ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံနှင့်ပြန်လည်ထူထောင်ရေးမူဝါဒ အကြံပြုချက်များ
- Myanmar Internet Project
- Apr 28
- 5 min read
Photo: Myanmar Internet Project
၂၀၂၁ ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်းမှစ၍ အင်တာနက်အပါအဝင် အခြားသောဆက်သွယ်ရေးနည်းပညာများသည် နည်းလမ်းမျိုးစုံဖြင့် ကန့်သတ်ခံလာရသည်။ ထိုကန့်သတ်မှုများသည် မြန်မာ့လူထု၏စီးပွားရေး၊ လူမှုရေးနှင့်လုံခြုံ ရေးတို့အား အဖက်ဖက်မှထိခိုက်လျက် ရှိသည်။ အာဏာသိမ်းမှု(၄)နှစ်မြောက်သည်အထိ ထိုကန့်သတ်ဖြတ်တောက်မှုများမှာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ အများပြည်သူများကလည်း ရရာအစားထိုးနည်းပညာများအသုံးပြု၍ ကန့်သတ်မှုများကို ဖြေရှင်းလာကြသည်။
အင်တာနက်ဖြတ်တောက်မှုများကိုသာမက အင်တာနက်ဖြတ်တောက်မှုကိုကျော်လွှားရန် အများပြည်သူက မြေပြင်၌ မည်သည့်နည်းလမ်းများဖြင့် ဖြေရှင်းနေသနည်းနှင့် အခြားသောနိုင်ငံအသီးသီးတွင်လည်း မည်သို့ဖြေရှင်းနေကြနေသည်များကို ၂၀၂၄ ခုနှစ်မှစတင်၍ မြန်မာအင်တာနက်ပရောဂျက်(MIP)က လေ့လာခဲ့သည်။ ထို့အပြင် အာမခံချက်ရှိသော ဆက်သွယ်ရေးကွန်ရက်များ အနာဂတ်ကာလ၌ တည်ဆောက်နိုင်ရန် မည်သည့်ဆက်သွယ်ရေးနည်းပညာများကို အသုံးပြုသင့်သည်နှင့် မူဝါဒဆိုင်ရာမဟာဗျူဟာအဆင့်များတွင် မည်သည့်မျှော်မှန်းများ ချမှတ်ကြရမည်ကိုလည်း လေ့လာခဲ့ကြသည်။
အင်တာနက်နှင့်ဆက်သွယ်ရေးကွန်ရက်များ ဖြတ်တောက်ခြင်းနှင့်ပိတ်ပင်ကန့်သတ်ခံရမှုပြဿနာများကို နည်းလမ်း(၃)သွယ်ဖြင့် မြန်မာအင်တာ နက်ပရောဂျက်(MIP)က ချဉ်းကပ်လေ့လာခဲ့သည်။ ထိုနည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်သည်။
(က) သုတေသနပြုခြင်း
မြန်မာနိုင်ငံတွင်လက်ရှိအသုံးပြုနေသော အိုင်စီတီနည်းပညာများနှင့်ဆက်သွယ်ရေးဖြတ်တောက်ခံနေရသည့် အခြားသောပဋိပက္ခတွင်းနိုင်ငံများတွင်အသုံးပြုခဲ့ပြီး အသုံးဝင်လျက်ရှိသောဆက်သွယ်ရေးနည်းပညာများအကြောင်းကို အစဥ်တစိုက်လေ့ လာခြင်း။
(ခ) အသိပညာမျှဝေခြင်း
အလားအလာရှိသော နည်းပညာများအား အများပြည်သူအလွယ်တကူအသုံးပြုနိုင်စေရန်လမ်းညွှန်များရေးသားထုတ်ဝေခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများပြုလုပ်ခြင်းနှင့်သင်တန်းများ ဦးဆောင်ကျင်းပခြင်း။
(ဂ) နည်းပညာများအား လက်တွေ့စမ်းသပ်ခြင်း
အလားအလာရှိသောနည်းပညာများကို ပြည်တွင်းနှင့်နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များဖြင့်ပူးပေါင်း၍ လက်တွေ့စမ်းသပ်ခြင်း။
အဆိုပါနည်းလမ်း(၃)သွယ်ဖြင့် လေ့လာထားရှိမှုအရ တွေ့ရှိခဲ့သော တွေ့ရှိချက်များအနက်မှအချို့ကို ကောက်နုတ်၍ အောက်ဖော်ပြပါအတိုင်း ဆက်လက်တင်ပြပါမည်။
အကျဉ်းချုပ်တင်ပြချက်
|
တွေ့ရှိချက်နှင့်အကြံပြုချက်များ
မြန်မာအင်တာနက်ပရောဂျက်(MIP)က စောင့်ကြည့်လေ့လာမှတ်တမ်းတင်ထားနိုင်မှုအရ မြန်မာနိုင်ငံ၏ဆက်သွယ်ရေးပြတ်တောက်မှုများသည် ၂၀၂၁ ခုနှစ်မှ ယခုကာလအထိ အပြင်းအထန်ဆုံးနှင့်အဆိုးဝါးဆုံးဒဏ်ကို အများပြည်သူသည် အလူးအ လဲခံစားနေကြရသည်။ ထိုသို့ကြုံတွေ့ခံစားနေရကြရသည့် အကြောင်းအရင်းမှာလည်း(၃)ခုရှိသည်ကို တွေ့ရှိရသည်။ ယင်းတို့မှာ -
(က) စစ်ကောင်စီ၏ရည်ရွယ်ချက်ရှိရှိ အင်တာနက်ဖြတ်တောက်ခြင်း
