top of page
  • Myanmar Internet Project

DIGITAL COUP QUARTERLY (August 2023 to October 2023)

Updated: Nov 6, 2023

၂၀၂၃ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ


ဒစ်ဂျစ်တယ်ရပ်ဝန်းမှတစ်ဆင့် ဒီမိုကရေစီတော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများအားဟန့်တားနိုင်ရန်နှင့် လူထု၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများအား ဖိနှိပ်နိုင်ရန်အတွက် ဒစ်ဂျစ်တယ်ဖိနှိပ်မှုများကို အာဏာသိမ်းကာလတစ်လျှောက်လုံးတွင် စစ်ကောင်စီက စဉ်ဆက်မပျက်လုပ်ဆောင်ခဲ့သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များအား သုံးသပ်ကြည့်ပါက လူထု၏လှုပ်ရှားမှုများအား အဆင့်မြင့်နည်းပညာများအသုံးပြုစောင့်ကြည့်နိုင်ရေးအတွက် ဇီဝအချက်အလက်ဆိုင် ရာကောက်ခံမှုများ အရှိန်အဟုန်မြှင့်လုပ်ဆောင်လာသည်ကို တွေ့ရသည်။ ထို့အပြင် စီစီတီဗီ(CCTV)များ ပိုမိုတပ်ဆင်လာခြင်းနှင့် အွန်လိုင်းပေါ်မှပြောဆိုမှုများအပေါ် အရေးယူဖမ်းဆီးခြင်းများအပါအဝင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းဖြတ်တောက်ခြင်းများအားလည်း လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။

‘Freedom House’ ၏ ‘Freedom on the Net’ အစီအရင်ခံစာတွင် မြန်မာနိုင်ငံအား အင်တာနက်လွတ်လပ်ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံအဖြစ် ဖော်ပြခံခဲ့ရသည်အထိပင် အခြေအနေဆိုးဝါးခဲ့သည်ကို တွေ့ရှိရသည်။

ယခုဆောင်းပါးတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလ(သုံးလတာကာလ)အတွင်းဖြစ်ပျက်ခဲ့သည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့်ပတ်သက်သော တွေ့ရှိချက်များကို စုစည်းဖော်ပြသွားပါမည်။


(၁) ၂၀၂၃ ခုနှစ် ဩဂုတ်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်

(က) စစ်ကောင်စီက တိုးမြှင့်လုပ်ဆောင်လာသော ဇီဝအချက်အလက်ကောက်ယူမှုအခြေအနေများ

(ခ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ

(ဂ) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ


(က) စစ်ကောင်စီက တိုးမြှင့်လုပ်ဆောင်လာသော ဇီဝအချက်အလက်ကောက်ယူမှု အခြေအနေများ

ယခုလအတွင်း စစ်ကောင်စီသည် ဇီဝအချက်အလက်ကောက်ယူမှုများကို တိုးမြှင့်လုပ်ဆောင်လာသည်။ ထိုကဲ့သို့ ဇီဝအချက် အလက်ကောက်ယူမှုများသည် လူထုနှင့်တော်လှန်ရေးအင်အားစုများ၏ လှုပ်ရှားမှုများအပေါ်ထိန်းချုပ်ရန်ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက တိုးမြှင့်လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်သည်။

ဩဂုတ်လ(၃)ရက်နေ့၌ ပေါင်မြို့တွင် ဇီဝအချက်အလက်(Biometric)များ စစ်ကောင်စီက ကောက်ယူခဲ့သည်။ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများနှင့် မိသားစုဝင်များအား မှတ်ပုံတင်ကဒ်မှ စမတ်ကဒ်(Smart Card)ပြောင်းလဲရန် ကြိုးစားနေသည်ကိုလည်း တွေ့ရသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇီဝအချက်အလက်(Biometric)ကောက်ခံမှုတွင် ၂၀၂၃ ခုနှစ် ဩဂုတ်လ(၁၀)ရက်နေ့အထိ လူဦးရေ(၇)သိန်းကျော်၏အချက်အလက်များ ကောက်ယူပြီးစီးထားသည်ဟုစစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ဖော်ပြောကြားထားသည်။

