စစ်ကောင်စီ၏ ရွေးကောက်ပွဲအကြို အခင်းအကျင်းအား ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ဆိုင်ရာရှုထောင့်မှ မြေလှန်ကြည့်ခြင်း
- Myanmar Internet Project
- Aug 15
- 3 min read
နိဒါန်း
အထွေထွေရွေးကောက်ပွဲတစ်ရပ်ကို ၂၀၂၅ ခုနှစ်၌ ကျင်းပပြုလုပ်ရန် စစ်ကောင်စီက ကြွေးကြော်နေချိန်တွင် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခင်းအကျင်းသည် အတိတ်အချိန်များနှင့်ချိန်ဆကြည့်ပါက ပိုမိုရှုပ်ထွေးပြီး အန္တရာယ်များသောအခြေအနေသို့ ရောက်ရှိနေသည်မှာ ထင်ရှားသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တည်ငြိမ်မှုမရှိသေးသည့်အပြင် လက်နက်ကိုင်ပဋိပက္ခ များသည်လည်း နေ့စဉ်နှင့်အမျှ ဖြစ်ပွားနေသည်။
၂၁ ရာစု၏ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် မှတ်ကျောက်တင်နိုင်ရန်မှာ မဲပေးခြင်းလုပ်ငန်းစဉ် တစ်ခုတည်းအပေါ်တွင်သာ မတည်မှီပါ။ နိုင်ငံသားတိုင်းအတွက် အာမခံထားသော အခြေခံအခွင့်အရေးများအပါအဝင် ဒစ် ဂျစ်တယ်ခေတ်၏အခြေခံဖြစ်သော ဒစ်ဂျစ်တယ်အခွင့်အရေး(Digital Rights)များ မည်မျှပြည့်ဝမှုရှိနေသည်ဆိုသည့်အ ခြေအနေတွင်လုပ်ဆောင်ခဲ့သော ရွေးကောက်ပွဲဖြစ်သည်ဆိုခြင်းမှာလည်း အထူးသဖြင့် အရေးပါလှသည်။ (၁) သတင်းအ ချက်အလက်များကို လွတ်လပ်စွာရယူသုံးစွဲခွင့်(Right to Access Information)၊ (၂) အွန်လိုင်းပေါ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်(Right to Freedom of Expression Online)နှင့် (၃) ကိုယ်ရေးကိုယ်တာအချက်အလက်များ ၏လုံခြုံမှုနှင့်လွတ်လပ်ခွင့်(Right to Privacy)စသည့် အခြေခံဒစ်ဂျစ်တယ်အခွင့်အရေးများ အပြည့်အဝရှိနေမှသာလျှင် လူထု၏စစ်မှန်သော အသံနှင့်ဟန်တို့သည် ရွေးကောက်ပွဲလုပ်ငန်းစဉ်ပေါ်တွင် လွတ်လပ်စွာ စီးမျောခွင့်ရမည်။
သို့သော် ၂၀၂၅ နှစ်ကုန်ပိုင်း သို့မဟုတ် ၂၀၂၆ နှစ်ဆန်းပိုင်းတွင် ကျင်းပရန် စီစဉ်နေသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲအား ဒစ်ဂျစ်တယ်အခွင့်အရေးရှုထောင့်မှ မြေလှန်ကြည့်မည်ဆိုပါက ပြည်သူလူထု၏ဒစ်ဂျစ်တယ်အခွင့်အရေးများအား စနစ်တကျနင်းခြေပြီး အာဏာရှင်စနစ်တရားဝင်ဖြစ်အောင် ကြိုးပမ်းသည့်နိုင်ငံရေးပြဇာတ်တစ်ခုသာဖြစ်ကြောင်း ထင်ရှားစွာ မြင်တွေ့ရမည်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း အဖိနှိပ်ခံခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဆိုင်ရာပေးထားချက်များက ယင်းအခြေအနေကို ခိုင်မာစွာ သက်သေခံနေသည်။
သတင်းအချက်အလက် ရယူသုံးစွဲခွင့် ပျောက်ဆုံးခြင်း (သို့မဟုတ်)
ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်၏ပထမမဏ္ဍိုင် ပြိုလဲနေခြင်း
လွတ်လပ်သော ရွေးကောက်ပွဲ၏ပထမဆုံးလိုအပ်ချက်မှာ 'သိခွင့်' ဖြစ်သည်။ နိုင်ငံသားများသည် ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများနှင့် ယင်းပါတီတို့၏မူဝါဒသဘောထားများကို သတင်းအချက်အလက် ပြည့်စုံလုံလောက်စွာရရှိမှသာ မှန် ကန်သောဆုံးဖြတ်ချက်ကို ချနိုင်မည်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ဒစ်ဂျစ်တယ်ရပ်ဝန်းအပေါ် စစ်ကောင်စီ၏ရှုမြင်မှုနှင့်ဖိ နှိပ်မှုများသည် ယင်း “သိခွင့်” ကို အဟန့်အတား ဖြစ်စေသည်။
ဆုံးရှုံးသွားသော “သိမှု” ကြားက ပေးရခက်သော မဲတစ်ပြား
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းကာလ စတင်စဉ်မှ ၂၀၂၅ ခုနှစ်အထိ အင်တာနက်ဖြတ်တောက်မှု သတင်းများကို လစဉ်တွေ့မြင်ခဲ့ရသည်[၁]။ ယင်းအင်တာနက်ဖြတ်တောက်မှုများကိုသုံးသပ်ကြည့်ပါက အင်တာနက်ဖြတ်တောက်မှုသည် ယာ ယီအခြေအနေတစ်ရပ်မဟုတ်ပဲ ယင်းတို့၏အုပ်ချုပ်မှုအား ဆန့်ကျင်သောဒေသများကို အပြစ်ပေးရန်နှင့်ထိန်းချုပ်ရန်အ တွက် စနစ်တကျအသုံးပြုနေသော ရေရှည်မဟာဗျူဟာတစ်ခု ဖြစ်သည်။
စစ်ကိုင်း၊ မကွေး၊ ကချင်၊ ကရင်၊ ကယားနှင့်ရခိုင်ကဲ့သို့သော တော်လှန်ရေးအားကောင်းရာ တိုင်းဒေသကြီးနှင့်ပြည်နယ်များ တွင် အင်တာနက်နှင့်ဖုန်းလိုင်းများအား အချိန်ကြာမြင့်စွာ ဖြတ်တောက်ထားသည်ကို တွေ့ရသည်။ တစ်နည်းအားဖြင့် စစ် ကောင်စီ၏အုပ်ချုပ်ရေးယန္တရား လွှမ်းမိုးမှုမရှိသည့်ဒေသများတွင် ဆက်သွယ်ရေးကို အဓိကပစ်မှတ်ထား ဖြတ်တောက်သည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)က စုဆောင်းရရှိထားသည့်အချက်အလက်များအရ အာဏာသိမ်းမှုနောက်ပိုင်း မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် အင်တာနက်ပြတ်တောက်မှုအကြိမ်ပေါင်း(၄၀၀)ဝန်းကျင်အထိဖြစ်ပေါ်ခဲ့သည်[၂]။ ဤသို့သော အခြေ အနေ၏ရွေးကောက်ပွဲအပေါ်သက်ရောက်မှုမှာ အလွန်ကြီးမားသည်။ အင်တာနက်မရှိသော စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွာတစ်ရွာမှ မဲဆန္ဒရှင်တစ်ဦးသည် နိုင်ငံရေးပါတီများ၏မူဝါဒကို မည်သို့လေ့လာနိုင်မည်နည်း။ ရခိုင်ပြည်နယ်မှ ကိုယ်စား လှယ်လောင်းတစ်ဦးသည် ယင်း၏မဲဆန္ဒနယ်မြေအတွင်းရှိ ပြည်သူများနှင့်မည်သို့ထိတွေ့စည်းရုံးနိုင်မည်နည်း။ ယင်းသို့ ဆိုပါက အကန့်အသတ်ရှိသော သိမှုကြားတွင် မှန်ကန်သည့် မဲတစ်ပြားကို မည်သို့ ဆုံးဖြတ်နိုင်ပါမည်နည်း။
အားလုံးပါဝင်နိုင်ခွင့် ပျောက်ဆုံးခြင်း
