top of page
Myanmar Internet Project

DIGITAL COUP QUARTERLY ( February 2022 to April 2022)

Updated: Aug 3, 2023







၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ


၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းမှုသည် တစ်နှစ်ပြည့်မြောက်ခဲ့ပြီး ဒုတိယမြောက်နှစ်ထဲသို့ စ တင်ဝင်ရောက်လာသည်။ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာဖိနှိပ်မှုများကို စစ်ကောင်စီသည် အာဏာသိမ်းမှုစတင်ချိန်မှစ၍ ပြုလုပ်လာခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း၊ အာဏာသိမ်းမှု တစ်နှစ်တာကာလလွန်မြောက်အပြီး ဒုတိယနှစ်၏ ပထမသုံးလပတ်ကာလအတွင်းတွင်လည်း ဒစ်ဂျစ်တယ်ဖိနှိပ်မှုများဆက်လက်ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ ယခုဆောင်း ပါးတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း မြန်မာနိုင်ငံသားများကြုံခံရသည် ဒစ်ဂျစ်တယ်ဖိနှိပ်ခံရမှုအခြေအနေများအား စုစည်းဖော်ပြပေးသွားပါမည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်


(က) VPN အသုံးပြုမှုအား ဥပဒေမဲ့ ဖိနှိပ်မှုများ ပြုလုပ်ခြင်း

(ခ) လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆက်လက်ဖိနှိပ်ခံနေရခြင်း

(ဂ) အင်တာနက်အချိန်ပိုင်း ဖြတ်တောက်ခံရခြင်း

(ဃ) ချင်းပြည်နယ်တွင် မိုင်တဲလ်ဆင်းကဒ်(Mytel Sim Card)ဖြင့် တစ်နေ့ (၂) နာရီ အင်တာနက်အသုံးပြုခွင့်ပေးခြင်း


(က) VPN အသုံးပြုမှုအား ဥပဒေမဲ့ ဖိနှိပ်မှုများ ပြုလုပ်ခြင်း

၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၂၁)ရက်နေ့တွင် ဆိုင်ဘာဥပဒေ(Cyber Law)မူကြမ်းတစ်ခု စတင်ပျံ့နှံ့ခဲ့သည်။ ထို့နောက် ယင်း ဆိုင်ဘာဥပဒေ(Cyber Law)မူကြမ်းတွင် ထည့်သွင်းဖော်ပြထားသော "VPN"အသုံးပြုမှုကို ပိတ်ပင်သည့် ပုဒ်မတစ်ခုအား အကြောင်းပြုကာ စစ်ကောင်စီသည် ခရီးသွားပြည်သူများ၏ ဖုန်းများအား "VPN"အသုံးပြုမှုရှိမရှိ စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြခဲ့သည်ကို တွေ့ရှိရသည်။ စစ်ကောင်စီအဖွဲ့ဝင်များသည် ထိုသို့ဖိနှိပ်မှုများပြုလုပ်သည့်ကာလတွင် ဆိုင်ဘာဥပဒေ(Cyber Law)သည် တရားဝင်အတည်ပြု ပြဋ္ဌာန်းပြီးသောအခြေအနေမဟုတ်ပါပဲ မူကြမ်းအဆင့်တွင်သာ ရှိနေသေးသည်။



(ခ) လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဆက်လက်ဖိနှိပ်ခံနေရခြင်း

စစ်ကောင်စီသည် အာဏာသိမ်းကာလမှစတင်ပြီး ယင်းတို့နှင့်ဆန့်ကျင့်သည့် လူထု၏ထုတ်ဖော်ပြောဆိုမှုများနှင့် သဘောထားဆိုင်ရာကိစ္စရပ်များအား ထိန်းချုပ်နိုင်ရန် စဉ်ဆက်မပြတ်ကြိုးပမ်းခဲ့သည်ကို တွေ့ရသည်။ ထိုသို့ကြိုးပမ်းမှုများလုပ်ဆောင်ရာ တွင် လူမှုကွန်ရက်မီဒီယာ(Social Media)ပေါ်မှတစ်ဆင့် ထုတ်ဖော်ပြောဆိုမှုများနှင့်ပတ်သက်၍ ပြင်းထန်စွာကန့်သတ်နိုင်ရန်ပိုမိုဦးစားပေး ကြိုးပမ်းခဲ့သည်။

