top of page
Myanmar Internet Project

DIGITAL COUP QUARTERLY ( May 2022 to July 2022)

Updated: Aug 3, 2023







၂၀၂၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ

၂၀၂၂ ခုနှစ် ဇူလိုင်လသည် မြန်မာနိုင်ငံတွင် အဆိုးရွားဆုံးဖြစ်သော စစ်အာဏာသိမ်းမှုဖြင့်ကြုံတွေ့ရခြင်း တစ်နှစ်ခွဲကြာမြင့်လာသောအချိန်ဖြစ်သည်။ စစ်အာဏာသိမ်းမှု ကာလကြာရှည်လာသည်နှင့်အမျှ မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားများသည် ဆိုး ရွားလွန်းလှသည့် ငွေကြေးတန်ဖိုးကျဆင်းလာမှုနှင့်အတူ စီးပွားရေးဆိုင်ရာကျပ်တည်းလာမှု၊ မလုံခြုံမှုစသောအခြေအနေဆိုးများကို ပိုမိုတွေ့ကြုံလာကြရသည်။ ထိုကဲ့သို့ နေ့စဉ်ဘဝဖြတ်သန်းမှုအတွင်း စားဝတ်နေရေးနှင့်စီးပွားရေးကျပ်တည်းလာမှု၊ မလုံခြုံမှုများ ခံစားရမှုအခြေအ နေသိသာထင်ရှားစွာမြင့်တက်လာသကဲ့သို့ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးကဏ္ဍအတွင်း ပိုမိုတင်းကြပ်သည့် ဖိနှိပ်မှုများကိုလည်း တိုးမြှင့်လုပ်ဆောင်နေသည်ကို တွေ့ရသည်။ ယခုဆောင်းပါးတွင် ၂၀၂၂ ခုနှစ် မေလမှ ဇူလိုင်လ(သုံးလတာကာလ)အတွင်း ဖြစ်ပျက်ခဲ့သည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုများအား စုစည်းဖော်ပြသွားမည်ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် မေလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်


(က) အွန်လိုင်းပေါ်ရေးသားပြောဆိုမှုများအပေါ် ဆက်တိုက်ဖမ်းဆီးမှုများ ရှိနေခြင်း

(ခ) နိရဉ္စရာသတင်းဌာနကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေခြင်း

(ဂ) IMEI နံပါတ်များမှတဆင့် မိုဘိုင်းဖုန်းအသုံးပြုသူများအား ထိန်းချုပ်ရန် ကြိုးပမ်းခြင်း

(ဃ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၏ ဖေ့ဘွတ်ခ်(Facebook) လူမှုကွန်ရက်စာမျက်နှာများ တိုက်ခိုက်ခံရခြင်း

(င) ဖယ်ခုံမြိုနယ်အတွင်း ဆင်ခြေဖုန်းဒေသများတွင် လျှပ်စစ်မီးနှင့် အင်တာနက်များ ဖြတ်တောက်ခံရခြင်းနှင့်

ဆောမြို့နယ်အတွင်း အင်တာနက် ဖြတ်တောက်ခံရခြင်း

(စ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်တာနက်လိုင်းများသာမက ဖုန်းလိုင်းများပါ ဖြတ်တောက်ခံရခြင်း

(က) အွန်းလိုင်းပေါ်ရေးသားပြောဆိုမှုများအပေါ် ဆက်တိုက်ဖမ်းဆီးမှုများရှိနေခြင်း

မြေပြင်တွင်သာမက ၎င်းတို့အားဆန့်ကျင်သည့် အွန်လိုင်းပေါ်မှရေးသားပြောဆိုမှုများကိုပါ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်နေသည်မှာ အာဏာသိမ်းမှုစတင်ချိန်မှစပြီး ယနေ့ကာလအထိဖြစ်သည်။ ထိုသို့ ဖမ်းဆီးထိန်းသိမ်းခြင်းကို စဉ်ဆက်မပြတ် လုပ်ဆောင်လျှက်နေသော လုပ်ဆောင်ချက်တစ်ခုအဖြစ် တွေ့ရသည်။ ထင်ရှားသောဖြစ်ရပ်တစ်ခုအဖြစ် ယခုမေ လ(၆)ရက်နေ့တွင် ဒါရိုက်တာမောင်သီ(ရုပ်ရှင်ဒါရိုက်တာမဟုတ်ပါ)အပါအဝင် ပြည်သူ(၄)ဦးကို ၎င်းတို့အား ဆန့်ကျင်သည့် အကြောင်းအရာများကို အွန်လိုင်းပေါ်တွင် ရေးသားလှုံ့ဆော်ခြင်းကြောင့် ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ကြောင်း ဘီဘီစီမြန်မာပိုင်း(BBC Burmese)သတင်းဋ္ဌာနတွင် ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီကို ထောက်ခံသည့်လော်ဘီအကောင့်(Lobby Account)များမှတစ်ဆင့် အရေးယူရန်လှုံ့ ဆော်ရေးသားခြင်းခံရသူများအားလည်း ဖမ်းဆီးမှုများရှိနေသည်ကို လစဉ်တွေ့ရသည်။


