top of page

ဒစ်ဂျစ်တယ်ကိုယ်ရေးအချက်အလက် တလွဲအသုံးချခံနေရမှုအပေါ် သတိပြုရမယ့်အချက်အလက်များ

  • Spring Revolution Security (SRS)
  • Nov 14, 2025
  • 4 min read


မြန်မာနိုင်ငံရဲ့တယ်လီကွန်းဆက်သွယ်ရေးနောက်ခံကိုပြန်ကြည့်ရင် လက်ဝါးကြီးအုပ်စနစ်ဖြစ်ခဲ့တာကို မြင်ရပါမယ်။ အစိုးရတစ်ရပ်က အလုံးစုံချုပ်ကိုင်ထား တဲ့ဆက်သွယ်ရေးလုပ်ငန်းတွေပါ။ ၂၀၁၃ ခုနှစ်မှာ တယ်လီကွန်းဆက်သွယ်ရေးအခန်းကဏ္ဍကို ဖွင့်ပေးခဲ့ပြီး နော်ဝေအခြေစိုက်တယ်လီနောနဲ့ကာတာ အခြေစိုက်အူရီဒူးတို့က မြန်မာဈေးကွက်ကို အပြိုင်အဆိုင်ဝင်ရောက်ခဲ့ကြပါတယ်။ သိပ်မကြာတဲ့အချိန်တိုအတွင်းမှာ လူအများအပြားရဲ့ယုံကြည်မှုကို တယ်လီနောကရရှိခဲ့ပြီး လူသုံးအများဆုံးအော်ပရေတာတစ်ခုဖြစ်ခဲ့ပါတယ်။ တယ်လီနောအနေနဲ့ တစ်ကမ္ဘာလုံးအတိုင်းအတာမှာ ဝန်ထမ်းပေါင်း ၁၁,၃၃၁ ဦးရှိပြီး နိုင်ငံပေါင်း(၈)ခုမှာ တယ်လီနောအော်ပရေတာအသုံးပြုသူပေါင်း ၂၀၇ မီလီယံရှိနေပါတယ်။ စစ်တမ်းတွေအရ  ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံတွင် တယ်လီနောကုမ္ပဏီရဲ့ဝန်ထမ်းပေါင်း ၇၃၀ ရှိတယ်။ တယ်လီနောသုံးစွဲသူ ဦးရေဟာလည်း(၁၆)မီလီယံလောက်ရှိပြီး ကြီးမားတဲ့အော်ပရေတာတစ်ခု ဖြစ်ပါတယ်။


တယ်လီနောကို လူသုံးများရခြင်းအကြောင်းအရင်းများစွာထဲကတစ်ခုဖြစ်တဲ့ နော်ဝေးနိုင်ငံရဲ့ဒီမိုကရေစီစံနှုန်းတွေပေါ်အခြေ ခံပြီး လူ့အခွင့်အရေးတန်ဖိုးထားမှုတွေကို လိုက်နာမယ်ဆိုတဲ့ မျှော်လင့်ချက်များစွာလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ‘Social Responsibilities’ဆိုတဲ့ လူမှုတာဝန်ယူမှုတွေ၊ ‘Human Rights Commitments’ဆိုတဲ့ လူ့အခွင့်အရေးတွေနဲ့ပတ်သက်ပြီးတန်ဖိုးထားမှုတွေကိုတော့ တယ်လီနောအနေနဲ့လေးစားလိုက်နာမယ်လို့ လူတွေက တထစ်ချယုံကြည်မှုတွေ ရှိနေခဲ့တာပဲဖြစ်ပါတယ်။


ဒီလိုအခြေအနေတွေဟာ စစ်အာဏာသိမ်းမှုမတိုင်ခင်နဲ့ တယ်လီနောမြန်မာကို မရောင်းချခင်အကြားက အခြေအနေတစ်ခုပဲဖြစ်ပါတယ်။ ပြဿနာတွေအကြား အကဲဆတ်တဲ့နိုင်ငံရေးအခြေအနေထဲက တယ်လီနောမြန်မာကို ရောင်းချမှဖြစ်မယ်ဆိုတဲ့စဉ်းစားချက်ကနေ အမှန်တကယ်ရောင်းလိုက်တဲ့ဖြစ်စဉ်တွေမှာတော့ လူ့အခွင့်အရေးမူဝါဒတွေနဲ့လူမူ့တာဝန်တွေကို တယ်လီနောဟာလျစ်လျူရှုမှုခဲ့တာတွေ ရှိနေခဲ့ပါတယ်။ နော်ဝေအစိုးရပါဝင်နေတဲ့ တစ်နည်းအားဖြင့် လူ့အခွင့်အရေးရပ်တည်ချက်တွေ ခိုင်မာအားကောင်းတဲ့နိုင်ငံပိုင်ကုမ္ပဏီတစ်ခုရဲ့လုပ်ရပ်တွေဟာ မြန်မာ့လူဘောင်အဖွဲ့အစည်းတစ်ခုလုံးကို အံ့အားသင့်စေခဲ့ပါတယ်။


