top of page

၂၀၂၆ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်များ

  • Myanmar Internet Project
  • 11 hours ago
  • 4 min read


၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီး ငါးနှစ်ခွဲကြာသည်အထိ စစ်အုပ်စုသည် နိုင်ငံသားများ၏ဒစ်ဂျစ်တယ်အခွင့်အရေးများကို ဆက်လက်စောင့်ကြည့် ဖိနှိပ်လျက်ရှိသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့်မီဒီယာလွတ်လပ်ခွင့်တို့မှာလည်း ပြင်းထန်စွာကန့်သတ်ခံထားရဆဲဖြစ်သည်။


တော်လှန်ရေးအင်အားစုများ လွှမ်းမိုးထားသည့်နယ်မြေများနှင့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ ထိန်းချုပ်ထားသောဒေသများတွင်လည်း အင်တာနက်အသုံးပြုမှု ကန့်သတ်ခြင်းနှင့်အင်တာနက်အသုံးပြုမှုအပေါ် အခွန်အခကောင်ခံသည့်ဆောင်ရွက်ချက်အချို့ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရသည်။


ယခုအစီအရင်ခံစာတွင် ၂၀၂၆ ခုနှစ် မေလမှဇူလိုင်လအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များအား မှတ်တမ်းတင်ထားခြင်းဖြစ်သည်။



(၁) ၂၀၂၆ ခုနှစ် မေလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်


(၁.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

(၁.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ်  ဖမ်းဆီးအရေးယူမှုအခြေအနေများ

(၁.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုက လုပ်ဆောင်လာမှုအခြေအနေများ

(၁.၄) ခြိမ်းခြောက်မှုများအကြားက သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေများ



(၁.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ


လက်နိုင်ကိုင်ပဋိပက္ခများ ပိုမိုပြင်းထန်လာသည့်ဒေသများတွင် လေကြောင်းအန္တရာယ်စိုးရိမ်မှုများကြောင့် တော်လှန်ရေးအင် အားစုများက စတားလင့်ခ့်(Starlink) အင်တာနက်အသုံးပြုမှုကို ယာယီကန့်သတ်ခြင်း သို့မဟုတ် ယာယီရပ်ဆိုင်းခြင်းများပြု လုပ်ခဲ့သည်။ ယင်းတို့ထိန်းချုပ်ထားသောဒေသများသို့ သွားရောက်ကြသည့် ခရီးသွားများအပေါ် စတားလင့်ခ့်(Starlink)အ သုံးပြုခွင့်ပိတ်ပင်မှုများကို တော်လှန်ရေးအင်အားစုများဘက်ကပြုလုပ်ခဲ့ကြောင်းလည်း တွေ့ရသည်။


အင်တာနက်ပြတ်တောက်နေသည့်ဒေသများတွင် နေထိုင်သူအများစုသည် အသက်အန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် လေ ကြောင်းတိုက်ခိုက်မှုများနှင့်ပတ်သက်သည့် သတိပေးချက်များကို အချန်မီမရနိုင်ကြပါ။ ထို့အပြင် ဆက်သွယ်ရေးလိုင်းများပြတ်တောက်နေသည့်ဒေသအချို့တွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခံခဲ့ရသည့်အခြေအနေများ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရသည်။


(က) စတားလင့်ခ့်(Starlink)အင်တာနက်အသုံးပြုမှုပိတ်ပင်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အင်းတော်ကနီ၊ ဒီပဲယင်း၊ ရေဦးနှင့်တန့်ဆည်မြို့နယ်များတွင် လေကြောင်းတိုက်ခိုက်မှုအန္တ ရာယ်စိုးရိမ်မှုနှင့်စစ်ရေးဆင်နွှဲနေမှုများကြောင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)တို့က စတားလင့်ခ့်(Starlink)အသုံးပြုခွင့် ယာယီရပ်ဆိုင်းမှုများ ပြုလုပ်ခဲ့သည်။ ထို့နောက် မေလ(၂၂)ရက်နေ့တွင် ရွှေဘိုခရိုင်အတွင်း ယာယီပိတ်ထားသောစတားလင့်ခ့် (Starlink)များကို အမှတ်(၁)ရွှေဘိုခရိုင်စစ်ဌာနက ပြန်လည်အသုံးပြုခွင့်ပေးခဲ့သည်ဆောမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကလည်းဒေသတွင်းခရီသွားများကို စတားလင့်ခ့်(Starlink)အင်တာနက်အသုံးပြုခွင့်ပိတ်ပင်ခဲ့သည်။ ထို့အတူ ဒေသတွင်းခရီးသွားဧည့်သည်များအား စတားလင့်ခ့်(Starlink)အင်တာနက်သုံးစွဲနိုင်သည့် ဘေလ်ကတ်များရောင်းချမပေးရန် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကလည်း ညွှန်ကြားခဲ့သည်။


ရခိုင်ပြည်နယ်အတွင်း သက်ဆိုင်ရာအာဏာပိုင်သို့တရားဝင်မှတ်ပုံတင်၍ဝယ်ယူထားသော စတားလင့်ခ့်စက်များအား ယူအယ်လ်အေ/အေအေ(ULA/AA)နည်းပညာဌာနက အကြောင်းပြချက်မရှိဘဲ သိမ်းဆည်းနေဟု Western News သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။ စတားလင့်ခ့်(Starlink)မိခင်ကုမ္ပဏီကလည်း လက်ရှိသုံးစွဲနေသည့်စတားလင့်ခ့်(Starlink)စက်များအား နိုင်ငံကူးလက်မှတ်(Passport)နံပါတ်များဖြင့် ပြန်လည်မှတ်ပုံတင်ရန်စည်းကမ်းချက်များကို တိုးမြှင့်ဆောင်ရွက်လာခဲ့သည်။


