top of page
Myanmar Internet Project

DIGITAL COUP QUARTERLY ( February 2023 to April 2023)

Updated: Aug 3, 2023







၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ် ဖိနှိပ်မှုဆိုင်ရာ ဖြစ်စဉ်များ

မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းထားမှုသည်(၂)နှစ်တာကာလ ကျော်လွန်လာပြီးနောက် တတိယနှစ်၏ ပထမသုံးလပတ်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ဒစ်ဂျစ်တယ်ဖိနှိပ်မှုပြုလုပ်ခြင်းနှင့်ပတ်သက်သည့် စစ်ကောင်စီ၏ လုပ် ဆောင်ချက်များကို မှတ်တမ်းတင်လေ့လာခဲ့မှုအရ စစ်ကောင်စီသည် ဒစ်ဂျစ်တယ်ရပ်ဝန်းအပေါ်ဖိနှိပ်လွှမ်းမိုးထားနိုင်ရန် ဖိနှိပ် မှုနည်းလမ်းပေါင်းစုံအား အသုံးပြုလျက်ရှိသည်ကို တွေ့ရသည်။ ယင်းကို ငြင်းချက်မထုတ်နိုင်လောက်အောင် မှန်ကန်သောအ ချက်အလက်များနှင့် အထောက်အထားများဖြင့် အခိုင်အမာဖော်ပြနိုင်သည်။ ယခုဖော်ပြမည့် သုံးလတာကာလအတွင်း စစ်ကောင်စီ၏ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာဖိနှိပ်မှုများတွင် စစ်ကောင်စီ၏ လော်ဘီချန်နယ်များမှတစ်ဆင့် ဒီမိုကရေစီအရေးထောက်ခံသူများ၏ အွန်လိုင်းပေါ်မှ ပြောဆိုရေးသားချက်များကို ရှာဖွေကာ ဖော်ထုတ်ဖမ်းဆီးရန်လှုံ့ဆော်မှုများ၊ မိုဘိုင်းဖုန်းလိုင်းများကို ဆက်လက်ဖြတ်တောက်ထားမှုများ၊ အန်ယူဂျီ(NUG)နှင့် ပူးတွဲဖွင့်လှစ်သည့်ကျောင်းများတွင် တက်ရောက်သင်ကြားသည့် ကျောင်းသား/ကျောင်းသူများနှင့် မိဘများအား ဖမ်းဆီးခြင်းနှင့် ခြိမ်း ခြောက်ခြင်းများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေပြဋ္ဌာန်းရာတွင် အွန်လိုင်းဆက်သွယ်မှုများအား တရားဝင်စောင့်ကြည့်နိုင်ရေးအတွက် ဆက်သွယ်ရေးဆိုင်ရာကြားဖြတ်ဖမ်းယူ နားထောင်နိုင်မှုဆိုင်ရာပုဒ်မများ ထည့်သွင်းပြဋ္ဌာန်းခြင်းအပါအ ဝင် နိုင်ငံသားတို့၏အချက်အလက်များကို အသေးစိတ်စိစစ်စေနိုင်ရေးအတွက် အီလက်ထရောနစ်မှတ်ပုံတင်(EID)စနစ်အ ကောင်အထည်ဖော်ဆောင်ရေးတို့အား လုပ်ဆောင်လာသည်ကို တွေ့ရသည်။ Access Now နှင့် KeepItOn အဖွဲ့တို့၏ အစီရင်ခံစာအရ ၂၀၂၂ ခုနှစ်အတွင်း အင်တာနက်ဖြတ်တောက်ခံရမှုအများဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်သည်အထိ ဒစ် ဂျစ်တယ်ဖိနှိပ်ခံရမှုအခြေအနေများမှာ အလွန်အမင်းဆိုးရွားလာသည်ကို တွေ့ရသည်။ ယခုဆောင်းပါးတွင် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလ(သုံးလတာကာလ)အတွင်း ဖြစ်ပျက်ခဲ့သည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့်ပတ်သက်သော တွေ့ရှိချက်များကို စုစည်းဖော်ပြသွားပါမည်။


