတင်းများကိုပင် လွတ်လပ်စွာဖော်ပြနိုင်ခြင်းမရှိအောင် လူထုအားခြိမ်းခြောက်မှုသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် မည်မျှအမှောင် ကျနေကြောင်း သက်သေခံမှုကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။
(၁.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုကလုပ်ဆောင်လာမှုအခြေအနေများ
၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ခရီးသွားလာသူများ၏ကိုယ်ရေးအချက်အလက်များအား ပီအက်စ်အမ်အက်စ်(PSMS)စနစ်ဖြင့် ဆက်လက်စစ်ဆေးဖမ်းဆီးမှုများ စစ်အုပ်စုက ပြုလုပ်နေသည်။ ထို့အတူ ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များအားလည်း တိုးမြှင့်ထိန်းချုပ်လာကြောင်း တွေ့ရသည်။
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ရှိ စစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများ၏နိုင်ငံသားစိစစ်ရေးကတ်များကို ပီအက်စ်အမ်အက်စ်(PSMS)စနစ်အသုံးပြု၍ စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ အကြမ်းမဖက်အာဏာဖီဆန်းရေးလှုပ်ရှားမှု (CDM)တွင်ပါဝင်ခဲ့သည့် ဘူမိဗေဒကျူတာဆရာမတစ်ဦးကို တာချီလိတ်လေဆိပ်တွင် ပီအက်စ်အမ်အက်စ်(PSMS)စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးပြီးနောက် ဖမ်းဆီးခံခဲ့ရသည်။ ပြည်တွင်းဘဏ်များ၏ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များ(KBZ-Pay၊ Wave Money၊ AYA Pay၊ CB Pay၊ Mobile Banking)ကို ပြည်ပနိုင်ငံများမှဝင်ရောက်အသုံးပြု၍မရအောင် ကန့်သတ်ပိတ်ပင်ရန် ဗဟိုဘဏ်က ညွှန်ကြားခဲ့သည်။ ပို့ကုန်/သွင်းကုန်စာရွက်စာတမ်းဆိုင်ရာလုပ်ငန်းစဉ်များ စီမံခန့်ခွဲမည့် ဒစ်ဂျစ်တယ်ပလက်ဖောင်းရေးဆွဲရန်အတွက် ရုရှားကာကွယ်ရေးဌာနများနှင့်ဆက်နွယ်နေသည့်ရုရှားနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် ‘Astra Group’၏လက်အောက်ခံ ‘Astra Consulting LLC’ အား လုပ်ကိုင်ခွင့်ပေးအပ်ခဲ့ကြောင်းလည်း တွေ့ရသည်။
(၂) ၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(၂.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(၂.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(၂.၃) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုက လုပ်ဆောင်လာမှုအခြေအနေများ
(၂.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း ကာလရှည်ဖုန်းလိုင်းပြတ်တောက်ခဲ့သည့်ဒေသအချို့တွင် ဖုန်းလိုင်းများပြန်လည်ရရှိခဲ့သည်ကို တွေ့ရသည်။ တစ်ဖက်တွင်လည်း လူသုံးများသည့်လူမှုကွန်ရက်မီဒီယာများဖြစ်သည့် တစ်တော့ခ့်(TikTok)အား ထပ် မံပိတ်ပင်ခဲ့သလို စစ်ရေးလှုပ်ရှားသည့် ဒေသများတွင် ဆက်သွယ်ရေးဖြတ်တောက်ခံရမှုများ ဖြစ်ပေါ်ခဲ့သည်။
(က) ကာလရှည်ပိတ်ထားသည့်ဖုန်းလိုင်းများ ဒေသအချို့တွင် ပြန်လည်ရရှိလာခြင်း
