top of page
  • Myanmar Internet Project

၂၀၂၄ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ

Updated: 4 days ago







မြန်မာနိုင်ငံ၏စစ်အာဏာသိမ်းခံရမှုကာလသည် (၃)နှစ်ခွဲတိတိ ရှိလာခဲ့ပြီဖြစ်သည်။ အာဏာသိမ်းပြီးနောက် အကြမ်းမဖက်လှုပ်ရှားမှုများဖြင့်စတင်ခဲ့သော အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုလှိုင်းများသည် အာဏာသိမ်းစစ်အုပ်စု၏ရက်စက်ပြင်းထန်သည့်ဖိနှိပ်မှုများကြောင့် လက်နက်ကိုင်လမ်းစဉ်သို့ ကူးပြောင်းခဲ့ရသည်။ ရရာလက်နက်ဖြင့် စတင်တိုက်ပွဲဝင်ခဲ့သည့် တော် လှန်ရေးအင်အားစုများ၏စစ်အုပ်စုဆန့်ကျင်ရေးလှုပ်ရှားမှုများသည် (၃)နှစ်ခွဲကာလာကို ဖြတ်ကျော်ပြီးသည့်နောက် သိသာထင်ရှားသော အောင်မြင်မှုများရရှိလာသည်ကို တွေ့ရသည်။ 

အာဏာသိမ်းစစ်အုပ်စုသည် တိုင်းရင်သားဒေသများအတွင်း စိုးမိုးထားသောနယ်မြေအများအပြားကို လက်လွှတ်လိုက်ရသလို မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအထိ  နယ်မြေလက်လွှတ်ရမှုများ လျင်လျင်မြန်မြန် ဖြစ်လာသည်ကို တွေ့မြင်လာရသည်။ သံတွဲလေဆိပ်အား လက်လွှတ်ရသည်အထိ စစ်အုပ်စုသည် စစ်ရေးအရ အထိနာနေသည်မှာ ဖုံးကွယ်ထား၍မရလောက်အောင် သိသာလာသည်။ 

မြေပြင်တွင် စစ်ရေးအရသိသာသည့်အရေးနိမ့်မှုများနှင့်ရင်ဆိုင်နေရသောစစ်ကောင်စီသည် သတင်းမှန်များကို ဖုံး ကွယ်ထားနိုင်ရန်နှင့် ယင်းတို့၏ကျရှုံးနေမှုများကို ဖုံးကွယ်ထားနိုင်ရန်အတွက် အွန်လိုင်းဖိနှိပ်မှုများကို ပြင်းပြင်ထန်ထန်လုပ် ဆောင်လာသည်ကို တွေ့ရသည်။ ထိုသို့လုပ်ဆောင်ရာ၌ ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ရုံသာမက ဗီပီအဲန်(VPN) ခေါ် “Virtual Private Network” အား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပိတ်ခြင်း၊ အွန်လိုင်းပေါ်ရှိ ထုတ်ဖော်ပြောဆိုရေးသားမှုများကို စစ်တပ်လော်ဘီများမှစောင့်ကြည့်ပြီး အရေးယူမှုများပြုလုပ်ခြင်းစသည့် နည်းလမ်းပေါင်းစုံဖြင့်ဖိနှိပ်လျက်ရှိသည်ကို တွေ့ရသည်။

ယခုအစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် မေလမှ ဇူလိုင်လအထိ(သုံးလတာကာလ)အတွင်းဖြစ်ပွားခဲ့သည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့်ပတ်သက်သောတွေ့ရှိချက်များကို စုစည်းဖော်ပြသွားပါမည်။


(၁) ၂၀၂၄ ခုနှစ် မေလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်


(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

(ခ) အွန်လိုင်းပေါ်မှထုတ်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ

(ဂ) လူထုအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ

(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ


(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

အာဏာသိမ်းစစ်ကောင်စီသည် လူထုအား ဒေသအတွင်းဖြစ်ပေါ်နေသည့် သတင်းအချက်အလက်များ မရရှိစေရေး၊ လူထုလှုပ်ရှားမှုများကို အဟန့်အတားဖြစ်စေရေးနှင့် ပဋိပက္ခပြင်းထန်ရာဒေသများတွင် စစ်ရေးအသားစီးရစေရေးစသည့် ရည်ရွယ် ချက်မျိုးစုံးအတွက် အာဏာသိမ်းကာလတစ်လျှောက်တွင် အင်တာနက်နှင့်ဖုန်းလိုင်းများဖြတ်တောက်မှုကို ပုံစံမျိုးစုံဖြင့် ပြု လုပ်လေ့ရှိသည်။ ယခုလအတွင်းတွင်လည်း စစ်ကောင်စီ၏အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်မှုဖြစ်စဉ်များ ရှိခဲ့သည်။

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ထား သည်ကိုတွေ့ရသည်။ Mandalay Free Press, MFP သတင်းဋ္ဌာန၏ဖော်ပြချက်အရ  ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ပေါက်မြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ၏လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းနှင့်နေအိမ်များ ပျက်စီးခဲ့သည်ဟု ဆိုသည်။ ထားဝယ်ခရိုင်တွင်လည်း ယခုလအတွင်း ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်မှုများကြုံတွေ့နေရပြီး ထိုကဲ့သို့ ဖုန်းလိုင်းပြတ်တောက်မှုများကြောင့် မီးဘေးအန္တရာယ်နှင့်အရေးပေါ်လူနာတင်ကားများသို့ ဆက်သွယ်မရသည့် အခက်အခဲများဖြင့်ပါရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောဆိုသည်။ 

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောနှင့် သံတွဲမြို့နယ်များတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့တိုက် ပွဲများ ပြင်းထန်စွာဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက သံတွဲကို ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းသာမက လျှပ်စစ်မီးပါ ဖြတ်တောက်ခဲ့သည်မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်က မစောတံတား မိုင်းခွဲခံရပြီးနောက် မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အတွင်းက မြို့နယ်တစ်ချို့မှာ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သည်။ အင်တာနက်ပြတ်တောက်မှုဖြစ်စဉ်များတွင် စစ်ကောင်စီ၏တိုက်ရိုက်ညွှန်ကြားချက်ဖြင့် အင်တာနက်ဖြတ်တောက်မှုဖြစ်စဉ်များအပြင် လမ်းတံတားကဲ့သို့ အခြေခံအဆောက်အအုံများပျက်စီးမှုကြောင့် ၎င်းတို့အနီးတွင် ပူးတွဲတည်ဆောက်ထားသည့် ဆက်သွယ်ရေးဆိုင်ရာကြိုးများ ထိခိုက်ပျက်စီးပြီး အင်တာနက်ပြတ်တောက်မှုများ ဖြစ်ပေါ်လာသည်ကိုလည်း တွေ့ရှိရသည်။ ကချင်ပြည်နယ်တွင်လည်း အက်တမ်(Atom)နှင့် အူရီဒူး(Ooredoo)ဖုန်းလိုင်းများ မကြာခဏပြတ်တောက်လျက်ရှိသည်။ 

ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်မှုများသာမက အချို့နေရာများတွင် ဆက်သွယ်ရေး၏အခြေခံလိုအပ်ချက်တစ်ခုဖြစ်သည့် လျှပ်စစ်မီးဖြတ်တောက်မှုများကိုပါ စစ်ကောင်စီက ပြုလုပ်လာသည်။ ဝိုင်းမော်မြို့၌ ယခုလ(၂၉)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီက လျှပ်စစ်မီးဖြတ်တောက်ခဲ့သည်။ မြစ်ကြီးနားမြို့ဖြင့် ဧရာဝတီမြစ်သာခြား​သော ဝိုင်း​မော်မြို့ရှိ အမှတ် (၃၂၁)​ခြေမြန်တပ်ရင်း(ခမရ ၃၂၁)အပါအဝင် မြို့အနီးဝန်းကျင်ရှိ စစ်​ကောင်စီတပ်စခန်းများသည်လည်း အေအိုင်အေ(KIA) ၏ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခြင်းခံထားရသည်။ ယင်းတို့အထိနာသည့်ဒေသများတွင် လူထုအားနည်းလမ်းမျိုးစုံဖြင့်ပိုမိုဖိ နှိပ်ရန် စစ်ကောင်စီက လုပ်ဆောင်လျက်ရှိသည်။

မေလ(၃၀)ရက်နေ့မှစတင်ပြီး ဗီပီအဲန်(VPN)အသုံးပြုမှုအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက လုပ်ဆောင်လာသည်ကိုလည်း တွေ့ရသည်။ 

လောင်းကစားမြို့တော်ဟုကျော်ကြားပြီး ဘီဂျီအက်ဖ်(BGF)ထိန်းချုပ်နယ်မြေတစ်ခုလည်းဖြစ်သော ရွှေကုက္ကိုလ်ဒေသအား ထိုင်းဘက်မှတစ်ဆင့်ချိတ်ဆက်ထားသည့် အင်တာနက်လိုင်းများကို ယခုလအတွင်း ထိုင်းအာဏာပိုင်များက ဖြတ်တောက်ခဲ့သည်။ အရှေ့တောင်အာရှဒေသတွင်း အွန်လိုင်းရာဇဝတ်လုပ်ငန်းများ၌ စောချစ်သူဦးဆောင်သော ဘီဂျီအက်ဖ် (BGF/KNA)က တာ၀န်ရှိနေကြောင်း ‘Justice for Myanmar (JFM)’က ထုတ်ဖော်ပြောဆိုထားသည်။ 

အသံအဖွဲ့၏အစီရင်ခံစာအရ မြန်မာနိုင်ငံအတွင်း မိုဘိုင်းဆက်သွယ်ရေးဖြတ်တောက်ခံထားရသည့် မြို့နယ်ပေါင်း (၉၀)ကျော်ရှိနေကြောင်းသိရသည်။ ယခုလအတွင်းထုတ်ပြန်ခဲ့သည့် ‘KeepItOn’အဖွဲ့၏အစီရင်ခံစာအရ ၂၀၂၃ ခုနှစ် မြန် မာနိုင်ငံ၏အင်တာနက်ဖြတ်တောက်မှုသည် ကမ္ဘာ့နိုင်ငံများအားလုံးတွင် ဒုတိယအများဆုံး ဖြစ်သည်။ 


(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ

အင်တာနက်နှင့်မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များကို ဖြတ်တောက်ရုံသာမက အင်တာနက်ပေါ်မှ ထုတ်ဖော်ပြောဆိုလှုပ်ရှားမှုများကိုလည်း စောင့်ကြည့်အရေးယူမှုများ ပြုလုပ်နေသည်ကိုတွေ့ရသည်။ ထိုသို့အရေးယူဆောင်ရွက်ရာတွင် စစ်ကောင်စီသည် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအားအသုံးပြု၍ အရေးယူမှုများလုပ်ဆောင်နေသည်ကို တွေ့ရသည်။ မြန်မာ့ယဉ်ကျေးမှုဖြင့်ဆန့်ကျင်သည့် ပြကွင်းပြကွက်ပါသည်ဟု စစ်ကောင်စီကယူဆသည့် ရုပ်သံထုတ်လွှင့်မှုများကို အရေးယူရာတွင်လည်း စစ်ကောင်စီသည် အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအား အသုံးပြုနေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလည်း ရုပ်ရှင်အသိုက်အဝန်းမှသူများသိသာရှိစေရန် မြန်မာ့ယဉ်ကျေးမှုဖြင့်ဆန့်ကျင်သော ပြကွင်းပြကွက်များပါသည့် ထုတ်လုပ်ပြသမှုများအား အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ(၃၃)ဖြင့် အရေးယူနေပြီဖြစ်ကြောင်း မေလ(၉)ရက်နေ့က  ကြေညာချက်ထုတ်ပြန်ခဲ့သည်“အချစ်ခံကြည့်”သီချင်း သ ရုပ်ဆောင်ဗညားဘုန်းပြည့်နှင့်ရွှေဆုတို့ကို မေလ(၁၅)ရက်နေ့က အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ ပုဒ်မ - ၃၃(က)ဖြင့်  ပုဇွန်တောင်ရဲစခန်းတွင် အမှုဖွင့်အရေးယူခဲ့သည်ကိုလည်း တွေ့ရသည်။ လူမှုကွန်ရက်ပေါ်တွင် ထုတ်ဖော်ပြော ဆိုရေးသားမှုများကြောင့် ယခုလအတွင်း ဖမ်းဆီးခံရသူအနည်းဆုံး(၁၆)ဦး ခန့်ရှိခဲ့သည်။ 


