ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်သည့်စနစ်(CEIR)နှင့် ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် သတိပြုသင့်သည်များ
- Myanmar Internet Project
- Mar 5
- 2 min read
Updated: Mar 6

စစ်ကော်မရှင်က မတ်လ (၅)ရက်တွင်ထုတ်ပြန်ခဲ့သော အသိပေးကြေညာချက်
စစ်ကော်မရှင်အနေဖြင့် မိုဘိုင်းလက်ကိုင်ဖုန်းများအပါအဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက်ပစ္စည်းများ၏မူရင်းအ မှတ်အသား(International Mobile Equipment Identity - IMEI)ကိုအသုံးပြုပြီး ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံစနစ် (Central Equipment Identity Register - CEIR)တွင်မှတ်ပုံတင်သည့်စနစ်ကို အကောင်အထည်ဖော်အသုံးပြုရန်ဆောင်ရွက်လာသည်ကို တွေ့ရသည်။
စစ်ကော်မရှင်၏ကြေညာချက်တွင် အခွန်ကောက်ခံရန်နှင့်တရားမဝင် တင်သွင်းမှုများကို တားဆီရန်ဟု ဖော်ပြထားသည်။
သို့သော် ဒစ်ဂျစ်တယ်လုံခြုံရေးရှုထောင့်မှသုံးသပ်ရသော် ယင်းမှတ်ပုံတင်စနစ်သည် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်ထက် များစွာပိုမိုသည့် စောင့်ကြည့်ရေးယန္တယားများကို နောက်ကွယ်တွင် ဖော်ဆောင်နိုင်ကြောင်းတွေ့ရသည်။
(၁) တည်နေရာ ခြေရာခံနိုင်မှု အန္တရာယ်ကြီးမားလာခြင်း
စစ်ကော်မရှင်၏ အီးအိုင်ဒီ(E-ID)လုပ်ငန်းစဉ်အရ နိုင်ငံသားအများစု၏ဇီဝအချက်အလက်များ ရရှိထားပြီးဖြစ်သည်။ ဆင်း ကဒ်(SIM)မှတ်ပုံတင်ပြုလုပ်စဉ်ကလည်း နိုင်ငံသားများ၏မှတ်ပုံတင်နံပါတ်များနှင့် ပြုလုပ်ခဲ့ပြီးဖြစ်သည်။ ယခု IMEI မှတ်ပုံ တင်ပြုလုပ်ချိန်တွင် ဆင်းကဒ်(SIM-Card)၊ မှတ်ပုံတင်နံပါတ်နှင့် IMEI တို့ ပေါင်းစပ်မိသွားပြီး မည်သူမည်ဝါသုံးစွဲနေသည် ကို အတိအကျ သိရှိသွားမည်။
ဖုန်းဆင်းကဒ်တစ်ခုသည် အနီးရှိ တာဝါတိုင်(၃)ခုဖြင့် အနည်းဆုံး ချိတ်ဆက်နေလေ့ရှိပါသည်။ ထို့ကြောင့် “Triangulation Method”ကိုအသုံးပြုပြီး သုံးစွဲသူရောက်ရှိနေသည့် အနီးစပ်ဆုံးနေရာကို ခြေရာခံနိုင်စွမ်း ပိုမိုမြင့်မားလာစေပါသည်။
(၂) အစုလိုက်အပြုံလိုက် စောင့်ကြည်ရန် လွယ်ကူလာခြင်း
CEIR အဖြစ်မှတ်ပုံတင်ထားရသောကြောင့် မည်သည့် IMEI များသည် မည်သည့်နေရာတွင် အများဆုံး စုဝေးနေသည်၊ မည်သည့်ဖုန်းနံပါတ်နှင့်အသုံးပြုနေသည်စသည့် MetaData များသည် အလွယ်တကူ စုဝေးသွားနိုင်ပါသည်။ ထိုအချက်အ လက်များကို အေအိုင်(AI) (သို့မဟုတ်) “Big Data Analysis”အသုံးပြုပြီး ပစ်မှတ်ထားစောင့်ကြည့်သူများ မည်သည့်နေရာ တွင် တစုတဝေးထဲ ရှိခဲ့ကြောင်း (သို့မဟုတ်) ပစ်မှတ်ထားစောင့်ကြည့်ခံရသူနှင့် မည်သည့် IMEI နံပါတ်များ အချိန်မည်မျှ ကြာအောင် ရှိခဲ့ကြောင်း စသည်တို့ကို ထောက်လှမ်းရန် လွယ်ကူသွားပါသည်။
(၃) ပစ်မှတ်ထား ပိတ်ဆို့ရန် လွယ်ကူခြင်း
