၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ
- Myanmar Internet Project
- 5 hours ago
- 5 min read

၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိကာလမှာ စစ်အုပ်စုအာဏာသိမ်းထားဆဲကာလဖြစ်သကဲ့သို့ ယင်းတို့အလိုကျ ပြင်ဆင်ထားသော အတုအယောင် ရွေးကောက်ပွဲအား ဖြတ်သန်းခဲ့ရသောကာလလည်းဖြစ်သည်။
အတုအယောင် ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုများနှင့်အတူ ရွေးကောက်ပွဲနှင့်ပတ်သက်သော အွန်လိုင်းပေါ်မှပြောဆိုရေး သားမှုများအပေါ် စောင့်ကြည့်ဖမ်းဆီးခြင်းများကို စစ်အုပ်စုက (၂၄)နာရီကာလပတ်လုံးပြုလုပ်ပြီး အရေးယူမှုများလည်းပြုလုပ်နိုင်ရန်ဆောင်ရွက်လာသည်ကို တွေ့ရသည်။ ထို့အပြင် အင်တာနက်ပြတ်တောက်မှုများနှင့်ပီအက်စ်အမ်အက်စ်(“Person Scrutinization and Monitoring System, PSMS)”အသုံးပြုစစ်ဆေးမှုများလည်း တိုးမြှင်ပြုလုပ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ ထိုသို့အင်တာနက်ဖြတ်တောက် ပိတ်ပင်မှုအခြေအနေများကြောင့် Freedom House ၏ Freedom on the Net 2025 အစီအရင်ခံစာတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနည်းတူ အင်တာနက်လွတ်လပ်ခွင့်အဆိုးဆုံးနိုင်ငံဖြစ်နေသည်ဟု ဆက်လက်ဖော်ပြထားခြင်းခံခဲ့ရသည်ကိုလည်း တွေ့ရသည်။
ယခုအစီအရင်ခံစာတွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ် စဉ်များနှင့်ပတ်သက်သောတွေ့ရှိချက်များကို စုစည်းဖော်ပြသွားမည်။
(၁) ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(၁.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(၁.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(၁.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကော်မရှင်၏လုပ်ဆောင်လာမှုအခြေအနေများ
(၁.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံ၏ဆက်သွယ်ရေးရပ်ဝန်းအတွင်း၌ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသည်ဟုအကြောင်းပြသော တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်အသုံးပြုရခက်ခဲသည့်အခြေအနေများ၊ စစ်ကောင်မရှင်၏စစ်ရေးရည်ရွယ်ချက်အရ ဆက်သွယ်ရေးဖြတ်တောက်မှုများအပြင် တော်လှန်ရေးအင်အားစုအချို့က လူထု၏အင်တာနက်အသုံး ပြုမှုအပေါ် ထိန်းချုပ်ကန့်သတ်မှုများလုပ်ဆောင်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။
(က) နည်းပညာပိုင်းဆိုင်ရာချို့ယွင်းချက်အကြောင်းပြသော
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်အသုံးပြုရခက်ခဲလာခြင်း
၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၁)ရက်နေ့၌ ပင်လယ်ရေအောက် ဖိုက်ဘာကေဘယ်လ် ချို့ယွင်းမှုကြောင့်ဟုဆိုကာ ရန်ကုန်မြို့အပါ အဝင် နိုင်ငံတစ်ဝန်းလုံးတွင် ဝိုင်ဖိုင်ဝန်ဆောင်မှုအားလုံးနီးပါး ပြတ်တောက်ခဲ့သည်။ ပြန်လည်အသုံးပြု၍ ရချိန်တွင်လည်း ဝိုင်ဖိုင်လိုင်းများဆက်လက်နှေးကွေးနေခဲ့သည်ကို အသုံးပြုသူများက ကြုံတွေ့ခဲ့ရသည်။ ထိုသို့အင်တာနက်လိုင်းများ နှေးကွေးလာပြီးနောက် လူသုံးများသော ဗီပီအန်(VPN)အများအပြားအသုံးပြု၍ မရတော့သည့်အခြေအနေများ ဆက်လက်ကြုံတွေ့ခဲ့ရသည်။ ထိုသို့ အင်တာနက်ပြတ်တောက်နှေးကွေးမှုအခြေအနေသည် စစ်ကော်မရှင်၏ရွေးကောက်ပွဲကာလကျော်လွန်မှသာပြန်ကောင်းမည်ဟု စစ်အုပ်စု၏နည်းပညာပိုင်းဆိုင်ရာဗိုလ်မှုးအဆင့်ရှိသူတစ်ဦး၏ပြောဆိုချက်အားကိုးကား၍ AAMIJသတင်းဌာနက သတင်းရေးသားဖော်ပြခဲ့သည်။
(ခ) စစ်ရေးနှင့်လုံခြုံရေးဗျူဟာအရ စစ်ကော်မရှင်၏အင်တာနက်ဖြတ်တောက်မှုများ