ဆက်လက်တင်ပြမယ့်အကြောင်းအရာတွေမှာ တယ်လီနောမြန်မာရောင်းချလိုက်မှုနဲ့မြန်မာ့ဒစ်ဂျစ်တယ်လုံခြုံရေးအကျပ်အ တည်းတွေ၊ ‘PSMS’လို့ဆိုတဲ့စနစ်နဲ့ စစ်အစိုးရဲ့စောင့်ကြည့်ဖမ်းဆီးမှုအကြား သေဆုံးခဲ့ရတဲ့လူ့အသက်တွေ၊ လွတ်လပ်ခွင့်တွေနဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေအပါအဝင် တယ်လီနောရဲ့တာဝန်ခံမှု၊ တာဝန်ယူမှုအကြောင်းတွေကို တင်ပြသွားပါမယ်။



တယ်လီနောနဲ့နော်ဝေအစိုးရ ပတ်သက်ဆက်နွယ်မှု 


တယ်လီနော(Telenor)ရဲ့ ၂၀၀၀ ပြည့်နှစ် ဒီဇင်ဘာလ(၄)ရက်နေ့ တင်ပြချက်အရ တယ်လီနောရှယ်ယာအများစုကို နော်ဝေနိုင်ငံသားအများစုက ပိုင်ဆိုင်ကြ ပြီး (၇၉)ရာခိုင်နှုန်းသောရှယ်ယာများကိုတော့ နော်ဝေအစိုးရက ပိုင်ဆိုင်ကြောင်းသိရပါတယ်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ(၂၉)ရက်နေ့အထိ နော်ဝေအစိုးရ က (၅၄.၅)ရာခိုင်နှုန်းသော ရှယ်ယာများပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။ ဒီတော့ တယ်လီနောက နော်ဝေနိုင်ငံပိုင်ကုမ္ပဏီလို့ ပြောရင်လည်း မမှားနိုင်ပါဘူး။ တစ်နည်းအားဖြင့် တယ်လီနောကုမ္ပဏီဟာ အစိုးတစ်ရပ်က ပါဝင်ထိန်းကွပ်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်တာကြောင့် အစိုးရတစ်ရပ်ရဲ့စံချိန်စံနှုန်းတွေနဲ့လုပ်ကိုင်ရတာလည်း ဖြစ်ပါတယ်။ အထူးသဖြင့်တော့ နော်ဝေအစိုးရက သတ်မှတ်ထားတဲ့စံချိန်တွေနဲ့အလုပ်လုပ်ရတာဖြစ်သလို တစ်ချို့သောကိစ္စရပ်တွေကို ပါလီမန်ကနေ ဆုံးဖြတ်ကြရတာမျိုးဖြစ်ပါတယ်။ အထူးသဖြင့်တော့ နိုင်ငံပိုင်ကုမ္ပဏီတွေက နော်ဝေအစိုးရရဲ့ပါဝင်မှုနဲ့အတူ ရေရှည်ချမှတ်ထားတဲ့ပန်းတိုင်တွေအ တွက် အလုပ်လုပ်ကြရပါတယ်။ ယူအဲန်(UN)ကချမှတ်ထားတဲ့ရေရှည်ဖွံ့ဖြိုးရေးမူတွေကိုပါ ထည့်သွင်းစဉ်းစားရပြီး လုပ်ကြရတာမျိုးပဲဖြစ်ပါတယ်။ ဒီထဲမှာ လူမှုဝန်းကျင်ဖွံ့ဖြိုးဖို့မူဘောင်တွေကိုလည်း ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်ကြရပါတယ်။ နိုင်ငံပိုင်ကုမ္ပဏီတွေက တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့စီပွားရေးဆိုင်ရာကျင့်ဝတ်(Responsible Business Conduct)တွေကို  လေးစားလိုက်နာရပါတယ်။ 