(ခ) ဆက်သွယ်ရေးကွန်ရက်ဖြတ်တောက်ခံရမှုနှင့်မြန်နှုန်းကျဆင်းမှုများ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် မိုဘိုင်းဖုန်းလိုင်းများ ပိုမိုပြတ်တောက်လာပြီး ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့တွင်လည်း ဖုန်းနှင့်အင်တာနက်လိုင်းများ သိသာစွာနှေးကွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးတွင်လည်း စစ်အုပ်စုခန့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆက်သွယ်ရေးကြိုးများကို မြေအောက်ချိတ်ဆက်မှုစနစ်သို့ အမြန်ဆုံးပြောင်းလဲမည်ဟု ပြောပြီးနောက် ဓာတ်တိုင်များပေါ်တွင် သွယ်တန်းထားသော ဖိုင်ဘာအင်တာနက်ကြိုးများကို ဖြတ်တောက်ရှင်းလင်းခဲ့သည်။ ထို့ကြောင့် မြို့နယ်အချို့တွင် ဝိုင်ဖိုင်(Wi-Fi)အင်တာနက်ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် အက်တမ်(Atom)ဖုန်းလိုင်းကို ယခုလအတွင်းမှသာ ပြန်လည်၍ အသုံးပြုနိုင်ခဲ့သည်။


(ဂ) ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဘေးဒုက္ခများ 

ဆက်သွယ်ရေးပြတ်တောက်မှုနေမှုများကြောင်း အများပြည်သူအနေဖြင့် သဘာဝဘေးအန္တရာယ်များ၊ အကြမ်းဖက်မှုများနှင့်စစ်ရေးဆိုင်ရာသတင်းအချက်အလက်များအပေါ် လက်လှမ်းမီမှု ကင်းကွာလာသည်။


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ် မရိုးကုန်းရွာတွင် ဖုန်းလိုင်းပြတ်တောက်နေစဉ်အတွင်း စစ်ကြောင်းဝင်ရောက်လာသည့် ပျူစောထီးအဖွဲ့များက အမျိုးသမီး(၄)ဦးအား အဓမ္မပြုကျင့်သည့်ဆိုးရွားသောရာဇဝတ်မှုများ ကျူးလွန်ခဲ့သည်။ တနင်္သာ ရီတိုင်းဒေသကြီး၊ မောတောင်မြို့တွင် တော်လှန်ရေးတပ်များက ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားမှုကြောင့်ဒေ သခံများသည် လေကြောင်းအန္တရာယ်ကြိုတင်သတိပေးချက်များကို အချိန်မီမသိရှိရသောအခက်အခဲများနှင့်ကြုံတွေ့ခဲ့သည်။



(၁.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ်  ဖမ်းဆီးအရေးယူမှု အခြေအနေများ

၂၀၂၆ ခုနှစ် မေလအတွင်း အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများနှင့်ပတ်သက်၍ ဖမ်းဆီးအရေးယူမှုများ ဆက်လက်ရှိနေပြီး စစ်တပ်ခေါင်းဆောင်ပိုင်းကလည်း လူမှုကွန်ရက်များအပေါ် အဆိုးမြင်ဝေဖန်မှုများ ပြုလုပ်လာကြောင်း တွေ့ရသည်။


တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သစ်အဖြစ်တာဝန်ယူထားသည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးက “လူမှုကွန်ရက်မီဒီယာ (Social Media)သည် အဆိပ်အတောက်ဖြစ်စေသည့်အရာ”ဟု ပြောဆိုခဲ့သည်။ ယင်းအမြင်သဘောထားသည် အွန်လိုင်းလွတ်လပ် ခွင့်ကို ထပ်မံကန့်သတ်ချုပ်ချယ်ရန်နှင့်စောင့်ကြည့်မှုများ ပိုမိုတင်းကြပ်လာနိုင်သည့်ခြိမ်းခြောက်မှုတစ်ရပ် အရိပ်အမြွက်ပါဝင်နေသည်ဟု ဆိုနိုင်သည်။ 


ဇနီးဖြစ်သူသေဆုံးမှုအတွက် တရားခံဖမ်းမပေးနိုင်သည့်စစ်တပ်နှင့်ရဲကို လူမှုကွန်ရက်မီဒီယာတွင် ဗီဒီယိုဖြန့်ဝေ ဝေဖန်သော ဒေါက်တာကောင်းစံအား ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ် ရာဇသင်္ကြန်ရပ်ကွက်ရှိ ယင်း၏နေအိမ်အတွင်း ဝင်ရောက်ဖမ်း ဆီးခဲ့သည်။ 



(၁.၃) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုကလုပ်ဆောင်လာမှုအခြေအနေများ

၂၀၂၆ ခုနှစ် မေလအတွင်း အာဏာသိမ်းစစ်အုပ်စုသည် ပြည်တွင်းပြည်ပရှိနိုင်ငံသားများကိုသာမက ယင်းတို့ လက်အောက်ရှိဝန်ထမ်းများကိုပါ  တင်းကြပ်စွာစောင့်ကြည့်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လာသည်။


(က) နည်းပညာအသုံးပြု၍ စောင့်ကြည့်ရန် ပြင်ဆင်မှုနှင့်ခြိမ်းခြောက်လာမှုများ

အာဏာသိမ်းစစ်အုပ်စုသည် နေပြည်တော်ရှိ ဝန်ထမ်းများထံမှ သတင်းပေါက်ကြားမှုများကို အရေးယူနိုင်ရန်အတွက် ယင်းတို့အသုံးပြုသည့်ဖုန်းနှင့်ကွန်ပျူတာများ၏ MAC Address များကို မှတ်ပုံတင်ခိုင်းပြီး စောင့်ကြည့်မှုများ ပြုလုပ်လာသည်။