စစ်ကော်မရှင်က ပြုလုပ်သောအခမ်းအနားများတွင် ဂျန်မာများအသုံးပြုမှုကြောင့် လူထု၏ဖုန်းလိုင်းအသုံးပြုမှုများကို ထိခိုက်ခဲ့ရသည်။ ထို့အပြင် စစ်ရေးလှုပ်ရှားမှုပြုလုပ်မည့်အချိန်များတွင် ဖုန်းလိုင်းဖြတ်တောက်မှုများ စစ်အုပ်စုက လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ကထိန်ပွဲလှည့်လည်စဉ် စစ်ကောင်စီက ဂျန်မာများအသုံးပြုခဲ့ခြင်းကြောင့် ဒေသခံလူထုသည် ဖုန်းလိုင်းယာယီပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့တွင်လည်း စစ်ကောင်စီက ဖုန်းလိုင်းများဖြတ်တောက်ပြီး စစ်ကြောင်းထိုးမှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မောတောင်မြို့တွင် တိုက်ပွဲများဖြစ်ပွားပြီး ဖုန်းလိုင်းများဆက်သွယ်ရန်ခက်ခဲမှုများဖြစ်ပေါ်ခဲ့ပြီး လောင်းလုံမြိုနယ်တွင်လည်း စစ်ကြောင်းထိုးရန်ပြင်ဆင်နေစဉ် ဖုန်းလိုင်းများဖြတ်တောက်ခဲ့သည်ကို တွေ့ရသည်။ ထို့အ ပြင် တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ ဇာဒီရွာကို လျှပ်စစ်မီးဖြတ်တောက်လိုက်သဖြင့် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့ရသည်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မြောက်ဘက်ခြမ်းရှိ ကျေးရွာများကို ည(၇)နာရီမှစ၍ ဖုန်းနှင့်အင်တာနက် လိုင်းဖြတ်တောက်မှုများ ညစဉ်ပြုလုပ်နေသည်ကို တွေ့ရသည်။ အထက်ပါအခြေအနေများသည် သတင်းဆက်သွယ်ရေးအား ဗျူဟာမြောက်လက်နက်တစ်ခုအဖြစ် စစ်ကော်မရှင်က ကိုင်တွယ်အသုံးချနေကြောင်း ထင်ရှားသည့်သက်သေများဖြစ်သည်။
(ဂ) အင်တာနက်အသုံးပြုမှုအပေါ် တီအန်အယ်လ်အေ(TNLA)အဖွဲ့၏ ကန့်သတ်မှု
စစ်ကော်မရှင်၏အင်တာနက်ဖြတ်တောက်မှုများအပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော တီအန်အယ်လ်အေ (TNLA)ကလည်း ယင်းတို့ထိန်းချုပ်ထားရာ နမ္မတူမြို့တွင် စတားလင့်ခ့်(Starlink)အင်တာနက်အသုံးပြုမှုကန့်သတ်ခဲ့ပြီး စတားလင့်ခ့်ပိုင်ရှင်နှင့်ပစ္စည်းများအား ဖမ်းဆီးအရေးယူမှု ပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရသည်။
(၁.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများကို စစ်ကော်မရှင်က စောင့်ကြည့်ဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။ Data For Myanmar အဖွဲ့၏ထုတ်ပြန်ချက်အရ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၅ ခုနှစ် အောက်တိုဘာလအ ထိ လူမှုကွန်ရက်မီဒီယာပေါ်မှပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသူ စုစုပေါင်း(၁,၉၉၃)ဦးရှိသည်ဟု ဆိုသည်။
ယခုလအတွင်း အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများကြောင့် အမျိုးသား(၆)ဦးနှင့်အမျိုးသမီး(၃)ဦး စုစုပေါင်း(၉)ဦးအနည်း ဆုံး ဖမ်းဆီးခံခဲ့ရကြောင်း မြန်မာအင်တာနက်ပရောဂျက်(MIP)က အချက်အလက်များ စုဆောင်းထားနိုင်ခဲ့သည်။ ဖမ်းဆီးခံရသူများထဲမှ(၄)ဦးမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေ ပုဒ်မ၂၃(က)ဖြင့် ဖမ်းဆီးခံခဲ့ရသည်ကို တွေ့ရသည်။
ထို့အပြင် တောင်ဝိုင်းတောင်မြေဖြိုမှုဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကွန်ရက်မီဒီယာပေါ်တွင် ရေးသားခဲ့ခြင်းကြောင့် သာသနာနွယ်ဖောင်ဒေးရှင်းဆရာတော်နှင့်ကပ္ပိယ(၂)ဦးကိုလည်း စစ်ကောင်မရှင်ကဖမ်းဆီးခဲ့သည်။ ထိုသို့ဖမ်းဆီးခံရမှုအခြေအနေများ သည် စစ်ကော်မရှင်အောက်၌ နိမ့်ကျသွားသော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အခြေအနေကို မီးမောင်းထိုးပြနေသည့် ဖြစ်စဉ်များလည်းဖြစ်သည်။
(၁.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက်
စစ်ကော်မရှင်၏လုပ်ဆောင်လာမှုအခြေအနေများ
၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း အွန်လိုင်းနှင့်မြေပြင်အခြေအနေအရပ်ရပ်ကို ပိုမိုတင်းကြပ်စွာစောင့်ကြည့်နိုင်ရန် နည်းပညာအဖွဲ့များ ဖွဲ့စည်းခြင်း၊ ခရစ်တို(Crypto)ငွေကြေးသုံးစွဲမှုအပေါ် ဟန့်တားခြင်းနှင့်စစ်ဆေးရေးဂိတ်များတွင် ဒစ်ဂျစ်တယ်စနစ်များ တိုးမြှင့်အသုံးပြုခြင်းတို့ စစ်ကော်မရှင်က လုပ်ဆောင်ခဲ့သည်။
စစ်ကော်မရှင်သည် အင်တာနက်ပေါ်ရှိအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်အရေးယူနိုင်ရန်အတွက် ပြည်ထဲရေး ဒုဝန်ကြီးဦးဆောင်သော နည်းပညာကျွမ်းကျင်သူများနှင့်ကော်မတီများဖွဲ့စည်းကာ(၂၄)နာရီပတ်လုံးစောင့်ကြည့်နိုင်ရန်ပြင်ဆင်လာသည်။ စစ်ကော်မရှင်သည် ယင်းတို့နှင့်အမြင်မတူသော အွန်လိုင်းပေါ်မှာ ပြောဆိုမှုများအပေါ် ပိုမိုဖိနှိပ်ရန် ပြင်ဆင်လာသော ဆောင်ရွက်ချက်လည်းဖြစ်သည်။
စစ်ကော်မရှင်လက်အောက်ခံ ဗဟိုဘဏ်ကလည်း တရားဝင်ခွင့်ပြုမထားသော ဒီဂျစ်တယ်ငွေကြေး(Crypto Assets)များ ရောင်းဝယ်ခြင်း၊ လွှဲပြောင်းခြင်းနှင့်သိမ်းဆည်းခြင်းများ မပြုလုပ်ရန် သတိပေးချက်ထုတ်ပြန်ခဲ့ သည်။ ခြေရာခံရန်ခက်ခဲသော ဒစ်ဂျစ်တယ်ငွေကြေးစီးဆင်းမှုများကို ထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် ထိုသို့လုပ်ဆောင်ခြင်းဖြစ်သည်။
အတုအယောင် ရွေးကောက်ပွဲပိုမိုနီးကပ်လာသည်နှင့်အမျှ စစ်ဆေးရေးဂိတ်များတွင် ပီအက်စ်အမ်အက်စ်(PSMS, Person Scrutinization and Monitoring System)စနစ်ကိုအသုံးပြုဖမ်းဆီးမှုများ စစ်ကော်မရှင်က ပိုမိုလုပ်ဆောင်ခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းနောင်စစ်ဆေးရေးဂိတ်တွင် ပီအက်စ်အမ်အက်စ်(PSMS)စနစ်ဖြင့်စစ်ဆေးစဉ် အမျိုးသားတစ်ဦးဖမ်းဆီးခံခဲ့ရသည်ဟု People’s Voice က ဖော်ပြခဲ့သည်။
(၂) ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(၂.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(၂.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(၂.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက်
စစ်ကော်မရှင်၏လုပ်ဆောင်လာမှု အခြေအနေများ
(၂.၄) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
(၂.၅) စစ်ကော်မရှင်၏သတင်းစီးဆင်းမှုပလက်ဖောင်းများကို ဟန့်တားနိုင်ခဲ့မှုများ
(၂.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်လည်း ဆက်သွယ်ရေးဆိုင်ရာကန့်သတ်ထိန်းချုပ်သည့်အခြေအနေအချို့ ဆက်လက်ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ စစ်ကော်မရှင်ဘက်မှ အင်တာနက်လိုင်းများ ပြန်လည်ပြင်ဆင်ပြီးစီးမည့်အချိန် ထုတ်ပြန်ကြေညာချက်မှာ အတုအယောက်ရွေးကောက်ပွဲ ပထမအပိုင်းပြီးစီးချိန်နှင့်တိုက်ဆိုက်နေသည်ကို အထူးသဖြင့် တွေ့ရသည်။
(က) စစ်ကော်မရှင်၏ ဆက်သွယ်ရေးဝန်ဆောင်မှုများအပေါ် ကန့်သတ်ထိန်းချုပ်မှုများ
နိုဝင်ဘာလ(၁)ရက်နေ့မှစတင်ပြီး နှေးကွေးပြတ်တောက်မှုများနှင့်ကြုံတွေ့ရသောအင်တာနက်လိုင်းများ ပြန်လည်ပြင်ဆင်မှုမှာ ဒီဇင်ဘာလကုန်မှသာ ပြန်လည်ကောင်းမွန်လာမည်ဟု ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ ယင်းအချိန်မှာ စစ်ကောင်စီ၏ရွေးကောက်ပွဲ ပထမပိုင်းပြီးဆုံးမည့်အချိန်နှင့်တိုက်ဆိုင်နေသဖြင့် ထိုအင်တာနက်ပြတ်တောက်မှုအခြေအနေသည် အတုအယောင် ရွေးကောက်ပွဲကာလ သတင်းစီးဆင်းမှု ထိန်းချုပ်ရန်ရည်ရွယ်ချက်ကြောင့်ဟု ယူဆဖွယ် ရာဖြစ်နေသည်။ ထို့အပြင် အင်တာနက်ဖြတ်တောက်ထားသည့် ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် အစားထိုးသုံးစွဲနေသည့် စတားလင့်ခ့်(Starlink)စက်များကို စစ်ကော်မရှင်စစ်တပ်က လိုက်လံသိမ်းဆည်းခဲ့သည်။ သိမ်းဆည်းထားသောစက်များကို အ တုအယောင် ရွေးကောက်ပွဲပြီးမှသာ ပြန်ပေးမည်ဟု သတင်းဖော်ပြချက်များအရ သိရသည်။ ယင်းအခြေအနေသည် အတု အယောင် ရွေးကောက်ပွဲကာလအတွင်း သတင်းစီးဆင်းမှုအား ထိန်းချုပ်ကန့်သတ်ရန် စစ်ကော်မရှင်က ဆောင်ရွက်ခဲ့သည့်အ ခြေအနေများဖြစ်သည်။