၂၀၂၄ ခုနှစ် (၁)နှစ်တည်းအတွင်း၌ မြို့နယ်ပေါင်း(၈၂)မြို့နယ်တွင် အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်မှုအကြိမ်ပေါင်း (၁၃၀)ကျော်ရှိခဲ့သည်ကို မြန်မာအင်တာနက်ပရောဂျက်က မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ ယင်းမှာ စစ်ကောင်စီ၏ရည်ရွယ် ချက်ရှိရှိ အင်တာနက်ဖြတ်တောက်မှုတစ်ခုတည်းအား စစ်တမ်းကောက်ယူထားခြင်းဖြစ်သည်။ ထို့အပြင် အာဏာသိမ်းကာလမှစတင်ပြီး ယနေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်ဖြတ်တောက်ခံရမှုပေါင်း(၆)ကြိမ်ရှိခဲ့သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တော်လှန်ရေးအင်အားစုများအကြား ပဋိပက္ခပြင်းထန်သည့်ဒေသများတွင် နေရာဒေသအလိုက် အင်တာနက်ဖြတ်တောက်မှုများပြုလုပ်ခဲ့သည်မှာ အနည်းဆုံးအကြိမ်ရေ(၃၄၀)ကျော်အထိ ရှိနေသည်ကိုလည်း မှတ်တမ်းတင်ထားနိုင်ခဲ့သည်။ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်နီပြည်နယ်နှင့်ကချင်ပြည်နယ်တို့တွင် မြို့တော် စစ်တွေ၊ ဟားခါး၊ လွိုင်ကော်နှင့်မြစ်ကြီးနားတို့၏အနီးတဝိုက်မှလွဲ၍ လက်ရှိအချိန်တွင် ပြည်နယ်တစ်ခုလုံးနီးပါး ဆက်သွယ်ရေးဖြတ်တောက်ခံထားရသည်ကို တွေ့ရသည်။ ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်တော်လှန်ရေးအင်အားစုများအကြား ထိတွေ့မှုအပြန့်ကျယ်လာသော ပဲခူးတိုင်းဒေသကြီးအတွင်းရှိ နေရာဒေသအချို့နှင့်ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ နေရာဒေသအချို့တွင်လည်း အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်မှုများကို တိုးမြှင့်လုပ်ဆောင်လာသည်ကိုလည်း တွေ့ရသည်။
ထို့သို့ စစ်ကောင်စီ၏ဆက်သွယ်ရေးဖြတ်တောက်မှုများကြောင့် ယင်းဒေသအတွင်းနေထိုင်သည့် အများပြည်သူအနေဖြင့် ဘဏ်လုပ်ငန်းကဲ့သို့ အခြေခံဝန်ဆောင်မှုများရရှိနိုင်မှုဆုံးရှုံးခြင်း၊ စစ်ရေးသတင်းများကို အချိန်နှင့်တပြေးညီရရှိနိုင်မှုဆုံးရှုံးခြင်းနှင့်အတူ အသက်အန္တရာယ်ထိခိုက်နိုင်မှုမြင့်မားလာခြင်း၊ ဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် ဒေသတွင်းကုန်စျေးနှုန်းကြီးမြင့်လာခြင်း၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာအခြေခံဝန်ဆောင်မှုများ ရရှိနိုင်မှုအခြေအနေဆုံးရှုံးခြင်းစသည့် အခြေအ နေဆိုးများကို တိုးမြှင့်ရင်ဆိုင်လာရသည်။
(ခ) ဆက်သွယ်ရေးအခြေခံအဆောက်အအုံများပျက်စီးနေခြင်း
မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အခြားသောတော်လှန်ရေးနယ်မြေများရှိ ဆက်သွယ်ရေးအခြေခံအဆောက်အအုံများသည် အ ကြောင်းပြချက်အမျိုးမျိုးဖြင့် စစ်ရေးပဋိပက္ခအတွင်း ပြိုလဲပျက်စီးခဲ့ရသည်။ ၂၀၂၁ ခုနှစ် (၁)နှစ်တည်းတွင်ပင် ဆက်သွယ်ရေးတာဝါတိုင်ပေါင်း(၄၀၀)ကျော် ပျက်စီးခဲ့ပြီးဖြစ်ကြောင်း ရိုက်တာသတင်းဌာနကရေးသားခဲ့သည်။ Capacity Media ၏ Irrawaddy Green Towers (IGT)ကုမ္ပဏီ၏ရင်းနှီးမြှုပ်နှံမှုအပေါ်ခန့်မှန်းချက်အရ တာဝါတိုင်(၁)တိုင်လျင် ခန့်မှန်းအမေရိကန်ဒေါ်လာ ၁၇၅,၀၀၀ ခန့်ကုန်ကျသည်။ ထို့ကြောင့် ဆက်သွယ်ရေးအခြေခံအဆောက်အဦးများ ပြန်လည်တည် ဆောက်ရေးသည် ငွေကြေးအရင်းအနှီးကြီးမားသော ရင်းနှီးမြှုပ်နှံမှုဖြစ်သည်။ တာဝါတိုင်များပြန်လည်တည်ဆောက်မည်ဆိုပါကလည်း လက်ရှိဖြစ်ပွားလျက်ရှိသော စစ်ရေးပဋိပက္ခများကြောင့် အရင်းအနှီးရှိသည့်တိုင်အောင်ပြန်လည်တည်ဆောက်ရန် အတွက် လုံခြုံရေးအရအခြေအနေမပေးဘဲ မဖြစ်နိုင်သေးသည့် အနေအထားတွင် ရှိသည်။
(ဂ) ဆက်သွယ်ရေးကဏ္ဍအား စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်သူများက ကြိုးကိုင်ထားခြင်း
လက်ရှိအင်တာနက်သုံးစွဲနိုင်ခွင့်အခြေအနေသည် လျှပ်စစ်မီးခလုပ်တစ်ခုအား လူတစ်စုကလိုသလို ခလုတ်အပိတ်အဖွင့်ပြု လုပ်နိုင်သည့်အခြေအနေမျိုးနှင့် ကြုံတွေ့နေရသည်။ ထိုသို့ဖြစ်ရခြင်း၏အဓိကအကြောင်းခံမှာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်သူများက ယင်းကဏ္ဍအား ရာနှုန်းပြည့်ကြိုးကိုင်ချယ်လှယ်ခွင့်ရသွားခြင်းကြောင့်ဟုဆိုနိုင် သည်။ မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍအပြောင်းအလဲသည် အမ်ပီတီ(MPT)၊ တယ်လီနော(Telenor)နှင့်အူရီဒူး (Ooredoo)စသည့် ဆက်သွယ်ရေးကုမ္ပဏီ(၃)ခုဖြင့်စတင်ခဲ့သည်။ ယင်းနောက်ပိုင်းတွင် စစ်တပ်ကျောထောက်နောက်ခံပြု ဆက်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်သော မိုင်တဲလ်(MyTel)ပါဝင်ခဲ့ပြီး ဆက်သွယ်ရေးကုမ္ပဏီ(၄)ခုဖြစ်လာခဲ့သည်။