(၁) ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ် (က) ဖမ်းဆီးခံရသူများ၏ မိုဘိုင်းဖုန်းမှ ရရှိလာသည့်အချက်အလက်များ အလွဲသုံးစား ပြုလုပ်ခံရခြင်း (ခ) ဖုန်းလိုင်း ဖြတ်တောက်ခံရခြင်း (ဂ) FOEIM ကျောင်းသားစာရင်းပေါက်ကြားခြင်း (ဃ) ဒစ်ဂျစ်တယ်ရပ်ဝန်းနှင့်သက်ဆိုင်သည့် အခြားသော ဆက်စပ်ဖြစ်စဉ်များ (က) ဖမ်းဆီးခံရသူများ၏ မိုဘိုင်းဖုန်းမှ ရရှိလာသည့်အချက်အလက်များ အလွဲသုံးစား ပြုလုပ်ခံရခြင်း PDF Channel”ဟု အမည်ပေးထားသည့် စစ်လော်ဘီချန်နယ်တစ်ခုသည် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် ဖမ်းဆီးခံရသည့်အမျိုးသမီးများ၏ မိုဘိုင်းဖုန်းမှရရှိသည်ဟုယူဆရသော လိင်အသားပေးဓာတ်ပုံများအား ဖြန့်ဝေခဲ့သည်ကို တွေ့ရသည်။ ယင်းချန်နယ်သည် ယခုထက်တိုင် အာဏာရှင်တော်လှန်ရေးအားပေးထောက်ခံသည့်အမျိုးသမီးများ၏ လူမှုကွန်ရက်မီဒီယာအကောင့်များကိုရှာဖွေပြီး လိင်အသားပေးဓာတ်ပုံများဖြင့် ပုံဖျက်ဖော်ပြနေသည်ကို တွေ့ရသည်။

(ခ) ဖုန်းလိုင်း ဖြတ်တောက်ခံရခြင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့သစ်တွင် ဖေဖော်ဝါရီလ(၃)ရက်နေ့က စစ်ကောင်စီ၏ ရဟတ် ယာဉ်တစ်စီးပစ်ခတ်ခံခဲ့ရသည်ဟုသတင်းများထွက်ပေါ်ခဲ့ပြီးနောက် ရွှေပြည်အေးမြို့သစ်ဘက်တွင် ဖုန်းလိုင်းများဖြတ်တောက်ခံထားရသည်ဟု “ခေတ်သစ်မီဒီယာ”တွင် ဖော်ပြထားသည်ကို တွေ့ရှိရသည်။ စစ်ကောင်စီသည် အာဏာသိမ်းကာလတစ် လျှောက်လုံးတွင် သတင်းစီးဆင်းမှုများအား ဟန့်တားပြတ်တောက်စေရန်အတွက် အင်တာနက်နှင့် မိုဘိုင်းဖုန်းဆက်သွယ်ရေးလိုင်းများအား ပုံစံမျိုးစုံဖြင့် ကန့်သတ်ဖြတ်တောက်လေ့ရှိသည်ကို တွေ့ရှိရသည်။ ဖေဖော်ဝါရီလ(၇)ရက်နေ့က ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်ရှိ “MPT Exchange”ရုံး မီးလောင်းမှုဖြစ်ပွားပြီး “MPT” ၏ မိုဘိုင်းဖုန်းနှင့် အင်တာနက်လိုင်းများ ယင်းနေ့ မနက်(၁၀)နာရီမှ ညနေပိုင်းအထိ သုံးစွဲရခက်ခဲသော အခြေအနေများလည်း ဖြစ်ပေါ်ခဲ့သေးသည်။

(ဂ) FOEIM ကျောင်းသားစာရင်းပေါက်ကြားခြင်း အန်ယူဂျီ(NUG)ပညာရေးဝန်ကြီးဌာနနှင့်ချိတ်ဆက်၍ ပြည်သူ့ပညာရေးတည်ဆောက်ခြင်းနှင့် ကျောင်းသားကျောင်းသူများ ပညာရေးကို စဉ်ဆက်မပြတ်ရရှိစေခြင်း စသည့်ရည်ရွယ်ချက်တို့ဖြင့် ဖွဲ့စည်းတည်ထောင်ထားသော ကြားကာလပညာရေးကျောင်းတစ်ခုဖြစ်သည့် “Free Online Educational Institution Myanmar- FOEIM”တွင် တက်ရောက်နေသော ကျောင်းသူ/ကျောင်းသား(၃၀၀)ကျော်၏ အချက်အလက်များသည် ဖေဖော်ဝါရီ(၂၁)ရက်နေ့တွင် ပေါက်ကြားလာခဲ့သည်။ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်လော်ဘီများက “FOEIM” ကျောင်းသား ၃၀၀ ၏ အမည်၊ ဖုန်းနံပါတ်၊ အီးမေးလ်နှင့် တယ်လီဂရမ်နံပါတ်၊ ဖခင်ဖြစ်သူအမည်နှင့် သက်ဆိုင်ရာအချက်အလက်များ ၎င်းတို့ထံ ပေါက်ကြားလာကြောင်း ဖော်ပြပြီးနောက် ဖုန်းဆက်၍ခြိမ်းခြောက်ငွေညှစ်ခံရမှုများရှိခဲ့သည်ကို တွေ့ရှိရသည်။ ထို့အပြင် ယင်းဖြစ်ရပ်၏ နောက်ဆက် တွဲအနေဖြင့် ကျောင်းသားမိဘများ ဖမ်းဆီးခံရမှုများရှိခဲ့ပြီး ပိုင်ဆိုင်မှုများပါ သိမ်းဆည်းခဲ့သည်အထိ ပြင်းထန်စွာလုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရသည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်းကလည်း အန်ယူဂျီ(NUG)၏ ပညာရေးဝန်ကြီးဋ္ဌာနလက်အောက်ခံကျောင်းတစ်ခုဖြစ်သည့် “KFU”၏ ကျောင်းသားစာရင်း ပေါက်ကြားခဲ့မှုကြောင့် ပညာသင်ကြားရေးတွင် ပါဝင်အားဖြည့်ပေးခဲ့သည့် ဆရာ/ဆရာမများ ဖမ်းဆီးခံခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့ဖူးသည်။ စစ်ကောင်စီ၏ အထက်ပါလုပ်ဆောင်ချက်များသည် လူငယ်များ၏ လွတ်လပ်စွာပညာသင်ကြားခွင့်အပေါ် ခြိမ်းခြောက်နေသည့်ဖြစ်စဉ်များဖြစ်ပြီး လူသားတစ်ဦး၏ အခြေခံရပိုင်ခွင့်ဖြစ်သည့် လွတ်လပ်စွာပညာသင်ကြားခွင့်အပေါ် ဟန့်တားပိတ်ပင်ခံရသည့် လူ့အခွင့်အရေးဆိုင်ရာချိုးဖောက်ခံရမှုလည်းဖြစ်သည်။