(ခ) စစ်ရေးနှင့်လုံခြုံရေးအရ စစ်ကော်မရှင်၏ဆက်သွယ်ရေးဖြတ်တောက်မှုများ
စစ်ဆင်ရေးပြုလုပ်ချိန်တွင် ဒေသတွင်းလူထုအား သတင်းအမှောင်ချခြင်းထားရန်နှင့် ယင်းတို့၏ခေါင်းဆောင်ပိုင်း လုံခြုံရေးအတွက် ဆက်သွယ်ရေးဖြတ်တောက်သည့်နည်းလမ်းများအသုံးပြုခဲ့သည်ကိုလည်း တွေ့ရှိရသည်။
စစ်သူနာပြုသင်တန်းဆင်းပွဲတက်ရောက်ရန် ရန်ကုန်မြို့သို့ အာဏာသိမ်းစစ်အုပ်စု၏ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းလာရောက်စဉ် ‘Anti Drone-Guard’နှင့်‘Jammer’အသုံးပြုမှုကြောင့် မင်္ဂလာဒုံနှင့်မြောက်ဥက္ကလာပမြို့နယ်ရှိ ရပ်ကွက်အချို့တွင် ဖုန်းနှင့်အင်တာနက်လိုင်းများပြတ်တောက်ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်သို့ စစ်ခေါင်းဆောင်လာရောက်မည်ဟုဆိုသောကြောင့် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခဲ့သေးသည်။ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာများတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ဗန်းမောက်မြို့အနောက်ဘက်ခြမ်းတွင် အမ်ပီတီ(MPT)ဖုန်းလိုင်းများ ပြန်လည်အသုံးပြုနိုင်ခဲ့သည်ကို ဖြေလျော့မှုတစ်ခုအနေဖြင့် မြင်တွေ့ရသည်။
(ဂ) အင်တာနက်အသုံးပြုမှုအပေါ် တော်လှန်ရေးအင်အားစုများ၏ကန့်သတ်ချက်များ
တော်လှန်ရေးအင်အားစုများကလည်း အများပြည်သူ၏အင်တာနက်အသုံးပြုမှုအား သက်ရောက်စေသည့်ကန့်သတ်မှုတစ်ခု ပြုလုပ်ခဲ့သည်ကို ယခုလအတွင်း တွေ့ရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် အင်းတော်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က စစ်ရေးအခြေအနေအရ စတားလင့်ခ့်(Starlink)အင်တာနက်အသုံးပြုမှုကို ဒီဇင်ဘာလကုန်အထိ ပိတ်သိမ်းထားရန် ညွှန်ကြားခဲ့သည်ကို တွေ့ရသည်။ ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ နယ်တွင်လည်းအာရက္ခတပ်တော်(ULA/AA)ကဖုန်းဆက်ခွင့်များပိတ်ပင်ထားသည်မှာ(၃)လခန့်ရှိလာပြီဖြစ်သည်။
ထို့သို့ အင်တာနက်အသုံးပြုမှု အခက်အခဲပေါင်းစုံဖြင့် ကြုံတွေ့နေရချိန်တွင် အန်ယူဂျီ(NUG)ပြန်လည်ဖွဲ့စည်းမှုရှိခဲ့ရာတွင် ဆက်သွယ်ရေးဝန်ကြီးဌာနအား ချန်လှပ်ခဲ့သည်ကို တွေ့ရသည်။
(၂.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
ယခုလတွင်လည်း အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများအား စောင့်ကြည့်ဖမ်းဆီးမှုများကို စစ်ကော်မရှင်က ဆက်လက်ပြု လုပ်နေသည်ကို တွေ့ရသည်။ အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများကြောင့် အမျိုးသား(၁၈)ဦးနှင့် အမျိုးသမီး(၉)ဦး စုစု ပေါင်း(၂၇)ဦး အနည်းဆုံးဖမ်းဆီးခံခဲ့ရကြောင်း မြန်မာအင်တာနက်ပရောဂျက်(MIP)က အချက်အလက်များ စုဆောင်းထားနိုင်ခဲ့သည်။ ထိုသို့စောင့်ကြည့်အရေးယူရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူခံရသူ(၂၁)ဦးအထိပါဝင်ခဲ့သည်ကို တွေ့ရသည်။
စစ်အုပ်စုသည် တစ်ဖက်မှအင်တာနက်ပေါ်မှာပြောဆိုရေးသားမှုများကို စောင့်ကြည့်အရေးယူနေသလို တစ်ဖက်တွင်လည်း သတင်းမှားများ ထုတ်လွှင့်နေသည်။ စစ်ကော်မရှင်က စစ်ရေးအရလက်လွှတ်ခဲ့ရသောဒေသများတွင် ဝါဒဖြန့်ချန်နယ်များမှတစ်ဆင့်သတင်းမှားများဖြန့်ချိနေသည်ဟု Myanmar Fact Checking Networkက ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
(၂.၃) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက်
စစ်ကော်မရှင်၏လုပ်ဆောင်လာမှုအခြေအနေများ
ဒီဇင်ဘာလသည် စစ်ကော်မရှင်၏အတုအယောင် ရွေးကောက်ပွဲစတင်မည့်အချိန်ဖြစ်သည့်အတွက် နည်းပညာသုံးစောင့်ကြည့်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်စောင့်ကြည့်မှုအခြေအနေအပေါ် ကုလသမဂ္ဂလည်း သတိပေးမှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
