၂၀၂၆ ခုနှစ် ဇန်နဝါရီလမှမတ်လအတွင်းလေကြောင်းတိုက်ခိုက်ခံရသောဒေသများ၏ဆက်သွယ်ရေးပြတ်တောက်မှုနှင့်ထိခိုက်မှု အစီအရင်ခံစာ
- Myanmar Internet Project
- 7 days ago
- 1 min read
နိဒါန်း
ဤအစီအရင်ခံစာတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှမတ်လအတွင်း အာဏာသိမ်းစစ်တပ်လုပ်ဆောင်ခဲ့သော လေကြောင်းတိုက် ခိုက်မှုဖြစ်စဉ်များအား စုစည်းလေ့လာ၍ ယင်းဒေသများ၏ ဆက်သွယ်ရေးရရှိနိုင်မှုအခြေအနေကို နှိုင်းယှဉ်သုံးသပ်ထားသည်။ ထို့အပြင် အင်တာနက်ပြတ်တောက်မှုနှင့်လေကြောင်းတိုက်ခိုက်ခံရမှုများကြောင့် ပဋိပက္ခဒေသများအတွင်း နေထိုင်ကြသည့် အရပ်သားပြည်သူများအပေါ် သက်ရောက်မှုများကိုလည်း ဤအစီရင်ခံစာတွင် လေ့လာဆန်းစစ်ထားပါသည်။
အချက်အလက်စုဆောင်းမှု
လေကြောင်းတိုက်ခိုက်ခံရမှုအချက်အလက်များအား ဒေသတွင်းအခြေပြု သတင်းဌာနများနှင့်လွတ်လပ်သော သတင်းမီဒီယာများတွင်ဖော်ပြသောသတင်းများမှအချက်အလက်များကို မြန်မာအင်တာနက်ပရောဂျက်(MIP)ကနေ့စဉ်ကောက်ယူစုဆောင်း ခဲ့သည်။
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှမတ်လအတွင်း လေကြောင်းတိုက်ခိုက်ခံရသောအရေအတွက်
မြန်မာအင်တာနက်ပရောဂျက်(MIP)၏မှတ်တမ်းများအရ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှမတ်လအတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း(၄၂၃)ကြိမ်ရှိခဲ့သည်။ ထိုမှတ်တမ်းတင်ထားသောဖြစ်စဉ်များအနက် လေကြောင်းတိုက်ခိုက်မှု(၄၀၆)ကြိမ်(၉၆ ရာ ခိုင်နှုန်းနီးပါး)သည် အင်တာနက်ဖြတ်တောက်မှုဒဏ်ခံနေရသောဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဆက်သွယ်ရေးပြတ်တောက်နေသော ဒေသများတွင် ကြုံတွေ့ခဲ့ရသည့် လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေများ
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံခဲ့ရသော အကြိမ်အရေအတွက်
စစ်ကိုင်းတိုင်းဒေသကြီးသည် လေကြောင်းတိုက်ခိုက်မှု(၁၉၆)ကြိမ်ဖြင့် အဆိုးရွားဆုံးထိခိုက်ခံစားခဲ့ရသည့်ဒေသဖြစ်သည်။ ယင်းနောက် မကွေးတိုင်းဒေသကြီး(၅၈ ကြိမ်)နှင့်ရခိုင်ပြည်နယ်(၄၄ ကြိမ်)တို့ဖြင့် ဆိုးရွားသောအခြေအနေတွင် ရှိနေပါသည်။ စုစုပေါင်း လေကြောင်းတိုက်ခိုက်မှု ဖြစ်စဉ်အားလုံး၏(၇၀)ရာခိုင်နှုန်းခန့်သည် စစ်အုပ်စုနှင့်စစ်ရေးပဋိပက္ခပြင်းထန်နေသည် အဆိုပါဒေသ(၃)ခုတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံရသော အကြိမ်အရေအတွက်
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်မှုကြုံတွေ့ခဲ့ရသော မြို့နယ်အရေအတွက်
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှမတ်လအတွင်း ရန်ကုန်နှင့်ဧရာဝတီတိုင်းဒေသကြီးမှအပ တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၂)ခုရှိ မြို့ နယ်ပေါင်း(၉၉)မြို့နယ်သည် လေကြောင်းတိုက်ခိုက်မှုများနှင့်ကြုံတွေ့ခဲ့ရသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ရသော မြို့နယ်အရေအတွက်
စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း(၂၇)ခု လေကြောင်းတိုက်ခိုက်ခံရသည့် ထိခိုက်မှုအများဆုံးဒေသဖြစ်သည်။ ယင်းနောက်တွင် မကွေးတိုင်းဒေသကြီး(၁၂ မြို့နယ်)နှင့်ရခိုင်ပြည်နယ်(၁၁ မြို့နယ်)တို့ဖြင့် ထိခိုက်မှုအခြေအနေရှိနေသည်။
လေကြောင်းတိုက်ခိုက်မှုများအတွင်း အရပ်သားသေဆုံးမှုအခြေအနေ