စဉ့်ကိုင်မြို့နယ်စျေးနှင့် မြင်းခြံမြို့ စံပြစျေးတို့တွင် စျေးရောင်းချသူ(၁၂)ဦးအပါအဝင် လူမှုကွန်ရက်မီဒီယာများတွင် ရေး သားသူများအား အရေးယူခဲ့သည်။ “နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လှုံ့ဆော်မှု”ဟု ခေါင်းစဉ်တပ်၍ ဖမ်းစီးမှုများပြုလုပ်ခဲ့သည်ကို စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ ထိုထုတ်ပြန်ချက်တွင် နေ ပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ လူမှုကွန်ရက်မီဒီယာအသုံးပြုနေသည့် အကောင့်များပါ ပါဝင်ခဲ့သည်ကို တွေ့ရသည်။ ထိုဖြစ်ရပ်များသည် လူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများကို ကန့်သတ်သောဖြစ်စဉ်များဖြစ်ပြီး စစ်ကောင်စီသည် ယင်းတို့ မနှစ်သက်သောနှင့် ဆန့်ကျင်ပြောဆိုသောအကြောင်းအရာများကို လူမှုကွန်ရက်အကောင့်များနှင့် စာမျက်နှာများတွင်ရေးသားပါက ပြင်းထန်စွာ ဖိနှိပ်ကန့်သတ်ကြောင်းထင်ရှားစေသည့် သက်သေတစ်ရပ်လည်း ဖြစ်သည်။

ထို့အတူ ထင်ရှားသည့်ဖြစ်ရပ်တစ်ခုမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက် အာဏာသိမ်းမှုအပြီး နှစ်ပတ်ခန့်အကြာမှစ တင်ပြီးယနေ့အထိ မိုဘိုင်းဖုန်းအသုံးပြုသူများနှင့်သက်ဆိုင်သည့်အချက်အလက်များကို အကြိမ်(၂၀၀)ခန့်အနည်းဆုံးတောင်း ခံခဲ့သည်ဟု Myanmar Now သတင်းဌာနက ဖေဖော်ဝါရီ(၇)ရက်နေ့က ရေးသားဖော်ပြခဲ့သည်။ အချို့သော တောင်းခံမှုအ ကြိမ်များတွင် ဖုန်းနံပါတ်များရာနှင့်ချီ၍ ပါဝင်ခဲ့သည့်အတွက် ထောင်နှင့်ချီသော မြန်မာနိုင်ငံမိုဘိုင်းဖုန်းအသုံးပြုသူများ၏ အ ချက်အလက်များအား စစ်ကောင်စီသို့ပေးခဲ့ရသည်ဟုဆိုသည်။ သတင်းတွင် ဖော်ပြချက်အရ တောင်းခံသည့် အချက်အလက်များတွင် ဖုန်းခေါ်ဆိုမှုမှတ်တမ်းများနှင့် တည်နေရာများ ပါဝင်သည်ကိုတွေ့ရသည်။ ထိုသို့တောင်းခံမှုပြုလုပ်ခြင်းသည် တယ်လီနောတစ်ခုတည်းသာမကပဲ လက်ရှိလုပ်ကိုင်နေသော အခြားအော်ပရေတာများထံသို့လည်း တောင်းခံခဲ့ခြင်းဖြစ်သည်။

ထိုဖြစ်ရပ်များသည် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာနိုင်ငံသားတို့၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သာမ က ပြည်သူတစ်ဦးခြင်းစီ၏ ပုဂ္ဂလိကဆိုင်ရာလုံခြုံရေးနှင့်ပတ်သတ်ပြီး အလုံးစုံအာမခံချက်မရှိသည့်အခြေအနေများကိုပါ မီး မောင်းထိုးပြနေသည့် ဖြစ်စဉ်များဖြစ်သည်။

(ဂ) အင်တာနက် အချိန်ပိုင်းဖြတ်တောက်ခံရခြင်း

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်၊ (၇၅)ကြိမ်မြောက် ပြည်ထောင်စုနေ့ နံနက်အစောပိုင်းမှစတင်ပြီး ညနေစောင်းချိန်အထိ အင်တာနက်လိုင်းများ ဖြတ်တောက်မှုပြုလုပ်ခဲ့သည်။ ထိုသို့ အင်တာနက်ဖြတ်တောက်မှု ပြုလုပ်သည့်ဖြစ်စဉ်အား ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့အပါအဝင် မြန်မာနိုင်ငံအနှံအပြားရှိ မြို့ကြီးများတွင်ပြု လုပ်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ (၁၂) ရက်နေ့ လူထုလှုပ်ရှားမှု ကမ်ပိန်းအတွက် အွန်လိုင်းပေါ်တွင် တွေ့ရသည့် နှိုးဆော်စာများ