ထို့အပြင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ရွေးကောက်ပွဲအတွက်ရည်ရွယ် ကောက်ခံထားသော အိမ်ထောင်စု(၁၄.၈)သန်းကျော်၏အချက်အလက်များကို “e-ID Server”အတွင်းထည့်သွင်း အတည်ပြုပြီးပါက ရွေး ကောက်ပွဲကျင်းပနိုင်ရေးအတွက် မှန်ကန်သည့်မဲစာရင်းရရှိမည်ဟုလည်း ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ထုတ်ဖော်ပြောကြားထားသည်။ စစ်ကောင်စီသည် မှတ်ပုံတင်ရှိသူများကို စမတ်ကဒ်(Smart Card)များပြုလုပ်ရန် ဖိအားပေးလျှက်ရှိပြီး မပြုလုပ်သူများအား အရေးယူမည်ဟု ခြိမ်းခြောက်မှုများလည်း လုပ်ဆောင်နေသည်။


(ခ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ

စစ်ကောင်စီသည် ယင်းတို့အား ဝေဖန်သည့်အကြောင်းအရာများ (သို့မဟုတ်) ဆန့်ကျင်သည့်အကြောင်းအရာများရေးသားသူ များအပေါ် ဖမ်းဆီးအရေးယူမှုများ ကျယ်ကျယ်ပြန့်ပြန့်ဆက်လက်လုပ်ဆောင်နေသည်။

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ လမ်း(၈၀)နှင့် (၈၁)လမ်းကြား၊ လမ်း(၃၀)ပေါ်ရှိ ‘အောင်မြန်မာစာရေးကိရိယာဆိုင်'ပိုင်ရှင်သည် မဲခေါင်သတင်းဌာန၏ သတင်းတစ်ပုဒ်တွင် မှတ်ချက်(Comment)ရေးခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ပို့စ်များမျှဝေ(Share)ခြင်းနှင့် ရေးသားခြင်းများပြုလုပ်နေသည်ဟုဆိုကာ စစ်ကောင်စီဝါဒဖြန့် ဟန်ငြိမ်းဦးတယ်လီဂရမ်ချန်နယ်တွင် သြဂုတ်(၁၃)ရက်နေ့ နံနက်ပိုင်းက ဖြန့်ဝေရေးသားခဲ့ပြီးနောက် ဆိုင်ပိုင်ရှင်အပါအဝင် အမျိုးသမီး(၄)ဦးကို ဖမ်းဆီးရေးယူခဲ့သည်။ ဘီဘီစီမြန်မာပိုင်း(BBC)သတင်းဌာန၏ဖော်ပြချက်အရ စစ်ကောင်စီကို ပုတ်ခတ်ရေးသားခြင်း၊ ပီဒီအက်ဖ်(PDF)များကို အားပေးစကားရေးသားခြင်း၊ ပီဒီအက်ဖ်(PDF)သင်တန်းဆင်းဖြစ်ခြင်း၊ အာဏာသိမ်းမှုဆန့်ကျင်ခြင်းစသည့် အကြောင်းအရာများဖြင့်ဖမ်းဆီခံရသူ ဩဂုတ်လအတွင်း(၂၉)ဦး ထက်မနည်းရှိနေပြီး အမျိုးသမီး(၇) ထက်မနည်း ပါဝင်နေသည်ကို တွေ့ရသည်။ အမျိုးသမီးအားလုံးမှာ လူမှုကွန်ရက်တွင် မှတ်ချက်ရေးသားမှုများကြောင့် ဖမ်း ဆီးခံရခြင်းဖြစ်သည်ဟု သတင်းဌာနက ဖော်ပြထားသည်။

စစ်တပ်အားပေးထောက်ခံသည့် တယ်လီဂရမ်ချန်နယ်များ၏ နေရပ်လိပ်စာ၊ ဓာတ်ပုံများနှင့်တကွတင် ကာဖမ်းဆီးရန်လှုံ့ဆော်မှုများကြောင့် မန္တလေးမြို့တွင် သြဂုတ်(၉)ရက်မှ (၁၅)ရက်အထိ ဖမ်းဆီးခံရသူ အနည်း ဆုံး(၁၆)ဦးထိ ရှိခဲ့သည်။ ယခုလအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီးပြတ်တောက်သည့်ကိစ္စနှင့်ပတ်သက်၍ စစ်ကောင်စီအား ဝေဖန်ပြောဆိုခဲ့သော ဟစ်ဟော့(Hip Hop)အဆိုတော်ဗျူဟာကို အင်းစိန်စစ်ခုံရုံးက ထောင်ဒဏ်အနှစ်(၂၀)ချမှတ်ခဲ့သည်။

