top of page
Myanmar Internet Project

DIGITAL COUP QUARTERLY (February 2021 to April 2021)

Updated: Aug 1, 2023







၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက် အာဏာသိမ်းမှုမှစတင်၍ အွန်လိုင်းရပ်ဝန်းနှင့် အွန်လိုင်းသုံးစွဲသူများအား ဖိနှိပ်မှုများကို စစ်ကောင်စီက ပြုလုပ်ခဲ့သည်။ သတင်းစီးဆင်းမှုဟန့်တားခံရခြင်း၊ လူတစ်ဦးခြင်းက ယင်းတို့၏ သဘောထားအမြင်ဖော်ပြမှုများဟန့်တားခံရခြင်း၊ စစ်အာဏာသိမ်းမှုဆန့်ကျင်သူများကိုဖိနှိပ်ခြင်း၊ အင်တာနက်ဖိနှိပ်မှုများပြုလုပ်နိုင်ရန် ဥပဒေများပြင် ဆင်ပြဌာန်းခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်း၊ လူမှုကွန်ရက်မီဒီယာများကို ပိတ်ပင်ခြင်း၊ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများကို တင်းကြပ်ခြင်းနှင့် အင်တာနက်သုံးစွဲခနှုန်းထားများကို မြှင့်တင်လိုက်ခြင်း အစရှိသည့် ကန့်သတ်ပိတ်ပင်ခြင်းများကို (၁)နှစ်တာကာလအတွင်း စစ်ကောင်စီက ကျူးလွန်ခဲ့သည်။ ထိုသို့ကျူးလွန်၍ ဒစ်ဂျစ်တယ်အခွင့်အရေးချိုးဖောက်ခဲ့သည်များ ကို လအလိုက်မှတ်တမ်းများပြုစု၍ စုစည်းဖော်ပြထားပါသည်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ် ဖိနှိပ်မှုဖြစ်စဉ်များ


ဖေဖော်ဝါရီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ် အနှစ်ချုပ်


(က) လူမှုကွန်ရက်မီဒီယာ(Social Media)အသုံးပြုမှုများကို စတင်ကန့်သတ်ခြင်း

(ခ) အင်တာနက်အသုံးပြုမှုအား တိုးမြှင့်ကန့်သတ်လာခြင်း

(ဂ) IP Address နှင့် URL များအား ပစ်မှတ်ထား၍ စတင်ပိတ်ပင်ကန့်သတ်ခြင်း

(ဃ) ညအချိန်၌ အင်တာနက်အသုံးပြုမှုများကို ထပ်မံကန့်သတ်ခြင်း

အာဏာသိမ်းမှုစတင်သည့် ဖေဖော်ဝါရီလ(၁)ရက်နေ့ မနက်(၁)နာရီမှ နေ့လယ်(၁)နာရီအတွင်းတွင် အင်တာနက်အသုံးပြုမှု သိသာစွာဖြင့် နှေးကွေးသွားခဲ့သည်။ ထိုအခြေအနေများဖြစ်ပေါ်ခဲ့သည်ကို မြန်မာနိုင်ငံအတွင်းရှိ အင်တာနက်သုံးစွဲသူများသည် သိသာထင်ရှားစွာဖြင့် ကြုံတွေ့ခံစားခဲ့ရပါသည်။


မြန်မာနိုင်ငံ၌ အင်တာနက်ကျဆင်းနှေးကွေးသွားသည့်အခြေအနေကို

ရိုက်တာသတင်းဌာနက ရက်အလိုက်ဖော်ပြထားသော အခြေပြဇယား


နေ့လယ်(၁)နာရီနောက်ပိုင်း၌ အင်တာနက်အသုံးပြုနိုင်မှုသည် ပုံမှန်ပြန်လည်သုံးစွဲနိုင်သည့်အခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဖေဖော်ဝါရီလ(၂)ရက်နေ့၌ အာဏာသိမ်းမှုကိုလက်မခံနိုင်သော အများပြည်သူသည် ကားဟွန်းများတီး၍ ဆန္ဒထုတ်ဖော်ခြင်းများကို စတင်ပြုလုပ်ခဲ့သည်။ ထို့အပြင် ထိုနေ့ည(၈)နာရီအချိန်တွင် သံပုံးတီး၍ ဆန္ဒထုတ်ဖော်ခြင်းပြုလုပ်ရန်အတွက် #voiceoutfordemocracy#myanmarcoup စသည့် (#)များကို အသုံးပြု၍ စည်းရုံးလှုံဆော်ခဲ့ကြသည်။