ထို့အပြင် စစ်ကောင်စီကိုယ်တိုင်က မြို့နယ်(၃၃၀)အနက် (၂၆၇)မြို့နယ်တွင်သာ ရွေးကောက်ပွဲကျင်းပနိုင်မည်ဟု ပြောဆို ထားသည်[၃]။ ယင်းအချက်သည် နယ်မြေစိုးမိုးမှုမရှိခြင်းကို လှစ်ဟပြသနေသည်သာမက ယင်းဒေသများအတွင်းမှ ပြည်သူ များအား ရွေးကောက်ပွဲဖြစ်စဉ်မှ ထုတ်ပယ်မှုခံလိုက်ရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် နိုင်ငံသားများကို နှစ်မျိုးနှစ်စားကွဲသွား စေခြင်းဖြစ်သည်။ စစ်ကောင်စီ၏ထိန်းချုပ်မှုအောက်တွင်ရှိပြီး ရွေးကောက်ပွဲကျင်းပမည့်နေရာမှ နိုင်ငံသားများနှင့်တိုက်ပွဲများဖြစ်ပွားရာဒေသများတွင်နေထိုင်ပြီး အင်တာနက်နှင့်တကွ မဲပေးခွင့်ပါဆုံးရှုံးရမည့် နိုင်ငံသားများဟူ၍ဖြစ်သည်။ နိုင်ငံသားများ ၏သတင်းအချက်အလက်ရယူခွင့်ချိုးဖောက်ပြီး လူဦးရေအများအပြား မဲပေးခွင့်ဆုံးရှုံးနေသည့်အခြေအနေတွင် ပြုလုပ်သည့်ရွေးကောက်ပွဲအား တရားမျှတသော ရွေးကောက်ပွဲတစ်ခုအဖြစ် မည်သို့သုံးသပ်ရမည်နည်း။
သတင်းအချက်အလက် ပျောက်ဆုံးခြင်းနှင့်အဖြေခက်စေသော မေးခွန်းများ
ပြည်သူများက မည်သည့်အွန်လိုင်းမီဒီယာမှတစ်ဆင့် သတင်းရယူမည်နည်း။ မဲပေးသည့်နေ့တွင် မဲရလဒ်များကို မည်သို့ပွင့် လင်းမြင်သာစွာ စောင့်ကြည့်မည်နည်း။ မည်သူများက ရွေးကောက်ပွဲစောင့်ကြည့်၍ မည်သည့်ချန်နယ်များမှတစ်ဆင့် ရွေး ကောက်ပွဲဆိုင်ရာ သံသယဖြစ်ဖွယ်ရာများနှင့်မသမာမှုအခြေအနေများကို ပြည်သူလူထုထံ တိုက်ရိုက်အစီအရင်ခံနိုင်မည် နည်း။ ကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများနှင့်ယင်းပါတီတို့၏မူဝါဒများကို ခလုတ်တစ်ချက်နှိပ်ရုံ၊ မှန်သားပြင် (Screen)ကို လက်ဖြင့်တစ်ချက်သပ်ရုံနှင့်ရရှိရမည့်အခြေအနေတွင် အင်တာနက်ဖြတ်တောက်မှုများကြောင့် ထိုအချက်အ လက်“သိမှု”၏တပြေးညီခွင့်သည် ဝေးကွာသွားသည်။ တစ်မြေတည်းပေါ်တွင် သတင်းသိမှုရေပြင်ညီမရှိခြင်းသည် ရွေး ကောက်ပွဲ၏တရားမျှတမှုကို ကျရှုံးစေသည်။
တစ်နည်းအားဖြင့် သတင်းအချက်အလက်ရယူပိုင်ခွင့်ဆိုသော ဒစ်ဂျစ်တယ်လွတ်လပ်ခွင့် ပထမမဏ္ဍိုင်ပြိုပျက်နေခြင်းသည် မျှတသောရွေးကောက်ပွဲဟု ပြောဆိုနိုင်ရေးအတွက် ဝေးကွာနေစေသည်။
လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိတ်သုဉ်းနေခြင်း (သို့မဟုတ်)
ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်၏ဒုတိယမဏ္ဍိုင် ဖြိုချထားခံရခြင်း
ဒီမိုကရေစီ၏နှလုံးသွေးကြောသည် အစိုးရနှင့်အာဏာပိုင်တို့၏လုပ်ရပ်များကို လွတ်လပ်စွာ ဝေဖန်ထောက်ပြနိုင်ခြင်းဖြစ် သည်။ ထိုနှလုံးသွေကြောတို့မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှုနှင့်အတူ ရပ်တန့်သွားခဲ့သည်။ အာဏာသိမ်းစစ် ကောင်စီသည် ဒစ်ဂျစ်တယ်ရပ်ဝန်းမှဝေဖန်သံများကို ရာဇဝတ်မှုများအဖြစ် ပုံဖော်နှိမ်နင်းခဲ့သည်။