အထက်ပါဖြစ်ရပ်များကိုကြည့်ပါက မြန်မာနိုင်ငံသားများအနေနှင့် ဒစ်ဂျစ်တယ်ရပ်ဝန်းပေါ်တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လုံးဝဆုံးရှုံးနေသည်ကို ရှင်းလင်းစွာဖြင့် တွေ့မြင်နိုင်ပါသည်။


(ဂ) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

အာဏာသိမ်းကာလစတင်စဉ်ကတည်းက လက်နက်သဖွယ်အသုံးပြုခဲ့သည့် အင်တာနက်ပိတ်ပင်မှုများကိုလည်း အခြေအနေပေါ်မူတည်၍ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။

ဩဂုတ်လ(၈)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြိုနယ်ရှိ အောက်ကြာအင်းကျေးရွာအား စစ်တပ်က ဝင်ရောက်စီးနင်းချိန်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ယင်းအချိန်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအား စစ်တပ်က ဖြတ်တောက်ခဲ့သည်ကို တွေ့ရှိရသည်။ ထိုကဲ့သို့ အင်တာနက်ဆက်သွယ်ရေးစနစ်ချည့်နဲ့ချိန်တွင် ဒစ်ဂျစ်တယ်လုံခြုံရေးအသိပညာ အားနည်းသူများကို ပစ်မှတ်ထားသည့် အွန်လိုင်းမှတစ်ဆင့်ငွေကြေးလိမ်လည်မှုဖြစ်စဉ်များလည်း များပြားလာသည်ကို တွေ့ရှိရသည်။ ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်ရှိမြို့နယ်များဖြစ်သည့် ဖြူး၊ ကျောက်တံခါး၊ မုန်း၊ ကျောက် ကြီးနှင့် ရေတာရှည်ဒေသများတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်ကိုလည်း တွေ့ရသည်။


(၂) ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်

(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

(ခ) လူထုအပေါ် အစုလိုက်အပြုံလိုက် စောင့်ကြည့်နိုင်ရန် စစ်ကောင်စီ၏ ပြင်ဆင်မှုများ

(ဂ) စီစီတီဗီ(CCTV)များတပ်ဆင်ရန် တိုးမြှင့်လုပ်ဆောင်လာမှုများ

(ဃ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအား ဖမ်းဆီးအရေးယူမှုအခြေအနေများ

(င) မီဒီယာလွှမ်းမိုးနိုင်ရေး စစ်ကောင်စီ၏ ကြိုးစားမှုအခြေအနေများ


(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

စစ်ကောင်စီသည် ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်းတွင်လည်း အင်တာနက်ဖြတ်တောက်မှုအချို့ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ စက်တင်ဘာလ(၁၈)ရက်နေ့ မနက်ပိုင်းမှ နေ့လည်ပိုင်းအထိ မြစ်ကြီးနားမြို့ပေါ်တွင် အင်တာနက်နှင့် လျှပ်စစ်မီးများကို စစ်ကောင်စီက ဖြတ်တောက်ခဲ့သည်။ ယင်းအခြေအနေများကြောင့် မြို့ပေါ်အထိ တိုက်ပွဲများပျံ့နှံလာမည်ကို မြစ်ကြီးနားမြို့ခံများက စိုးရိမ်ခဲ့ကြသည်။ ယခုလအတွင်း စစ်ကောင်စီလော်ဘီချန်နယ်များကလည်း စစ်ကြောင်းထိုးသည့်အခါ သက်ဆိုင်ရာမြို့နယ်များအလိုက် ဖုန်းလိုင်းများဖြတ်တောက်ထားရန် လှုံ့ဆော်ခဲ့သည်ကို တွေ့ရသည်။

ထူးခြားသည့်ဖြစ်စဉ်အနေဖြင့် ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှစတင်၍ သုံးစွဲခွင့်ပိတ်ထားသည့် မိုဘိုင်းအင်တာနက်လိုင်းများ ပြန်လည်အသုံးပြုနိုင်ခဲ့သည်ကို တွေ့ရသည်။