IMEI မှတ်ပုံတင်စနစ် အကောင်အထည် မဖော်ခင်ကာလတွင် ဆင်းကဒ်ပိတ်ပင်ခံရလျှင်တောင် ဖုန်းအား ဝိုင်ဖိုင်(Wifi)ဖြင့် ဖြစ်စေ၊ ဆင်းကဒ်ပြောင်းလဲပြီးဖြစ်စေ အသုံးပြုနိုင်ပါသည်။ ယခုစနစ်အရ IMEI အားအခြေပြု ပိတ်ပင်လိုက်ပါက ယင်းဖုန်း သည် ယင်းတို့ထိန်းချုပ်ထားသည့်ကွန်ရက်အတွင်းရှိ ဆက်သွယ်ရေးစနစ်များဖြင့် အသုံးပြုနိုင်တော့မည်မဟုတ်ပါ။ နောက် ထပ် မိုဘိုင်းဖုန်းတစ်လုံးအသုံးပြုပါက ကုန်ကျစရိတ်များ တိုးမြင့်လာနိုင်သလို ခြေရာခံစနစ်အရ ထပ်မံပိတ်ပင်ခံရနိုင်ခြေ လည်း မြင့်မားပါသည်။ ထို့အပြင် မိုဘိုင်းဖုန်းတစ်လုံးထားရှိအသုံးပြုမည်ဆိုပါကလည်း မှတ်ပုံတင်ထားခြင်းမရှိသည့်အတွက် ရက်(၃၀)ကြာလျှင် မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များနှင့် ဆက်လက်အသုံးပြုခွင့်မရတော့ဘဲ ပိတ်ပင်ခြင်းခံရနိုင်ပါသည်။
(၄) မိုဘိုင်းဖုန်းအား ထိန်းချုပ်ဝင်ရောက်ခံရနိုင်ခြေ မြင့်မားခြင်း
IMEI စနစ်ဖြင့်မှတ်ပုံတင်ရာတွင် ဖုန်း၏မော်ဒယ်အမျိုးအစား၊ အမှတ်တံဆိပ်အပါအဝင် အခြားသော ဟာ့ဝဲလ်(Hardware) အမျိုးအစားများကိုပါ အလိုလျောက်သိမ်းဆည်းပြီးသားဖြစ်သွားပါသည်။ ယင်းအခြေအနေတွင် ပိုမိုမြင့်မားလာသည့်စိုးရိမ် ဖွယ်ကိစ္စတစ်ခုမှာ ဖုန်းအမျိုးအစားလိုက် ထိုးဖောက်ဝင်ရောက်နိုင်သည့်(Spyware)များရှိနေပါက အသုံးပြုသူအား အဝေးမှ ပစ်မှတ်ထား စောင့်ကြည့်ခံရနိုင်ခြေ ပိုမိုမြင့်မားလာနိုင်ပါသည်။
(၅) ဟက်ကာများ၏ ပစ်မှတ် ဖြစ်လာနိုင်ခြင်း
ယင်း IMEI မှတ်ပုံတင်အချက်အလက်များသည် မှတ်ပုံတင်သပ်သပ်မဟုတ်ပဲ လူတစ်ဦးချင်းစီ ကိုယ်ရေးအချက်အလက်အ စုအဝေးဖြစ်ရာ သိမ်းဆည်းထားသော ဒေတာဘေစ့်(Data Base)သဖွယ်ဖြစ်သည့်အတွက် ဟက်ကာများ၏ပစ်မှတ်ဖြစ်လာနိုင်ပါသည်။
လုံခြုံရေးအားနည်းချက်ကြောင့် ဖောက်ထွင်းဝင်ရောက်ခံရပါက ယင်းအချက်အလက်များသည် မှောင်ခိုစျေးကွက်အတွင်း ရောက်ရှိသွားပြီး ငွေကြေးလိမ်လည်မှု(Scams)နှင့်ကိုယ်ရေးအချက်အလက်ခိုးယူခံရမှုများ ဖြစ်ပေါ်လာနိုင်ပါသည်။ ယခုကဲ့ သို့ ငွေကြေးလိမ်လည်မှု(ကျားဖြန့်)များ များပြားနေသည့်ကာလတွင် ယင်းအချက်အလက်သည် စိုးရိမ်စရာအလွန်ကောင်းပါ သည်။
ကာကွယ်ရန် နည်းလမ်းများ
ထို့ကြောင့် သုံးစွဲသူများအနေဖြင့် အတတ်နိုင်စုံ ကာကွယ်မှုမျာကို ကြိုတင်ပြုလုပ်ရန် လိုအပ်ပါသည်။
(၁) ဆင်းကဒ်ဖြင့် တိုက်ရိုက်ဖုန်းခေါ်ဆိုမှုနှင့်စာတိုပေးပို့မှုများကို တတ်နိုင်သမျှ ရှောင်ပါ။ ဝိုင်ဖိုင်(Wifi)မှတစ်ဆင့် Signal ကဲ့ သို့ဝှက်စာစနစ်ပါသည့် အပ်ပလီကေးရှင်းများကို အသုံးပြု၍ ဆက်သွယ်ပါ။
(Signal အသုံးပြုနည်းလမ်းညွှန်ကို ဤနေရာ တွင် ရယူနိုင်ပါသည်။)
(၂) အရေးကြီးသည့်အချက်အလက်များ(ဓာတ်ပုံ၊ စာနှင့်အဆက်အသွယ်)ကို မိမိ၏ဖုန်းတွင် တိုက်ရိုက်မသိမ်းဘဲ လုံခြုံရေး ကောင်းမွန်သည့် Cloud Storage တစ်ခုခုတွင် သိမ်းဆည်းပါ။