ကာလရှည် ဖုန်းလိုင်းပြတ်တောက်နေသည့် ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ တီးတိန်မြို့နယ်နှင့်တွန်းဇံမြို့နယ်တွင် အမ်ပီတီ (MPT)ဖုန်းလိုင်းများ ပြန်လည်အသုံးပြုနိုင်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပါတ်မြို့တွင်(၃)နှစ်ခန့်ကြာ ပိတ်ထားခဲ့ရသည့်အမ်ပီတီ(MPT)ဖုန်းလိုင်း များ ပြန်လည်ရရှိခဲ့သည်။
(ခ) စစ်ရေးနှင့်သဘာဝဘေးကြောင့် ဆက်သွယ်ရေးပြတ်တောက်မှုများ
နေရာဒေသအချို့တွင် ဖုန်းလိုင်းများပြန်လည်ရရှိခဲ့သော်လည်း စစ်ရေးပဋိပက္ခဖြစ်ပွားရာဒေသများတွင် ဆက်သွယ်ရေးဖြတ်တောက်ခံရမှုများနှင့်သဘာဝဘေးဒဏ်ကြုံတွေ့ရသည့်ဒေသများတွင် ရက်ရှည်ဆက်သွယ်ရေးပြတ်တောက်မှုများ ဆက်လက် ကြုံတွေ့နေရသည်။
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုင်တဲလ်(Mytel)တာဝါတိုင်ထိမှန်ပျက် စီးခဲ့ပြီး ဖုန်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့သည်။ မကွေးတိုင်းဒေသကြီး၊ ဆောမြို့နယ်၊ လောင်းရှည်မြို့ရှိ ကာ ကွယ်ရေးပစ္စည်းစက်ရုံသို့ စစ်ကောင်စီယာဉ်တန်းရောက်ရှိလာပြီးနောက် ဒေသတွင်း ဖုန်းလိုင်းနှင့်အင်တာနက်များ ဖြတ်တောက်ခံခဲ့ရပြီး စတားလင့်ခ့်(Starlink)အင်တာနက်စက်များပါ သုံးမရသည့်အခြေအနေများဖြစ်ပေါ်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ရေကြီးမှုကြောင့် ဖုန်းလိုင်းများပြတ်တောက်နေခဲ့သည်။ ၂၀၂၅ ခုနှစ်အကုန်အထိ မြန်မာနိုင်ငံလူဦး ရေ၏(၁၅.၁)သန်းခန့်မှာ အင်တာနက်အသုံးပြုနိုင်ခြင်းမရှိကြောင်း ‘Dataportal’၏ထုတ်ပြန်ချက်အရ သိရသည်။
(ဂ) လူမှုကွန်ရက်မီဒီယာများအား တိုးမြှင့်ကန့်သတ်လားမှုများ
မြန်မာနိုင်ငံတွင် လူသုံးအများဆုံး လူမှုကွန်ရက်မီဒီယာတစ်ခုဖြစ်သည့် တစ်တော့ခ့်(TikTok)ကို ဗီပီအန်(Virtual Private Network)အသုံးပြုမှ သာဝင်ရောက်နိုင်တော့သည့်အခြေအနေတစ်ရပ် ဖြစ်ပေါ်ခဲ့သည်ကြောင်း တွေ့ရသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်လွတ်လပ်စွာသတင်းအချက်အလက်ရယူနိုင်ခွင့်တို့ကို ထပ်မံ့နှောင့်ယှက်သည့်အခြေအနေတစ်ခုအ ဖြစ်လည်း ကောက်ချက်ချနိုင်သည်။ ထိုသို့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများနှင့်ဆက်သွယ်ရေးဝန်ဆောင်မှုများကို စိတ်ကြိုက်ကန့် သတ် ထိန်းချုပ်နေသည့် စစ်အုပ်စုက ‘5G’ ဝန်ဆောင်မှုပေးနိုင်ရေးအတွက် ဆက်သွယ်ရေးအော်ပရေတာများကို “2600MHz”လှိုင်းနှုန်းစဉ်များ ခွင့်ပြုပေးထားပြီဟု ထုတ်ပြန်ကြေညာလာကြောင်း တွေ့ရသည်။
(၂.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
၂၀၂၆ ခုနှစ် စက်တင်ဘာလတွင်းလည်း အွန်လိုင်းပေါ်မှလွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် စစ်အုပ်စုက ဆက်လက်ပစ် မှတ်ထား အရေးယူနေဆဲဖြစ်သည်။
