တစ်တော့ခ်(TikTok)ကို လက်နက်သဖွယ်အသုံးချခြင်း
- Myanmar Internet Project
- May 23
- 8 min read
Updated: May 23
(ဝါဒဖြန့်ချိရေးအတွက် စစ်အုပ်စုက တစ်တော့ခ်(TikTok)အသုံးပြုနေခြင်းနှင့်ထိခိုက်နစ်နာမှုများမှ အကျိုးအမြတ်ရရှိနေမှုများ)

၁။ အနှစ်ချုပ်
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်တော့ခ်(Tiktok)သည် နိုင်ငံ၏ဩဇာလွှမ်းမိုးမှုအရှိဆုံး လူမှုကွန်ရက်မီဒီယာများထဲမှတစ်ခုအဖြစ် အသုံးပြုသူအရှိန်အဟုန်ဖြင့်လျင်မြန်စွာများပြားလာခဲ့သည်။ မြန်မာနိုင်ငံတွင် တစ်တော့ခ်(TikTok)အသုံးပြုသူပေါင်း ၁၉.၆ သန်းကျော်ရှိ၍ နိုင်ငံအတွင်း အင်တာနက်အသုံးပြုသူ၏ ၅၉ ရာခိုင်နှုန်းနီးပါးရှိနေပြီဖြစ် သည်။ တစ်တော့ခ်(Tiktok)သည် အထူးသဖြင့် လူငယ်များနှင့်ပဋိပက္ခဖြစ်ပွားရာဒေသများရှိ သုံးစွဲသူများအကြားတွင် နိုင်ငံ ရေးသတင်းစကားများ ဖြန့်ဝေရာအဓိကနေရာတစ်ခုအဖြစ် အဓိကရေပန်းစားသောနေရာဖြစ်လာခဲ့သည်။ ဤပလက်ဖောင်းသည် တော်လှန်ရေးဆိုင်ရာဆက်သွယ်ဆောင်ရွက်မှုများနှင့်ပြည်သူလူထုအသိပညာပေးခြင်းများအတွက် ကိရိယာတစ်ခုအ နေဖြင့်အသုံးဝင်နေသကဲ့သို့ပင် တစ်ဖက်တွင်လည်း စစ်တပ်ထောက်ခံသူများ၊ စစ်တပ်လက်အောက်ခံမီဒီယာများနှင့်အမျိုး သားရေးဝါဒီများက တစ်တော့ခ်(TikTok)အား ဝါဒဖြန့်ချိရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲ၍ အလွဲသုံးစားပြုလုပ်လျက်ရှိသည်။
ယင်းတို့က သတင်းအမှားများ ဖြန့်ဝေခြင်း၊ အကြမ်းဖက်မှုနှင့်အမျိုးသားရေးဝါဒကို လှုံ့ဆော်ခြင်းနှင့်စစ်အုပ်ချုပ်ရေးကို ပုံမှန်အခြေအနေတစ်ရပ်အဖြစ် ပုံဖော်ခြင်းများပြုလုပ်နိုင်ရန်အတွက် တစ်တော့ခ်(TikTok)ကို အလွဲသုံးစားပြု၍ သုံးခဲ့ကြသည်။ အကြောင်းအရာတင်ဆက်ပုံများကို ပြောင်းလဲခြင်း၊ စကားလုံးအသုံးအနှုန်းများကို လှည့်ပတ်သုံးစွဲခြင်းနှင့် အကောင့်ပေါင်းများစွာမှ တစ်ဆင့်ခံဖြန့်ဝေခြင်းများပြုလုပ်ကာ စောင့်ကြည့်ထိန်းချုပ်မှုများ(Moderation)ကို ရှောင်ကွင်းလေ့ရှိသည်။ အချို့သောအကြောင်းအရာများတွင် အကြမ်းဖက်ရန်လှုံ့ဆော်တိုက်တွန်းမှုများ၊ ဂျဲန်ဒါအခြေပြုခြိမ်းခြောက်မှုများနှင့်စစ်ရေးအရပစ် မှတ်ထား၍ တိုက်ခိုက်မှုများဆိုင်ရာအချက်အလက်များ ပါဝင်နေသည်။
မြန်မာနိုင်ငံတွင် တစ်တော့ခ်(TikTok)ကို စစ်ရေးအသွင်အသုံးပြုနေခြင်းသည် စနစ်တကျထိန်းကျောင်းကြပ်မတ်မှုမရှိသော အခါ ဗီဒီယိုရုပ်သံအတိုဝန်ဆောင်မှု ပလက်ဖောင်းများသည် လူထုအကြား သွေးကွဲမှုများ ပိုမိုကြီးထွားလာစေရေးလှုံ့ဆော်ရန်၊ အများပြည်သူ၏ထင်မြင်ယူဆချက်များကို ကြိုးကိုင်ခြယ်လှယ်ရန်နှင့် မြေပြင်အခြေအနေအထိ, ထိခိုက်နစ်နာမှုများဖြစ်ပေါ် လာစေရန် လက်နက်သဖွယ်အသုံးချခံရနိုင်ကြောင်း ဖော်ပြနေသည်။ ထိုအခြေအနေများကို အချိန်မှီဝင်ရောက်ထိန်းသိမ်းခြင်းမပြုပါက အဆိုပါပလက်ဖောင်းသည် စနစ်တကျလုပ်ဆောင်နေသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုများအား အားပေးကူညီရာရောက်နေပါလိမ့်မည်။
၂။ နိဒါန်း
သတင်းအချက်အလက်နှင့်တစ်တော့ခ်(TikTok)၏အခန်းကဏ္ဍ
၂၀၂၅ ခုနှစ်အချက်အလက်များအရ ကမ္ဘာတစ်ဝန်း တစ်တော့ခ်(TikTok)လစဉ်အသုံးပြုသူ(၁.၅၉)ဘီလီယံကျော်ရှိပြီး၊ ယင်းတို့အနက်(၁၉.၆)သန်းကျော်သည် မြန်မာနိုင်ငံမှဖြစ်သည်။ မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူ စုစုပေါင်း(၃၃.၄)သန်း၏ (၅၈.၆၈)ရာခိုင်နှုန်းခန့် တစ်တော့ခ်(TikTok)အသုံးပြုနေကြခြင်းဖြစ်သည်။ တစ်တော့ခ်(TikTok)အား မြန်မာနိုင်ငံအပါအ ဝင် နိုင်ငံတကာ၌ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် တရားဝင်စတင်မိတ်ဆက်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်အာ ဏာသိမ်းပြီးနောက်ပိုင်း၌ အသုံးပြုသူအရေအတွက်သည် မြန်မာနိုင်ငံတွင် သိသိသာသာမြင့်တက်လာခဲ့သည်။ ထိုကာလအ တွင်း အာဏာသိမ်းစစ်ကောင်စီက အင်တာနက်ကန့်သတ်မှုများပြုလုပ်ခြင်းနှင့်ဖေ့ဘွတ်ခ့်(Facebook)ပိတ်ပင်လိုက်ခြင်းတို့ကြောင့် အသုံးပြုသူများစွာသည် ဆက်သွယ်ပြောဆိုခြင်း၊ အကြောင်းအရာများမျှဝေခြင်းနှင့် သတင်းအချက်အလက်ဖြန့်ဝေခြင်းတို့အတွက် တစ်တော့ခ်(Tik Tok)သို့ ပြောင်းရွှေ့အသုံးပြုလာခဲ့ကြသည်။
တစ်တော့ခ်(TikTok)သည် နိုင်ငံရေးလှုပ်ရှားမှုများ၊ စီးပွားရေးလုပ်ငန်းဆောင်တာများနှင့်လူမှုဆက်ဆံရေးနယ်ပယ်များအထိ ကျယ်ပြန့်သောအခန်းကဏ္ဍစုံ၌ မြန်မာနိုင်ငံတွင် ပါဝင်လျက်ရှိပါသည်။ နိုင်ငံရေးမတည်မငြိမ်ဖြစ်ပွားနေသည့်ကာလများအ တွင်း အသိပညာဗဟုသုတများ ဖြန့်ဝေခြင်းနှင့်သတင်းအချက်အလက်များ မျှဝေခြင်းတို့တွင် ဤပလက်ဖောင်းသည် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ တချိန်တည်းမှာပင် စစ်ကောင်စီက သတင်းမှားများ ဖြန့်ဝေရန်နှင့်ပြည်သူများအကြား အ ကြောက်တရားလွှမ်းမိုးမှုများဖြစ်ပေါ်စေရန်အတွက် တစ်တော့ခ်ကို အလွဲသုံးစားပြုလုပ်မှုများလည်း ရှိခဲ့သည်။ စီးပွားရေးကဏ္ဍတွင် တစ်တော့ခ်(TikTok)သည် စွန့်ဦးတီထွင်လုပ်ငန်းရှင်များနှင့် စီးပွားရေးလုပ်ငန်းများအတွက် ထုတ်ကုန်များနှင့်ဝန် ဆောင်မှုများကို ဈေးကွက်တင်ရောင်းချရန်တန်ဖိုးရှိသော နေရာတစ်ခုဖြစ်လာသည်။ ထို့အပြင် လူမှုရေးအရ ကြည့်မည်ဆိုလျှင် အသုံးပြုသူများအနေဖြင့် အကြောင်းအရာများဖန်တီးမျှဝေခြင်း၊ မိမိကိုယ်ပိုင်ဟန်ထုတ်ဖော်ပြသခြင်းနှင့်လူမှုအသိုင်းအ ဝိုင်းများအကြား ချိတ်ဆက်မှုများတည်ဆောက်ခြင်းတို့ကို ပြုလုပ်နိုင်သည်။
တစ်တော့ခ်(TikTok)သည် အသုံးပြုရလွယ်ကူခြင်း၊ အဆင့်ဆင့်ပြင်ဆင်ရန်မလိုခြင်းနှင့်ဗီဒီယိုအတိုပုံစံဖြစ်ခြင်းများကြောင့် ဗီပီအန်(VPN)လိုအပ်သော ဖေ့ဘွတ်ခ့်(Facebook) သို့မဟုတ် ဒေတာအသုံးပြုမှုများပြီး အချိန်ပေးကြည့်ရှုရသော ယူကျူ့ (YouTube)တို့ထက် အသုံးပြုရပိုမိုလွယ်ကူသည်။ ထို့အပြင် တစ်တော့ခ်(TikTok)၏အက်ဂိုလ့်ရစ်သမ်(Algorithm)စနစ်ကြောင့် အကြောင်းအရာများအားလျင်မြန်စွာပျံ့နှံ့စေပြီး နောက်ပါပရိသတ်(Follower)အမြောက်အမြားမရှိသည့်တိုင်အောင် မိမိတို့၏အမြင်များ၊ ထုတ်ကုန်များနှင့်နိုင်ငံရေးဆိုင်ရာအကြောင်းအရာများ မျှဝေလိုသူများက လွယ်လင့်တကူအသုံးပြုနိုင် သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် သတင်းမှားများ ဖြန့်ဝေခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်းနှင့်အကြမ်းဖက်မှုမြှင့်တင်ခြင်းများ၌ ပါဝင်ပတ်သက်နေသော တပ်မတော်အပါအဝင် ယင်းတို့နှင့်ဆက်နွှယ်နေသည့်အကောင့်များကို ဖေ့ဘွတ်ခ့်(Facebook)က ပြတ်ပြတ်သားသားပိတ်ပင်ခဲ့သည်။ ထိုပိတ်ပင်မှုတွင် စစ်တပ်ထိန်းချုပ်ထားသောလုပ်ငန်းစုများ၊ နိုင်ငံပိုင်မီဒီယာများနှင့်စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများဖြင့်ဆက်စပ်နေသော ဖေ့ဘွတ်ခ့်ကြော်ငြာများလည်း ပါဝင်သည်။ ထို့အပြင် အရပ်သားများအပေါ် အကြမ်းဖက်မှုများကိုအားပေးခြင်း၊ သို့မဟုတ် ထိုသို့ အကြမ်းဖက်မှုကို တရားမျှတကြောင်းပြောဆိုခြင်း သို့မဟုတ် စစ်တပ်က အရပ်သားများကို ဖမ်းဆီးခြင်းများကိုထောက်ခံခြင်းစသည့် အကြောင်းအရာများကိုတားမြစ်ရန် မြန်မာ နိုင်ငံအတွက် သီးသန့်မူဝါဒများဖေ့ဘွတ်ခ့်(Facebook)က ချမှတ်ခဲ့သည်။ ထိုသို့ကန့်သတ်ချက်များကြောင့် စစ်တပ်အားထောက်ခံသောဝါဒ ဖြန့်ချိရေးသမားများနှင့်အမျိုးသားရေးဝါဒီအုပ်စုများသည် သတင်းအမှားများအား ဆက်လက်ဖြန့်ဝေနိုင်ရန်တစ်တော့ခ်(TikTok)နှင့်တယ်လီဂရမ်(Telegram)ကဲ့သို့သော လူမှုကွန်ရက်စာမျက်နှာများသို့ ပြောင်းရွှေ့အသုံးပြုလာကြသည်။