တော်လှန်ရေးသပိတ်အင်အားစုများသည် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုအနေဖြင့် “အလံနှင့် အသံကို နားစွင့်ကြွ။ လမ်းမများပေါ်တွင် လက်သုံးချောင်း ပြိုင်တူထောင်၍ ကြွေးကြော်ကြ။ မိမိရောက်ရှိရာနေရာ၌ ကား/ဆိုင်ကယ်ဟွန်းများတီးကြ။” စသည့် စာတမ်းများဖြင့် အွန်းလိုင်းပေါ်မှတစ်ဆင့် လူထုကို နှိုးဆော်မှုများ ပြုလုပ်ခဲ့သည်။ ထိုလုပ်ဆောင်မှုများကို ဖေဖော်ဝါရီလ(၁၂)ရက်နေ့ ညနေ(၅)နာရီအချိန်တွင် စုပေါင်းနှိုးဆော်ရန်တိုက်တွန်းခဲ့ကြသည်။

စစ်ကောင်စီသည် ယင်းလူထုလှုပ်ရှားမှုအား မပေါ်ပေါက်စေရန်နှင့် သတင်းဆက်သွယ်မှု ပြတ်တောက်သွားစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယင်းအင်တာနက်ဖြတ်တောက်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီသည် အာဏာသိမ်းမှု စ တင်ချိန်မှစ၍ အင်တာနက်ဖြတ်တောက်မှုကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများကို(လုံးဝ)ထည့်သွင်းတွက်ချက်ခြင်းမရှိပဲ ၎င်းတို့အာဏာတည်မြဲရေးတစ်ခုတည်းကိုသာရှေးရှုပြီး ပုံစံမျိုးစုံဖြင့် အင်တာနက်ဖြတ်တောက်မှုများကို ပြုလုပ်လာခဲ့သည်ကိုလည်း တွေ့ရှိရသည်။

ထိုသို့ စစ်ကောင်စီသည် ဖိနှိပ်မှုများပြုလုပ်နေသကဲ့သို့ ၎င်းတို့ စစ်ကြောင်းထိုးရာဒေသများရှိ လူထု၏ ဒစ်ဂျစ်တယ်အ သုံးပြုမှုနှင့်ပတ်သက်သည့် ဖိနှိပ်မှုများကိုလည်း မကြာခဏ ပြုလုပ်လေ့ရှိသည်။ သံလွင်ခက်သတင်းဌာန၏ ဖေဖော်ဝါရီလ (၂၂)ရက်သတင်းဖော်ပြချက်အရ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ အံဖလေးရွာဒေသခံများ၏ လက်ကိုင်ဖုန်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းခဲ့သည့် ဖြစ်စဉ်တစ်ခုကိုလည်း ဖေဖော်ဝါရီလအတွင်း တွေ့ရှိခဲ့ရသည်။

(ဃ) ချင်းပြည်နယ်တွင် မိုင်တဲလ်ဆင်းကဒ်(Mytel Sim Card)ဖြင့် တစ်နေ့(၂)နာရီ အင်တာနက်အသုံးပြုခွင့်ပေးခြင်း

စစ်တပ်ပိုင် တယ်လီကွန်းအော်ပရေတာ(Telecom Operator)ဖြစ်သည့် မိုင်တဲလ်(Mytel)မှဝန်ဆောင်မှုပေးသော ဆင်းကဒ်(Sim Card)ဖြင့် တစ်နေ့လျှင်(၂)နာရီခန့် ချင်းပြည်နယ်၌ အင်တာနက်အသုံးပြုနိုင်နေသည်ကိုတွေ့ရကြောင်း ဒီဗွီဘီ (DVB)သတင်းဌာနက ဖေဖော်ဝါရီလ(၂၆)ရက်နေ့တွင် သတင်းဖော်ပြခဲ့သည်။

ယင်းလုပ်ဆောင်ချက်သည့် တယ်လီကွန်းစျေးကွက်အတွင်း ပြိုင်ဆိုင်မှုဆိုင်ရာမညီမျှမှုတို့ကို ထင်ဟပ်စေသည့်အပြင် မိုင်တဲလ်(Mytel)သည် စစ်တပ်၏အလုံးစုံထိန်းချုပ်မှုအောက်တွင် လည်ပတ်နေသောအော်ပရေတာ(Operator)တစ်ခုဖြစ် နေသည့်အတွက် သုံးစွဲသူများ၏ အချက်အလက်လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့်ပတ်သက်ပြီး အငြင်းပွားဖွယ်ရာကိစ္စပေါင်းများစွာရှိနေသည့် အော်ပရေတာ(Operator)တစ်ခုလည်း ဖြစ်သည်။