မွန်ပြည်နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် "ရေးဘီလူး"အဖွဲ့၏လူမှုကွန်ရက်စာမျက်နှာတွင် မှတ်ချက်ဝင်ရောက်ရေးသားခဲ့သူ အသက်(၅၀)နှစ်အရွယ် ဦးဇင်မင်းခိုင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ(၅၂)ဖြင့် ထောင်ဒဏ် (၇)နှစ် ပြင်းထန်စွာချမှတ်ခဲ့သည်။ သားဖြစ်သူ ပေါ်တာဆွဲခံရပြီး စစ်ထဲပါသွားသဖြင့် တစ်တော့ခ့်(TikTok)လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် အကူအညီတောင်းခံခဲ့သည့်အမျိုးသမီးတစ်ဦးအားလည်း စစ်အုပ်စုက ခေါ်ယူစစ်ဆေးခဲ့သည်။ ယခုလအတွင်း အွန်လိုင်းပေါ်မှာ ပြောဆိုရေးသားမှုများကြောင်း(၄)ဦးခန့် အနည်းဆုံး ဖမ်းဆီးခံထားရသည်။ အာဏာသိမ်းပြီးနောက်(၅)နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်မီဒီယာပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူစုစုပေါင်း(၂,၀၂၉)ဦးအထိရှိလာပြီဟု ‘Data For Myanmar’အဖွဲ့က ထုတ်ပြန်ထားသည်။
ဖေ့ဘွတ်ခ့်(Facebook)နှင့်တစ်တော့ခ့်(TikTok)အပါအဝင် လူမှုကွန်ရက်မီဒီယာများတွင် ဆန်ဈေးကွက်နှင့်ပတ်သက်၍ ခန့်မှန်းရေးသားခြင်းများမလုပ်ရန်နှင့်အွန်လိုင်းဆိုင်ရာဥပဒေများကိုလိုက်နာရန် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းက သတိပေးချက်တစ်ခုထုတ်ပြန်ခဲ့သည်။ လူမှုကူညီရေးအသင်းများအနေဖြင့် ရဲအရေးပိုင်သည့်မှုခင်းကိစ္စရပ်များနှင့်ပတ်သက်သောကူညီမှုမှတ်တမ်းများကို လူမှုကွန်ရက်မီဒီယာပေါ်တွင်မတင်ရန် ရဲတပ်ဖွဲ့က တားမြစ်လာသည်။ အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများကို စောင့်ကြည့်ဖမ်းဆီးရုံသာမက သတင်းအချက်အလက်စီးဆင်းမှုများကိုပါ ကြိုတင်ဟန့်တားလာသည့်ဖြစ်ရပ်များလည်းဖြစ်သည်။ စက်တင်ဘာလတစ်လတည်းအတွင်း လူမှုကွန်ရက်မီဒီယာပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်း ဆီးခံရသူ(၄)ဦးအထိ အနည်းဆုံးရှိခဲ့သည်။
(၂.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုက လုပ်ဆောင်လာမှုအခြေအနေများ
၂၀၂၆ ခုနှစ် စက်တင်ဘာလအတွင်း စစ်အုပ်စုသည် ပီအက်စ်အမ်အက်စ်(PSMS)စစ်ဆေးမှုများတွင် မျက်လုံးစကန်ဖတ်စစ် ဆေးသည်အထိ တင်းကြပ်စွာစစ်ဆေးလာသည်။ ထို့အပြင် တော်လှန်ရေးအင်အားစုများထံ ငွေကြေးစီးဆင်းမှုမရှိစေရန် စောင့်ကြည့်ထိန်းချုပ်မှုများတိုးမြှင့်လာသလို ပြည်ပရောက်နိုင်ငံသားများအား ထိန်းချုပ်နိုင်ရန်ပြင်ဆင်မှုများဆောင်ရွက်လာကြောင်း တွေ့ရသည်။
(က) ပီအက်စ်အမ်အက်စ်(PSMS)မှတစ်ဆင့် စောင့်ကြည့်ခြေရာခံခြင်းများ