၃။ မီဒီယာကွန်ရက်များနှင့်လူမှုကွန်ရက်မီဒီယာအစုံတွင် ဝါဒဖြန့်ချိမှုချဲ့ထွင်ခြင်း
မြန်မာနိုင်ငံရှိ စစ်တပ်ထောက်ခံသောမီဒီယာများသည် ပုံစံ(၂)မျိုးဖြင့် လည်ပတ်နေသည်။ ယင်းတို့မှာ နိုင်ငံပိုင်မီဒီယာများ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)၊ မြဝတီရုပ်မြင်သံကြား(MWD)နှင့်စစ်တပ်ဩဇာခံသော ဒစ်ဂျစ်တယ်မီဒီယာများ(ဥပမာ - NP News၊ People Media)ဖြစ်ကြသည်။ ဤအစီရင်ခံစာ၏အပိုင်း(၄)တွင် ‘မြန်မာ့အသံနှင့်ရုပ်မြင်သံကြား (MRTV)’နှင့်‘မြဝတီရုပ်မြင်သံကြား(MWD)’တို့ကို တပ်မတော်က အသုံးပြု၍ ပလက်ဖောင်းအမျိုးမျိုး၌ မည်သို့ဝါဒဖြန့်သည်ကို စစ်ဆေးဖော်ပြထားသည်။ ယခုအပိုင်းတွင်မူ ပုံစံ(၂)မျိုးအနက် ဒုတိယပုံစံဖြစ်သည့် မိမိကိုယ့်ကိုယ်သတင်းသမားများအ ဖြစ် ခံယူထားသော်လည်း စစ်ကောင်စီ၏ဝါဒဖြန့်ချိမှုများအား ပြန်လည်ဖြန့်ဝေပေးနေသူများကို အဓိကထားတင်ပြသွားမည်။
စစ်တပ်ထောက်ခံရေးဝါဒဖြန့်မှုများ ဒစ်ဂျစ်တယ်ပလက်ဖောင်းများပေါ်တွင် ပျံ့နှံ့စေရန်အတွက် စစ်တပ်ထောက်ခံသောမီဒီယာအချို့သည် အဓိကအခန်းကဏ္ဍက ပါဝင်နေသည်။ ယင်းတို့အနက် NP News၊ People Media၊ MHT၊ MNP၊ Primedia နှင့် PAN တို့သည် ဩဇာအရှိဆုံးမီဒီယာများဖြစ်သည်။ အဆိုပါမီဒီယာများတွင် စစ်တပ်၏ဝါဒဖြန့်မှုများနှင့်အမျိုး သားရေးအစွန်းရောက်ဝါဒများကို အစဉ်တစိုက်ဖော်ပြလေ့ရှိသည်။ ထိုလုပ်ဆောင်ချက်များကို အဓိကဦးဆောင်လုပ်ကိုင်နေသူများမှာ ကျော်မျိုးမင်း(NP News)၊ ကျော်စိုးဦး(People Media)၊ အောင်မင်း(MHT)၊ နောင်တော်လေး(MNP)နှင့်စနိုက်ပါစု(Primedia)တို့ဖြစ်ကြသည်။
ယင်းတို့၏ထုတ်လွှင့်မှုများကို များသောအားဖြင့် ညနေပိုင်းအချိန်များတွင်တွေ့ရပြီး တစ်ဦးတည်းက ကြိုတင်ပြင်ဆင်ထားသောအကြောင်းများကို ပြောကြားတင်ပြသည့်ပုံစံမျိုးဖြစ်ပြီး အင်တာဗျူးခြင်း သို့မဟုတ် ကွင်းဆင်းသတင်းယူခြင်းကဲ့သို့သော သတင်းမီဒီယာကျင့်ဝတ်ဆိုင်ရာစံနှုန်းများကို ကျင့်သုံးခြင်းမရှိပါ။ ထိုတင်ပြချက်များသည် အချက်အလက်များထက် ယင်းတို့ ၏ကိုယ်ပိုင်အမြင်၊ ခံစားချက်နှင့်အယူအဆများအပေါ်တွင်သာ အလေးအနက်ထား လုပ်ဆောင်ထားခြင်းဖြစ်ပြီး ဒီမိုကရေစီလို လားသူများကို တိုက်ခိုက်ရန်အတွက် လူသားဂုဏ်သိက္ခာညှိုးနွမ်းစေသောအသုံးအနှုန်းများကို မကြာခဏအသုံးပြုလေ့ရှိကြသည်။
၃.၁ ကွန်ရက်ပေါင်းစုံ မီဒီယာဂေဟစနစ်
စစ်တပ်ထောက်ခံရေးနှင့်အမျိုးသားရေးဝါဒီဆိုင်ရာအကြောင်းအရာများအား တစ်တော့ခ်(TikTok)ပေါ်တွင်တက်ကြွစွာထုတ် လုပ်ဖြန့်ဝေနေသော အဓိကလူပုဂ္ဂိုလ်(၁၀)ဦးကို မြန်မာအင်တာနက်ပရောဂျက်(MIP)က စောင့်ကြည့်လေ့လာခဲ့သည်။ သူတို့ကိုယ်သူတို့ သတင်းသမားများဟု အမည်တပ်ထားသော်လည်း ယင်းတို့၏အကြောင်းအရာများသည် စစ်တပ်၏ဝါဒဖြန့်မှုများနှင့်သတင်းအမှားများကိုသာ များသောအားဖြင့် ဝေမျှလေ့ရှိသည်။ ထိုလူပုဂ္ဂိုလ်များတွင် ကျော်မျိုးမင်း၊ ကျော်စိုးဦး၊ အောင်မင်း၊ နောင်တော်လေး၊ ကျော်စွာ၊ စနိုက်ပါစု၊ ဝင်းမော်(ရွှေသံစဉ်)၊ သဇင်ဦး၊ အောင်မိုးကျော်နှင့်မပုတု(မဟာသွေး)တို့ ပါဝင်သည်။
ယင်းတို့သည် ကိုယ်ရေးကိုယ်တာအကောင့်များနှင့်မီဒီယာအမည်ခံထားသော အကောင့်များအပါအဝင်တစ်တော့ခ်(TikTok) အကောင့်(၅၀)ခန့်ကို အသုံးပြုနေကြသည်။ အဆိုပါ တစ်တော့ခ်(TikTok)အကောင့်များ၌ တယ်လီဂရမ် သို့မဟုတ် ယူကျူ့များတွင် ထုတ်လွှင့်ထားပြီးဖြစ်သော ရုပ်သံဖိုင်များအား ဗီဒီယိုအတိုပုံစံအဖြစ် ပြန်လည်တည်းဖြတ်၍ တင်ကြသည်။ ဝါဒဖြန့်ဗီ ဒီယိုရှည်များရိုက်ကူးပြီးနောက် ကြည့်ရှုသူများထံ ပိုမိုရောက်ရှိနိုင်စေရန်အတွက် တစ်တော့ခ်(TikTok)ပုံစံအဖြစ် အပိုင်းတိုလေးများ ပြန်လည်တည်းဖြတ်ခြင်းလည်းဖြစ်သည်။
အောက်ဖော်ပြပါဇယားတွင် ဝါဒဖြန့်ချိသူ(၁၀)ဦး၏ သတင်းမီဒီယာအမည်ခံ အမည်များနှင့်တစ်တော့ခ်(TikTok) အကောင့်များကို ဖော်ပြထားသည်။
စဉ် | အမည် | မီဒီယာအမည် | တစ်တော့ခ်အကောင့် |
၁။ | ကျော်မျိုးမင်း | NP News | |
၂။ | ကျော်စိုးဦး | People Media | |
၃။ | အောင်မင်း | MHT | |
၄။ | နောင်တော်လေး | MNP | |
၅။ | ကျော်စွာ | KS News Media | |
၆။ | စနိုက်ပါစု | Primedia | |
၇။ | ဝင်းမော် (ရွှေသံစဉ်) | MNV | |
၈။ | သဇင်ဦး | TZ News | |
၉။ | အောင်မိုးကျော် | Myanma Gone | |
၁၀။ | မပုတု (မဟာသွေး) | MNP |
ထိုသို့ ပလက်ဖောင်းအမျိုးမျိုးနှင့်အကောင့်အမြောက်အမြားကို ဟန်ချက်ညီညီအသုံးပြုနေခြင်းကြောင့် စစ်တပ်ထောက်ခံသောမီဒီယာလှုပ်ရှားသူများသည် ယင်းတို့၏အကြောင်းအရာများကို ပိုမိုပျံ့နှံ့စေရန်ပြုလုပ်ကြသည်။ လူမှုကွန်ရက်မီဒီယာပ လက်ဖောင်းများ၏အကြောင်းအရာစိစစ်ဖြတ်တောက်မှုများ(moderation)ကို ရှောင်တိမ်းနိုင်ရန် ကြိုးပမ်းကြသည်။ လူမှုကွန်ရက်မီဒီယာပေါင်းစုံအသုံးပြုခြင်းကြောင့် မတူညီသောပရိတ်သတ်များကို ရရှိကြပြီး တစ်တော့ခ်(TikTok)ကဲ့သို့ပလက် ဖောင်းသည် လူငယ်များအကြားတွင် ပိုမိုအသုံးပြုကြ၍ ဝါဒဖြန့်ချိရေးအတွက် တွန်အားဖြစ်စေသော အကျိုးကျေးဇူးကို ရရှိနေကြသည်။
၃.၂ လူမှုကွန်ရက်မီဒီယာများ၏ စိစစ်ဖြတ်တောက်မှုများအား ရှောင်တိမ်းကြသောနည်းလမ်းများ
ရုတ်တရက်ကြည့်လျင်မသိသာသော်လည်း မဟာဗျူဟာမြောက်သည့်နည်းပရိယာယ်များထဲမှတစ်ခုမှာ လူမှုကွန်ရက်မီဒီယာများ၏လူမှုအသိုင်းအဝိုင်း စံနှုန်းများအရ ဖယ်ရှားခံရနိုင်ခြေရှိသော အကြောင်းအရာများမှအဓိက စကားလုံးများကို ဝါဒဖြန့်ချိသူများက ရှောင်တိမ်းလာကြခြင်းဖြစ်သည်။ ကျော်စိုးဦးကိုယ်တိုင်ပြောကြားချက်အရ စစ်တပ်ထောက်ခံသောသြဇာလွှမ်းမိုးနိုင်သူ(influencer)များသည် ယင်းတို့၏အကြောင်းအရာများ ဖယ်ရှားခံရမည့်အန္တရာယ်အား လျှော့ချရန်အတွက် အချို့သော ဝေါဟာရများကို မိမိဘာသာဆင်ဆာဖြတ်တောက်(self-censor)လေ့ရှိကြောင်း သိရသည်။ သို့သော် ယင်းတို့သည် တိုက် ရိုက်စကားလုံးများအစား သွယ်ဝိုက်သောအသုံးအနှုန်းများ(euphemism)နှင့်လေသံများကိုအသုံးပြု၍ အကြမ်းဖက်မှု သို့မ ဟုတ် အမုန်းတရားများကို ဆက်လက်အရှိန်မြှင့်တင်နေကြသည်။

ထို့အပြင် ယင်းတို့သည်သတင်းထုတ်လုပ်တင်ပြခြင်း တည်း ဖြတ်မှုပုံစံများကို အသုံးမပြုကြဘဲ သူတို့၏လူလုံးပြ တိုက် ရိုက်ထုတ်လွှင့်မှုများအတွင်း ပုံနှိပ်စာရွက်စာတမ်းများကိုမြှောက်ပြခြင်း သို့မဟုတ် ဖုန်းနှင့်တက်ဘလက်များမှ ပုံရိပ်များအား တိုက်ရိုက်ပြသခြင်းများကို ပြုလုပ်ကြသည်။ ထို့သို့နည်းပညာအနိမ့်စား အသုံးပြုသောနည်းလမ်း(low-tech approach)များသည် အကြောင်းအရာစိစစ်ရှာဖွေသောအယ်လ်ဂိုရီသမ်(algorithms)များ၏ ဖော်ထုတ်မှုကိုရှောင်တိမ်းရန် အထောက်အကူဖြစ်စေပြီး အန္တရာယ်ဖြစ်စေနိုင်သော သို့မဟုတ် အကြမ်းဖက်မှုဆိုင်ရာပုံရိပ်များကို စိစစ်ရေးစနစ်များက သတိမပြုမိဘဲ အန္တရာယ်ရှိသောဝါဒ ဖြန့်ချိမှုများရပ်တည်နေနိုင်ရန် ခွင့်ပြုပေးထားသကဲ့သို့ ဖြစ်နေသည်။
မြန်မာနိုင်ငံရှိ စစ်တပ်ထောက်ခံသောမီဒီယာများသည် စစ်ကောင်စီ၏ပုံရိပ်မြှင့်တင်ရန်နှင့်တော်လှန်ရေးအင်အား စုများအပေါ် ထောက်ခံမှုအားနည်းသွားစေရန်အတွက် ရှင်း လင်းပြီး အကွက်ချထားသောဗျူဟာတစ်ခုကို ယေဘုယျအားဖြင့် တည်ဆောက်ထားကြသည်။ ယင်းတို့၏အကြောင်း အရာများသည် လေကြောင်းတိုက်ခိုက်မှုများကို ကာကွယ်ပြောဆိုခြင်း၊ စစ်မှုထမ်းဥပဒေကိုမြှင့်တင်ခြင်းနှင့် အတိုက်အခံခေါင်းဆောင်များနှင့် ပြည်ပအခြေစိုက်မီဒီယာများကို ဂုဏ် သိက္ခာကျဆင်းအောင်လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်လေ့ရှိပြီး တစ်ဖက်တွင်လည်း စစ်တပ်ကို နိုင်ငံ၏အကာအကွယ်ပေးသူ များအဖြစ် ပုံဖော်ကြသည်။ ထို့အပြင် ၎င်းတို့သည် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို ပြဿနာများအတွက် ဖြေရှင်းချက်တစ်ခုအ ဖြစ်မြှင့်တင်နေကြပြီး အဆိုပါရွေးကောက်ပွဲကို တရုတ်၊ အိန္ဒိယ၊ ရုရှားနှင့်အာဆီယံကဲ့သို့သော အဓိကနိုင်ငံကြီးများကထောက် ခံမှုရှိသည်ဟုလည်း အခိုင်အမာပြောဆိုနေကြသည်။