NUG CRPH ထောက်ခံသူများအား အရေးယူမည်ဟု စစ်ကောင်စီ၏ ထုတ်ပြန်ချက်

(ခ) နိရဉ္စရာသတင်းဌာနကို စစ်ကောင်စီဝင်ရောက်ရှာဖွေခြင်း

စစ်ကောင်စီသည် ရခိုင်ပြည်နယ်အခြေစိုက်သတင်းဋ္ဌာနတစ်ခုဖြစ်သည့် နိရဉ္စရာသတင်းဌာနကို မေလ(၇)ရက်နေ့ မနက်ပိုင်းတွင် ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ စစ်ကောင်စီ၏ဝင်ရောက်ရှာဖွေမှု ပြုလုပ်ခြင်းများကြောင့် သတင်းဋ္ဌာနအနေနှင့် သတင်းထုတ်လုပ်မှုအား ယာယီရပ်ဆိုင်းထားကြောင်းကို နိရဉ္စရာသတင်းဌာန၏ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ဖော်ကြေငြာခဲ့ပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်းမှာ သတင်းမီဒီယာများ၏ လွတ်လပ်စွာသတင်းရေးသားနိုင်မှုအပေါ် စစ်ကောင်စီ၏ ပြင်းထန်စွာဖိနှိပ်မှုများကြောင့် ဒေသတွင်းသတင်းဌာနများအနေဖြင့် ဆက်လက်ရပ်တည်ရန်ခက်ခဲလာပြီး အချို့သောဒေသတွင်း သ တင်းမီဒီယာများမှရပ်တန့်ခဲ့ရသလို ထင်ရှားသည့်သတင်းမီဒီယာကြီးများအနေဖြင့် သတင်းများဆက်လက်တင်ဆက်နိုင်ရေးအတွက် မူလရုံးခန်းနေရာများမှ ပြောင်းရွေ့ပြီး ခက်ခက်ခဲခဲ ဆက်လက်ရုန်းကန်နေကြရတာကိုတွေ့ရပါတယ်။


နိရဉ္စရာသတင်းဌာန ၏ ရုံးခန်းအား ဝင်ရောက်ရှာဖွေခံရမှုအတွက် သတင်းဋ္ဌာန၏ ထုတ်ပြန်ချက်

(ဂ) IMEI နံပါတ်များမှတစ်ဆင့် မိုဘိုင်းဖုန်းအသုံးပြုသူများအား ထိန်းချုပ်ရန် ကြိုးပမ်းခြင်း

