၂၀၂၅ ခုနှစ် ဩဂုတ်လမှအောက်တိုဘာလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ
- Myanmar Internet Project
- Nov 3
- 5 min read

၂၀၂၁ ဖေဖော်ဝါရီ(၁)ရက် စစ်အုပ်စု၏အာဏာသိမ်းမှု(၅)နှစ်ပြည့်ရန် (၃)လသာလိုတော့သည်။ ယင်းကာလများအတွင်း မြန်မာနိုင်ငံ၌နေထိုင်ကြသော အများပြည်သူသည် ပုံစံမျိုးစုံသော ဒစ်ဂျစ်တယ်အခွင့်အရေး ဖိနှိပ်မှုများနှင့်ဒစ်ဂျစ်တယ်အခွင့်အ ရေးချိုးဖောက်ခံရမှုများ လစဉ်ကြုံတွေ့ခဲ့ရသည်။
၂၀၂၅ ခုနှစ် ဩဂုတ်လမှအောက်တိုဘာလအတွင်းဖြစ်ပေါ်ခဲ့သော ဖိနှိပ်မှုများတွင် အင်တာနက်ဖြတ်တောက်မှုများ၊ သတင်းလွတ်လပ်ခွင့်ထိန်းချုပ်မှုများနှင့်အွန်လိုင်းမှတစ်ဆင့်ပြောဆိုမှုများအား စောင့်ကြည့်ဖမ်းဆီးမှုများ၊“Person Scrutinization and Monitoring System(PSMS)”မှတစ်ဆင့်စောင့်ကြည့်ဖမ်းဆီးမှုများ၊ ဗီပီအန်(VPN)အသုံးပြုမှုစောင့်ကြည့်မှုများနှင့်ရွေးကောက်ပွဲကာကွယ်ပေးရေးဆိုင်ရာဥပဒေအသုံးပြုဖမ်းဆီးမှုများ လုပ်ဆောင်လာသည်ကို တွေ့ရသည်။
ယခုအစီအရင်ခံစာတွင် ၂၀၂၅ ခုနှစ် ဩဂုတ်လမှအောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့်ပတ်သက်သောတွေ့ရှိချက်များကို စုစည်းဖော်ပြသွားမည်။
(၁) ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကော်မရှင်၏လုပ်ဆောင်လာမှုအခြေအနေများ
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
တိုက်ပွဲဖြစ်ပွားရာဒေသများကိုအခြေပြု၍ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခြင်းနှင့်ထိန်းချုပ်ခြင်းများမှာ ဩဂုတ်လတွင်လည်းဖြစ်ပေါ်ခဲ့သည်။ စစ်ကော်မရှင်က စစ်ရေးနည်းဗျူဟာအရ ဖြတ်တောက်မှုများပြုလုပ်သကဲ့သို့ တိုင်းရင်းသားတော် လှန်ရေးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော အာရက္ခတပ်တော်(AA)ကလည်း လုံခြုံရေးအခြေအနေအကြောင်းပြချက်အရ ယင်းတို့နယ်မြေအတွင်းရှိ အင်တာနက်ဝန်ဆောင်မှုအား ယာယီရပ်ဆိုင်းခဲ့သည်ကို တွေ့ရသည်။
(ကက) တိုက်ပွဲများနှင့်ဆက်စပ်သော ဆက်သွယ်ရေးဖြတ်တောက်မှုများ
တိုက်ပွဲများပြင်းထန်ချိန်တွင် ဆက်သွယ်ရေးဖြတ်တောက်ခံရသောအခြေအနေများ မကြာခဏဖြစ်ပေါ်လာသည်ကို တွေ့ သည်။ ထို့သို့ ဆက်သွယ်ရေးဖြတ်တောက်ခံရသည့် အခြေအနေကြောင့် ပဋိပက္ခဒေသအတွင်းနေထိုင်သော အရပ်သားများ သည် ဆိုးရွားသောနောက်ဆက်တွဲအကျိုးဆက်များကို ဆက်လက်ခံစားရသည်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်နှင့်ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းများတွင် တိုက်ပွဲများကြောင့် ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်။ အထူးသဖြင့် ကော့ကရိတ်ဒေသတွင် အင်တာနက်လိုင်းဆွဲအား လျှော့ချခြင်းကဲ့သို့ နည်းလမ်းများကိုပါ အသုံးပြုခဲ့သည်။
ထို့အပြင် မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့အနောက်ခြမ်းတွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသော ကျေးရွာများမှာ ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်ကို တွေ့ရသည်။ ဤဖြစ်စဉ်သည် ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် သတင်းအမှောင်ကျချိန်တွင် အရပ်သားများ၏လုံခြုံရေး ဆိုးရွားစွာထိခိုက်စေနိုင်ကြောင်း သက်သေခံနေသည်။
(ခခ) သက်ဆိုင်ရာအဖွဲ့အစည်းများ၏ဆက်သွယ်ရေးကွန်ရက်အပေါ် ထိန်းချုပ်မှု
စစ်ကော်မရှင်သာမက တော်လှန်ရေးအင်အားစုများကလည်း ယင်းတို့၏နယ်မြေများတွင် ဆက်သွယ်ရေးကွန်ရက်ကို ထိန်း ချုပ်ရန် ကြိုးပမ်းခဲ့ကြသည်။
လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များကြောင့် ရခိုင်ပြည်နယ်ရှိ လွတ်မြောက်နယ်မြေများတွင် စတားလင့်ခ့် (Starlink)အင်တာနက်ဝန်ဆောင်မှုကို ယာယီပိတ်ပင်ကြောင်း အာရက္ခတပ်တော်(AA)က ဩဂုတ်လ(၂၇)ရက်နေ့တွင် ကြေညာခဲ့သည်။ ထို့အပြင် ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် စစ်ကော်မရှင်၏ရွေးကောက်ပွဲဝင်ရန် ပြင်ဆင်နေသော ရခိုင်တိုင်းရင်းသားများပါတီ(RNP)က ဖုန်းလိုင်းများ ပြန်လည်ရရှိရေး တောင်းဆိုခဲ့သည်ကိုလည်း တွေ့ရသည်။ စစ်ကော်မရှင်ကျင်းပမည့် ရွေး ကောက်ပွဲဝင်ရန်ပြင်ဆင်နေသော နိုင်ငံရေးပါတီတစ်ခုက ထိုသို့တောင်းဆိုခြင်းသည် ဆက်သွယ်ရေးပြတ်တောက်မှုကြောင့် ဒေသအတွင်း နိုင်ငံရေးဆိုင်ရာစည်းရုံမှုများအပေါ် သက်ရောက်မှုကြီးမားနေကြောင်း မီးမောင်းထိုးပြနေသည်။