လုပ်ငန်းစတင်စဉ်က နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအပြည့်အဝရှိသည့် တယ်လီနော(Telenor)နှင့်အူရီဒူး(Ooredoo)လုပ်ငန်းစုများသည် ယင်းကဏ္ဍတွင်ရှိနေခဲ့သော်လည်း အာဏာသိမ်းမှုနောက်ပိုင်းတွင်စစ်ကောင်စီနှင့်ဆက်နွယ်သော ပြည်တွင်းစီးပွား ရေးလုပ်ငန်းများထံ လွှဲပြောင်းရောင်းချမှု များကိုလုပ်ဆောင်ခဲ့ပြီး ယင်းလုပ်ငန်းစုများသည် မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍမှ လက်ပြထွက်ခွာသွားခဲ့သည်။ ကုမ္ပဏီအရေအတွက် အနည်းငယ်ဖြင့်သာထိန်းချုပ်ထားသည့် ယင်းစျေးကွက်သည် အာဏာ သိမ်းမှုနောက်ပိုင်းတွင် စစ်ကောင်စီနှင့် ယင်းတို့၏အနွယ်အပွားများ စိတ်ကြိုက်ကြိုးကိုင်နိုင်သောအခြေအနေသို့ အတိအကျပင် အလုံးစုံကျရောက်သွားခဲ့သည်။
ဆက်သွယ်ရေးကဏ္ဍသည် ရင်းနှီးမြှုပ်နှံမှုများသော စီးပွားရေးကဏ္ဍတစ်ခုဖြစ်သောကြောင့် နိုင်ငံအများစုတွင်လည်း ရင်းနှီးမြှုပ်နှံမှုအင်အား ကြီးမားသောလုပ်ငန်းကြီး(Capital Intensive Industries)အဖြစ်ရပ်တည်၍ ဈေးကွက်လက်ဝါးကြီး အုပ်မှု(Monopolized Market)မြင့်မား သောလုပ်ငန်းများသာဖြစ်နေကြသည်။ သို့သော်လည်း စျေးကွက်မျှတမှုရှိစေရန်၊ လူတိုင်းဆက်သွယ်ရေးဝန်ဆောင်မှုရရှိနိုင်စေရန်နှင့်ဝေးလံ ခေါင်ဖျားစျေးကွက်အသေးစားများတွင် ဆက်သွယ်ရေးအ ခြေခံအဆောက်အအုံများတည်ဆောက်ရန်ရည်ရွယ်သည့် အများပြည်သူဆိုင်ရာဝန်ဆောင်မှုရန်ပုံငွေ(Universal Service Fund, USF)ကဲ့သို့မူဝါဒများချမှတ်ပြီး ဆောင်ရွက်လာကြရာမှ လက်တင်အမေရိကနိုင်ငံများ၊ ဘဂ်လားဒေ့ရှ်၊ အိန္ဒိယနှင့်အမေရိကန်ပြည်ထောင်စုကဲ့သို့သောနိုင်ငံများတွင် ရပ်ရွာအခြေပြုအင်တာနက်ဝန်ဆောင်မှုများ(Community Networks) ကဲ့သို့သော အစဉ်အလာမဟုတ်သောဆက်သွယ်ရေးကွန်ရက်(သို့မဟုတ်)ဆက်သွယ်ရေးဆိုင်ရာအခြားသောကွန်ရက်စနစ်များသည်(Alternative/ Non-traditional Communication Networks)သည် ထွန်းကားလာနေပြီသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍ ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်မှာ စစ်အာဏာသိမ်းမှုနှင့်အတူ ဇာတ်သိမ်းသွားခဲ့ရသည်။ ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေအရ ဒီချုပ်(NLD)အစိုးရလက်ထက် ၂၀၁၈ ခုနှစ်တွင် ဆက်သွယ်ရေးလုပ်ငန်းတစ်ခုစီမှ အမြတ်ငွေ(၂)ရာခိုင်နှုန်းကိုထည့်ဝင်ပြီး အခြေခံဆက်သွယ်ရေး လိုအပ်ချက်ဖြည့်ဆည်းခြင်းဆိုင်ရာ မဟာဗျူဟာ (Universal Service Strategy)ကို ရပ်ရွာဆက်သွယ်ရေးတိုးတက်မှုအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာ နက အကောင်အထည်ဖော်ရန်အား ထုတ်ခဲ့သည်။ မြန်မာနက်(Myanmar Net)၊ ဖိုက်ဘီဘီ(5BB)၊ အမ်ဘီတီ(MBT)စသည့် အသေးစားအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများအား လုပ်ငန်းလိုင်စင်ချပေးခြင်းနှင့်အတူ မြန်မာနိုင်ငံ၏မြို့ပြလူထုသည် ငွေကြေးအားဖြင့် လက်လှမ်းမီသည့် အင်တာနက်သုံးစွဲမှုကို ခံစားနိုင်ခဲ့သည်။ ပုဂ္ဂလိကဆက်သွယ်ရေးလုပ်ငန်းများအ နေဖြင့် စျေးကွက်ဝေစုအရ အကောင်အထည်ဖော်ရန်ခဲယဉ်းသည့်ဒေသများတွင် အများပြည်သူဆိုင်ရာဝန်ဆောင်မှုရန်ပုံ ငွေ(Universal Service Fund, USF)မှရရှိသည့်ငွေကြေးဖြင့် ဆက်သွယ်ရေးလက်လှမ်းမီမှုကို ဖြည့်ဆည်းပေးနိုင်ရန် ဒီချုပ်(NLD)အစိုးရက ၂၀၂၀ ပြည့်နှစ်ဝန်းကျင်တွင် အကောင်အထည်ဖော်ခဲ့သည်ကို တွေ့ရသည်။ ဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကသုံးစွဲရန်ရည်ရွယ်ချက်ကောင်းဖြင့်အကောင်အထည်ဖော်ခဲ့သော အများပြည်သူဆိုင်ရာဝန် ဆောင်မှုရန်ပုံငွေ(USF)သည် အာဏာသိမ်းပြီးကာလနောက်ပိုင်းတွင် ဇီဝအချက်အလက်များကောက်ယူသိမ်းဆည်းရေး (Biometric Database)စနစ်အကောင်အထည်ဖော်ဆောင်ရေးတွင် သုံးစွဲရန်လျာထားခံခဲ့ရသည်။ ၂၀၂၁ ခုနှစ်အာ ဏာသိမ်းပြီးနောက်ပိုင်းတွင် ဇီဝအချက်အလက်ဒေတာဘေ့စ်၊ ဆင်းကဒ်မှတ်ပုံတင်ဒေတာဘေ့စ်နှင့်အီလက်ထရောနစ်အိုင်ဒီ (eID)ဒေတာဘေ့စ်များကို အကောင်အထည်ဖော်ရာတွင် အဆိုပါရန်ပုံငွေများအား အလွဲသုံးစားပြု၍ တောက်လျှောက်သုံးစွဲလျက်ရှိသည်။