နေပြည်တော်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၊ ရုံးအမှတ်(၂၆)တွင် မေလ(၁၁)ရက်နေ့က ကျင်းပခဲ့သည့် အခွန်ကောက်ခံရေးအစည်းအဝေးအတွင်း မိုဘိုင်းဖုန်းတိုင်းတွင်ပါဝင်သည့် IMEI များမှတစ်ဆင့် အခွန်ကောက်ခံရန်နှင့် အခွန်ကောက်မှတ် ပုံတင်များပြုလုပ်ရန်တို့ကို စစ်ကောင်စီက ဆွေးနွေးခဲ့သည်ကို တွေ့ရပါတယ်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဒုဝန်ကြီး၊ ဒုတိယအ တွင်းဝန်၊ ညွှန်ချူပ်၊ ပို့/ဆက် ဒုဝန်ကြီး အပါအဝင် အရာရှိများတက်ရောက်ခဲ့သည့် ယင်းအစည်းအဝေးအတွင်းယင်းစီမံကိန်းကို ဦးဆောင်လုပ်ကိုင်လိုသည့် “Solutions Hub Company”အနေဖြင့် လုပ်ငန်းဆိုင်ရာအဆင့်ဆင့်တို့ကိုလည်း ရှင်းလင်းပြောပြခဲ့သည်ဟု သတင်းရင်းမြစ်များတွင် ဖော်ပြထားသည်ကိုတွေ့ရပါသည်။ ထိုကဲ့သို့ အများပြည်သူအသုံးပြုသည့် မိုဘိုင်းဖုန်းပါ IMEI နံပါတ်များအား မှတ်ပုံတင်စေခြင်းအားဖြင့် မိုဘိုင်းဖုန်းအ သုံးပြုသူများ၏ သွားလာမှုများကိုပါ အချိန်နှင့်တပြေးညီ ခြေရာခံနိုင်မည်ဖြစ်ရာ ယင်းလုပ်ဆောင်မှုသည် စစ်ကောင်စီ၏ ဒစ်ဂျစ်တယ်အာဏာရှင်စနစ် အကောင်အထည်ဖော်မှုအတွက် များစွာအထောက်အကူဖြစ်စေမည့် ပံ့ပိုးမှုတစ်ခုဖြစ်ပြီး လူသားတိုင်းရရှိရမည့် အခြေခံလွတ်လပ်ခွင့်များကိုပါ ထိခိုက်စေသည့် လုပ်ဆောင်ပုံဖော်မှုဖြစ်သည်။ ထိုသို့ မိုဘိုင်းဖုန်း IMEI မှတစ်ဆင့် ထိန်းချုပ်မှုများကို ပြုလုပ်ရန် ကြိုးပမ်းနေကဲ့သို့ ပြည်သူလူထု၏ သွားလာလှုပ်ရှားမှုများအား ခြေရာခံနိုင်စေရန်ဟုရည်ရွယ်ပုံရသည့် မိုဘိုင်းအက်ပလီကေးရှင်း(Mobile Application)တစ်ခုကိုလည်း ရန်ကုန်မြို့တော်နယ်နိမိတ်အတွင်း သွားလာလှုပ်ရှားသူများအတွက်ရည်ရွယ်၍ အကောင်ထည်ဖော်ရေးဆွဲနေသည်ကို တွေ့ရသည်။ ယင်းမိုဘိုင်းအက်ပလီကေးရှင်းအား ယာဉ်စည်းကမ်းဖောက်ဖျက်မှုများကို အချိန်မီသိရှိနိုင်ရန်ဆိုသည့် အကြောင်းပြချက်ဖြင့် အကောင်အထည်ဖော်ရန် လုပ်ဆောင်နေခြင်းဖြစ်သော်လည်း ယင်းထက်ပိုမိုသည့် ရည်ရွယ်ချက်များ ရှိနေမည်ဖြစ်ကြောင်း အွန်လိုင်းသုံးစွဲသူများက ထင်မြင်ယူဆကြသည်။ (ဃ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ၏ ဖေ့ဘွတ်ခ်(Facebook)လူမှုကွန်ရက်စာမျက်နှာများ တိုက်ခိုက်ခံရခြင်း စစ်ကောင်စီလက်အောက်ခံ နည်းပညာသမားအချို့ပါဝင်လုပ်ဆောင်ပုံရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၏ ဖေ့ဘွတ်ခ်(Facebook)လူမှုကွန်ရက်စာမျက်နှာများ တိုက်ခိုက်ခံရမှုဖြစ်စဉ်များလည်း မေလလယ်လောက်တွင် ကြုံတွေ့ခဲ့ကြရသည်။ ထိုသို့ တိုက်ခိုက်မှုလုပ်ဆောင်ရာတွင် စာမျက်နှာ(Page)များအား ရီပို့စ်(Report)ထုပြီး ပျက်စီးစေရန်လုပ်ဆောင်ခြင်း၊ နည်းပညာအသုံးပြုပြီး စာမျက်နှာ(Page)များကို ရယူရန်အားထုတ်ခြင်း စသည့်ပုံစံမျိုးစုံဖြင့် လုပ်ဆောင်ခြင်းခံခဲ့ရကြောင်း ယင်းအဖွဲ့များက သတင်းဌာနများသို့ ဖြေကြားခဲ့သည်ကို တွေ့ရှိရသည်။

(င) ဖယ်ခုံမြို့နယ်အတွင်း ဆင်ခြေဖုန်းဒေသများတွင် လျှပ်စစ်မီးနှင့် အင်တာနက်များဖြတ်တောက်ခံရခြင်းနှင့်