CRPH၊ NUG၊ PDF တို့နှင့်ဆက်သွယ်သူများကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မိုဘိုင်း ဖုန်းစာတို(SMS)များမှတစ်ဆင့် အများပြည်သူထံသို့ သတိပေးသည့်စာများ ပေးပို့ခဲ့သည်။


(ခ) ပြည်ပရောက် နိုင်ငံသားများအပေါ် စောင့်ကြည့်မှုများ တိုးမြှင့်လာခြင်း 

ထိုင်းနိုင်ငံရှိ မြန်မာသံရုံးသည် အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင်ပါဝင်ခဲ့သော ဝန်ထမ်းများသာမက ယင်းတို့၏ မိသားစုဝင်များကိုပါ နိုင်ငံကူးလက်မှတ်(Passport)နှင့်အခြားအထောက်အထားများ ထုတ်ပေးခြင်းမပြုဘဲ ပိတ်ပင်ကန့်သတ်မှုများလုပ်ဆောင်လာသည်။ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသူများကို ယခင်က ထက်ပိုမိုတင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်လာသည်



(၁.၄) ခြိမ်းခြောက်မှုအကြားက သတင်းမီဒီယာ လွတ်လပ်ခွင့်အခြေအနေများ

သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် ဆက်လက်ချိုးဖောက်ခံနေရပြီး သတင်းသမားများသည်လည်း အကြမ်းဖက်ခြိမ်းခြောက်မှုများနှင့်ဖမ်းဆီးမှုများကို ဆက်လက်ရင်ဆိုင်နေရစဲဖြစ်သည်။ စစ်အုပ်စုသည် သတင်းဌာနပိတ်သိမ်းခြင်းများ ဆက်လက်လုပ်ဆောင်နေပြီး တရုတ်နိုင်ငံနှင့်မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှုများ ပိုမိုလုပ်ဆောင်လာကြောင်းတွေ့ရသည်။


(က) သတင်းဌာနများ ပိတ်သိမ်းခံရမှု၊ သတင်းသမားများအား  ဖမ်းဆီးမှုနှင့်ခြိမ်းခြောက်ခံရမှု ဖြစ်စဉ်များ

မြေလတ်အသံ(Myaelatt Athan)၊ Red News Agency နှင့် Asia Citizens စသည့် သတင်းဌာန(၃)ခုကို ပိတ်သိမ်းကြောင်း စစ်အုပ်စုက ကြေညာခဲ့သည်။ အမျိုးသမီးသတင်းသမား(၃)ဦးအပါအဝင် သတင်းမီဒီယာသမား(၁၈)ဦးသည် အ ကျဉ်းထောင်များတွင် ဆက်လက်အကျဉ်းကျခံနေရဆဲဖြစ်ကြောင်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM) က ထုတ်ပြန်ခဲ့သည်။  သံလွင်ခက်သတင်းဌာန၏အာရက္ခ(ရခိုင်)ပြည် ရှိ မြေပြင်သတင်းထောက်တစ်ဦးဖြစ်သူ ‘မခင်သရဖီဦး’ အား “Twan Lynn Thein”အမည်ရဖေ့ဘွတ်ခ့် (Facebook)အကောင့်ပိုင်ရှင်က အွန်လိုင်းမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာအ ကြမ်းဖက်ရန်နှင့်ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ပြုရန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်။ 


မြန်မာနိုင်ငံသည် သတင်းထောက်များအတွက် အန္တရာယ်ရှိသော နိုင်ငံတစ်နိုင်ငံအဖြစ် ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင် ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား(IIMM)က ထုတ်ပြန်ခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံတွင် သတင်းစာလွတ်လပ်ခွင့် ဆက်လက်ချိုးဖောက်ခံနေရဆဲဖြစ်ကြောင်း Press Emblem Campaign (PEC)ကလည်း ပြောကြားခဲ့သည်။ အတုအ ယောင်ရွေးကောက်ပွဲကာလအတွင်းကလည်း လူမှုကွန်ရက်များ၏မီဒီယာအကြောင်းအရာများကာကွယ်ပေးမည့်ယန္တရားများကင်းမဲ့နေကြောင်း Human Rights Myanmar နှင့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)တို့၏ အစီရင် ခံစာတွင် ထောက်ပြခဲ့သည်။


(ခ) တရုတ်-မြန်မာ မီဒီယာပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လာခြင်း

မြန်မာနိုင်ငံ၌ လွတ်လပ်သော သတင်းမီဒီယာများ ဖိနှိပ်ချုပ်ချယ်ခံနေရချိန်တွင် စစ်အုပ်စုနှင့်တရုတ်အစိုးရ ထိန်းချုပ်မီဒီယာများအကြား ပူးပေါင်းဆောင်ရွက်မှုများက ပိုမိုကျယ်ပြန့်လာသည်။ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ် တရုတ်-မြန်မာမီဒီယာတွေ့ ဆုံပွဲအခမ်းအနားကို တရုတ်သံရုံး၌ ကျင်းပခဲ့သည်။ စစ်အုပ်စုပိုင်မီဒီယာများတွင် မြန်မာ-တရုတ်ကဏ္ဍများကိုတိုးချဲ့ထုတ်လွှင့်ရန် ဘေဂျင်းနှင့်သဘောတူညီမှုများ ဆောင်ရွက်ခဲ့သည်။