(ဃ) ဒစ်ဂျစ်တယ်ရပ်ဝန်းနှင့်သက်ဆိုင်သည့် အခြားသော ဆက်စပ်ဖြစ်စဉ်များ အထက်ပါဖြစ်စဉ်များအပြင် ဖေဖော်ဝါရီလအတွင်း၌ အန်ယူဂျီ(NUG)၏ ယာယီသမ္မတအဖြစ် တာဝန်ယူထားသည့် ဒူးဝါလရှီးလ၏ လူမှုကွန်ရက်စာမျက်နှာ(Facebook page)ဖောက်ထွင်းခံခဲ့ရခြင်း၊ အီလက်ထရောနစ်မဲပေးစနစ်အား စစ်ကောင်စီမှ အကောင်အထည်ဖော်ဆောင်နေခြင်းအပါအဝင် လေဆိပ်သို့ပို့ထားသည့် စီဒီအမ်နှစ်သိန်းကျော်နာမည်စာရင်းများကို The Fifth Columnမှရရှိထားပြီး အမည်စာရင်းတွင်ပါဝင်ခြင်း ရှိမရှိမေးမြန်းနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သေးသည်ကို တွေ့ရှိရသည်။

(၂) ၂၀၂၃ ခုနှစ် မတ်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်

(က) အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေဖြင့် တရားဝင်ဖြစ်အောင်လုပ်ဆောင်ခဲ့သောအီလက်ထရောနစ်သတင်း အချက်အလက် ကြားဖြတ်ဖမ်းယူခြင်း (ခ) အင်တာနက်ဖြတ်တောက်မှု အများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံပါဝင်နေခြင်း (ဂ) လူမှုကွန်ရက်မှတစ်ဆင့်ခြေရာခံ၍ စစ်ကောင်စီ၏ဖမ်းဆီးခံရခြင်း (ဃ) ဖုန်းဆင်းကတ် ပြန်လည်မှတ်ပုံတင်ရေးအတွက် စစ်ကောင်စီက ထုတ်ပြန်ခြင်း

(က) အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေဖြင့် တရားဝင်ဖြစ်အောင်လုပ်ဆောင်ခဲ့သော အီလက်ထရောနစ်သတင်းအ ချက်အလက် ကြားဖြတ်ဖမ်းယူခြင်း စစ်ကောင်စီသည် အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေကို မတ်လ(၁)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ထိုဥပဒေ၏ အခန်း (၁၄)တွင် အီလက်ထရောနစ်သတင်းအချက်အလက်များ ကြားဖြတ်ဖမ်းယူခြင်း၊ ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်းနှင့် တည် နေရာအတည်ပြုခြင်းဆိုသောအခန်းတစ်ခုကို ထည့်သွင်းပြဋ္ဌာန်းထားသည်။ တယ်လီကွန်းများအတွင်းစီးဆင်းနေသော အများ ပြည်သူ၏ သတင်းအချက်အလက်များကို ကြားဖြတ်ဖမ်းယူခြင်း၊ ဖြတ်တောက်ခြင်း၊ ကန့်သတ်ခြင်းနှင့် တည်နေရာအတည်ပြုခြင်းများကို စိတ်တိုင်းကျဆောင်ရွက်နိုင်ရန် “Lawful Interception Framework”ဟုဆိုသော “တရားနည်းလမ်းကျ ဆက်သွယ်ရေးဆိုင်ရာ ကြားဖြတ်နားထောင်ခွင့်မူဘောင်တစ်ရပ်”ဥပဒေအဖြစ်ရှိကြောင်း တစ်နည်းအားဖြင့် ပြသနိုင်ရန်လည်း ဖြစ်သည်။ ထိုအချက်သည် ဥပဒေမူဘောင်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်းဆင်ခြေပေးနိုင်ရုံ ထက်မပိုသော ပြဋ္ဌာန်းချက်သာဖြစ်သည်။ (ယင်းဥပဒေပါ အကြောင်းအရာများနှင့်ပတ်သက်သည့် သုံးသပ်ချက်များကို ယခုနေရာတွင်နှိပ်ပြီး သွားရောက်လေ့ လာနိုင်ပါသည်။) ထိုကဲ့သို့ အကြမ်းဖက်မှုနည်းဥပဒေထုတ်ပြန်သည့်နေ့တွင် စစ်ကောင်စီသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကဖွင့်လှစ်ထားသည့် အွန်လိုင်းစာသင်ကျောင်းများတွင်အပ်နှံသော ကျောင်းသားမိဘများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မဖြင့် အရေးယူသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