ပုဂံ-ညောင်ဦးလမ်းပိုင်းတွင် ခရီးသွားပြည်သူများကို ပီအက်စ်အမ်အက်စ်(PSMS)စနစ်အသုံးပြု၍ မျက်လုံးစကင်ဖတ်(Iris Scan)စစ်ဆေးကာ ဖမ်းဆီးမှုများရှိနေကြောင်း မဇ္ဈိမ(Mizzima)သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုသို့ ခရီးသွားများအား စစ် ဆေးစောင့်ကြည့်နေမှုများကြောင့် “ခရီးသွားလာမည့်သူများအနေဖြင့် မိုဘိုင်းဖုန်းများအတွင်း ဥပဒေနှင့်မညီသည့် ဓာတ်ပုံနှင့်ဗီဒီယိုများမပါရှိစေဖို့ အထူးသတိပြုကြရန် ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မှုအသင်း(DPTOA)”က ထုတ်ပြန်သတိ ပေးခဲ့ကြောင်း တွေ့ရသည်။
ရဟန်း၊ သာမဏေနှင့်သီလရှင်များကိုလည်း ယူအိုင်ဒီ(Unique ID)နံပါတ်များထုတ်ပေးရေးကို စစ်အုပ်စုက ပြင်ဆင်နေသ လို လာမည့် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း အီးအိုင်ဒီ(e-ID Smart Card)များ စတင်ထုတ်ပေးရန် ဆောင်ရွက်နေမှုများလည်း တွေ့ရှိရသည်။
(ခ) ငွေကြေးစီးဆင်းမှုများအား စောင့်ကြည့်ခြေရာခံမှုများ
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)အား ‘People's Revolution Supply Family’ ဝက်ဘ်ဆိုဒ်မှတစ်ဆင့် ငွေကြေးထောက်ပံ့နေသူ(၂၁)ဦးအား ဖမ်းဆီးခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ပြင် ငွေကြေးထောက်ပံ့နေသူ (၂,၇၀၀)ကျော်၏အချက်အလက်များကို လည်းရရှိထားသည်ဟု ယင်းတို့၏ကြေညာချက်တွင် ဖော်ပြထားသည်။ စစ်ဘေးရှောင်များကိုကူညီပေးနေသည့် ‘Clean Yangon’အဖွဲ့ထံ အလှူငွေထည့်ဝင်ခဲ့သော တောင်ကြီးမြို့မှ အမျိုးသမီးတစ်ဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် စစ်အုပ်စုက ဖမ်းဆီးခဲ့သည်။
(ဂ) ပြည်ပရောက် နိုင်ငံသားများအား ထိန်းချုပ်ရန် ပြင်ဆင်လာမှုများ
ထိုင်း၊ မလေးရှား၊ စင်ကာပူအပါအဝင် အာဆီယံနိုင်ငံများနှင့် တောင်ကိုရီးယား၊ ဂျပန်နိုင်ငံတို့တွင် ရောက်ရှိနေသည့် မြန်မာ နိုင်ငံသားများအား ဗီဇာ(Visa)ထုတ်ပေးခြင်း၊ သက်တမ်းတိုးခြင်းနှင့်ဗီဇာ(Visa)အမျိုးအစားပြောင်းလဲခြင်းများပြုလုပ်ရာတွင် 'မြန်မာသံရုံးထောက်ခံချက်'ပါရှိမှ သာဆောင်ရွက်ပေးရန် သက်ဆိုင်ရာနိုင်ငံများသို့ စစ်အုပ်စုက တောင်းဆိုခဲ့သည်။ စစ်အုပ်စုအနေဖြင့် ပြည်ပရောက်နိုင်ငံသားများအပေါ် ယင်းတို့၏အုပ်ချုပ်ရေးယန္တရားဖြင့် လွှမ်းမိုးချုပ်ကိုင်ရန်ကြိုးပမ်းပြင်ဆင်လာခြင်းဖြစ်သည်။
(ဃ) ထောက်လှမ်းရေးယန္တရားတိုးချဲ့ရန်ပြင်ဆင်မှုနှင့် အခြားစောင့်ကြည့်ထိန်းချုပ်မှု အခြေအနေများ
စစ်အုပ်စု၏ထောက်လှမ်းရေးယန္တရား အားကောင်းစေရန်ရည်ရွယ်သည့် မြန်မာအာကာသအေဂျင်စီ(Myanmar Space Agency)ကို စစ်ဗိုလ်များဖြင့်ဦးဆောင်ဖွဲ့စည်းထားကြောင်း တွေ့ရသည်။ စစ်အုပ်စုသည် တပ်တွင်းစောင့်ကြည့်မှုကိုလည်း တင်းကြပ်စွာပြုလုပ်နေကြောင်းတွေ့ရပြီး တပ်တွင်းသတင်းပေါက်ကြားမှုများကို ပြင်းပြင်းထန်ထန်အရေးယူခဲ့သည်ဟု ဒုစစ်ခေါင်းဆောင်က ဖွင့်ဟပြောဆိုခဲ့သည်။ လုံခြုံစိတ်ချရသည့် ဒစ်ဂျစ်တယ်ဂေဟစနစ်ပေါ်ပေါက်အောင်လုပ်ဆောင်မည်ဟု စစ်အုပ်စုက ထုတ်ဖော်ပြောဆိုခဲ့ကြောင်းလည်း တွေ့ရသည်။
