ဆိုက်ဘာရာဇဝတ်မှုရင်းမြစ်ကို စတားလင့်ခ့်ပိတ်ပင်မှုဖြင့် မဖြေရှင်းနိုင်ဆက်သွယ်ရေးလိုအပ်ချက်ရှိသော အရပ်သားပြည်သူများကိုသာ ထိခိုက်
- Myanmar Internet Project
- 4 days ago
- 1 min read

မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း(၃၃၀)အနက် မြို့နယ်ပေါင်း(၈၀)ရှိ အရပ်သားပြည်သူသန်းပေါင်းများစွာသည် စစ်ရေး ပဋိပက္ခများနှင့်စစ်အုပ်စု(စစ်ကော်မရှင်)၏အင်တာနက်ဖြတ်တောက်ထားမှုများကြောင့် ဒီဂျစ်တယ်ရပိုင်ခွင့်များ ဆုံးရှုံးနေရသည်။ ထိုအင်တာနက်ဖြတ်တောက်ထားမှုကြောင့် ဂြိုလ်တုဆက်သွယ်စနစ်အပေါ် အားထားနေရရာတွင် စတားလင့်ခ့်အင်တာနက်ကို အများဆုံးအသုံးပြုနေရသည်။ စစ်အုပ်စု၏စစ်ကြောင်းထိုးမှုနှင့်လေကြောင်း တိုက်ခိုက်ခံရမှုအကာအကွယ်များအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ အချက်အလက်များသည် အရပ်သားများ အားထားအသုံး ပြုနေရသည့် စတားလင့်ခ့်အင်တာနက်မှသာ ရရှိနေသည်။
ဆိုက်ဘာရာဇဝင်မှုအကြောင်းပြချက်ဖြင့် စတားလင့်ခ့် ဖြတ်တောက်မှုသည် ရာဇဝတ်မှုကျူးလွန်သူများအပေါ် ထိရောက်နိုင်မှု နည်းပါးကြောင်းနှင့် အခြေခံဆက်သွယ်ရေး လိုအပ်ချက်ရှိနေသည့် ထိခိုက်လွယ်နေသော အရပ်သားပြည်သူများအပေါ် ဆိုးကျိုးများသာသက်ရောက်နေကြောင်း မြန်မာအင်တာနက်ပရောဂျက်(MIP)က မူဝါဒရေးရာများဖြင့် စုစည်းတင်ပြပါမည်။
စတားလင့်ခ့်အင်တာနက်
အသုံးမပြုခင်ကတည်းက လိမ်လည်သောလုပ်ငန်း(ကျားဖြန့်)များရှိနေ
စတားလင့်ခ့်အင်တာနက်အား ကနဦးမိတ်ဆက်သော ၂၀၂၀ ပြည့်နှစ် အောက်တိုဘာနှင့် တရားဝင်မိတ်ဆက်သော ၂၀၂၁ ခုနှစ် မတိုင်ခင်ကတည်းက ဆိုက်ဘာလိမ်လည်မှုလုပ်ငန်းများ ရှိနေခဲ့သည်။ စီးပွားရေးနိမ့်ပါးခြင်း၊ အုပ်ချုပ်ရေးနှင့်တရားဥပဒေစိုးမိုးမှုအားနည်းခြင်း၊ လူကုန်ကူးမှုကွန်ရက်များရှိခြင်းနှင့် ဒစ်ဂျစ်တယ်စနစ်အသုံးပြုမှုနည်းပါးခြင်းများပါဝင်သည့် အရှေ့တောင်အာရှ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုများသည် ဂြိုလ်တုစနစ်အင်တာနက်(အထူးသဖြင့် စတားလင့်ခ့်ဝိုင်ဖိုင်)သုံးစွဲနိုင်မှုနှင့်ဆက်စပ်နေခြင်း မရှိပါ။
စတားလင့်ခ့်အင်တာနက် သုံးစွဲနိုင်မှုနှင့်ဆိုက်ဘာရာဇဝတ်မှု တိုးပွားလာခြင်းများအကြားက ဆက်စပ်မှုများသည် သက်သေ သက္ကာယအားဖြင့် ခိုင်လုံသောအထောက်အထားများ မရှိပါ။ အင်တာနက်ဝန်ဆောင်မှု ပိတ်ပင်လိုက်ခြင်းဖြင့် အွန်လိုင်းလိမ် လည်မှု(ကျားဖြန့်)များလျော့ချနိုင်လိမ့်ဟု ယူဆနေခြင်းသည်လည်း နောက်ခံအကြောင်းအရာများအရသာမက လက်တွေ့ကျမှုအရပါ အဓိပ္ပါယ်ကင်းမဲ့နေသည်။
အရပ်သားပြည်သူများ ထိခိုက်နစ်နာနေချိန်မှာ
လိမ်လည်သူ(ကျားဖြန့်)များက နည်းလမ်းသစ်ရှာနေ
စတားလင့်ခ့်ဝန်ဆောင်မှု ကန့်သတ်ချက်များသည် ရာဇဝတ်မှုကျူးလွန်သော အွန်လိုင်းလိမ်လည်သူများ(ကျားဖြန့်)အပေါ် ထိရောက်မှုနည်းပါးပြီး အရပ်သားပြည်သူများအပေါ်သာ ထိခိုက်မှုကြီးမားပြီး လူ့အခွင့်အရေးထိပါးမှု များဖြစ်စေသည်။ အွန်လိုင်းလိမ်လည်မှုဂိုဏ်းများသည် ဆက်သွယ်ရေးအတွက် စတားလင့်ခ့်မဟုတ်သော ဆက်သွယ်ရေးနည်းလမ်းများကို ယင်းတို့၏ လိမ်လည်မှုများအတွက် လျင်မြန်စွာ အစားထိုးအသုံးပြုနိုင်သည်။ ထိုကဲ့သို့ လျင်မြန်စွာ အစားထိုးအသုံးပြုနိုင်သော အခြေအ နေမျိုးသည် အင်တာနက်ဝန်ဆောင်မှုအတွက် ရပ်ရွာအခြေပြုဝန်ဆောင်ပေးနေသော လုပ်ငန်းငယ်များနှင့်အရပ်သားပြည်သူများတွင် လုံးဝ(လုံးဝ)မရှိပါ။