တစ်ချိန်တည်းမှာပင် ထိုမီဒီယာလှုပ်ရှားသူများသည် လူမှုကွန်ရက်မီဒီယာ၏စည်းမျဉ်းစည်းကမ်းများကို မည်သို့ရှောင်လွှဲရမည်ကို သင်ယူခဲ့ကြသည်။ ယင်းတို့သည် ထိခိုက်လွယ်သောစကားလုံးများကို အသုံးမပြုဘဲ ရှောင်ကြဉ်ခြင်း၊ လက်ဟန်ခြေဟန်များကိုအသုံးပြုခြင်းနှင့် ဗီဒီယိုများကိုရိုးရှင်းစွာရိုက်ကူးခြင်း(ဥပမာ - ကင်မရာကို ကြည့်၍စကားပြောခြင်း သို့မဟုတ် ဖုန်းမှပုံရိပ်များကိုပြသခြင်း)တို့ကို လုပ်ဆောင်ကြသည်။ ယေဘုယျအားဖြင့် ယင်းတို့၏ချဉ်းကပ်ပုံသည် အွန်လိုင်းပေါ်တွင် ပျောက်ကွယ်မသွားဘဲ ဝါဒဖြန့်မှုများကို မည်သို့ထိရောက်စွာ ဖြန့်ဝေရမည်ကို ပိုမိုနားလည်သဘောပေါက်လာကြောင်း ပြသနေသည်။ ယင်းသည် ရှေးရိုးစွဲနည်းလမ်းများနှင့်ခေတ်သစ်ပလက်ဖောင်းများ၏သဘောသဘာဝကို သိရှိနားလည်မှုတို့ ပေါင်းစပ်ထားခြင်းဖြစ်ပြီး အများပြည်သူ၏သဘောထားကို စစ်တပ်ဘက်သို့ ပါလာစေရန် ပုံဖော်ရန် ရည်ရွယ်ခြင်းဖြစ်သည်။
၄။ ပုံရိပ်ကောင်းမြှင့်တင်ရေးအတွက် စစ်တပ်၏တစ်တော့ခ်(TikTok)အသုံးချမှုဗျူဟာ
စစ်တပ်ထောက်ခံသော သြဇာလွှမ်းမိုးနိုင်သူ(influencers)များနှင့်မီဒီယာများ တစ်တော့ခ်(TikTok)ပေါ်သို့ ပြောင်းရွှေ့လာပုံကို ရှေ့ပိုင်းကဏ္ဍများတွင် တင်ပြခဲ့သည်။ ယခုကဏ္ဍတွင် တပ်မတော်(မြန်မာစစ်တပ်)နှင့်ယင်း၏လက်ဝေခံအဖွဲ့အစည်းများ သည် အများပြည်သူအား သဘောထားပုံစံသွင်းရန်၊ အတိုက်အခံများကိုနှိမ်နင်းရန်နှင့်စစ်အုပ်ချုပ်ရေးတရားဝင်ဖြစ်စေရန်အ တွက် တစ်တော့ခ်(TikTok)ကို မည်သို့အသုံးပြုနေကြောင်း အထူးပြုဖော်ပြထားသည်။ ကဏ္ဍ(၃)တွင်ဖော်ပြခဲ့သော ဗဟိုချက်မရှိသည့် (သို့မဟုတ်) တစ်ပိုင်းတစ်စ လွတ်လပ်သော အဖွဲ့အစည်းများနှင့်မတူဘဲ စစ်တပ်၏ချဉ်းကပ်ပုံမှာ ဗဟိုချုပ်ကိုင်မှုရှိခြင်း၊ ဟန်ချက်ညီညီပေါင်းစပ်ထားခြင်းနှင့်ယင်းတို့၏ကျယ်ပြန့်သောစိတ်ဓာတ်စစ်ဆင်ရေး(psychological operations) နှင့်မဟာဗျူဟာမြောက်ကိုက်ညီနေခြင်းတို့ ဖြစ်သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းနှင့် ဖေ့ဘွတ်ခ့်ကဲ့သို့ လူမှုကွန်ရက်စာမျက်နှာများ၌ စစ်တပ်နှင့်ဆက်နွယ်နေသောအကောင့်များကို ပိတ်ပင်ခဲ့ပြီးနောက်ပိုင်းတွင် တစ်တော့ခ်(TikTok)သည် စစ်ကောင်စီ၏အဓိက ဒစ်ဂျစ်တယ်စစ်မြေပြင်နေရာတစ်ခုဖြစ်လာခဲ့သည်။ တစ်တော့ခ်(TikTok)၏လျင်မြန်သောပျံ့နှံ့မှု၊ လူငယ်အခြေပြုအသုံးပြုသူဦးရေနှင့် ဗမာဘာသာစကားဖြင့် စိစစ်ထိန်းချုပ်နိုင်မှုအားနည်းချက်များကြောင့် အဖွဲ့အစည်းဆိုင်ရာဝါဒဖြန့်မှုများအတွက် အကောင်းဆုံးနေရာတစ်ခု ဖြစ် လာစေခဲ့သည်။ စစ်တပ်သည် တရားဝင်အကောင့်များ၊ ကိုယ်စားလှယ်စာမျက်နှာများ(proxy pages)နှင့်ပုံစံပြောင်းထားသောနိုင်ငံပိုင်မီဒီယာများအားအသုံးပြု၍ တပ်မတော်ကိုဂုဏ်တင်ရန်၊ အတိုက်အခံများကိုသိက္ခာချရန်နှင့်အာဏာရှင်စနစ်ကို ပုံမှန်အခြေအနေတစ်ရပ်အဖြစ် လက်ခံလာစေရန်ပြုလုပ်ထားသော အကြောင်းအရာများ ဖြန့်ဝေလျက်ရှိသည်။
၄.၁ တပ်မတော်၏ပုံရိပ်ကို မြှင့်တင်ခြင်းနှင့်“မျိုးချစ်စိတ်ဓာတ်ဆိုင်ရာလှုပ်ရှားမှု”
စစ်တပ်၏ဒစ်ဂျစ်တယ်လှုပ်ရှားမှုများတွင် အထင်ရှားဆုံးအချက်တစ်ခုမှာ စစ်ကောင်စီအတွက် အပြုသဘောဆောင်သောပုံရိပ်(Brand identity)တစ်ခုကို ရည်ရွယ်ချက်ရှိရှိ ဖန်တီးတည်ဆောက်နေခြင်းဖြစ်သည်။ ယင်းတွင် အရပ်သားများက စစ် သားများကို ပန်းစည်း၊ ပန်းကုံးများဖြင့် ကြိုဆိုနှုတ်ဆက်နေသည့် မြင်ကွင်းများကဲ့သို့သော ဒေသခံများ၏ထောက်ခံမှုကိုပြသသည့် အခန်းအနားများကို ဖော်ပြခြင်းဖြင့်၊ တပ်မတော်သည်သာ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်စွမ်းရှိသည့်တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်သည်ဟုယူဆလာစေရန် လုပ်ဆောင်ခြင်းဖြစ်သည်။ ထိုသို့စနစ်တကျပြုပြင်ဖန်တီးထားသော အ ခိုက်အတန့်များက စစ်တပ်အား နိုင်ငံရေးမငြိမ်မသက်မှုများအတွင်း တည်ငြိမ်မှုကိုဖော်ဆောင်ပေးသည့် အဖွဲ့အစည်းနှင့်လုံ ခြုံရေးကို ပေးစွမ်းနိုင်သူများအဖြစ် ပုံဖော်နေခြင်း ဖြစ်သည်။
ထိုသို့ဝါဒဖြန့်မှု ပိုမိုခိုင်မာစေရန်အတွက် စစ်တပ်သည် ယင်းတို့၏အုပ်ချုပ်မှုအောက်ရှိ အရပ်သားများ၏နေ့စဉ်လူမှုဘဝပုံရိပ်များနှင့်ဗီဒီယိုများကို မကြာခဏမျှဝေလေ့ရှိသည်။ ယင်းတို့တွင် ယဉ်ကျေးမှုပွဲတော်များ၊ အလှမယ်ပြိုင်ပွဲများ၊ ဘာသာရေးအ ခမ်းအနားများနှင့်သင်္ကြန်(မြန်မာ့နှစ်သစ်ကူး)ကဲ့သို့သော အမျိုးသားနေ့ထူးနေ့မြတ်များ စသည့်လူထုအခမ်းအနားကြီးများကို ထည့်သွင်းဖော်ပြကြသည်။ ယင်း၏ရည်ရွယ်ချက်မှာ လက်ရှိဖြစ်ပွားနေသောနိုင်ငံရေးအကျပ်အတည်းများကြောင့် လူမှုဘဝများမှာ ထိခိုက်မှုမရှိဘဲ တည်ငြိမ်အေးချမ်းနေဆဲဖြစ်သည်ဟူသောအသွင်အပြင်ကို ဖန်တီးရန်ဖြစ်သည်။ ထိုမှတစ်ဆင့် စစ် တပ်သည် လူမှုဘဝစဉ်ဆက်မပြတ်မှုနှင့်လူမှုအဖွဲ့အစည်းတည်ငြိမ်မှုကို အာမခံချက်ပေးနိုင်သည်ဟု ညွှန်းဆိုလိုခြင်းဖြစ်သည်။
ထိုသို့ ပုံရိပ်ဖော်ခြင်းမဟာဗျူဟာ၏ဗဟိုချက်မှာ “မျိုးချစ်စိတ်ဓာတ်ဆိုင်ရာလှုပ်ရှားမှု”ဟု လေ့လာစောင့်ကြည့်သူ အများစုက ခေါ်ဆိုကြသည့် ဝါဒဖြန့်မှုပင်ဖြစ်သည်။ ယင်းတွင် စစ်ရေးပြပွဲများ၊ လက်နက်ထုတ်ဖော်ပြသမှုများ၊ စစ်ရေးလေ့ကျင့်မှုများနှင့် လုပ်ကြံဖန်တီးထားသော“လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ”ကူညီထောက်ပံ့မှုပုံရိပ်များကို အဆက်မပြတ်ထုတ်လွှင့်ပြ သနေခြင်းတို့ ပါဝင်သည်။ ထိုသို့သော မြင်ကွင်းများကိုအသုံးပြု၍ တပ်မတော်အား အင်အားတောင့်တင်းပြီးအရည်အချင်းရှိသော အဖွဲ့အစည်းတစ်ခုအဖြစ်သာမက၊ ပြည်သူကို ဂရုဏာထား၍ ပြည်သူနှင့်နီးစပ်မှုရှိသောအဖွဲ့အစည်းတစ်ခုအဖြစ်ပါ ပုံဖော်ရန်ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ ယင်းတို့သည် အမျိုးသားရေးစိတ်ဓာတ်နှင့်နိုင်ငံသားဂုဏ်သိက္ခာကို လှုံ့ဆော်ခြင်းအား ဖြင့်၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူနှင့်ထောက်ပံ့ကူညီသူဟူသည့် ယင်းတို့၏အခန်းကဏ္ဍကိုတရားဝင်မှုရှိစေရန်ကြိုးပမ်းနေခြင်းဖြစ်သည်။
ဗီဒီယိုများကို တစ်တော့ခ်(TikTok)အတွက်သီးသန့်ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်ပြီး အယ်လ်ဂိုရီသမ်(Algorithm)၏မြင်သာနိုင်စွမ်းကိုမြှင့်တင်ရန်နှင့်ကြည့်ရှုသူတုံ့ပြန်မှု အများဆုံးရရှိစေရန်အတွက် နောက်ခံတေးဂီတများ ထည့်သွင်းခြင်း၊ ဗမာဘာ သာစကားဖြင့် စာတန်းထိုးခြင်းနှင့် အကြိမ်ကြိမ်ကြည့်ရှုမိစေမည့်(loop-optimized)တည်းဖြတ်မှုပုံစံများစသည့် တစ်တော့ခ်(TikTok)၏ကိုယ်ပိုင်လုပ်ဆောင်ချက်များကိုအသုံးပြု၍ တည်းဖြတ်ထားခြင်း ဖြစ်သည်။ တစ်တော့ခ့်အကြောင်းအရာဖြန့်ဝေမှုယုတ္တိဗေဒ(Content logic)ကိုအသုံးချခြင်းအားဖြင့် တပ်မတော်၏ဝါဒဖြန့်မှုများကို ပျံ့နှံ့စေရုံသာမကဘဲ လူမှုကွန်ရက်စာ မျက်နှာ၏နေ့စဉ်မြင်တွေ့နေကျ ယဉ်ကျေးမှုအတွင်းသို့ စစ်တပ်ဝါဒဖြန့်မှုများ စိမ့်ဝင်သွားစေရန် လူသိများပျံ့နှံ့လွယ်သောပုံစံမျိုးဖြင့် မဟာဗျူဟာမြောက်ဖန်တီးထား ခြင်းဖြစ်သည်။
၄.၂ အစဉ်အလာဝါဒဖြန့်ချိရေးနည်းလမ်းများနှင့်စိစစ်တည်းဖြတ်ထားသောသတင်းစကားများ