(က) အတုအယောင်ရွေးကောက်ပွဲနှင့်ဆက်စပ်သော ဒစ်ဂျစ်တယ်စောင့်ကြည့်မှုများ
စစ်ကော်မရှင်သည် မဲရုံများတွင် အီလက်ထရောနစ်စနစ်သုံး၍ စောင့်ကြည့်မှုများပြုလုပ်နိုင်ခြေရှိကြောင်း ကုလသမဂ္ဂက သတိပေးခဲ့သည်။ အတုအယောင် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရန်ဝင်ရောက်လာမည့် နိုင်ငံခြားသားများကို မျက်ခြည်မ ပြတ်စောင့်ကြည့်ရန် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားခဲ့သည်။ အတုအယောင် ရွေးကောက်ပွဲနီးလာ သည့်ကာလများ၌ မန္တလေးမြို့တွင်လမ်းသွားလမ်းလာပြည်သူများ၏လက်ကိုင်ဖုန်းများကို စစ်ဆေးမှုများပိုမိုပြုလုပ်လာခဲ့သည်။
(ခ) ပီအက်စ်အမ်အက်စ်(PSMS)စနစ်အား တိုးမြှင့်အသုံးပြုလာမှုနှင့်နယ်စပ်ဖြတ်ကျော် ထိန်းချုပ်မှုများ
ရန်ကုန်မြို့၌ ဧည့်စာရင်းစစ်ဆေးရာတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏အချက်အလက်များကို ပီအက်စ်အမ်အက်စ်(PSMS)စနစ်ဖြင့် တိုက်ဆိုင်စစ်ဆေးရန် စစ်ကော်မရှင်က လုပ်ဆောင်လာသည်ကို တွေ့ရသည်။ ထိုင်းနိုင်ငံရောက် စီဒီအမ်(CDM)ဝန်ထမ်းများကို စီအိုင်(Certificate of Identity)စာအုပ်သက်တမ်းတိုးမပေးသဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစီဒီအမ် (CDM)လှုပ်ရှားမှုမှာပါဝင်ခဲ့ပြီး၊ အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် မြန်မာနိုင်ငံသားများ အခက်ကြုံခဲ့ရသည်။ ယင်းအခြေအနေသည် စစ်ကောင်စီက ဒစ်ဂျစ်တယ်မှတ်တမ်းများကို စနစ်တကျပြုစုထားပြီး ပြည်ပရောက်နိုင်ငံသားများအထိ ထိန်းချုပ်နိုင်ရန်ပြင်ဆင်နေမှု၏အထောက်အထားတစ်ခုလည်းဖြစ်သည်။ ထို့အပြင် သပိတ်ဦး ဆောင်သူများကိုဖမ်းဆီးရန် ဖုန်းကြားဖြတ်နားထောင်ခြင်း၊ ဖုန်းဆင်းကဒ်များကိုခြေရာခံထောက်လှမ်းခြင်း၊ စီစီတီဗွီမှတ်တမ်းများမှတစ်ဆင့်ခြေရာခံခြင်းစသော ဒစ်ဂျစ်တယ်နည်းပညာများ တိုးမြှင့်အသုံးပြုနေသည်ဟု သပိတ်အင်အားစုများက ထုတ် ဖော် ပြောကြားလာသည်။
(၂.၄) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
၂၀၂၅ ခုနှစ်အတွင်း စစ်ကော်မရှင်၏လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် သတင်းမီဒီယာသမားအချို့ ပြန်လည်လွတ်မြောက်လာခဲ့သ ကဲ့သို့ တစ်ဖက်တွင်လည်း သတင်းထောက်များအား ပြင်းထန်သောထောင်ဒဏ်များချမှတ်ခြင်းနှင့်ဥပဒေကြောင်းအရ ခြိမ်း ခြောက်မှုများ ဆက်လက်တည်ရှိနေသည်ကို တွေ့ရသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလက ဖမ်းဆီးခံခဲ့ရသည့် အလွတ်တန်းသတင်းထောက် မဆွတ်ရိန်ပန်(ကချင်တိုင်းရင်းသူ)ကို ရာဇ သတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နှင့်ထောင်ဒဏ်(၃)နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)နှင့်ထောင်ဒဏ်(၁၀) နှစ်ဖြင့် စုစုပေါင်းထောင်ဒဏ်(၁၃)နှစ် ချမှတ်ခဲ့သည်။
အတုအယောင် ရွေးကောက်ပွဲကာကွယ်သည့်ဥပဒေသည် သတင်းမီဒီယာများအတွက် ကြီးမားသောစိန်ခေါ်မှု ဖြစ်လာသည်။ စစ်ကောင်စီကပြဋ္ဌာန်းထားသည့် ရွေးကောက်ပွဲကာကွယ်သည့်ဥပဒေသည် သတင်းမီဒီယာများအပေါ်ခြိမ်းခြောက်နေကြောင်း သတင်းမီဒီယာအသိုင်းအဝိုင်းက ထုတ်ဖော်ပြောဆိုသည်။ ဤဥပဒေသည် ရွေးကောက်ပွဲဖြစ်စဉ်အပေါ် လွတ်လပ်စွာဝေဖန်ထောက်ပြနိုင်မှုအပေါ်သို့ပါ အကန့်အသတ် ဖြစ်နေသည်။ သတင်းစာဆရာ စည်သူအောင်မြင့်၊ ဘီဘီစီမီဒီယာအက်ရှင်မှ မထက်ထက်ခိုင်နှင့်သတင်းထောက်အချို့သည်လည်း လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
(၂.၅) စစ်ကော်မရှင်၏သတင်းစီးဆင်းမှုပလက်ဖောင်းများကို ဟန့်တားနိုင်ခဲ့မှုများ