သံပုံးတီးကမ်ပိန်းအတွက် လူမှုကွန်ရက်မီဒီယာ(Social Media)ပေါ်မှ လှုပ်ရှားမှုပုံရိပ်

အာဏာသိမ်းပြီး ဒုတိယမြောက်နေ့တွင်ပင် မြန်မာပြည်သူများသည် အွန်လိုင်းဆက်သွယ်ရေး၏အပြန့်ကျယ်နိုင်စွမ်းနှင့် လျှင်မြန်ထိရောက်စွာ ဖြန့်ကျက်နိုင်စွမ်းအားကို ထိထိရောက်ရောက်အသုံးပြု၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ပါဝင်နိုင်သော သံပုံးတီးကမ်ပိန်းကဲ့သို့ ကမ်ပိန်းကိုပုံဖော်ခဲ့ကြခြင်းမှာ အာဏာရှင်များအတွက် တုန်လှုပ်စရာအခြေအနေတစ်ရပ်ဖြစ်ခဲ့သည်။


(က) လူမှုကွန်ရက်မီဒီယာ(Social Media)အသုံးပြုမှုများ စတင်ကန့်သတ်ခြင်း

အင်တာနက်အခြေပြု စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ အားကောင်းလာမှုကို ကန့်သတ်လိုသောစစ်ကောင်စီသည် မြန်မာနိုင်ငံတွင် အသုံးပြုမှုအများဆုံးနှင့် ရေပန်းအစားဆုံးလူမှုကွန်ရက်မီဒီယာ(Social Media)ဖြစ်သောဖေ့ဘွတ်ခ် (Facebook)ကို ဖေဖော်ဝါရီ(၇)ရက်နေ့အထိ ပိတ်ပင်ထားရန် စစ်ကောင်စီထိန်းချုပ်ထားသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ(၃)ရက်နေ့တွင် ညွှန်ကြားချက်ထုတ်ပြန်ပြီး International Gateway ဆောင်ရွက်ခွင့်ရရှိသူများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူများ(Internet Service Provider – ISP)များထံသို့ ပေးပို့ညွှန်ကြားခဲ့သည်။


















The Voice ဂျာနယ်နှင့် ဧရာဝတီသတင်းဌာနပါ ဖေ့ဘွတ်ခ်(Facebook)ကန့်သတ်ပိတ်ပင်မှုသတင်းဖော်ပြချက်

ထိုနေ့တွင် ၂၀၁၉ ခုနှစ် ဇွန်လကတည်းမှစတင်ခဲ့သည့် ရခိုင်နှင့် ချင်းပြည်နယ်ရှိ အင်တာနက်အသုံးပြုမှုကန့်သတ်ခံ ထားရသည့်များကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။ သို့သော်လည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သတင်းစီးဆင်းမှုကန့်သတ်ခံရသောနေ့ရက်အဖြစ် မှတ်တမ်းဝင်ခဲ့သော နေ့ရက်တစ်ခုဖြစ်ခဲ့သည်။ ထိုအခြေအနေနှစ်ရပ်ကို ချိန်ထိုးသုံးသပ်ကြည့်ပါက ရခိုင်နှင့် ချင်းပြည်နယ်ရှိ အင်တာနက်ကန့်သတ်မှုကို ပြန်လည်ဖြေလျော့ပေးခဲ့ခြင်းသည် စစ်ကောင်စီ၏ သဘောရိုးဖြင့်လုပ် ဆောင်သော ရည်ရွယ်ချက်တစ်ခုမဟုတ်ကြောင်းကို သိသာထင်ရှားစေသည်။

ထို့နောက် ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ဖေ့ဘွတ်ခ်(Faecbook)ကိုသာမက တွစ်တာ(Twitter)နှင့် အင်စတာဂရမ် (Instagram)တို့ကိုပါ ကန့်သတ်မှုများထပ်မံတိုးမြှင့်လုပ်ဆောင်ရန်အတွက် စစ်ကောင်စီထိန်းချုပ်ထားသည့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဋ္ဌာနမှ မြန်မာနိုင်ငံအတွင်း International Gateway ဆောင်ရွက်ခွင့်ရရှိသူများနှင့် အင်တာနက်ဝန်ဆောင်မှုပေးသူများ(Internet Service Provider – ISP)များထံသို့ ညွှန်ကြားခဲ့ကြောင်း တယ်လီနော(Telenor Myanmar)က ထုတ်ပြန်ကြေညာခဲ့ပါသည်။


