top of page

“အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း” အား ဒစ်ဂျစ်တယ်အခွင့်အရေးရှုထောင့်မှသုံးသပ်ခြင်း

  • Myanmar Internet Project
  • 14 hours ago
  • 1 min read

ဤလေ့လာသုံးသပ်ချက်သည် ဥပဒေပြုလုပ်ငန်းစဉ်၏တရားဝင်မှုကိုအသိအမှတ်ပြုခြင်း (သို့မဟုတ်) ဥပဒေကြမ်းအား ထောက်ခံသည်ဟု ဆိုလိုခြင်းမဟုတ်ပါ။ မြန်မာအင်တာနက်ပရောဂျက်(MIP)အနေဖြင့် ယခုဥပဒေမူကြမ်းအား ဒစ်ဂျစ်တယ်အခွင့်အရေး၊ စောင့်ကြည်ထောက်လှမ်းမှုများနှင့် မြန်မာနိုင်ငံ၏အပြန့်ကျယ်သော ဖိနှိပ်မှုဂေဟစနစ်တို့၏ရှုထောင့်မှနေ၍ လေ့လာထားခြင်းဖြစ်ပြီး အရပ်ဘက်ဝန်း ကျင်၊ ကိုယ်ရေးကိုယ်တာလုံခြုံမှု၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်သတင်းအချက်ရယူနိုင်ခွင့်များအပေါ် သက်ရောက်နိုင်သည့်လားရာများကို နားလည်စေရန် ဦးတည်ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။


အွန်လိုင်းငွေကြေးလိမ်လည်မှုများကြောင့် ကမ္ဘာတစ်ဝှမ်းလုံး ဒေါ်လာသန်းပေါင်းများစွာ ဆုံးရှုံးနစ်နာမှုများစွာ နှစ်စဉ်ကြုံတွေ့နေရသည်။ ယင်းကြောင့် “အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်း” တစ်ခုပေါ်ပေါက်လာသည်မှာ ကောင်း သောဘက်မှကြည့်လျှင် အပေါင်းလက္ခဏာဆောင်သော အခြေအနေတစ်ခုဖြစ်သည်။


သို့သော် ဥပဒေပါပြဋ္ဌာန်းချက်များကို ဒစ်ဂျစ်တယ်အခွင့်အရေးရှုထောင့်မှသုံးသပ်ကြည့်ပါက ပြင်းထန်သော စိုးရိမ်ဖွယ်ရာအ ချက်အလက်များပါနေကြောင်း တွေ့ရသည်။ 


ယင်းဥပဒေ၏ပုဒ်မ(၁၈)တွင် ဘဏ်နှင့်ငွေကြေးဆိုင်ရာအဖွဲ့အစည်းများ၊ အီလက်ထရောနစ်ငွေပေးချေမှုဝန်ဆောင်မှုပေးသူ များ၊ ဆက်သွယ်ရေးအော်ပရေတာများနှင့်အင်တာနက်ဝန်ဆောင်မှုပေးသူများသည် ဖလှယ်သောသတင်းအချက်အလက်များအား အွန်လိုင်းလိမ်လည်မှု မှုခင်းများတားဆီးနှိမ်နင်းရေးအတွက်သာ အသုံးပြုရမည်ဖြစ်ပြီး ကိုယ်ရေးအချက်အလက်ကာကွယ်မှုဆိုင်ရာ စံနှုန်းများနှင့်အညီ လုံခြုံစွာ ထိန်းသိမ်းရမည်ဟု ဖော်ပြထားသည်။



သာမန်အားဖြင့်ကြည့်ပါက ကောင်းမွန်းသောကန့်သတ်ချက်တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံရှိ အင်တာနက်အသုံးပြုသူများအား ကာကွယ်ပေးနိုင်သောကောင်းမွန်သည့် ကိုယ်ရေးအချက်အလက်ကာကွယ်ရေးဥပဒေများ ရှိမနေသည်ကို သတိပြုရန် လိုအပ်သည်။ ကိုယ်ရေးကိုယ်တာအချက်အလက်အကာအကွယ်များရရှိရေးအတွက် အနည်းအငယ်အထောက်အကူပြုသည့်ပြဋ္ဌာန်းချက်များပါဝင်သည့် “နိုင်လွှတ်လုံ”ဥပဒေပုဒ်မ(၈)သည် ယခုအချိန်အထိ ရပ်ဆိုင်းခြင်းခံထားရသည်မှာ ထင်ရှားသော သက်သေပင်ဖြစ်သည်။