စစ်တပ်နှင့်ဆက်နွှယ်နေသော တစ်တော့ခ်(TikTok)အကောင့်များမှ ပျံ့နှံ့နေသည့်အကြောင်းအရာအများစုမှာ စစ်ကောင်စီ၏ တရားဝင်သတင်းစာမျက်နှာများဖြစ်သည့်မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV)နှင့်မြဝတီ(MWD)တို့မှလာခြင်းဖြစ်သည်။ အဆိုပါဗီဒီယိုဖိုင်များအား ပလက်ဖောင်း၏စစ်ဆေးမှုများကို ရှောင်ရှားနိုင်ရန် နိုင်ငံတော်အဆင့်အမှတ်တံဆိပ်များကိုဖယ်ရှားကာ ပုံစံသစ်ဖြင့် ပြန်လည်ပြုပြင်လေ့ရှိကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့်တပ်မတော်၏ဝါဒဖြန့်ချိမှုများကို သာမန်အသုံးပြုသူများ တင်ဆက်သည့်ပုံစံမျိုးဖြင့် စိမ့်ဝင်ပျံ့နှံ့စေရန် ဖန်တီးထားခြင်းဖြစ်သည်။
အဆိုပါ တစ်တော့ခ်(TikTok)အကောင့်အများစုသည် စစ်တပ်နှင့်ဆက်နွှယ်နေကြောင်း ရှင်းလင်းစွာဖော်ပြထားခြင်း မရှိပါ။ ယင်းအစား အရပ်သားနှင့်တူညီသောအမည်များ၊ မျိုးချစ်စိတ်ဓာတ်ဆိုင်ရာဆောင်ပုဒ်များ သို့မဟုတ် သတင်းမီဒီယာများကဲ့သို့ အမည်နာမများကိုအသုံးပြု၍ ယင်းတို့၏ရင်းမြစ်ကို ဖုံးကွယ်ထားကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့်လူထုကြားတွင် သံသယဖြစ် ပွားခြင်းမရှိစေဘဲ ကျယ်ပြန့်သောပရိသတ်ထံသို့ ထိရောက်စွာ ရောက်ရှိနိုင်ရန်ဖန်တီးထားခြင်းဖြစ်သည်။ စစ်ကောင်စီ၏အ ငြင်းပွားဖွယ်ရာ စစ်မှုထမ်းဥပဒေထွက်ပေါ်လာပြီး နောက်တွင်လည်း စစ်တပ်ထောက်ခံသည့်အကြောင်းအရာများက အဓမ္မလူသစ်စုဆောင်းခံရသည်ဟူသော ပြောဆိုချက်များကို ပြန်လည်တုံ့ပြန်လာကြသည်။ စစ်မှုထမ်းနေသူများ ပြုံးရွှင်စွာကခုန်နေသည့်ဗီဒီယိုများနှင့်"မိမိသဘောဆန္ဒအလျောက်ပါဝင်ခြင်း"ဖြစ်ကြောင်းပြောကြားချက်များကို လူမှုကွန်ရက်တွင် ကျယ်ကျယ် ပြန့်ပြန့် မျှဝေခဲ့ကြသည်။ ယင်းမှာလူထု၏ကန့်ကွက်မှုများကို လျှော့ချရန်နှင့်စစ်မှုထမ်းခြင်းကို ဂုဏ်ယူစရာ၊ ပျော်ရွှင်စရာတစ်ခုသဖွယ်ပုံဖော်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
၄.၃ ဟက်ရှ်တဂ်များ(Hashtag)ကို လွဲမှားစွာအသုံးပြုခြင်းနှင့်
ဩဇာလွှမ်းမိုးနိုင်သူများမှတစ်ဆင့်ဇာတ်ရှိန်မြှင့်ခြင်း
ကြည့်ရှုသူအရေအတွက် ပိုမိုများပြားလာစေရန်အတွက် စစ်တပ်နှင့်ဆက်နွှယ်သူများသည် နိုင်ငံတွင်းနှင့် နိုင်ငံတ ကာတွင် ခေတ်စားနေသော #fyp၊ #myanmartiktok၊ #Tatmadaw ကဲ့သို့သော ဟက်ရှ်တဂ်(Hashtag)များနှင့် အင်္ဂလိပ်၊ ဗမာနှစ်ဘာသာဖြင့်ရေးသားထားသော ဒေသတွင်းဆောင်ပုဒ်များကို အလွဲသုံးစားပြု၍ အသုံးပြုကြ သည်။ ယင်းတို့၏အကြောင်းအရာများကို လူသုံးများနေသော ရေပန်းစားသည့်ခေါင်းစဉ်များအတွင်းသို့ ထည့် သွင်းခြင်းဖြင့် ပြည်တွင်းပြည်ပရှိ သတိမမူမိသောကြည့်ရှုသူများထံသို့ရောက်ရှိရန် ရည်ရွယ်ကြသည်။ ထိုသို့ပြု လုပ်ခြင်းဖြင့်စစ်တပ်ထောက်ခံသူများအပြင် အခြားသောအလွှာအသီးသီးမှ လူထု၏အမြင်များကိုပါ ပြောင်းလဲပုံ ဖော်ရန် ကြိုးပမ်းကြခြင်း ဖြစ်သည်။
၄.၄ တော်လှန်ရေးအင်အားစုများကို အားနည်းစေရန်လုပ်ဆောင်ခြင်း
(လုပ်ကြံဖန်တီးထားသော ဇာတ်ကြောင်းများဖြင့် တိုက်ခိုက်ခြင်းနှင့်သတင်းမှားဖြန့်ချိခြင်း)
စစ်တပ်သည် ယင်းတို့၏ပုံရိပ်ကိုမြှင့်တင်ရန် ကြိုးပမ်းမှုများနှင့်အတူ တော်လှန်ရေးအင်အားစုများ၏ဂုဏ်သိက္ခာကိုညှိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်သည့်လှုပ်ရှားမှုများကိုလည်း အရှိန်အဟုန်မြှင့်လုပ်ဆောင်လာခဲ့သည်။ လူမှုမီဒီယာကွန်ရက်ပို့စ်များတွင် အတိုက်အခံခေါင်းဆောင်များနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)များကို လှောင်ပြောင်တိုက်ခိုက်ခြင်း၊ ယင်းတို့အား ပြည်သူ့လုံခြုံရေးနှင့်နိုင်ငံတော်တည်ငြိမ်ရေးကို ခြိမ်းခြောက်နေသည့် အကြမ်းဖက်သမားများအဖြစ် ပုံဖော်ခြင်းတို့ကို မကြာခဏပြုလုပ်လေ့ရှိသည်။ ထို့အပြင် တော်လှန်ရေးအင်အားစုများ၏ရည်ရွယ်ချက်နှင့်လုပ်ဆောင်ချက်များအ ပေါ် သံသယဖြစ်ပွားစေရန်အတွက် လှောင်ပြောင်သရော်သည့်အကြောင်းအရာများ၊ နည်းပညာဖြင့်ပြုပြင်ထားသော ဗီဒီယိုများနှင့်သတင်းမှားများကို အသုံးချလျက်ရှိသည်။
အသုံးများသောနည်းဗျူဟာတစ်ခုမှာတော်လှန်ရေးအဖွဲ့အစည်းများအကြားအချင်းချင်းစိတ်ဝမ်းကွဲပြားနေသည်ဟုထင်ယောင် ထင်မှားဖြစ်စေမည့် ဖြတ်ညှပ်ကပ်ပြုလုပ်ထားသော (သို့မဟုတ်) လွဲမှားစေသော ဗီဒီယိုဖိုင်များကို ပျံ့နှံ့စေခြင်းဖြစ်သည်။ ဤ သို့ပြုလုပ်ခြင်းသည် မဟာမိတ်အဖွဲ့အစည်းများအကြား အက်ကြောင်းထင်စေရန်၊ သံသယများဖြစ်ပွားစေရန်နှင့် အတိုက်အခံအင်အားစုများအတွင်းရှိ စည်းလုံးညီညွတ်မှုစိတ်ဓာတ်ကို အားနည်းသွားစေရန်ရည်ရွယ်၍ စနစ်တကျဒီဇိုင်းဖော်ထားခြင်းဖြစ် သည်။
စစ်တပ်သည် အဆိုပါတိုက်ခိုက်မှုများကို 'မျိုးချစ်စိတ်ဓာတ်ဆိုင်ရာလှုပ်ရှားမှု'(Patriotism Campaign)မှခန့် ညားထည်ဝါသောပုံရိပ်များနှင့်တွဲဖက်တင်ဆက်ခြင်းအားဖြင့် ရန်သူများကို သိက္ခာချရုံထက်မကသောအရာကို လုပ်ဆောင်ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ယင်းတို့သည် လူထုကို ဝေဝါးရှုပ်ထွေးသွားစေရန်၊ တော်လှန်ရေးအပေါ်ယုံကြည်မှုကို လျော့နည်းလာစေရန်နှင့် မိမိတို့ကိုယ်မိမိငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးအတွက်တစ်ခုတည်းသောလမ်းစဉ်အဖြစ်ပုံဖော်ရန်လုပ်ဆောင်နေခြင်းဖြစ်သည်။
၄.၅ လူမျိုးရေးနှင့်ဘာသာရေး အစွန်းရောက်မှုများ
တပ်မတော်၏တစ်တော့ခ်(TikTok)မဟာဗျူဟာတွင် အဓိကကျသောအစိတ်အပိုင်းတစ်ခုမှာ ထောက်ခံမှုရရှိရန်နှင့်အတိုက် အခံများကိုဖယ်ကြဉ်ရန်အတွက် လူမျိုးရေးနှင့်ဘာသာရေး အခြေခံအမျိုးသားရေးဝါဒကို အသုံးချခြင်းဖြစ်သည်။ စစ်တပ်နှင့်ဆက်နွှယ်နေသောအကောင့်များမှ အဓိကဖြန့်ဝေနေသည့်အကြောင်းအရာအများစုမှာ မြန်မာနိုင်ငံရှိ တစ်တော့ခ်(TikTok) အသုံးပြုသူအများစုဖြစ်သောဗမာဗုဒ္ဓဘာသာဝင်များအကြား ရိုက်ခတ်မှုရှိစေရန်ရည်ရွယ်၍ အစွန်းရောက်အမျိုးသားရေးဝါဒများကို ဖော်ပြနေခြင်းဖြစ်သည်။
ဗုဒ္ဓဘာသာနှင့်အမျိုးသားစည်းလုံးညီညွတ်ရေးအတွက် နောက်ဆုံးခံတပ် (သို့မဟုတ်) နောက်ဆုံးကာကွယ်သူအဖြစ်တပ်မ တော်ကို တစ်တော့ခ်(TikTok)ပို့စ်များတွင် မကြာခဏပုံဖော်လေ့ရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ ဒီမိုကရေစီလိုလားသောလှုပ်ရှားမှုများနှင့်အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ကို နိုင်ငံ၏ဘာသာရေးနှင့်ယဉ် ကျေးမှုဆိုင်ရာအမှတ်အသားများအတွက် ခြိမ်းခြောက်မှုများအဖြစ်တစ်ဖက်တွင် ဖော်ပြကြသည်။ တစ်တော့ခ်(TikTok)ဗီဒီယိုများတွင် အဆိုပါအဖွဲ့များကို စေတီပုထိုးများဖျက်ဆီးခြင်း၊ သံဃာတော်များကို စော်ကားခြင်း သို့မဟုတ် ဗုဒ္ဓဘာသာကို နိုင်ငံ ခြားဝါဒများဖြင့် အစားထိုးရန် ကြံစည်နေခြင်း စသဖြင့် စွပ်စွဲ ပြောဆိုကြသည်။ ထိုသို့သော သတင်းစကားများကို နိုင်ငံရေးအရ အခိုင်အမာဆိုချက်များအဖြစ်မဟုတ်ဘဲ ကိုယ်ကျင့်တရားဆိုင်ရာမဖြစ်မနေလုပ်ဆောင်ရမည့်တာဝန်များအဖြစ် တင်ပြကြပြီး၊ 'သစ္စာစောင့်သိမှု' သို့မဟုတ် 'သစ္စာဖောက်မှု'ဟူသော နှစ်ဖက်အစွန်းထွက် အတွေးအခေါ်ကို ပိုမိုခိုင်မာစေရန် လုပ်ဆောင်နေခြင်းဖြစ်သည်။
အချို့သောအကြောင်းအရာများတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် မြန်မာနိုင်ငံ၏နယ်မြေအစိတ်အပိုင်းများကို နိုင်ငံခြားတိုင်းပြည်များထံလွှဲပြောင်းပေးရန် စီစဉ်နေသည်ဟူသော လုပ်ကြံဖန်တီးထားသည့်သတင်းများကို တွန်းအားပေးဖော် ပြကြသည်။ ထိုပို့စ်များက နိုင်ငံတော်ကို အစိတ်စိတ်အမြွှာမြွှာခွဲခြမ်းခံရနိုင်သည် သို့မဟုတ် နိုင်ငံခြားဘာသာရေးနိုင်ငံတော်အ ဖြစ်ပြောင်းလဲခံရနိုင်သည်ဟု အရိပ်အယောင်ပြရေးသားကြသည်။ ထိုကဲ့သို့လှုံ့ဆော်မှုဖြစ်စေသော သတင်းစကားများ၏ရည် ရွယ်ချက်မှာ ကြောက်ရွံ့မှုများဖြစ်ပေါ်စေရန်၊ အကွဲအပြဲများကို ပိုမိုနက်ရှိုင်းစေရန်နှင့် အစွန်းရောက်အမျိုးသားရေးစိတ်ဓာတ်များကို မီးထိုးပေးရန်ဖြစ်ပြီး ယင်းတို့အားလုံးသည် စစ်တပ်အတွက် ထောက်ခံမှုမြှင့်တင်ရန် ကြိုးပမ်းချက်များပင် ဖြစ်သည်။