(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအား ထိန်းချုပ်ရန်အတွက် ဖိနှိပ်မှုဆိုင်ရာဥပ ဒေများကို စစ်ကော်မရှင်က ဆက်လက်အသက်သွင်းထားပြီး ယင်းတို့၏ထောက်ခံသူများအပါအဝင် အလွှာပေါင်းစုံမှအရပ် သားပြည်သူများကိုပစ်မှတ်ထား၍ ဖမ်းဆီးအရေးယူမှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့သည်။
(ကက) ဖိနှိပ်မှုအတွက် ဥပဒေဆိုင်ရာအခြေခံကို ခိုင်မာစေခြင်း
စစ်ကော်မရှင်သည် ယင်းတို့၏ဖိနှိပ်မှုလုပ်ဆောင်ချက်များကို တရားဝင်အသွင်ဆောင်စေရန်အတွက် ဥပဒေအကာအကွယ်ရ ယူရန် ကြိုးပမ်းလေ့ရှိသည်။ ဩဂုတ်လ(၁)ရက်နေ့တွင် မင်းအောင်လှိုင်ဦးဆောင်သော အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ(ကာလုံ)က နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့်လုံခြုံမှုအား အကာအကွယ်ပေးသည့်ဥပဒေ(နိုင်လွတ်လုံ)မှအဓိကပုဒ်မများဖြစ်သည့် (၅)၊ (၇)နှင့်(၈)တို့အား ရပ်ဆိုင်းထားမှုကို ဆက်လက်သက်တမ်းတိုးခဲ့သည်။
ထိုသို့ သက်တမ်းတိုးခြင်းအားဖြင့် ဥပဒေပါ ကိုယ်ရေးအချက်အလက်ကာကွယ်ခွင့် ပြဋ္ဌာန်းချက်တစ်ခုဖြစ်သည့် “ဆက်သွယ်ရေးအော်ပရေတာများထံမှ ပုဂ္ဂိုလ်ဆိုင်ရာတယ်လီဖုန်းနှင့်အီလက်ထရောနစ်ဆက်သွယ်ရေးသတင်းအချက်အလက်များအား တောင်းယူခြင်း၊ ထုတ်ပေးခြင်းမပြုရ”ဆိုသည့်အကာအကွယ်မှာ ဆက်လက်ပျောက်ဆုံးသွားခဲ့သည်။
(ခခ) ဖိနှိပ်မှုများ ကျယ်ပြန့်လာခြင်း
ဖမ်းဆီးအရေးယူမှုများသည် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများသာမက သာမန်အရပ်သားပြည်သူများနှင့် ယင်းတို့အား ဝေဖန်ပြောဆိုသည့် စစ်တပ်ထောက်ခံသူများအထိပါ စောင့်ကြည့်အရေးယူနေသည်ကို တွေ့ရသည်။
စစ်ခေါင်းဆောင်များအား ဝေဖန်ခဲ့သော စစ်တပ်ထောက်ခံသူ ဇော်ဘုန်းဟိန်းကို ထောင်ဒဏ်(၁၁)နှစ်ချမှတ်ခဲ့သည်။ ခေါင်း ဆောင်ပိုင်းဝေဖန်မှုမှန်သမျှအား စစ်တပ်က သည်းခံမည်မဟုတ်ကြောင်း ပြသလိုက်ခြင်းဖြစ်သည်။
ထို့အပြင် အွန်လိုင်းပေါ်မှမှတ်ချက်ပေး ပြောဆိုရေးသာမှုများကို စောင့်ကြည့်အရေးယူမှုများပြုလုပ်နေပြီး မြန်မာအင်တာနက်ပရောဂျက်(MIP)၏စုဆောင်းထားသောအချက်အလက်များအရ (၁)လအတွင်း လူမှုကွန်ရက်မှပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး(၁၃)ဦးရှိခဲ့သည်။
ပဲခူးမြို့၌ ဗိုလ်ချုပ်ကြေးရုပ်ဖြိုချခံရသည့် သတင်းအောက်တွင်မှတ်ချက်(Comment)ဝင်ရောက်ရေးသားခဲ့သူ မြို့ခံ(၁၁)ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရသည်။ တောင်ကြီးမြို့၌ "ပြည်သူဆီက မဲလိုချင်ရင် ပြည်သူကို ဘယ်လိုအကျိုးပြုရမလဲစဉ်းစား"ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့သူအမျိုးသားတစ်ဦးကို ရွေးကောက်ပွဲနှောင့်ယှက်မှုဆိုင်ရာဥပဒေဖြင့် ဖမ်းဆီးခဲ့သည်။
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက်
စစ်ကော်မရှင်၏လုပ်ဆောင်လာမှုအခြေအနေများ
စစ်ကောင်မရှင်သည် အများပြည်သူအပေါ်စောင့်ကြည့်ထိန်းချုပ်မှုကို နည်းလမ်းပေါင်းစုံဖြင့်တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ ဗီပီအန်(VPN)အသုံးပြုမှုကို ပစ်မှတ်ထားဖမ်းဆီး ငွေညှစ်ခြင်းနှင့် ပီအက်စ်အမ်အက်စ်(PSMS)စနစ်ကို ကျယ်ပြန့်စွာထည့်သွင်းအသုံးပြုလာခြင်းများကို ယခုလအတွင်း တွေ့ရှိရသည်။
(ကက) ဗီပီအန်(VPN)အသုံးပြုမှုအပေါ် ပစ်မှတ်ထားခဲ့မှုများ
စစ်အုပ်စု(စစ်ကောင်စီ)က ဇူလိုင်လ(၃၀)ရက်နေ့က စတင်အသက်သွင်းခဲ့သည့် ဆိုက်ဘာလုံခြုံရေးဥပဒေအား အကြောင်းပြ ၍ ဗီပီအန်(VPN)အသုံးပြုသူများကို ဖမ်းဆီးစစ်ဆေးခြင်းနှင့်ငွေညှစ်ခြင်းများလုပ်ဆောင်ခဲ့သည်။