လူမှုကွန်ရက်မီဒီယာ(social media)များဖြစ်သည့် ဖေ့ဘွတ်ခ်(Facebook)နှင့် တွစ်တာ(Twitter)တို့အား

တိုးမြှင့်ကန့်သတ်မှုနှင့်ပတ်သက်သော တယ်လီနောမြန်မာ၏ ထုတ်ပြန်ချက်

ထို့သို့ စစ်ကောင်စီက အချိန်တိုအတွင်း ဆက်တိုက်တိုးမြှင့်၍ ဟန့်တားသောလုပ်ဆောင်မှုများကို ကာကွယ်နိုင်ရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်စွဲဖြင့် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေများအရ အကာအကွယ်ပြုရန်လိုအပ်သော လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် သတင်းအချက်အလက်ရယူခွင့်တို့အား အကာအကွယ်ပေးရန် တယ်လီကွန်းများသို့ ပြည်တွင်းအခြေစိုက် အရပ်ဘက်အဖွဲ့အစည်းများက စုပေါင်းတောင်းဆိုမှုများကို ပြုလုပ်ခဲ့သည်။ သို့သော်လည်း စစ်ကောင်စီထိန်းချုပ်မှုအောက်တွင် မလူးသာမလွန့်သာဖြစ်နေသော တယ်လီကွန်းများအနေဖြင့် ပိုမိုကောင်းမွန်သည့်အခြေအနေတစ်ရပ်ကို မြန် မာနိုင်ငံသားများအတွက်ဖန်တီးပေးရန် အကန့်အသတ်ရှိခဲ့ပုံရပြီး တိုးတက်သည့်ဖြစ်စဉ်များကို တွေ့မြင်ရခြင်းမရှိခဲ့ပါ။

ပြည်တွင်းအခြေစိုက်အဖွဲ့အစည်းများမှ တယ်လီကွန်းများသို့ စုပေါင်းတောင်းဆိုမှုအား Aceess Now ၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြချက်

(ခ) အင်တာနက်အသုံးပြုမှုအား တိုးမြှင့်ကန့်သတ်လာခြင်း

အရပ်ဘက်လူမှုအဖွဲ့အစည်းများက တယ်လီကွန်များသို့ စုပေါင်းတောင်းဆိုသည့် အိတ်ဖွင့်ပေးစာပေးပို့သော ဖေဖော်ဝါရီလ (၆)ရက်နေ့တွင်ပင် စစ်ကောင်စီသည် နာရီ(၃၀)ကြာမြင့်သည့် အင်တာနက်ဖြတ်တောက်မှုကို ပြုလုပ်ရန်အတွက် ထပ်မံဆုံး ဖြတ်ခဲ့သည်။ ယင်းကာလတွင် လူထု၏လှုပ်ရှားမှုများသည်လည်း လမ်းမပေါ်အထိ အင်နှင့်အားနှင့် ရောက်ရှိလာသောကာလလည်းဖြစ်ရာ စစ်ကောင်စီသည် လူထု၏ဒီမိုကရေစီလှုပ်ရှားမှုလှိုင်းကို ကန့်သတ်နိုင်ရန်အတွက် အင်တာနက်အသုံးပြုမှုပိတ်ပင်မှုများကိုလည်း ပိုမိုလုပ်ဆောင်လာသည်ကို ဆက်တိုက်တွေ့လာရသည်။