အမ်တားကီး(Enter Key)တစ်ချက်ဖြစ် ရာဇဝတ်မှု သင့်ခဲ့ရသူများ
အာဏာသိမ်းမှုနောက်ပိုင်း လူမှုကွန်ရက်ပေါ်မှာပြောဆိုရေသားမှုများအပေါ် ဆက်တိုက်ဖမ်းဆီးခဲ့မှုများသည် မှေးမိန်သွား သော လွတ်လပ်စွာထုတ်ဖော်ခွင့်၏အကျည်းတန်သော ပြယုဂ်ဖြစ်သည်။ စစ်ကောင်စီအသုံးပြုသည့် တယ်လီဂရမ်ချန်နယ် (Telegram Channel)၏ထုတ်ပြန်ချက်များကိုအခြေခံပြီး မြန်မာအင်တာနက်ပရောဂျက်(MIP)က စုဆောင်းထားသည့် အချက်အလက်များအရ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ဇူလိုင်လအထိ လူမှုကွန်ရက်ပေါ်မှတစ်ဆင့် စစ်ကောင်စီအားဝေဖန်သည့်ပို့စ် များရေးသားခြင်းနှင့်မျှဝေခြင်းကြောင့် ဖမ်းဆီးခံရသည့်အရေအတွက် ၁,၇၉၀ ခန့်ရှိသည်ကို တွေ့ရသည်။ အဆိုပါ ကိန်း ဂဏန်းသည် အင်တာနက်လက်လှမ်းမီသည့် မြို့ပြဒေသလူထု၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအသံကို ပိတ်ပင်ရန်ကြိုးစား နေကြောင်း ပြသနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ပွဲအတွက် အင်တာနက်ပေါ်မှတစ်ဆင့် ဆုတောင်းပေးမှုများပါ ဖမ်းဆီးအရေးယူမှုစာရင်း တွင်ပါဝင်နေခြင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုအပေါ် စစ်ကောင်စီ၏သဘောထားနှင့်ဆတ်ဆတ်ထိမခံဖြစ်မှုတို့ကို မီးမောင်းထိုးပြနေသည်[၄]။
သတင်းထောက်များ[၅]၊ အနုပညာရှင်များ[၆]နှင့်ဦးသိန်းစိန်အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့်ဝန်ကြီး[၇]အပါ အဝင် ဝေဖန်သူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်ဆက်သွယ်ရေးဥပဒေများအပါအဝင် ပုဒ်မမျိုးစုံဖြင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်နေခြင်းသည် ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန်နှင့်နိုင်ငံရေးတွင်မပါဝင်စေရန် ခြိမ်းခြောက်ခံရသည့် အခြေအနေများ ဖြစ်သည်။
ကြောက်ရွံ့မှုဖြင့် နှုတ်ဆိတ်စေခြင်း
မွေးနေ့ဆုတောင်းမှုအပါအဝင် အွန်လိုင်းပေါ်တွင် မိမိ၏ထင်မြင်ယူဆချက်များကိုပြောဆိုမိမှုကြောင့် ဖမ်းဆီးထောင်ချခဲ့သည့်ဖြစ်စဉ်များသည် မည်သူမဆို အချိန်မရွေးဖမ်းဆီးခံရနိုင်သည်ဟူသောကြောက်ရွံ့မှု(Chilling Effect)ကို ပြည်သူလူထုတစ် ရပ်လုံး၏စိတ်ထဲတွင် သိမ်မွေ့စွာရောက်ရှိသွားစေသည်။