(ခ) အင်တာနက်ဖြတ်တောက်မှု အများဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံပါဝင်နေခြင်း မြန်မာနိုင်ငံသည် စစ်အာဏာသိမ်းကာလနောက်ပိုင်းတွင် အင်တာနက်ဖြတ်တောက်မှုကို ပုံစံမျိုးစုံဖြင့် ကြုံတွေ့နေခဲ့ရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်ဖြတ်တောက်ခဲ့သည့် ဖြစ်ရပ်များအပါအဝင် အချိန်ကာလအကန့်အသတ်ဖြင့် အင်တာနက်ဖြတ်တောက်မှုများကိုလည်း လုပ်ဆောင်ခဲ့သည်။ ထို့အပြင် လူသုံးများသည့် လူမှုကွန်ရက်မီဒီယာများ(Social Media Platform)ကိုကန့်သတ်ထိန်းချုပ်ထားသည်မှာ ယနေ့ကာလအထိပင်ဖြစ်သည်။ ထိုကဲ့သို့ လုပ်ဆောင်မှုများသာမက အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများ ပဋိပက္ခဖြစ်ပွားရာနေရာများတွင် မိုဘိုင်း ဖုန်းအသုံးပြုမှုများကိုပါ မကြာခဏပိတ်ပင်ထားလေ့ရှိသည်ကိုလည်း တွေ့ရှိရသည်။ ချင်းပြည်နယ်၊ မတူပီမြို့နယ်အား ယခုနှစ် ဇန်နဝါရီလ(၇)ရက်နေ့မှစတင်ပြီး မိုဘိုင်းဖုန်းလိုင်းများဖြတ်တောက်ထားမှုကြောင့် ဒေသခံများအနေဖြင့်သတင်းအမှောင် ချခံနေရပြီး စားနပ်ရိက္ခာဝယ်ယူရေးအတွက် အခက်အခဲဖြစ်နေကြောင်း Myanmar Now သတင်းဋ္ဌာန၏ ယခုလအတွင်း သတင်းဖော်ပြချက်အရ တွေ့ရှိရသည်။ ထိုကဲ့သို့ အများပြည်သူ၏ သတင်းဆက်သွယ်ရေးကဏ္ဍတွင် ဆက်တိုက်ဖိနှိပ်နေသည့်ကြားမှပင် စစ်ကောင်စီလော်ဘီအကောင့်များမှ စစ်ရေးလုပ်ဆောင်နေသည့်နေရာများတွင် ဖုန်းလိုင်းများဖြတ်တောက်ရန် မတ်လ(၁၅)နေ့က လှုံ့ဆော်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။


ပုံ (၁) မြန်မာနိုင်ငံသည် အင်တာနက်ဖြတ်တောက်မှုအများဆုံးနိုင်ငံထဲတွင် ပါဝင်ခဲ့ကြောင်း VOA သတင်းဋ္ဌာန၏ ဖော်ပြချက်

ထိုကဲ့သို့ စစ်ကောင်စီ၏ ဒစ်ဂျစ်တယ်ရပ်ဝန်းဆိုင်ရာကန့်သတ်ချက်များကြောင့် ၂၀၂၂ ခုနှစ်အတွက် Access Now နှင့် KeepItOn တို့ ပူးတွဲထုတ်ပြန်သော ကမ္ဘာတစ်လွှားရှိ နိုင်ငံများတွင်(၁)နှစ်တာအတွင်းပြုလုပ်ခဲ့သော အင်တာနက်ဖြတ်မှုများကို တွက်ချက်ကြည့်ရာတွင် မြန်မာနိုင်ငံသည် အမြင့်ဆုံးအဖြစ် စံချိန်တင်ရောက်ရှိခဲ့သည့်နိုင်ငံတစ်ခုအဖြစ် ပါဝင်ခဲ့သည်ကို တွေ့ရသည်။ ထိုကဲ့သို့ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အမေရိကန်ကုန်သွယ်ရေးဌာန စက်မှုနှင့်လုံခြုံရေးဗျူရို(BIS)က မတ်လ(၂)ရက်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနအပါအဝင် Fisca Security and Communication Co.Ltd နှင့် Naung Yoe Technologies Co. Ltd. တို့ကို အမည်ပျက်စာရင်းသွင်းခဲ့သည်ကိုလည်း တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ အင်တာနက်ဖြတ်တောက်မှုပြဿနာမှာ အာဏာသိမ်းကာလတွင်သာ ကြုံတွေ့ရသည်မဟုတ်ပဲ အရပ် သားအစိုးရလက်ထက်တွင်လည်း ကမ္ဘာအကြားဆုံးအင်တာနက်ဖြတ်တောက်မှုအဖြစ်မှတ်တမ်းဝင်သည့် ရခိုင်အင်တာနက်ဖြတ်တောက်မှုဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိနိုင်သည်။

