၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှဧပြီလအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ
- Myanmar Internet Project
- 7 hours ago
- 4 min read

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှဧပြီလအတွင်းကာလသည် အာဏာသိမ်းမှု(၅)နှစ်ပြည့်မြောက်ပြီး ပထမ(၃)လပတ်ကာလဖြစ်သ လို အာဏာသိမ်းစစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲမှထွက်ပေါ်လာသည့် အတုအယောင်လွှတ်တော်အစည်းအဝေးများ စတင်ရာကာလလည်းဖြစ်သည်။
အင်တာနက်ဖြတ်တောက်မှုများ၊ အွန်လိုင်းစောင့်ကြည့်မှုများအပါအဝင် အခြားသောဒစ်ဂျစ်တယ်ဖိနှိပ်မှုအမျိုးမျိုးကို တရား ဝင်ဖြစ်စေရန် ဥပဒေအသစ်ပြဋ္ဌာန်းမှုများ စစ်အုပ်စုက ဆက်လက်ပြုလုပ်နေသည်။ ထိုသို့ပြဋ္ဌာန်းလိုက်သော ဥပဒေများထဲမှပုဒ်မအချို့သည် အများပြည်သူ၏ဒစ်ဂျစ်တယ်ခြေရာများ ပိုမိုရရှိနိုင်ရန်ရည်ရွယ်သော ပြဋ္ဌာန်းအချက်အချို့ ပါဝင်နေသည်။
ယခုအစီအရင်ခံစာတွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှဧပြီလအတွင်း ကြုံတွေ့ခဲ့ရသောဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များကို မှတ် တမ်းတင်ထားခြင်းဖြစ်ပါသည်။
(၁) ၂၀၂၆ ခုနှစ် ဖေဖော်ဝါလရီအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်အနှစ်ချုပ်
(၁.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(၁.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(၁.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက်စစ်အုပ်စုက လုပ်ဆောင်လာမှုအခြေအနေ များ
(၁.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌ မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်ရပ်ဝန်းတွင် စစ်အုပ်စု၏ဆက်သွယ်ရေးဖြတ်တောက်မှုများအ ပြင် တော်လှန်ရေးအင်အားစုများ၏ဆက်သွယ်ရေးကန့်သတ်မှုအချို့ ဖြစ်ခဲ့ကြောင်း တွေ့ရသည်။
(က) စစ်အုပ်စု၏ဆက်သွယ်ရေးဖြတ်တောက်ခဲ့မှုများ
အာဏာသိမ်းစစ်အုပ်စုသည် ယင်းတို့၏ စစ်ကြောင်းထိုးမှုနှင့်ထိပ်ပိုင်းခေါင်းဆောင်များသွားလာမှုတွင် သတင်းစီးဆင်းမှုထိန်း ချုပ်ရန် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်မှုများပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့ အရှေ့ခြမ်း၌ စစ်ကြောင်းထိုးမှုကြောင့် ပြည်သူ ၁၀,၀၀၀ နီးပါး နေရပ်စွန့်ခွာခဲ့ရသည့် စစ်ရေးလှုပ်ရှားမှုအတွင်း ဖုန်းလိုင်းများကိုဖြတ်တောက်ထားခဲ့သည်။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့သို့ အာဏာသိမ်းစစ်ခေါင်းဆောင်လာရောက်ဖွင့်လှစ်မည့် ရတနာပုံဆိုက်ဘာ စီးတီးစီမံကိန်းနှင့်ရှော့ပင်းစင်တာ(Shopping Center)ဖွင့်ပွဲကာလအတွင်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။ ထို့အပြင် ရှမ်းပြည်နယ် ရွာငံမြောက်ပိုင်းရှိ ကျေးရွာများ၌ တိုက်ပွဲများဖြစ်ပွားပြီးနောက် ည(၈)နာရီနောက်ပိုင်းတွင် အင်တာနက်လိုင်းများဖြတ်တောက်ခံရသော ကန့်သတ်ချက်များ လုပ်ဆောင်ခဲ့သည်။
(ခ) တော်လှန်ရေးအင်အားစုများ၏ ဆက်သွယ်ရေးထိန်းချုပ်မှုနှင့်စီမံခန့်ခွဲမှု
တော်လှန်ရေးအင်အားစုများနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ(EAOs)များသည်လည်း စစ်ရေးရည်ရွယ်ချက်များအတွက် ဆက်သွယ်ရေးဆိုင်ရာ ကန့်သတ်ပိတ်ပင်မှုနှင့်ဖြတ်တောက်မှုအချို့ ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။