ထို့အပြင် ပုဒ်မ(၁၈)ပါကန့်သတ်ချက်တွင် အကျုံးဝင်သောအဖွဲ့အစည်းများသည် ပုဂ္ဂလိက,ကဏ္ဍအတွက်သာ အဓိကကန့် သတ်ထားကြောင်းတွေ့ရပြီး ယင်းဥပဒေအား အကောင်အထည်ဖော်ရန် ဖွဲ့စည်းထားသည့် ပုဒ်မ(၅)ပါ ဝန်ကြီးဌာနများအပေါ် သက်ရောက်မှုမရှိသည်ကိုလည်း တွေ့ရသည်။ 


အခန်း (၉)၊ ပုဒ်မ(၂၆)တွင် ဘဏ်နှင့်ငွေကြေးအဖွဲ့အစည်းများအနေဖြင့် ပုံမှန်မဟုတ်သော ငွေကြေးစီးဆင်းမှု သို့မဟုတ် အွန်လိုင်းလိမ်လည်မှုဟု သံသယဖြစ်ဖွယ်ရှိသော ငွေကြေးလွှဲပြောင်းမှုများကို စိစစ်တွေ့ရှိပါက ဘဏ်ငွေစာရင်းများကို ဆိုင်းငံနိုင်သည့် အခွင့်အာဏာပေးထားသည်။ ထို့နောက် ပုဒ်မ(၂၇)တွင် ဗဟိုဘဏ်သို့ အကြောင်းကြားရမည်ဟု ဖော်ပြထားပြီး ပုဒ်မ (၂၈)တွင် ဗဟိုဘဏ်အနေဖြင့် ငွေစာရင်းကို ဆိုင်းငံခြင်း၊ ငွေစာရင်းအမှတ်နှင့်သက်ဆိုင်သည့်မှတ်တမ်းများကို သိမ်းဆည်းရန် အခြားသောအစိုးရအဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်နိုင်သည့်အခွင့်အာဏာ အပ်နှင်းထားကြောင်း တွေ့ရသည်။



သို့သော် မှားယွင်းပိတ်သိမ်းခံရပါက နစ်နာသူများအနေဖြင့် မည်သို့ချိတ်ဆက်ဖြေရှင်းရမည်တို့ကို ရှင်းလင်းစွာ ပြဋ္ဌာန်းမထား သည်ကို တွေ့ရသည်။ ကေပေး(Kpay)အကောင့်အပိတ်ခံရသည့်အတိတ်ဖြစ်ရပ်များတွင် နစ်နာသူများအနေဖြင့် ဘဏ်များသို့ သွားရောက်စုံစမ်းရာတွင် တိကျသော ဖြေရှင်းချက်များမရခဲ့သည့် ဖြစ်ရပ်များရှိခဲ့ရာ ယင်းသည် အွန်လိုင်းငွေကြေးဝန် ဆောင်မှုသုံးစွဲနေသည့် အသုံးပြုသူများအတွက် စိတ်ပူစရာအချက်တစ်ခု ဖြစ်နေသည်။



ပုဒ်မ (၄၀) (က) ၏ ပုဒ်မခွဲ (၂) တွင် “တစ်ရက်လျှင် ပုံမှန်မဟုတ်သော ဖုန်းခေါ်ဆိုမှုအကြိမ်ရေ အလွန်အမင်းများပြားသော ဆင်းကဒ်များကို အသုံးပြုခွင့်မပြုရ”ဟု ပြဋ္ဌာန်းထားသော်လည်း အလွန်အမင်းများပြားမှုဆိုသည်မှာ အကြိမ်ရေမည်မျှဖြစ် သည်ဟု ညွှန်းဆိုထားခြင်းမရှိသည်ကို တွေ့ရသည်။ 


ထိုထက်ပို၍ စိုးရိမ်စရာကောင်းသည့်အချက်များမှာ အခန်း (၁၃) အထွေထွေအခန်းတွင် ပါဝင်သည့် ပုဒ်မများဖြစ်သည်။