(ခ) လူထုအပေါ် အစုလိုက်အပြုံလိုက် စောင့်ကြည့်နိုင်ရန် စစ်ကောင်စီ၏ ပြင်ဆင်မှုများ

အွန်လိုင်းရပ်ဝန်းအားထိန်းချုပ်နိုင်ရန် အာဏာသိမ်းကာလစတင်စဉ်က စစ်ကောင်စီသည် အင်တာနက်ဖြတ်တောက်မှုကို အဓိကအသုံးပြုခဲ့သည်။ စစ်ကြောင်းချီတက်ခြင်းကဲ့သို့ လုံခြုံရေးဆိုင်ရာအခြေအနေများအတွက် အင်တာနက်အား အကန့် အသတ်ဖြင့် ဖြတ်တောက်ခြင်းကို ပြောင်းလဲအသုံးပြုလာကြောင်း တွေ့ရသည်။

အွန်လိုင်းရပ်ဝန်းအား ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီ၏ နောက်ထပ်ဗျူဟာအသစ်တစ်ခုမှာ လူထုအ​ပေါ်အစု လိုက်အပြုံလိုက်စောင့်ကြည့်ရေးဗျူဟာဖြစ်သည်။ ယင်းဗျူဟာကို အကောင်အထည်ဖော်နိုင်ရေးအတွက် အဓိကလိုအပ်ချက်မှာ ပြည်သူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းရရှိရေးဖြစ်သည်။ ထို့ကြောင့် စစ်ကောင်စီသည် ယခုလပိုင်းအတွင်း၌ လူထု၏ကိုယ်ရေးအချက်အလက်များအား စုဆောင်းရရှိရေးအတွက် ဦးစားပေးလုပ်ဆောင်လာသည်ကို တွေ့ရသည်။

စစ်ကောင်စီသည် လူထု၏ဇီဝအချက်အလက်များ စုဆောင်းရရှိရေးအတွက် ယခုလအတွင်း နိုင်ငံသားစိစစ်ရေးကဒ်များအား စမတ်ကဒ်သို့ပြောင်းလဲရန် ရန်ကုန်မြို့ရှိ ရပ်ကွက်အချို့တွင် ကိုယ်ရေးမှတ်တမ်းများကောက်ယူခဲ့သည်။ စစ်ကောင် စီ၏ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဦးမြင့်ကြိုင်သည် ဇီဝအချက်အလက်မှတ်တမ်းတင်သည့် ဘိုင်အိုမက်ထရစ်နည်းပညာအ ကြောင်းလေ့လာရန် 'Beijing Hisign'နည်းပညာကုမ္ပဏီသို့လည်း သွားရောက်ခဲ့သည်။ ဧရာဝတီသတင်းဋ္ဌာန၏အဆိုအရ စစ်ကောင်စီသည် သန်းခေါင်စာရင်းကောက်ယူရေးနှင့် မြန်မာတွင် အီလက်ထရောနစ်ခွဲခြားစိတ်ဖြာမှုစနစ်အတွက် တရုတ်နိုင်ငံကို အကူအညီတောင်းခံထားသည်။ ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် မှတ်ပုံတင်စမတ်ကဒ်(Smart Card)မလုပ်ရသေးသူများ ခရီးသွားပါက ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လဝကရုံးထောက်ခံချက် တောင်းခံရသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။

လူဦးရေကိန်းဂဏန်းများမှန်ကန်စေရန် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးအကြိုစမ်းသပ်ဆောင်ရွက်မှုကို ယခုနှစ်အောက်တိုဘာလတွင်ကောက်ယူရန် စစ်ကောင်စီက စီစဉ်နေသည်။ ဆင်းကဒ်(SIM Card)များကို မှတ်ပုံတင်ရောင်း ချခြင်းနှင့် လွှဲပြောင်းရာတွင် ပြန်လည်မှတ်ပုံတင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူသွားဟုလည်း စစ်ကောင်စီက ကြေညာခဲ့သည်ကို တွေ့ရသည်။