ဆောမြို့နယ်အတွင်း အင်တာနက် ဖြတ်တောက်ခံရခြင်း မေလ (၁၆) ရက်နေ့၌ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်နယ်စပ် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများဆက်တိုက်ဖြစ်ပွဲခဲ့ပြီးနောက် ယင်းဒေသအတွင်းရှိ ဆင်ခြေဖုံးနေရာများတွင် စစ်ကောင်စီက လျှပ်စစ်မီးနှင့် အင်တာနက်ဖြတ်တောက်ခြင်းများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ စစ်ကောင်စီသည် အာဏာသိမ်းမှုစတင်စဉ်ကတည်းက အင်တာနက်ဖြတ်တောက်မှုကို လက်နက်တစ်ခုသဖွယ် လိုအပ်သလိုအသုံးပြုလျှက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများအပြားအပါအဝင် တော်လှန်ရေတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ရာဒေသများတွင် ကာလကြာရှည် အင်တာနက်ဖြတ်တောက်ခြင်း၊ အချိန်ပိုင်းအင်တာနက်ဖြတ်တောက်ခြင်း စသည့် ပုံစံမျိုးစုံဖြင့် လိုအပ်သလို ထိန်းချုပ်ကိုင်တွယ် နေသည်ကိုတွေ့ရသည်။ ထို့အပြင် ဆောမြို့နယ်၊ ကြံခင်းရွာအတွင်း စစ်ကောင်စီတပ်သားများတပ်စွဲချိန်တွင် ၎င်းတို့ တပ်စွဲရာ(၃)မိုင်ပတ်လည်အတွင်း အင်တာနက်လိုင်းများဖြတ်တောက်ခဲ့သည်ကိုလည်း ဒေသခံသတင်းရင်းမြစ်များဆီမှ သိရှိခဲ့ရသည်။ (စ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အင်တာနက်လိုင်းသာမက ဖုန်းလိုင်းများပါ ဖြတ်တောက်ခံရခြင်း မေလ ၂၄ ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားနေသည့် ကန့်ဘလူ၊ မြင်းမူ၊ ကျွန်းလှ၊ မုံရွာ၊ ခင်ဦး၊ ရေဦး၊ ကောလင်း အပါအဝင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် အင်တာနက်သာမက ဖုန်းလိုင်းများပါ ဖြတ်တောက်ခံခဲ့ရသည်ကို တွေ့ရသည်။ ထို့အပြင် မေလ ၂၈ ရက်နေ့၌ စစ်ကောင်စီစစ်ကြောင်းထိုးစဉ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး မုံရွာ – အမြင့် လမ်းနယ်တွင် ဖုန်းလိုင်းများ ဖြတ်တောက်ခံခဲ့ရသည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးမှ မုံရွာ၊ ကနီ၊ ပုလဲ၊ ယင်းမာပင်၊ ဆားလင်းကြီး စသော ငါးမြို့နယ်၊ မကွေးတိုင်းဒေသကြီးမှ ပေါက်၊ ရေစကြို၊ ဂန့်ဂေါ၊ ထီးလင်း၊ မြိုင် စသော ငါးမြို့နယ်တို့ကိုလဲ ယင်းမေလ(၂၈)ရက်နေ့မှာပဲ ဖုန်းလိုင်းများ ဖြတ်တောက်ခံခဲ့ပါသေးသည်။

၂၀၂၂ ခုနှစ် ဇွန်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ် အနှစ်ချုပ်


(က) စစ်ကောင်စီ၏ အင်တာနက်ထိန်းချုပ်မှုအပေါ် အရေးယူရန် ကုလသမဂ္ဂအရာရှိများတိုက်တွန်း

(ခ) မိုဘိုင်းပေး(Mobile Pay / Mobile Wallet)များနှင့်ပတ်သက်၍ ဗဟိုဘဏ်ကန့်သတ်

(ဂ) ဆက်သွယ်ရေးလုပ်ငန်းများတွင် စစ်ခေါင်းဆောင်များ၏ အဂတိလိုက်စားမှုများရှိနေ


၂၀၂၂ ခုနှစ် ဇွန်လအတွင်းကြုံတွေ့ရသည့် ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာဖိနှိပ်မှုများတွင် တယ်လီနော်ကုမ္ပဏီ မြန်မာနိုင်ငံမှ စွန့် ခွာ၍ စစ်ကောင်စီဖြင့် အလွန်နီးစပ်သူများထံရောင်းချပြီး အက်တမ်အမည်ဖြင့် ဆက်လက်ရပ်တည်ခြင်းလည်းပါဝင်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အသေးစိတ်ကို အသေးစိတ်ဖော်ပြခဲ့ပြီးဖြစ်၍ ဇွန်လ(၃)ရက်နေ့တွင် တယ်လီနော်မှ အက်တမ်သို့ အမည်ပြောင်းကြောင်းကိုသာ မှတ်တမ်းတင်လိုက်ပါသည်။