ထိုသို့ဖြင့် ထွန်းသစ်စမြန်မာဆက်သွယ်ရေးကဏ္ဍ၏ဖွံ့ဖြိုးမှုအဟုန်သည် စစ်ကောင်စီနှင့်အကျိုးစီးပွားနီးစပ်သည့် စီးပွားရေးသ မားတစ်စု၏ လက်ဝါးကြီးအုပ်ထားမှု၊ စစ်ကောင်စီ၏လူထုအပေါ် ဖိနှိပ်ရန်ရည်ရွယ်သည့်အချက်အလက်စုဆောင်းရေးကဏ္ဍတွင် အလွဲသုံးစားအလုပ်ခံရမှု အခြေအနေများနှင့်အတူ လူတစ်စု၏စိတ်ကြိုက်ခြယ်လှယ်ခွင့်ရရှိသွားသည့်အနေအထားတွင် ရှိနေသည်။
အနာဂတ်မြန်မာနိုင်ငံ၏ မဟာဗျူဟာမြောက်ဆက်သွယ်ရေးအတွက် ဟတ်ထရိုဂျီးနီးယပ်စ်ကွန်ရက်များလိုအပ်သည်။ မတူကွဲပြားသောနည်းပညာများ၊ ကွန်ရက်အဆင့်ဆင့်နှင့်ကွဲပြားခြားနားသော ဆက်သွယ်မှုနည်းလမ်းများကို ပေါင်းစပ်အသုံးပြုသောကွန်ရက်စနစ်များကို ဟတ်ထရိုဂျီးနီးယပ်စ်ကွန်ရက်များ(Heterogeneous Networks)ဟုခေါ်သည်။ ဆက်သွယ်ရေးကဏ္ဍသုတေသနများတွင် ခေါ်ဝေါ်လေ့ရှိသော နည်းပညာဆိုင်ရာအခေါ်အဝေါ်တစ်ခုလည်းဖြစ်သည်။ နည်းပညာအမျိုးအ စားတစ်ခုတည်းဖြင့် အလုံးစုံလွှမ်းခြုံရန်မဖြစ်နိုင်သောအခြေအနေတွင် နည်းပညာစုံ၊ ကွန်ရက်စုံများကို မဟာဗျူဟာကျကျ ပေါင်းစပ်သုံးစွဲနိုင်မှ လူတိုင်းလက်လှမ်းမီနိုင်(Universal Coverage)သောဆက်သွယ်ရေးစနစ်ကိုရနိုင်မည်ဆိုသော ယူဆ ချက်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဟက်ထရိုဂျီးနီးယပ်စ်ကွန်ရက်များသည် ဒစ်ဂျစ်တယ်တော်လှန်ရေးနှင့်အတူ နည်းပညာဆင့်ကဲဖြစ်စဥ်အဖြစ် ပေါ်ပေါက်လာခဲ့ပြီးဖြစ်သည်။ ယခင်ရှိနှင့်ပြီး “4G/5G Telecom(MPT, Ooredoo, Tele nor,MyTel)”များနှင့်အင်တာနက်ဝန်ဆောင်မှု(Myanmar Net, MBT, 5BB, etc)လုပ်ငန်းများမှာ သမားရိုးကျအခြေခံအ ဆောက်အအုံအခြေပြုဆက်သွယ်ရေးကွန်ရက်များ(Conventional Infra structure-based Networks)ဖြစ်သည်။ ထိုကွန်ရက်များဖျက်ဆီးပိတ်ပင်ခံရသည့်အချိန်၌ လွတ်မြောက်နယ်မြေများတွင်ပေါ်ပေါက်လာသော ပုံနှိပ်ထုတ်ဝေမှုဒေသခံမီဒီယာများ၊ ဖက်ဒရယ်အက်ဖ်အမ်(Federal FM)ကဲ့သို့သော အက်ဖ်အမ်ရေဒီယို(FM Radio)ကွန်ရက်များ၊ လမ်းလျှောက်စကားပြောစက်များ(Handheld Tranceivier)များ၊ Range Extender များ၊ ဂြိုလ်တုဆက်သွယ်ရေးစနစ်များ(ဥပမာ - စတားလင့်များ၊ လှိုင်းမြင့်ရေဒီယိုများ)အားလုံးသည် အစဉ်အလာမဟုတ်သောဆက်သွယ်ရေးကွန်ရက် (သို့မဟုတ်) ဆက် သွယ်ရေးဆိုင်ရာအခြားသောကွန်ရက်စနစ်များ(Alternative/Non-traditional Networks)ဖြစ်သည်။ ယင်းတို့ အား လုံး၏ပေါင်းစပ်မှုသည် မြန်မာနိုင်ငံတွင် တော်လှန်ရေးမှလိုအပ်ချက်အရပေါ်ထွက်လာသော ဟတ်ထရိုဂျီးနီးယပ်စ်ကွန်ရက်များ၏အစပျိုးပုံစံများဖြစ်သည်။ မြန်မာနိုင်ငံ ၏လက်ရှိအခြေအနေမှာ သမားရိုးကျဆက်သွယ်ရေးကွန်ရက်များမှာ စစ်ဘေးနှင့်သဘာဝဘေးအန္တရာယ်ဒဏ်များကြောင့် တစ်စိတ်တပိုင်းပျက်စီးနေပြီး အစဉ်အလာမဟုတ်သော ဆက်သွယ်ရေးကွန်ရက်/ဆက်သွယ်ရေးဆိုင်ရာအခြားသောကွန်ရက်စနစ်များမှာ စတင်ဖွံ့ဖြိုးလာသော အခြေအနေတွင် ရှိသည်။ သို့သော် မြန်မာအင်တာနက်ပရောဂျက်(MIP)၏လေ့လာချက်အရ စတားလင့်ခ့်အပါအဝင် အစဉ်အလာမဟုတ်သော ဆက်သွယ်ရေးကွန်ရက်/ဆက်သွယ်ရေးဆိုင်ရာအခြားသောကွန်ရက်စနစ်မှာတစ်နိုင်တပိုင်(SOHO, Small Office Home Office)အဆင့်တွင် သာရှိနေပြီး တစ်ရပ်တစ်ရွာလုံးလွှမ်းခြုံဝန်ဆောင်မှုပေးနိုင်သည့်အခြေအနေသို့ မရောက်ရှိသေးပေ။ ပြန်လည်တည်ဆောက်ရေးကာလတွင် အများပြည်သူအကြားအရေးကြီးသောသတင်းအချက်အလက်များ မျှဝေနိုင်စေရန်နှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအား တွင်တွင်ကျယ်ကျယ်လုပ်ဆောင်နိုင်စေရန်ရှိနှင့်ပြီး အစဉ်အလာမဟုတ်သာ ဆက်သွယ်ရေးကွန်ရက်/ဆက်သွယ်ရေးဆိုင်ရာအခြားသောကွန်ရက်စနစ်များအား ပံ့ပိုးပေးပြီး၊ ပိုမိုစနစ်ကျထိရောက်သော ဆက်သွယ်ရေးကွန်ရက်ပုံစံအား လေ့လာတည်ဆောက်ခြင်းသည် မဟာဗျူဟာမြောက် ပြန်လည်တည်ဆောက်ရေးလမ်းစဥ်တစ်ခုဖြစ်သည်။