(ဂ) IP Address နှင့် URL များအား ပစ်မှတ်ထား၍ စတင်ပိတ်ပင်ကန့်သတ်ခြင်း

ဖေဖော်ဝါရီ(၉)ရက်နှင့် (၁၀)ရက်နေ့များတွင် စစ်ကောင်စီသည်ယင်းတို့ပိတ်ပင်လိုသော “IP Address”များအား ပိတ်ပစ်ရန်အတွက် ညွှန်ကြားမှုများကို အင်တာနက်ဝန်ဆောင်မှုပေးသူများထံပေးပို့ခဲ့သည်ဟု ဘန်ကောက်ပို့စ်(Bangkok Post) သတင်းစာတွင်ဖော်ပြခဲ့သည့်အပြင် တယ်လီနော်မြန်မာအင်တာနက်စာမျက်နှာတွင်လည်း ဖော်ပြခဲ့သည်။ ထိုသို့ စစ်ကောင်စီသည် အင်တာနက်ပေါ်ရှိသတင်းပျံ့နှံ့မှုများကို ထိန်းချုပ်ရန်ကြိုးစားနေသလို မြေပြင်ရှိဆန္ဒထုတ်ဖော်သူများကိုလည်း ပြင်းထန်သောနှိမ်နင်းမှုများ တိုးမြှင့်လုပ်ဆောင်လာသည်။ အစိုးရရုံးစိုက်ရာနေပြည်တော်တွင် ဖေဖော်ဝါရီလ(၉)ရက်နေ့က ရဲတပ်ဖွဲ့၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် (၁၉)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးဖြစ်သောမြသွဲ့သွဲ့ခိုင်သည် ကျဉ်ဆန်ထိမှန်ခဲ့ပြီး(၁၉)ရက်နေ့တွင် ဒီမိုကရေစီတိုက်ပွဲအတွက် ပထမဆုံးအသက်ပေးသွားခဲ့ရသည်။

ထိုသို့ စစ်ကောင်စီ၏ဆက်တိုက်လုပ်ဆောင်လာသော အင်တာနက်အသုံးပြုမှုဆိုင်ရာထိန်းချုပ်ကန့်သတ်မှုများကြောင့် ဖေဖော်ဝါရီလ(၁၂)ရက်နေ့၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၏ (၂၉)ကြိမ်မြောက်အထူးအစည်းအဝေးကို ခေါ်ယူကျင်းပပြီး မြန်မာနိုင်ငံ၏အင်တာနက်အသုံးပြုမှုဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုများနှင့်စပ်လျှဉ်း၍ နိုင်ငံတကာလူ့အခွင့်အရေးနှင့်အညီ အင်တာနက်၊ ဆက်သွယ်ရေးနှင့် လူမှုကွန်ရက်မီဒီယာ(Social Media)များကန့်သတ်မှုများအပေါ် ရုပ်သိမ်းရန်တောင်းဆိုခဲ့ကြသည်။ သို့သော်လည်း လူ့အခွင့်အရေးဆိုင်ရာစံနှုန်းများကို တန်ဖိုးထားခြင်းမရှိသော စစ်ကောင်စီသည် ယင်းတောင်းဆိုမှုများကို လစ်လျှူရှုခဲ့သည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဝက်ဘ်ဆိုက်စာမျက်နှာတွင်တွေ့ရသော

မြန်မာနိုင်ငံအင်တာနက်ထိန်းချုပ်ကန့်သတ်မှုများနှင့် စပ်လျဉ်းသောတောင်းဆိုချက်

ထိုသို့ဖေဖော်ဝါရီ(၉)ရက်မှ (၁၄)ရက်အတွင်း ဆက်တိုက်ညွှန်ကြားပိတ်ပင်ခဲ့သော IP address နှင့် ဝက်ဘ်ဆိုဒ်များအား ပိတ်ပင်မှုတွင် လူ့အခွင့်အရေးဆိုင်ရာအချက်အလက်များကို မျှဝေပေးနေသောဝက်ဘ်ဆိုက်များအပါအဝင် ကိုဗစ် ၁၉ (Covid 19)ဆိုင်ရာအချက်အလက်များမျှဝေပေးနေသော ဝက်ဘ်ဆိုက်များပါ ပါဝင်ခဲ့ပြီး ယင်းအချိန်ကာလသည် မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉(Covid 19)တတိယလှိုင်း မစတင်မီကာလလည်းဖြစ်သည်။ မြန်မာနိုင်ငံသားများအတွက် အရေးကြီးသော ကျန်းမာရေးဆိုင်ရာသတင်းအချက်အလက်များ အချိန်နှင့်တပြေးညီရရှိနိုင်ရန် အရေးကြီးသောအချိန်ကာလတစ်ခုလည်း ဖြစ်နေသည်။


(ဃ) ညအချိန်၌ အင်တာနက်အသုံးပြုမှုများကို ထပ်မံကန့်သတ်ခြင်း

ထို့နောက် အာဏာသိမ်းစစ်ကောင်စီသည် အာဏာသိမ်းမှု လဝက်တာကာလဖြစ်သည့် ဖေဖော်ဝါရီလ(၁၅)ရက်နေ့တွင် တတိယအကြိမ်မြောက်ဖြစ်သည့် အင်တာနက်ပိတ်ပင်မှုကို ထပ်မံပြုလုပ်ခဲ့သည်။ မြန်မာတစ်နိုင်ငံလုံးရှိ အင်တာနက်သုံးစွဲသူ များသည် ည(၁၂)နာရီမှ မနက်(၉)နာရီအတွင်း အင်တာနက်အသုံးပြုနိုင်ခြင်း မရှိခဲ့သည်ကို တွေ့ရှိရသည်။