(Cloud Storage အသုံးပြုနည်းလမ်းညွှန်ကို ဤနေရာတွင် ရယူနိုင်ပါသည်။)
(၃) လိုအပ်ချိန်တွင် Airplane Mode အသုံးပြုပြီး တာဝါနှင့်ယာယီအဆက်သွယ် ဖြတ်တောက်ပါ။ လုံခြုံရေးအရ ပိုမိုစိတ်ချ ရစေရန် Aluminium Foil များနှင့် ထုပ်ပိုး၍သိမ်းပြီး ဖုန်းနှင့်တာဝါတိုင်အကြားအဆက်သွယ် ဖြတ်တောက်ပါ။
(၄) IMEI မှတ်ပုံမတင်ထားသော မိုဘိုင်းကိရိယာ(Device)တစ်ခုကို ဆင်းကဒ်(Sim Card)ထည့်သွင်းအသုံးပြုခြင်းမရှိပဲ စိတ်ချရသည့် ဝိုင်ဖိုင်(WIFI)ဖြင့် ချိတ်ဆက်ပြီး အသုံးပြုပါ။
(၅) အက်ပ်(App)များ၏တည်နေရာတောင်းခံမှုနှင့် “Special permission”ကို မလိုအပ်ပါက ခွင့်မပြုပါနှင့်။
(၆) Two Step Verification(2FA)အသုံးပြုရာတွင် ဆင်းကဒ်(SIM SMS)ကိုမသုံးပဲ Google Authenticator ကဲသို့ စိတ်ချ ရသည့်နည်းလမ်းကို အသုံးပြုပါ။
(အသုံးပြုနည်းလမ်းညွှန်ကို ဤနေရာတွင် ရယူနိုင်ပါသည်။)
(၇) IMEI မှတ်ပုံမတင်မီ မိမိဖုန်းအတွင်းရှိ အရေးကြီးအချက်အလက်များကို လုံခြုံသည့်နေရာတွင် ပြောင်းလဲသိမ်းဆည်း ပြီး ဖုန်းအတွင်း အပြီးဖျက်ပစ်ပါ။ (လက်ရှိအသုံးပြုနေသည့် ဖုန်းများသည် အလိုလျောက်မှတ်ပုံတင်ပြုလုပ်သွားမည် ဖြစ် သဖြင့် အမြန်ဆုံးဆောင်ရွက်ရန်လိုအပ်သည်။)
(လုံခြုံရေးအရ ထိလွယ်ရှလွယ်သူများအတွက် အသေးစိတ်လေ့လာမှုများကို ဤနေရာတွင် ရယူနိုင်သည်။)
(၈) Android ဖုန်းများတွင် Encrypt ဖုန်းလုပ်ထားမထား စစ်ဆေးပြီး မပြုလုပ်ထားပါ ပြုလုပ်ပါ။ ဖုန်းအား Lock Screen မဖြစ်မနေပြုလုပ်ပါ။
(၉) လုံခြုံစိတ်ချရသည့် ဗီပီအန်(VPN)များကို အမြဲအသုံးပြုပါ။
(လိုအပ်သူများအနေဖြင့် drapac VPN ရယူနိုင်ပါသည်။)
(၁၀) မိမိအသုံးပြုသည့် “Device”များ၏ “Operation System, OS”နှင့်“Application”များကို အမြဲ“Update”ပြုလုပ်ပါ။ Play Store(Android)/ App Store(iPhone)ကဲ့သို့ စိတ်ချရသော နေရာများမှသာ “Application”များကို ထည့် သွင်းပါ။
*** အသိပေးချက် ***
ဤစာမျက်နှာမှာအကြောင်းအရာအချို့ကို ၂၀၂၆ ခုနှစ် မတ်လ(၆)ရက် မြန်မာစံတော်ချိန် နေ့လယ်(၁)နာရီတွင် ထပ်မံဖြည့် စွက်ပေးထားပါသည်။ ပိုမိုသိရှိရန်နှင့်အကူအညီရယူနိုင်ရန် (သို့မဟုတ်) နည်းပညာအရ အထောက်အထားပြနိုင်ရန် ဖြည့် စွက်ပေးထားခြင်းဖြစ်ပြီး အချက်အလက်အမှားအယွင်းကြောင့် မဟုတ်ကြောင်း အသိပေးအပ်ပါသည်။
Recommended Citation Style - Myanmar Internet Project(2026, March 5),
ဗဟိုမိုဘိုင်း စက်ပစ္စည်းသက်သေခံမှတ်ပုံတင်သည့်စနစ်(CEIR)နှင့်ဒစ်ဂျစ်တယ်လုံခြုံရေးအတွက် သတိပြုသင့်သည်များ, https://www.myanmarinternet.info/my/post/imei_code_and_ceir_in_myanmar




အစဉ်အမြဲလမ်းညွှန်မှု့ပးပါ