မန္တလေးမြို့တွင် ဆိုက်ဘာလုံခြုံရေးဥပဒေပြဋ္ဌာန်းပြီးနောက် စစ်တပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့များနှင့်ယာဉ်စစ် ပူးပေါင်းအဖွဲ့များသည် ကား၊ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်သက်တမ်းကုန်ဆုံးခြင်း ရှိမရှိ စစ်ဆေးသည့်အပြင် ဖုန်းအတွင်း၌ ဖေ့ဘွတ်ခ့်(Facebook)နှင့်ဂျီမေးလ်(Gmail)အကောင့်များသုံးစွဲမှု ရှိမရှိ စစ်ဆေးခြင်း၊ ဗီပီအန်(VPN)ဆော့ဖ််ဝဲလ်အသုံးပြုခြင်း ရှိမရှိ စစ်ဆေးခြင်းများကိုပါ ပြုလုပ်ခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပန် တိုင်စစ်ဆေးရေးဂိတ်၌လည်း ဖုန်းတွင် ဗီပီအန်(VPN)တွေ့ရှိသည်ဟုဆိုကာ ခရီးသွား(၄)ဦးကို ဖမ်းဆီးခဲ့သည်။
ရန်ကုန်မြို့နှင့်မန္တလေးမြို့တို့တွင် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များနှင့်လက်အောက်ခံပျူစောထီးများက ဗီပီအန်(VPN)အသုံးပြသူ များကို ဖမ်းဆီးငွေညှစ်ခြင်းများ ပြန်လည်လုပ်ဆောင်လာခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် ဗီပီအန် (VPN)အသုံးပြုမှုကြောင့် ဖမ်းဆီးခံရသူ(၄)ဦးသည် (၁)ဦးလျှင် ငွေကျပ်(၅)သိန်းစီပေးပြီးမှ ပြန်လည်လွတ်မြောက်ခဲ့သည်။
(ခခ) ပီအက်စ်အမ်အက်စ်(PSMS)စနစ်ကို ကျယ်ပြန့်စွာ အသုံးချလာခြင်း
တော်လှန်ရေးနှင့်ဆက်နွယ်သူများကိုရှာဖွေရန် PSMS(Person Scrutinization and Monitoring System)အား မြို့ နယ်အဆင့် အုပ်ချုပ်ရေးကဏ္ဍများအထိ ထည့်သွင်းအသုံးပြုလာသည်ကို တွေ့ရသည်။
မြစ်သားမြို့နယ်တွင် ပီအက်စ်အမ်အက်စ်(PSMS)စနစ်ကိုအသုံးပြုပြီး စစ်ဆေးမှုများပြုလုပ်နေကြောင်း စစ်ကော်မရှင်၏ပြန် ကြားရေးဝန်ကြီးဌာန(MOI)ဝက်ဘ်ဆိုက်တွင် တရားဝင်ဖော်ပြခဲ့သည်။ မန္တလေးမြို့တွင် ဧည့်စာရင်းစစ်ဆေးရာ၌ ပီအက်စ်အမ်အက်စ်(PSMS)စနစ်ကိုပါ တွဲဖက်အသုံးပြုလာခဲ့ပြီး၊ တောင်ကြီးမြို့နယ်တွင်လည်း ဟိုတယ်၊ တည်းခိုခန်း၊ စစ်ဆေးရေးဂိတ်များနှင့်ယာဉ်လိုင်းများတွင် ပီအက်စ်အမ်အက်စ်(PSMS)ဖြင့် စစ်ဆေးဖမ်းဆီးရန် အထွေထွေအုပ်ချုပ်ရေးအဖွဲ့က တရားဝင်ညွှန်ကြားခဲ့သည်။
အထက်ပါအခြေအနေများသည် ပီအက်စ်အမ်အက်စ်(PSMS)စနစ်အား အုပ်ချုပ်ရေးယန္တရားတွင် စစ်ကောင်စီက ကျယ်ပြန့်စွာအသုံးချလာနေပြီဖြစ်ကြောင်း ထင်ရှားစေသည်။
(ဂဂ) နိုင်ငံသားများ၏အချက်အလက်လုံခြုံရေး စိုးရိမ်စရာမြင့်တက်လာမှု
တယ်လီနောမြန်မာကုမ္ပဏီသည် သုံးစွဲသူများ၏မီတာဒေတာ(Metadata)များကို အာဏာသိမ်းစစ်တပ်ထံ လွှဲပြောင်းပေးခဲ့ကြောင်း စွပ်စွဲမှုများပေါ်ထွက်ခဲ့သည်။ ယင်းနောက် ‘Justice for Myanmar’ နှင့် ‘ICJ Norway’တို့က ယင်းချိုးဖောက်မှုများနှင့်ပတ်သက်၍ တယ်လီနော(Telenor)အား နော်ဝေးရဲတပ်ဖွဲ့ထံတွင် အမှုဖွင့်တိုင်ကြားခဲ့သည်။
တယ်လီနောကဲ့သို့ နော်ဝေအစိုးရနောက်ခံရှိသည့် တယ်လီကွန်းကုမ္ပဏီပင် အာဏာသိမ်းစစ်တပ်ထံသို့ အချက်အလက်များ လွှဲပြောင်းပေးခဲ့ရသည်။ ယခုအချိန်၌ ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများ ထွက်ခွာသွားပြီး စစ်ကောင်မရှင်နှင့်နီးစပ်သောစီးပွားရေးလုပ်ငန်းရှင်များက လွှမ်းမိုးချုပ်ကိုင်ထားရာ ပြည်သူများ၏ကိုယ်ရေးအချက်အလက်(Data)များအ တွက် စိုးရိမ်ဖွယ်ရာ ပို၍ဖြစ်လာစေသည်။
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
စစ်အုပ်စုသည် သတင်းမီဒီယာနယ်ပယ်အား ကိုင်တွယ်ထိန်းချုပ်ရန်အတွက် ပြည်ပဆက်ဆံရေးနှင့်ပြည်တွင်းဝါဒဖြန့်ယန္တရားများ ဟန်ချက်ညီကိုင်တွယ်ဆောင်ရွက်နေသည်ကို တွေ့ရသည်။
စစ်ကော်မရှင်လက်အောက်ခံ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့်ထိုင်းနိုင်ငံသတင်းမီဒီယာကောင်စီ(NPCT)တို့သည် နား လည်မှုစာချွန်လွှာ(MoU)ကို ဘန်ကောက်မြို့တွင် ဩဂုတ်လ(၁)ရက်နေ့က လက်မှတ်ရေးထိုးခဲ့ကြသည်။ လွတ်လပ်သော သ တင်းမီဒီယာများကို အပြင်အထန်ဖိနှိပ်နေသည့် စစ်ကော်မရှင်သည် နိုင်ငံတကာမီဒီယာယန္တရားတွင် ပိုမိုဝင်ဆန့်နိုင်ရန် အား ထုတ်လားသော လုပ်ဆောင်မှုတစ်ခုဖြစ်သည်။