(ဂ) လူမှုကွန်ရက်မှတစ်ဆင့်ခြေရာခံ၍ စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်း အင်တာနက်နှင့် မိုဘိုင်းဖုန်းဖြတ်တောက်မှုများသာမက အများပြည်သူ၏လူမှုကွန်ရက်အသုံးပြုမှုများအပေါ်ပါ စစ်ကောင်စီက ဖိနှိပ်လာသည်ကို ယခုနောက်ပိုင်းတွင် တွေ့လာရသည်။ လူမှုကွန်ရက်မီဒီယာအပေါ်ရှိ စစ်အာဏာရှင်ဆန့်ကျင်မှုထောက်ခံသူဟု ယူဆရသည့် လူမှုကွန်ရက်အသုံးပြုသူများကို ရှာဖွေဖော်ထုတ်၍ စစ်ကောင်စီ၏ လော်ဘီအကောင့်များက ဖမ်းဆီးရန်လှုံဆော်ခဲ့သည်။ စစ်ကောင်စီလက်အောက်ခံများကလည်း မြေပြင်တွင် လက်တွေ့ဖမ်းဆီးခြင်းများအား ပြုလုပ်လာသည်ကို တွေ့ရသည်။ စစ်အုပ်ချုပ်ရေးဒေသဖြစ်သည့် တနင်္သာရီမြို့နယ်တွင် တစ်ပတ်အတွင်း ပြည်သူအများအပြား ဖမ်းဆီးခံရသည်။ တော်လှန် ရေးတွင် ပါဝင်သူနေများဖြင့် ဆက်သွယ်ခြင်းနှင့် အလှူငွေမှတ်တမ်းများတွေ့ရှိခြင်းတို့ကြောင့် ဖမ်းဆီးခံရသူများ အများဆုံးပါဝင်ကြောင်း တနင်္သာရီတိုင်သတင်းဋ္ဌာန၏ မတ်လ (၅) ရက်နေ့ သတင်းဖော်ပြချက်အရ သိရှိရသည်။ ခင်ဦးဒေသခံပျောက်ကျားတပ်ဖွဲ့ “Khin U Local Guerrilla Force”ဖေ့ဘွတ်ခ်စာမျက်နှာကမျှဝေသည့်အ ကြောင်းအရာများကို ပြန်လည်မျှဝေသည်ဟုဆိုကာ လက်လီအရောင်းဆိုင်အလုပ်လုပ်ကိုင်နေသည့် ‘မဇင်မို့မို့ဖြူ’အား စစ်ကောင်စီမှ ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းကို ချင်းတွင်းသတင်းအေဂျင်စီက မတ်လ(၇)နေ့တွင် သတင်းဖော်ပြထားသည်ကို တွေ့ရသည်။

ဖေ့ဘုတ်ပေါ်တွင် ၎င်းတို့နှင့်ဆန့်ကျင်သည့်အကြောင်းအရာများ မျှဝေသည်ဆိုသော စွတ်စွဲချက်ဖြင့် ပဲခူးတိုင်းဒေသ ကြီး၊ ပြည်မြို့ရှိ အမျိုးသမီးတစ်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အမျိုးသမီးတစ်ဦးတို့အား စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ချင်းတွင်းသတင်းအေဂျင်စီဖေ့ဘုတ်စာမျက်နှာက မတ်လ(၉)ရက်နေ့တွင် သတင်းရေးသားဖော်ပြခဲ့သည်ကို ထပ်မံတွေ့ရှိရသည်။ စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် နိရဉ္စရာသတင်းဌာနအယ်ဒီတာချုပ်အား ဆယ်သွယ်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်မှုကိုလည်း စစ်ကောင်စီဘက်က ပြုလုပ်ခဲ့သေးသည်။ ထို့အပြင် ဖေဖော်ဝါရီလက ဖြစ်ခဲ့သည့် ‘FOEIM’ ကျောင်းသားစာရင်းပေါက်ကြားမှုကြောင့် ‘FOEIM’တွင် ကျောင်းအပ်ခဲ့သည့် ကျောင်းသားမိဘအချို့ ဖမ်း ဆီးထိန်းသိမ်းခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။