(၂) ၂၀၂၆ ခုနှစ် ဇွန်လအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်


(၂.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

(၂.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ်  ဖမ်းဆီးအရေးယူမှု အခြေအနေများ

(၂.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုက လုပ်ဆောင်လာမှုအခြေအနေများ

(၂.၄) ခြိမ်းခြောက်မှုများအကြားက သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေများ



(၂.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

၂၀၂၆ ခုနှစ် ဇွန်လအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)စိုးမိုးရာဒေသအချို့နှင့်အာရက္ခတပ်တော်(ULA/AA)စိုးမိုးရာဒေသအချို့တွင် စတားလင့်ခ့်(Starlink)ဂြိုဟ်တုအင်တာနက်အသုံးပြုမှုအပေါ် အခွန်ကောက်ခံခြင်းများ ဆောင်ရွက်လာသည်။ ထို့အပြင် CEIR စနစ်ကြောင့် လက်ကိုင်ဖုန်းများ ဆင်းကဒ်ထည့်သွင်း အသုံးပြု၍မရသောဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သည်။


(က) စတားလင့်ခ့်(Starlink)အင်တာနက်အသုံးပြုမှုအပေါ် အခွန်ကောက်ခံမှုနှင့်အခြားသော အခြေအနေများ

အာဏာသိမ်းပြီးနောက် စစ်အုပ်စု၏အင်တာနက်ဖြတ်တောက်မှုနှင့်အခြေခံအဆောက်အအုံပျက်စီးသွားမှုများကြောင့် အင်တာနက်ဖြတ်တောက်ခံထားရသည့်ဒေသများတွင် စတားလင့်ခ့်(Starlink)ဂြိုဟ်တုအင်တာနက်သည်သတင်းအချက်အလက် စီးဆင်းနေရေးအတွက် လူထု၏အားကိုးရာတစ်ခုဖြစ်လာသည်။ ယခုလအတွင်း ဒေသအချို့တွင် စတားလင့်ခ့်(Starlink)အ သုံးပြုမှုအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းနှင့်အကျိုးအမြတ်ခွဲဝေခြင်း စည်းမျဉ်းများချမှတ်ခြင်းတို့ ဆောင်ရွက်လာကြောင်း တွေ့ရသည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က စတားလင့်ခ့်(Starlink)အင်တာနက်ဆိုင်များကို တစ်နှစ်လျှင် အခွန်ငွေကျပ်(၁၀)သိန်းအထိ ကောက်ခံလာသည်။ ဤကဲ့သို့ အခွန်ကောက်ခံမှုကြောင့် သုံးစွဲသူများအ တွက် အင်တာနက်အသုံးပြုခမှာ ယခင်ကထက် (၂)ဆကျော်မြင့်တက်လာခဲ့သည်။ ထိုသို့ စတားလင့်ခ့်(Starlink)အင်တာနက်အသုံးပြုမှုအပေါ် အခွန်ကောက်ခံခြင်းသည် ပဋိပက္ခဒေသအတွင်းနေထိုင်သည့် လူထု၏သတင်းစားသုံးမှုအပေါ် သိသာစွာ အဟန့်အတားဖြစ်စေသည်။


ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA)သည် ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်အကျိုးအမြတ်(၃၀-၇၀)ရာခိုင်နှုန်းခွဲဝေသည့်စ နစ်ဖြင့် အများပြည်သူသုံးစတားလင့်ခ့်အင်တာနက်စင်တာ(Public Internet Access Center - PIAC)များကို တရားဝင်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် အဆိုပါ ပီအိုင်အေစီ(PIAC)ဝန်ဆောင်မှုများပေးသည့်နေ ရာအရေအတွက် နည်းပါးသည့်အတွက် ချဲ့ထွင်ဆောင်ရွက်ပေးရန် ဒေသခံများက ယူအယ်လ်အေ(ULA)အစိုးရအား တောင်းဆိုမှုများ ရှိခဲ့သည်။


(ခ) CEIR စနစ်ကြောင့် မိုဘိုင်းဖုန်းများ ပိတ်သိမ်းခံရမှုနှင့်ဆက်သွယ်ရေးဖြတ်တောက်ခံရမှုများ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်(CEIR)ကြောင့်"အခွန်မဆောင်"ဟုဆိုပြီး ဒေသခံများသုံးစွဲနေသော မိုဘိုင်းဖုန်းအများအပြားပိတ်သိမ်းခံရမှုများ ဖြစ်ပေါ်ခဲ့သည်။ စစ်ရေးတင်းမာနေပြီး လေကြောင်းမှနေ့စဉ်ဗုံးကြဲတိုက်ခိုက်ခံနေရသော ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် ဖုန်းလိုင်းနှင့်ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်နေသည်


(ဂ) ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ ဘေးဒုက္ခများ 

ရခိုင်ပြည်နယ်တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ကာလရှည်ကြာဖြတ်တောက်ခံထားရမှုကြောင့် ဒေသခံလူငယ်များ သည် ပညာရေးနှင့်အလုပ်အကိုင်အခွင့်အလမ်းများစွာ ဆုံးရှုံးနေရသည်ဟု လူငယ်ဦးဆောင်အဖွဲ့(YLO)၏စစ်တမ်းတွင် ဖော် ပြထားသည်ကို တွေ့ရသည်။



(၂.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ်  ဖမ်းဆီးအရေးယူမှု အခြေအနေများ

အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများနှင့်ပတ်သက်၍ စစ်အုပ်စု၏စောင့်ကြည့်မှုနှင့်ဖမ်းဆီးအရေးယူမှုများ လျော့ကျမသွားသေးကြောင်း တွေ့ရသည်။ စစ်အုပ်စုလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ လူမှုကွန်ရက်အား အချိန်ပြည့်စောင့်ကြည့်နေကြောင်း သိရသည်။