အာရက္ခတပ်တော်(AA)က စတားလင့်ခ့်စက်အသုံးပြုသူလိုသူများအား ပြန်လည်ငှားရမ်းအသုံးပြုခွင့်အတွက် လျှောက်လွှာလက်ခံခြင်းများဆောင်ရွက်ခဲ့ပြီး သိမ်းဆည်းထားသော ပုဂ္ဂလိကပိုင်စတားလင့်ခ့်(Starlink)စက်များကို ပြန်လည်ပေးအပ်မည်ဟုဆိုသည်။ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်၊ ဒိုင်ရ်ဒေသတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့(ဒိုင်ရ်)က အများပြည်သူများအသုံးပြုနေသည့် စတားလင့်ခ့်အင်တာနက်လိုင်းများကိုဖြတ်တောက်ပြီး တပ်သားသစ်စုဆောင်းမှု အတင်းအဓမ္မပြုလုပ်ခဲ့သည်ဟု ဧရာဝတီတိုင်းသတင်းဌာနက ဖော်ပြထားသည်။ ကေအန်အယ်လ်အေ(KNLA)တပ်ရင်း(၁၂) လက်အောက်ခံအဖွဲ့ကလည်း တနင်္သာရီတိုင်း ဒေသကြီး မင်းဒပ်ရွာရှိ ဖုန်းတာဝါတိုင်ကို ဖျက်ဆီးခဲ့သည်။
ဆက်သွယ်ရေးဖြတ်တောက်မှုများသည် ပဋိပက္ခဒေသများအတွင်း လူထု၏သတင်းအချက်အလက်ရရှိမှုကို နှောင့်နှေးစေပြီး အလုပ်အကိုင်နှင့်ပညာရေးအခွင့်အလမ်းဆုံးရှုံးမှုများကိုဖြစ်ပေါ်စေသည်။ ရခိုင်ဒေသတွင် မှတ်ပုံတင်မရှိခြင်းနှင့်ဖုန်းလိုင်းအ ခက်အခဲများကြောင့် အေအေ(AA)ကဖွင့်လှစ်သောသူနာပြုသင်တန်းသို့ လျှောက်ထားရန်အခွင့်အလမ်းများကိုလူငယ်များဆုံး ရှုံးခဲ့ရသည်။
(၁.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှု အခြေအနေများ
နိုင်ငံသားများ၏လူမှုကွန်ရက်စာမျက်နှာများပေါ်၌ ရေးသားပြောဆိုမှုများနှင့်ပတ်သက်၍ စစ်အုပ်စုက ဖမ်းဆီးထောင်ဒဏ်ချ မှတ်မှုများ ဆက်လက်ပြုခဲ့သည်။ စစ်အုပ်စုသည် အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများနှင့်ပတ်သက်ပြီး ယင်းတို့မနှစ်သက်သည့်အသုံးအနှုန်းများပါဝင်ပါက ၎င်းတို့အား ထောက်ခံသူများကိုပင် ပြင်းထန်သည့်ပြစ်ဒဏ်များဖြင့် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
အွန်လိုင်းပေါ်မှာ ပြောဆိုချက်များကြောင့် ဖမ်းဆီးခံထားရသည့် စစ်လော်ဘီတစ်ဦးဖြစ်သူ ဇော်ဘုန်းဟိန်းကို စစ်ကော်မရှင်က အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ထောင်ဒဏ်(၂)နှစ် ထပ်မံချမှတ်ခဲ့သည်။ ထို့အပြင် လူမှုကွန်ရက်ပေါ်၌ ပြောဆိုရေးသားမှုများကြောင့် မန္တလေးတိုင်းဒေသကြီးနှင့်ပဲခူးတိုင်းဒေသကြီးမှ အမျိုးသား(၂)ဦးတို့သည် ယခုလအတွင်း ဖမ်းဆီးခံခဲ့ရသည်။
(၁.၃) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုက လုပ်ဆောင်လာမှုအခြေအနေများ
ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှုအပြင် ဥပဒေပြင်ဆင်မှုများကိုပါအသုံးချ၍ လူထုအပေါ်ပစ်မှတ်ထားသည့် စောင့်ကြည့်မှုများကို စစ်အုပ်စုက ဆက်လက်ပြုလုပ်နေသည်။
နိုင်ငံသားများ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့်လုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေ(နိုင်လွတ်လုံဥပဒေ)ကို စစ်အုပ်စုက ထပ်မံပြင်ဆင်ခဲ့သည်။ ထိုပြင်ဆင်မှုတွင်လည်း နိုင်ငံသားများ၏လွတ်လပ်လုံခြုံမှုကို ကာကွယ်ပေးနိုင်ခြင်းအတွက်မဟုတ်ဘဲ ဒစ်ဂျစ်တယ်အသုံးပြုမှုများကို စောင့်ကြည့်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ကြောင်းတွေ့ရသည်။
ဘဏ်အကောင့် ပိတ်သိမ်းခံရသူများအား ပီအက်စ်အမ်အက်စ်(PSMS)စနစ်ဖြင့်စစ်ဆေးကာ ဖမ်းဆီးမှုများ ဆက်တိုက်ပြု လုပ်နေသည်ဟု လူထုနွေဦးသတင်းဌာနက ဖော်ပြသည်။ ထို့အပြင် ငွေသားသုံးစွဲမှုလျှော့ချပြီး ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များသုံးစွဲရန် စီးပွားရေးလုပ်ငန်းများအား စစ်ကော်မရှင်လက်အောက်ခံဗဟိုဘဏ်က ဖိအားပေးနေသည်။ ငွေသားသုံးစွဲမှုလျှော့ချပြီး ဒစ်ဂျစ်တယ်ငွေကြေးအစားထိုးသုံးစွဲမှု တွင်ကျယ်လာသည်နှင့်အမျှ ငွေကြေးစီးဆင်မှုကိုစောင့်ကြည့်ရန် ပိုမိုလွယ် ကူသွားမည်ဖြစ်သည်။
စစ်မှုထမ်းရမည့်သူများ၏ကိုယ်ရေးအချက်အလက်များကို စီမံခန့်ခွဲရန် “National Services Information Management System(NSIMS)”ကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း စစ်အုပ်စုက ယခုလအတွင်း ၌ ထုတ်ပြန်ပြောကြားခဲ့သည်။