တစ်ဖက်တွင်လည်း လူမှုကွန်ရက်များတွင် အကောင့်တုများ(Fake Accounts)အမြောက်အမြားကို စနစ်တကျအသုံးပြုကာ ဝါဒဖြန့်ချိရေးစစ်ဆင်ရေးများဆောင်ရွက်နေကြောင်း ခိုင်လုံသောအထောက်အထားများရရှိထားသည်ဟု မြန်မာနောင်း (Myanmar Now)သတင်းဌာနက ဩဂုတ်လ(၁၃)ရက်နေ့တွင် ထုတ်ဖော်ရေးသားခဲ့သည်။
(၂) ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှု အခြေအနေများ
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကော်မရှင်၏လုပ်ဆောင်လာမှုအခြေအနေများ
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
စက်တင်ဘာလတွင် စစ်ကော်မရှင်၏စစ်ရေးလှုပ်ရှားမှုများနှင့်အတူ ဆက်သွယ်ရေးဖြတ်တောက်မှုများ ဆက်စပ်ဖြစ်ပေါ်ခဲ့သည်။ ယင်းသည် လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းများကို ပိုမိုဆိုးရွားစေခဲ့သည်။ တစ်ဖက်တွင်လည်း အန်ယူဂျီ (NUG)အပါအဝင် တော်လှန်ရေးအင်အားစုများက ယင်းတို့ထိန်းချုပ်နယ်မြေများတွင် စစ်ရေးအခြေအနေအရ အင်တာနက်သုံးစွဲခွင့်အား ထိန်းချုပ်သည့်လုပ်ဆောင်ချက်များ ပြုလုပ်လာသည်ကို တွေ့ရသည်။
(ကက) စစ်ရေးလှုပ်ရှားမှုများနှင့်ဆက်စပ်သော ဆက်သွယ်ရေးဖြတ်တောက်မှုများနှင့်အကျိုးသက်ရောက်မှုများ
ဆက်သွယ်ရေးဖြတ်တောက်မှုများအား နည်းဗျူဟာတစ်ခုအဖြစ် စစ်ကော်မရှင်က ဆက်လက်ကိုင်စွဲထားသည်။ ယင်းကြောင့် ပြင်းထန်သော နောက်ဆက်တွဲအကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်မှ အင်တာနက်နှင့်ဖုန်းလိုင်းများပြတ်တောက်နေသောကျေးရွာများ ဗုံးကြဲတိုက်ခိုက်ခံရခြင်းနှင့်ပရဟိတဆေးရုံမီးရှို့ခံရခြင်းများ ဖြစ်ပွားခဲ့သည်။ ယင်းမှာ သတင်းအမှောင်ချ၍ အရပ်သားပစ်မှတ်များကို တိုက်ခိုက်ခြင်း၏ထင်ရှားသောဖြစ်ရပ်များဖြစ်သည်။
တနင်္သာရီတိုင်ဒေသကြီး၊ ထားဝယ်အရှေ့တောဒေသတွင်း စစ်တပ်၏စစ်ကြောင်းထိုးနေမှုများကြောင့် တာဝါတိုင်များရှိ လျှပ် စစ်မီးစက်များအား စက်သုံးဆီသွားရောက်မဖြည့်နိုင်သဖြင့် ဆက်သွယ်ရေးပြတ်တောက်ခြင်း၊ မွန်-တနင်္သာရီနယ်စပ် တိုက်ပွဲဖြစ်ပွားနေသည့်ဒေသများတွင် တစ်နေ့လျှင် နာရီပိုင်းမျှသာ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများအသုံးပြုနိုင်းခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အားလည်း စစ်ကောင်မရှင်က ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ထားခဲ့သည်။ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ လုမြန်ရွာနှင့်ဆော့လော်မြို့နယ်၊ လန်ဆယ်ရွာဘက်တွင် တိုက်ပွဲများပြင်းထန်းနေပြီး တရုတ်နယ်စပ်နှင့်နီးသည့်ဒေသများတွင် တရုတ်ဘက်မှဖုန်းလိုင်းဖြတ်တောက်ထားသည်ဟု ရွှေဖီမြေသတင်းဌာနက ဖော်ပြခဲ့သည်။
ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တွင် ဖုန်းလိုင်းများပြတ်တောက်နေသည့်အပြင် စစ်တပ်က ကုန်စည်စီးဆင်းမှုကိုပါ ပိတ် ဆို့ထားသဖြင့် ဒေသခံများမှာ အဆက်အသွယ်ပြတ်တောက်ကာ အထွေထွေအခက်အခဲများနှင့်ရင်ဆိုင်နေရသည်။
အထက်ပါ ဆက်သွယ်ရေးဖြတ်တောက်မှုဖြစ်ရပ်များကို သုံးသပ်ကြည့်ပါက နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် ကုန်စည်စီးဆင်းမှုအပေါ်သက်ရောက်ခြင်း၊ သတင်းအမှောင်ချခံရစဉ် အသက်အန္တရာယ်ဖြစ်စေနိုင်သည့် တိုက်ခံမှုများနှင့်ကြုံတွေ့ရခြင်းအပြင် ဆေးရုံကဲ့သို့အခြေခံအဆောက်အုံများပါ ထိခိုက်ပျက်စီးခဲ့သည့်အတွက် ဆက်သွယ်ရေးပြတ်တောက်မှုကြောင့်သွား လာရန်ခက်ခဲနေစဉ် ဒေသခံများအနေဖြင့် နောက်ဆက်တွဲ လူမှုဒုက္ခများကို ပိုမိုခံစားလာရသည်။
(ခခ) သက်ဆိုင်ရာ အာဏာပိုင်များ၏ အင်တာနက်ကွန်ရက်အပေါ် ထိန်းချုပ်မှု
စစ်ကော်မရှင်ဘက်ကသာမက တော်လှန်ရေးအင်အားစုများကလည်း ယင်းတို့၏နယ်မြေများတွင် အင်တာနက်ကွန်ရက်ကို ထိန်းချုပ်အုပ်ချုပ်လာခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)က လုံခြုံရေးကြောင့်ဟုဆိုကာ ယင်းတို့၏ ထိန်းချုပ်နယ်မြေအတွင်း အင်တာနက်လိုင်းများကို ရက်အကန့်အသတ်မရှိ ပိတ်ပင်ခဲ့သည်။ ထို့အတူ ကနီမြို့နယ်တွင်လည်း စစ်ရေးအခြေအနေအရ အင်တာနက်ဆိုင်များ ယာယီပိတ်သိမ်းရန် အန်ယူဂျီ(NUG)က ညွှန်ကြားခဲ့သည် ။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဩဂုတ်လက ပြန်ဖွင့်ပေးခဲ့သော မိုင်တဲလ်(Mytel)ဖုန်းလိုင်းများကို အကြောင်းပြချက်မရှိဘဲ စစ်ကော်မရှင်က ပြန်လည်ဖြတ်တောက်ခဲ့သည်။ ဆက်သွယ်ရေးကွန်ရက်အား စစ်ကော်မရှင်က စိတ်ကြိုက်ထိန်းချုပ်ကိုင် တွယ်နေကြောင်း ပြသနေခြင်းဖြစ်သည်။