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်းဖြစ်ပေါ်ခဲ့သည့်အခြေအနေများတွင် စစ်ကော်မရှင်၏သတင်းစီးဆင်းမှုအား ကန့်သတ်ဟန့်တားနိုင်မှုအချို့လည်း လုပ်ဆောင်နိုင်ခဲ့သည်ကို တွေ့ရသည်။
စစ်ကော်မရှင်၏ဝါဒဖြန့်ချိရေးအကောင့်များအား Twitch၊ Facebook၊ YouTube နှင့် MediaFire တို့က ဖယ်ရှားခဲ့သည်ဟု ‘Justice For Myanmar’အဖွဲ့က ထုတ်ပြန်သည်။ ထို့သို့ စစ်ကော်မရှင်၏ဝါဒဖြန့်အကောင့်များ ဖယ်ရှားခံရခြင်းမှာ ယင်းတို့၏တိုင်ကြားဆောက်ရွက်မှုကြောင့်ဖြစ်သည်ဟု ‘Justice For Myanmar’အဖွဲ့မှ ပြောကြားထားသည်။ ဩစတြေး လျနည်းပညာကုမ္ပဏီ Kick သည် တရားမဝင်မြန်မာစစ်အုပ်စု၏ဝါဒမှိုင်းဖြန့်အကောင့်များမှ တိုက်ရိုက်ထုတ်လွှင့်မှုစတင်ခဲ့ပြီး နာရီပိုင်းအတွင်းတွင်ပင် အဆိုပါအကောင့်များကို ဖယ်ရှားပိတ် သိမ်းခဲ့ဟု ‘Justice For Myanmar(JFM)’အဖွဲ့က ထုတ်ပြန်ခဲ့သည်။ မြန်မာစစ်တပ်ဝါဒဖြန့်ချယ်နယ် မြဝတီရုပ်မြင်သံကြား(MWD News)စာမျက်နှာသည်လည်း တစ်တော့ခ့် (TikTok)မှ ဖယ်ရှားခံခဲ့ရသည်။
(၃) ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
ယခုလသည် စစ်ကော်မရှင်၏အတုအယောင် ရွေးကောက်ပွဲ အပိုင်း(၂)နှင့်အပိုင်း(၃)ကျင်းပခဲ့သည့်လဖြစ်သည်။ ယခုလအ တွင်းတွင်လည်း အင်တာနက်ဖြတ်တောက်မှု၊ အွန်လိုင်းမှလွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုနှင့်သတင်းမီဒီယာလွတ်လပ်ခွင့်အ ပေါ်ဖိနှိပ်မှုများအပါအဝင် ဒစ်ဂျစ်တယ်ဖိနှိပ်မှုအများပြားလုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။
(၃.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(၃.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(၃.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက်
စစ်ကော်မရှင်၏လုပ်ဆောင်လာမှုအခြေအနေများ
(၃.၄) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
(၃.၅) စစ်ကော်မရှင်၏သတင်းစီးဆင်းမှုပလက်ဖောင်းများကို ဟန့်တားနိုင်ခဲ့မှုများ
(၃.၁) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
စစ်ရေးပြင်းထန်သည့်ဒေသများအား ပစ်မှတ်ထားသည့် ဆက်သွယ်ရေးဖြတ်တောက်မှုများကို စစ်ကော်မရှင်က လုပ်ဆောင်ကြောင်း တွေ့ရသကဲ့သို့ တော်လှန်ရေးအင်အားစုများက လုပ်ဆောင်သည့် ဆက်သွယ်ရေးဆိုင်ရာကန့်သတ်မှုအချို့လည်း ပေါ်ပေါက်ခဲ့သည်။
(က) စစ်ကော်မရှင်၏ဆက်သွယ်ရေးဝန်ဆောင်မှုများအပေါ် ကန့်သတ်ထိန်းချုပ်မှုများ
စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့တွင် စစ်ကော်မရှင်နှင့်တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများပြင်းထန်လာချိန်တွင် ဖုန်းလိုင်းများစတင်ဖြတ်တောက်ခဲ့ပြီး ဇန်နဝါရီ(၁၃)ရက်နေ့၌ ကသာမြို့တွင်းတွင်ပါ ဖုန်းလိုင်းများ လုံးဝပြတ်တောက်သွားခဲ့သဖြင့် စစ်ရှောင်များနှင့်ဆက်သွယ်ရန်ပါ ခက်ခဲလာခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ရေဖြူ၊ ထားဝယ်အရှေ့ဘက်ဒေသ၊ လောင်းလုံးနှင့် မြိတ်ဒေသ၊ ကျွန်းစုမြို့တို့တွင် ရွေးကောက်ပွဲအ ပိုင်း(၁)နှင့်(၂)ကြားကာလ၌ လေကြောင်းတိုက်ခိုက်မှုနှင့်အတူ အင်တာနက်လိုင်းများလည်း ဖြတ်တောက်ခံထားရသည်။ ထို့အပြင် ကချင်ပြည်နယ် မြစ်ကြီးနား၊ နမ္မတီး၊ မိုးကောင်း၊ မိုးညှင်းနှင့်ပူတာအိုမြို့နယ်ရှိ ရပ်ကွက်နှင့်ကျေးရွာအချို့တွင် မိုင်တဲလ် (Mytel)ဖုန်းလိုင်းများ ပြန်လည်ပြတ်တောက်သွားခဲ့သည်။