(၂) ၂၀၂၆ ခုနှစ် မတ်လအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(၂.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(၂.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှု အခြေအနေများ
(၂.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုက လုပ်ဆောင်လာမှုအခြေအနေ များ
(၂.၄) ခြိမ်းခြောက်မှုကြားက သတင်းမီဒီယာ လွတ်လပ်ခွင့်
(၂.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
၂၀၂၆ ခုနှစ် မတ်လအတွင်း စစ်အုပ်စု၏ဆက်သွယ်ရေးဖြတ်တောက်မှုများအပြင် တော်လှန်ရေးအဖွဲ့အစည်းများ၏ဆက်သွယ် ရေးဆိုင်ရာကန့်သတ်ချက်များလည်း ဖြစ်ပွားခဲ့သည်။ ထို့အပြင် ဆက်သွယ်ရေးပြတ်တောက်နေသည့်ဒေသများတွင် အစုလိုက် အပြုံလိုက်သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများနှင့်ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် လူသားခြင်းစာနာထောက်ထားမှုအကူအညီမရသည့်အခြေအနေများကိုလည်း တွေ့ရသည်။
(က) စစ်အုပ်စု၏ဆက်သွယ်ရေးဖြတ်တောက်မှုနှင့်စစ်ရေးတိုက်ခိုက်မှုများ
ဆက်သွယ်ရေးဖြတ်တောက်ထားသောဒေသများတွင် ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုနှင့်လေကြောင်း ဗုံးကြဲမှုများကို စစ်အုပ် စုက လုပ်ဆောင်နေသည်။ တော်လှန်ရေးအင်အာစုများနှင့် စစ်အုပ်စုတပ်များအကြား တိုက်ပွဲများပြင်းထန်နေသည့် ကသာမြို့တွင် အမ်အီးစီ(MEC)ဖုန်းလိုင်းတစ်ခုသာအသုံးပြုနိုင်ပြီး အခြားတယ်လီဖုန်းဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသည်။ ထိုသို့ ဆက်သွယ်ရေးပြတ်တောက်နေသည့်အချိန်တွင် စစ်ဘေးရှောင်များနေထိုင်သည့် ဘုန်းကြီးကျောင်းအား မတ်လ(၂၁) ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သားပြည်သူ(၆၀)ကျော် အစုလိုက်အပြုံလိုက်သေဆုံးခဲ့ရသည်။ ဖုန်းနှင့်အင်တာနက်ပြတ်တောက်နေသော ကရင်နီ(ကယား)ပြည်နယ် ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသရှိ ခဲလုပ်ကွက်တစ်ခုအားလည်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေကြည်၊ လေးမျက်နှာ၊ ချောင်းသာ၊ သာပေါင်းနှင့်ကြံခင်းမြို့နယ်များတွင်လည်း တိုက်ပွဲများကြောင့် အင်တာနက်နှင့်ဖုန်းလိုင်းပြတ်တောက်မှုများ မကြာခဏကြုံတွေ့ခဲ့ရသည်။ ရှမ်းပြည်နယ် မိုးမိတ်မြို့တွင်လည်း စက်သုံးဆီပြတ်လတ်မှုနှင့်အတူ မိုင်တဲလ်(Mytel)ဖုန်းလိုင်းများ ပြန်လည်ပြတ်တောက်သွားခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်တွင်လည်း ကားလမ်းပိတ်ဆို့ထားခြင်းနှင့်ဖုန်းလိုင်းဖြတ်တောက်ထားခြင်းတို့ ကြောင့် စစ်ဘေးရှောင်(၁၀,၀၀၀)နီးပါး အကူအညီရရန် ခက်ခဲနေသည်။ စစ်အုပ်စု၏ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ထားမှုကြောင့် ပဋိပက္ခဒေသအတွင်းရှိ အရပ်သားပြည်သူများသည် လူသားခြင်းစာနာမှုဆိုင်ရာအကူအညီများရရှိနိုင်ရန်ခက်ခဲသည့်အပြင် လေကြောင်းတိုက်ခိုက်မှုကဲ့သို့ အသက်အန္တရာယ်ထိခိုက်စေသည့်အခြေအနေများအတွက်လည်း ကြို တင်သိရှိရှောင်ရှားနိုင်ရန် ခက်ခဲနေသည်။
(ခ) တော်လှန်ရေးအင်အားစုများ၏ဆက်သွယ်ရေးကန့်သတ်မှုများ
တော်လှန်ရေးအင်အားစုများကလည်း ယင်းတို့ထိန်းချုပ်ရာဒေသများတွင် ဆက်သွယ်ရေးကန့်သတ်ချက်များ လုပ်ဆောင်ခဲ့သည်။