ကရင်နီ(ကယား)ပြည်နယ်တွင် အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)များ မရှိပါ။ လူသားချင်းစာနထောက်ထားမှု အကူအညီပေးသူများ၏အဆိုအရ စတားလင့်ခ့်အသုံးပြုနေရသော ဆေးဘက်ဆိုင်ရာအဆောက်အဦများတွင် အင်တာနက်ပိတ်ပင်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်သွားကြောင်း သိရသည်။ ရာဇဝတ်မှုများကြောင့် စတားလင့်ခ့်ဝန်ဆောင်မှုအားလုံးအပေါ် ပိတ်ပင်လိုက်ခြင်းကြောင့် လူသားချင်းစာနာမှုအပေါ် ထိခိုက်မှုများကို တန်ဖိုးတစ်ခုအဖြစ်ပေးဆပ်လိုက်ရသည်။
ဒေသတစ်ခုလုံးအပေါ် ဦးတည်ချက်မထားဘဲ
လိမ်လည်မှု(ကျားဖြန့်)ရှိသော တည်နေရာကိုသာ ဦးတည်သင့်
ဆိုက်ဘာရာဇဝတ်မှုကျူးလွန်သောဒေသများကို ပထဝီအနေအထားထောက်လှမ်းမှုများ၊ ဂြိုလ်တုဓာတ်ပုံအခြေပြု လေ့လာမှုများနှင့်စုံစမ်းထောက်လှမ်းမှုများဖြင့် ခိုင်မာတိကျစွာ မှတ်တမ်းတင်ထားပြီးဖြစ်သည်။ ထိုကြောင့် စပေအိတ်ချ့်(Space X) အနေဖြင့် တိကျသောတည်နေရာအခြေပြု ဝန်ဆောင်မှုကန့်သတ်ချက်များအား ခိုင်မာသော ဖော်ပြပါအချက်အလက်များအ ရ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်သည်။
ထိုချဉ်းကပ်ဆောင်ရွက်မှုများသည်-
မှတ်တမ်းတင်ထားသော ဆိုက်ဘာရာဇဝတ်မှုများကို တိုက်ရိုက်ကိုင်တွယ်ဖြေရှင်းနိုင်မည်
အရပ်သားပြည်သူများ၏ မရှိမဖြစ်လိုအပ်သော သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးအသုံးပြုခွင့်ကို
ထိန်းသိမ်းထားနိုင်မည်
ပဋိပက္ခဒေသများရှိ လူသားချင်းစာနာမှုဆိုင်ရာ ထိခိုက်နစ်နာမှုများကို ရှောင်ရှားနိုင်မည်
တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော ဝန်ဆောင်မှုလုပ်ငန်း စီမံခန့်ခွဲမှုအဖြစ် ဖော်ဆောင်နိုင်မည်
စတားလင့်ခ့် အင်တာနက်ဝန်ဆောင်မှုတစ်ခုလုံးအား ဆိုက်ဘာရာဇဝတ်မှုအကြောင်းပြချက်ဖြင့် ပိတ်ပင်လိုက်ခြင်း အွန်လိုင်းလိမ်လည်သူ(ကျားဖြန့်)လုပ်ငန်းများအပေါ် အနည်းငယ်သာသက်ရောက်ပြီး ယာယီအားဖြင့်သာ တားဆီးနိုင်ချေရှိကြောင်း၊ ဆက်သွယ်ရေးပြတ်တောက်မှုအတွက် အခြားသောရွေးချယ်စရာနည်းလမ်းမရှိသော အရပ်သားပြည်သူများအပေါ် လူသားချင်းစာနာမှုများအပေါ် ထိခိုက်မှုအလွန်ကြီးမားနေကြောင်းနှင့် ရာဇဝတ်မှုကျူးလွန်သူများကို ဦးတည်သော ပိတ်ပင်ကန့်သတ်မှုများကို ပြောင်းလဲကျင့်သုံးသင့်ကြောင်း စပေ့အိတ်ချ်(SpaceX)အား မြန်မာအင်တာနက်ပရောဂျက်က တိုက်တွန်းလိုပါ သည်။
Recommended Citation Style - Myanmar Internet Project(2025, December 2)၊
ဆိုက်ဘာရာဇဝတ်မှုရင်းမြစ်ကို စတားလင့်ခ့်ပိတ်ပင်မှုဖြင့် မဖြေရှင်းနိုင် ဆက်သွယ်ရေးလိုအပ်ချက်ရှိသော အရပ်သားပြည်သူများကိုသာထိခိုက်




Comments