(ဃ) ဖုန်းဆင်းကတ် ပြန်လည်မှတ်ပုံတင်ရေးအတွက် စစ်ကောင်စီက ထုတ်ပြန်ခြင်း ဖုန်းဆင်းကဒ်များ ပြန်လည်မှတ်ပုံမတင်လျှင် ရက်ပေါင်း(၃၀)အတွင်း ပိတ်သိမ်းမှုပြုလုပ်သွားမည်ဟု စစ်ကောင်စီ၏ လက် အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဋ္ဌာနက မတ်လ(၁၃)ရက်နေ့ ညနေပိုင်းတွင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။ မှတ်ပုံတင်ထားပြီးဖြစ်သော ဆင်းကဒ်များတွင် ဖြည့်စွက်ထားသည့်အချက်အလက်များကိုလည်း စစ်ကောင်စီလက် အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဋ္ဌာနက စစ်ဆေးမှုများပြုလုပ်နေပြီး အချက်အလက်ပြည့်စုံမှန်ကန်ခြင်းမရှိသည့် ဆင်းကဒ်များအား ရက်ပေါင်း(၃၀)အတွင်း ပြန်လည်မှတ်ပုံတင်ရန်အတွက် စာတို(SMS)များ ပေးပို့သွားမည်ဖြစ်ပြီး ရက်ပေါင်း(၃၀)အတွင်း မှတ်ပုံတင်ခြင်းမရှိသည့် ဆင်းကဒ်များကို “One Way Block” ထားမည်ဖြစ်ကာ ရက်ပေါင်း (၉၀)ကျော်ပါက အပြီးပိတ်သိမ်းမည်ဟု ထုတ်ပြန်ထားသည်။ ယခုအချိန်တွင် မိုဘိုင်းဖုန်းအသုံးပြုသူအချို့၏ ဖုန်းများအတွင်းသို့ မှတ်ပုံတင်ပြန်လည်ပြုလုပ်ရန်စာတို(SMS)များ ပေးပို့နေသည်ကိုလည်း တွေ့ရှိရသည်။


(၃) ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒီဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ် (က) အွန်လိုင်းရပ်ဝန်းနှင့်ပတ်သက်သော စစ်ကောင်စီ၏ အကြမ်းဖက် ခြိမ်းခြောက်အရေးယူခြင်း (ခ) စောင့်ကြည့်ခြေရာခံနိုင်မှုများ စစ်ကောင်စီက လုပ်ဆောင်လာခြင်း (ဂ) ဆက်သွယ်ရေးကွန်ရက်များ ဖြတ်တောက်ခြင်း