(က) စစ်ကောင်စီ၏ အင်တာနက်ထိန်းချုပ်မှုအပေါ် အရေးယူရန် ကုလသမဂ္ဂအရာရှိများတိုက်တွန်း ဇွန်လ(၇)ရက်နေ့၌ ကုလသမဂ္ဂလူ့အခွင့်အရေး ကျွမ်းကျင်သူများက မြန်မာနိုင်ငံတွင် ဒစ်ဂျစ်တယ်အာဏာရှင်စနစ်တည် ဆောက်ရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုကို ရှုတ်ချခဲ့သည်။ မြန်မာစစ်ကောင်စီသည် “ဒစ်ဂျစ်တယ်အမှောင်ခေတ်”ကို ပြန်သွားရန် ကြိုးပမ်းနေသည့်အပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မြန်ဆန်ဆန်တုံ့ပြန်ရန်လိုအပ်ကြောင်း ထောက်ပြထားသောသတင်းမှာ စိတ်ဝင်စားစရာတစ်ခုဖြစ်သည်။ သို့သော် ကုလသမဂ္ဂ၏ လုပ်ပိုင်ခွင့်များသည် အကန့်အသတ်များစွာရှိနေသောကြောင့် အဆိုပါတိုက်တွန်းမှုကို အကောင်းဘက်ဖြစ်စဉ်တစ်ခုအဖြစ် ရှုမြင်နိုင်သော်လည်း စစ်ကောင်စီ၏ ဒစ်ဂျစ်တယ်ဖိနှိပ်မှုများကို ရပ်တန့်သွားစေမည့် ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်သို့ ရောက်လာဖွယ်ရှိသော ဖြစ်စဉ်တစ်ခု မ ဟုတ်ပါ။ မြန်မာနိုင်ငံသားများ မျှော်လင့်နေသော လမ်းကြောင်းပေါ်ကို တွန်းတင်နိုင်ရန်လိုအပ်သော တွန်းအားများစွာထဲမှ သေးငယ်သောတွန်းအား အသေးလေးတစ်ခုသာ ဖြစ်ပါသည်။ (ခ) မိုဘိုင်းပေး(Mobile Pay / Mobile Wallet)များနှင့်ပတ်သက်၍ ဗဟိုဘဏ်ကန့်သတ် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် ၎င်းတို့ တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် မိုဘိုင်းပေး(Mobile Pay / Mobile Wallet)များသုံးစွဲခြင်းအား ထောင်ဒဏ်နှင့် ငွေဒဏ်များ ချမှတ်အရေးယူခံရနိုင်ကြောင်း ကြေညာချက်တစ်စောင်ကို ဇွန်လ (၁၀)ရက်နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်ကို မထုတ်ပြန်မီ အစောပိုင်းရက်များက “NUG”သည် “NUG Pay” ငွေပေးချေရေးစနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရန် လုပ်ဆောင်နေသော ကာလလည်း ဖြစ်ပါသည်။ ယင်းအချိန်ကာလတူညီချက်အရ ဗဟိုဘဏ်ထုတ်ပြန်ချက်သည် “NUG Pay”၏ဖြစ်တည်သုံးစွဲမှုကို ကန့်သတ်လိုဟန်ရှိနေသည်ကို တွေ့ရပါသည်။


စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်၏ ထုတ်ပြန် ကြေငြာချက်


ထိုသို့ စစ်ကောင်စီ၏ ဟန့်တားနှောက်ယှက်မှုများရှိနေသည့် အကြားကပင် ဇွန်လ(၁၉) ရက်နေ့တွင် “NUG”သည် ဒစ်ဂျစ်တယ်မြန်မာကျပ်ငွေ(DMMK)ကို မိတ်ဆက်ပေးခဲ့ပြီး “NUG Pay”ကို "Play Store"မှ ဒေါင်းလုတ်ခ်(Download)ရယူသုံးစွဲနိုင်မည့်နေ့ရက်ကို မကြာခင်ကြေညာသွားမည်ဟု ထုတ်ပြန်ခဲ့ပါသည်။ ထို့နောက် ဇွန်လ(၂၆)တွင် ဒစ်ဂျစ်တယ်မြန်မာကျပ်ငွေ(DMMK)ကို ထည့်သွင်းသုံးစွဲရန်အတွက် “NUG Pay”ကို “Play Store”မှ ဒေါင်းလုတ်ခ်(Download)ရယူသုံးစွဲနိုင်ကြောင်း ကြေညာခဲ့ပါသည်။ (ဂ) ဆက်သွယ်ရေးလုပ်ငန်းများတွင် စစ်ခေါင်းဆောင်များ၏ အဂတိလိုက်စားမှုများရှိနေ

