ကလစ်များ၏ နောက်ကွယ်
(လိင်အသားပေးအကြောင်းအရာများဖြင့် ဝင်ငွေရှာနေမှုများအပေါ်
ဒစ်ဂျစ်တယ်ပလက်ဖောင်းများ၏လစ်လျူရှုထားခြင်း ခံနေရကြောင်း အစီရင်ခံစာ)

အစီရင်ခံစာ အနှစ်ချုပ်
လိင်အသားပေး အကြောင်းအရာများဖြင့် ကြည့်ရှုသူအရေအတွက် တိုးပွားလာရန်လုပ်ဆောင်သော (Sexualized click- bait)များသည် မြန်မာနိုင်ငံ၏အွန်လိုင်းဂေဟာစနစ်တွင် ပိုမိုကျယ်ပြန့်လာသောအခြေအနေတစ်ခု ဖြစ်နေသည်။ တစ်တော့ခ့် (TikTok)၊ ဖေ့ဘွတ်ခ့်(Facebook)၊ ယူကျူ့(YouTube)၊ တယ်လီဂရမ်(Telegram)နှင့်အခြားသောဝက်ဘ်ဆိုက်များ သည် အသုံးပြုကြည့်ရှုသူများကို ဆွဲဆောင်ရန်နှင့်ဝင်ငွေရရှိရန်အတွက် လှုံ့ဆော်သောအကြောင်းအရာများ၊ လှည့်စားထားသောစာသားများနှင့်တုံ့ပြန်မှုများကို အလွဲသုံးစားပြုခြင်များ၊ လှည့်စားဖန်တီးခြင်းများနှင့် ပလက်ဖောင်းတစ်ခုနှင့်တစ်ခု ချိတ် ဆက်အသုံးပြုခြင်းများဖြင့် စီမံလုပ်ဆောင်နေကြသည်။
ဤအစီရင်ခံစာ၏တွေ့ရှိချက်အရ ထိုသို့သော လှုပ်ရှားမှုများသည် စနစ်တကျပေါင်းစပ်ထားသော လမ်းကြောင်းအဆင့်ဆင့် (coordinated funnel)အဖြစ် လည်ပတ်နေကြခြင်းဖြစ်သည်။ တစ်တော့ခ့်နှင့်ဖေ့ဘွတ်ခ့်တို့သည် လိင်အသားပေးအ ကြောင်းအရာ ရှာဖွေနိုင်မှုတွင်ဦးဆောင်နေပြီး ယူကျူ့က အကြောင်းအရာများအား တရားဝင်ထုတ်လွှင့်ခွင့်ပေးထားသလို ဖြစ်နေစေသည်။ ထို့အပြင် အကြောင်းအရာများကို ယူကျူ့တွင် ကာလကြာရှည်ပြသပေးနေရန်လည်း ပံ့ပိုးပေးနေသကဲ့သို့ဖြစ်နေ သည်။ တယ်လီဂရမ်ကမူ ငွေပေးချေမှုအတွက် ပင်မအထောက်အကူပြုနေသည်။ ထို့အပြင် ဝက်ဘ်ဆိုက်များကလည်း အပို ဝင်ငွေရရှိစေရန် ရှာဖွေနိုင်သောအခွင့်အလမ်းများကို ပေးနေသည်။
ပလက်ဖောင်းများ၏ထိန်းချုပ်စစ်ဆေးမှုများမှ ရှောင်ရှားရန်ဖန်တီးထားသော ဗမာဗန်းစကားများ၊ ပလက်ဖောင်းတစ်ခုနှင့် တစ်ခုစနစ်တကျချိတ်ဆက်အသုံးပြုနေခြင်းများ၊ အကောင့်တည်ထောင်ခြင်းများ(account farming)၊ အယောင်ဆောင်ချိတ်ဆက် ဆက်သွယ်မှုများ(engagement manipulation)၊ တယ်လီဂရမ်အသုံးပြု၍ ငွေကောက်ခံခြင်းများ (Telegram paywalls)နှင့်အေအိုင်(AI)ဖြင့်ဖန်တီးထားသော စာသားပုံစံနှင့်အကြောင်းအရာများဖြင့် တိုးမြှင့်အသုံးပြုလာခြင်းများ စသဖြင့် ကြိမ်ဖန်များစွာတွေ့ရှိရသောပုံစံများကို မြန်မာအင်တာနက်ပရောဂျက်(MIP)က ဖော်ထုတ်နိုင်ခဲ့သည်။
မြန်မာနိုင်ငံရှိ လိင်အသားပေးအကြောင်းအရာများဖြင့် ကြည့်ရှုသူတိုးအောင်လုပ်ဆောင်ခြင်းသည် အကြောင်းအရာထိန်း ကျောင်းစိစစ်မှု(content moderation)ပြဿနာသက်သက်မဟုတ်ကြောင်း ဤအစီရင်ခံစာကထောက်ပြထားသည်။ ဝန် ဆောင်မှုပေါင်းများစွာအတွင်းရှိ ထောက်ခံချက်ပေးသည့်အယ်လ်ဂိုရီသမ်များ(recommendation algorithms)၊ ကြည့်ရှု သူများလာစေသည့်ကိရိယာများနှင့်ဝင်ငွေရှာဖွေရေး အခြေခံအဆောက်အအုံများက အားပေးထောက်ပံ့ထားသော ပလက် ဖောင်းစနစ်ဆိုင်ရာပြဿနာ တစ်ခုဖြစ်သည်။
လူမှုကွန်ရက်မီဒီယာများ၏ပြဿနာများအပေါ် စိစစ်မှုများရှောင်ရှားရန် ခေါင်းစဉ်အလွဲတပ်၍ လိင်ပိုင်းဆိုင်ရာဆွဲဆောင်ခြင်းများအကြောင်းမိတ်ဆက်၊ လူမှုကွန်ရက်မီဒီယာအမျိုးအစားအလိုက်အကြောင်းအရာပုံစံများနှင့်အကြောင်းအရာထုတ်လုပ်ခြင်းဗျူဟာ၊ လိင်အသားပေးအကြောင်းအရာဖြင့် ဝင်ငွေရှာဖွေကြသောပုံစံများနှင့် လူမှုကွန်ရက်မီဒီယာများသို့ အကြံပြုချက်များကို အစီရင်ခံစာတွင် အသေးစိတ်ဖော်ပြထားသည်။
အစီရင်ခံစာအပြည့်အစုံကို အောက်ပါလင့်ခ့်တွင် ရယူနိုင်ပါသည်။ (အင်္ဂလိပ်ဘာသာဖြင့်သာ ထုတ်ဝေသည်။)
Recommended Citation Style - Myanmar Internet Project (2026, October 15),
ကလစ်များ၏ နောက်ကွယ် (လိင်အသားပေးအကြောင်းအရာများဖြင့် ဝင်ငွေရှာနေမှုများအပေါ် ဒစ်ဂျစ်တယ်ပလက်ဖောင်းများ၏လစ်လျူရှုထားခြင်း ခံနေရကြောင်း အစီရင်ခံစာအနှစ်ချုပ်), https://www.myanmarinternet.info/my/post/behind_the_clicks-1




Comments