ရိုက်တာ(Reuter) သတင်းဌာနမှ ဖော်ပြထားသည့် မြန်မာနိုင်ငံ၏ အင်တာနက်ကာဖျူး ကာလပြ ဖော်ပြချက်

ဖေဖော်ဝါရီလ(၂၂)ရက်နေ့၌ ရန်ကုန်မြို့ရှိ အင်တာနက်အသုံးပြုသူများသည် နေ့လယ်(၁၂)နာရီဝန်းကျင်ခန့်မှသာ အင်တာနက်ပြန်လည်အသုံးပြုနိုင်ခဲ့သည်။ ထိုကဲ့သို့ အင်တာနက်အသုံးပြုမှုများကို စစ်ကောင်စီက ဟန့်တားကန့်သတ်ခဲ့မှုများ ပြု လုပ်ခဲ့သည်။ သို့သော်လည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများကို အရှိန်အဟုန်ဖြင့် ဆက်လက်တိုးမြှင့်၍ လုပ် ဆောင်လာပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြမှုများပါ ဆက်တိုက်ကြီးထွားလာနေခဲ့သည်။


၂၀၂၁ ခုနှစ် မတ်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ


မတ်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်


(က) စစ်ကောင်စီနှင့် စောင့်ကြည့်ရေးနည်းပညာပိုင်ဆိုင်ခြင်း

(ခ) အင်တာနက်သုံးစွဲမှုအား ပိုမိုကန့်သတ်လာခြင်း (မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှုအား ၂၄ နာရီ ပိတ်ပစ်ခြင်း)

(ဂ) အင်တာနက်ပြတ်တောက်မှု အကြောင်းပြချက်ဖြင့် အတိုင်ပင်ခံ၏ ရုံးချိန်းအားရွှေ့ဆိုင်းခြင်း


စစ်ကောင်စီသည် အာဏာသိမ်းမှုလုပ်ဆောင်ပြီးနောက်ပိုင်း ဆက်တိုက်ဆိုသလိုပင် အင်တာနက်အသုံးပြုခြင်းဖိနှိပ်မှုနှင့် သ တင်းအချက်အလက်စီးဆင်းမှု ကန့်သတ်ခြင်းများကို ထိန်းချုပ်ကိုင်တွယ်နိုင်ရန် ကြိုးပမ်းခဲ့သည်။ အာဏာသိမ်းမှု ဒုတိယမြောက်လတွင်လည်း ထိုသို့လုပ်ဆောင်မှုများကို ဆက်လက်လုပ်ဆောင်ကြောင်း တွေ့ရှိခဲ့ရသည်။

(က) စစ်ကောင်စီနှင့် စောင့်ကြည့်ရေးနည်းပညာပိုင်ဆိုင်ခြင်း

ထိုသို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် လွတ်လပ်စွာသတင်းစီးဆင်းမှုကန့်သတ်မှုများ ဆက်တိုက်တွေကြုံနေရချိန်၊ မတ် လ(၁)ရက်နေ့၌ နယူးယောက်ခ့်တိုင်းမ်(New York Time)သတင်းစာ၏ အင်တာနက်စာမျက်နှာဖော်ပြခဲ့သည့် အစ္စရေး နိုင်ငံထုတ် စောင့်ကြည့်ရေးဒရုန်းများ၊ အီးယူ(EU)နှင့် အမေရိကန်(American)ထုတ် မိုဘိုင်းဖုန်းနှင့် ကွန်ပျူတာများသို့ ထိုးဖောက်ဝင်ရောက်နိုင်သည့်ဆော့ဝဲလ်များအား အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ရရှိထားသည်ဆိုသည့် ဖော်ပြချက်သည် မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူများအတွက် ပိုမိုစိတ်ပူဖွယ်ရာအခြေအနေတစ်ခု ဖြစ်နေသည်။ ထိုသို့အကဲဆတ်သော ကာ ကွယ်ရေးဆိုင်ရာနည်းပညာများနှင့် လုံခြုံရေးနည်းပညာပစ္စည်းများကို ဝယ်ယူရေးအတွက် အရပ်သားအစိုးရနှင့် အာဏာခွဲ ဝေရယူစဉ် ကာလအတွင်း ဒီမိုကရေစီဘန်းပြလုပ်ဆောင်ခဲ့သည်ဟု ဝေဖန်သူများက ထောက်ပြသုံးသပ်သည့်အကြောင်းကိုလည်း သတင်းတွင်ဖော်ပြထားသည်ကို တွေ့ရသည်။