ထို့နည်းတူစွာ ဆက်သွယ်ရေးကွန်ရက်များအား ဆက်သွယ်ရေးချည်းသက်သက်အသုံးပြုရန်အတွက်မဟုတ်ဘဲ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်တည်ဆောက်နိုင်ပါက ပြန်လည်တည်ဆောက်ရေးအရှိန်အဟုန်ကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ဥပမာ - အင်တာနက်ကို ဆက်သွယ်ရေးသီးသန့်မဟုတ်ဘဲ သတင်းအချက်အလက်ပညာရေးဗဟုသုတများရှာဖွေသည့် ဝက်ဘ်ဆိုဒ်များကိုလမ်းညွန်ပေးခြင်း၊ လိုအပ်သည့်စာရွက်စာတမ်းများကို စာစီစာရိုက်ခြင်း၊ ပုံနှိပ်ခြင်း၊ ဒီဇိုင်းရေးဆွဲခြင်း၊ ပုံထုတ်ခြင်းနှင့်မိတ္တူကူးဆွဲခြင်းစသော အခြေခံဒစ်ဂျစ်တယ်ဝန်ဆောင်မှုများပေးနိုင်ရန်ရည်ရွယ်သော ရပ်ရွာတယ်လီစင်တာ(Multi -purpose Telecenter)များတည်ဆောက်ခြင်းကို ပြုလုပ်နိုင်သည်။ ထိုတယ်လီစင်တာစိတ်ကူးမှာအသစ်မဟုတ်ပါ။ မြန်မာ နိုင်ငံတွင် တယ်လီနောနှင့်ဖွံ့ဖြိုးမှုအတွက်မြန်မာ့အိုင်စီတီအဖွဲ့(MIDO)တို့ပူးပေါင်း၍ အလင်းအိမ်(Light house)တယ်လီစင်တာများ တည်ဆောက်ခဲ့ဖူးပြီးဖြစ်သည်။ ဘဂ်လားဒေ့ရှ်နိုင်ငံတွင်လည်း “Grameen phone”၏ရပ်ရွာအခြေပြုသတင်းအ ချက်အလက်စင်တာ(Community Information Center)ပရောဂျက်၊ လှေများပေါ်တွင် တယ်လီစင်တာများတည် ဆောက်၍ ရပ်ရွာဝန်ဆောင်မှုပေးသော(Tathya Tori)ပရောဂျက်၊ ဘဂ်လားဒေ့ရှ်အစိုးရ၏ “Digital Bangladesh” အစီအစဥ်အရ အောက်ခြေရပ်ကွက်အဆင့်တွင်အကောင်အထည်ဖော်သည့် “Union Information and Service Centers (UISCs)”များတည်ဆောက်ခြင်းဖြင့် ရပ်ရွာပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးများကို တိုးတက်အောင်လုပ်ဆောင်ခဲ့ကြသောသာဓကများရှိသည်။ သတင်းအချက်အလက်အသုံးပြုနိုင်မှုသည် ပါဝါတစ်ခုဖြစ် သည်။ ဆက်သွယ်ရေးကွန်ရက်များအား ပြန်လည်တည်ဆောက်သည့်နေရာတွင် ဆက်သွယ်ရေးသီးသန့်ကို စဥ်းစားခြင်းမဟုတ်ပဲ၊ ဒစ်ဂျစ်တယ်နည်းပညာ၏ထိုပါဝါကို ထည့်သွင်းစဥ်းစားပြီး ဘက်စုံပြန်လည်တည်ဆောက်ရေးကိုဦးတည်ပါက ပိုမိုအကျိုးများနိုင်မည်ဖြစ်သည်။
ထို့အပြင် သတင်းအချက်အလက်များကိုအမျိုးအစားခွဲ၍ ဝန်ဆောင်မှုပေးနိုင်လျင် ခက်ခက်ခဲခဲပြန်လည်တည်ဆောက်ထားသော ထိုကွန်ရက်များကို ပိုမိုထိရောက်စွာအသုံးချနိုင်မည်ဖြစ်သည်။ လက်တင်အမေရိက၊ အာရှနှင့်အာဖရိကတို့ရှိ ရပ်ရွာအင်တာနက်(Community Networks) များအားလေ့လာမှုအရ ကွန်ရက်တစ်ခုလုံး၏ဝန်ဆောင်မှုအရည်အသွေးစီမံခန့်ခွဲမှု(Quality of Service, QoS Management)အနေဖြင့် အောက်ပါအတိုင်းအဆင့်(Tier)များဖြင့် အမျိုးအစားခွဲကြသည်။ အောက်ဖော်ပြပါဇယားကို ဥပမာအနေဖြင့် ကြည့်နိုင်သည်။
အဆင့် သတ်မှတ်ချက် | အမျိုးအစား | Bandwidth ခွဲဝေမှု ဦးစားပေးအဆင့် | ဥပမာများ | စျေးနှုန်း |
အဆင့် ၁ | အရေးကြီးသော အများပြည်သူ နှင့် သက်ဆိုင်သည့် သတင်း အချက်အလက်များ | အမြင့်ဆုံးဦးစားပေး၊ ဤအချက် အလက်များအတွက် Bandwidth ကို သီးသန့်ဖယ်ချန် ထားသင့်သည်။ ရပ်ရွာအင်တာနက်ကွန်ရက်၊ အရံ ကွန်ရက်များမှ အခမဲ့ထုတ်လွှင့် သင့်သည်။ | အရေးပေါ်သတိပေး ချက်များ၊ သဘာဝ ဘေး သတိပေးချက်များ ၊ပြည်သူ့ လုံခြုံရေးအသိ ပေးချက်များ၊ လေကြောင်း တိုက်ခိုက်မှုနှင့် အခြား စစ်ဘက်ဆိုင်ရာ အသိပေးချက်များ။ | အခမဲ့၊ မည်သူမဆို အသုံးပြု နိုင်ရမည်။ |