(ဂ) စီစီတီဗီ(CCTV)များတပ်ဆင်ရန် တိုးမြှင့်လုပ်ဆောင်လာမှုများ

စစ်ကောင်စီသည် ဇီဝအချက်အလက်ကောက်ခံရရှိရေးကို အပူတပြင်းဆောင်ရွက်နေသလို လူထု၏သွားလာလှုပ်ရှားမှုများအ ပေါ်ခြေရာခံစောင့်ကြည့်ရေးအတွက် စီစီတီဗီ(CCTV)များတပ်ဆင်ရေးကိုလည်း ဖိအားပေးဆောင်ရွက်နေသည်ကို တွေ့ရသည်။

မန္တလေးမြို့ လမ်းမဘေးရှိ စျေးဆိုင်များအား စီစီတီဗီ(CCTV)များတပ်ဆင်ရန် ဖိအားပေးလုပ်ဆောင်လာသည်ကို တွေ့ရသည်။ စစ်ကောင်စီ၏ စစ်သားများ၊ ရဲများနှင့် စည်ပင်ဝန်ထမ်းများသည် အောင်မြေသာစံမြို့နယ်အတွင်းဖွင့်လှစ်ထားသော လမ်းမဘေးရှိစျေးဆိုင်ခန်းများအား စီစီတီဗီ(CCTV) များတပ်ဆင်ရန် အကြောင်းကြား စာများပေးပို့ခဲ့သည်။


(ဃ) အွန်လိုင်း‌ပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ

စစ်ကောင်စီသည် အွန်လိုင်း‌ပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးမှုများအား လစဉ်လုပ်ဆောင်နေသည်ကို တွေ့ရသည်။ စစ်ကောင်စီအား အွန်လိုင်းပေါ်တွင် ဝေဖန်သဖြင့် တစ်ပတ်အတွင်း(စက်တင်ဘာလ(၁၆)ရက်နေ့မှ (၂၂)ရက်နေ့အထိ) လူ (၂၀)ကျော်ဖမ်းဆီးခံရသည်။ ရခိုင်ပြည်နယ်တောင်ပိုင်း၊ မာန်အောင်မြို့တွင်နေထိုင်သည့် အသက်(၅၀)ခန့်အရွယ် ဦးစည်သူအောင်ကို စစ်ကောင်စီအား ဝေဖန်သောကြောင့် ၅၀၅(က)ဖြင့် အမှုဖွင့်ကာ ဖမ်းဆီးခဲ့သည်။ မိုခါမုန်တိုင်းဘေးဒဏ်ကျရောက်နေသည့် ရခိုင်ပြည်နယ်အတွင်းအခြေအနေများကို သွားရောက်မှတ်တမ်းတင်နေစဉ် မေလ(၂၃)ရက်က စစ်တွေမြို့၌ ဖမ်းဆီးခံလိုက်ရသည့် Myanmar Now ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်အား ယခုလအတွင်း စစ်ကောင်စီက ထောင်အ နှစ်(၂၀)ချမှတ်ခဲ့သည်။ ထူးခြားဖြစ်စဉ်အနေဖြင့် အင်္ဂပူမြို့တွင် ဖုန်းဆင်းကဒ်နံပါတ်မှတစ်ဆင့် တည်နေရာများအား စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့များက တောင်းယူခဲ့သည်ကိုလည်း တွေ့ရသည်။ ထိုကဲ့သို့မြောက်များစွာသော ဖိနှိပ်မှုများကြောင့် မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် အာဆီယံလူထုဖိုရမ်က ကြေညာခဲ့သည်။


(င) မီဒီယာလွှမ်းမိုးနိုင်ရေး စစ်ကောင်စီ၏ ကြိုးစားမှုအခြေအနေများ

စစ်ကောင်စီသည် အင်တာနက်အသုံးပြုသူများအပေါ် နည်းမျိုးစုံနှင့် ဖိနှိပ်နေသလို တစ်ဖက်မှလည်း အင်တာနက်စာမျက်နှာများပေါ်တွင် ၎င်းတို့၏ဝါဒဖြန့်သတင်းများ ဖြန့်ကျက်နိုင်ရေးအတွက်ကြိုးပမ်းနေသည်ကို တွေ့ရသည်။ စက်တင်ဘာလ(၂)ရက်နေ့က “MRTV Application” အား မိုဘိုင်းဖုန်းများတွင် ဒေါင်းလုတ်ခ်ရယူ၍ အသုံးပြုနိုင်ပြီဖြစ်ကြောင်း စစ်ကောင်စီ၏ လော်ဘီတယ်လီဂရမ်ချန်နယ်များက မျှဝေခဲ့သည်။ သို့သော်လည်းရက်ပိုင်းအတွင်းတွင် “Google Play Store”မှ ပြန်လည်ဖြုတ်ချခဲ့သည်။