ထို့အပြင် စစ်ကောင်စီက စိတ်ကြိုက်ရေးဆွဲခဲ့သည့် ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်စီးခြင်းမှကာကွယ်ပေးရေး ဥပဒေ၏အခန်း(၆)ပါ တားမြစ်ချက်များအရ စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲအပေါ် ဝေဖန်ပြောဆိုသူများသည် ပြင်း ထန်သည့်ထောင်ဒဏ်များဖြင့် အရေးယူခံရနိုင်ဖွယ်ရှိနေသည်[၈]။ ထိုဥပဒေကို ဇူလိုင်လ(၂၉)ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့က ပြဋ္ဌာန်းထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေကိုလည်း စစ်ကောင်စီက ပြီးခဲ့သည့် ဇူ လိုင်လ(၃၀)ရက်နေ့ကစတင်၍ကျင့်သုံးရန် ထုတ်ပြန်ခဲ့သည်[၉]။ ယင်းဥပဒေအရ ဗီပီအန်(VPN)ထူထောင်သူများအနေဖြင့် အနည်းဆုံး(၁)လမှအများဆုံး(၆)လအထိ ထောင်ဒဏ်ဖြစ်စေ၊ ကျပ်(၁၀)သိန်းမှ(၁၀၀)သိန်းအထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ် စလုံးဖြစ်စေကျခံရနိုင်သည်ဟု ထည့်သွင်းထားသည်ကို တွေ့ရသည်[၁၀]။ ယင်းဥပဒေပြဋ္ဌာန်းပြီးနောက် စစ်ကောင်စီကျော ထောက်နောက်ခံပြု လုံခြုံရေးဆောင်ရွက်သူများက ဗီပီအန်(VPN)အသုံးပြုသူများအား ဖမ်းဆီးမှုများ ပြုလုပ်လာသည်ကို တွေ့ရသည်[၁၁]။ ဥပဒေပါရေးသားချက်အရ ဗီပီအန်(VPN)သုံးစွဲသူများသည် ဗီပီအန်(VPN)ထူထောင်သူများမဟုတ်လေရာ ယင်းသည် ဥပဒေပါ စကားရပ်အရကြည့်လျှင် ဥပဒေကိုကျော်လွန်ဆောင်ရွက်ခြင်းဟု ကောက်ချက်ချနိုင်သည်။
သို့သော် မြေပြင်တွင် ဖြစ်ပေါ်နေသောအခြေအနေများအရ အင်တာနက်သုံးစွဲသူများအနေဖြင့် မိမိ၏ဖုန်းများတွင် ဗီပီအန် (VPN)ထည့်သွင်းအသုံးပြုမှုသည် အရေးယူခံရနိုင်သည်ဟူ၍ ကြောက်စိတ်ဖြစ်စေသည်။ လူသုံးများသည့် လူမှုကွန်ရက်များ အား တိုက်ရိုက်အသုံးပြုခွင့်မရရန် ပိတ်ပင်ခံထားရသည့်အခြေအနေသည် လူထုအားကြောက်ရွံ့မှုဖြင့် လူမှုကွန်ရက်ပေါ်သို့ ရောက်ရှိမှုအရေအတွက် လျော့ကျသွားစေနိုင်သည့်လုပ်ဆောင်ချက် ဖြစ်သည်။
ယင်းပြဋ္ဌာန်းချက်များသည့် စစ်ကောင်စီ၏ရွေးကောက်ပွဲအစီအစဉ်နှင့်အတူ ဆက်တိုက်ပြဋ္ဌာန်းမှုများဖြစ်လေရာ ရွေးကောက် ပွဲအား ဦးတည်သည့်ဖိနှိပ်မှုများကိုလုပ်ဆောင်ရန် ပြင်ဆင်မှုများဖြစ်သည်မှာ သိသာထင်ရှားသည်။ ဤကဲ့သို့သော ပတ်ဝန်း ကျင်တွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် နိုင်ငံရေးပါတီများသည် လူမှုကွန်ရက်မှတစ်ဆင့် မဲဆွယ်မှုများအတွက် အကန့်အသတ်ရှိသွားမည်။ လက်ရှိ စစ်ကောင်စီ၏ဆောင်ရွက်ချက်များအပေါ် ဝေဖန်ရဲမှုများ ပျောက်ဆုံးသွားမည်။ အများပြည်သူသည် မိမိတို့ ၏အခက်အခဲများအား အွန်လိုင်းပေါ်တွင် ရင်ဖွင့်ရဲတော့မည် မဟုတ်ပါ။
ထိုသို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်အခြေအတင်ဆွေးနွေးမှုများမရှိဘဲကျင်းပသော ရွေးကောက်ပွဲသည် အများပြည် သူ့ဆန္ဒကိုရွေးချယ်ခြင်းမဟုတ်ဘဲ အာဏာရှိသူ၏ပြောသမျှကိုအတည်ပြုပေးရသည့် အခမ်းအနားတစ်ခုသာဖြစ်ပေလိမ့်မည်။
ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ပျောက်ဆုံးခြင်း (သို့မဟုတ်)
ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်၏ တတိယမဏ္ဍိုင် ဖြိုချထားခံရခြင်း
လူတစ်ဦးချင်းစီ၏ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်များသည်လည်း စစ်ကောင်စီ၏အစုလိုက်အပြုံလိုက်စောင့်ကြည့်ရေးဗျူ ဟာတစ်ခုအဖြစ် အကောင်အထည်ဖော်လျက်သော အဆင့်မြင့်နည်းပညာများအောက်တွင် စောင့်ကြည့်ခံနေရသည်။
ဇီဝအချက်အလက်ကောက်ယူခြင်းမှတစ်ဆင့် အများပြည်သူအား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းခြင်း
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် လူတစ်ဦးခြင်းစီ၏ဇီဝအချက်အလက်များဖြစ်သည့် မျက်လုံးစကန်နှင့်လက်ဗွေများအပါအဝင် ကိုယ်ရေးအချက်အလက်များ အပြည့်အဝရရှိရေးအား အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်[၁၂]။ "ခေတ်မီနိုင်ငံတော်တည်ဆောက်ရေး"ဟူသောခေါင်းစဉ်အောက်တွင် ပြည်သူလူထုတစ်ရပ်လုံး၏ကိုယ်ရေးအချက်အလက် များကို ဗဟိုချုပ်ကိုင်မှုစနစ်ဖြင့်စုစည်းပြီး ပြည်သူတစ်ရပ်လုံး၏သွားလာလှုပ်ရှားမှုများကို နိုင်ငံရေးအရ စောင့်ကြည့်နိုင်ရေးအ ကောင်အထည်ဖော်မှုဖြစ်သည်။
အချက်အလက်ကောက်ယူရာတွင်လည်း မှန်ကန်မှုရှိစေရန်အတွက် တစ်ကိုယ်ရေသုံးဖုန်းနံပါတ်များ မှတ်ပုံတင်ရေးကိုပါတ ပြိုင်ထဲ ဖိအားပေးလုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်[၁၃]။ ထိုကဲ့သို့ပြုလုပ်ခြင်းအားဖြင့် စစ်ကောင်စီသည် ဒေတာဘေ့စ်နှစ်ခုမှ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီး အချက်အလက်မှန်ကန်မှု ရှိမရှိကို အတည်ပြုနိုင်မည်ဖြစ်သည်။
လူပုဂ္ဂိုလ်စိစစ်၊ စောင့်ကြည့်စနစ်(PSMS)အား ဆက်လက်အသက်သွင်းခြင်း
ဇီဝအချက်အလက်ကောက်ယူမှုအစီအစဉ် အောင်မြင်လာသည့်အခြေအနေတွင် စစ်ကောင်စီသည် ကောက်ယူထားသည့် အ ချက်အလက်များကို လူပုဂ္ဂိုလ်စိစစ်၊ စောင့်ကြည့်စနစ်(PSMS)အက်ပလီကေးရှင်းတွင်ထည့်သွင်းပြီး ယင်းတို့အလိုရှိနေသော နိုင်ငံရေးလှုပ်ရှားသူများနှင့်အကြမ်းမဖက်အာဏာဖီဆန်သူ(CDM)များအားရှာဖွေရန် လုပ်ဆောင်လာခဲ့သည်[၁၄]။ ၂၀၂၅ ခုနှစ် မတ်လမှမေလအထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူပုဂ္ဂိုလ်စိစစ်၊ စောင့်ကြည့်စနစ်(PSMS)မှတစ်ဆင့် ဖမ်းဆီးထား သူ ၁,၆၅၇ ဦးရှိသည်ဟု မန္တလေးတိုင်းရဲတပ်ဖွဲ့၏ပြောဆိုမှုအရ သိရသည်[၁၅]။ မြစ်သားမြို့နယ်တွင် လူပုဂ္ဂိုလ်စိစစ်၊ စောင့် ကြည့်စနစ်(PSMS)အသုံးပြုပြီး စစ်ဆေးမှုများပြုလုပ်နေသည်ဟု စစ်ကောင်စီ၏ပြန်ကြားရေးဝန်ကြီးဌာန(MOI)ဝက်ဆိုက်က တရားဝင်ထုတ်ဖော်ပြောကြားခဲ့သည်ကိုလည်း တွေ့ ရှိရသည်[၁၆]။