လေကြောင်းတိုက်ခိုက်မှု(၄၂၃)ကြိမ်အတွင်း အရပ်သား(၇၂၈)ဦး အနည်းဆုံးသေဆုံးခဲ့သည်။ သေဆုံးမှုအားလုံး၏(၉၄)ရာခိုင် နှုန်းနီးပါးသည် အင်တာနက်ဖြတ်တောက်ခံထားရသော ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသော ဒေသများအတွင်း အရပ်သားသေဆုံးမှုအခြေအနေ
သေဆုံးသူများထဲတွင် အမျိုးသမီး အနည်းဆုံး(၁၀၇)ဦး၊ ကလေး(၅၀)ဦးနှင့်သက်ကြီးရွယ်အို(၃၀)ဦး ပါဝင်သည်။ ဤအချက်အ လက်များကို ကြည့်ခြင်းအားဖြင့် ဆက်သွယ်ရေးအခက်အခဲနှင့်ရင်ဆိုင်နေရသောဒေသများတွင် နေထိုင်သည့်အရပ်သားများသည် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုအန္တရာယ် အရှိဆုံးအခြေအနေတွင် ရှိနေကြောင်း ပေါ်လွင်နေသည်။
မှတ်ချက် - အချို့လေကြောင်းတိုက်ခိုက်မှုများတွင် ဆက်သယ်ရေးအခက်အခဲကြောင့် သေဆုံးအရေအတွက် မသိရသည့်အတွက် ဖော်ပြပါအရေအတွက်ထက် မြေပြင်တွင် များစွာပိုနိုင်ပါသည်။ |
လေကြောင်းတိုက်ခိုက်မှုများကြောင့် အခြေခံအဆောက်အအုံထိခိုက်မှု အခြေအနေ
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှမတ်လအတွင်း စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှု(၄၂၃)ခုအတွင်း အခြေခံအဆောက်အအုံအ များအပြား ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည်။
ထိုပျက်စီးဆုံးရှုံးမှုများတွင် ဘုန်းတော်ကြီးကျောင်းအများအပြားအပါအဝင် ဘာသာရေးအဆောက်အအုံ(၂၂)ခု၊ ဆေးရုံနှင့်ဆေးခန်း(၁၃)ခုနှင့်စာသင်ကျောင်း(၁၇)ကျောင်းတို့ ပါဝင်သည်။
လေကြောင်းတိုက်ခိုက်မှုများအတွင်း အခြေခံအဆောက်အအုံ ထိခိုက်မှုအခြေအနေ
ဘုန်းကြီးကျောင်း(၂)ကျောင်းမှအပ အခြားအဆောက်အဦးအားလုံးသည် ဆက်သွယ်ရေးပြတ်တောက်နေသည့် ဒေသတွင်းတည်ရှိသော အခြေခံအဆောက်အအုံများဖြစ်သည်။ ဆေးရုံ/ဆေးခန်းကဲ့သို့ အခြေခံအဆောက်အအုံ ထိခိုက်စေမှုများသည် ဒေသခံလူထု၏နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကိုပါ သက်ရောက်စေသည်။
မှတ်ချက် - နေအိမ်၊ စျေးဆိုင် စသည့် အရပ်သားပိုင် အဆောက်အုံပျက်စီးမှုအများအပြားရှိသော်လည်း ယခုအစီအရင်ခံစာတွင် အရေအ တွက် အတိအကျ ရေတွက်နိုင်ခြင်းမရှိပါ။ |
နိဂုံးချုပ်
မြန်မာအင်တာနက်ပရောဂျက်(MIP)က လေ့လာဆန်းစစ်ထားသော အချက်အလက်များအပေါ်တွင် အခြေခံ၍ အောက်ပါအ ချက်အလက်များကို တွေ့ရှိရပါသည်။
ပဋိပက္ခဒေသများတွင်နေထိုင်သော လူထုသည် သတင်းစီးဆင်းမှုကို ကန့်သတ်ရန် ရည်ရွယ်သည့် ဆက်သွယ်ရေးဖြတ်တောက်မှုများနှင့်သာမက လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကိုပါ ကြီးမားစွာ ရင်ဆိုင်နေရသည်။
ထို့ကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသောဒေသများတွင် နေထိုင်ကြသည့် အရပ်သားပြည်သူများသည် ထိခိုက်ဒဏ်ရာရရှိမှုနှင့်သေဆုံးမှုအန္တရာယ်မြင့်မားသည့်အခြေအနေတွင် ရောက်ရှိနေကြသည်။
ဆေးရုံ/ဆေးခန်းနှင့်စာသင်ကျောင်းကဲ့သို့ အခြေခံအဆောက်အအုံများဖျက်ဆီးခံရမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပညာသင်ကြားခွင့် ရရှိနိုင်မှုအခြေအနေများကိုပါ အဟန့်အတားဖြစ်စေသည်။
Recommended Citation Style - Myanmar Internet Project(2026, April 20),
၂၀၂၆ ခုနှစ် ဇန်နဝါရီလမှမတ်လအတွင်းလေကြောင်းတိုက်ခိုက်ခံရသောဒေသများ၏ဆက်သွယ်ရေးပြတ်တောက်မှုနှင့်ထိခိုက်မှု အစီအရင်ခံစာ, https://www.myanmarinternet.info/my/post/airstrike_and_internet_shutdown_jan_mar_2026-1















Comments