စစ်ကောင်စီက တပ်များအတွင်း စစ်သားများ စိတ်ခွန်အားဖြစ်ရေး၊ စိတ်ဓာတ်မြင့်မားရေး၊ ယုံကြည်ချက်နှင့် ခံယူချက်မြင့်မားရေးအတွက် “Tik Tok” သရုပ်ဖော်ပြိုင်ပွဲများပြုလုပ်ခိုင်းရန်ညွှန်ကြားပြီး ဝါဒဖြန့်ချိမှုကို အင်တာနက်စာမျက်နှာများတွင် ကျယ်ပြန်လာစေရန် ဆောင်ရွက်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။

စစ်ကောင်စီ ဩဇာခံသတင်းစာနှင့် ရုရှားနိုင်ငံတကာသတင်းဌာန“SPUTNIK”တို့အကြား သတင်းအချက်အလက်ဆိုင် ရာပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်ချုပ်ဆိုခဲ့သည်ကိုလည်း ယခုလအတွင်း တွေ့ရှိခဲ့ရသည်။


(၃) ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်

(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

(ခ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအား ဖမ်းဆီးအရေးယူမှုအခြေအနေများ

(ဂ) လူထုအပေါ် အစုလိုက်အပြုံလိုက် စောင့်ကြည့်နိုင်ရန် စစ်ကောင်စီ၏ ပြင်ဆင်မှုများ

(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

ကာလရှည် အင်တာနက်ဖြတ်တောက်ခံထားရသည့် နေရာအချို့အား ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီက အင်တာနက်လိုင်းများ ပြန်လည်ဖွင့်ပေးလာသည်ကို တွေ့ရသည်။ ဇန်လန်းသတင်းဌာန၏ဖော်ပြချက်အရ အောက်တိုဘာလ(၄) ရက်နေ့၌ ချင်းပြည်နယ်၊ တီးတိန်မြို့တွင် အင်တာနက်လိုင်းများ ပြန်လည်ဖွင့်ထား‌‌ကြောင်းလည်း သိရသည်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကန့်ဘလူ၊ ကျွန်းလှ၊ အရာတော်အစရှိသော နေရာအတော်များများ၌ အက်တမ်(Atom)ဖုန်းများဖြင့် အင်တာနက်လိုင်းများ ပြန်လည်သုံးစွဲနေနိုင်သည်ဟု ဒေသခံများထံမှ သိရသည်။ တန့်ဆည်တွင် အမ်ပီတီ(MPT)ဖုန်းဖြင့် အင်တာနက်ပြန်လည်သုံးစွဲနေနိုင်သည်ဟုလည်း ဒေသခံများက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင်မှု အောက်တိုဘာလ(၁၆)ရက်နေ့ ညပိုင်းမှစတင်ပြီး​ အောက်တိုဘာလ(၁၇) ရက်နေ့ မနက်ပိုင်းအထိ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်။ ရခိုင်တပ်မတော် (AA)၊ တအောင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော်(TLNA)နှင့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့ဖြင့်ဖွဲ့ စည်းထားသည့် ညီနောင်မဟာမိတ်တပ်ဖွဲ့များက ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းများကို တိုက်ခိုက်ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း သီန္နီမြို့တွင်လည်း ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သည်။


(ခ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအား ဖမ်းဆီးအရေးယူမှုအခြေအနေများ