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာတွင် မင်္ဂလာဆောင်အခမ်းအနား ပြင်ဆင်ရန် လူများ စုဝေးနေချိန်တွင် စစ်ကောက်မရှင်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကြောင်း တွေ့ရသည်။ စစ်ကော် မရှင်၏အတုအယောင်ရွေးကောက်ပွဲ တတိယပိုင်းကျင်းပရန် နီးကပ်လာချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် အင်တာနက်များသုံးမရအောင် နှေးကွေးနေကြောင်း The People’s Voice က ဖော်ပြခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းရှိ အများပြည်သူ အင်တာနက်အသုံးပြုရာနေရာကိုလည်း စစ်ကောက်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့သည်။
(ခ) အင်တာနက်အသုံးပြုမှုအပေါ် တော်လှန်ရေးအင်အားစုများ၏ကန့်သတ်ချက်များ
ယခုလအတွင်း နေရာဒေသအနှံ့အပြား၌ ဆက်သွယ်ရေးဖြတ်တောက်မှုများကို စစ်ကော်မရှင်က ပြုလုပ်နေသလို တော်လှန် ရေးအင်အားစုများဘက်မှလည်း နေရာအချို့တွင် အများပြည်သူအသုံးပြုသော စတားလင့်(Starlink)ဝိုင်ဖိုင်စက်များကို သိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် အာရက္ခတပ်တော်(AA)က ပုဂ္ဂလိကပိုင် စတားလင့်ခ့်(Starlink)စက်များကို သိမ်း ယူခဲ့သည်။ အင်တာနက်ဖြတ်တောက်ခံထားရသော ရခိုင်ပြည်နယ် ရမ်းဗြဲဒေသခံများက အချိန်ပိုင်းအင်တာနက်ဝန်ဆောင်မှုအစီအစဉ်များပြုလုပ်ပေးရန် အာရက္ခတပ်တော်(AA)သို့ တောင်းဆိုမှုများ ရှိနေသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ် နဘားကျေးရွာတွင် စစ်ရေးအခြေအနေကြောင့်ဟုဆိုကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)နှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က စတားလင့်ခ့်(Starlink)ဝိုင်ဖိုင်စက်(၁၅)လုံးအား သိမ်းဆည်းခဲ့သည်ကို တွေ့ရသည်။
(၃.၂) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
အွန်လိုင်းမှပြောဆိုမှုများအား စစ်တပ်ထောက်ခံသောလော်ဘီများအကူအညီဖြင့် စစ်ကော်မရှင်က စောင့်ကြည့်မှုများဆက် လက်ပြုလုပ်နေသည်ကို တွေ့ရသည်။ အာဏာသိမ်းစစ်ခေါင်းဆောင်အား လူမှုကွန်ရက်မီဒီယာပေါ်တွင် ဝေဖန်ရေးသားသည်ဟု လော်ဘီများကလှုံ့ဆော်သောကြောင့် ထမင်းနှင့်ဟင်းချိုင့်ဆွဲ လပေးရောင်းချသည့် ဦးကြည်မျိုးဇော်(ခ)ဦးကြည်ကို ဖမ်းဆီးအရေးယူခဲ့သည်။
တစ်တော့ခ့်(TikTok)မှ အတုအယောင် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာတွင် “၂၀၂၁ အရေးတော်ပုံ”ဟုသုံးနှုန်းမိသဖြင့် ရွေး ကောက်ပွဲအပိုင်း(၁)တွင် သင်္ဃန်းကျွန်းမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်သူ့လွှတ်တော်အမတ်လောင်း ဦးလွင်မြင့်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၁)နှစ်ချမှတ် ခံခဲ့ရသည်။
အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများကြောင့် အမျိုးသား(၉)ဦးနှင့်အမျိုးသမီး(၄)ဦး စုစုပေါင်း(၁၃)ဦး အနည်းဆုံး ဖမ်းဆီးခံခဲ့ရသည်ကို မြန်မာအင်တာနက်ပရောဂျက်(MIP)က အချက်အလက်များစုဆောင်းထားနိုင်ခဲ့သည်။ ထိုသို့စောင့်ကြည့်အရေးယူရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူခံရသူ(၄)ဦးအထိ ပါဝင်ခဲ့သည်ကို တွေ့ရသည်။
(၃.၃) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက်
စစ်ကော်မရှင်၏ လုပ်ဆောင်လာမှုအခြေအနေများ
လူထုအား ခြေရာခံစောင့်ကြည့်မှုအား စစ်ကော်မရှင်က အရှိန်မပျက် ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။ လမ်းသွားလမ်းလာများ၏လက်ကိုင်ဖုန်းများအား မန္တလေးမြို့တွင် စစ်ဆေးမှုများ ပြန်လည်ပြုလုပ်လာသလို ရန်ကုန်-မန္တလေးလမ်းဟောင်းရှိ စစ်ကောင်စီ၏ရေနီမြို့စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသူတစ်ယောက်ချင်းစီကို ဓာတ်ပုံရိုက်ယူ၍ စစ်ဆေးမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။