အာရက္ခတပ်တော်(AA)ထိန်းချုပ်ဒေသအတွင်းတွင် ပုဂ္ဂလိကပိုင်စတားလင့်ခ့်(Starlink)စက်များအား ယင်းတို့ထံ အခွန်ဆောင်ပြီးမှ တရားဝင်အသုံးပြုခွင့်ရမည်ဆိုသောကန့်သတ်ထိန်းချုပ်မှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။ တဖက်တွင်လည်း အာရက္ခတပ်တော်(AA)က ယင်းတို့ ထိန်းချုပ်ထားသည့်ဒေသများတွင် နယ်လှည့်စတားလင့်ခ့်(Starlink)ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသည်ကို တွေ့ရသည်။ ထိုဝန်ဆောင်မှုများတွင် အင်တာနက်အသုံးပြုခမှာ တစ်နာရီ(၁၀,၀၀၀)ခန့်ပေးရသည်ဟု ဒီဗွီဘီ (DVB)သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများတွင်လည်း ကျေးရွာတစ်ရွာလျှင် အမ်အီးစီ(MEC)ဖုန်းလိုင်းတစ်လိုင်း(ရွာတစ်ရွာ ဖုန်းတစ်လုံး)သာအသုံးပြုရန် အာရက္ခတပ်တော် (AA)က ကန့်သတ်ထားသည်။ ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံးနီးပါ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ခံ ထားရပြီး နေရာအချို့တွင်သာ အမ်အီးစီ(MEC)ဆင်းကဒ်လိုင်းအချို့ မိနေခြင်းဖြစ်သည်။
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်တွင်လည်း လုံခြုံရေးအခြေအနေကြောင့်ဟုဆိုကာ ကေအန်ယူ(KNU)က ဒေသခံများ၏ဖုန်းအသုံးပြုခွင့်ကို တင်းတင်းကြပ်ကြပ်ပိတ်ပင်ထားသည်။ ကရင်နီ(ကယား)ပြည်နယ် ဘော်လခဲမြို့ပေါ်နေရာများတွင် အမ်ပီတီ(MPT)နှင့်စီဒီအမ်အေ(CDMA)ဖုန်းလိုင်းများ ပြန်လည်အသုံးပြု၍ရလာကြောင်း တွေ့ရသည်။
(၂.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှု အခြေအနေများ
စစ်အုပ်စုသည် အများပြည်သူ၏အွန်လိုင်းအသုံးပြုခွင့်များအပေါ်စောင့်ကြည့်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေသည်။ မတ် လ(၂၇)ရက်နေ့၌တွင် ထုတ်ဝေခဲ့သော “CJ Platform”၏အစီအရင်ခံစာအရ အတုအယောင်ရွေးကောက်ပွဲအကြိုကာလနှင့်ရွေးကောက်ပွဲကာလအတွင်းဖြစ်သည့် ၂၀၂၅ ခုနှစ် စက်တင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း စစ်တပ်ဝါဒဖြန့်ချိရေးတယ်လီဂရမ်(၆)ခုမှနေ၍ ခြိမ်းခြောက်ဖမ်းဆီးမှုများပြုလုပ်ရန် လှုံ့ဆော်သည့်ပိုစ့်ပေါင်း(၆၇)ခု ရေးသားဖော်ပြခဲ့ကြောင်းသိရသည်။ စစ်အုပ်စုထောက်ခံသောအွန်လိုင်းအကောင့်များမှတစ်ဆင့် အများပြည်သူအားစောင့်ကြည့်နေသောထင်ရှားသည့်သက်သေတစ်ခု ဖြစ်သည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်အားဝေဖန်သဖြင့် ဇန်နဝါရီလက ဖမ်းဆီးခံထားရသော ထမင်းနှင့်ဟင်း လပေးချိုင့်ဆွဲရောင်း ချသူဦးကြည်အား အင်းစိန်ထောင်တွင်းတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် သုံးနှစ်ချမှတ်ခဲ့သေးသည်။ ထို့အပြင် လူမှုကွန်ရက်ပေါ်တွင်ပြောဆိုရေးသားမှုများကြောင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့်ရှမ်းပြည်နယ်မှ အမျိုးသား(၃)ဦးသည် ယခုလအတွင်း ဖမ်းဆီးခံခဲ့ရသည်။
(၂.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုကလုပ်ဆောင်လာမှု အခြေအနေများ
၂၀၂၆ ခုနှစ် မတ်လအတွင်း စစ်ကော်မရှင်သည် အိုင်အမ်အီးအိုင်(IMEI)မှတ်ပုံတင်စနစ်များ အကောင်အထည်ဖော်လာခြင်းနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတွင် ဆက်သွယ်ရေးစနစ်အားကြားဖြတ်နာထောင်နိုင်သည့်ပြဋ္ဌာန်းချက်များ ထည့် သွင်းပြီး လူထု၏ပြောဆိုဆက်သွယ်မှုများအား တိုးမြှင့်ထိန်းချုပ်နိုင်ရန် လုပ်ဆောင်လာသည်ကို တွေ့ရသည်။
(က) နည်းပညာအသုံးပြု စောင့်ကြည့်ခြင်းနှင့်ခြေရာခံမှုအခြေအနေများ