(ဂဂ) နည်းပညာပိုင်းဆိုင်ရာ ပိတ်ဆို့မှုများ
လူသုံးများသော ဗီပီအန်(VPN)အချို့ သုံးစွဲ၍မရတော့သည့်အခြေအနေများ ယခုလအတွင်း ဖြစ်ပေါ်ခဲ့သည်။ စစ်ကော်မရှင်က ဆက်သွယ်ရေးတာဝါတိုင်များကို ဖြတ်တောက်သည့်နည်းလမ်းအပြင် အင်တာနက်အသုံးပြုသူများ၏ပိတ်ဆို့မှုကျော်လွှားရေးနည်းလမ်းများကိုပါ နည်းပညာအရ ဆက်လက်ပစ်မှတ်ထားတိုက်ခိုက်နေသည်ကို ထင်ရှားစေသည်။
(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
စစ်ကော်မရှင်က ကျင်းပရန်စီစဉ်နေသည့်ရွေးကောက်ပွဲအား အွန်လိုင်းပေါ်မှဝေဖန်ရေးသားမှုများကို အဓိကပစ်မှတ်ထားကာ "ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ပေးရေးဥပဒေ"အသုံးပြု၍ ဖမ်းဆီးအရေးယူမှုများ အပြင်းအထန်ပြုလုပ်ခဲ့သည်။
ရွေးကောက်ပွဲပျက်ပြားစေရန် အွန်လိုင်းမှရေးသားဖြန့်ဝေမှုများကို အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ် ဖော်ပြောကြားခဲ့သည်။ ထို့နောက် ယင်းဥပဒေဖြင့် ဖမ်းဆီးအရေးယူမှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်။ လူမှုကွန်ရက်မှတစ် ဆင့် ရွေးကောက်ပွဲနှောင့်ယှက်သည်ဟု အကြောင်းပြချက်အပါအဝင် အကြောင်းပြချက်မျိုးစုံဖြင့် အသက်မပြည့်သေးသူ (၃)ဦးအပါအဝင် အရပ်သားပြည်သူ(၉)ဦးအား "ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ပေးရေးဥပဒေ"ဖြင့် စစ်ကောင်စီက အရေးယူခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
ဤဥပဒေဖြင့် အရေးယူခံရသူများအပေါ် ပြင်းထန်သည့်ပြစ်ဒဏ်များ ချမှတ်ခဲ့သည်ကိုလည်း တွေ့ရသည်။ "ရွေးကောက်ပွဲနှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ပေးရေးဥပဒေ"ဖြင့် တောင်ကြီးမြို့တွင် ဖမ်းဆီးခံခဲ့ရသူတစ်ဦးအား အလုပ်နှင့်ထောင် ဒဏ်(၇)နှစ်အထိ ချမှတ်ခဲ့သည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)မှစုဆောင်းထားသည့်အ ချက်အလက်များအရ ယခုလအတွင်း လူမှုကွန်ရက်ပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူစုစုပေါင်းအနည်းဆုံး(၁၁)ဦးအထိ ရှိခဲ့သည်။
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက်
စစ်ကော်မရှင်၏လုပ်ဆောင်လာမှုအခြေအနေများ
အများပြည်သူအပေါ် စစ်ကော်မရှင်၏စောင့်ကြည့်ခြေရာခံမှုသည် ပီအက်စ်အမ်အက်စ်(PSMS)စနစ်များအား မြေပြင်တွင်အ သုံးပြု၍ စစ်ဆေးဖမ်းဆီးမှုများပြုလုပ်နေသကဲ့သို့ အင်တာနက်ကွန်ရက်တစ်ခုလုံးကို စောင့်ကြည့်နိုင်သော တရုတ်နိုင်ငံထုတ်နည်းပညာများတပ်ဆင်အသုံးပြုနေသည့်အထောက်အထားများလည်း ယခုလအတွင်း ထွက်ပေါ်လာခဲ့သည်။
(ကက) ဒစ်ဂျစ်တယ်စနစ်များဖြင့် မြေပြင်တွင် တိုက်ရိုက်စစ်ဆေးဖမ်းဆီးခြင်း
ပီအက်စ်အမ်အက်စ်(PSMS, Person Scrutinization and Monitoring System)ဆော့ဖ်ဝဲလ်ကို စစ်ကော်မရှင်က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာသည်။
ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်းရှိ ဟိုတယ်နှင့်တည်းခိုခန်းများအား ဧည့်စာရင်းစစ်ဆေးရာတွင် ပီအက်စ်အမ်အက်စ်(PSMS) စနစ်အသုံးပြု စစ်ဆေးမှုများပြုလုပ်နေပြီး ဘုရားဖူးသွားရောက်သော အကြမ်းမဖက်အာဏာဖီဆန်သူ(CDM)ဝန်ထမ်းအချို့ ဖမ်းဆီးခံခဲ့ရသည်။
(ခခ) စောင့်ကြည့်ရေးကွန်ရက်အား ချဲ့ထွင်လာခြင်း
တရုတ်နည်းပညာများအသုံးပြု၍ တစ်နိုင်ငံလုံးအားလွှမ်းခြုံနိုင်သည့် ကွန်ရက်စောင့်ကြည့်ရေးစနစ်ကို စစ်ကော်မရှင်က အ ကောင်အထည်ဖော်နေသည်။
ပြည်တွင်းအင်တာနက်သုံးစွဲသူများကိုစောင့်ကြည့်ရန် တရုတ်ကုမ္ပဏီ‘Geedge Networks’၏ကွန်ရက်စောင့်ကြည့်ရေးစက် ပစ္စည်းများကို ပြည်တွင်းဆက်သွယ်ရေးကုမ္ပဏီ(၁၃)ခုတွင် စစ်ကော်မရှင်က တပ်ဆင်အသုံးပြုနေသည်ဟု Justice for Myanmar (JFM)အဖွဲ့က ထုတ်ဖော်ပြောကြားခဲ့သည်။