စစ်ကော်မရှင်လက်အောက်ခံ ဗဟိုဘဏ်ကလည်း ငွေကြေးလွှဲပြောင်းမှုများကို အီးအိုင်ဒီ(e-ID)စနစ်နှင့်ဆင်းကဒ်မှတ်ပုံတင် (SIM- Registration)စနစ်တို့ဖြင့် ချိတ်ဆက်စောင့်ကြည့်နိုင်ရန် လုပ်ဆောင်နေသည်။ ကမ္ဘာရွှေစျေးလှုပ်ခတ်မှုကြောင့် ဒေါ် လာနှင့်မြန်မာငွေလဲလှယ်မှု တန်ဖိုးကျလာချိန်တွင် လူမှုကွန်ရက်မီဒီယာစာမျက်နှာတွင် တရားမဝင် နိုင်ငံခြားငွေကြေးများ ရောင်းချလဲလှယ်သည်ဟုဆိုကာ ဘဏ်အကောင့် ၁,၃၄၂ ခုကို စစ်ကောင်မရှင်က ပိတ်ပင်ခဲ့ကြောင်း ကြေညာခဲ့သည်။
အွန်လိုင်းအသုံးပြမှုအပါအဝင် မြေပြင်သွားလာလှုပ်ရှားမှုများအား အများပြည်သူအပေါ် စစ်ကော်မရှင်က စောင့်ကြည့်နေကြောင်း အထက်ပါဖြစ်ရပ်များက သက်သေခံနေသည်။
(၃.၄) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
အာဏာသိမ်းကာလ(၅)နှစ်အတွင်း သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေမှာ ဆက်လက်ဆုတ်ယုတ်နေစဲဖြစ်သည်။ စစ်ကော်မရှင်ဦးဆောင်ကျင်းပသည့် ရွေးကောက်ပွဲအား သတင်းသမားများအနေဖြင့် လွတ်လပ်စွာသတင်းယူခွင့်မရကြောင်း သ တင်းသမားများက ထုတ်ဖော်ပြောဆိုခဲ့သည်။ “သတင်းလာရောက်ယူတဲ့ သတင်းသမားတွေကိုလည်း မဲရုံပရဝဏ်မဟုတ်တဲ့ မဲ ရုံပြင်ပကတောင် ဓာတ်ပုံပေးမရိုက်တာကြောင့် အချို့သတင်းသမားတွေ အစောကြီးပြန်လာခဲ့ရတယ်”ဟု စစ်ကောင်စီရွေး ကောက်ပွဲအား ကော့မှူးမြို့တွင် သတင်းသွားရောက်ယူသူ သတင်းသမားတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံ၏အကျဉ်းထောင်အသီးသီးတွင် အမျိုးသမီးသတင်းသမား(၅)ဦးအပါအဝင် စုစုပေါင်း(၂၇)ဦးအား ဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)က ထုတ်ပြန်ကြေညာခဲ့သည်။
တစ်ဘက်တွင် လွတ်လပ်သော မီဒီယာများကို ဖိနှိပ်နေသကဲ့သို့ အခြားတစ်ဘက်တွင်လည်း ယင်းတို့၏ဝါဒဖြန့်မီဒီယာများအားအသုံးချပြီး လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်နေသည်။ စစ်ရာဇဝတ်မှုနှင့်လူအခွင့်အရေးချိုးဖောက်မှုများကို စစ်ကောင်စီဝါဒဖြန့်မီဒီယာများပေါ်မှနေ၍ ရည်ရွယ်ချက်ရှိရှိဖြင့် ဖုံးကွယ်ရန်ကြိုးစားနေသည်ဟု Myanmar Fact Checking Network ၏ အစီအရင်ခံစာတွင် ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
(၃.၅) စစ်ကော်မရှင်၏သတင်းစီးဆင်းမှုပလက်ဖောင်းများကို ဟန့်တားနိုင်ခဲ့မှုများ
ပြည်တွင်းအင်တာနက်အသုံးပြုမှုများကိုဖိနှိပ်၍ လူထု၏အွန်လိုင်ပေါ်မှပြောဆိုရေးသားမှုများကို စစ်ကော်မရှင်က အပြင်းအ ထန်ဖိနှိပ်နေချိန်တွင် လူ့အခွင့်အရေးအဖွဲ့များကလည်း နည်းလမ်းမျိုးစုံဖြင့် စစ်ကောင်စီ၏သတင်းစီးဆင်းမှုပလက်ဖောက်များအပေါ် တုန့်ပြန်နိုင်ရန် ကြိုးစားခဲ့ကြသည်ကို တွေ့ရသည်။
စစ်ကော်မရှင်၏ရှယ်ယာအများစုပါဝင်သော မိုင်တဲလ်(Mytel)တယ်လီကွန်အော်ပရေတာနှင့်ဆက်စပ်စာမျက်နှာ၊ အဖွဲ့စာ မျက်နှာ(Group)နှင့်အကောင့်ပေါင်း ၁,၀၀၀ ကျော်ကို ဖေ့ဘွတ်ခ့်(Facebook)မှဖယ်ရှားခဲ့သည်ဟု Justice for Myanmar အဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။ ဖြုတ်ချခဲ့ပြီးဖြစ်သည့်‘MRTV Friday Night Live Show’စာမျက်နှာနှင့်အတူ အဆိုပါ စာမျက်နှာများကို ဖေ့ဘွတ်ခ့်(Facebook)ထံ သတင်းပို့တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ယင်းတို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာစစ်တပ်၏စီးပွားရေးနှင့်ဝါဒဖြန့်ချိရေးအကောင့်ပေါင်း ၂၇၀ ကိုလည်း ဖေ့ဘွတ်ခ့်(Facebook) မှဖယ်ရှားခဲ့ဟု ‘Justice for Myanmar’အဖွဲ့က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ(၂၈)ရက်က ထပ်မံထုတ်ပြန်ခဲ့သည်။
Recommended Citation Style - Myanmar Internet Project(2026, February 14),
၂၀၂၅ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ကြုံတွေ့ခဲ့ရသောဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ, https://www.myanmarinternet.info/my/post/quarterly_nov_2025_jan_2026