နယူးယောက်ခ့်တိုင်းမ်(New York Time)သတင်းစာမျက်နှာတွင် တွေ့ရှိရသည့်

စစ်ကောင်စီ၏ စောင့်ကြည့်ရေးနည်းပညာပစ္စည်းများ ပိုင်ဆိုင်ထားမှု သတင်းဖော်ပြချက်


(ခ) အင်တာနက်သုံးစွဲမှုအား ပိုမိုကန့်သတ်လာမှုဖြစ်စဉ် (မိုဘိုင်းဖုန်းဖြင့် အင်တာနက်သုံးစွဲမှုအား ၂၄ နာရီ ပိတ်ပစ်ခြင်း)

မတ်လ(၁၅)ရက်နေ့၌ ပိုမိုပြင်းထန်သောအင်တာနက်အသုံးပြုမှုကန့်သတ်ခြင်းတစ်ခုအဖြစ် အင်တာနက်အသုံးပြုမှုအားလုံးအား ည(၁၂)နာရီမှ မနက်(၉)နာရီအထိ ကန့်သတ်ထားရုံသာမက မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုမှုကို(၂၄)နာရီ ပိတ်ပစ်ခဲ့သည်။

မတ်လ(၁၅)ရက်နေ့ မိုဘိုင်းဖုန် အင်တာနက်ဖြတ်တောက်မှုဖြစ်စဉ်အား AccessNow မှ မှတ်တမ်းတင်ထားသည့် မှတ်တမ်း

မတ်လ (၁၅) ရက်နေ့ မိုဘိုင်းဖုန်းအင်တာနက်ဖြတ်တောက်မှုဖြစ်စဉ်အား အာရ်အက်ဖ်အေ(RFA)၏ သတင်းဖော်ပြချက်


(ဂ) အင်တာနက်ပြတ်တောက်မှု အကြောင်းပြချက်ဖြင့် အတိုင်ပင်ခံ၏ ရုံးချိန်းအားရွှေ့ဆိုင်းခြင်း

ထိုသို့ အာဏာသိမ်းစစ်ကောင်စီသည် အင်တာနက်ဖြတ်တောက်မှုများပြုလုပ်ထားစဉ်ကာလအတွင်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ မတ်လ(၁၅)ရက်နှင့် မတ်လ(၃၁)ရက်နေ့အထိ တရားရုံးချိန်းများအား အင်တာနက်ပြတ်တောက်နေသဖြင့် စစ်ဆေးနိုင်ခြင်းမရှိဟုဆိုကာ ပြောင်းရွှေ့ချိန်းဆိုမှုများပြုလုပ်ခဲ့သည်။

အင်တာနက်ဖြတ်တောက်ထားသဖြင့် ဒေါ်အောင်ဆန်းစုကြည်၏ တရားရုံးချိန်းများအား

ပြန်လည်ချိန်ဆိုကြောင်း ဧရာဝတီသတင်းဌာန၏ ဖော်ပြချက်

၂၀၂၁ ခုနှစ် ဧပြီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ် ဖိနှိပ်မှုဖြစ်စဉ်များ


ဧပြီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ် အနှစ်ချုပ်


(က) ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုမှလွဲ၍ အင်တာနက်ဝန်ဆောင်မှုအားလုံးကို ပိတ်ပင်ခြင်း

(ခ) ကမောက်ကမဖြစ်သွားသော ငွေကြေးဝန်ဆောင်မှုကဏ္ဍနှင့် အင်တာနက်ပြတ်တောက်ခြင်း

စစ်ကောင်စီသည် ဒီဂျစ်တယ်ရပ်ဝန်းနှိပ်မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ၌ အာဏာသိမ်းမှု၏တတိယမြောက်ကာ လထဲတွင်လည်း ဖိနှိပ်ကန့်သတ်မှုများကို ဆက်လက်လုပ်ဆောင်နေသည်။


(က) ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှုမှလွဲ၍ အင်တာနက်ဝန်ဆောင်မှုအားလုံးကို ပိတ်ပင်ခြင်း