(ဂ) လူထုအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေ များ

လူထု၏လှုပ်ရှားမှုမှန်သမျှကို ထိန်းချုပ်စောင့်ကြည့်နိုင်ရေးအတွက် ယူအိုင်ဒီ(UID)ကဒ်များမဖြစ်မနေလုပ်ဆောင်ရေးကို စစ်ကောင်စီက အကြီးအကျယ်ဖိအားပေးလုပ်ဆောင်နေသည်ကိုလည်း တွေ့ရသည်။ ပြည်ပထွက်ခွာသူများအနေဖြင့် ယူအိုင်ဒီ (UID)နံပါတ်များပြုလုပ်ထားကြရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန(လဝက)မှ ထုတ်ပြန်ကြေညာခဲ့သည်။ ပြည်တွင်းပြည်ပ ခရီးသွားလာမှုများတွင် ယူအိုင်ဒီ(UID)ကဒ်များပြသရန် ဖိအားပေးလာမှုကြောင့် ယူအိုင်ဒီ(UID)ကဒ်များ ပိုမိုလုပ်ဆောင်လာကြရသည်။ ယူအိုင်ဒီ(UID)နံပါတ်အတုများ ကိုင်ဆောင်အသုံးပြုပါက ဥပဒေနှင့်အညီ အရေးယူခံရမည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက အသိပေးကြေညာခဲ့သည်ကို လည်းတွေ့ရသည်။ အထက်ပါအချက်အလက်များကိုကြည့်ပါက စစ်ကောင်စီသည် လူထု၏လှုပ်ရှားမှုများကို ခြေရာခံနိုင်ရေးအတွက် ပြင်ဆင်ချက်အနေ ဖြင့် ယူအိုင်ဒီ(UID)လုပ်ငန်းစဉ်အား အားစိုက်ထုတ် အကောင်အထည်ဖော်နေသည်မှာ ထင်ရှားသည်။ 

စစ်ကောင်စီသည် လူထု၏လှုပ်ရှားသွားလာမှုကိုသာ ခြေရာခံရုံသာမက ငွေကြေးစီးဆင်မှုများကိုလည်း ထိန်းချုပ်စောင့်ကြည့်ရန် ကြိုးစားနေသည်။ စစ်ကောင်စီသည် ယင်းတို့၏ စီမံခန့်ခွဲမှုဆိုင်ရာညံ့ဖျင်းမှုကြောင့် ကသောင်းကနင်းဖြစ်နေသည့် တိုင်းပြည်၏စီးပွားရေးအခြေအနေနှင့် ငွေကြေးဖောင်းပွမှုတို့ဖြစ်ပေါ်သည်ဆိုသည့် အရှိတရားကိုလက်မခံဘဲ ငွေလဲလုပ်ငန်းများကြောင့်ဟု စွပ်စွဲသည်။ ထို့နောက် အွန်လိုင်းမှငွေကြေးလွှဲပြောင်းမှုများအား စောင့်ကြည့်ဖမ်းဆီးမှုများ လုပ်ဆောင်ခဲ့သည်။ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ငွေလွှဲလုပ်ငန်းလုပ်ဆောင်နေသည့် အွန်လိုင်းစာမျက်နှာ(၁၆)ခုအား အရေးယူရန် ဆောင် ရွက်နေကြောင်း မေလ(၂၆)ရက်နေ့က ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။ အွန်လိုင်းလူမှုကွန်ရက်မီဒီယာများဖြစ်သည့် ဖေ့ဘွတ်ခ့်(Facebook)၊ ဗိုက်ဗာ(Viber)၊ တယ်လီဂရမ်(Telegram)တို့ကိုအသုံးပြု၍ အိုင်ဒီ(ID)အတုများဖြင့် ငွေလဲလှယ်နှုန်းများတိုးမြှင့်ကောက်ခံနေသောကြောင့် ငွေလဲနှုန်းမတည်ငြိမ်ဖြစ်သည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရသည်။ အမေရိကန်‌ဒေါ်လာအပါအဝင် ဒစ်ဂျစ်တယ်ငွေကြေးများအား တရားမဝင်ရောင်း/ဝယ်ခြင်း၊ လဲလှယ်ခြင်းများပြုလုပ်ပါက ငွေ ကြေးခဝါချမှုဥပဒေအပါအဝင် အခြားငွေကြေးဥပဒေများဖြင့်ပါ အရေးယူမည်ဟု ဗဟိုဘဏ်က ကြေညာခဲ့သေးသည်။ အာ ဏာသိမ်းကာလနောက်ပိုင်းတွင် အများပြည်သူသည် မိမိပိုင်ငွေကြေးကိုပင် လွတ်လပ်စွာသုံးစွဲခွင့်မရအောင် စောင့်ကြည့်ထိန်းချုပ်ခံလာရသည်။ 


(ဃ) မီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ 

ယခုလအတွင်း DMG သတင်းထောက်နှင့် ရုံးဝန်ထမ်းအား ယခင်ဖွင့်ထားသည့် ဆက်သွယ်ရေးဥပဒေပုဒ်မကနေ အကြမ်း ဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ပြောင်းလဲအမှုဖွင့်ခံခဲ့ရသည်ကိုလည်း တွေ့ရသည်။ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)၏ ထုတ်ပြန်ချက်အရ ဖေဖော်ဝါရီ(၁)ရက်နေ့ အာဏာသိမ်းခံရပြီးနောက်စစ်ကောင်စီက သတင်းသမားများစွာကိုဖမ်းဆီးခဲ့​ပြီး ယခုအချိန်အထိ သတင်းသမား(၅၂)ဦးမှာ အကျဉ်းထောင်များတွင်ရှိနေပြီး သတင်းမီဒီယာ(၁၅)ခုလိုင်စင်ရုပ်သိမ်းခံထားရသည်ဟု သိရသည်။ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ယင်း​ဒေသအတွင်း သတင်းယူနေသည့်သတင်းသမားများအကြား နားလည်မှုလွဲမှားခဲ့သောအခြေအနေအချို့ကြောင့် ပွတ်တိုက်မှုများဖြစ်ပေါ်ခဲ့ပြီးနောက် အန်ယူဂျီ (NUG)အစိုးရက “စာနယ်ဇင်းလွတ်လပ်ခွင့်နှင့်သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ၏သဘောထားရပ်တည် ချက်” ထုတ်ပြန်ခဲ့ပြီးလွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)ကလည်း သတင်းမီဒီယာကျင့်ဝတ်အား ထုတ်ပြန်လာခဲ့သည်ကို တွေ့ရသည်။  နယ်စည်းမခြားသတင်းသမားများ၏ ၂၀၂၄ ခုနှစ် သတင်းမီဒီယာညွှန်းကိန်းအရ မြန်မာ့မီဒီယာ လွတ်လပ်ခွင့်ညွှန်းကိန်းသည့် နိုင်ငံပေါင်း (၁၈၀)အနက် (၁၇၁)နိုင်ငံတွင်ရောက်ရှိနေသည်ကို တွေ့ရသည်။ 