အဲ့ဒီထဲက အရေးကြီးတဲ့စံနှုန်းတွေကတော့ လူ့အခွင့်ရေးကို ကာကွယ်ရမယ်ဆိုတာတွေပါဝင်ပါတယ်။ ဒီအပြင် ပွင့်လင်းမြင် သာရှိမှုတွေ ပါဝင်ရသလို ကုမ္ပဏီအနေနဲ့အန္တရာယ်စီမံခန့်ခွဲမှု(Risk Management)တွေ လုပ်ရမယ်ဆိုတာတွေလည်း ပါ ဝင်ပါတယ်။ ဒီလိုအစိုးရတစ်ရပ်ပါဝင်ပိုင်ဆိုင်တဲ့ တယ်လီနောဟာကုမ္ပဏီကို ‘M1 Group’ဆီရောင်းချခြင်းနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာ  ပွင့်လင်းမြင်သာမှုမရှိသလို အကဲဆတ်လှတဲ့မြန်မာ့အခင်းအကျင်းမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ် လျူရှုခဲ့တယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနဲ့အရပ်ဖက်လူမူအဖွဲ့အစည်းတွေက ထောက်ပြခဲ့ပြီး ဒီအတွက်လည်း စိုးရိမ်မှုတွေရှိခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကြောင့်  အဖွဲ့ပေါင်း(၄၇၄)ဖွဲ့ပါဝင်တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ(CSOs)က ၂၀၂၁ ခုနှစ် ဇူလိုင်လ(၂၇)ရက်ကတည်းကတိုင်ကြားလွှာပေးပို့ခဲ့ပါသည်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၂၈)ရက်နေ့မှာတော့ SOMO၊ တယ်လီနောအပြင် မြန်မာ့အရပ်ဘက်အဖွဲ့အစည်းများအကြား ကြားချဆွေးနွေးမှုများရှိခဲ့ပြီး နှစ်ဦးနှစ်ဖက်အကြား နားလည်မှုစာချွန်လွှာ(MoU)တွေလည်းရှိခဲ့ပါတယ်။ နားလည်မှုစာချွန်လွှာထဲပါဝင်တာကတော့ ဒစ်ဂျစ်တယ်ခြေရာ(Digital Footprints)တွေနဲ့ပတ်သက်ပြီး အန္တရာယ်ရှိနေမှုတွေ၊ ဒါမှမဟုတ် ဖိနှိပ်မှုကြားထဲက မြန်မာ့ဒစ်ဂျစ်တယ်ရေချိန်နဲ့ဒစ်ဂျစ် တယ်အခင်းအကျင်းအခြေအနေအမှန်က အန္တရာယ်ရှိမှုတွေကို နားလည်ဖို့ရန်အတွက် နှစ်ဖက်စလုံးက ဘယ်အဖွဲ့ကိုမှကိုယ် စားမပြုတဲ့သုတေသီများတွေကိုခေါ်ကာ စုံစမ်းရန်ဖြစ်တယ်။ နောက်တစ်ချက်ကတော့ တယ်လီနောအနေနဲ့ စစ်တပ်လက် အောက်တွင်ရှိနေသော မြန်မာ့ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်နဲ့ဖိနှိပ်ခံနေရသောဒစ်ဂျစ်တယ်အခွင့်အရေးအကြောင်းကို ပွင့်လင်းမြင်သာစွာမျှဝေပေးဖို့နဲ့ထုတ်ဖော်ဖို့ဖြစ်ပါတယ်။ ဒီလိုအဖွဲ့နှစ်ခုအကြား ကြားချဆွေးနွေးမှုတွေကိုလည်း တယ်လီနောက သ ဘောတူခဲ့ပါတယ်။ နောက်ဆက်တွဲအနေနဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလ(၆)ရက်နေ့မှာတော့ တယ်လီနောမြန်မာကို  Defence Myanmar Democracy၊ မြန်မာအင်တာနက်ပရောဂျက်(‌MIP)နဲ့တယ်လီနောက စစ်တပ်ထံအချက်အ လက်ပေးခဲ့မှုကြောင့် မတရားဖမ်းဆီးခံခဲ့ရပြီး ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ဇနီးမသဇင်ညွန့်အောင်တို့က ဦးဆောင်ပြီး တရားစွဲဆိုထားခြင်း ဖြစ်ပါတယ်။



တယ်လီနောကုမ္ပဏီက အသံကျယ်ကျယ်ပြောလေ့ရှိခဲ့တဲ့ ကျင့်ဝတ်စံနှုန်း(Code of Conduct)တွေ