တစ်တော့ခ်(TikTok)၏အယ်လ်ဂိုရီသမ်(Algorithm)သည် စိတ်ခံစားမှုကိုလှုံ့ဆော်ပေးနိုင်သောအကြောင်းအရာများကို ပိုမိုပျံ့နှံ့စေရန် ဒီဇိုင်းထုတ်ထားသည်။ အမျိုးသားရေးကြွေးကြော်သံများနှင့်တေးဂီတများပါဝင်သည့် ထိခိုက်ခံစားလွယ်စေသောဗီဒီယိုအတိုများကို လူမှုကွန်ရက်မီဒီယာတွင် အရှိန်အဟုန်ဖြင့် ပျံ့နှံ့စေရန် ဖန်တီးထားပြီး ယင်းက ကြောက်ရွံ့မှု၊ သံသယဖြစ်မှုနှင့်လူမျိုးရေးကွဲပြားမှုဆိုင်ရာအခြေအနေတစ်ရပ်ကို ဖန်တီးပေးသည်။ ထိုသို့သော အကြောင်းအရာများသည် ပြောင်ပြောင် တင်းတင်း အမုန်းစကားပြောဆိုခြင်း(Hate Speech)ကို ရှောင်လွှဲထားသည့်တိုင် အကြမ်းဖက်မှုနှင့်ခွဲခြားဆက်ဆံမှုများကို သာမန်ကိစ္စရပ်များကဲ့သို့ လက်ခံလာစေမည့် ပတ်ဝန်းကျင်တစ်ခုဖြစ်ပေါ်လာအောင် တွန်းအားပေးနေသည်။
ထိုသို့သောဝါဒဖြန့်မှုများကို တစ်တော့ခ်(TikTok)၏အကြောင်းအရာစီးဆင်းမှုများအတွင်း ထည့်သွင်းခြင်းအားဖြင့် စစ်တပ်သည် ဘာသာရေးအစွန်းရောက်ဝါဒနှင့်လူမျိုးရေး/ဘာသာရေးအပေါ် အခြေခံသည့်အမုန်းတရားများကို မြှင့်တင်နေရုံသာမ က ယင်းတို့ကိုအာဏာရှင်စနစ်ဖြင့် ထိန်းချုပ်မှုကို ယုတ္တိရှိစေရန်လက်နက်တစ်ခုသဖွယ်အသုံးချနေခြင်းလည်းဖြစ်သည်။ ဗမာဘာသာစကားဖြင့်အကြောင်းအရာစိစစ်တည်းဖြတ်မှု(Content Moderation)အားနည်းခြင်းကြောင့် ထိုသို့သောအန္တရာယ်ရှိသည့်အကြောင်းအရာများသည် လက်တွေ့လောကရှိ ဘေးကင်းလုံခြုံရေးနှင့်လူမှုစည်းလုံးညီညွတ်ရေးတို့ကို ထိခိုက်နိုင်သည့်သိသာထင်ရှားသောစိုးရိမ်ရမှုများရှိနေလင့်ကစား မည်သည့်တားဆီးပိတ်ပင်မှုမျှမရှိဘဲ ပျံ့နှံ့လျက်ရှိသည်။
၅။ အမျိုးသားရေးဝါဒီများ၏ တစ်တော့ခ်(TikTok)အသုံးချမှု
မြန်မာနိုင်ငံ၌ တစ်တော့ခ်(TikTok)သည် လွန်ခဲ့သည့်နှစ်အနည်းငယ်အတွင်း ဖျော်ဖြေရေးပလက်ဖောင်းတစ်ခုထက်မက ပိုမိုအရေးပါလာခဲ့သည်။ အမျိုးသားရေးဝါဒသတင်းစကားများနှင့်စစ်တပ်၏ဝါဒဖြန့်မှုများကို ဖြန့်ဝေရာအစွမ်းထက်သည့်နေရာတစ်ခုလည်း ဖြစ်လာနေသည်။ ၂၀၁၈ ခုနှစ်တွင် ဖေ့ဘွတ်ခ့်က စစ်တပ်နှင့်ဆက်နွှယ်နေသောအကောင့်များကို ပိတ်ပင်ခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းတွင်လည်း ပိုမိုတင်းကြပ်သည့် ကန့်သတ်ချက်များကို ဖေ့ဘွတ်ခ့်ကချမှတ်ခဲ့ခြင်းကြောင့် စစ်တပ်ထောက်ခံသူအများအပြားသည် တစ်တော့ခ်(TikTok)သို့ ပြောင်းရွှေ့ခဲ့ကြသည်။ တစ်တော့ခ်(TikTok)တွင် အကြောင်းအရာစိစစ်တည်းဖြတ်မှု(Content Moderation)လျော့ရဲနေပြီး ဗမာဘာသာစကားဖြင့်ထိန်းကျောင်းတည်းဖြတ်မှုမှာ များစွာအားနည်းနေခြင်းကြောင့် ဖြစ်သည်။
အမျိုးသားရေးဝါဒီများသည် ထိုအခွင့်အရေးကို အပြည့်အဝအသုံးချ၍ စစ်တပ်အား ဂုဏ်တင်ရန်၊ အတိုက်အခံ အဖွဲ့အစည်းများအပေါ်အကြမ်းဖက်မှုများဖြစ်လာစေရန်လှုံ့ဆော်ရန်နှင့်အာဏာရှင်စနစ်ဖြင့်ထိန်းချုပ်မှုကိုထောက်ခံသည့်ဝါဒဖြန့်မှုများကို တွန်းအားပေးရန်အတွက် တစ်တော့ခ်(TikTok)ကိုအသုံးပြုကြသည်။ အချို့သောအခြေအနေများတွင် ဖော်ပြပါအကြောင်း အရာများသည် ပြောဆိုရုံသက်သက်ထက် ကျော်လွန်သွားပြီး၊ လက်တွေ့လောကတွင် ခြိမ်းခြောက်မှုများနှင့်ရန်ရှာနှောင့်ယှက်မှုများ ဖြစ်ပေါ်လာစေရန် ပေါင်းစပ်ညှိနှိုင်းပေးသည့်အထိ ဖြစ်လာသည်။ ဤကဏ္ဍတွင် အမျိုးသားရေးဝါဒီအုပ်စုများသည် လူထုသဘောထားကိုပုံဖော်ရန်၊ အကြမ်းဖက်မှုများကို သာမန်ကိစ္စကဲ့သို့လက်ခံလာစေရန်နှင့်အွန်လိုင်းနှင့်လက်တွေ့လောကနှစ်ခုလုံးတွင် အန္တရာယ်ဖြစ်စေရန်အတွက် တစ်တော့ခ့်ကို ရည်ရွယ်ချက်ရှိရှိနှင့်မဟာဗျူဟာမြောက် မည်ကဲ့သို့အသုံးချနေ သည်ကို လေ့လာသုံးသပ်ထားသည်။
၅.၁ ပါဝင်ပတ်သက်သူများ၏အခန်းကဏ္ဍ
ထင်ရှားသော အမျိုးသားရေးဝါဒီအများအပြားသည် စစ်တပ်ထောက်ခံရေးအကြောင်းအရာများကို စနစ်တကျပေါင်းစပ်ညှိ နှိုင်း၍ မြန်မာနိုင်ငံ၏တစ်တော့ခ်(TikTok)အသုံးပြုသူများအကြား တက်ကြွစွာပုံဖော်လျက်ရှိကြသည်။ ဇော်ဘုန်းဟိန်းသည် အပြင်းထန်ဆုံးလှုံ့ဆော်သူများထဲမှ တစ်ဦးဖြစ်ပြီး၊ အတိုက်အခံအင်အားစုများအပေါ် အကြမ်းဖက်မှုများကို ဂုဏ်ပြုခြင်းနှင့်အကောင့်ပေါင်းများစွာအသုံးပြု၍ ခြိမ်းခြောက်မှုများ၊ စစ်တပ်ချီးမွမ်းခန်းများကို ထပ်တလဲလဲ တင်ဆက်ခြင်းတို့ကြောင့် လူသိများ သည်။ နောင်တော်လေးကမူ ဘာသာရေး-အမျိုးသားရေးဆိုင်ရာအသုံးအနှုန်းများကိုအသုံးပြု၍ စစ်တပ်ကို ဗုဒ္ဓဘာသာ၏အ ကာအကွယ်အဖြစ်ပုံဖော်ကာ၊ အတိုက်အခံအုပ်စုများကို ယဉ်ကျေးမှုဆိုင်ရာအမှတ်အသားများကိုခြိမ်းခြောက်နေသူများအ ဖြစ် ပစ်မှတ်ထားတိုက်ခိုက်သည်။ ဇော်ပြန်ဆရာတော်နှင့်ပေါက်ကိုယ်တော်တို့ကဲ့သို့သော ရဟန်းများသည် ဘာသာရေးဩဇာနှင့်နိုင်ငံရေးသတင်းစကားများကိုရောနှောကာ စစ်တပ်ကိုထောက်ခံခြင်းသည် ဘာသာရေးဆိုင်ရာတာဝန်တစ်ခုဖြစ်သည်ဟူ သော အယူအဆကိုခိုင်မာအောင် လုပ်ဆောင်ကြသည်။ စောဘထူးသည် လူငယ်ထုအား ဆွဲဆောင်နိုင်ရန် Meme များ၊ ခေတ်ပေါ်ယဉ်ကျေးမှုများနှင့်ရန်လိုသောစကားလုံးများကိုအသုံးပြုကာ အတိုက်အခံများကို လှောင်ပြောင်ခြင်းနှင့်ပြင်းထန်သောနှိမ်နင်းမှုများပြုလုပ်ရန် တောင်းဆိုခြင်းတို့ကို ပြုလုပ်လေ့ရှိသည်။ ထိုပုဂ္ဂိုလ်များအားလုံးသည် အကြမ်းဖက်မှုများကို သာ မန်ကိစ္စရပ်ကဲ့သို့ ဖြစ်လာစေရန်နှင့်စစ်တပ်လိုလားသော ဝါဒဖြန့်မှုများကိုတစ်တော့ခ်(TikTok)ပေါ်တွင် ပျံ့နှံ့အားကောင်းလာစေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြသည်။
၅.၂ အန္တရာယ်ရှိပြီး ဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေမြင့်မားသော ဝါဒဖြန့်မှုပုံစံများ
တစ်တော့ခ်(TikTok)ပေါ်ရှိ စစ်တပ်ထောက်ခံသူများအကြား အသုံးအများဆုံးအမျိုးသားရေးဝါဒဖြန့်ဝေမှုတစ်ခုမှာ တော်လှန် ရေးဆန့်ကျင်ရေးအမြင်များကို ဘာသာရေးခံစားချက်များနှင့်ရောနှောတင်ပြခြင်း ဖြစ်သည်။ ထိုပို့စ်များတွင် မျိုးချစ်စိတ်ဓာတ်ကိုလှုံ့ဆော်သည့် စကားလုံးများနှင့်စိတ်လှုပ်ရှားဖွယ်အသုံးအနှုန်းများကိုအသုံးပြု၍ ဗုဒ္ဓဘာသာကို 'ကာကွယ်ရန်'နှင့်မြန်မာ နိုင်ငံကို'စောင့်ရှောက်ရန်' တိုက်တွန်းကြသည်။ #SaveBuddhismနှင့် #Defend OurReligion ကဲ့သို့သော Hashtag များမှာလူကြိုက်များပြီး အားလုံးတွင် တာဝန်ရှိသည်ဟူသော ခံစားချက်ကို ဖန်တီးပေးသည်။ ဗီဒီယိုအများအပြားတွင် သံဃာ တော်များ၊ ဘုရားကျောင်းကန်များနှင့်ဘာသာရေးအထိမ်းအမှတ်အမှတ်အသားများကို စိတ်လှုပ်ရှားဖွယ်နောက်ခံတေးဂီတ (သို့မဟုတ်)နောက်ခံစကားပြောများဖြင့် တွဲဖက်ပြသပြီး ဗုဒ္ဓဘာသာသည် ခြိမ်းခြောက်ခံနေရပြီဖြစ်ကြောင်း သတိပေးလေ့ရှိသည်။ ဤကဲ့သို့သော အကြောင်းအရာများသည် အရေးတကြီးတုံ့ပြန်ရန်လိုအပ်သည်ဟူသော စိတ်ကိုလှုံ့ဆော်ပေးပြီး ကြည့်ရှုသူများ (အထူးသဖြင့် လူငယ်များ)ကို တစ်နည်းမဟုတ်တစ်နည်း တုံ့ပြန်လာစေရန် တွန်းအားပေးပါသည်။
တစ်တော့ခ်(TikTok)သည် မြန်မာနိုင်ငံတွင် အမျိုးသားရေးဝါဒီအုပ်စုများအကြား ဘေးအန္တရာယ်ဖြစ်ပွားနိုင်ခြေ မြင့်မားပြီး အန္တရာယ်ရှိသောအကြောင်းအရာများကို ဖြန့်ဝေရာအဓိကပလက်ဖောင်းတစ်ခု ဖြစ်လာခဲ့သည်။ အကြောင်းအရာအများစုမှာ နိုင်ငံရေးအမြင်သဘောထားများကို ဖော်ပြရုံသက်သက်ထက်ကျော်လွန်၍ လှုံ့ဆော်မှုများ၊ အမုန်းစကားများနှင့်ပစ်မှတ်ထားတိုက်ခိုက်ရန်လမ်းညွှန်မှုများအဆင့်သို့ ရောက်ရှိနေပါသည်။ မြန်မာအင်တာနက်ပရောဂျက်၏သုတေသနဖြစ်သော“မြေကျန်ရင်ရပြီ”အစီရင်ခံစာတွင်ဖော်ပြထားသည့်အတိုင်း အန္တရာယ်ရှိသောဗီဒီယိုများ မည်မျှအထိ ပြန့်နှံ့နေသည်နှင့် ယင်းတို့သည် အွန်လိုင်းပေါ်ရှိ ဆွေးနွေးပြောဆိုမှုများနှင့်လက်တွေ့လောကရှိ ထိခိုက်နစ်နာမှုများအပေါ် မည်မျှအထိ ဆိုးကျိုးသက်ရောက်နေသည်ကို ထင်ရှားစွာ တွေ့ မြင်နိုင်ပါသည်။