(က) အွန်လိုင်းစောင့်ကြည့်မှုများနှင့်ပတ်သက်သော ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ဖော်ချက်များ 

လူမှုကွန်ရက်မီဒီယာပေါ်တွင် သတင်းတု၊ သတင်းမှားနှင့်နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုမှုများကို(၂၄)နာရီပတ်လုံး စောင့်ကြည့်နေကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက တရားဝင်ထုတ်ဖော်ပြောဆိုခဲ့သည်။ ပြီးခဲ့သည့်(၃)နှစ်အတွင်း အကြမ်းဖက်လှုံ့ ဆော်မှုဖြင့် ပြည်သူ ၂၀,၀၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့ဟု ယင်းတို့က ထုတ်ဖော်ပြောဆိုထားသည်။


ပြည်ထဲရေးဝန်ကြီးဌာန၏ပြောဆိုချက်သည် မြန်မာပြည်သူများ၏အွန်လိုင်းပေါ်မှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်အခြေအ နေတွင် မည်မျှဆိုးရွားနေကြောင် ထင်ရှားစွာတွေ့မြင်နိုင်သော ဝန်ခံချက်တစ်ခုဖြစ်သည်။


(ခ) အွန်လိုင်းပေါ်မှ ပြောဆိုမှုများကြောင့် အရေးယူခံရသည့် အခြေအနေများ 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏(၈၁)နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်ဗီဒီယိုဖိုင်အား တစ်တော့ခ့် (TikTok)ပေါ်တင်ခဲ့သည့် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်(အေးသာယာမြို့)မှအမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့သည်။ စစ်ခေါင်းဆောင်အား အွန်လိုင်းပေါ်တွင် ဝေဖန်လှောင်ပြောင်သည့်ပိုစ့်များရေးသားခဲ့၍ ဖမ်းဆီးခံထားရသည့် ထမင်းဟင်းချိုင့်ဆွဲရောင်းသူတစ်ဦးကို ထပ်တိုးထောင်ဒဏ်(၁၀)နှစ်ဖြင့် ထောင်ဒဏ်စုစု ပေါင်း(၁၃)နှစ်အထိ ပြင်းထန်စွာ အမိန့်ချမှတ်ခဲ့သည်။


စစ်အာဏာသိမ်းမှုအကြောင်း စာအုပ်ရေးသားခဲ့သူ အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကိုလည်း စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ယခုလအတွင်းအွန်လိုင်းမှပြောဆိုရေးသားမှုများကြောင့်ဖမ်းဆီးခံရသူ(၅)အနည်းဆုံးဦးခန့်ရှိသည်။ 


(၂.၃) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုကလုပ်ဆောင်လာမှုအခြေအနေများ

၂၀၂၆ ခုနှစ် ဇွန်လအတွင်း စစ်အုပ်စုသည် ပြည်သူများ၏သွားလာလှုပ်ရှားမှုများကိုစောင့်ကြည့်ရန် PSMS, GLIS စသည့် စနစ်များအသုံးပြုပြီး စောင့်ကြည့်မှုများတိုးမြှင့်လုပ်ဆောင်နေသည့်အခြေနေများကို မြန်မာအင်တာနက်ပရောဂျက်က မှတ် တမ်းတင်ထားနိုင်ခဲ့သည်။


(က) နည်းပညာအသုံးပြု စောင့်ကြည့်မှုများ 

ဟိုတယ်နှင့်တည်းခိုခန်းများအားလုံး ဧည့်သည်စာရင်းအချက်အလက်စနစ်(GLIS)ကို မဖြစ်မနေအသုံးပြုရန် စစ်အုပ်စုက တင်းကြပ်စွာဆောင်ရွက်လာသည်။ 


လေဆိပ်များနှင့်စစ်ဆေးရေးဂိတ်များတွင် PSMS စနစ်ဖြင့် စောင့်ကြည့်မှုများ တင်းကြပ်စွာဆောင်ရွက်နေသည်ကို တွေ့ရသည်။ PSMS စနစ်ဖြင့် စစ်ဆေးမှုကြောင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူအချို့ ရန်ကုန်လေဆိပ်အဝင်တွင် ဖမ်းဆီးစစ်ဆေးခံခဲ့ရပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်လေဆိပ်တွင်လည်း အမျိုးသားတစ်ဦးဖမ်းဆီးခံခဲ့ရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ်များစစ်ဆေးရာတွင်ပင် PSMS စနစ်ဖြစ် စစ်ဆေးမှုများကိုပါ တွဲဖက်ပြုလုပ်ခဲ့သည်။


မင်းအောင်လှိုင်၏ရွေးတုအစိုးရသက်တမ်း(၂)လအတွင်း စစ်ဆေးရေးဂိတ်များနှင့်ဧည့်စာရင်းစစ်ဆေးမှုများတွင် နည်းပညာအ သုံးပြုစစ်ဆေးခြင်းကြောင့် ပြည်သူ(၇၄၆)ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။


ဒစ်ဂျစ်တယ်နည်းပညာဖြင့် စောင့်ကြည့်ထောက်လှမ်းခြင်းနှင့်ဆင်ဆာဖြတ်တောက်ခြင်းတို့တွင် ပါဝင်ပတ်သက်နေသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း(MPT)အား လမ်းခွဲရန် KDDI Corporation နှင့် Sumitomo Corporation တို့အား Justice For Myanmar, Mekong Watch နှင့် ဂျပန်အရပ်ဘက်အဖွဲ့အစည်းငါးခုတို့က တိုက်တွန်းတောင်းဆိုမှုများအား ယခုလအတွင်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ 