(က) အွန်လိုင်းရပ်ဝန်းနှင့်ပတ်သက်သော စစ်ကောင်စီ၏ အကြမ်းဖက် ခြိမ်းခြောက်အရေးယူခြင်း စစ်ကောင်စီသည် လူထု၏ ဒစ်ဂျစ်တယ်အသုံးပြုဆက်သွယ်မှုများကို စောင့်ကြည့်ခြေရာခံနိုင်ရန် ကြိုးစားရုံသာမက အွန်လိုင်းက ရေးသာပြောဆိုမှုများအပေါ်တွင်အခြေခံသော ဖမ်းဆီးထိန်းသိမ်းမှုများကိုလည်း လုပ်ဆောင်နေသည်။ ထိုနည်းလမ်းဖြင့် လူထုအတွင်း အကြောက်တရားလွှမ်းမိုးလာစေရန် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့လုပ်ဆောင်မှုများကို ယခုကာလမှသာစ တင်တွေ့ရှိခဲ့ရခြင်းမဟုတ်ပဲ အာဏာသိမ်းကာလတစ်လျှောက်တွင် တစိုက်မတ်မတ်လုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိရသည်။ ထိုသို့လုပ်ဆောင်ရာတွင် စစ်ကောင်စီ၏ လော်ဘီတယ်လီဂရမ်ချန်နယ်များက ဖမ်းဆီးမည့်သူများ၏ အချက်အလက်များကို ဖမ်းဆီးမှုမပြုမီ လွှင့်တင်၍ ပျံ့နှံစေခြင်း၊ ဖမ်းဆီးပြီးချိန်တွင် ယင်းချန်နယ်များ၌ ဖမ်းဆီးခံရပြီးဖြစ်ကြောင်း ပုံများဖြင့် ဖြန့်ဝေခြင်းနှင့် အများပြည်သူဘက်မှရပ်တည်သည်ဟုထင်ရှားသော ကျော်ကြားသူအချို့အား အရေးယူခြင်းများပါဝင်ခဲ့သည်။ ထိုသို့ပြုမှုဆောင်ရွက်ခြင်းသည် လူထုအတွင်း အကြောက်တရားကူးစက်ပျံ့နှံစေရန် ဖန်တီးခြင်းဖြစ်ကြောင်း ဖြစ်ပေါ်ခဲ့ပြီးသော ဖြစ်စဉ်များအရ အခိုင်အမာတင်ပြနိုင်သည်။ ယခုလအတွင်း၌လည်း စစ်ကောင်စီသည် လူထု၏အွန်လိုင်းပေါ်မှ ပြောဆိုချက်များအပေါ်အခြေခံသည့် အရေးယူမှုများအပါအဝင် စစ်ကောင်စီလက်ကိုင်တုတ်တယ်လီဂရမ်ချန်နယ်များမှ တစ်ဆင့်သတင်းစကားဖြန့်ဝေပြီး လူထုအား ခြိမ်းခြောက်သော လုပ်ဆောင်ချက်အချို့ လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။ ယခုလအတွင်းထင်ရှားသည့် ဖြစ်ရပ်များအနေဖြင့် ဧပြီလ(၁၁)ရက်နေ့နှင့် (၁၂)ရက်နေ့များအတွင်း ပဇီကြီးရွာလေ ကြောင်းတိုက်ခိုက်ခံရမှုအတွက် လူမှုကွန်ရက်မီဒီယာ၌ ဝမ်းနည်းကြောင်းဖော်ပြမိခဲ့သော တေးသံရှင်မေလသံစဉ်၊ သတင်းစာ ဆရာကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီနှင့် ရွှေရည်သိန်းတို့အပါအဝင် အရပ်သား(၁၁)ဦး ဖမ်းဆီးခံရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ခံခဲ့ရသည်ကို တွေ့ရှိရသည်။ ဟင်္သာတမြို့တွင် Social Media များမှ ရေးသားသော အချက်အလက်များအပေါ်အခြေခံပြီး PDF ထောက်ပံ့သည်ဟု စွပ်စွဲကာ နေအိမ်ငါးလုံးကို ချိတ်ပိတ်ခြင်အပြင်၊ NUG နှင့်ဆက်သွယ်ပြီး တ ရားမဝင်ပညာသင်ကြားရေးပြုလုပ်သည်ဟုဆိုကာ အမျိုးသမီး(၁၃)ဦးအပါအဝင်(၁၅)ဦးကို ဖမ်းဆီးထားသည်ဟု စစ်ကောင်စီကထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။

ထို့အပြင် အနုပညာရှင်များအား အကယ်ဒမီပေးပွဲမတိုင်မီ နိုင်ငံရပ်ခြားသို့ ထွက်ခွာခွင့်များကန့်သတ်ထားရန်နှင့် ဖမ်း ဆီးခံရခြင်း မရှိသူများ၏ နေအိမ်များကဲ့သို့ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန် စစ်ကောင်စီ လော်ဘီတယ်လီဂရမ်ချန်နယ်တစ်ခုအဖြစ်ထင်ရှားသည့် ဟန်ငြိမ်းဦးချန်နယ်မှ ဧပြီလ(၁၃)ရက်နေ့တွင် လှုံ့ဆော်ခဲ့သည်ကိုတွေ့ရှိရသည်။ နောက်ထပ် ခြိမ်းခြောက်မှုတစ်ခုအနေဖြင့် ပဇီကြီးကျေးရွားတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသူများအတွက် ဝမ်းနည်းကြောင်းပြသရန် တော်လှန် ရေးအင်အားစုများမှ မီးပိတ်သပိတ်ပြုလုပ်ရန်တောင်းဆိုမှုအပေါ် ပါဝင်သူများ၏ နေအိမ်များအား ချိတ်ပိတ်မည်ဟု ဧပြီလ (၁၇)ရက်နေ့က စစ်ကောင်စီလော်ဘီချန်နယ်များမှ ခြိမ်းခြောက် ရေးသားခဲ့သည်ကိုလည်း တွေ့ရှိရသည်။ တော်လှန်ရေးရန်ပုံငွေစုဆောင်းနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် PDF ဂိမ်းများဆော့ကစားပါက ဥပဒေအရ အ ရေးယူခံရနိုင်ကြောင့် စစ်ကောင်စီထုတ်သတင်းစာမှတစ်ဆင့် ဧပြီလ(၂၄)ရက်နေ့တွင် ထုတ်ပြန်ကြော်ငြာခဲ့သည်ကိုတွေ့ရှိရသည်။


ပုံ (၂) PDF Game ဆော့ကစားခြင်းကြောင့် အရေးယူခံရနိုင်ကြောင်း စစ်ကောင်စီသတင်းစာမှကြေညာချက်