ယင်းသည် ပြည်သူများ၏လွတ်လပ်စွာသွားလာခွင့်ကို ဟန့်တားရုံသာမက၊ နိုင်ငံရေးအရလှုပ်ရှားမှုကိုလည်း အကြီးအကျယ် ခြိမ်းခြောက်နေသည့် ခြိမ်းခြောက်ချက်ဖြစ်သည်။ ထို့သို့သောအခြေအနေအောက်တွင် ကျင်းပမည့်ရွေးကောက်ပွဲ၏မျှတမှုအ ခြေအနေသည် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ရှုထောင့်မှကြည့်လျှင် မည်သို့မျှလက်ခံနိုင်ဖွယ်မရှိသောအခြေအနေဖြစ်သည်။
ဥပဒေများဖြင့် ပံ့ပိုးပေးခြင်း
စစ်ကောင်စီသည် အများပြည်သူအား စောင့်ကြည့်မှုများဆောင်ရွက်ရာတွင် ယင်းတို့စိတ်ကြိုက်ပြင်ဆင်ထားသည့် ဥပဒေများကိုကျင့်သုံးပြီး ပံ့ပိုးမှုပြုလုပ်နေသည်ကို တွေ့ရသည်။ ဇူလိုင်လ(၃၀)ရက်နေ့က စတင်ကျင့်သုံးရန် ပြဋ္ဌာန်းခဲ့သည့် ဆိုက်ဘာလုံ ခြုံရေးဥပဒေ၏ပေးထားချက်များအရ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများထံမှ သုံးစွဲသူများ၏အချက်အလက်များကို စိတ် ကြိုက်တောင်းခံနိုင်ရန် ပြဋ္ဌာန်းထားသည့်ပုဒ်မများပါဝင်သည်ကို တွေ့ရသည်[၁၇]။
ထို့အပြင် စစ်ကောင်စီမှ အမည်ပြောင်းဖွဲ့စည်းခဲ့သည့်‘စစ်ကော်မရှင်’အနေဖြင့် “နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ''ပါ ပုဒ်မ (၅)၊ (၇)နှင့်(၈)တို့ကိုရပ်ဆိုင်းထားရန် ဆက်လက်ပြဋ္ဌာန်းခဲ့သည်။ ထိုပြဋ္ဌာန်းချက်အရ ယင်းဥပဒေ ပုဒ်မ(၈)ပါ နိုင်ငံသားတို့၏ဒစ်ဂျစ်တယ်အကာအကွယ်များအဖြစ် မှတ်ယူနိုင်သည့် ဆက်သွယ်ရေးဆိုင်ရာကြားဖြတ်နားထောင်မှုများကို အကာအကွယ်ပေးနိုင်သည့်ပြဋ္ဌာန်းချက်နှင့်ဆက်သွယ်ရေးအော်ပရေတာများထံမှ အီလက်ထရောနစ်ဆက်သွယ်ရေးအချက်အလက်တောင်းယူခံရမှု အကာအကွယ်ပေးရေးဆိုင်ရာပြဋ္ဌာန်းချက်များ၏အကာအ ကွယ်မှာ ပျောက်ဆုံးသွားခဲ့သည်။ ရွေးကောက်ပွဲအတွက် ရည်ရွယ်ပြောင်းလဲဖွဲ့စည်းခဲ့သော စစ်ကော်မရှင်သည် စစ်ကောင်စီ ၏သဘောထားနှင့်တစ်ထပ်တည်းဖြစ်နေသည်ကို ထင်ရှားစေပြီး အမည်သာပြောင်း၍ မူမပြောင်းသော ဖြစ်ရပ်တစ်ခုအဖြစ် မှတ်ယူနိုင်သည်။
အထက်ပါ စောင့်ကြည့်ရေးဆိုင်ရာပြင်ဆင်ထားမှုများကြောင့် အများပြည်သူသည် "ငါတို့အမြဲ စောင့်ကြည့်ခံနေရသည်” ဟူ သော စိတ်ပိုင်းဆိုင်ရာဖိအားကို ရစေသည်။ ဤအခြေအနေတွင် ပြည်သူတစ်ဦးအနေဖြင့် မိမိ၏နိုင်ငံရေးယုံကြည်ချက်ကို လျှို့ဝှက်ထားရန် မဖြစ်နိုင်တော့ဘဲ လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်မည့်ယုံကြည်မှုမှာလည်း ဒစ်ဂျစ်တယ်အခွင့်အရေး၏အရေးပါသောမဏ္ဍိုင်တစ်ခုဖြစ်သည့် ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်နှင့်အတူ ရေစုန်မျောသွားခဲ့ပြီဖြစ်သည်။