(ခ) စောင့်ကြည့်မှုများ တိုးမြှင့်လာနိုင်ရန် ဆက်လက်ဆောင်ရွက်နေမှုများ 

e-Government စနစ်အကောင်အထည်ဖော်ရန်နှင့် အီးအိုင်ဒီ(e-ID)စနစ်အတွက် ဝန်ကြီးဌာနများအကြား ချိတ်ဆက်ဆောင်ရွက်နိုင်ရန် "e-Government ဦးဆောင်ကော်မတီ"နှင့်"National Database စနစ်အ ကောင်အထည်ဖော်ရေးဦးဆောင်ကော်မတီ"တို့ကို ဧပြီလ(၂၁)ရက်နေ့ကတည်းက ဖွဲ့စည်းထားခဲ့ကြောင်း ဇွန်လ(၁၀)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ယင်းစီမံကိန်းများ အပြည့်အဝပြီးစီးပါက နိုင်ငံသားများ၏အချက်အလက်များအားလုံးသည် ဗဟိုထိန်းချုပ်မှုအောက်တွင် တစုတည်းထဲရောက်ရှိသွားပြီး နိုင်ငံသားတို့၏သွားလားလှုပ်ရှားမှုအားလုံးကို ခြေရာခံရန် ပိုမိုလွယ်ကူသွားစေမည်ဖြစ် သည်။ 


ငွေကြေးခဝါချမှုတားဆီးရေးနှင့်အကြမ်းဖက်မှုငွေကြေးထောက်ပံ့မှုတားဆီးရေးဆိုင်ရာစည်းမျဉ်းများကိုအကြောင်းပြ၍အကျိုး အမြတ်မယူသောအဖွဲ့အစည်းများ(NGOs/CSOs)နှင့်နိုင်ငံရေးအတိုက်အခံများကို ဖြိုခွဲရန် စစ်အုပ်စုက လုပ်ဆောင်နေကြောင်း စင်ကာပူအခြေစိုက် ISEAS–Yusof Ishak အင်စတီကျူးရှင်းက ထုတ်ဖော်ထားသည်ကိုလည်း တွေ့ရသည်။



(၂.၄) ခြိမ်းခြောက်မှုအကြားက သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေများ

အင်တာနက်ဖြတ်တောက်မှု၊ ကန့်သတ်မှု၊ ဒစ်ဂျစ်တယ်စောင့်ကြည့်မှုများနှင့်အင်တာနက်သုံးစွဲခ မြင့်မားလာမှုများကြောင့် လွတ်လပ်သောမီဒီယာများထံ သတင်းကြည့်ရှုနိုင်မှုနှုန်း(၄၈)ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း လွတ်လပ်သော မြန်မာသ တင်းမီဒီယာကောင်စီ(IPCM)နှင့် Human Rights Myanmar (HRM)တို့၏ ပူးတွဲအစီရင်ခံစာတွင် ဖော်ပြထားသည်။ ဤအချက်သည် ဒစ်ဂျစ်တယ်ဖိနှိပ်မှုများက သတင်းအမှောင်ချမှုကိုထိရောက်စွာမည်မျှအထောက်အကူပြုနေကြောင်း မီးမောင်းထိုးပြနေသည်။



(၃) ၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်


(၃.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

(၃.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ်  ဖမ်းဆီးအရေးယူမှုအခြေအနေများ

(၃.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုက လုပ်ဆောင်လာမှု အခြေအနေများ

(၃.၄) ခြိမ်းခြောက်မှုများအကြားက သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေများ



(၃.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

၂၀၂၆ ခုနှစ် ဇူလိုင်လအတွင်း အရေးကြီးသည့်ဆက်သွယ်ရေးပြတ်တောက်မှုဖြစ်စဉ်မှာ တည်နေရာကန့်သတ်ချက်ကြောင့် စတားလင့်ခ့်(Starlink)အင်တာနက်စက်များနေရာအနှံ့အပြားတွင် ပိတ်သိမ်းခံရလာရခြင်းဖြစ်သည်။ ထို့ပြင် ဇူလိုင်(၁၉)ရက် အာဇာနည်နေ့တွင်လည်း စစ်အုပ်စုက ဖုန်းလိုင်းဖြတ်တောက်ခဲ့သည်။ ထို့အတူ ဆက်သွယ်ရေးဖြတ်တောက်၍ လေကြောင်းမှဗုံးကြဲခြင်းကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း တွေ့ရသည်။


(က) စတားလင့်ခ့်(Starlink)ကန့်သတ်ပိတ်သိမ်းခံရမှုနှင့် နောက်ဆက်တွဲ သက်ရောက်မှုများ

ပဋိပက္ခဒေသများ၏ ဆက်သွယ်ရေးအတွက်အရေးပါသည့် စတားလင့်ခ်(Starlink)စက်အမြောက်အများသည် ကုမ္ပဏီ၏ တည်နေရာကန့်သတ်ချက်စည်းမျဉ်းအရ သုံးစွဲမှုအမြောက်အများရပ်တန့်ခံခဲ့ရသည်။ ကရင်နီ(ကယား)ပြည်နယ်အပါအဝင် ရခိုင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိစတားလင့်ခ်(Starlink)   စက်များပိတ်သိမ်းခံခဲ့ရကြောင်းတွေ့ရသည်။ ထို သို့ စတားလင့်ခ်(Starlink)စက်များ ပိတ်သိမ်းခံရခြင်းကြောင့် ပဋိပက္ခဒေသများအတွင်းရှိ လူသားခြင်းစာနာထောက်ထားမှုအကူအညီပေးရေးလုပ်ငန်းများအပေါ် ဆိုးဝါးစွာထိခိုက်စေခဲ့ကြောင်း အရပ်ဘက်လူမှုအဖွဲ့အစည်း(၃၀၀)ကျော်က ပူးတွဲကြေ ညာချက်တစ်ခု ထုတ် ပြန်ခဲ့သည်။