(၂) ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်


(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ

(ဂ)  ဗီပီအဲန်(VPN)ပိတ်ပင်မှုအခြေအနေများ 

(ဃ) ဇွန်လအတွင်းဖြစ်ခဲ့သော အခြားသတိပြုရမည့် ဒစ်ဂျစ်တယ်ရပ်ဝန်းအခြေအနေများ


(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

စစ်​ရေးဆိုင်ရာဖိနှိပ်မှုများနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် ယခုလအတွင်းတွင်လည်း မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။ ထိုကဲ့သို့လုပ်ဆောင်ရာတွင် အင်တာနက်နှင့်မိုဘိုင်း ဖုန်းလိုင်းဖြတ်တောက်မှုများသာမက အချို့သောနေရာများတွင် လျှပ်စစ်မီးဖြတ်တောက်မှုများကိုပါ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ 

စစ်ကောင်စီ၏လျှပ်စစ်မီးဖြတ်တောက်ထားမှု​ကို ရင်ဆိုင်နေရသောသံတွဲမြို့ရှိပြည်သူများ၏လူမှုဘဝအခြေအနေဆိုး ရွားနေပြီး ဖုန်းအားသွင်းရန်အတွက် ဖုန်းတစ်လုံးလျှင် ငွေကျပ် ၁,၀၀၀ခန့် အကုန်ကျခံ အားသွင်းနေရသည့်အခြေအနေများ ဖြစ်ပေါ်နေသည်။ အာရက္ခတပ်တော်(AA)နှင့်စစ်ရေးပြင်းထန်နေသည့် တောင်ကုတ်မြို့တွင်လည်း စစ်ကောင်စီက ဖုန်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ပြီး မြို့အဝင်အထွက်ကို တင်းကြပ်များ ပြုလုပ်ထားသည်။ 

စစ်တပ်အာဏာသိမ်းပြီးချိန်မှစတင်ပြီး အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ချင်းပြည်နယ် မတူပီမြို့နယ်တွင် မြို့သိမ်းတိုက်ပွဲများဖြစ်ပေါ်လာပြီးနောက် တယ်လီဖုန်းလိုင်းများပါ ဖြတ်တောက်ခံထားရသည်။ ကျောက်မဲမြို့နှင့်နောင်ချိုမြို့တို့တွင်လည်းတွင်လည်း စစ်ကောင်စီနှင့်တအာင်းလက်နက်ကိုင်အဖွဲ့(TNLA) တို့ကြား တိုက်ပွဲများပြင်းထန်လာပြီးနောက် ဖုန်းလိုင်းများဆက်သွယ်ရန်ခက်ခဲလာသည်ကိုတွေ့ရသည်။ ရှမ်းမြောက်ဒေသတွင် တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီးနောက် ရှမ်းမြောက်မြို့နယ်အများစုတွင် လျှပ်စစ်မီးနှင့်ဖုန်းလိုင်းပြတ်တောက်နေသည်ဟု ရွှေဖီမြေသတင်းဌာနက သ တင်းဖော်ပြထားသည်ကိုလည်း တွေ့ရသည်။ အထက်ပါဖြစ်ရပ်များကိုကြည့်ပါက စစ်ကောင်စီအနေဖြင့် တိုက်ပွဲပြင်းထန် သောဒေသတွင် ဆက်သွယ်ရေးဖြတ်တောက်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည်ကိုထင်ရှားစွာ တွေ့မြင်နိုင်သည်။ 

ယခုလအတွင်း အခြားသောဆက်သွယ်ရေးပြတ်တောက်မှုဆိုင်ရာ ထူးခြားအခြေအနေများအနေဖြင့် မြဝတီမြို့နယ်အ တွင်း ထိုင်းနိုင်ငံဘက်ခြမ်းတာဝါတိုင်များမှတစ်ဆင့်ရယူသုံးစွဲနေသည့် ဖုန်းလိုင်းများဖြတ်တောက်ခံခဲ့ရသည်။ ချီဖွေသွားသည့်လမ်းရှိ အမ်ပီတီ(MPT)တာဝါတိုင်အား ဆီဖြည့်ရန်ခွင့်မပြုသဖြင့်ဖုန်းလိုင်းများပြတ်တောက်နေကြောင်း ဟိုပင်လျှပ်စစ်ဌာန၏ ဖေ့ဘုတ်စာမျက်နှာမှရေးသား ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။ ဒေသတွင်း အင်တာနက်ပြတ်တောက်မှုဆိုင်ရာအခြေ အနေများတွင် တာဝါတိုင်းများ လည်ပတ်နိုင်ရန်အတွက် သွားရောက်ဆီဖြည့်တင်းနိုင်မှုမရှိခြင်းကြောင့် အင်တာနက်နှင့်ဖုန်းလိုင်းပြတ်တောက်သည့်ဖြစ်စဉ်များလည်း ယခုနောက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရသည်။ ပူတာအိုမြို့တွင် ယခုလ(၂၄) ရက်နေ့မှစတင်ပြီး ဖုန်းအင်တာနက်လိုင်းများပြန်လည်ရရှိခဲ့ကြောင်း Kachin News  Group မှဖော်ပြလာခဲ့သည်။ 


(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ

အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် စောင့်ကြည့်အရေးယူမှုများအား စစ်ကောင်စီက ဆက်လက်ဆောင် ရွက်နေသည်ကို တွေ့ရသည်။ စစ်ကောင်စီသည်  ယင်းတို့၏စီမံခန့်ခွဲမှုဆိုင်ရာအမှားများကြောင့် ဖြစ်ပေါ်လာသည့် တိုင်းပြည် ၏စီးပွားရေးဦးစိုက်ဆင်းမှုအခြေအနေနှင့်ငွေကြေးဖောင်ပွမှုအခြေအနေတို့ကို ဝန်မခံဘဲ လူမှုကွန်ရက်မျက်နှာများကြောင့်ဖြစ်ရသည်ဟု စွပ်စွဲခဲ့သည်။  