၂၀၂၂ ခုနှစ် မတ်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ် အနှစ်ချုပ်


(က) အွန်လိုင်းမှတစ်ဆင့် ငွေကြေးလွှဲပြောင်းမှုများအား စောင့်ကြည့်ခြေရာခံခြင်း

(ခ) စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်တာနက်ဖြတ်တောက်ခံရခြင်း

(ဂ) တယ်လီနောနှင့် ကြားဖြတ်ဖမ်းယူရေးစက်များတပ်ဆင်မှု စွပ်စွဲခံရခြင်း

(ဃ) တယ်လီနောရောင်းချမှုအားအတည်ပြုနိုင်ခြင်း


(က) အွန်လိုင်းမှတစ်ဆင့် ငွေကြေးလွှဲပြောင်းမှုများအား စောင့်ကြည့်ခြေရာခံခြင်း

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအတွက် ထောက်ပံ့ပေးနေသည့်အဖွဲ့များ၏ အွန်လိုင်းမှတစ်ဆင့် ငွေကြေးရန်ပုံငွေကောက်ခံမှုအား မတ်လအစပိုင်းတွင် စောင့်ကြည့်ခြေရာခံခဲ့ပြီး ဖမ်းဆီးဖော်ထုတ်မှုများအား သိသိသာသာတိုးမြှင့်လုပ်ဆောင်ခဲ့သည်ကို တွေ့ခဲ့ရသည်။ ထိုသို့လုပ်ဆောင်မှုများတွင် “Wave Money”မှတစ်ဆင့် ငွေကြေးလွှဲပြောင်းမှုများကိုပါ ခြေရာခံ၍ ဖမ်းဆီးထိန်းသိမ်းမှုများရှိခဲ့သည်။ အွန်လိုင်းမှငွေကြေးလွှဲပြောင်းမှုများကို စစ်ကောင်စီ၏စောင့်ကြည့်ဖမ်းဆီးမှုများကြောင့်အွန်လိုင်းမှတစ်ဆင့် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ရန်ပုံငွေရှာဖွေပေးနေသည့်အဖွဲ့များသည် ၎င်းတို့၏ လှုပ်ရှားမှုများကို ခေတ္တရပ်ဆိုင်းကြောင်း မတ်လ(၂)ရက်နေ့တွင် ကြေညာခဲ့ကြရသည်။


တော်လှန်ရေးရန်ပုံ‌ငွေကောက်ခံမှုကိစ္စရပ်များကို ခေတ္တရပ်နားကြောင်းကြေညာခဲ့သည့်အဖွဲ့များတွင် “ANTS – ပုရွက် ဆိတ်များ”၊ “To Comrades – ရဲဘော်များသို့”၊ “Yell Baw – ရဲဘော်”၊ “လှူကြမယ်+ဒီကကြည့်”၊ “Dogs Fighter”နှင့် “မြတ်နိုးရင်လှူ၊ နိုင်ချင်ရင်လှူ” စသည့်အဖွဲ့များပါဝင်သည်။ အချို့သောအဖွဲ့များအနေဖြင့်လည်းကောင်းတို့ သုံးစွဲနေသောဖေ့ဘွတ်ခ်(Facebook)စာမျက်နှာများကို ဖြုတ်ချခဲ့ရသည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။

(ခ) စစ်ကိုင်းတိုင်းဒေသကြီးတွင် အင်တာနက်ဖြတ်တောက်ခံရခြင်း

စစ်ကောင်စီသည် မတ်လ(၃)ရက်နေ့ ညပိုင်းမှစတင်၍ မုံရွာ၊ စစ်ကိုင်း၊ ကလေး၊ ရွှေဘို စသည့် (၄) မြို့နယ်အား ချန်လှပ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးနီပါးအား အင်တာနက်ဖြတ်တောက်မှုကို ထပ်မံပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

စစ်ကိုင်းတိုင်းဒေသကြီးသည် စစ်အာဏာရှင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီတို့အကြား ပဋိပက္ခပြင်းထန် သည့်ဒေသဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီသည် အင်တာနက်ဖြတ်တောက်မှုများပြုလုပ်ပြီးနောက် ယင်းဒေသအတွင်း ပို မိုပြင်းထန်သည့် ထိုးစစ်ဆင်မှုများပြုလုပ်လာခြင်းဒေသခံများ၏ အသက်အိုးအိမ်များအား ဖျက်စီးမှုများ ပိုမိုပြုလုပ်လာခြင်းတို့ကို သတင်းဖော်ပြချက်များအရ သိရှိရသည်။