(ခ) စစ်အုပ်စု၏ ပစ်မှတ်ထား ဆက်သွယ်ရေးဖြတ်တောက်မှုများ

နိုင်ငံ၏အရေးပါသောနေ့ရက်များနှင့်စစ်ရေးလှုပ်ရှားမှုရှိချိန်များတွင်ဆက်သွယ်ရေးဖြတ်တောက်ခြင်းကိုစစ်ကောင်စီက လက် နက်သဖွယ် ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။


ဇူလိုင်လ(၁၉)ရက် အာဇာနည်နေ့အခမ်းအနားကျင်းပချိန်၌ ရန်ကုန်မြို့ရှိ မြို့နယ်အများအပြားတွင် ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကောင်းပင်ကျေးရွာအား ဖုန်းလိုင်းများ ဖြတ်တောက်ပြီးနောက် လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် တနင်္သာရီဒေသကြီးတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ် တပ်စစ်ကြောင်းထိုးသည့်ကျေးရွာများတွင်လည်း ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။ စစ်ရေးတင်းမာနေသော မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးဒေသတွင်လည်း အမ်ပီတီ(MPT)ဖုန်းလိုင်းများ ပြတ်တောက်နေသည်။ 


ကချင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်မှာ (၂)နှစ်ခန့် ကြာမြင့်လာပြီဖြစ်သည်။ ယခုလအတွင်း ကချင်ပြည်နယ် မိုးညှင်း၊ မိုးကောင်း၊ မြစ်ကြီးနားနှင့်ဝိုင်းမော်မြို့နယ်များ၌ စစ်တပ်ပိုင် မိုင်တဲလ်(Mytel)ဖုန်းလိုင်းအချို့ ပြန်လည်အသုံးပြုခွင့်ရခဲ့သည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။ က ချင်ပြည်နယ်အား ဆက်သွယ်ရေးလိုင်းများ ပြန်ဖွင့်ပေးရန် ကချင်လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့(KHRW)က တောင်းဆိုထားသည်။


အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင်ပြည်နယ်တွင် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်များဖြစ်သော ကေပေး(KBZ Pay) နှင့် ကေဘီဇက်စပယ်ရှယ်အကောင့်(KBZ Special Account)များ ထပ်မံပိတ်သိမ်းခံနေရသဖြင့် ငွေလွှဲခနှုန်းထားများမှာ ကျပ်တစ်သိန်းလျှင် ရှစ်ထောင်(၈,၀၀၀)ကျပ်ပေးရသည်အထိ အဆမတန်မြင့် တက်လာနေသည်။



(၃.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ်  ဖမ်းဆီးအရေးယူမှုအခြေအနေများ

စစ်အုပ်စုအား ဆန့်ကျင်သည့်အကြောင်းအရာများ လူမှုကွန်ရက်ပေါ်သို့တင်သူများ၊ နိုင်ငံတော်အတိုင်ပင်ခံအား သွယ်ဝိုက်သောနည်းဖြင့်ထောက်ခံသည်ဟုယူဆရသည့် အကြောင်းအရာများအား လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုများအပေါ် ဆက် လက်ဖမ်းဆီးဖိနှိပ်မှုများ ပြုလုပ်နေသည်ကြောင်း တွေ့ရသည်။ 


ရှမ်းပြည်နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်၏လာဘ်စားသည့်သတင်းအား ဖော်ပြခဲ့သည့် Paoh သတင်းစုံ -2 အကောင့်ပိုင်ရှင်အား စုံစမ်းဖော်ထုတ်ပေးရန် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ခ) ဖြင့်အမှုဖွင့်ခဲ့သေးသည်။ ယခုလအတွင်း အွန်လိုင်းပေါ်တွင် ပြော ဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး(၅)ဦး ခန့်ရှိခဲ့သည်။



(၃.၃) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်အုပ်စုကလုပ်ဆောင်လာမှုအခြေအနေများ

ပြည်သူများ၏သွားလာလှုပ်ရှားမှုများအပေါ် စစ်အုပ်စုက တင်းကြပ်စွာစောင့်ကြည့်မှုများဆက်လက်ပြုလုပ်နေသည့်သက်သေအထောက်အထားအချို့ကို မှတ်တမ်းတင်ထားနိုင်ခဲ့သည်။


ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့၌ စစ်ဘေးရှောင်ပြည်သူများအား အကူအညီပေးနေသည့် ခရစ်ယာန်ကက်သလစ်သီလရှင်တစ်ပါး၏ဖုန်းအတွင်း အလှူငွေလက်ခံထားသည့်မှတ်တမ်းများကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပုဒ်မ(၅၀၅)ဖြင့် ဖမ်းဆီးအရေးယူခဲ့သည်။ လမ်းသွားလမ်းလာများ၏ဖုန်းများအား စိတ်ကြိုက်စစ်ဆေးပြီး လူသားချင်းစာနာမှုလုပ်ငန်းဆောင်ရွက်မှုအ ပေါ် ရာဇဝတ်မှုအဖြစ် ရှုမြင်နေသည်ဟု ဆိုနိုင်သည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင်လည်း ဖုန်းများကို လိုက်လံစစ်ဆေးပြီး ဖမ်းဆီးမှုများ ပြုလုပ်နေသည်။ ထိုသို့ စစ်ဆေးမှုသည် ဖုန်းဆက်သွယ်ပြောဆိုမှုများကို ကြားဖြတ်ဖမ်းယူနားထောက်ပြီးနောက် လိုက်လံစစ်ဆေး ခြင်းဖြစ်နိုင်သည်ဟု ဒေသခံများက သံသယရှိနေသည်။ 