စစ်အုပ်စုသည် ၂၀၂၆ ခုနှစ် ဧပြီ(၁)ရက်နေ့မှစတင်ပြီး တရားဝင်အခွန်ဆောင်ထားခြင်းမရှိသည့် လက်ကိုင်ဖုန်းများကို အိုင်အမ်အီးအိုင်(IMEI)နံပါတ်များမှတစ်ဆင့် ပိတ်သိမ်းမှုများပြုလုပ်မည်ဟုကြေညာခဲ့သည်။ ထို့အပြင် မိုဘိုင်းဖုန်းများ၏အိုင်အမ်အီးအိုင်(IMEI)နံပါတ်အသုံးပြုခြေရာခံ၍ ဖမ်းဆီးမှုများပြုလုပ်နေကြာင်းကို AAJM က သတင်းရေးသားဖော်ပြခဲ့သည်။ စံချိန်စံ ညွှန်းနှင့်မကိုက်ညီသော ဖုန်းများ(Clone Handsets)ကို(၃)နှစ်သာ ဆက်လက်အသုံးပြုခွင့်ပေးမည့်ထုတ်ပြန်ချက်ကိုလည်း မတ်လ(၂၅)ရက်နေ့က ထပ်မံကြေညာခဲ့ကြောင်းလည်း တွေ့ရသည်။ ဆင်းကဒ်(Sim Card)သုံးစွဲသူများ၏ တည်နေရာ၊ ခေါ်ဆိုမှုမှတ်တမ်းနှင့်အသုံးပြုသူပရိုဖိုင်ကို စစ်အုပ်စုက အော်ပရေတာ(Operator)များထံမှတောင်းခံသည့်မှတ်တမ်းများကို ဖုန်းနံပါတ်များနှင့်တကွ “CJ Platform”က မတ်လ(၂၈)ရက်နေ့တွင် ဖော်ထုတ်ရေးသားခဲ့သည်။
ထို့အပြင် ပီအက်စ်အမ်အက်စ်(PSMS)တွင် စောင့်ကြည့်ရမည့်အမည်စာရင်းများကို ပြန်လည်ပြုစုရန် ညွှန်ကြားမှုများနှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဆိုလာစနစ်သုံးစီစီတီဗီ(CCTV)ကင်မရာများတပ်ဆင်ကာ အများပြည်သူအား စောင့်ကြည့်မှုများလုပ်ဆောင်လာသည်ကိုလည်း တွေ့ရသည်။
ယခုလအတွင်း အသစ်ပြဋ္ဌာန်းလိုက်သော နိုင်ငံကူးလက်မှတ်ဥပဒေအရ နိုင်ငံကူးလက်မှတ်လျှောက်ထားသူများသည် ယူအိုင်ဒီ(UID)နံပါတ်များ မဖြစ်မနေတင်ပြရန်လိုအပ်လာသည်။ ယူအိုင်ဒီ(UID)များသည် ကိုင်ဆောင်သူ၏ဇီဝအချက်အလက်များကိုပူးတွဲမှတ်တမ်းတင်ထားသည်ဖြစ်ရာ နိုင်ငံကူးလတ်မှတ်စနစ်နှင့်ယူအိုင်ဒီ(UID)ပေါင်းစပ်သွားခြင်းသည် နိုင်ငံကူးလတ်မှတ်ကိုင်ဆောင်ထားသူအား မည်သည့်နိုင်ငံတွင်ရောက်ရှိနေသည်ကို အလွယ်တကူခြေရာခံနိုင်သွားမည်ဖြစ်သည်။
ယင်းဥပဒေပြဋ္ဌာန်းချက်အရ မကြာမီတွင် နိုင်ငံကူးလက်မှတ်များအား အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်(E-Passport) စနစ်သို့ပြောင်းလဲလာတော့မည်ဟု ယူဆရသည်။ အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်(E-Passport)စနစ်၏အားသာချက်မှာ ယင်းတို့စောင့်ကြည်နေသူသည် မည်သည့်နိုင်ငံများသို့ ဖြတ်သန်းသွားသည်ကို အလွယ်တကူသိရှိနိုင်သည့်အပြင် အီလက်ထရောနစ်နိုင်ငံကူးလက်မှတ်(E-Passport)များသည့် ယခုစနစ်ဟောင်းတွင် အသုံးပြုနေသည့် နိုင်ငံကူးလက်မှတ်များထက် ပိတ်သိမ်းရန် ပိုမိုလွယ်ကူသည်။
(ခ) ကြားဖြတ်နားထောင်မှုကို ဥပဒေအရ ပိုမိုတရားဝင်မှုရှိစေရန် ဆောင်ရွက်လာခြင်း
စစ်အုပ်စုက အသစ်ပြဋ္ဌာန်းလိုက်သည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ အခန်း(၅)၊ ပြည်ထဲရေးဝန်ကြီးဌာန၏တာဝန်နှင့် လုပ်ပိုင်ခွင့်များအောက်ရှိ ပုဒ်မ(၁၂)တွင် ကွန်ရက်များကို ဝင်ရောက်ကြည့်ရှုခွင့်နှင့်ဆက်သွယ်ရေးလိုင်းများကို ကြားဖြတ်နားထောင်ခြင်းနှင့်ဖြတ်တောက်နိုင်သည့် ပြဋ္ဌာန်းချက်များအား ထည့်သွင်းပြဋ္ဌာန်းခဲ့သည်ကို တွေ့ရသည်။ ပြည်ထဲရေးဝန်ကြီး ဌာနအား လုပ်ပိုင်ခွင့်ကျယ်ကျယ်ပြန့်ပြန့်ပေးထားသည့် ပြဋ္ဌာန်းချက်များလည်းဖြစ်သည်။ တစ်နည်းအားဖြင့် ငွေကြေးလွှဲ ပြောင်းမှုနှင့်ဆက်သွယ်ရေးကိစ္စများကို ပူးတွဲစောင့်ကြည့်မှုများလုပ်ဆောင်နိုင်ရန်ရည်ရွယ်သည့် ပြဋ္ဌာန်းချက် ဖြစ်သည်။
(၂.၄) ခြိမ်းခြောက်မှုကြားက သတင်းမီဒီယာ လွတ်လပ်ခွင့်
၂၀၂၆ ခုနှစ် မတ်လအတွင်း၌ စစ်အုပ်စု၏ဝါဒဖြန့်ချိရေးယန္တရားသစ်များ ပြင်ဆင်လာမှု၊ သတင်းလွတ်လပ်ခွင့်အပေါ်ထိန်းချုပ်မှု သက်သေများနှင့်တော်လှန်ရေးအင်အားစုအချို့၏သတင်းမီဒီယာသမားများအပေါ် ထိန်းသိမ်းမှုများ ဖြစ်ပွားခဲ့သည်။
စစ်အုပ်စုအား တိုက်ခိုက်နေသည်ဟု ယူဆသောသတင်းများအား အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ရန် မြန်မာ၊ အင်္ဂလိပ်၊ ရုရှားနှင့်တရုတ်ဘာသာစကား(၄)မျိုးဖြင့်ထုတ်ဝေမည့်"သတင်းလွှာ(Information Sheet)" စာစောင်ထုတ်ပြန်ရေးအဖွဲ့ကို စစ်အုပ် စုက ပြင်ဆင်ဖွဲ့စည်းဆောင်ရွက်လာသည်။
လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)နှင့် Human Rights in Myanmar ၏ အစီအရင်ခံစာအရ အတုအ ယောင်ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်သောသတင်းမီဒီယာစာမျက်နှာများ၏ဝင်ရောက်ကြည့်ရှုခွင့်(၉၃)ရာခိုင်နှုန်းကို စစ်အုပ်စုက ပိတ်ပင်ထားသည်ဟု ဖော်ပြထားသည်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ဥရုနေ့စဉ်သတင်းစာ(Uru Daily News)၏အယ်ဒီတာ ကိုတာလင်းမောင်ကို ကေအိုင်အေ/ကေပီဒီအက်ဖ်(KIA/KPDF)အဖွဲ့က (၁)ရက်ခန့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ဖြစ်စဉ်တစ်ခုကိုလည်း တွေ့ရသည်။ ပဋိပက္ခဒေသများအတွင်းရှိ မီဒီယာသမားများအနေဖြင့် သတင်းကိစ္စများဆောင်ရွက်ရာတွင် လုံခြုံရေးအရလည်း စိုးရိမ်စရာအခြေအနေများ ရှိနေကြောင်းကို ဤဖြစ်စဉ်က မီးမောင်းထိုးပြနေသည်။
(၃) ၂၀၂၆ ခုနှစ် ဧပြီလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(၃.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(၃.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှု အခြေအနေများ
(၃.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုက လုပ်ဆောင်လာမှုအခြေအနေ များ
(၃.၄) ခြိမ်းခြောက်မှုကြားက သတင်းမီဒီယာလွတ်လပ်ခွင့်
(၃.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
၂၀၂၆ ခုနှစ် ဧပြီလအတွင်း ဆက်သွယ်ရေးဖြတ်တောက်မှုများကြောင့် ထိရှလွယ်သည့် လူမှုအသိုင်းအဝိုင်းအပေါ် လူမှုစီးပွာဆိုင်ရာသက်ရောက်မှုများရှိခဲ့ပြီး စတားလင့်ခ့်အင်တာနက်အသုံးပြုမှုအပေါ် ကန့်သတ်ပိတ်ပင်မှုများဖြစ်ပေါ်ခဲ့သည့်သတင်းဖော်ပြချက်များကိုတွေ့ရသည်။
(က) စစ်ရေးလှုပ်ရှားမှုနှင့် တိုက်ရိုက်ပစ်မှတ်ထား အင်တာနက်ဖြတ်တောက်မှုများ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်အုပ်စုဆောင်ရွက်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများအတွင်း ဖုန်းတာဝါတိုင်များကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၏ အရှေ့မြောက်ဘက်ရှိကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်စဉ်အတွင်း ဖုန်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ထား ခဲ့သည်။
ထိုသို့စစ်ရေးပဋိပက္ခအတွင်း သတင်းစီးဆင်းမှုအားဟန့်တာရန်အတွက်ဆောင်ရွက်သည့်ဆက်သွယ်ရေးဖြတ်တောက်မှုများ သည် ယင်းဒေသအတွင်းနေထိုင်သည့် လူထု၏ဘေးအန္တရာယ်ကြိုတင်ရှောင်ရှားနိုင်စွမ်းကို ထိခိုက်စေပြီး အသက်အန္တရာယ်ထိခိုက်စေသည့်အခြေအနေများလည်း တိုးမြင့်လာစေသည်။
(ခ) အခြားတွေ့ရှိရသည့် ဆက်သွယ်ရေးပြတ်တောက်မှုများ
ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာတွင် လျှပ်စစ်မီးပုံမှန်မရရှိမှုနှင့်အတူ မိုင်တဲလ်(Mytel)နှင့်အမ်ပီတီ (MPT)ဖုန်းလိုင်းများ ပိုမိုပြတ်တောက်လာခဲ့သည်။ ရှမ်းပြည်နယ်မြို့တော်ဖြစ်သည့် တောင်ကြီးမြို့တွင်လည်း သင်္ကြန်ကာလအ ပြီး လျှပ်စစ်မီးပိုမိုပြတ်တောက်လာမှုနှင့်အတူ ဖုန်းနှင့်အင်တာနက်လိုင်းများပါ ဆိုးဝါးစွာပြတ်တောက်လာခဲ့သည်။ ရှမ်းပြည် နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ စံကားဒေသနောင်ဘိုရွာရှိ ဆက်သွယ်ရေးတာဝါတိုင်တွင်တပ်ဆင်အသုံးပြုသည့် အရံဓာတ်အားပေးစနစ်(ဆိုလာနှင့်ဘက်ထရီ)များပျက်စီးမှုကြောင့် ယင်းဒေသတွင်လည်း ဆိုးဝါးသည့်ဆက်သွယ်ရေးဆိုင်ရာ နှောင့်နှေးမှုများနှင့် ရင်ဆိုင်နေရသည်။ ပင်းတယမြို့တွင်လည်း အက်တမ်(ATOM)ဖုန်းလိုင်းများ ရက်ရှည်ပြတ်တောက်နေသဖြင့် အက်တမ်(ATOM) သုံးစွဲသူများသည် အခြားအော်ပရေတာများကို ပြောင်းလဲအသုံးပြုနေရသည်။ အခြေခံလိုအပ် ချက်တစ်ခုဖြစ်သည့် လျှပ်စစ်မီးသုံးစွဲမှုကို ပြည့်ဝစွာဖြည့်တင်းမပေးနိုင်မှုကြောင့် အခြားအခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် ဆက်သွယ်ရေးပြတ်တောက်မှုများ နောက်ဆက်တွဲအနေဖြင့် ထပ်မံဖြစ်ပေါ်လာရသည်။