(ဂ) တယ်လီနောနှင့် ကြားဖြတ်ဖမ်းယူရေးစက်များတပ်ဆင်မှု စွပ်စွဲခံရခြင်း

တယ်လီနောသည် ဖုန်းခေါ်ဆိုမှုများနှင့် မက်ဆေ့ချ်များကို တပြိုင်နက်စောင့်ကြည့် ကြားဖြတ်နားထောင်နိုင်သော တရားဝင်ကြားဖြတ်နားထောင်ရေးဆိုင်ရာဂိတ်ဝေး(Lawful Interception Gateway, LIG)ကို ဂျာမနီကုမ္ပဏီတစ်ခုဖြစ်သည့် “Utimaco”ထံမှ ဝယ်ယူခဲ့ကြောင်းနှင့် ထိုဝယ်ယူမှုတွင် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် “Huawei”မှ ကြားခံဆောင်ရွက်ပေးကား မြန်မာနိုင်ငံသို့ တင်ပို့ခဲ့ကြောင်း Justice For Myanmarအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရသည်။ “Utimaco” ၏ အဝေးထိန်းပံ့ပိုးမှုများဖြင့် ၂၀၂၀ ပြည့်နှစ် နှစ်လယ်ပိုင်းတွင် ယင်း LIG သည် စောင့်ကြည့်ရေးဆိုင်ရာစင်တာတစ်ခုနှင့်ပါချိတ်ဆက်ပြီးဖြစ်သည်ဟု ယင်းအဖွဲ့ကပင် ထပ်မံဖော်ထုတ်ပြောကြားခဲ့သည်။

ယင်းစွပ်စွဲချက်နှင့်ပတ်သက်ပြီး တယ်လီနောအုပ်စု၏ ဆက်ဆံရေးဌာနအကြီးအကဲဖြစ်သော Gry Rohde Nordhusက မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသော တယ်လီကွန်းအော်ပရေတာ(Telecom Operator)အားလုံးတွင် တပ်ဆင်ရန်လိုအပ်သည့် ကြားဖြတ်နားထောင်ရေးဆိုင်ရာနည်းပညာများကို မတပ်ဆင်လို၍ ယင်းတို့၏လုပ်ငန်းကို ရောင်းချရခြင်း ဖြစ်ကြောင်း ဒီဗွီဘီ(DVB)သတင်းဌာနသို့ ထုတ်ဖော်ပြောကြား၍ ပြန်လည်ချေပခဲ့သည်။ ထိုသတင်းကို မတ်လ(၁၆)ရက်တွင် ဒီဗွီဘီ(DVB)သတင်းဌာန၏ စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။

အထက်ပါအချက်ကို သုံးသပ်ကြည့်ပါက မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင်နေသော တယ်လီကွန်းအော်ပရေတာ (Telecom Operator)အားလုံးသည် စစ်ကောင်စီ၏ ဖိအားပေးမှုဖြင့် ကြားဖြတ်နားထောင်ရေးစက်ပစ္စည်းများ တပ်ဆင်ပေးရခြင်းကို မလူးသာမလွန့်သာ၍ လက်ခံလိုက်ရပြီဖြစ်ကြောင်း ထင်ရှားစေပါသည်။


(ဃ) တယ်လီနောရောင်းချမှုအား အတည်ပြုနိုင်ခြင်း

စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် တယ်လီနောမြန်မာအား “M1 Group”သို့ရောင်းချမှုကို အ တည်ပြုပေးခဲ့ကြောင်း မတ်လ(၁၈)ရက်နေ့တွင် တယ်လီနောက တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါသည်။

တယ်လီနောအနေဖြင့် ၎င်းရောင်းဝယ်မှုတွင် “M1 Group”သို့သာ ရောင်းချခဲ့ခြင်းဖြစ်ပြီး စစ်တပ်၏အကျိုးစီးပွားနှင့် သက်ဆိုင်ခြင်းမရှိသူကိုသာ ရောင်းချခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။ သို့သော်လည်း ယင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်မည့် “M1 Group” ၏ “Investcom PTD Ltd”သည် စစ်ကောင်စီနှင့်အလွန်နီးစပ်မှုရှိသည့် “ရွှေဗျိုင်းဖြူကုမ္ပဏီ”နှင့်ဖက် စပ်လုပ်ဆောင်သွားမည်ဖြစ်ပြီး “ရွှေဗျိုင်းဖြူကုမ္ပဏီ”သည် အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မှုရရှိမည်ဟု ခိုင်မာသော သတင်းအရင်းမြစ်များက ဆိုထားပါသည်။

ယင်း “Investcom PTE Ltd” တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်သည် အစုရှယ်ယာများပိုင်ဆိုင်ထားကြောင်း ဧရာဝတီ(Ayarwaddy)သတင်းဌာနက မတ်လ(၂၄)ရက်တွင် ထုတ်ဖော်ရေး သားခဲ့သည်။