မတ်လ(၁၅)ရက်နေ့မှစတင်ပြီး မိုဘိုင်းဖုန်းဖြင့် အင်တာနက်အသုံးပြုမှုအား ကန့်သတ်တားမြစ်ခဲ့သည့် စစ်ကောင်စီသည် ဧပြီလ(၁)ရက်နေ့တွင် ဖိုင်ဘာအင်တာနက်(Fiber Internet)ဝန်ဆောင်မှုတစ်ခုသာချန်လှပ်ပြီး ဝါယာလက်(Wireless) အင်တာနက်ဝန်ဆောင်မှုအားလုံးကို ထပ်မံကန့်သတ်ခဲ့သည်။ စစ်ကောင်စီ၏ ယင်းကန့်သတ်ချက်ကြောင့် မြန်မာနိုင်ငံတွင် ဝါယာလက်(Wireless Internet)ဝန်ဆောင်မှုပေးနေသော တယ်လီနော(Telenor)၊ အူရီဒူး(Ooredoo)နှင့် အနန္တ (Ananda)ကဲ့သို့သောကုမ္ပဏီများ၏ ဝါယာလက်ဘရော့ခ်ဘမ်း(Wireless Broadband)ဝန်ဆောင်မှုအား ယူငင်သုံးစွဲသူ များအနေဖြင့် ဆက်လက်သုံးစွဲနိုင်ခြင်းမရှိတော့သည့်အပြင် ဖိုင်ဘာအင်တာနက်(Fiber Internet)မရရှိသောဒေသမှ ဒေသ ခံများသည် မိုဘိုင်းဖုန်းအင်တာနက်ချိတ်ဆက်မှုသာမက ဝါယာလက်အင်တာနက်(Wireless Internet)ချိတ်ဆက်မှုပါ ပြတ်တောက်သွားသည်။ ထို့ကြောင့် အချိန်နှင့်တပြေးညီ သတင်းအချက်အလက်ရရှိနိုင်မှုဆုံးရှုံးသွားပြီး နိုင်ငံတကာလူ့အခွင့် အရေးကြေညာစာတမ်းပါ လူသားတိုင်းရရှိရမည့်သည့် လွတ်လပ်စွာသတင်းအချက်အလက်ရယူနိုင်ခွင့်သည်လည်း အလုံးစုံ ဆုံးရှုံးသွားခဲ့ရသည်။

သတင်းအချက်အလက်စီးဆင်းမှု ထိခိုက်ခဲ့ရုံသာမက အင်တာနက်ဖြတ်တောက်မှုကြောင့် စီးပွားရေးနှင့် ငွေကြေးစီးဆင်းမှုကိစ္စရပ်များအပေါ်ပါ အကြီးအကျယ်သက်ရောက်ခဲ့သည်။ အွန်လိုင်းဘဏ်(Online Banking)ဝန်ဆောင်မှုစနစ်များအားလုံးရပ်တန့်သွားခဲ့ခြင်းကြောင့် အများပြည်သူ၏ဘဏ်စနစ်အပေါ် မယုံကြည်မှုအခြေအနေများမှာလည်းသိသာစွာ တိုးမြင့်လာခဲ့သည်။

ဧပြီလ (၁) ရက်နေ့ အင်တာနက်ဖြတ်တောက်မှုနှင့်ပတ်သက်သော အာရ်အက်ဖ်အေ(RFA)သတင်းဌာန၏ သတင်းဖော်ပြချက်

ယင်းအခြေအနေကို ခုခံနိုင်ရန်အတွက် ၂၀၂၁ ခုနှစ် ဧပြီလ(၂၈)ရက်မှစတင်၍ မိုဘိုင်းအင်တာနက်(Mobile Internet)ပြတ်တောက်နေစဉ်ကာလအတွင်း ဘဏ်နှင့်မိုဘိုင်းငွေရေးကြေးရေးဝန်ဆောက်မှုလုပ်ငန်းဆောင်ရွက်သူများ၏ အင်တာနက်အသုံးပြု၍ဆောင်ရွက်ရသည့် ငွေရေးကြေးရေးဆိုင်ရာစနစ်များနှင့် အက်ပလီကေးရှင်း(Application)များကို ပြန်လည်အသုံးပြုနိုင်ရန် စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်။ ထိုသို့ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို ပြန်လည်သုံးစွဲ၍ စီး ပွားရေးလည်ပတ်မှုကို ပြန်လည်လုပ်ဆောင်လိုဟန်ရှိသည့် စစ်ကောင်စီသည် ဧပြီလ(၂၇)ရက်နေ့တွင် “အင်တာနက်ကာဖျူး” ဟုခေါ်ဆိုကြသည့် ညသန်းခေါင်းအချိန်မှ မနက်(၉)နာရီအထိ အင်တာနက်အသုံးပြုမှုပိတ်ပင်ထားခြင်းကို အဆုံးသတ်ပေးခဲ့သည်။ သို့သော် ဘရော့ခ်ဘမ်း(Broadband)အင်တာနက်အသုံးပြုမှုနှင့် မိုဘိုင်းအင်တာနက်အသုံးပြုမှုများကိုမူ ဆက်လက်ပိတ်ပင်ထားခဲ့သည်။