(ဂ) ဆက်သွယ်ရေးဖြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲဘေးဒုက္ခများ
ဆက်သွယ်ရေးပြတ်တောက်မှုများသည် သတင်းစီးဆင်းမှုကိုအနှုတ်လက္ခဏာဆောင်သည့် အကျိုးဆက်များကို ဖြစ်ပေါ်စေ သည်။ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဆင်ထိုးကြီးကျေးရွာတွင် ဖုန်းလိုင်းပြတ်တောက်နေမှုကြောင့် မီးလောင်မှုသ တင်းအချိန်မီပေးပို့နိုင်ခြင်းမရှိတော့ဘဲ နေအိမ်အများအပြား မီးလောင်၍ ဆုံးရှုံးခဲ့ရသည်။ တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်အောက်ပိုင်းတွင် လမ်းပိတ်ဆို့မှုနှင့်ဆက်သွယ်ရေးဖြတ်တောက်မှုကြောင့် စားနပ်ရိက္ခာအခက်အခဲဖြစ်ပေါ်ခဲ့သည်။ ရခိုင်ဒေသတွင်လည်း အင်တာနက်အခက်အခဲကြောင့် အရေးပေါ်အကူအညီပေးရေးလုပ်ငန်းများ နှောင့်နှေးခဲ့ရကြောင်း အာရက္ခလေ့ လာရေးစင်တာ(CAS)က ထုတ်ဖော်ပြောကြားထားသည်။
(၃.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှု အခြေအနေများ
၂၀၂၆ ခုနှစ် ဧပြီလအတွင်း စစ်အုပ်စုအနေဖြင့် အွန်လိုင်းပေါ်မှပြောဆိုရေးသာမှုများအပေါ် ဆက်လက်စောင့်ကြည့်ခြင်းနှင့်ဖိနှိပ်ခြင်းများ ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။
စစ်တပ်ထောက်ခံသူတစ်ဦးဖြစ်သည့် ငါးမင်းဆွေကို စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ရွာရှိ ၎င်း၏နေအိမ်တွင် သွားရောက်ဖမ်းဆီးခဲ့သည်။ အာဏာသိမ်းမှုမတိုင်မီက စာရေးဆရာ(ဦး)တင်ညွန့်ရေးသားခဲ့သည့်“ခွေးထိန်းငတာ“၊ “ဗိုလ်ချုပ်တွေ ကျွန်တော့်ကိုညာခဲ့သည်"နှင့်“ဦးသန်းရွှေ၏ယတြာများ"စသည့်စာအုပ်များကို တစ်တော့ခ့်(TikTok)ပေါ်တွင်ရောင်းချခဲ့သဖြင့် ရောင်းချသူမရီရီအား ရန်ကုန်မြို့ သာကေတရဲစခန်းတွင် ဖမ်းဆီးခဲ့သည်။ ထိုသို့ စစ်တပ်ကိုဝေဖန်သောအကြောင်းအရာများပါဝင်သည့်စာအုပ်များထုတ်ဝေခဲ့သဖြင့် စာရေးသူ အမျိုးသားစာပေဆုရ စာရေးဆရာ(ဦး) တင်ညွှန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့်အရေးယူထားသလို စာအုပ်ထုတ်ဝေရေးလုပ်ကိုင်သူ ယင်း ၏သား(စာအုပ်ထုတ်ဝေသူ)ဖြစ်သူကိုပါ ဖမ်းဆီးခဲ့သည်။ အထက်ပါဖြစ်စဉ်များကိုကြည့်ပါက စစ်အုပ်စုသည် လူမှုကွန်ရက်များကို စောင့်ကြည့်ပြီး ယင်းတို့အား ဝေဖန်သူများကို ဆက်လက်ဖမ်းဆီးနေကြောင်း တွေ့ရသည်။
တစ်နည်းအားဖြင့် အတုအယောင်ရွေးကောက်ပွဲဖြင့်တက်လာသည်ဟု ဒီမိုကရေစီအမည်ခံအစိုးရအနေဖြင့် အသွင်ပြောင်းလို သောစစ်အုပ်စုသည် လူ့အခွင့်အရေးကြေညာစာတမ်းစာပိုဒ်(၁၉)နှင့် အိုင်စီစီပီအာရ်(ICCPR) စာပိုဒ် ၁၉ (က)ပါ အခြေခံလူ့အခွင့်အရေးဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အား ဆက်လက်ဟန့်တားနေကြောင်း တွေ့နိုင်သည်။
(၃.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုကလုပ်ဆောင်လာမှုအခြေအနေများ
၂၀၂၆ ခုနှစ် ဧပြီလအတွင်း၌ စစ်ကောင်စီသည် လေဆိပ်များတွင် ခရီးသွားလာသူများအား စစ်ဆေးမှုပိုမိုတင်းကြပ်လာသည့် အပြင် ဒစ်ဂျစ်တယ်နည်းပညာအသုံးပြု၍ ပြည်သူများ၏ကိုယ်ရေးအချက်အလက်များနှင့် လှုပ်ရှားမှုများကို စောင့်ကြည့်ခြေ ရာခံရန် ကြိုးပမ်းလာမှုများ တိုးမြှင့်လုပ်ဆောင်လာသည်။
(က) ခရီးသွားလာမှုများအပေါ် စစ်ဆေးမှု တင်းကြပ်လာခြင်း
ပြည်တွင်းနှင့်ပြည်ပသို့ ထွက်ခွာမည့်ခရီးသည်များသည်လေဆိပ်များတွင် မှတ်ပုံတင်များမဖြစ်မနေပြသရန်စစ်အုပ်စုက ထုတ် ပြန်ခဲ့သည်။ ထို့နောက် လေဆိပ်များတွင် ပီအက်စ်အမ်အက်စ်(PSMS)အသုံးပြု၍ ခရီးသည်များ၏ကိုယ်ရေးအချက်အလက် စစ်ဆေးမှုများကိုလည်း ယခင်ကထက် ပိုမိုတိုးမြှင့်ဆောင်ရွက်လာသည်။