အထက်ပါအချက်အလက်များအရ တယ်လီနောသည် မြန်မာနိုင်ငံမှာ ပြန်လည်ထွက်ခွာရန်အတွက် ဆုံးဖြတ်ချက်ချ မှတ်ဆောင်ရွက်လုပ်ဆောင်ရာတွင် အသုံးပြုသူများ၏ ထိခိုက်နစ်နာနိုင်ခြေရှိသော အကျိုးဆက်များကို လစ်လျှူရှု၍ လုပ် ဆောင်ခဲ့သည်ကို ထင်ရှားစွာ တွေ့မြင်နိုင်ပါသည်။

၂၀၂၂ ခုနှစ် ဧပြီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်


(က) ထားဝယ်ခရိုင်အတွင်း အင်တာနက်ပြတ်တောက်ခြင်း

(ခ) အင်တာနက်စာမျက်နှာများအာ ဖြုတ်ချမှုများပြုလုပ်ပေးရန် တယ်လီကွန်းအော်ပရေတာများနှင့်

အိုင်အက်စ်ပီ(ISP) လုပ်ငန်းများသို့ စစ်ကောင်စီ ဖိအားပေးခြင်း

(ဂ) ခန္တီးနှင့် ဟုမ္မလင်း အင်တာနက်လိုင်းပြန်ဖွင့်ပေးခြင်း

(ဃ) ဖားကန့်မြို့အနီးတဝိုက်တွင် မိုင်တဲလ်ဆင်းကဒ်(Mytel Sim Card)ဖြင့် လဝက်ခန့် အင်တာနက်အသုံးပြုနိုင်ခဲ့ခြင်း

(င) တယ်လီနောဆင်းကဒ်(Sim Card)များ မှတ်ပုံတင်မှု ပြန်လည်ပြုလုပ်ခိုင်းခြင်း

(က) ထားဝယ်ခရိုင်အတွင်း အင်တာနက်ပြတ်တောက်ခြင်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ရှိ တောင်ပျောက်တိုက်နယ်အတွင်း အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်။ ယင်းအင်တာနက်ပြတ်တောက်မှုသည် မတ်လ(၃၁)ရက်နေ့ ညနေပိုင်းတွင် စတင်ဖြစ်ပေါ်ခဲ့ပြီး ဧပြီလ (၁)ရက်နေ့ မနက်(၉)နာရီခွဲတွင် ပြန်လည်ရရှိကာ မွန်းလွဲ(၁)နာရီဝန်းကျင်တွင် ပြန်လည်ဖြတ်တောက်လိုက်သည်ဟု မဇ္ဈိမသ တင်းဌာနက ဖော်ပြခဲ့သည်။ ယင်းတောင်ပျောက်တိုက်နယ်တွင် မတ်လ(၃၁)ရက်က စစ်ကောင်စီတပ်ဖွဲ့များ စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် စစ်ရေးတင်းမာနေသည့် နေရာလည်းဖြစ်သည်။

(ခ) အင်တာနက်စာမျက်နှာများအာ ဖြုတ်ချမှုများ ပြုလုပ်ပေးရန် တယ်လီကွန်းအော်ပရေတာများနှင့်

အိုင်အက်စ်ပီ(ISP)လုပ်ငန်းများသို့ စစ်ကောင်စီ ဖိအားပေးခြင်း

အန်ယူဂျီ(NUG)၊ စီအာရ်ပီအိတ်ချ်(CRPH)၊ မီဒီယာများနှင့် စစ်တပ်ဆန့်ကျင်သူ ပုဂ္ဂိုလ်အဖွဲ့အစည်းများ သုံးစွဲနေသည့် အင်တာနက်စာမျက်နှာများအား ချိတ်ဆက်အသုံးပြုခြင်းမပြုလုပ်နိုင်င်ရေး ဆောင်ရွက်ရွက်ရန် မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင်နေသော တယ်လီကွန်းအော်ပရေတာများနှင့် အိုင်အက်စပ်ပီ(ISP)လုပ်ငန်းများအား စစ်တပ်က လျှို့ဝှက်ညွှန်ကြားခဲ့သည့် ညွှန်ကြားစာတစ်စောင် ပေါက်ကြားလာခဲ့ကြောင်း ခေတ်သစ်သတင်းမီဒီယာတွင် ဖော်ပြထားသည်။