အဆင့် ၂ | ပညာရေးနှင့် ပြည်သူ့ဝန်ဆောင် မှုများ | အမြင့်ဦးစားပေး၊ ဤအချက်အလက် များအတွက်Bandwidth ကို စီမံမှုနှင့် ရှယ်ဖြန့်ဝေမှု။ | အွန်လိုင်းသင်တန်းများ (MOOCs, E-learning)၊ ကျန်းမာရေးနှင့်ဆေးဘက် ဆိုင်ရာဝန်ဆောင်မှုများ၊ အစိုးရအီလက် ထရောနစ်ဝန်ဆောင်မှုများ။ | အထူးလျှော့စျေး(သို့မဟုတ်) အခမဲ့၊ မည်သူမဆို အသုံးပြုနိုင်ရမည်။ |
အဆင့် ၃ | ရပ်ရွာတွင်း အချက်အလက် မျှဝေမှု။ | ပုံမှန်ဦးစားပေး၊ Data Quota များဖြင့် Bandwidth ထိန်းချုပ်ဝန်ဆောင်မှု ပေးခြင်း။ | ဒေသခံသတင်းများ၊ ရပ်ရွာတွင်း ချိတ်ဆက် ပြောဆိုမှုများ၊ ကိုယ်ပိုင်ဆာဗာတွင် တည် ထောင်ထား သည့် လူမှုကွန်ရက်၊ ပြောဆို ဆက်သွယ်မှုအပ်ပလီကေးရှင်းများ (ဥပမာ - Mastodon, Signal, Session။) | သင့်တင့်မျှတသောစျေး၊ လိုအပ်သူများ အသုံးပြု နိုင်ရမည်။ |
အဆင့် ၄ | ဖျော်ဖြေရေးနှင့် မလိုအပ်သော် လည်းအသုံးများသည့် အချက် အလက်များ | သာမန်၊ မြန်နှုန်းကို ကန့်သတ် ဝန်ဆောင်မှုပေးခြင်း။ | Video Streaming (YouTube, Netflix, TikTok)၊ Online Gaming၊ Non-Essential Social Media Browsing။ | သုံးလျင် သုံးသလောက် ကျသင့်သောစျေး၊ လိုအပ် သူများ အသုံးပြုနိုင်ရမည်။ |
အဆင့် ၅ | Bandwidth အလွန်စားသော လုပ်ဆောင်မှုများ | အကန့်အသတ်ရှိမှု၊ Off-Peak (ညသုံး ချိန်)တွင်သာ အသုံးပြုခွင့်။ | Software Update ၊ Cloud Backup (Google Drive, OneDrive,iCloud) ၊ Torrenting ၊ AI Computation များ။ | Bandwidth အကန့်အသတ် ဖြင့် ဒေတာ အနည်းအများ ပေါ်မူတည် ၍ကောက်ခံ သင့်သည်။ |
ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံနှင့်ပြန်လည်တည်ဆောက်ရေးတို့သည် အချို့ကဏ္ဍများတွင် အစရှာမရသော ကြက်ဥကြက်မပြဿနာ” ဖြစ်လာနိုင်သည်။ ဒစ်ဂျစ်တယ်ငွေကြေးများထူထောင်ခြင်း၊ ဒစ်ဂျစ်တယ်အိုင်ဒီနှင့်ဒစ်ဂျစ်တယ်ပြည်သူ့ဝန် ဆောင်မှုလုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ၏လိုအပ်ချက်မှာ ပိုမိုသိသာလာသည်။ ဥပမာ - တော်လှန်ရေးအင်အားစုများအနေဖြင့် အမှီခိုကင်းသော ငွေကြေးစနစ်များတည်ထောင်မည်ဆိုပါက ယေ ဘုယျအားဖြင့် သမားရိုးကျငွေစက္ကူရိုက်နှိပ်ခြင်း(Money Printing)နှင့် ဒစ်ဂျစ်တယ်ငွေကြေး(Digital Currency)တည် ထောင်ခြင်းနည်းလမ်းနှစ်သွယ်ရှိသည်။ သမားရိုးကျငွေကြေးရိုက်နှိပ်ခြင်းမှာ အရင်းအနှီးအလွန် ကြီးမားသဖြင့် စီးပွားရေးအရ မည်သို့မျှတွက်ခြေမကိုက်၊ ကမ္ဘာ့နိုင်ငံများ၌ ငွေရိုက်နှိပ်ရာတွင်အသုံးများသည့် Koenig & Bauer”၏ “Varijet 106”ကဲ့သို့သော ငွေစက္ကူရိုက်နှိပ်စက်တစ်လုံးသည် ယူရို ၄ သန်းခန့် တန်ကြေးရှိသည်။ စက်ချည်းသက်သက်ဖြစ်ပြီး ရိုက်နှိပ်မည့်ကုန် ကြမ်း၊ စက်ထိန်းသိမ်းခနှင့်လည်ပတ်ခများမပါဝင်သေးပေ။ အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်၏ ၂၀၂၄ အစီရင်ခံစာအရ ၂၀၂၄ တစ်နှစ်တည်းအတွင်း ငွေစက္ကူရိုက်ထုတ်ခြင်းအတွက်(၆၆၆.၅)သန်းကုန်ကျခဲ့သည်ဟု ဖော်ပြထားသည်။ အခြားတစ်ဖက်တွင် ဒစ်ဂျစ်တယ်ငွေကြေးများထူထောင်ခြင်းသည် ငွေစက္ကူရိုက်နှိပ်ခြင်းထက် အဆပေါင်းများစွာ သက်သာသည်။ သို့သော် မြန်မာနိုင်ငံအနှံ့အပြားတွင် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများမှာ ပျက်စီးလျက်ရှိပြီး၊ စစ်ရေးပဋိပက္ခများကြောင့် အင်တာနက်ပြတ်တောက်ခြင်းများသည် နေရာအနှံ့တွင် ဖြစ်ပေါ်လျက်ရှိသည်။ ဒစ်ဂျစ်တယ်ငွေကြေးလည်ပတ်သုံးစွဲရန် အများပြည်သူမှ အင်တာနက်ရယူသုံးစွဲနိုင်ခြင်းမရှိသည့်အချိန်တွင် အခက်အခဲကြီးကြီးမားမားရှိသည်။ ပြန်လည်ထူ ထောင်ရေးအတွက်လိုအပ်သော ပြည်သူ့အချက်အလက်ကောက်ခံမှု၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများတွင်လည်း ဒစ်ဂျစ် တယ်အခြေခံအဆောက်အအုံများပျက်စီးနေမှုက လုပ်ငန်းတွင်ကျယ်မှုကို အနှောင့်အယှက်ဖြစ်စေသည်။ ထို့ကြောင့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များတွင် အရေးပေးဆောင်ရွက်သင့်သည်။