(ခ) နည်းပညာအသုံးပြု စောင့်ကြည့်ခြေရာခံမှု အခြေအနေများ
အာဏာသိမ်းစစ်အုပ်စု၏ဖမ်းဆီးခြင်းမှ လွတ်ငြိမ်းမိန့်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် သမ္မတ ဦးဝင်းမြင့်ထံ သွားရောက်တွေ့ဆုံမည့်သူများကို စစ်အုပ်စုက ပီအက်စ်အမ်အက်စ်(PSMS,Personnel Security Monitoring System)စနစ်အ သုံးပြုစစ်ဆေးမှုများဆောင်ရွက်ခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ ထို့အပြင် ယခုလသည် မိုဘိုင်းဖုန်းများတွင်ပါဝင်သည့် အိုင်အမ်အီးအိုင်(IMEI)စနစ်နှင့်ဆင်းကဒ်(SIM)များကို တွဲ၍မှတ်ပုံတင်ထားပြီး မိုဘိုင်းအသုံးပြုသူများစောင့်ကြည့်ခြေရာခံနိုင်သည့် စစ်အုပ်စု၏ယန္တရားတစ်ခု စတင်သက်ဝင်လာသည့်ကာလလည်း ဖြစ်သည်။
(၃.၄) ခြိမ်းခြောက်မှုကြားက သတင်းမီဒီယာလွတ်လပ်ခွင့်
၂၀၂၆ ခုနှစ် ဧပြီလအတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်အပေါ်ဖိနှိပ်မှုများ ဆက်လက်ရှိနေခဲ့ပြီး သတင်းဌာနအချို့၏လိုင်စင်များ ရုပ်သိမ်းခံခဲ့ရသည်။ ဖမ်းဆီးခံသတင်းသမားများ လွတ်မြောက်ရေးအတွက် တောင်းဆိုသည့်လှုပ်ရှားမှုများလည်း ဆောင် ရွက်ခဲ့သည်။
ပြည်တွင်းသတင်းအေဂျင်စီ(၃)ခုဖြစ်သည့် Chin World၊ မျက်မှောက်ခေတ်နှင့် ခေါနုသုန်မီဒီယာ(Khonuthung Media) တို့ကို စစ်အုပ်စုက သတင်းမီဒီယာလုပ်ငန်းလိုင်စင် ပိတ်သိမ်းခဲ့သည်။ ယင်းသည် လွတ်လပ်စွာသတင်းစီးဆင်းမှုကို ပိတ်ပင်ကန့်သတ်မှု၏ထင်ရှားသော သက်သေခံချက်ဖြစ်သည်။ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)၏ ၂၀၂၆ ခုနှစ် ဧပြီ (၃၀)တွင်ထုတ် ပြန်ခဲ့သောမီဒီယာလွတ်လပ်ခွင့်ညွှန်းကိန်းအရ မြန်မာနိုင်ငံသည် နိုင်ငံပေါင်း(၁၈၀)အနက် (၁၆၆)နေရာတွင် ရှိနေသည်။ ထိုသို့သတင်းစီးဆင်းမှုကန့်သတ်ခြင်းသည် လူ့အခွင့်အရေးကြေညာစာတမ်း စာပိုဒ်(၁၉)ပါ လူတိုင်းသတင်းများကို လွတ်လပ်စွာ လက်ခံမျှဝေနိုင်ခွင့်ကို အကန့်အသတ်ဖြစ်စေသည်။ အိုင်စီစီပီအာရ်(ICCPR)စာပိုဒ် ၂၅(က)တွင် “လူတိုင်းသည် အများပြည်သူဆိုင်ရာ ကိစ္စရပ်များစီမံခန့်ခွဲရာတွင် ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်ထားသော ကိုယ်စားလှယ်များမှတစ်ဆင့်ဖြစ်စေပါဝင်ဆောင်ရွက်ခွင့်ရှိသည်”ဟု ဖော်ပြထားသည်။ သတင်းအချက်အလက်ကန့်သတ်ခံရခြင်းကြောင့် အ ရပ်သားများသည် အများပြည်သူဆိုင်ရာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်နိုင်စွမ်းနှင့်ဆုံးဖြတ်ချက်ချနိုင်စွမ်း လျော့နည်းသွားစေသည်။ တစ်နည်းအးဖြင့် အိုင်စီစီပီအာရ်(ICCPR)စာပိုဒ် ၂၅ (က)ကို သွယ်ဝိုက်သောနည်းဖြင့် ချိုးဖောက်ရာရောက်သည်။
တစ်ဖက်တွင် သတင်းမီဒီယာဖိနှိပ်မှုများရှိနေသလို တစ်ဖက်တွင်လည်း ဖမ်းဆီးခံသတင်းသမားများ ပြန်လည်လွတ်မြောက် ရေးအတွက် လှုပ်ရှားမှုများရှိနေသည်။ ဖမ်းဆီးခံထားရသော သတင်းထောက် ကိုစိုင်းဇော်သိုက်ကို ပြန်လွှတ်ပေးရန် ထိုင်းနိုင် ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် သွားရောက်ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ ဖမ်းဆီးခံထားရသော သတင်းထောက်များအားလုံးကို ချွင်းချက်မရှိပြန်လွှတ်ပေးရန် လွတ်လပ်သောမြန်မာသတင်းစာဆရာများအစည်းအရုံး(IMJA)ကလည်း ထုတ် ဖော်တောင်းဆိုခဲ့သည်။
Recommended Citation Style - Myanmar Internet Project (2026, May 23),
၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှဧပြီလအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ, https://www.myanmarinternet.info/my/post/quarterly_feb_apr_2026-1




Comments