အကြောင်းအရာများနှင့်ပို့စ်များကို ဖန်တီးရာတွင် စိတ်လှုပ်ရှားဖွယ်နောက်ခံတေးဂီတများ၊ အမျိုးသားရေးဝါဒဆိုင်ရာပုံရိပ်များနှင့်လူမှုကွန်ရက်တွင် ပျံ့နှံ့လွယ်သောပုံစံများ(Viral formats)ကိုအသုံးပြု၍ ပြုပြင်ဖန်တီးလေ့ရှိသည်။ ယင်းမှာ လူထု၏စိတ်ခံစားချက်ကို မီးထိုးပေးရန်နှင့်လက်တွေ့လောကတွင် အကြမ်းဖက်မှုနှင့်ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်သည်။
အကြမ်းဖက်မှုကို လှုံ့ဆော်ခြင်း
ပို့စ်အတော်များများတွင် အသုံးပြုသူများသည် အကြမ်းဖက်ရန် ပေါ်ပေါ်ထင်ထင် တိုက်တွန်းနှိုးဆော်ထားကြသည်ကို တွေ့ရသည်။ ဗီဒီယိုတစ်ခုတွင် အမျိုးသားရေးသမားတစ်ဦးက လူအုပ်ကြီးအား “ပီဒီအက်ဖ်(PDF)တွေကိုသတ်ရဲလား”ဟုမေးမြန်းရာ လူအုပ်က “သတ်ရဲပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ယင်းသည်မှာ တင်စားချက် သို့မဟုတ် ချဲ့ကားပြောဆိုခြင်းမျိုးမဟုတ်ဘဲ လူသတ်ရန် လူသိရှင်ကြား ဝန်ခံကတိပြုနေခြင်းပင် ဖြစ်သည်။
ခြိမ်းခြောက်ခြင်းနှင့်ခြောက်လှန့်ခြင်း
ခြိမ်းခြောက်ခြင်းနှင့်ခြောက်လှန့်ခြင်းများမှာ ထပ်တလဲလဲ တွေ့နေရသည့် အကြောင်းအရာများဖြစ်သည်။ ဥပမာတစ်ခုတွင် ပို့စ်ရေးသူတစ်ဦးက “မင်းတို့အားလုံး သေရမယ်။ သင်္ကြန်ပြီးရင် စောင့်ကြည့်နေလိုက်... သေဖို့သာ ပြင်ထားကြ”ဟု သတိပေးပြောဆိုထားသည်။ ထိုသို့သော ပြောဆိုသုံးနှုန်းမှုများသည် ဒီမိုကရေစီလိုလားသူများကို ခြိမ်းခြောက်ရန်နှင့်ထိတ်လန့်တုန်လှုပ်စေရန် ရည်ရွယ်ထားခြင်းမှာ ထင်ရှားပါသည်။
ဂျန်ဒါအခြေပြု အကြမ်းဖက်မှု
တော်လှန်ရေးတွင်ပါဝင်နေသော အမျိုးသမီးများကို ပစ်မှတ်ထား၍ အမျိုးသမီးမုန်းတီးရေးဆိုင်ရာ ခြိမ်းခြောက်မှုများပြုလုပ်ရန်အတွက်လည်း တစ်တော့ခ့်(TikTok)ကို အသုံးပြုနေကြသည်။ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် ကောင်းသောဗီဒီယိုတစ်ခုတွင် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်မည် ဟု ခြိမ်းခြောက်ထားသည့် ပြောဆိုချက်များ ပါဝင်နေသည်။
အစုလိုက်အပြုံလိုက် အကြမ်းဖက်ရန် ဝါဒဖြန့်လှုံ့ဆော်ခြင်း
အချို့သော ဗီဒီယိုများတွင်မူ ဆန့်ကျင်ဘက်အင်အားစုအားလုံးကို အမြစ်ပြတ်ချေမှုန်းရန်အထိ တိုက်တွန်းထားကြသည်။ အ သုံးပြုသူတစ်ဦးက 'ရန်သူအားလုံးကို အပြတ်ရှင်းပစ်ပါ။ လက်နက်မျိုးစုံကို သုံးပါ။ သူတို့ကို အကုန်လုံး ရှင်းထုတ်ပစ်ကြ' ဟု ပြောဆိုထားသည်။
၅.၃ စစ်ဆင်ရေးနှင့်မဟာဗျူဟာအကြောင်းအရာများ
အကြမ်းဖက်ရန်လှုံ့ဆော်သည့်စကားရပ်များအပြင် အချို့သောတစ်တော့ခ်(TikTok)အကြောင်းအရာများတွင် စစ်ဆင်ရေးများနှင့်သက်ဆိုင်သည့်ဗျူဟာမြောက် အကြံပြုချက်များပင် ပါဝင်နေသည်။ အသုံးပြုသူတစ်ဦးက ဗုံးကြဲတိုက်ခိုက်ရမည့်ပစ် မှတ်များအဖြစ် သတ်မှတ်ထားသောရွာအမည်များကို ဗြောင်ကျကျထည့်သွင်းပြောဆို ထားသည်။ အခြားသော အကြောင်းအ ရာများတွင်မူ ရန်သူဟု ယူဆရသူများ သို့မဟုတ် ဆန့်ကျင်ဘက်အဖွဲ့အစည်းများ၏လှုပ်ရှားမှုတည်နေရာများကို ဖော်ထုတ်ပြသသည့် အလွတ်သဘောထောက်လှမ်းရေးသတင်းပေးပို့မှုများအဖြစ်ဆောင်ရွက်နေသည်။ ထိုပို့စ်များအား ကြည့်ခြင်းအား ဖြင့် တစ်တော့ခ်(TikTok)ကို ဝါဒဖြန့်ရန်အတွက်သာမက ပိုမိုကျယ်ပြန့်သော သတင်းအချက်အလက်စစ်ဆင်ရေးဗျူဟာ (Information Warfare Strategy)၏အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးပြုနေကြောင်း ထင်ရှားစေသည်။
နိဂုံးချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံရှိ တစ်တော့ခ်(TikTok)ပေါ်မှ အမျိုးသားရေးဝါဒီအကြောင်းအရာများသည် ရှင်းလင်း ၍ ထပ်တလဲလဲဖြစ်နေသောအဓိကအချက်များ(themes)အပေါ် အခြေခံလေ့ရှိသည်။ ယင်းတို့တွင် စစ်တပ်ကိုအမွှမ်းတင်ခြင်း၊ အန်ယူဂျီ(NUG)၊ ပီဒီအက်ဖ်(PDF)နှင့်အီအေအို(EAO)ကဲ့သို့သော ဆန့်ကျင်ဘက်အင်အားစုများကို ရန်သူ သို့မဟုတ် အကြမ်းဖက်သမားများအဖြစ် ပုံဖော်ခြင်းများ ပါဝင်သည်။ ထိုသတင်းစကားများကို ပိုမိုခိုင်မာစေရန်အတွက် စစ်ဘက်ဆိုင်ရာအထိမ်းအမှတ်တံဆိပ်များ၊ နိုင်ငံတော်အလံများနှင့်“နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပါ”ဟူသောကြွေးကြော်သံများကို ပို့စ်များတွင် မကြာခဏ အသုံးပြုကြသည်။ ဗီဒီယိုအတော်များများကို လူအများကြားပျံ့နှံ့သွားစေရန်(viral ဖြစ်စေရန်)ရယ်စရာဓာတ်ပုံ/စာသားများ(memes)၊ စိတ်လှုပ်ရှားဖွယ် တေးဂီတများနှင့်စိတ်ခံစားမှုကိုလှုံ့ဆော်သည့် စကားလုံးများကိုအသုံးပြု၍ ဖန်တီးထားကြသည်။ ထိုအကြောင်းအရာများသည် ဝါဒရေးရာသက်သက်သာမဟုတ်ဘဲ ခြိမ်းခြောက်ရန်၊ အကြမ်းဖက်မှုကို လှုံ့ဆော်ရန်နှင့်ထောက်ခံမှုများစုစည်းရန်အတွက် စနစ်တကျပေါင်းစပ်ညှိနှိုင်းထားသော ကြိုးပမ်းမှုတစ်ခုဖြစ်သည်။ ထိုလှုပ် ရှားမှုများ၏ပမာဏနှင့်လေသံများအရ ဗမာဘာသာစကားဖြင့်အကြောင်းအရာများကို ပိုမိုကောင်းမွန်စွာ စိစစ်တည်းဖြတ်ရန် (content moderation)နှင့်စနစ်တကျပြုလုပ်သောဘေးအန္တရာယ်များကို ကိုင်တွယ်ဖြေရှင်းနိုင်မည့်ပိုမိုခိုင်မာသော ပလက်ဖောင်းမူဝါဒများ အရေးပေါ်လိုအပ်နေကြောင်း မီးမောင်းထိုးပြနေပါသည်။
၆။ ဝင်ငွေရရှိမှုနှင့်ရန်ပုံငွေရှာဖွေရေးပုံစံများ
၆.၁ တစ်တော့ခ့်(TikTok)၏ဝင်ငွေရရှိမှုဆိုင်ရာ မြန်မာနိုင်ငံအပေါ်ကန့်သတ်ချက်များ
မြန်မာနိုင်ငံအတွက် ဝင်ငွေရရှိမှုစနစ်(monetization)ကို တစ်တော့ခ့်(TikTok)က တရားဝင်ခွင့်ပြုမထားသော်လည်း ထိုပလက်ဖောင်းသည် စစ်တပ်လိုလားသူများနှင့်အမျိုးသားရေးဝါဒီမီဒီယာသမားများအတွက် ဝင်ငွေရရှိရာ အရင်းအမြစ်တစ်ခုဖြစ်လာခဲ့သည်။ Media Development Investment Fund (MDIF)၏ဖော်ပြချက်အရ နိုင်ငံအတွင်းရှိ လွတ်လပ်သောမီဒီယာများသည် ပုံမှန်အားဖြင့် ထောက်ပံ့မှု၊ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာကြေညာချက်များ(PSAs)၊ ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်ဝင်ငွေရှာဖွေမှု၊ ကြော်ငြာခများ၊ အဖွဲ့ဝင်ကြေးများနှင့်အကြောင်းအရာများရောင်းချခြင်း(content sales)စသည့် ပေါင်း စပ်နည်းလမ်းများကို အားကိုးကြရသည်။ စစ်တပ်လိုလားသောမီဒီယာများသည် အစဉ်အလာအားဖြင့် ယင်းတို့၏ပရိသတ်များထံမှ အလှူငွေများကိုသာအဓိက အားကိုးခဲ့ကြပြီး ယင်းတို့၏ဗီဒီယိုထုတ်လွှင့်ချက်များတွင် ငွေကြေးထောက်ပံ့ကြရန် တိုက် ရိုက်တောင်းဆိုမှုများကို မကြာခဏပြုလုပ်လေ့ရှိကြသည်။
၆.၂ ကန့်သတ်ချက်များအကြားက ဝင်ငွေရရှိနေမှုပုံစံများ
စစ်တပ်လိုလားသော ဗီဒီယိုထုတ်လွှင့်သူများသည် ငွေကြေးထောက်ပံ့မူဖြင့် ဝင်ငွေရရှိကြသော်လည်း ယင်းတို့သည် တစ်တော့ခ်(TikTok)မှတစ်ဆင့် ဝင်ငွေရရှိနေပြီဖြစ်ကြောင်း မကြာမီကာလက ပြောဆိုလာကြသည်။ တစ်တော့ခ်(TikTok)၏ပုံမှန်မူဝါဒများအရ မြန်မာနိုင်ငံအတွင်း ဝင်ငွေရှာဖွေခွင့် မပြုထားသော်လည်း အကြောင်းအရာထုတ်လုပ်သူများသည် ဝင်ငွေရရှိနိုင်သော နိုင်ငံများတွင်ရှိသည့် ပုဂ္ဂိုလ်များမှတစ်ဆင့် အကောင့်များဖွင့်လှစ်ကာ ထိုကန့်သတ်ချက်များကို ကျော်လွှားနေကြခြင်း ဖြစ်နိုင်သည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် ယင်းတို့သည် “TikTok LIVE gifts”(လက်ဆောင်များ) သို့မဟုတ် “Creator Rewards” ကဲ့သို့သောလုပ်ဆောင်ချက်များကိုအသုံးပြုကာဝင်ငွေရရှိနိုင်ရန် ဆောင်ရွက်နေကြခြင်းဖြစ်သည်။