အရှိန်အဟုန်ဖြင့်တိုးတက်လာသော စစ်ကောင်စီ၏ စောင့်ကြည့်ထောက်လှမ်းရေး နည်းပညာ(Surveillance Tech nology)အား တုံ့ပြန်ရန်အတွက် ဘလော့ခ်ချိန်း(Blockchain)နှင့်တတိယမျိုးဆက်ဝက်ဘ်(Web3)စသည့်နည်းပညာများအား လက်လှမ်းထားသင့်သည်။ တရုတ်နှင့်ရုရှားတို့၏နောက်ဆုံးပေါ် စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာများထောက်ပံ့မှု၊ ဒစ်ဂျစ်တယ်ရပ်ဝန်း၏အားသာချက်၊ အားနည်းချက်များအားနားလည်ပြီး အစိုးရအဆင့် စောင့်ကြည့်ထောက်လှမ်းရေးယန္တရားများအား ဗျူဟာကျကျအကောင်အထည်ဖော်ခြင်းတို့ကြောင့် စစ်ကောင်စီ၏စောင့်ကြည့်ထောက်လှမ်းရေးစွမ်းရည်သည် အာ ဏာသိမ်းပြီး(၄)နှစ်အတွင်း သိသိသာသာတိုးတက်လာသည်။ ဒုတိယမျိုးဆက်ဝက်ဘ်အခြေခံသမားရိုးကျတန်ပြန်နည်းပညာ (Conventional Circumvention Technology)များမှာ ငွေအား၊ လူအားနှင့်နည်းပညာအား အဆမတန်သာလွန်သော စစ်ကောင်စီ၏စောင့်ကြည့်ထောက်လှမ်းရေးနည်းပညာများအား စနစ်တစ်ခုလုံးအဆင့်(Systemic Level)တွင်ယှဥ်နိုင်ရန်အတော်ရုန်းကန်ရမည်။ ထို့ကြောင့်ဗဟိုထိန်းချုပ်မှုအားသာလာသော လက်ရှိအင်တာနက်အားစိန်ခေါ်ပြီး အနာဂတ်တွင် ဗဟိုထိန်းချုပ်မှုကင်းသော အင်တာနက်ရပ်ဝန်းကို ရည်မှန်းဖန်တီးသည့်ဘလော့ချိန်းနှင့်တတိယမျိုးဆက်ဝက်ဘ်စသော ဗဟိုချုပ် ကိုင်မှုကင်းသည့်နည်းပညာ(Decentralized Technology)များအား ပြန်လည်ထူထောင်ရေးတွင် မည်သို့အသုံးချသင့်သည်ဆိုသည်များကို ယခုချိန်ကတည်းက ခြေတစ်လှမ်းကြိုတင်လှမ်းထားသင့်သည်။
ထိုသို့် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများအား ပြန်လည်ထူထောင်ရာတွင် ကျားဖြန့်စစ်ဆင်ရေးများကြောင့် ဆက်သွယ်ရေးပစ္စည်းများအား ပိတ်ပင်ဖမ်းဆီးမှုများက ဆက်သွယ်ရေးကဏ္ဍပြန်လည်ထူထောင်ရေးအတွက် အဟန့်အတားကြီးကြီးမားမားဖြစ်စေနိုင်သည်ကိုလည်း သတိကြီးကြီးထားသင့်သည်။ အထူးသဖြင့် ထိုင်း၊ တရုတ်တို့နှင့်နယ်နိမိတ်ချင်းထိစပ်နေသောဒေသများတွင် ပိုခက်ခဲနိုင်သည်။ ကျားဖြန့်ဂိုဏ်းများအား ဝင်ရောက်စီးနင်းရာတွင် စတားလင့်ခ့်အပါအဝင် အခြားဆက်သွယ်ရေးပစ္စည်းများ အများအပြားသိမ်းဆည်းရမိကြသည်။ ကျားဖြန့်ဂိုဏ်းများမှာ အင်တာနက်အခြေပြုစီးပွားရေးဖြစ်သဖြင့် အင်တာနက်နှင့်ဆက်စပ်ပစ္စည်းများကို ဂရုပြုဖမ်းဆီးကြသည်မှစ၍ ဆက်သွယ်ရေးအခြေခံပစ္စည်းများ(ဥပမာ - Router, Range Extender, Network ကြိုးများ)ကိုပါ တရားမဝင်ရာဇဝတ်ပစ္စည်းများ အဖြစ်ပုံဖော်လာကြသည်။ ထို့ကြောင့်ဆက်သွယ်ရေးပစ္စည်းများဝယ်ရခက်လာပြီး၊ စျေးများပါထိုးတက်လာသည်။ ထိုင်း-မြန်မာနယ်စပ်တွင် နိုင်ငံအဆင့်အခြေခံအ ဆောက်အအုံများဖြစ်သည့် နိုင်ငံဖြတ်ကျော်ဖိုင်ဘာဆက်ကြောင်းများ(Transnational Fibre Optic Cables)ရှိသော် လည်း ကျားဖြန့်စစ်ဆင်ရေးများကြောင့် ထိုင်းဘက်မှ ဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုများကို ဖြတ်တောက်ပစ်ခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံရှိပြန်လည်တည်ဆောက်ရေးပြုလုပ်နေကြသည့်နယ်မြေများတွင် ရေအောက်ဖိုင်ဘာဆက်ကြောင်းများ မိမိဒေသတွင် မည်သည့်နေရာများတွင်တည်ရှိသည်၊ မည်သည့်နားမှဝင်၍ မည်သည့်နားမှထွက်သည်၊ မည်သည့်အိမ်နီးချင်းနိုင်ငံများနှင့်ထိစပ်လျက်ရှိသည်တို့ကို ကနဦးစစ်တမ်းများအနေဖြင့် ကောက်ယူထား ရှိသင့်သည်။