(၃) ၂၀၂၆ ခုနှစ် အောက်တိုဘာလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(၃.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(၃.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(၃.၃) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုက လုပ်ဆောင်လာမှုအခြေအနေများ
(၃.၄) ခြိမ်းခြောက်မှုများအကြားက သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေများ
(၃.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
အောက်တိုဘာလ ၂၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ‘Freedom House’၏ ‘Freedom On the Net’အစီရင်ခံစာအရ မြန်မာနိုင်ငံသည် တရုတ် နှင့်အီရန်နိုင်ငံတို့နည်းတူ ကမ္ဘာပေါ်တွင် ဒစ်ဂျစ်တပ်ရပ်ဝန်းအပေါ် ဖိနှိပ်ချုပ်ချယ်မှုအများဆုံးရှိသည့်နိုင်ငံတစ်ခုအဖြစ် ဖော်ပြခံရသည်။ ဆက် သွယ်ရေးပြတ်တောက်နေသည့်ဒေသများအား လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေကြောင်း တွေ့ရသည်။ ဆက်သွယ်ရေးဖြတ် တောက်ခံထားရစဲဖြစ်သည့် အညာဒေသတွင် စတားလင့်ခ့်မူ ဝါဒအပြောင်းအလဲများကြောင့် စတားလင့်ခ့်အင်တာနက်အသုံးပြုမှုဝန်ဆောင်ခ များ ကြီးမြင့်လာကြောင်းကိုလည်း တွေ့ရသည်။
(က) အင်တာနက်ဝန်ဆောင်မှုအပြည့်အဝမရရှိခြင်းများ
ပြည်တွင်း၌ အင်တာနက်ဝန်ဆောင်မှုပေးနေသည့်ကုမ္ပဏီများက သတ်မှတ်ထားသော လိုင်းနှုန်းများအပြည့်အဝမပေးခြင်းကြောင့် သုံးစွဲသူများအနေဖြင့် (၂၀)ရာခိုင်နှုန်းခန့် နစ်နာနေသည်ဟု စစ်အုပ်စု၏ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်ထောက်ပြခဲ့ရသည်အထိ မြန်မာနိုင်ငံ၏အင်တာနက်ဝန်ဆောင်မှုအခြေအနေမှာ အလွန်ဆိုးရွားနေသည်။ အောက်တိုဘာလ (၂၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ‘Freedom House’၏အစီအရင်ခံစာအရလည်း မြန်မာနိုင်ငံ၏အင်တာနက်လွတ်လပ် ခွင့်အခြေအနေမှာ တရုတ်နိုင်ငံနှင့်အီရန်နိုင်ငံတို့နည်းတူ ဆိုးရွားနေသည်ကို ထောက်ပြထားသည်။
ယခုကာလအတွင်း(၃)နှစ်ကျော် ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည့် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် အမ်ပီတီ (MPT)ဖုန်းလိုင်းနှင့် ခမ်းပတ်မြို့တွင် ယူနိုင်(U9)ဖုန်းလိုင်းများ ပြန်လည်ရရှိခဲ့သည်။ သို့သော် အင်တာနက်လိုင်းများမှာ ဆက် လက်ပြတ်တောက်နေဆဲဖြစ်သည်။ ချင်းပြည်နယ် တွန်းဇံမြို့နှင့်ဖလမ်းမြို့တွင် ဖုန်းလိုင်းအချို့ပြန်ရခဲ့သော်လည်း ဖုန်းလိုင်များ နှစ်ရှည်ဖြတ်တောက်ခံရသဖြင့် ဆင်းကဒ်(Sim Card)များသက်တမ်းကုန်သွားပြီး ဖုန်းဆင်းကဒ်များကို ကျပ်ငွေ သောင်းနှင့်ချီပေး၍ ဒေသခံများက ပြန်လည်ဝယ်ယူအသုံးပြုနေရသည်။
(ခ) သဘာဝဘေး၊ စစ်ရေးပဋိပက္ခများနှင့်ပေါင်းဆုံးနေသော ဆက်သွယ်ရေးပြတ်တောက်မှုများ