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သောစစ်ခေါင်းဆောင်များသည် မိုင်တဲလ်ဆက်သွယ်ရေးလုပ် ငန်းကိုအသုံးပြု၍ အဂတိလိုက်စားမှုများရှိနေသည်။ အဆိုပါ ဆက်သွယ်ရေးလုပ်ငန်းမှတစ်ဆင့် စစ်တပ်ဖွဲ့စည်းပုံ အသေးစိတ်အချက်အလက်များ ဗီယက်နမ်စစ်တပ်ထံသို့ ပေါက်ကြားမှုများရှိနေသည်။ မိုင်တဲလ်ဆက်သွယ်ရေးလုပ်ငန်းမှတစ်ဆင့် စစ်ခေါင်းဆောင်များ အဂတိလိုက်စားမှုများရှိနေကြောင်းကို “Justice for Myanmar”အဖွဲ့က ဇွန်လ(၁၈)ရက်တွင် ထုတ်ပြန်ခဲ့တာကို တွေ့ရပါသည်။ မိုင်တဲလ်ဆက်သွယ်ရေးလုပ်ငန်းသည် လေးနှစ်နီးပါးအတွင်း မြန်မာစစ်တပ် တပ်ဖွဲ့ဝင်များ၊ အစိုးရအဖွဲ့ဝင်များနှင့် ပြည်သူ့ ဝန်ထမ်းများထံ သိန်းပေါင်းများစွာသော မိုင်တဲလ်ဆင်းကတ်များကို အခမဲ့ပေးအပ်ခဲ့သည်။ အဆိုပါ ဆင်းကတ်သုံးစွဲသူများသည် စစ်ဘက်ထောက်လှမ်းရေး၏စောင့်ကြည့်ခြင်းကို ခံနေရသည်ဟု “Justice for Myanmar”အဖွဲ့၏ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရပါသည်။ စစ်ကောင်စီသည် ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြုတ်နှံမှုများရှိနေသည်ကို သဘောတွေ့ဟန်မတူပါ။ လူ ထု၏ သတင်းဆက်သွယ်ရေးဆိုင်ရာကိစ္စအားလုံးကို နည်းအမျိုးမျိုးဖြင့် ထိန်းချုပ်ထားလိုသည်။ စစ်ကောင်စီသည် တယ်လီကွန်းများအားလုံးအပေါ်တွင် ကြားဖြတ်ဖမ်းယူစောင့်ကြည့်ရေးစက်များ တပ်ဆင်နိုင်ရန်အတွက် ဖိအားပေးခဲ့သည်ဟု မြန်မာပြည်ကို စွန့်ခွာသွားပြီဖြစ်သော တယ်လီနော်(Telenor)က တရားဝင်ထုတ် ဖော်ပြောကြားခဲ့ဖူးပါသည်။ ထိုသို့ ဖိအားပေးမှုများကြောင့် ယင်းတို့သည်မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ထို့ကြောင့် စစ်ကောင်စီသည် ယင်းတို့အလိုရှိသလိုချယ်လှယ်နိုင်သော မိုင်တဲလ်(Mytel)ကိုအသုံးပြု၍ စောင့်ကြည့်မှုများကို လုပ်ဆောင်နေမည်ဆိုသည်မှာ အငြင်း ပွားဖွယ် မရှိသောအချက်ဟုပင် ဆိုနိုင်သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ

(က) မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့ကြီးများတွင် “Facial Recognize” ပါရှိသည့်

တရုတ်နိုင်ငံထုတ် ကင်မရာများ တပ်ဆင်ရန်ကြိုးပမ်းနေခြင်း

(ခ) အွန်လိုင်းအခြေပြု သင်ကြားရေးစနစ်ဖြင့် ဖွင့်လှစ်ထားသော “4U Federal School” ရှိ

ဆရာဆရာမများ ဆက်တိုက်ဖမ်းဆီးခံရခြင်း

(ဂ) အူရီဒူး(Ooredoo)_ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟုဆိုခြင်း

(ဃ) “Vimeo”၏ ဝန်ဆောင်မှုများမှ ဖယ်ရှားခံခဲ့ရသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)