လူမှုကွန်ရက်စာမျက်နှာဖေ့စ်ဘုတ်ခ်များမှ သတင်းမှားများထုတ်လွှင့်ပြီး ငွေကြေးတည်ငြိမ်မှုပျက်ပြားစေရန်ရည်ရွယ် ချက်ရှိရှိဆောင်ရွက်နေသည်ဟု စစ်ကောင်စီဗဟိုဘဏ်မှ စွပ်စွဲခဲ့သည်။ ထို့နောက် အွန်လိုင်းစာမျက်နှာများမှတစ်ဆင့် ဟွန်ဒီလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် လူပုဂ္ဂိုလ်(၃၉)ဦးတို့၏ဘဏ်ငွေစာရင်းများနှင့် ပေးအကောင့်(Pay Account)များအား ဗဟိုဘဏ်က ဆိုင်းငံ့ခဲ့သည်ကို တွေ့ရသည်။ 

ငွေကြေးဖောင်းပွမှုကြောင့် ဝန်ထမ်းများအား လစာတိုးမြှင့်ပေးသည့်သတင်းများကို လူမှုကွန်ရက်ပေါ်တင်သည့် လုပ် ငန်းရှင်များအား နိုင်ငံတော်ကို မတည်မငြိမ်ဖြစ်စေရန်၊ ငွေကြေးဖောင်းပွမှုနှင့် ကျပ်ငွေတန်ဖိုးထိုးကျစေရန်၊ အကြည်ညိုပျက်စေရန်လုပ်ဆောင်သည်ဟုဆိုကာ ပုဒ်မ ၅၀၅ ဖြင့် အရေးယူမှုများလည်း ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ 

လူမှုကွန်ရက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ယခုလအတွင်း ဖမ်းဆီးခံရသူအရပ်သားအနည်းဆုံး(၃၇)ဦးခန့်ရှိသည်ကို စစ်ကောင်စီ၏ ပြန်ကြားရေးဝန်ကြီးဌာန အမ်အိုအိုင်(MOI)တယ်လီဂရမ်ချန်နယ်၏ဖော်ပြမှုအရ တွေ့ရှိရသည်။ 


(ဂ)   ဗီပီအဲန်(VPN)ပိတ်ပင်မှုအခြေအနေများ

အာဏာသိမ်းကာလနောက်ပိုင်းတွင် စစ်ကောင်စီသည် လူမှုကွန်ရက်အသုံးပြုမှုကိုပိတ်ပင်ထားခဲ့ပြီး သုံးစွဲသူများအနေဖြင့် ဗီပီအဲန်(VPN)များအား အားကိုးပြုကာ သုံးစွဲနေရသည်။ ပြီးခဲ့သည့်လကုန်ပိုင်းမှစတင်ကာ စစ်ကောင်စီသည် ဗီပီအဲန်(VPN)အ သုံးပြုမှုများကို ပိုမိုတင်းကျပ်မှုများပြုလုပ်လာခဲ့ပြီး ယခင်ကအသုံးပြုနိုင်သည့် ဗီပီအဲန်(VPN)အများစုမှာ သုံးစွဲ၍မရတော့သည့် အခြေအနေများဖြစ်ပေါ်ခဲ့သည်။ 

ဗီပီအဲန်(VPN)အသုံးပြုမှုကို အဆင့်မြင့်နည်းပညာများအသုံးပြုမှု ပိတ်ပင်လိုက်ခြင်းကြောင့် လူထုသည် ဖေ့ဘွတ်ခ့် (Facebook)အသုံးပြုရန် အခက်အခဲများ ဖြစ်ပေါ်လာခဲ့သည်။ ယင်းအခြေအနေကို စစ်ကောင်စီက အခွင့်ကောင်းယူပြီး ယင်းတို့ဖန်တီးထားသည့် လူမှုကွန်ရက်ပလက်ဖောင်းဖြစ်သည့်“Myspace”ဖြင့်အစားထိုးရန် ကြိုးပမ်းနေသည်ကိုတွေ့ရသည်။ စစ်ကောင်စီ၏ဗီပီအဲန်(VPN)ပိတ်ပင်ရေးစီမံမှုကို  ‘ဗိုလ်မှူးချုပ်လူမွန်’ဦးဆောင်ပြီး “Mascots Technologies & Telecommunication”ကုမ္ပဏီနှင့်တရုတ်ပညာရှင်များ ပူးပေါင်းလုပ်ဆောင်ခဲ့သည်ဟုသတင်းများ ထွက်ပေါ်ခဲ့သည်။ အင်တာနက်အသုံပြုမှုကို ပိတ်ပင်နိုင်ရန်အတွက် ဗီပီအဲန်(VPN)ပိတ်ပင်ရေးစီမံချက်တွင် တရုတ်ကုမ္ပဏီများ ပူးပေါင်းပါဝင်ကြောင်းကို “Justice For Myanmar (JFM)”မှလည်း အစီ ရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့သည်။ 

စစ်ကောင်စီသည် ဗီပီအဲန်(VPN)အသုံးပြုမှုကို ပိတ်ပင်ရုံသာမက စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မြေပြင်တွင် စစ်ဆေးမှုများပြုလုပ်ပြီး မိုဘိုင်းဖုန်းများတွင် ဗီပီအဲန်(VPN)ထည့်သွင်းမှုများတွေ့ရှိပါက ဖမ်းဆီးမှုနှင့်ငွေကြေးတောင်ခံမှုဖြစ်စဉ်များလည်း အများအပြားဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ ထိုကဲ့သို့ ဖမ်းဆီးငွေညစ်အရေးယူမှုများသည် ရန်ကုန်၊  မန္တလေးပဲခူးပုသိမ်ပြည်လားရှိုးနှင့် တောင်သာမြို့များအပါအဝင် မြန်မာနိုင်ငံ မြို့အများအပြားတွင် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း တော်လှန်‌ရေးအင်အားစုများအတွက် သီးသန့်ဗီပီအဲန်(VPN)ဆော့ဖ်ဝဲလ်တစ်ခုဖန်တီးနေကြောင်းနှင့် စစ်အုပ်စု၏ထိန်းချုပ်မှုအောက်မှ ကင်းလွတ်သောနေရာများတွင် လွတ်လပ်သောအင်တာနက်ကွန် ရက် အစားထိုးတည်ဆောက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း ထုတ်ဖော်ပြောဆိုမှုများကိုလည်းတွေ့ရှိရသည်။ 