တနင်္သာရီတိုင်းဒေသကြီး၌ ရေကြီးပြီးနောက် ဖုန်းနှင့်အင်တာနက်လိုင်းများ နေရာအနှံ့အပြားတွင် ပြတ်တောက်သွားခဲ့သည်။ ထိုသို့ဆက်သွယ် ရေးဆိုင်ရာပြတ်တောက်မှုနှင့်စက်သုံးဆီကန်သတ်ချက်များကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် အဟန့်အ တားများစွာကြုံတွေ့ခဲ့ရကြောင်း အကူအညီပေးရေးဆောင်ရွက်နေသူများက ပြောဆိုသည်။
တနင်္သာရီရေဘေးနှင့်ကယ်ဆယ်ရေးအခက်အခဲအခြေအနေအရ အောက်တိုဘာလ(၁)ရက်နေ့တွင် တနင်္သာရီရေဘေး၌ သေဆုံးသူ(၃၂)ဦးအထိ ရှိလာခဲ့သည်။ သေဆုံးသူအနည်းဆုံး(၃၂)ဦးအထိရှိသည့် ရေကြီးမှုဘေးအန္တရာယ်အတွင်း ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်မှု၊ စက်ယန္တရားနှင့်စက်သုံးဆီမလုံလောက်မှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများလွန် စွာ ခက်ခဲခဲ့ရသည်။ ထို့သို့ ရေဘေးနှင့်ကြုံတွေ့နေရချိန်၌ တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်အား စစ်အုပ်စုက လေကြောင်းမှ ရက်စက်စွာဗုံးကြဲတိုက်ခိုက်ခဲ့သည်။
(ဂ) စတားလင့်ခ့်ဝန်ဆောင်မှုအတွက် ကုန်ကျစရိတ်မြင့်တက်လာခြင်းများ
စစ်အုပ်စု၏ဆက်သွယ်ရေးဖြတ်တောက်ခံထားရမှုကြောင့် စတားလင့်ခ့်အင်တာနက်အား အားကို၍အသုံးပြုနေရသည့်အညာဒေသတွင်လည်း မိခင်ကုမ္ပဏီ စတားလင့်ခ့်၏မူဝါဒအပြောင်းအလဲများကြောင့် စျေးနှုန်းများ မြင့်တက်လာသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လယ်ဘူးမြို့နယ်တွင် စတားလင့်ခ့်အင်တာနက်စျေးနှုန်းမြင့်တက်လာမှုနှင့်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အခွန်တိုးမြှင့်ကောက်ခံလာမှုတို့ကြောင့် လူထု၏အင်တာနက်သုံးစွဲနိုင်မှု သိသိသာသာလျော့ကျသွားခဲ့သည်။ ရခိုင်ပြည်နယ် သံတွဲနှင့်ဂွမြို့နယ် တို့တွင် အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများ ပိတ်ထားသဖြင့် အခြားမြို့နယ်များ အထိသွား ရောက်၍ အင်တာနက်အသုံးပြုနေရသည်။
ထို့အပြင် စတားလင့်ခ့်အင်တာနက်ဆိုင်တည်နေရာများကို ပစ်မှတ်ထားသောဗုံးကြဲမှုများကိုလည်း ပြုလုပ်ခဲ့သည်။ မကွေး တိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်ရှိ စတားလင့်ခ့်အင်တာနက်ဆိုင်တစ်ခုအား ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား(၁၂)ဦးခန့် အ နည်းဆုံးသေဆုံးခဲ့ရသည်။
(၃.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
၂၀၂၆ ခုနှစ်အောက်တိုဘာလအတွင်းတွင်လည်း အွန်လိုင်းပေါ်မှရေးသားပြောဆိုမှုများကို စောင့်ကြည့်ဖမ်းဆီးမှုများဆက် တိုက်လုပ်ဆောင်ခဲ့ ကြောင်း တွေ့ရသည်။ လူမှုကွန်ရက်မီဒီယာပေါ်တွင် တော်လှန်ရေးအင်အားများအား ထောက်ခံသည့်ပို့စ်များရေးသားသဖြင့် အုတ်ဖိုမြို့နယ်မှ မူလတန်းပြဆရာမတစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့သည်။ အောက်တိုဘာလ တစ်လတည်းအတွင်း လူမှုကွန်ရက်မီဒီယာပေါ်တွင် ပြောဆိုရေး သားမှုများကြောင့် ဖမ်းဆီးခံရသူ(၁၃)ဦးအထိ အနည်းဆုံးရှိခဲ့သည်။