(င) မိုဘိုင်းဖုန်းများအား စစ်ဆေးဖမ်းဆီးမှု တိုးမြှင့်ခြင်း


(က) မြန်မာနိုင်ငံ တစ်ဝှမ်းလုံးရှိ မြို့ကြီးများတွင် “Facial Recognize”ပါရှိသည့်

တရုတ်နိုင်ငံထုတ်ကင်မရာများ တပ်ဆင်ရန်ကြိုးပမ်းနေခြင်း မြန်မာစစ်ကောင်စီသည် 'မျက်နှာများအား မှတ်သားနိုင်သည့်'တရုတ်နိုင်ငံလုပ်ကင်မရာများကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့ကြီးများတွင်တပ်ဆင်နိုင်ရန် ကြိုးပမ်းနေသည်ဟု ရိုက်တာ(Reuter)သတင်းဌာနက ဇူလိုင်လ(၁၁)ရက်နေ့တွင် ရေးသားဖော် ပြခဲ့တာကို တွေ့ရပါသည်။ ရိုက်တာ(Reuter)သတင်းဌာန၏ ဖော်ပြချက်အရ ယင်းစီမံကိန်း(Project)ကို အကောင်အထည် ဖော်ဆောင်ရွက်မယ့်ကုမ္ပဏီများသည် ပြည်တွင်းကုမ္ပဏီများဖြစ်သည့် Fisca Security & Communication နှင့် နောင်ရိုးကုမ္ပဏီတို့ဖြစ်သည်ဟုဆိုထားပြီး ကင်မရာများနှင့် စောင့်ကြည့်ရေးနည်းပညာများကို “Zhejiang Dahua Techno- logy”, “Huawei” နဲ့ “Hikvision”တို့ထံမှ ရယူနေသည်ဟု ရိုက်တာ(Reuter)သတင်းဌာနက ဖော်ပြပါသည်။ “ဒီလိုလုပ်ဆောင်မှုဟာ မြန်မာ့ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူတွေအပေါ် အန္တရာယ်ပိုမိုကျရောက်လာဖွယ်ရှိပြီး စစ်တပ်နဲ့ ရဲတွေဟာ တက်ကြွလှုပ်ရှားသူတွေကို ခြေရာခံဖို့၊ ဆက်သွယ်မှုတွေကို ဖော်ထုတ်နိုင်ဖို့၊ ၎င်းတို့ ခိုအောင်းရာနေရာတွေကို ရှာဖွေနိုင်ဖို့၊ ၎င်းတို့အသုံးပြုတဲ့ ကား၊ ဆိုင်ကယ် အစရှိတဲ့ ယာဉ်တွေကို ပိုမိုထောက်လှမ်းနိုင်မယ့် အခြေအနေတွေ ရှိနေတယ်”ဟု လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်လေ့လာရေးအဖွဲ့ ၊ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သော ဖိလစ်ရောဘတ်ဆင်(Phil Robertson)က မှတ်ချက်ပြုထားပါသည်။

(ခ) အွန်လိုင်းအခြေပြုသင်ကြားရေးစနစ်ဖြင့် ဖွင့်လှစ်ထားသော “4U Federal School” ရှိ

ဆရာဆရာမများဆက်တိုက် ဖမ်းဆီးခံရခြင်း အန်ယူဂျီ(NUG)၏ ကြားကာပညာရေးအစီအစဉ်အတွက် “Federal School” အဖြစ်အကောင်အထည်ဖော်ရာတွင် ပါဝင်တည်ထောင်ထားသည့် ကျောင်းတစ်ခုဖြစ်သော “Kuang For You” ၏ ကျောင်းအုပ်အား ဇွန်လ(၁၃)ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံရသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် ဆရာဆရာမ(၂၀)ဦးထက်မနည်း ဖမ်းဆီးခံရသောသတင်းများထွက်ပေါ်ခဲ့ပါ‌သည်။ “Kaung For You”၌ ပညာသင်ကြားနေသော ကျောင်းသူကျောင်းသား ၃၀,၀၀၀ ခန့်ရှိပြီး ဇူလိုင်လ(၁၄)ရက်နေ့တွင် အန်ယူဂျီ(NUG)၏ ပညာရေးဝန်ကြီးအဖြစ် တာဝန်ယူထားသည့် ဒေါက်တာဇော်ဝေစိုးက “Kaung For You” ကျောင်းအား ပိတ်သိမ်းကြောင်းကြေညာခဲ့သည်။ ထိုသို့ ဆရာ/ဆရာမများအား ဖမ်းဆီးထိန်းသိမ်းခြင်းသည် လွတ်လပ်စွာပညာသင်ကြားခွင့် (Rights to Education)ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အန်ယူဂျီ(NUG)၏ လူ့အခွင့်အရေးဌာနက ထုတ်ပြန်ကြေညာခဲ့သည်ကိုလည်း တွေ့ရပါသည်။ ထိုဖြစ်စဉ်များဖြစ်ပေါ်ပြီးနောက် “Kaung For You”တွင် ကျောင်းအပ်ထားသည့် ကျောင်း သားများထံသို့ မိုဘိုင်းဖုန်းများမှတစ်ဆင့် စာတို(SMS)များပေးပို့ကာ ခြိမ်းခြောက်ငွေညှစ်မှုဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရပါသည်။