ဧပြီလ(၈)ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သော ယင်းလျှို့ဝှက်ညွှန်ကြားစာတွင် အထက်ပါညွှန်ကြားချက်ကို မလုပ်ဆောင်ပါကအရေးယူမည်ဟုချိန်းခြောက်ထားသည့်အပြင် စီမံဆောင်ရွက်နေမှုအခြေအနေများကိုလည်း ပြန်လည်တင်ပြရန်ထည့်သွင်း ညွှန်ကြားထားသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် အာဏာသိမ်းပြီးချိန်မှစ၍လည်းကောင်းတို့နှင့် ဆန့်ကျင်သော အကြောင်းအရာများကို အွန်လိုင်းမှတစ်ဆင့် မပျံ့နှံ့နိုင်ရေး၊ လူထုလှုပ်ရှားမှုများအား အွန်လိုင်းပေါ်မှ စည်းရုံးလှုံ့ဆော်မှုများ မပြုလုပ်နိုင်ရေးအတွက် နည်းလမ်းပေါင်းစုံအသုံးပြုပြီး ဟန့်တားမှုများ ပြုလုပ်လေ့ရှိသည်။ ထို့သို့ပြုလုပ်နေသော်လည်း ၎င်းတို့၏ညွှန်ကြားချက်များကိုပင် ပေါက်ကြားခြင်းမရှိအောင် ထိန်းသိမ်းနိုင်စွမ်းမရှိပဲ လျှို့ဝှက်အမိန့်များနှင့် ညွှန်ကြားချက်များသည် အွန်လိုင်းမှတစ်ဆင့် မကြာခဏ ပျံ့နှံလာလေ့ရှိသည်ကို တွေ့ရသည်။



ခေတ်သစ်မီဒီယာတွင် ဖော်ပြခဲ့သော ပေါက်ကြားလာခဲ့သည့် လျှို့ဝှက်ညွှန်ကြားချက်

(ဂ) ခန္တီးနှင့် ဟုမ္မလင်း အင်တာနက်လိုင်းပြန်ဖွင့်ပေးခြင်း

မတ်လ ပထမအပတ်မှစတင်၍ စစ်ကောင်စီသည် စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးနီးပါးကို အင်တာနက်ဖြတ်တောက်ခဲ့ပြီး ယင်းဖြတ်တောက်ခံရမှုတွင်ပါဝင်ခဲ့သော မြို့နယ်များထဲမှ မြို့နယ်နှစ်ခုဖြစ်သည့် ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်တို့အား ဧပြီလ (၁၇)ရက်နေ့တွင် အင်တာနက်လိုင်းပြန်ဖွင့်ပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ကလေး၊ ခန္တီးနှင့် ဟုမ္မလင်းမြို့နယ်များမှလွဲ၍ အခြားသော (၃၁) မြို့နယ်တွင် ယခုအချိန်အထိ အင်တာနက်ဖြတ်တောက်ခံထားရစဲအခြေအနေတွင်သာ ရှိနေသည်။

(ဃ) ဖားကန့်မြို့အနီးတဝိုက်တွင် မိုင်တဲလ်ဆင်းကဒ်(Mytel Sim Card)ဖြင့် လဝက်ခန့် အင်တာနက်အသုံးပြုနိုင်ခဲ့ခြင်း

အင်တာနက်အသုံးပြုခွင့် ဖြတ်တောက်ခံထားခြင်း(၈)လဝန်းကျင်ခန့် ကြာမြင့်ခဲ့ပြီဖြစ်သော ဖားကန့်တွင် ဧပြီလ(၄)ရက်နေ့မှစ တင်ကာ မိုင်တဲဆင်းကဒ်(Mytel Sim Card)ဖြင့် အင်တာနက်ပြန်လည်သုံးစွဲနိုင်ခဲ့သည်ကိုတွေ့ရပြီး ဧပြီလ(၁၈)ရက်နေ့တွင် ပြန်လည်ပြတ်တောက်သွားခဲ့သည်။

ဖေဖော်ဝါရီလ၊ ချင်းပြည်နယ်ဖြစ်စဉ်နှင့် ယခု ဖားကန့်ဖြစ်စဉ်တို့တွင် မိုင်တဲလ်ဆင်းကဒ်(Mytel Sim Card)ဖြင့်သာ အင်တာနက်အသုံးပြုခွင့်အား ပြန်လည်ရရှိခဲ့သည်ကိုတွေ့ရသည်။ ယင်းအခြေအနေသည် တယ်လီကွန်းလုပ်ငန်းများ၏ ပြိုင် ဆိုင်မှုချိန်ခွင်ရှာ တိမ်းစောင်မှုကိုဖြစ်စေသည်မှာ မြင်သာသော အခြေအနေတစ်ခုဖြစ်သည်။