(ဃ) ဇွန်လအတွင်းဖြစ်ခဲ့သော အခြားသတိပြုရမည့်ဒစ်ဂျစ်တယ်ရပ်ဝန်းအခြေအနေများ

ဒစ်ဂျစ်တယ်ရပ်ဝန်းရှိ အခြားထူးခြားဖြစ်စဉ်အချို့ကိုလည်း ယခုလတွင် တွေ့ရှိရသည်။ ငွေကြေးဖောင်းပွမှုကြောင့် ကုန်စျေးနှုန်းမြင့်များလာကာ စီးပွားရေးဆိုင်ရာအကျပ်အတည်းနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် ဒစ်ဂျစ်တယ်ငွေကြေးအသုံးပြုမှုကို အဓိကထားပြုလုပ်ရန် ကြိုးပမ်းလာသည်ကို တွေ့ရသည်။ ဒီချုပ်(NLD)၏ ပြန်ကြားရေးဝက်ဘ်ဆိုက်မှာ လောင်းကစားဝက်ဘ်ဆိုက်တစ်ခုအဖြစ်သို့ ပြောင်းလဲနေသောဖြစ်စဉ်တစ်ခုလည်း ဖြစ်ပေါ်ခဲ့သေးသည်။ ထို့အပြင် ၂၀၂၄ ခုနှစ် စက်တင်ဘာ လ(၃၀)ရက်နေ့တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်မည်ဟု စစ်ကောင်စီက ထုတ်ဖော်ကြေညာလာသည်ကိုလည်း တွေ့ရှိရသည်။ 


(၃) ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်


(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

(ခ) ဆက်သွယ်ရေးဝန်ဆောင်မှုနှင့်ဗီပီအဲန်(VPN)ပိတ်ပင်မှုအခြေအနေများ

(ဂ) မီဒီယာများအပေါ် ဖိနှိပ်ရန် စစ်ကောင်စီက လုပ်ဆောင်သောအခြေအနေများ  

(ဃ) ဇူလိုင်လအတွင်းဖြစ်ခဲ့သော အခြားသတိပြုရမည့် ဒစ်ဂျစ်တယ်ရပ်ဝန်းအခြေအနေများ


(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

ယခုလအတွင်းတွင်လည်း စစ်ကောင်စီ၏အင်တာနက်ဖြတ်တောက်မှုအပါအဝင် တိုက်ပွဲများကြောင့်ပျက်စီးခဲ့သည့် အင်တာနက်အခြေခံအဆောက်အုံပျက်စီးမှုများ၊ ယင်းကြောင့်ဖြစ်သောအင်တာနက်ပြတ်တောက်မှုများနှင့် အိမ်နီးချင်းနိုင်ငံများ၏ နိုင် ငံရေးအရွေ့များကြောင့်သက်ရောက်ခဲ့သည့် အင်တာနက်ပြတ်တောက်မှုအခြေအနေများကိုပါ တွေ့ရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) နှင့်စစ်ကောင်စီတပ်တို့အကြားတိုက်ပွဲများဖြစ်ပွားပြီးနောက် အင်တာနက်နှင့်ဖုန်းလိုင်းပြတ်တောက်မှုများကြုံတွေ့ခဲ့ရသည်။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင်လည်း ရေကြီးပြီးနောက် ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သေးသည်။ မန္တ လေးတိုင်းဒေသကြီး၊ စဥ့်ကူးမြိုနယ်တွင်  ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)(MDY-PDF)နှင့်စစ်ကောင်စီတပ်တို့အ ကြား မြို့သိမ်းတိုက်ပွဲများဖြစ်ပွားပြီး ဖုန်း၊ အင်တာနက်နှင့်လျှပ်စစ်မီးလိုင်းများကို စစ်ကောင်စီက ဖြတ်တောက်ခဲ့သည်။ တိုက်ပွဲပြင်းထန်နေသည့် မိုးကုတ်၊ စဉ့်ကူး၊ ထီးချိုင့်စသည့် မြို့နယ်များဖြင့်ထိပ်စပ်နေသော သပိတ်ကျင်းမြို့အားလည်း စစ်ကောင်စီက ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ထားပြီး ဝိုင်ဖိုင်(Wifi)လိုင်းများသာ အသုံးပြုရနေသည်ကို တွေ့ရသည်။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင်လည်း တိုက်ပွဲများပြင်းထန်းလားပြီးနောက် ဖုန်းနှင့်အင်တာနက်လိုင်းများလည်း လုံးဝပြတ်တောက်နေသည်။ 

လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ဝင်များစတင်တိုက်ခိုက်သည့် ဇူလိုင်လ(၃)ရက်နေ့မှစတင်ပြီး လောက်ကိုင်မြို့တွင်အသုံးပြုနေသော တရုတ်ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများပြတ်တောက်သွားမှုဖြစ်ပေါ်ခဲ့သည်။ ရှမ်းမြောက်ဒေသတိုက်ပွဲဖြစ်စဉ်များတွင် တရုတ်နိုင်ငံအနေဖြင့် ယင်း၏ဩဇာကိုအသုံးပြုပြီး စေ့စပ်ညှိနိုင်းမှုများနှင့် ဖိအားပေးမှုများကို ၁၀၂၇ စစ်ဆင်ရေး၏ ပထမလှိုင်းတွင်လည်း တွေ့မြင်ခဲ့ရသည်။ 