ပုဒ်မ ၅၉ (ခ)တွင် ပြဋ္ဌာန်းထားသည့် အိုင်ပီ(IP Address)၊ နိုင်ငံတကာမိုဘိုင်းကိရိယာအမှတ်အသား(IMEI)၊ ဘဏ်ငွေ စာ ရင်းအမှတ်နှင့်အစိုးရအဖွဲ့အစည်းတစ်ခုခုမှထုတ်ပေးသည့် စာရွက်စာတမ်းအထောက်အထား(Identity Document-ID) တို့ကိုစုစည်ပြီး အချိန်နှင့်တပြေးညီ ပေးပိုနိုင်သည့်စနစ် (Real-time Feed)သည် လူတစ်ယောက်ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောနည်းဖြင့်လှုပ်ရှားမှုအားလုံးကို စောင့်ကြည့်နိုင်သောအခြေအနေဖြစ်သည်။ အွန်လိုင်းလိမ်လည်သူများအတွက်ဟုဖော်ပြထားသော်လည်း လူထုအပေါ် အစုလိုက်အပြုံလိုက် ဒစ်ဂျစ်တယ်နည်းပညာသုံး စောင့်ကြည့်ခံရမှုနှင့် ကိုယ်ရေးကိုယ် တာလုံခြုံခွင့် ချိုးဖောက်ခံရမှုတို့ကို ဖြစ်ပေါ်စေနိုင်သည်။ 


ပုဒ်မ ၅၉ (က) တွင် ဖော်ပြထားသည့် တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသော ကွန်ပျူတာနှင့်အင်တာနက်အသုံးပြ၏ကျူးလွန် သောပြစ်မှုဖြစ်စဉ်များကို ပေါင်းစပ်ညှိနှိုင်းထားသော သတင်းအချက်အလက်မျက်နှာပြင်(Unified Dashboard)တည် ဆောက်, ဆောက်ရွက်မည်ဆိုသောအချက်သည် ဒစ်ဂျစ်တယ်အခွင့်အရေးရှုထောင့်မှကြည့်လျှင် လူတိုင်းကို သံသယ ရှိ/မရှိ မခွဲခြားဘဲ စောင့်ကြည့်ခြင်း၊ အွန်လိုင်းလှုပ်ရှားမှုများကို နောက်ကြောင်းလိုက်နိုင်ခြင်း၊ လူတစ်ဦးတစ်ယောက်၏ဒစ်ဂျစ်တယ်ခြေရာများကို စုစည်းထောက်လှမ်းနိုင်ခြင်းစသည့် စိုးရိမ်စရာများကို ဖြစ်ပေါ်စေသည်။ 


ထိုသို့ ဗဟို​ဒေတာစနစ်တည်ဆောက်နိုင်ရန်ပြဋ္ဌာန်းထားသည့် ပုဒ်မ(၅၉)ပါ ပြဋ္ဌာန်းချက်များကြောင့် အင်တာနက်သုံးစွဲ သူများသည် မိမိအားစောင့်ကြည့်နေသည်ဟူသော စိုးရိမ်ချက်များကြောင့် အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုမှုများ ကို မိမိကိုယ်တိုင်ဆင်ဆာဖြတ်တောက်မှု ပြုလုပ်လာမှုများ မြင့်မားလာစေသည်။ ယင်းသည် လူ့အခွင့်အရေး၊ ဒစ်ဂျစ်တယ်အခွင့်အရေးနှင့်ဒီမိုကရေစီ၏အခြေခံအုတ်မြစ်ဖြစ်သည့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ် ပြင်းထန်စွာ သက်ရောက်စေသည်။ 


ထို့အပြင် အချက်အလက်များ အလွန်အကျွံစုဆောင်းမှုသည် ဒစ်ဂျစ်တယ်အခွင့်အရေး၏အရေးကြီးသည့်မူဝါဒတစ်ခုဖြစ်သည့်အချက်အလက်များကို လိုအပ်သလောက်သာသိမ်းဆည်းရမည်ဆိုသည့် Data Minimization ကိုလည်း ထိခိုက်နေ သည်ကို တွေ့ရသည်။ 


ထို့ကြောင့် "အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်း"သည် အွန်လိုင်းပေါ်မှငွေကြေးလိမ်လည်မှုတိုက်ဖျက်ရေး အတွက်လိုအပ်သော ဥပဒေတစ်ရပ်ဖြစ်သော်လည်း ဒစ်ဂျစ်တယ်အခွင့်အရေးရှုထောင့်မှကြည့်လျှင် အင်တာနက်သုံးစွဲသူများအပေါ် ပိုမိုတင်းကြပ်စွာ စောင့်ကြည့်နိုင်သည့် စိုးရိမ်စရာ ပြဋ္ဌာန်းချက်များ ပါဝင်နေသည်ကို တွေ့ရသည်။



Recommended Citation Style - Myanmar Internet Project(2026, May 14),

“အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကြမ်း” အား ဒစ်ဂျစ်တယ်အခွင့်အရေးရှုထောင့်မှသုံးသပ်ခြင်း, https://www.myanmarinternet.info/my/post/online_fraud_draft_law_14_may_2026

Comments


bottom of page