၆.၃ မေ့ခ့်ကိုက်(Mavekite)မှဖော်ပြသောခန့်မှန်းရရှိဝင်ငွေများ
လူမှုကွန်ရက်မီဒီယာစောင့်ကြည့်လေ့လာရေးကိရိယာဖြစ်သည့် မေ့ခ့်ကိုက်(Mavekite)ကိုအသုံးပြု၍ မြန်မာအင်တာနက်ပရောဂျက်(MIP)က ပြုလုပ်ခဲ့သောသုတေသနပြုချက်များအရ စစ်တပ်လိုလားသော မီဒီယာချန်နယ်အချို့သည် မြန်မာနိုင်ငံတွင် ဝင်ငွေရှာဖွေခွင့်ကန့်သတ်ထားသော်လည်း ယင်းတို့၏တစ်တော့ခ်(TikTok)အကြောင်းအရာများမှတစ်ဆင့်ဝင်ငွေရရှိနေပုံရသည်။ မေ့ခ့်ကိုက်(Mavekite)သည် နောက်ဆုံးတင်ထားသော ဗီဒီယိုပို့စ်(၂၀)၏လုပ်ဆောင်နိုင်စွမ်း(performance) နှင့်မကြာသေးမီကလှုပ်ရှားမှုများအပေါ်အခြေခံ၍ ပျမ်းမျှဝင်ငွေများကို တွက်ချက်ထားခြင်းဖြစ်သည်။ အဆိုပါ တွက်ချက်မှုနည်းလမ်းများနှင့်အတည်ပြုနိုင်မှုအပိုင်းတွင် ကန့်သတ်ချက်များရှိနိုင်သော်လည်း ထိုဒေတာအချက်အလက်များအရ အောက်ပါအတိုင်း ခန့်မှန်းဝင်ငွေများကို သိရှိနိုင်သည်။
NP News (Kyaw Myo Min): Between $424–$502 USD
NP News သည် ကျော်မျိုးမင်း၏အဓိကသတင်းမီဒီယာလုပ်ငန်းတစ်ခုဖြစ်သည်။ မေ့ခ့်ကိုက်(Mavekite)၏အချက်အလက်များအရ NP News ၏ တစ်တော့ခ်(TikTok)လူမှုကွန်ရက်စာမျက်နှာမှ အမေရိကန်ဒေါ်လာ ၅၀၀ ခန့်ဝင်ငွေ ရရှိနေကြောင်း သိရှိရသည်။
People Media (Kyaw Soe Oo): Approximately $450 USD
People Media သည် ကျော်စိုးဦး၏အဓိကသတင်းမီဒီယာလုပ်ငန်းတစ်ခု ဖြစ်သည်။ မေ့ခ့်ကိုက်(Mavekite)၏ ဖော်ပြချက်အရ People Media ၏ တစ်တော့ခ်(TikTok)လူမှုကွန်ရက်စာမျက်နှာမှ အမေရိကန်ဒေါ်လာ ၄၅၀ ခန့် ဝင်ငွေ ရရှိနေကြောင်း သိရှိရသည်။
Primedia (Sniper Su / Khet Hnin Su): Approximately $250 USD
Primedia သည် Sniper Su (သို့မဟုတ်) ခေတ်နှင်းစု၏အဓိကသတင်းမီဒီယာလုပ်ငန်းတစ်ခုဖြစ်သည်။ မေ့ခ့်ကိုက် (Mavekite)၏ဖော်ပြချက်အရ Primedia ၏ တစ်တော့ခ်(TikTok)လူမှုကွန်ရက်စာမျက်နှာမှ အမေရိကန်ဒေါ်လာ ၂၅၀ ခန့် ဝင်ငွေရရှိနေကြောင်း သိရှိရသည်။
MHT (Aung Min): Approximately $40–$49 USD
ဖြစ်စဉ်တစ်ခုတွင် အောင်မင်းက သူ၏ တစ်တော့ခ်(TikTok)အကောင့်မှ ဝင်ငွေများ စတင်ရရှိနေပြီဖြစ်ကြောင်း တယ်လီဂရမ်(Telegram)မှတစ်ဆင့်လူသိရှင်ကြားပြောဆိုခဲ့ပြီးသက်သေအထောက်အထားအဖြစ်"Screenshot"များကိုလည်း သူ က မျှဝေခဲ့ပါသည်။
MHT သည် အောင်မင်း၏အဓိကမီဒီယာလုပ်ငန်းဖြစ်ပြီး မေ့ခ့်ကိုက်(Mavekite)၏ ဖော်ပြချက်အရ MHT ၏ တစ်တော့ခ် (TikTok)ချန်နယ်မှ အမေရိကန်ဒေါ်လာ ၅၀ ခန့် ဝင်ငွေရရှိနေကြောင်း သိရှိရပါသည်။ အချိန်တစ်ခုတွင် အောင်မင်းက သူ ၏တစ်တော့ခ်(TikTok)အကောင့်မှဝင်ငွေများ စတင်ရရှိနေပြီဖြစ်ကြောင်း တယ်လီဂရမ်(Telegram)ပေါ်တွင် ရေးသားဖော် ပြခဲ့သည်။
၆.၄ အန္တရာယ်ဖြစ်စေသောအကြောင်းအရာများမှတစ်ဆင့် ဝင်ငွေရှာဖွေခြင်း
ရရှိသည့် ဝင်ငွေပမာဏမှာ နည်းပါးသည်ဟု ထင်ရသော်လည်း ကန့်သတ်ချုပ်ချယ်မှုများရှိနေသော မြန်မာနိုင်ငံ၏အခြေအ နေအရ ကြည့်မည်ဆိုပါက ထိုပမာဏမှာ များပြားသောပမာဏ ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ အဆိုပါဝင်ငွေများသည် မုန်းတီးရေးစကားလုံးများ၊ သတင်းအမှားများနှင့်အကြမ်းဖက်ရန်လှုံ့ဆော်မှုများ မကြာခဏပါဝင်လေ့ရှိသောအကြောင်းအရာများမှ ရရှိနေခြင်းဖြစ်သည်။ ထိုအချက်သည် မြန်မာနိုင်ငံကဲ့သို့ ပဋိပက္ခဒဏ်ခံစားနေရသောနိုင်ငံများတွင် တစ်တော့ခ် (TikTok)၏အကြောင်းအရာဆိုင်ရာမူဝါဒများနှင့်ဝင်ငွေရှာဖွေခြင်းဆိုင်ရာမူဝါဒများကို လိုက်နာဆောင်ရွက်စေမှုအပေါ် စိုးရိမ်ပူပန်မှုများစွာ ဖြစ်ပေါ်စေသည်။
အနှစ်ချုပ်ဆိုရသော် တရားဝင်ကန့်သတ်ချက်များ ရှိနေသော်လည်း စစ်တပ်ထောက်ခံသူများနှင့်မျိုးချစ်အစွန်းရောက်မီဒီယာလှုပ်ရှားသူများသည် ယင်းတို့၏ဝါဒဖြန့်ချိမှုများနှင့်ငွေကြေးအကျိုးအမြတ်များကို ပေါင်းစပ်ကာ တစ်တော့ခ်(TikTok)ပေါ်တွင် ဝင်ငွေရှာဖွေရန်နည်းလမ်းများ ရှာဖွေနေကြသည်။ ယင်းတို့၏ပြောင်းလဲလာသော နည်းဗျူဟာများသည် အန္တရာယ်ရှိသောလုပ်ငန်းများအတွက် ဝင်ငွေရှာဖွေရေးကိရိယာများကို အသုံးချခြင်းမှကာကွယ်ရန် တစ်တော့ခ်(TikTok)ကဲ့သို့သော ပလက် ဖောင်းများအနေဖြင့် ပိုမိုပွင့်လင်းမြင်သာမှုရှိရန်နှင့်မူဝါဒများကို တင်းတင်းကြပ်ကြပ်ချမှတ်ဆောင်ရွက်ရန် လိုအပ်နေကြောင်း ညွှန်ပြနေသည်။
၇။ ပလက်ဖောင်း၏ ထိန်းကျောင်းတည်းဖြတ်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ဖွယ်ရာများ
တစ်တော့ခ်(TikTok)သည် ယင်းတို့၏ 'အသိုင်းအဝိုင်းဆိုင်ရာ လမ်းညွှန်ချက်များ' (Community Guidelines)မှ တစ်ဆင့် အသုံးပြုသူများ၏ဘေးကင်းလုံခြုံရေးကို ဦးစားပေးသည်ဟု ဆိုထားသော်လည်း လက်တွေ့တွင်မူ အဆိုပါစည်းမျဉ်းများသည် စည်းကမ်းဖောက်ဖျက်မှု အကြိမ်ကြိမ်ကျူးလွန်သူများနှင့်တွေ့ကြုံရသည့်အခါ ပျက်ပြားသွားလေ့ရှိသည်။ စည်းကမ်းအား အ စဉ်တစိုက်ချိုးဖောက်နေသူများကို ကိုင်တွယ်ရန်မူဝါဒများရှိနေသော်လည်း အကောင်အထည်ဖော်မှုအပိုင်းတွင် မညီညွတ်ခြင်းနှင့်ထိရောက်မှုမရှိခြင်း မကြာခဏဖြစ်ပေါ်နေသည်။ ထိုအချက်ကြောင့် စည်းကမ်းဖောက်ဖျက်သူများသည် အကောင့်အ သစ်များ ထပ်မံဖွင့်လှစ်ရုံမျှဖြင့် ပလက်ဖောင်းပေါ်တွင် ဆက်လက်လှုပ်ရှားခွင့်ရနေကြသည်။ ဥပမာအားဖြင့် - စစ်တပ်ဝါဒဖြန့်ချိရေးလုပ်ဆောင်သူ'ကိုသက်'သည် တစ်တော့ခ့်အကောင့်ပေါင်း အနည်းဆုံး(၁၁)ခုနှင့်ဆက်နွှယ်နေပါသည်။ တစ်တော့ခ် (TikTok)က ယင်း၏အကောင့်(၃)ခုကို ပိတ်ပင်ခဲ့သော်လည်း ကျန်ရှိသောအကောင့်(၈)ခုမှာမူ စစ်ကောင်စီကို ထောက်ခံသည့် အကြောင်းအရာများကို အဟန့်အတားမရှိ ဆက်လက်တင်ဆက်နေဆဲ ဖြစ်ပါသည်။
အမ်အိုင်ပီ(MIP)၏သုတေသနပြုချက်များအရ စစ်တပ်ထောက်ခံသူများသည် တစ်တော့ခ်(TikTok)ကို အရန်ပလက်ဖောင်း (Backup platform)တစ်ခုအဖြစ် ပိုမိုအသုံးပြုလာကြသည်ကို တွေ့ရသည်။ ယင်းတို့သည် ဖေ့ဘွတ်ခ့်နှင့်ယူကျူ့ကဲ့သို့သောဝက်ဘ်ဆိုက်များမှ ဖယ်ရှားခြင်း သို့မဟုတ် ပိတ်ပင်ခြင်းခံထားရသည့်အကြောင်းအရာများကို တစ်တော့ခ့်(TikTok)ပေါ်တွင် သိမ်းဆည်းခြင်းနှင့်ပျံ့နှံ့အောင်ပြုလုပ်ခြင်းတို့ ဆောင်ရွက်နေကြသည်။ ယင်းတို့သည် ပိတ်ပင်ခံထားရသော အကြောင်း အရာများကို ပြန်လည်အသုံးပြုခြင်း၊ တိုက်ရိုက်ထုတ်လွှင့်ခြင်း(Livestream)နှင့်ကန့်သတ်ချက်များကို ကျော်လွှားရန်အ တွက် အကောင့်တူများစွာကိုပွား၍ ဖွင့်လှစ်ခြင်းတို့ကို မကြာခဏလုပ်ဆောင်လေ့ရှိသည်။ ထိုနည်းဗျူဟာများကို တစ်တော့ခ် (TikTok)ပေါ်တွင် အတွေ့ရများပြီး လက်ရှိတွင် တစ်တော့ခ်(TikTok)အနေဖြင့် ထိုလုပ်ရပ်များကိုတားဆီးရန်အရည်အချင်း သို့မဟုတ် အလေးထားဆောင်ရွက်မှု အားနည်းနေသည်ကို တွေ့ရှိရသည်။
ကိုသက်၊ မှိုင်းဝေ၊ ကျော်စွာ၊ သဇင်ဦး၊ မပုတု၊ ကျော်စိုးဦး၊ ကျော်မျိုးမင်း၊ နောင်တော်လေး၊ ပေါက်ကိုယ်တော်(အမျိုးသားရေးဝါဒီ ဘုန်းကြီးတစ်ပါး)နှင့်ဇော်ဘုန်းဟိန်း ကဲ့သို့သော လူသိများသူများသည် ယင်းတို့၏အစွန်းရောက်သတင်းစကားများကို ဖြန့်ဝေရန်တစ်တော့ခ်(TikTok)ပလက်ဖောင်းကို အသုံးချနေကြသည်။ ယင်းတို့၏ပို့စ်များတွင် လေကြောင်းတိုက်ခိုက်မှုများ၊ ဗုံး ကြဲမှုများနှင့်ဒီမိုကရေစီအရေးလှုပ်ရှားသူများကို ဖမ်းဆီးရန်လှုံ့ဆော်မှုများ မကြာခဏပါဝင်လေ့ရှိသည်။ ယင်းတို့ထဲမှ အများစုမှာ စစ်ရေးအရ အရေးယူမှုများကို ထောက်ခံရုံမျှမကဘဲ ဆိုရှယ်မီဒီယာပေါ်တွင် စောင့်ကြည့်ခြင်းနှင့်အစိုးရကို ဆန့်ကျင်သူ များကို အာဏာပိုင်များထံ တိုင်ကြားခြင်းစသည့် 'ဒစ်ဂျစ်တယ်လက်ကိုင်တုတ်များ'(Digital Enforcers)အဖြစ်လည်း လုပ် ဆောင်နေကြသည်။ အချို့သော ဖြစ်စဉ်များတွင် အွန်လိုင်းပေါ်မှခြိမ်းခြောက်မှုများကြောင့် လက်တွေ့ပြင်ပတွင် ဖမ်းဆီးခံရခြင်းနှင့်တိုက်ခိုက်ခံရခြင်းများပင် ဖြစ်ပေါ်ခဲ့ပါသည်။