(ဂ) အူရီဒူး မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ဆိုခြင်း

ဇူလိုင်လ(၂၁)ရက်နေ့တွင် စစ်ကောင်စီနှင့် ကာတာဆက်သွယ်ရေးကုမ္ပဏီ(Ooredoo (ORDS.QA))တို့သည် မြန်မာနိုင်ငံမှ ထွက်ခွာရန်အတွက် ရှယ်ယာများကို ရောင်းချရန်ဆွေးနွေးနေပြီဖြစ်ကြောင်း ရိုက်တာ(Reuters)သတင်းဌာနက ထုတ်ဖော်ရေးသားလာခဲ့သည်။ အူရီဒူး(Ooredoo)သည် မြန်မာနိုင်ငံတွင် တတိယလူသုံးအများဆုံးအော်ပရေတာဖြစ်ပြီး မြန်မာနိုင်ငံတွင် တစ်ခုတည်းကျန်ရှိခဲ့သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆက်သွယ်ရေးအော်ပရေတာဖြစ်သည်။ ရိုက်တာ(Reuters)သတင်းဌာန၏ဖော်ပြချက်အရ အူရီဒူး(Ooredoo)ကို ဝယ်ယူမည့်အလားအလာရှိသော လုပ်ငန်းများထဲတွင် မြန်မာလုပ်ငန်းစုတစ်ခုဖြစ်သော“Young Investment Group”၊ စင်ကာပူအခြေစိုက် “Campana Group” နှင့် “Sky Net”တို့ပါဝင်နေသည်ဟု ဖော်ပြထားပါသည်။ မည်သို့ပင်ဆိုစေ စစ်ကောင်စီသည် ဆက်သွယ်ရေးကဏ္ဍအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားစေလိုသော အခြေအနေတစ်ခုဖြစ်နေသည်မှာ ထင်ရှားသည်။ အူရီဒူး(Ooredoo) ထွက်ခွာသွားမှုနှင့်အတူ မြန်မာ့ဆက်သွယ်ရေးကဏ္ဍတစ်ခုလုံးသည် ယခင်အချိန်ကာလများကအတိုင်း စစ်အုပ်စုနှင့် ၎င်းတို့ အလိုအကျဖန်တီးပေးမည့်သူများလက်ထဲသို့ ပြန်လည်ကျရောက်သွားဖြစ်ကြောင်း လက်ရှိမိုဘိုင်းဖုန်းသုံးစွဲသူတိုင်း သတိပြုရမည့်ကိစ္စဖြစ်ပါသည်။

(ဃ) Vimeo ၏ ဝန်ဆောင်မှုများမှ ဖယ်ရှားခံခဲ့ရသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV) ဇူလိုင်လ(၂၁)ရက်နေ့တွင် ယူအက်စ်(US)အခြေစိုက်ကုမ္ပဏီတစ်ခုဖြစ်သော “Vimeo”၏ ဗီဒီယိုပလက်ဖောင်းကိုအသုံးပြု၍ ထုတ်လုပ်မှုအစီအစဉ်များကို လုပ်ဆောင်နေသော မြန်မာ့အသံနှင့် ရုပ်မြင်သံကြား(MRTV)ကို ကုမ္ပဏီဘက်မှနေ၍ ပိတ်ပင်ခဲ့သည်။ “Vimeo”၏ဝန်ဆောင်မှုများကိုအသုံးပြု၍ တိုက်ရိုက်ထုတ်လွှင့်မှုများကိုမလုပ်နိုင်အောင် ပိတ်ပင်ခံခဲ့ရသည်။ အဆိုပါဖြစ်စဉ်သည် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုများအပေါ်တွင် နိုင်ငံတကာလုပ်ငန်းများ၏ တုန့်ပြန်ပုံများထဲမှတစ်ခုဟု ဆိုနိုင်ပါသည်။

(င) မိုဘိုင်းဖုန်းများအား စစ်ဆေးဖမ်းဆီးမှု တိုးမြှင့်ခြင်း ဇူလိုင်လ(၂၅)ရက်နေ့တွင် ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက ကြိုးမိန့်ပေးသည့်သတင်းများကို စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့သည်။ ထို့နောက် ဆိုရှယ်မီဒီယာအသုံး ပြုသူအများစုသည် ယင်းကြိုးပေးသတ်ဖြတ်ခဲ့မှုကို ဝမ်းနည်းကြောင်းပြသသောအနေဖြင့် ဖေ့ဘွတ်ခ်(Facebook)၏ ပရိုဖိုင်းပုံများကို အနက်ရောင် (သို့မဟုတ်) အနီရောင်များသို့ ပြောင်းလဲ၍ ဝမ်းနည်းကြောင်းပြသခဲ့ကြသည်။ ထိုလုပ်ဆောင်ချက်များကို တုန့်ပြန်သောအနေဖြင့် အာဏာသိမ်းစစ်ကောင်စီသည် လမ်းသွားလမ်းလာပြည်သူများ၏ လက်ကိုင်ဖုန်းများကိုစစ်ဆေး၍ ပရိုဖိုင်းပုံ အနီ (သို့) အနက်ပြောင်းလဲသူများအား ဖမ်းဆီးခဲ့မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရပါသည်။


Recommended Citation Style -


Project, M. I. (2022, July 20). DIGITAL COUP QUARTERLY ( May 2022 to July 2022). https://www.myanmarinternet.info/my/post/quartely-report-006

24 views

Comments


bottom of page