ယခင်က လေဆိပ်နှင့်ကားလမ်း စစ်ဆေးရေးဂိတ်များတွင်သာအဓိကအသုံးပြုခဲ့သော ပီအက်စ်အမ်အက်စ်(PSMS)စနစ်ကို အမြန်ရထားဖြင့် ခရီးသွားသူများအပေါ်တွင်ပါ စတင်အသုံးပြု၍ စစ်ဆေးမှုများလုပ်ဆောင်လာကြောင်း ယခုလအတွင်း တွေ့ရသည်။  စစ်ဆေးရေးဂိတ်ကြီးများတွင် ပီအက်စ်အမ်အက်စ်(PSMS)စနစ်၊ အေအိုင်(AI)မျက်နှာပြင်မှတ်သားခြင်း၊ ဇီဝမက်ထ ရစ်ဒေတာ(Biometric Data)နှင့်နိုင်ငံသားစိစစ်ရေးကတ်(NRC)များကို တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်နေဟု ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ထုတ်ဖော်ပြောဆိုခဲ့သည်ကိုလည်း တွေ့ရသည်။ မြန်မာနိုင်ငံ၏မြို့ပြဒေသများတွင် ဒစ်ဂျစ်တယ်စောင့်ကြည့်မှုနှင့်ပစ်မှတ်ထားဖမ်းဆီးမှုများ ပိုမိုတိုးမြှင့်လုပ်ဆောင်လာသည်ဟု Armed Conflict Location & Event Data Project (ACLED)၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်။ 


ကျားဖြန့်(အွန်လိုင်းငွေလိမ်လည်မှု)နှင့်ငွေကြေးခဝါချမှုသံသယရှိသည်ဆိုသည့် အကြောင်းပြချက်များဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ဘဏ်ငွေစာရင်းပေါင်းရာနှင့်ချီကို စစ်ကောင်စီက ပိတ်ပင်ကန့်သတ်မှုများ ပြုလုပ်ခဲ့သည်။ ပြီးခဲ့သည့် မေလ(၁၄) ရက်နေ့က ဥပဒေကြမ်းအဖြစ် ထွက်ပေါ်လာပြီး ယခုလအတွင်း အတည်ပြုပြဋ္ဌာန်းလိုက်သည့် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေ ပုဒ်မ (၂၁) ပုဒ်မခွဲ (က)တွင် ဗဟိုဌာနန သို့မဟုတ် အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၏အကြောင်းကြားချက်ရရှိပါက ငွေကြေးလွှဲပြောင်းမှုဆိုင်းငံ့ခြင်းကို ချက်ခြင်းဆောင် ရွက်ရမည်ဟု ထည့်သွင်းထားသည်။ ယင်းဥပဒေပြဋ္ဌာန်းချက်နှင့်အထက်ပါဖြစ်စဉ်အား ယှဉ်တွဲသုံးသပ်ကြည့်ပါက ဥပဒေပြဋ္ဌာန်းချက်ကို အကာအကွယ်ယူပြီး အွန်လိုင်းလိမ်လည်မှုနှင့်ဆက် စပ်ခြင်းမရှိသည့် လူထု၏ငွေကြေးစီးဆင်းမှုအားလုံးကို အလွန်အကျွံစောင့်ကြည့်ခြင်း ပြုလုပ်လာနိုင်ဖွယ်ရှိသည်။ ယင်းဥပ ဒေ၏ပုဒ်မ(၁၇)တွင် ဖုန်းအော်ပရောတာများအနေဖြင့်ဆင်းကဒ်အသုံပြုသူ၏တည်နေရာနှင့်ဖုန်းခေါ်ဆိုမှုမှတ်တမ်းများကိုသိမ်းဆည်းထားရန်ပြဋ္ဌာန်းထားပြီး တောင်းခံလာပါကထုတ်ပေးရမည်ဟုပြဋ္ဌာန်းထားရာ အွန်လိုင်းလိမ်လည်မှုနှင့်ဆက်စပ်ခြင်းမရှိသည့်ကိစ္စရပ်များအား ယင်းဥပဒေအပေါ်အကြောင်းပြု၍ မိုဘိုင်းဖုန်းအော်ပရေတာများမှတစ်ဆင့် တည်နေရာထောက် လှမ်းခြင်းများကို ဖိအားပေးပြုလုပ်လားနိုင်သည့် စိုးရိမ်ချက်ကို ဖြစ်ပေါ်စေသည်။


လေဆိပ်များမှတစ်ဆင့် ပြည်တွင်းသို့ ဝင်ရောက်လာသူများပါရှိလာသည့် မိုဘိုင်းလက်ကိုင်ဖုန်းများကို ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်(CEIR)တွင် ရက်ပေါင်း(၃၀)အတွင်းမဖြစ်မနေ မှတ်ပုံတင်ရမည်ဟု စစ်အုပ်စုက ဖိအားပေးလုပ် ဆောင်လာသည်ကိုလည်း တွေ့ရသည်။



Recommended Citation Style - Myanmar Internet Project (2026, August 12),

၂၀၂၆ ခုနှစ် မေလမှဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်များ,

Comments


bottom of page