တစ်တော့ခ်(TikTok)အနေဖြင့် စနစ်တကျ စုဖွဲ့လှုပ်ရှားနေသော ထိုဝါဒဖြန့်ချိမှုများကို ဖော်ထုတ်ဖျက်သိမ်းသည့်နေရာတွင် နောက်ကျကျန်နေဆဲဖြစ်သည်။ အမ်အိုင်ပီ(MIP)၏စုံစမ်းစစ်ဆေးမှုအရ စစ်တပ်နှင့်ဆက်နွှယ်နေသော အကောင့်များသည် စစ်ကောင်စီကို ထောက်ခံသည့် သတင်းစကားများပျံ့နှံ့စေရန် ကွန်ရက်တစ်ခုသဖွယ် ချိတ်ဆက်လုပ်ဆောင်နေကြသည်ကို တွေ့ရှိရသည်။ ထိုလှုပ်ရှားသူများသည် အကောင့်တစ်ခုလုံးလုံး ပိတ်ပင်ခံရခြင်းမှရှောင်ရှားရန်အတွက် အကောင့်များစွာကို ပွား၍အသုံးပြုသည့် နည်းဗျူဟာကို အဓိကထား အသုံးပြုနေကြပါသည်။ မြန်မာနိုင်ငံ၏ ဒေသတွင်း အခြေအနေများကို ပိုမိုနားလည်သဘောပေါက်မှုနှင့်တင်းကြပ်သောမူဝါဒအကောင်အထည်ဖော်မှုများမရှိပါက တစ်တော့ခ်(TikTok)သည် မြန်မာ နိုင်ငံအတွက်စနစ်တကျပြုလုပ်သောဒစ်ဂျစ်တယ်အန္တရာယ်ပြုမှုများအတွက်အဓိကကိရိယာတစ်ခုဖြစ်လာနိုင်သည့်အန္တရာယ်ရှိနေသည်။ ထို့ကြောင့် ပလက်ဖောင်းကို အလွဲသုံးစားပြုနေမှုများကို တားဆီးရန်အတွက် ပိုမိုထိရောက်သော ထိန်းကျောင်းတည်းဖြတ်မှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုများရှိလာရန် အရေးတကြီး လိုအပ်လျက်ရှိသည်။
၈။ နိဂုံးနှင့်အကြံပြုချက်များ
တစ်တော့ခ်(TikTok)သည် မြန်မာနိုင်ငံတွင် လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုထက်မကဘဲ လက်ရှိဖြစ်ပွားနေသော သတင်းအချက်အလက်စစ်ပွဲ၏ရှေ့တန်းစစ်မျက်နှာတစ်ခု ဖြစ်လာခဲ့သည်။ ထိုအက်ပလီကေးရှင်းသည် တော်လှန်ရေးအင်အားစုများနှင့်အရပ်ဘက်အဖွဲ့အစည်းများအတွက် အရေးကြီးသောသတင်းအချက်အလက်များကို မျှဝေနိုင်ရန် အထောက်အကူပြုနေသကဲ့သို့ တစ်ဖက်တွင်လည်း စစ်တပ်နှင့်အမျိုးသားရေးအင်အားစုများက ဝါဒဖြန့်ရန်၊ အကြမ်းဖက်မှုများကို တရားပြုရန်နှင့်မုန်းတီးမှုများလှုံ့ဆော်ရန်အတွက် အသုံးချလျက်ရှိသည်။ စစ်တပ်ထောက်ခံသူ(Influencers)များနှင့်မီဒီယာသမားများသည် ပစ်မှတ်ထားတိုက်ခိုက်မှုများကို အားပေးရန်၊ စစ်ကောင်စီကို ဂုဏ်တင်ရန်နှင့်အတိုက်အခံများကို သိက္ခာချရန် တစ်တော့ခ် (TikTok)ကို အသုံးပြုနေကြသည်။ ယင်းတို့သည် စကားလုံးများ အစားထိုးသုံးစွဲခြင်းနှင့်အကောင့်များစွာပွား၍ အသုံးပြုခြင်းစသည့် ရှောင်ကွင်းသည့်နည်းဗျူဟာများဖြင့် ပလက်ဖောင်း၏စည်းကမ်းထိန်းသိမ်းမှုများကို ကျော်လွှားနေကြသည်။ အခြားပလက်ဖောင်းများတွင် ပိတ်ပင်ခံရနိုင်သောအကြောင်းအရာများသည် တစ်တော့ခ်(TikTok)ပေါ်တွင် လွတ်လပ်စွာပျံ့နှံ့နေခြင်းက တစ်တော့ခ်(TikTok)၏မူဝါဒအကောင်အထည်ဖော်မှုအပိုင်း အထူးသဖြင့် ဗမာဘာသာဖြင့်ဖော်ပြသော အကြောင်း အရာများအပေါ် ထိန်းကျောင်းမှုတွင် ကြီးမားသောအားနည်းချက်များ ရှိနေကြောင်း ညွှန်ပြနေသည်။ ထို့အပြင် တစ်တော့ခ် (TikTok)သည် မြန်မာနိုင်ငံတွင် ဝင်ငွေရှာဖွေခွင့် တရားဝင်မပြုထားသော်လည်း အချို့သော စစ်တပ်ထောက်ခံသူများနှင့်စစ်တပ်မီဒီယာများသည် ယင်းတို့၏အကြောင်းအရာများမှတစ်ဆင့် ဝင်ငွေရှာဖွေနေကြသည်။ ထိုအချက်သည် မုန်းတီးမှု၊ သ တင်းအမှားနှင့်လှုံ့ဆော်မှုများပါဝင်သော အကြောင်းအရာများမှ အကျိုးအမြတ်ရရှိနေခြင်းအပေါ် ကျင့်ဝတ်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေပါသည်။ တစ်တော့ခ်(TikTok)အနေဖြင့် ထိုပြဿနာများကို ထိရောက်စွာကိုင်တွယ်ဖြေရှင်းရန် ပျက် ကွက်ခြင်းသည် အန္တရာယ်ရှိသော အကြောင်းအရာများ ထွန်းကားလာစေရန်၊ ဒစ်ဂျစ်တယ်အန္တရာယ်မှတစ်ဆင့် လက်တွေ့ပြင်ပတွင် ထိခိုက်မှုများ ဖြစ်ပေါ်လာစေရန်နှင့်ထိခိုက်လွယ်သော လူ့အသိုင်းအဝိုင်းများ ဘေးကင်းလုံခြုံမှုမရှိဘဲ ဖြစ်နေစေရန် အားပေး အားမြှောက်ပြုရာရောက်နေသည်။
အကြံပြုချက်များ
မြန်မာနိုင်ငံတွင် တစ်တော့ခ်(TikTok)ပလက်ဖောင်းကို စစ်ရေးဝါဒဖြန့်ချိမှု၊ လှုံ့ဆော်မှုနှင့်ဒစ်ဂျစ်တယ်နည်းလမ်းဖြင့် ဖိနှိပ်မှုကိရိယာတစ်ခုအဖြစ် အသုံးချနေခြင်းကို တားဆီးနိုင်ရန် တစ်တော့ခ်(TikTok)အနေဖြင့် ချက်ချင်းအရေးယူ ဆောင်ရွက်ရမည်ဖြစ်သည်။ အောက်ပါအချက်များသည် အရေးတကြီး လိုအပ်လျက်ရှိသော အကြံပြုချက်များ ဖြစ်သည်။
ဗမာဘာသာစကားနှင့်ဒေသတွင်းအခြေအနေအရ ထိန်းကျောင်းတည်းဖြတ်မှုများကို
အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်ရန်
တစ်တောခ့်သည် ဗမာဘာသာစကားနှင့်တိုင်းရင်းသားဘာသာစကားများဖြင့် အကြောင်းအရာများအား စစ်ဆေးထိန်း
ကျောင်းသည့်စနစ်များကို အရေးတကြီး အဆင့်မြှင့်တင်ဆောင်ရွက်ရမည်။
အန္တရာယ်ဖြစ်စေရန် စနစ်တကျ စုဖွဲ့လှုပ်ရှားနေသော ကွန်ရက်များကို ဖော်ထုတ်ဖျက်သိမ်းရန်
စစ်ရေးဝါဒဖြန့်ချိမှု သို့မဟုတ် အမျိုးသားရေးအစွန်းရောက် ဝါဒဖြန့်ချိမှုများကို ဖြန့်ဝေနေသည့် အချင်းချင်းချိတ် ဆက်ထားသောအကောင့်ကွန်ရက်များကို ကြိုတင်ရှာဖွေဖော်ထုတ်ပြီး ဖယ်ရှားပစ်ရမည်။
တိုင်ကြားချက်များရှိမှသာ ပို့စ်များကို လိုက်လံဖယ်ရှားသည့် အစဉ်အလာထက်ကျော်လွန်၍ အန္တရာယ်ကြီးမား သောလှုပ်ရှားသူများနှင့် ယင်းတို့အသုံးပြုနေသော အမည်ပွားအကောင့်အားလုံးကို ပလက်ဖောင်းပေါ်မှ အပြီးတိုင် ပိတ်ပင်ဖယ်ရှားရမည်။
ငွေရှာမှုနည်းလမ်းလစ်ဟာချက်များကို စုံစမ်းစစ်ဆေးရန်
တရားဝင်ကန့်သတ်ချက်များရှိနေသော်လည်း စစ်တပ်ထောက်ခံသောပို့စ့်ရေးသူ(Creators)များသည် အကြောင်းအ ရာများမှတစ်ဆင့် မည်ကဲ့သို့ဝင်ငွေရှာဖွေနေကြသနည်းဆိုသည်ကို ပိုမိုနက်ရှိုင်းစွာစစ်ဆေး အတည်ပြုရန် လိုအပ်သည်။ တစ်တော့ခ်(TikTok)သည် အန္တရာယ်ရှိသောအကြောင်းအရာများမှ အကျိုးအမြတ်ရရှိစေမည့် လမ်းကြောင်းများကို ပိတ်ပစ်ရမည်ဖြစ်ပြီး ငွေကြေးဆိုင်ရာလုပ်ဆောင်ချက်များအတွက် ပိုမိုတင်းကြပ်သော စိစစ်အတည်ပြုမှုများကို ထည့် သွင်းစဉ်းစားရမည်။
ဒေသတွင်း ကျွမ်းကျင်ပညာရှင်များနှင့်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်
မူဝါဒများအကောင်အထည်ဖော်ရာတွင် လမ်းညွှန်မှုပေးနိုင်ရန်နှင့်အန္တရာယ်ရှိမှုများကို ဖော်ထုတ်နိုင်ရန်အတွက် မြန်မာ နိုင်ငံရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူများ၊ မြေပြင်အခြေအနေကို တိုက်ရိုက်သုတေသနပြုနေသူများနှင့် ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုများကို တည်ဆောက်သင့်သည်။
သက်သေအထောက်အထားများကို ထိန်းသိမ်းရန်နှင့်
သုတေသနပြုလုပ်နိုင်ခွင့်ကို လွယ်ကူချောမွေ့စေရန်
စည်းကမ်းဖောက်ဖျက်မှုများကို မှတ်တမ်းတင်ရန်၊ ဝါဒဖြန့်ချိမှုများကို ခြေရာခံရန်နှင့်တာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာကြိုး ပမ်းချက်များကို အထောက်အကူပြုနိုင်ရန်အတွက် ယုံကြည်စိတ်ချရသောသုတေသီများကို တစ်တော့ခ်(TikTok)၏အ များနှင့်ဆိုင်သောအချက်အလက်နှင့်မှတ်တမ်း(data and archives)များသို့ ဝင်ရောက်ကြည့်ရှုခွင့် ပေးသင့်သည်။
Recommended Citation Style - Myanmar Internet Project (2026, May 23),
တစ်တော့ခ်(TikTok)ကို လက်နက်သဖွယ်အသုံးချခြင်း
(ဝါဒဖြန့်ချိရေးအတွက် စစ်အုပ်စုက တစ်တော့ခ်(TikTok)အသုံးပြုနေခြင်းနှင့်ထိခိုက်နစ်နာမှုများမှ အကျိုးအမြတ်ရရှိနေမှုများ), https://www.myanmarinternet.info/my/post/weaponizing_tiktok_in_myanmar-1










Comments