(ခ) စောင့်ကြည့်ခြေရာခံမှုများ စစ်ကောင်စီက လုပ်ဆောင်လာခြင်း

စစ်ကောင်စီသည် တစ်ဘက်တွင် လူထုကို နည်းမျိုးစုံဖြင့် အကြောက်တရားလွှမ်းမိုးလာစေရန် လုပ်ဆောင်နေသကဲ့သို့ လူထု ၏လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် စောင့်ကြည့်ခြေရာခံနိုင်မှုများကို တင်းကြပ်စွာလုပ်ဆောင်နိုင်ရန်လည်း ကြိုးပမ်းလျက်ရှိသည်ကို တွေ့ရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း ပြေးဆွဲလိုသည့်အငှားယာဉ်(Taxi)များအား လုံခြုံရေးအတွက်ဟုအ ကြောင်းပြကာ ခရီးသည်များ၏သွားလာခဲ့မှုများကို မိုဘိုင်းဖုန်းအက်ပလီကေးရှင်း(Application)မှတစ်ဆင့် ပြန်လည်ခြေရာခံနိုင်သည့် “Grab Company”တွင် အဖွဲ့ဝင်အဖြစ်ဝင်ရောက်ပြီး ယင်းအက်ပလီကေးရှင်း(Application)မှတစ်ဆင့် ချိတ် ဆက်ပြေးဆွဲစေရေးကို စစ်ကောင်စီက ဧပြီလ(၃)ရက်နေ့မှစတင်ပြီး လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။

နေပြည်တော်ကောင်စီအတွင်းရှိ မြို့နယ်အသီးသီးတွင်နေထိုင်သူများအား အီလက်ထရောနစ်(Electronic)မှတ်ပုံ တင်စနစ်ပြုလုပ်ရန် “Biometric Data”ကောက်ယူရေးဆောင်ရွက်မည့် ကြေညာချက်တစ်ခုလည်း ဧပြီလ(၃)ရက်နေ့တွင်ပင် ထွက်ပေါ်လာခဲ့သည်ကို တွေ့ရှိရသည်။


ပုံ (၃) အီလက်ထရောနစ် မှတ်ပုံတင်စနစ်ပြုလုပ်ရေးအတွက် Biometric Data ကောက်ယူရေးကြေညာချက်

ထိုင်းနိုင်ငံသို့ သွားရောက်နေကြသည့် မြန်မာနိုင်ငံသားများ၏ အလည်အပတ်ပတ်စ်ပို့နှင့် ပညာရေးပတ်စ်ပို့ သက်တမ်းတိုးမည့်သူများသည် မြန်မာနိုင်ငံမှရဲစခန်းထောက်ခံစာနှင့် ရပ်ကွက်ထောက်ခံစာအပါအဝင် ပြန်တမ်းဝင်အရာရှိတစ်ဦး၏ ထောက်ခံစာပါ ပူးတွဲပြသနိုင်ရမည့်အပြင် ကိုယ်တိုင်ရေးကိုယ်ရေးအသေးစိတ်အချက်အလက်များကိုပါ တင်ပြရမည်ဟု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးက ဧပြီလ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်ကိုလည်း တွေ့ရှိရသည်။


(ဂ) ဆက်သွယ်ရေးကွန်ရက်များ ဖြတ်တောက်ခြင်း ချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း တယ်လီနော(အမည်ပြောင်း Atom)နှင့် အမ်ပီတီ(MPT)ဝိုင်ဖိုင်လိုင်းများသည် ဧပြီလ (၁၇)ရက်နေ့ သတင်းဖော်ပြချိန်အထိ အသုံးပြု၍မရဖြစ်နေကြောင်း Chinland Newsသတင်းဋ္ဌာနက ဧပြီလ(၁၇)တွင်ဖော် ပြထားသည်။ ချင်းပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သည့် မင်းတပ်၊ မတူပီနှင့် ကန်ပက်လက်မြို့နယ်များတွင် မိုဘိုင်းဖုန်းဆက်သွယ်မှုများ ဖြတ်တောက်ထားသည်မှာလည်း (၄)လကျော်ကြာမြင့်လာပြီဖြစ်သည်။ ယင်းဖြတ်တောက်ခံထားရသည့်မြို့ နယ်များတွင် အမ်ပီတီ၊ အူရီဒူး၊ အက်တမ်နှင့် မိုင်တဲလ်အော်ပရေတာ(၄)ခုစလုံး ဖြတ်တောက်ခံထားရခြင်းဖြစ်သည်။ ယခင်က မတူပီမြို့ပေါ်တွင် ကြိုးဖုန်းလိုင်းများဖြင့် ဆက်သွယ်ခွင့်ပြုထားခဲ့သော်လည်း မတ်လဆန်းမှစတင်ကာ ကြိုးဖုန်းလိုင်းများကိုပါ ဖြတ်တောက်ခံခဲ့ရသည်။


Recommended Citation Style -


Myanmar Internet Project. (2023, May 11). DIGITAL COUP QUARTERLY ( February 2023 to April 2023). https://www.myanmarinternet.info/my/post/quartely-report-009

30 views

Comments


bottom of page