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဗုံးကြဲခြင်းကြောင့် တာဝါတိုင်ကျိုးကာ ဖုန်းလိုင်းများပြတ်တောက်ခဲ့သည်။ ရခိုင်ပြည်နယ်နေရာအနှံ့အပြားတွင် အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတပ်များအကြားတိုက်ပွဲများ ပြင်းထန်နေပြီး နေရာဒေသအများအပြားတွင် အင်တာနက်နှင့်ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံ ထားရသည်။ ထိုကဲ့သို့ ရခိုင်ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်ခံထားရသည့်အခြေအနေများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်နယ်နမိတ်ထိစပ်သည့်ဒေသများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အင်တာနက်လိုင်းများကို ချိတ်ဆက်အသုံးပြုနေရသည့်အ ခြေအနေများရှိသည်။ ယခုလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုများဖြစ်ပေါ်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရကလည်းနိုင်ငံအတွင်း အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်မှုများကို ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။ ထိုကဲ့သို့ ဘင်္ဂလား​ဒေ့ရှ်နိုင်ငံ၏အင်တာနက်ဖြတ်တောက်မှုသည် ရခိုင်ပြည်နယ်၏နေရာဒေသအချို့အပေါ်သက်ရောက်ခဲ့ပြီး သတင်းရယူမှုဆိုင်ရာအ ခက်အခဲများ ပိုမိုရှိလာသည်ဟု သတင်းသမားအချို့က ဆိုသည်။ ရခိုင်ပြည်နယ်သည် အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ခံရမှုများအပါအဝင် စစ်ရေးပြင်းထန်းမှုများကြောင့် ငွေသားရှားပါးမှုများဖြစ်ပေါ်နေပြီး ကေပေး(Kpay)မှတစ်ဆင့် ငွေသားပြန်လည်ထုတ်ယူရာတွင်(၁၈)ရာခိုင်နှုန်းအထိ ငွေလဲလှယ်ခပေးဆောင်နေရသည်။

ပြီးခဲ့သည့်လ(၂၄)ရက်နေ့က မိုဘိုင်းအင်တာနက်ပြန်လည်ရရှိခဲ့သော  ပူတာအိုမြို့တွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ပြန်လည်ပြတ်တောက်သွားသည်ကိုလည်းတွေ့ရသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်နှင့်လားရှိုးတို့တွင် တိုက်ပွဲများပြင်း ထန်ပြီးနောက် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်။ ထိုကဲ့သို့ ဆက်သွယ်ရေးဆိုင်ရာဖြတ်တောက်မှုများကြောင့် ဒေသတွင်းဆက်သွယ်ရေးခက်ခဲလာပြီး ကုန်စျေးနှုန်းကြီးမြင့်လာမှု၊ စစ်ရှောင်ချိန်အတွက် သတင်းရရှိမှုခက်ခဲ့ခြင်းကြောင့် ပိုမိုကြီးမားသည့် အန္တရာယ်များနှင့်ရင်ဆိုင်လာရသည်။ ထို့အပြင်ရှမ်းမြောက်ရှိ တီအဲန်အယ်အေ(TNLA)ထိန်းချုပ်နယ်မြေများဖြစ်သည့် နမ္မတူ၊ နမ့်ဆန်၊ နမ့်ခမ်း စသည့်ဒေသများတွင်  ဖုန်းနှင့်အင်တာနက်လိုင်းများ ပိုမိုပြတ်တောက်မှုဖြစ်ပေါ်နေသည်။ ကချင်ပြည်နယ်တစ်ခုလုံးတွင် ဇူလိုင်လ(၂၁)ရက်နေ့မှစတင်ပြီး အင်တာနက်နှင့်မိုဘိုင်းဖုန်းဆက်သွယ်ရေး ပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ထိုကဲ့သို့ အင်တာနက်နှင့်မိုဘိုင်းဆက်သွယ်မှုများအား လက်နက်သဖွယ်အသုံးပြုနေသော စစ်ကောက်စီက E-Government အကောင်အထည်ဖော်ဆောင်ရေး ညှိနှိုင်းအစည်းအဝေးပွဲ ပြုလုပ်ခဲ့ကြောင်း သ တင်းထုတ်ပြန်ခဲ့သည်။  အင်တာနက်ပြတ်တောက်မှုကြုံတွေ့ခဲ့ရသော ချင်းပြည်နယ်တွင် ဇူလိုင်လ(၂၆)ရက်နေ့က အင်တာနက်နှင့်လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်ကို တွေ့ရသည်။ 


(ခ) ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ဗီပီအဲန်(VPN)ပိတ်ပင်မှုအခြေအနေများ

အင်တာနက်ဖြတ်တောက်မှုများသာမက အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ပြောဆိုနိုင်သည့် ဆစ်ကနဲအက်ပ်(Signal)အား စစ်ကောက်စီက ပိတ်ပင်ရန် ကြိုးပမ်းခဲ့သည်။ ထိုကဲ့သို့ စစ်ကောက်စီက ဆစ်ကနဲအက်ပ်(Signal App)အားပိတ်ပင်မှုကြောင့် အင်တာနက်အသုံးပြုသည့်လူထုသည် အဆက်သွယ်ရေးလမ်းကြောင်းများ ပိုမိုခက်ခဲလာသည်။ စစ်ကောင်စီသည် ပြီးခဲ့သည့် မေလ(၃၀)ရက်နေ့မှစတင်ပြီး ဗီပီအဲန်(VPN)အသုံးပြုမှုများကို ပိတ်ပင်မှုများ စတင်ပြုလုပ်ခဲ့သည်။ ထိုသို့ ဗီပီအဲန်(VPN) ပိတ်ပင်မှုများ ပြုလုပ်ပြီးနောက်ပိုင်းတွင် စစ်ကောင်စီအဖွဲ့ဝင်များသည် လမ်းသွားလမ်းလာများ၏လက်ကိုင်ဖုန်းများတွင် ဗီပီအဲန်(VPN)ရှိမရှိ စစ်ဆေးခြင်းနှင့်ငွေကြေးတောင်းခံမှုများ ပြုလုပ်ခြင်းတို့ကို ပြုလုပ်လာသည်။ ယခုလအတွင်း ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်အတွင်း စစ်ကောင်စီလက်ပါးစေပျူစောထီးအဖွဲ့ဝင်များနှင့်လူမိုက်များပူးပေါင်းပြီး ဖုန်းထဲ၌ဗီပီအဲန်(VPN) ရှိမရှိစစ်ဆေးပြီး ခြိမ်းခြောက်ငွေညှစ်မှုပြုလုပ်သည့်ဖြစ်စဉ်တစ်ခုကို တွေ့မြင်ခဲ့ရသည်။ ယင်းဖြစ်စဉ်တွင် စစ်ကောင်စီ၏တ ရားဝင်လုံခြုံရေးတပ်ဖွဲ့ဝင်များမပါဝင်ပဲ  စစ်ကောင်စီလက်ပါးစေ ပျူစောထီးအဖွဲ့ဝင်နှင့်လူမိုက်များက ပြည်သူလူထုအပေါ် ခြိမ်းခြောက်ငွေညှစ်ခြင်း ဖြစ်နေသည်ကိုတွေ့ရသည်။ ဇူလိုင်လ(၁၇)ရက်နေ့ကလည်း စစ်ကောင်စီ၏လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အောက်ရုံ/စက်ဆန်းရပ်ကွက်တွင် နေအိမ်များထဲအထိဝင်ရောက်ပြီး ဖုန်းထဲတွင် ဗီပီအဲန် (VPN)ရှိမရှိစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။ အထက်ပါဖြစ်စဉ်များကိုကြည့်ပါက စစ်ကောင်စီ၏ဒစ်ဂျစ်တယ်ဖိ နှိပ်မှုများသည် တစ်နေ့ထက်တစ်နေ့ ပိုမိုတင်းကျပ်လာသည်ကို ထင်ရှားစွာတွေ့မြင်နိုင်သည်။ မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့၌ တော်လှန်ရေးထောက်ခံသူ(၄၀၀)ဦးကို စစ်ကောင်စီတပ်က ကိုယ်ရေးမှတ်တမ်းပြုစုထားပြီး စတင်ဖမ်းဆီးနေသည်ဟု စစ်တပ်ထောက်ခံသူတွေက ရေးသားဖြန့်ဝေနေသည်ကိုလည်း တွေ့ရသည်။ ထို့အပြင် ယခုလအတွင်း အင်တာနက်ပေါ် တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူဦးရေ(၂၃)ဦးရှိကြောင်း စစ်ကောင်စီ၏ပြန်ကြားရေးဝန်ကြီးဌာန(MOI)နှင့်နိုင်ငံပိုင်သတင်းစာ(Myanmar Newspaper)တယ်လီဂရမ်များ၏ဖော်ပြမှုအရ သိရသည်။