လူမှုကွန်ရက်မှတစ်ဆင့် ရေးသားပြောဆိုမှုများအပေါ် စစ်ကောင်စီက ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်လျက်ရှိသည်ကို တွေ့ရသည်။ မီတာပုံးဖြုတ်သိမ်းခံရမှုအား မကျေနပ်သဖြင့် လူမှုကွန်ရက်ပေါ်ရေးတင်သည့် ကျောင်းဆရာမ(၁၀)ဦးသည် အောက်တိုဘာ လ(၇)ရက်နေ့တွင် ရေကြည်မြို့၌ ဖမ်းဆီးခံခဲ့ရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုက‌လေးမြို့နေ အမျိုးသား(၂)ဦးအား စစ်ကောင်စီကို ဆန့်ကျင်သည့်စာများ လူမှုကွန်ရက် (Facebook)၌ ရေးသားသည်ဟုစွပ်စွဲ၍ ဖမ်းဆီးခဲ့သည်ဟု ဧရာဝတီတိုင်းသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

သံလွင်တိုင်းသတင်းဌာန၏ဖော်ပြချက်အရ ပြီးခဲ့သည့်(၂)လအတွင်း အွန်လိုင်းပေါ်မှပြောဆိုဝေဖန်မှုများကြောင့် ဖမ်း ဆီးထိန်းသိမ်းခံရသူ(၁၀၀)ကျော်ရှိခဲ့‌‌ကြောင်းသိရသည်။ အာဏာသိမ်းကာလတစ်လျှောက်တွင် အင်တာနက်ပေါ်မှရေးသားပြောဆိုမှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူ(၁၃၀၀)ထက်မနည်း ရှိလာပြီဖြစ်သည်။ ထို့အပြင် အောက်တိုဘာ(၂၀)ရက်နေ့မှ (၂၄)ရက်အတွင်း စစ်ကောင်စီအား အွန်လိုင်းမှတစ်ဆင့်ဝေဖန်မှုဖြင့် အရပ်သား(၉)ဦးအား ဖမ်းဆီးခဲ့သေးသည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဦးရဲထွဋ်အား ယင်း၏လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုများကိုအကြောင်းပြု၍ ပုဒ်မ ၅၀၅-က ဖြင့် အောက်တိုဘာလ(၂၉)ရက်နေ့၌ အလုံမြို့နယ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့အပြင် အောက်တိုဘာလ(၂၉)ရက်နေ့ကလည်း စစ်တွေအခြေစိုက် DMG သတင်းဌာနအား စစ်ကောင်စီက ဝင်ရောက်စီနင်းခဲ့ပြီး သတင်းထောက်(၁)ဦးနှင့် ညစောင့်(၁)ဦးတို့အား ဖမ်းဆီးသွားခဲ့သည်။

Freedom House ၏ Freedom on the Net (၂၀၂၃)အစီအရင်ခံစာတွင် မြန်မာနိုင်ငံကို အင်တာနက်လွတ်လပ် ခွင့် ဒုတိယအဆိုးဆုံးနိုင်ငံအဖြစ် ဖော်ပြခြင်းလည်း ခံခဲ့ရသည်။


(ဂ) လူထုအပေါ် အစုလိုက်အပြုံလိုက် စောင့်ကြည့်နိုင်ရန် စစ်ကောင်စီ၏ ပြင်ဆင်မှုများ

အင်တာနက်ဖြတ်တောက်ထားသည့် နေရာအချို့အား ယခုလပိုင်းအတွင်း အင်တာနက်လိုင်းများ ပြန်ဖွင့်ပေးနေခြင်းကို စစ်ကောင်စီက ဆောင်ရွက်နေသလို လူထုအပေါ် အစုလိုက်အပြုံလိုက် စောင့်ကြည့်နိုင်ရေးအတွက် ပြင်ဆင်မှုများအားလည်း ဆက်တိုက်ပြုလုပ်လာသည်ကို တွေ့ရသည်။

အောက်တိုဘာလ(၃)ရက်နေ့က မော်လမြိုင်မြို့အပါအဝင် မြို့နယ်ပေါင်း(၂၀)တွင် စမ်းသပ်သန်းခေါင်းစာရင်းများ စ တင်ကောက်ယူနေခဲ့သည်။ ယခုလအတွင်း ဆင်းကဒ်(SIM Card)များ မှတ်ပုံတင်ရေးအတွက် ထပ်မံကြေညာခဲ့သည်ကိုလည်း တွေ့ရသည်။

နိုင်ငံသားတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်(Biographic)နှင့် ဇီဝအချက်အလက်(Biometric) ကောက်ယူမှုများကို ရန်ကုန်တိုင်း‌ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်း‌ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။

34 views
bottom of page