အာဏာသိမ်းမှု(၃)နှစ်မြောက်ခန့်တွင် အင်တာနက်ဖြတ်တောက်မှုကို တော်လှန်ရေးအဖွဲ့အစည်းအချို့ကပါ စစ်ကောင်စီကဲ့ သို့လုပ်ဆောင်လာသည်ကို လေ့လာတွေ့ရှိရသည်။ လုံခြုံရေးအကြောင်းပြချက်ဖြင့် အများအားဖြင့် လုပ်ဆောင်ကြသည်။ ဖက်ဒရယ်ဒီမိုကရေစီသို့ချီတက်နေသည့် ဒီမိုကရေစီလိုလားသောအဖွဲ့များအနေဖြင့် ဒစ်ဂျစ်တယ်အခွင့်အရေး၏အခြေခံအကျဆုံးအခွင့်အရေးဖြစ်သည့် အင်တာနက်ရယူသုံးစွဲနိုင်ခွင့်အား ကန့်သတ်မည်ဆိုလျင် အာဏာရှင်အဖြစ် မိမိတို့ကိုယ်တိုင်တစ်ဖန်ပြန်ဖြစ်ကိန်းရှိသည်။ ထို့ကြောင့် လုံခြုံရေးနှင့်အင်တာနက်အခွင့်အရေးနှစ်ဖက်ချိန်ဆပြီး လုပ်ဆောင်သင့်သည်။ စစ်ကောင်စီလက်ထက်တွင် ဒစ်ဂျစ်တယ်ဖိနှိပ်မှုတစ်ခုအဖြစ် အင်တာနက်ဖြတ်တောက်မှုများ တောက်လျှောက်ပြုလုပ်ခဲ့သည့်အ ခြင်းအရာအားသတိချပ်၍ လက်ရှိလွတ်မြောက်နယ်မြေများကို ထိန်းချုပ်ပိုင်ခွင့်ရရှိနေသော လက်နက်ကိုင်အဖွဲ့များ၊ နယ်မြေအသီးသီးရှိ စီမံခန့်ခွဲအုပ်ချုပ်နေသည့်အဖွဲ့များ၊ တော်လှန်ရေးကြားကာလစီမံအုပ်ချုပ်ရေးကောင်စီများအနေဖြင့် ဒစ်ဂျစ် တယ်အခြေခံအဆောက်အအုံများထူထောင်နေစဉ်နှင့် ပြန်လည်တည်ဆောက်နေစဉ်ကာလအတွင်း အင်တာနက်ဖြတ်တောက်မှုများ မည်သည့်အကြောင်းပြချက်နှင့်မျှ မလုပ်ဆောင်မိရန် အထူးသတိထားသင့်သည်။ တစ်ကမ္ဘာလုံးတွင် အာဏာ ရှင်တို့၏အင်တာနက်ဖြတ်တောက်မှုများကိုခြုံကြည့်လျင် များသောအားဖြင့်အကြောင်းပြချက်မှာ လုံခြုံရေးဖြစ်နေသည်ကို တစ်ဖက်ကလည်း ဆင်ခြင်ရပါသည်။ သို့သော် အင်တာနက် ဖြတ်တောက်မှုကြောင့်ရလာသော အကျိုးအမြတ်ထက် ဆိုးကျိုးကပိုများလေ့ရှိသည်ဟု “Global Policy Journal”၏ “Digital Repression” စာစောင်တွင် ဖော်ပြထားသည်။ အင်တာနက်ဖြတ်တောက်မှုနှင့် တစ်ဖက်မှလှုမှုစီးပွားဆိုးကျိုးသက်ရောက်ခြင်းနှစ်ခုကြားက အာဏာရှင်တို့၏ဒစ်ဂျစ်တယ်ဝိရောဓိ (Dictators’ Digital Dilemma)သည် သတိကြီးကြီးထား ကိုင်တွယ်သင့်သော ကိစ္စတစ်ရပ်ဖြစ်သည်။
အချုပ်အားဖြင့်ဆိုရသော် မြန်မာနိုင်ငံ၏ပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များတွင် ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ ပြန်လည်ထူထောင်ခြင်းကိုအခြေပြု၍ အခြားကဏ္ဍများကိုပါဘက်စုံဖွံ့ဖြိုးလာစေရန် တစ်ပါတည်းလုပ်ဆောင်နိုင်သည်။ အကယ်၍လစ်လျူရှုထားပါက အခြားပြန်လည်ထူထောင်ရေးလုပ်ငန်းစဥ်များတွင် အဟန့်အတားဖြစ်လာနိုင်သည်။ ကျားဖြန့်စစ်ဆင်ရေးများကြောင့် အခြေခံဆက်သွယ်ရေးပစ္စည်းများဝယ်ယူမှု၊ အိမ်နီးချင်းနိုင်ငံများမှ အခြေခံအဆောက်အအုံများရယူသုံးစွဲနိုင်မှုတို့တွင် အခက်အခဲများရှိနိုင်ပြီး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်။ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံများ လက်ဝါးကြီးအုပ်ခံရမှုကို ကြိုတင်ကာကွယ်ရန်အနာဂတ်တွင် နည်းပညာအမျိုးအစား တစ်ခုတည်းပေါ်၌ အခြေမခံသော၊ ခံနိုင်ရည်မြင့်မားသော၊ ဗဟိုထိန်းချုပ်မှုလျှော့ချထားသော၊ ရပ်ရွာအခြေပြုဆက်သွယ်ရေးကွန်ရက်များပေါ်ပေါက်လာရန် ရည် ရွယ်တည်ဆောက်သင့်သည်။ လက်ရှိကွန်ရက်များကို အလုံးစုံပြန်လည်မထူထောင်နိုင်သေးမီ အများပြည်သူ၏သတင်းအ ချက်အလက်စားသုံးမှုပုံစံများကို သတင်းအချက်အလက်အမျိုးအစားခွဲဝန်ဆောင်မှုပေးခြင်းဖြင့်ထိန်းကျောင်းခြင်း၊ မီဒီယာနှင့်သတင်းအချက်အလက် သိနားလည်ခြင်းဆိုင်ရာ(Media and Digital Literacy)မြှင့်တင်ပေးခြင်းတို့ဖြင့်ဆောင်ရွက်နိုင် သည်။ ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ ပြန်လည်ထူထောင်ရေးကို မြန်မာနိုင်ငံအတွက် ဗျူဟာမြောက်ထိန်းကျောင်းနိုင်လျင် အကျိုးများမည်ဖြစ်ပြီး အသိဉာဏ်ကင်းမဲ့စွာ ပေါ့ပေါ့ဆဆနမော်နမဲ့ဆောင်ရွက်မည်ဆိုပါက အဟန့်အတားကြီးကြီးဖြစ် လာနိုင်သည့်ကဏ္ဍတစ်ခုပင်ဖြစ်ကြောင်း အလေးအနက်ထား ဆင်ခြင်စဉ်းစား သင့်သည်။
Recommended Citation Style - Myanmar Internet Project(2025, April 28)ဒစ်ဂျစ်တယ် အခြေခံအဆောက်အအုံနှင့်ပြန်လည်ထူထောင်ရေး မူဝါဒအကြံပြုချက်များ, https://www.myanmarinternet.info/my/post/digital_Infrastructure_and_rehabilitation_policy_recommendation
Comments