ထို့အပြင် အခြားသောလုံခြုံရေးနှင့် သတင်းရယူနိုင်ရေးရည်ရွယ်ချက်များဖြင့် မိုင်တဲလ်ဆင်းကဒ်(Mytel Sim Card) အား အသုံးပြုအင်တာနက်အသုံးပြုခွင့်ပေးခြင်းကို အန္တရာယ်ဖြစ်နိုင်ခြေရှိနိုင်သောသုံးစွဲသူများအနေဖြင့် ဂရုစိုက်ရမည့်အခြေ အနေတစ်ခုတွင် ရှိနေသည်။

(င) တယ်လီနောဆင်းကဒ်(Sim Card)များ မှတ်ပုံတင်မှု ပြန်လည်ပြုလုပ်ခိုင်းခြင်း

စစ်တပ်နှင့်အလွန်နီးစပ်မှုရှိသည့် ရွှေဗျိုင်းဖြူကုမ္ပဏီနှင့် M1 Groupတို့သည် တယ်လီနောမြန်မာအား လက်လွှဲဝယ်ယူခွင့်ရရှိပြီးနောက် ဆင်းကဒ်(Sim Card)များအား ပြန်လည်မှတ်ပုံတင်ခိုင်းသည့်အခြေအနေများ ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ ထို့အပြင် ပြန်လည်မှတ်ပုံတင်ခြင်း မပြုလုပ်သည့်ဆင်းကဒ်(Sim Card)များအား အထွက်ခေါ်ဆိုမှုများ ပိတ်ပင်ထားသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်လျှက်ရှိသည်။

နော်ဝေးပိုင် တယ်လီနောအနေဖြင့် စစ်ကောင်စီ၏ ကြားဖြတ်ဖမ်းယူရေးဆိုင်ရာစက်ပစ္စည်းများ ဖိအားပေးတပ်ဆင်ခိုင်းမှုကို လိုက်နာနိုင်ခြင်းမရှိသဖြင့် ထွက်ခွာရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်များရှိခဲ့သည်။ ထို့ကြောင့် စစ်တပ်နှင့်နီးစပ်မှုရှိသည့် လက်လွှဲဝယ်ယူသူများအနေဖြင့် စစ်ကောင်စီ၏အထက်ပါတောင်းဆိုမှုကို သေချာပေါက်လုပ်ဆောင်ပေးမည်ဖြစ်သည်။ လက် ရှိအခြေအနေများအရ မိုဘိုင်းဖုန်းသုံးစွဲသူများသည် တယ်လီနော(Telenor)အပါအဝင် အော်ပရေတာ(Operator)အားလုံး ၏ဝန်ဆောင်မှုများအားအသုံးပြု၍ ဖုန်းခေါ်ဆိုမှုနှင့် စာတို(SMS)ပေးပို့မှုများဖြင့် အရေးကြီးသည့်ကိစ္စရပ်များအား ပြောဆိုဆွေးနွေးခြင်းနှင့် စာတိုပေးပို့ခြင်းများပြုလုပ်မည့်အစား လုံခြုံရေးဆိုင်ရာအားကောင်းမှုရှိသည့် “Signal”, “Telegram” ကဲ့ သို့အင်တာနက်ပလက်ဖောင်းများအား သုံးစွဲဆက်သွယ်သည့်အလေ့အကျင့်များဖြင့် အသုံးပြုဆက်သွယ်ခြင်းက ပိုမိုသင့်တော်သည်။

အာဏာသိမ်းကာလ ဒုတိယမြောက်နှစ်၏ ပထမသုံးလတာကာလအတွင်းတွင် အင်တာနက်သုံးစွဲမှုဆိုင်ရာကန့်သတ်မှုများ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးစေသောလုပ်ဆောင်ချက်များ၊ အွန်လိုင်းသုံးစွဲသူများအား စောင့်ကြည့်ခြေရာခံနိုင်ရန်အားထုတ်မှုများနှင့် အင်တာနက်ဝက်ဘ်ဆိုက်များအား ထိန်းချုပ်နိုင်ရန်လုပ်ဆောင်ချက်များ စသည့် ဒစ်ဂျစ်တယ်ရပ် ဝန်းဆိုင်ရာ ဖိနှိပ်မှုအခြေအနေများကို ပုံစံမျိုးစုံဖြင့် တွေ့မြင်ခဲ့ရပါသည်။


Recommended Citation Style -


Myanmar Internet Project. (2022, May 2). DIGITAL COUP QUARTERLY ( February 2022 to April 2022).  https://www.myanmarinternet.info/my/post/quartely-report-005

29 views

Comments


bottom of page