Interesting Engineering ၏ ထုတ်ဖော်ပြောကြားချက်အရ "Tiangou" အမည်ရှိ အင်တာနက်ဆင်ဆာစနစ်ကို မြန်မာ နိုင်ငံရှိ ဒေတာစင်တာ(၂၆)ခုလုံးတွင် တပ်ဆင်အသုံးပြုနေသည်ဟု သိရသည်။ ယင်းစနစ်သည် TCP connection သန်း (၈၀)ကျော်ကို တစ်ပြိုင်နက်တည်းစောင့်ကြည့်နိုင်စွမ်းရှိသည်ဟု Interesting Engineering က ပြောကြားခဲ့သည်။
စစ်ကော်မရှင်လက်အောက်ခံဗဟိုဘဏ်သည် မြန်မာ့ဘဏ်လုပ်ငန်းများတွင် ဉာဏ်ရည်တုနည်းပညာ(AI)အသုံးပြုနိုင်ရေးအ တွက် တရုတ်ကုမ္ပဏီဟွာဝေး(Huawei)နှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ဘဏ္ဍာရေးဆိုင်ရာလွှဲပြောင်းမှုများကို အဆင့်မြင့်နည်းပညာများဖြင့်ခြေရာခံစောင့်ကြည့်ရန် ရည်ရွယ်သောလုပ်ရပ်ဖြစ်သည်။ အဆင့်မြင့်နည်းပညာများအသုံးပြု၍ စောင့်ကြည့်ရေးကွန်ရက်ကို စစ်ကော်မရှင်က ပိုမိုတိုးမြှင့်ချဲ့ထွင်နေကြောင်း သက်သေများဖြစ်သည်။
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေတွင်မူ စစ်ကော်မရှင်၏ဖိနှိပ်ထိန်းချုပ်မှုများအပြင် တော်လှန်ရေးအဖွဲ့အစည်းများဘက်မှလုပ်ဆောင်လာသော ကန့်သတ်မှုအခြေအနေအချို့ကိုလည်း တွေ့မြင်ခဲ့ရသည်။
(ကက) အာရက္ခတပ်တော်(AA)၏သတင်းမီဒီယာအပေါ် ထိန်းချုပ်လာမှု
အာရက္ခတပ်တော်(AA)၏အုပ်ချုပ်ရေးနယ်မြေအတွင်း သတင်းစီးဆင်းမှုထိန်းချုပ်ရန်အတွက် မီဒီယာများနှင့်ထိတွေ့မှုကန့် သတ်သောလုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့သည်။
အာရက္ခတပ်တော်(AA)၏အုပ်ချုပ်မှုအောက်တွင်ရှိသော ဌာနဆိုင်ရာဝန်ထမ်းအားလုံးကို သတင်းမီဒီယာများနှင့်အင်တာဗျူးဖြေဆိုခြင်းမပြုလုပ်ရန် ပိတ်ပင်ခဲ့သည်။ မောင်တောအခြေစိုက် Border News Agency(BNA)မှ အမျိုးသမီးသတင်း ထောက် ‘မမုဒြာ’ကိုလည်း အာရက္ခတပ်တော်(AA)က ဖမ်းဆီးခဲ့သည်ကို တွေ့မြင်ရသည်။
(ခခ) စစ်ကော်မရှင်၏သတင်းမီဒီယာများအား စည်းရုံးမှု
စစ်ကော်မရှင်သည် ယင်းတို့၏ဝါဒဖြန့်ယန္တရားအတွက် ပြည်တွင်းမီဒီယာသမားများကိုလည်း ငွေကြေးဖြင့် စည်းရုံးသိမ်းသွင်းရန် ကြိုးပမ်းနေသည်ကို တွေ့ရသည်။ စစ်ကော်မရှင်၏ရွေးကောက်ပွဲအတွက် ဝါဒဖြန့်စည်းရုံးရေး သတင်းများရေးသားပေးရန် ပြည်တွင်းမီဒီယာသမားများကို ငွေကြေးသိန်းရာချီပေး၍ စည်းရုံးနေသည်ဟု MPA သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။
စစ်ကော်မရှင်၏ဝါဒဖြန့်သတင်းရေးသားသူ(၂)ဦးနှင့်မြန်မာသတင်းမီဒီယာကောင်စီမှ အတွင်းရေးမှူးဦးအေးချမ်း တို့ကို အိန္ဒိယနိုင်ငံက သတင်းထောက်လေ့လာရေးခရီးစဉ်အတွက် ဖိတ်ခေါ်ခဲ့သည်ကိုလည်း ယခုလအတွင်း တွေ့ရှိရသည်။
(၃) ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှု အခြေအနေများ
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကော်မရှင်၏လုပ်ဆောင်လာမှုအခြေအနေများ
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
စစ်ကောင်စီ၏ဗျူဟာမြောက် အားသာချက်တစ်ခုအဖြစ် ဆက်သွယ်ရေးဖြတ်တောက်မှုများ ဆက်လက်ရှိနေသည်။ လေ ကြောင်းတိုက်ခိုက်မှုများ မပြုလုပ်မီ ပစ်မှတ်ဒေသကို ဆက်သွယ်ရေးဖြတ်တောက်ခြင်းနှင့်စစ်ခေါင်းဆောင်များ၏လုံခြုံရေးအ တွက် ယာယီဖြတ်တောက်ခြင်းတို့သည် စစ်ကောင်စီ၏ဆက်သွယ်ရေးဆိုင်ရာ ထိန်းချုပ်နိုင်စွမ်းကို အထူးသဖြင့် ထင်ရှားစေ သည်။
အင်တာနက်ပြတ်တောက်နေသည့် ဒေသများတွင် ဆက်သွယ်ရေးအတွက် အားထားရသောစတားလင့်ခ့်(Starlink)အင်တာနက်ကွန်ရက်ကို အွန်လိုင်းငွေကြေးလိမ်လည်သောလုပ်ငန်းများက အသုံးပြုနေမှုကြောင့် အမေရိကန်ကွန်ဂရက်၏ဖိအားပေးခံရမှုနှင့်အတူ ကွန်ရက်မတည်ငြိမ်မှုများပါ ကြုံတွေ့ခဲ့ရသည်။
(ကက) လေကြောင်းတိုက်ခိုက်မှုများအတွက် ဆက်သွယ်ရေးဖြတ်တောက်မှုကို နည်းဗျူဟာတစ်ခုအဖြစ် အသုံးပြုခြင်း