(၃.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုကလုပ်ဆောင်လာမှုအခြေအနေများ
ပြည်နှင်ဒဏ်ဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ပို့ဆောင်ခံရသော မြန်မာနိုင်ငံသားများ၏ကိုယ်ရေးအချက်အလက်များနှင့်ဇီဝအ ချက်အလက် (Biometrics)များကို စစ်အုပ်စုက ကောက်ယူခဲ့သည်။ အွန်လိုင်းပေါ်တွင် အလှကုန်ပစ္စည်းများရောင်းချပြီး အ မျိုးသားညီညွတ်ရေးအစိုးရ(NUG)နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များအား ထောက်ပံ့နေသည်ဟု စွပ်စွဲကာ အရပ် သားပြည်သူ(၄)ဦးကို စစ်အုပ်စုက ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။ ထို့အပြင် ထိုင်းနိုင် ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ၏ စီအိုင်(CI)နှင့်နိုင်ငံကူးလက်မှတ်ပြုလုပ်သည့်လုပ်ငန်းစဉ်တွင် မိသားစုဝင်အချက် အလက်များကို စစ်အုပ်စုက အတိအကျတောင်းခံနေသည်။ ပြည်တွင်းနေထိုင်သူများသာမက ပြည်ပသို့ရောက်ရှိနေသည့်နိုင်ငံသားများကိုပါ နည်းမျိုးစုံဖြင့်စောင့်ကြည့်နိုင်ရန် စစ်အုပ်စုက ကြိုးပမ်းလာကြောင်း တွေ့ရသည်။
(၃.၄) ခြိမ်းခြောက်မှုများအကြားက သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေများ
ပြည်ပတွင်အခြေစိုက်၍ သတင်းမီဒီယာလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နေသည့် လွတ်လပ်သောသတင်းမီဒီယာ(၅)ခုကို နိုင်ငံတကာရဲတပ်ဖွဲ့(Interpol)ထံအကြောင်းကြား၍ ဖမ်းဆီးခိုင်းထားကြောင်း စစ်ကောင်စီ၏ပြည်ထဲရေး ဒုတိယဝန်ကြီးက ထုတ်ဖော်ပြောဆိုခဲ့သည်။ ထိုသို့ ပြည်ပရောက်မီဒီယာများအား နိုင်ငံတကာရဲတပ်ဖွဲ့(Interpol)ဖြင့်ဖမ်းဆီးမည်ဟု ပြောဆိုခဲ့ခြင်းအပေါ် အပြည်ပြည်ဆိုင်ရာသတင်းထောက်များအဖွဲ့ချုပ်(IFJ)က ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုံ့ချခဲ့သည်။ ထိုသို့ စစ်အုပ် စုက သတင်းမီဒီယာများ၏လွတ်လပ်ခွင့်ကို အပြင်းအထန်ဖိနှိပ်နေသကဲ့သို့ တော်လှန်ရေးထိန်းချုပ်နယ်မြေများတွင်လည်း သ တင်းမီဒီယာဆိုင်ရာလွတ်လပ်ခွင့် အားနည်းနေသည့်အခြေအနေများနှင့်ရင်ဆိုင်နေရသည်။ အသံအဖွဲ့၏အောက်တိုဘာလအ တွင်းထုတ်ပြန်ခဲ့သည့် “တော်လှန်ရေးကာလအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်တော်လှန်ရေးအစိုးရများ၊ အင်အား စုများ၏တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်အခြေအနေကိုဆန်းစစ်ခြင်း”အစီအရင်ခံစာက တော်လှန်ရေးနယ်မြေများအတွင်း သတင်းသမားများအား စွပ်စွဲဖမ်းဆီးရာတွင် အမှုစစ်ဆေးသည့်ပုံစံမဟုတ်ဘဲ ဥပဒေမဲ့ခေါ်ဆောင်ချုပ်နှောင်သည့်ပုံစံများ ဖြစ်ပေါ်ခဲ့ကြောင်း ထောက်ပြထားသည်။
Recommended Citation Style - Myanmar Internet Project (2026, November 25),
၂၀၂၆ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်များ,



Comments