(ဂ) မီဒီယာများအပေါ် ဖိနှိပ်ရန် စစ်ကောင်စီက လုပ်ဆောင်လာသောအခြေအနေများ

စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက်ပိုင်းမှစတင်၍ သတင်းမီဒီယာများအပေါ် ဖိနှိပ်မှုများနှင့် သတင်းသမားများအား ဖမ်း ဆီးထောင်ချမှုများပြုလုပ်ခဲ့ပြီး မီဒီယာဖိနှိပ်မှုများကိုလည်း ဆက်တိုက်ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ထိုကဲ့သို့ စစ်ကောင်စီ၏ ဖိနှိပ်မှုများကြောင့် ပြည်တွင်းတွင် လုပ်ကိုင်ခဲ့ကြသည့် သတင်းမီဒီယာများသည် ပြည်ပနိုင်ငံများသို့ပြောင်းရွှေ့ခြေစိုက်ခဲ့ကြရပြီး သတင်းတင်ဆက်မှုများကို ဆက်လက်ပြုလုပ်ခဲ့ရသည်။

ယခုလအတွင်း၌ စစ်ကောင်၏ပြန်ကြားရေးဝန်ကြီးဌာနက ပြည်ပအခြေစိုက်မီဒီယာများဖြစ်သည့် မဇ္ဈိမ(Mizzima)၊ ဧရာဝတီ(The Irrawaddy)၊ ခေတ်သစ်(Khit Thit)နှင့် မြန်မာနောင်း(Myanmar Now)တို့ကို အရေးယူဆောင်ရွက်နိုင်ရေး စစ်ကောင်စီ၏ဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး၊ လူဝင်ကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနများက ပူးပေါင်းဆောင်ရွက်နေသည်ဟု ခြိမ်းခြောက်ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရသည်။


(ဃ) ဇူလိုင်လအတွင်းဖြစ်ခဲ့သော အခြားသတိပြုရမည့် ဒစ်ဂျစ်တယ်ရပ်ဝန်းအခြေအနေများ

ဗဟိုဘဏ်၏ငွေသားထုတ်ယူခွင့် ကန့်သတ်ချက်များကြောင့် လုပ်ငန်းရှင်းများအပါအဝင် ပြည်သူလူထုပါ ငွေကြေးထုတ်ယူရန် အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ဘဏ်များတွင် သွားရောက်တန်းစီ၍ငွေထုတ်ရသည့် အခြေအနေများဖြစ်ပေါ်ခဲ့သည်။ စစ်ကောင် စီ၏ ငွေစက္ကူရိုက်နှိပ်ဖြန့်ဝေမှုကြောင့် ဖြစ်ပေါ်နေသောငွေကြေးဖောင်းပွမှုများကို တုန့်ပြန်နိုင်ရန်ရည်ရွယ်သည့် ဒစ်ဂျစ်တယ်ငွေသားစနစ်ပြောင်းလဲအသုံးပြုရေးကိုလည်း တွန်းအားပေး ဆောင်ရွက်နေသည်ကို တွေ့ရသည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရခိုင်ပြည်နယ်နှင့်မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအထိ စစ်ရေးအရေးနိမ့်မှုများဖြင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် ၂၀၂၅ ရွေးကောက်ပွဲကို ထွက်ပေါက်တစ်ခုအဖြစ်အသုံးချနိုင်ရန် အရှိန်အဟုန်မြှင့်လုပ်ဆောင်လာသည်ကို တွေ့ရသည်။ ထို့အပြင်အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် မိမိကိုယ်မိမိယာယီသမ္မအဖြစ် ယခုလအတွင်း၌ ကြေညာခန့်အပ်ခဲ့သေးသည်။

စီးပွားရေးဆိုင်ရာအကျပ်အတည်းများဖြင့်ရင်ဆိုင်နေပြီး ဒေါ်လာငွေပြတ်လပ်လျက်ရှိသော စစ်ကောင်စီသည် အွန်လိုင်းမှအစားအသောက်၊ အလှကုန်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် လူသုံးကုန်များ ရောင်းချမှုများကိုပင် တရားမဝင်ကုန်သွယ်မှုအဖြစ်သတ်မှတ်ပြီး ဖမ်းဆီးရန်ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။


Recommended Citation Style -


Myanmar Internet Project. (2024, August 1). ၂၀၂၄ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ. https://www.myanmarinternet.info/my/post/quarterly-report-may-july-2024

Comments


bottom of page