လေကြောင်းတိုက်ခိုက်မှုများ မပြုလုပ်မီ ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခြင်းကို စစ်ရေးနည်းဗျူဟာအဖြစ် စစ်ကောင်စီက အသုံးပြုခဲ့သည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့ကို ဖုန်းလိုင်းများဖြတ်တောက်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့်အမျိုးသမီးများအ ပါအဝင် ပြည်သူစုစုပေါင်း(၄)ဦးသေဆုံးပြီး အနည်းဆုံး(၇)ဦး ဒဏ်ရာရရှိခဲ့သည်။ လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သော စစ် ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ဘုံတိုရွာအား လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှု မပြုလုပ်မီ ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သည်ဟု သပိတ်အင်အားစုတာဝန်ရှိသူများက သတင်းစာရှင်းလင်ပွဲတွင် ထုတ်ဖော်ပြောကြား ခဲ့သည်။
(ခခ) ယာယီဖြတ်တောက်မှုများနှင့်ဂျန်မာ(Jammer)အသုံးပြုမှုများ
စစ်ကော်မရှင် တပ်စခန်းများတွင်း ဂျန်မာ(Jammer)များအသုံးပြုမှုကြောင့် ဒေသခံလူထုသည် ဆက်သွယ်ရေးကွန်ရက်ပြတ်တောက်မှုများနှင့်ရင်ဆိုင်နေရသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းအထိုင်ချထားသောစစ်ကော်မရှင်စစ်စခန်းများတွင် ဂျန်မာများအသုံးပြုမှုကြောင့် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းပြတ်တောက်မှုများကို ဒေသခံများရင်ဆိုင်နေရသည်။ မန္တလေးမြို့သို့ စစ်ခေါင်းဆောင်သွား ရောက်စဉ်ကလည်း ဂျန်မာ(Jammer)များအသုံးပြုခဲ့မှုကြောင့် မန္တလေးမြို့ပေါ်တွင် အင်တာနက်ယာယီပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။
(ဂဂ) ကျားဖြန့်ဂယက်နှင့် စတားလင့်ခ့်(Starlink)အင်တာနက်ဆက်သွယ်ရေးထိခိုက်မှုအခြေအနေ
စစ်ကော်မရှင်၏အင်တာနက်ဖြတ်တောက်မှုများဖြင့် ရင်ဆိုင်နေရသောဒေသများတွင် သတင်းအချက်အလက်ရရှိနိုင်မှုအ တွက် စတားလင့်ခ့်(Starlink)အင်တာနက်သည် ပင်မရေသောက်မြစ်တစ်ခုသဖွယ် အရေးပါသည်။
လူထု၏သတင်းအချက်အလက်ရရှိရေးအတွက်ထိုသို့အရေးပါသောစတားလင့်ခ့်(Starlink)အင်တာနက်စက်များအား ကရင် ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်စင်တာများက တိုးချဲ့အသုံးပြုလာမှုကြောင့် အမေရိကန်ကွန်ဂ ရက်၏အာရုံစိုက်စရာဖြစ်လာခဲ့သည်။ ထို့သို့အသုံးပြုမှုကြောင့် စတားလင့်ခ့်အား စစ်ဆေးရန် ပြင်ဆင်မှုများလုပ်ဆောင်နေကြောင်းကို အေအက်ဖ်ပီ(AFP)သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်။ ထိုသို့စတားလင့်ခ့်(Starlink)အား စုံစမ်းစစ်ဆေးမှုသတင်းများ ထွက်ပေါ်လာပြီးနောက် ထိုင်းနယ်စပ်နှင့်နီးသော မြန်မာပြည်တွင်းရှိနေရာတချို့တွင် စတားလင့်ခ့်(Starlink) စက်များ အသုံးပြုမရသည့်အခြေအနေများ ကြုံတွေ့ခဲ့ရသည်။ အောက်တိုဘာလ(၂၂)ရက်နေ့တွင် အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်များတွင်အသုံးပြုနေသည်ဟု သံသယရှိသည့် မြန်မာမှစတားလင့်ခ့်စက်အလုံးရေ ၂,၅၀၀ အား အင်တာနက်အသုံးမပြုနိုင်အောင် စပေ့အိတ်ချ်( SpaceX)က ပိတ်ပင်ခဲ့သည်။
(ဃဃ) ဆက်သွယ်ရေးထိန်းချုပ်မှုကို နိုင်ငံရေးဗျူဟာတစ်ခုအဖြစ်ပါ အသုံးပြုလာခြင်း
စစ်ကော်မရှင်သည် ဆက်သွယ်ရေးကွန်ရက်အား ထိန်းချုပ်ထားနိုင်သည့်အခြေအနေကို အခွင့်ကောင်းယူပြီး နိုင်ငံရေးဗျူဟာတစ်ခုအဖြစ်ပါ အသုံးပြုလာသည်။
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးအား ဆက်သွယ်ရေးဖြတ်တောက်ခဲ့သည့်စစ်အုပ်စုက မာန်အောင်မြို့နယ်တွင် အမ်ပီတီ(MPT) ဖုန်းလိုင်းများ ပြန်လည်ဖွင့်ပေးမည်ဟုပြောဆိုခဲ့ပြီး မာန်အောင်မြို့နေရာအချို့တွင် အမ်ပီတီ(MPT)ဖုန်းလိုင်းများ ပြန်လည်အ သုံးပြုနိုင်ခဲ့သည်။ ထိုသို့လုပ်ဆောင်မှုသည် ရွေးကောက်ပွဲနီးလာချိန်တွင် လူထုအားမက်လုံးပေးမှုတစ်ခုအဖြစ် ရှုမြင်ကြသည်။ အမ်ပီတီ(MPT)ဖုန်းလိုင်းတစ်ခုသာ အသုံးပြုခွင့်ရရှိသည့်အတွက် ပြိုင်ဆိုင်မှုလစ်ဟာသွားသည့်စျေးကွက်အတွင်း အမ်ပီတီ (MPT)ဆင်းကဒ်တစ်ခု၏စျေးနှုန်းမှာ ငွေကျပ်(၆၀,၀၀၀)ကျော်အထိ မာန်အောင်မြို့တွင် စျေးမြင့်တက်သွားခဲ့သည်။
(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