နိဂုံးချုပ်
အနှစ်ချုပ်သုံးသပ်ကြည့်ရာတွင် စစ်ကော်မရှင်က ကျင်းပရန်ပြင်ဆင်နေသည့် ၂၀၂၅ ရွေးကောက်ပွဲသည် ဒီမိုကရေစီစံနှုန်း များနှင့်ကိုက်ညီသော လုပ်ငန်းစဉ်တစ်ခုမဟုတ်ဘဲ၊ ဒစ်ဂျစ်တယ်အခွင့်အရေးများအား စနစ်တကျချေမှုန်းဖျက်ဆီးခံထားရ သည့်အခြေအနေအောက်တွင် ယင်းတို့၏အာဏာတည်မြဲရေးအတွက် တရားဝင်မှုရရှိရန်ကြိုးပမ်းသော နိုင်ငံရေးလှည့်ကွက် တစ်ခုသာဖြစ်လာမည်။
သတင်းအချက်အလက်ရယူခွင့်ကို အင်တာနက်ဖြတ်တောက်မှုများဖြင့် ချိုးဖောက်ထားသည်။ လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့်ကို ဖမ်းဆီးမှုများ၊ ဖိနှိပ်သည့်ဥပဒေများဖြင့် ချေမှုန်းထားသည်။ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို အလုံးစုံစောင့် ကြည့်ရေးနည်းပညာများဖြင့် စနစ်တကျကိုင်တွယ်ထားသည်။
ဒစ်ဂျစ်တယ်အခွင့်အရေးမဏ္ဍိုင်ကြီးသုံးရပ်လုံး ပြိုလဲနေသည့်အခင်းအကျင်းအတွင်းကျင်းပမည့် မည်သည့်ရွေးကောက်ပွဲမ ဆိုအဓိပ္ပာယ်မဲ့ပြီး၊ ယင်းသည် မြန်မာနိုင်ငံ၏နိုင်ငံရေးအကျပ်အတည်းအား ဖြေရှင်းနိုင်မည်မဟုတ်ဘဲ ပဋိပက္ခများကိုသာ ပိုမို နက်ရှိုင်းစေမည်။
စစ်မှန်သော ဒီမိုကရေစီသို့ သွားရာလမ်းသည် ဒစ်ဂျစ်တယ်အမှောင်ခေတ်ဆောင်ကျဉ်း၍ မရနိုင်ပါ။ ပြည်သူအားလုံးအတွက် အခြေခံဒစ်ဂျစ်တယ်အခွင့်အရေးများ အပြည့်အဝအာမခံနိုင်သည့်၊ လွတ်လပ်ပွင့်လင်းသော လူ့အဖွဲ့အစည်းတစ်ရပ်ကို ပြန် လည်တည်ဆောက်ခြင်းဖြင့်သာ စတင်နိုင်မည်။
နိုင်ငံတကာအသိုင်းအဝန်းနှင့်ပါဝင်သူအားလုံးအနေဖြင့် ရွေးကောက်ပွဲ၏အပေါ်ယံအကာကိုသာမကြည့်ပဲ၊ ထောင့်ပေါင်းစုံမှ ထိုးနှက်ထားသည့် ဒစ်ဂျစ်တယ်အခွင့်အရေးဆိုင်ရာဖိနှိပ်မှုအခင်းအကျင်းအောက်တွင် ပြင်ဆင်နေသည့်ရွေးကောက်ပွဲ၏စစ် မှန်နိုင်မှုအခြေအနေကို မှန်ကန်စွာချိန်ဆနိုင်ရန် တိုက်တွန်းအကြံပြုအပ်ပါသည်။
ကိုးကားစာရင်း
[၁၆]မြစ်သားမြို့နယ်တွင် PSMS စနစ် အသုံးပြုပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု စစ်ကောင်စီ၏ MOI ဝက်ဆိုက်တွင် ဖော်ပြ
Recommended Citation Style - Myanmar Internet Project(2025, Aug 15)၊ စစ်ကောင်စီ၏ ရွေးကောက်ပွဲအကြို အခင်းအကျင်းအား ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ဆိုင်ရာရှုထောင့်မှ မြေလှန်ကြည့်ခြင်း၊ https://www.myanmarinternet.info/my/post/election_and_digital_rights
Comments