(ခ) ကမောက်ကမဖြစ်သွားသော ငွေကြေးဝန်ဆောင်မှုကဏ္ဍနှင့် အင်တာနက်ပြတ်တောက်ခြင်း

ဝေးလံသောကျေးလက်ဒေသများအထိ ဖိုက်ဘာအင်တာနက်ဝန်ဆောင်မှု အားကောင်းခြင်းမရှိသည့်ကာလတွင် စစ်ကောင်စီ ၏လုပ်ဆောင်ချက်သည် အချည်းအနှီးသာဖြစ်ခဲ့သည်။ လူထုအနေဖြင့် ဘဏ်များ၏ဝန်ဆောင်မှုအပေါ် ပြန်လည်ယုံကြည်လာခြင်းမရှိသည်မှာ ယနေ့အထိပင်ဖြစ်သည်။

Eleven Media ပါ အွန်လိုင်းငွေရေးကြေးရေးဝန်ဆောင်မှုများ ပြန်လည်လုပ်ဆောင်မည့် ဗဟိုဘဏ်ကြေညာချက်

ထို့အပြင် ငွေရေးကြေးရေးဆိုင်ရာအက်ပလီကေးရှင်း(Application)များကို အသုံးပြုစဉ်အတွင်း VPN များကို ပိတ်ထားမှသာလျှင် အသုံးပြုနိုင်သည့်အခြေအနေဖြစ်သည်။ နည်းပညာကျွမ်းကျင်သူများ၏အဆိုအရ အင်တာနက်ပေါ်မှတစ်ဆင့် ချိတ်ဆက်အသုံးပြုသည့် ပုံစံမျိုးမဟုတ်ပဲ ဒေသတွင်းအသုံးပြုနိုင်ရန် အင်ထရာနက်(Intranet)ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်ရန် လုပ်ဆောင်ထားသည်ဟုဆိုသည်။ ထိုသို့သောကန့်သတ်မှုများသည်လည်း ဘဏ်ဝန်ဆောင်မှုအပေါ်လူထု၏သံသယတိုး ပွားမှုကို ပိုမို၍တွန်းအားပေးသကဲ့သို့ဖြစ်စေသည်။


အွန်လိုင်းငွေရေးကြေးရေးဝန်ဆောင်မှုများအသုံးပြုရာတွင် VPN ပိတ်ပြီးမှအသုံးပြုရန်ကြေညာထားသည့် အမ်ပီတီ(MPT)၏ကြေငြာ

ထိုသို့ ဆက်သွယ်ရေးဆိုင်ရာကန့်သတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်နေစဉ် ဧပြီလအတွင်း ဒီမိုကရေစီအင်အားစုများဘက်မှလည်း အန်ယူဂျီ(NUG)အစိုးရကိုဖွဲ့စည်းခဲ့ကာ စီအာရ်ပီအိချ်(CRPH)၏လုပ်ဆောင်မှုများနှင့် စီဒီအမ်(CDM)ကို ထောက်ခံဝန်းရံကြောင်း ဧပြီလ(၁၇)ရက်နေ့တွင် ကေအန်ယူ(KNU)ဘက်မှ ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် စစ်အာဏာရှင်တို့၏ကန့်သတ်ချုပ်ချယ်မှုအမျိုးမျိုးကြားတွင် ဒီမိုကရေစီအင်အားစုများ၏လှုပ်ရှားမှုများမှာအရှိန်အဟုန်ဖြင့် ဆက် လက်ဖြတ်သန်းလျက်ရှိသည်။


Recommended Citation Style -


Project, M. I. (2022, March 30). DIGITAL COUP QUARTERLY (February 2021 to April 2021).  https://www.myanmarinternet.info/my/post/quartely-report-001


19 views

Comments


bottom of page