စစ်ကော်မရှင်သည် အွန်လိုင်းပေါ်မှ လွတ်လပ်စွာထုတ်ဖော်ပြာဆိုမှုများအပေါ် ဖမ်းဆီးအရေးယူမှုများကို ဆက်တိုက်ပြုလုပ်နေသည်။ ပြီးခဲ့သည့် စက်တင်ဘာလက ဧရာဝတီတိုင်းဒေသကြီးအတွင်း အွန်လိုင်းပေါ်၌ ၎င်းတို့အား ဆန့်ကျင်ရေးသားမှုများကြောင့် အမျိုးသမီး(၅)ယောက်နှင့်အမျိုးသား(၁၆)ယောက် ဖမ်းဆီးခံခဲ့ရသည်ဟု ဒီဗီဘီ(DVB)သတင်းဌာနက အောက်တို ဘာလ(၁၀)ရက်နေ့က ရေးသားဖော်ပြခဲ့သည်။ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အနုပညာရှင်များအား လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသည်ဟုစွပ်စွဲပြီး ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဒါရိုက်တာ အောင်ချမ်းလူ၊ ဒါရိုက်တာ ဇဗ္ဗူထွန်းသက်လွင်၊ ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့် ဟာသ သရုပ် ဆောင် အုန်းဒိုင်း(ခ)ဇော်မြင့်တို့အား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေဖြင့် အရေးယူခဲ့သည်။ စစ်ကော်မရှင်သည် ရွေးကောက်ပွဲအပေါ် လူမှုကွန်ရက်မှဝေဖန်မှုများအား စောင့်ကြည့်အရေးယူရုံမက ယင်းတို့၏ရွေးကောက်ပွဲဝါဒဖြန့်အစီအစဉ်တွင်မပါဝင်သည့် အနုပညာရှင်များအားလည်း အရေးယူမည်ဟုခြိမ်းခြောက်မှုများရှိနေသည်ကို တွေ့ရသည်။ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက် ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”အရ အရေးယူထားသည့် အမှု(၄၀)ရှိပြီး အမျိုးသား(၈၃)ဦး၊ အမျိုးသမီး(၅)ဦး စုစုပေါင်း (၈၈)ဦးရှိသည်ဟု စစ်ကော်မရှင်က အောက်တိုဘာ(၃၁)ရက်နေ့က ထုတ်ပြန်ထားသည်။
မြန်မာအင်တာနက်ပရော့ဂျက်က ရရှိထားသောအချက်အလက်များအရ အောက်တိုဘာလအတွင်း အွန်းလိုင်းမှပြောဆိုရေး သားမှုများကြောင့် အမျိုးသမီး(၄)ဦး၊ အမျိုးသား(၁၉)ဦးစုစုပေါင်း(၂၃)ဦး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက်
စစ်ကော်မရှင်၏လုပ်ဆောင်လာမှုအခြေအနေများ
အင်တာနက်ဖြတ်တောက်မှု၊ အွန်လိုင်းမှပြောဆိုမှုများကို စောင့်ကြည့်ထိန်းချုပ်နေရုံသာမက မြေပြင်စောင့်ကြည့်ခြေရာခံမှုများကိုလည်း စစ်ကော်မရှင်က လုပ်ဆောင်နေသည်ကို တွေ့ရသည်။
ကျောက်ပန်တောင်းလမ်းပိုင်းနေရာများတွင် ခရီးသွားများ၏မှတ်ပုံတင်နံပါတ်များကို “PSMS”စနစ်များဖြင့်တိုက်ဆိုင်စစ်ဆေး မှုများ ပြုလုပ်ခဲ့သည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင်လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များက ခရီးသွားများ၏လက်ကိုင်ဖုန်းများကို ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်က “PSMS”စနစ်တွင် အမည်ပျက်(Black List) စာရင်းများ ထပ်တိုးဖြည့်စွက်နေသည်ဟု သတင်းဌာနများ၏ဖော်ပြချက်အရ သိရသည်။ ထိုသို့သော အခြေအနေများကြောင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းက စစ်အုပ်စုသည် ဒစ်ဂျစ်တယ်အာဏာရှင်စနစ် တည်ဆောက်နေသည်ဟု ကုလသမဂ္ဂတွင် ထုတ်ဖော်ပြောဆိုထားသည်။
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
စစ်ကောင်မရှင်က အင်တာနက်ဖြတ်တောက်ခြင်း၊ ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း လူထု၏ပြောဆိုမှုများကို စောင့်ကြည့်ထိန်း ချုပ်ဖိနှိပ်ခြင်းများကို လုပ်ဆောင်နေသလို တစ်ဖက်တွင်လည်း သတင်းမီဒီယာရပ်ဝန်းအား လွှမ်းမိုးထိန်းချုပ်နိုင်ရန် ပြင်ဆင်လုပ်ဆောင်နေသည်ကို တွေ့ရသည်။
ထိုသို့ဆောင်ရွက်မှုများထဲတွင် စစ်ကော်မရှင်သည် ယင်းတို့နှင့်ဆက်ဆံရေးပြေလည်သောနိုင်ငံများနှင့်မီဒီယာပူးပေါင်းဆောင် ရွက်မှုများနှင့်သတင်းအချက်အလက်မျှဝေမှုများကို လုပ်ဆောင်ရန်ပြင်ဆင်လာသည်။ ယခုလအတွင်း စစ်ကော်မရှင်နှင့်ဘယ်လာရုစ်စစ်တပ်တို့ သတင်းအချက်အလက်နှင့်မီဒီယာကဏ္ဍပူးပေါင်းရေးဆောင်ရွက်မှုများ လုပ်ဆောင်ခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ရုရှားနိုင်ငံနှင့်မီဒီယာကဏ္ဍပူးပေါင်းရေး ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သေးသည်။
Recommended Citation Style - Myanmar Internet Project(2025, November 3),
၂၀၂၅ ခုနှစ် ဩဂုတ်လမှအောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ, https://www.myanmarinternet.info/my/post/quarterly_aug_oct_ 2025




Comments