တယ်လီနောကုမ္ပဏီက ကျင့်ဝတ်စံနှုန်း(Code of Conduct)ဆိုတာကို ကျယ်ကျယ်လောင်လောင်ပြောလေ့ရှိပါတယ်။ တယ်လီနောအနေနဲ့ မိမိကုမ္ပဏီအကျိုးအမြတ်တစ်ခုတည်းကိုသာ အလေးမပေးပဲ ကျင့်ဝတ်စံနှုန်းတွေကို လေးစားလိုက်နာတယ်ဆိုတဲ့သဘောပါ။ တယ်လီနောကုမ္ပဏီအဓိက လေးစားလိုက်နာတဲ့စည်းမျဉ်းတွေရှိပါတယ်။ အောက်ဖော်ပြပါ အချက်အ လက်တွေကတော့ တယ်လီနောရဲ့ကျင့်ဝတ်စံနှုန်း(Code of Conduct)ပဲဖြစ်ပါတယ်။ 


၁။ ကျွန်တော်တို့ဟာ စည်းမျည်းစည်းကမ်းအတိုင်း အလုပ်လုပ်ပါတယ်။

(We Play by the Rules)


စည်းမျဉ်းစည်းကမ်း၊ ဥပဒေစံနှုန်းနဲ့မူဝါဒတွေကို တယ်လီနောက လိုက်နာတယ်ဆိုတာ တယ်လီနောရဲ့စံနှုန်းနဲ့စည်းမျဉ်းသတ်မှတ်ချက် နံပါတ်တစ်ခုပါ။ 


၂။ ကျွန်တော်တို့လုပ်ဆောင်လိုက်မှုတိုင်းအတွက် တာဝန်ယူ၊ တာဝန်ခံပါတယ်။

(We are accountable for our actions)


နောက်စည်းမျဉ်းတစ်ခုကတော့ တာဝန်ယူမှု၊ တာဝန်ခံမှုပါ။ တယ်လီနောအနေနဲ့အသုံးပြုသူတွေနဲ့ မိတ်ဖက်တွေရဲ့အ သံကို အမြဲတမ်းနားထောင်ပါတယ်။ မိမိတို့အနေနဲ့လူမှုအဖွဲ့အစည်းတွေပေါ်မှာသက်ရောက်မှုရှိနေတာကို အသိအမှတ် ပြုကာ တာဝန်ယူမှု၊ တာဝန်ခံမှုကိုရှိစေရမယ်ဆိုတာက တယ်လီနောရဲ့ဒုတိယစံနှုန်းစည်းမျဉ်းတစ်ခုဖြစ်ပါတယ်။ 


၃။ ကျွန်တော်တို့ဟာ ပွင့်လင်းမြင်သာပြီး ရိုးသားဖြောင့်မတ်တယ်။

(We are Transparent and Honest) 


ဒါကတော့ တယ်လီနောဟာ ယုံကြည်ရမှုနဲ့ပွင့်လင်းမြင်သာမှုပေါ် အခြေခံတယ်လို့ဆိုပါတယ်။ စိန်ခေါ်မှုတွေရှိသော် လည်း အသုံးပြုသူတွေနဲ့ မိတ် ဖက်အဖွဲ့အစည်းတွေအပေါ်မှာ သစ္စာရှိမယ်ဆိုတဲ့ တတိယမြောက်စည်းမျဉ်းတစ်ခုပါ။ 


၄။ ကျွန်တော်တို့ ထုတ်ဖော်ပြောဆိုကြတယ်။

(We speak up)


နောက်ဆုံးတစ်ချက်ကတော့ တစ်စုံတစ်ခုစိုးရိမ်ရတဲ့အခြေအနေမျိုး သံသယရှိဖြစ်စရာအခြေအနေတွေရှိခဲ့ရင်လည်း တယ်လီနောကိုယ်တိုင် မေးခွန်းထုတ်ပြီးမေးသလို၊ အသုံးပြုသူတွေအနေကလည်း မိမိတို့သံသယအတွက် တယ်လီနောကိုမေးပိုင်ခွင့်ရှိတဲ့ဆိုတဲ့အချက်တွေဟာ တယ်လီနောရဲ့ စတုတ္ထမြောက်စည်းမျဉ်းဖြစ်ပြီး ဒါတွေကို တယ်လီနောကုမ္ပဏီအနေနဲ့တန်ဖိုးထား လေးစားလိုက်နာတယ်လို့ ဆိုပါတယ်။ 



တယ်လီနောရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုအား မြန်မာ့အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုခြင်း


လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့အရပ်ဘက်လှုမှုအဖွဲ့အစည်း(၄၇၄)ခုက တယ်လီနောကို အိုအီးစီဒီ(OECD)လို့ခေါ်တဲ့အဖွဲ့အစည်းမှာ တိုင်ကြားထားခဲ့ပါတယ်။ ဒီလိုလူ့အခွင့်အရေးစံနှုန်းတွေကို ဘက်ပေါင်းစုံကနေ လေးစားလိုက်နာမယ်ဆိုတဲ့ တယ်လီနောကုမ္ပဏီကို တရားစွဲဆိုရခြင်းအကြောင်းအရင်းက စိတ်ဝင်စားစရာကောင်းလှပါတယ်။ အရပ်ဘက်လူမူ့အဖွဲ့အ စည်းတွေက ၂၀၂၁ ခုနှစ် စစ်အာဏသိမ်းပြီးနောက်ပိုင်း ဆက်သွယ်ရေးကန့်သတ်မှုနဲ့ထိန်းချုပ်မှုတွေပြုလုပ်လာတာနဲ့ဆက် စပ်ပြီး တယ်လီကွန်းကုမ္ပဏီတွေအားလုံးနီးပါး စစ်ကောင်စီထိန်းချုပ်မှုအောက်ရောက်ရှိသွားပြီး ကုမ္ပဏီတွေမှာ ဖိအားရှိနေတာကို သတိထားမိခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး များမကြာမီမှာပဲ တယ်လီနောကုမ္ပဏီအနေနဲ့ဖိအားတွေ ရှိခဲ့တယ်လို့ တယ်လီနောရဲ့စီအီးအိုတစ်ယောက်ဖြစ်တဲ့  ‘Sigve Brekke’က ဆိုခဲ့ပါတယ်။ လူ့အခွင့်အရေးနဲ့လူမူ့တန်ဖိုးတွေကိုအလေးထားတဲ့တယ်လီနောအနေနဲ့ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေကိုချိုးဖောက်ပြီး တယ်လီနောရဲ့တန်ဖိုးစံနှုန်းတွေနဲ့ ဆန့်ကျင် ဘက်ဖြစ်နေတဲ့စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာ တယ်လီနောအနေနဲ့အလုပ်မလုပ်နိုင်တော့ကြောင်း ထုတ်ဖော်တယ်။ နောက် ဆုံးသောအဖြေတစ်ခုအနေနဲ့တယ်လီနောကိုရောင်းချပြီး မြန်မာနိုင်ငံကနေထွက်ခွာခြင်းသာ အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ ယူဆခဲ့ပါတယ်။ ဒါကြောင့် ဖိအားရှိနေတဲ့နိုင်ငံအတွင်းမှာရှိနေတဲ့ တယ်လီနောဝန်ထမ်းတွေရဲ့လုံခြုံရေးကိုလည်း ထည့်သွင်းစဉ်းစားခဲ့တယ်လို့ ဆိုပါတယ်။ ရောင်းရချတဲ့ကြောင်းအရင်းမှာလည်း လူ့အခွင့်အရေးစံနှုန်းတွေကို တန်ဖိုးထားတာကြောင့်ရယ်၊ ကြားဖြတ်နားထောင်စက်တပ်ဆင်မှုတွေ မပြုလုပ်လိုတာကြောင့်ရယ်လို့ ဆိုပါတယ်။ ဒါကတော့ တယ်လီနောကုမ္ပဏီတစ်ခုတည်းအတွက်မဟုတ်ပဲ တယ်လီကွန်းဆက်သွယ်ရေးကုမ္ပဏီတိုင်းကို စစ်ကောင်စီက ဖိအားပေးပြီး စပိုင်ဝဲလ် (Spyware)တပ်ဆင်မှု၊ ဖုန်းလိုင်းများကြားဖြတ်နားထောင်မှုဆိုင်ရာနည်းပညာများတပ်ဆင်မှု၊ အပြန်အလှန်ပေးပို့သော မက်ဆေ့(ချ်)တွေအပါအဝင် အီးမေးလ်(Email)တွေဖတ်ရှုနိုင်အောင်ပြုလုပ်မှုတွေကို ဖိအားပေးလုပ်ဆောင်စေခဲ့သလို နည်းပညာရှင်အကူအညီများမပါဘဲ အသုံးပြုသူတွေရဲ့တည်နေရာ(Location)တွေကို ခြေရာခံနိုင်အောင်ပြုလုပ်စေခိုင်းခြင်းတွေရှိခဲ့ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ‘M1 Group’ တစ်နည်းအားဖြင့် စစ်ကောင်စီလက်အောက်ခံရွှေဗျိုင်းဖြူကုမ္ပဏီအား တယ်လီနောက ရောင်းချလိုက်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပိုပြီးတွန်းအားပေးလိုက်သလို ဖြစ်စေပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာရှိတဲ့တယ်လီကွန်းဆက်သွယ်ရေးကုမ္ပဏီတွေဟာ ပြည်တွင်းမှာရှိတဲ့ဥပဒေမူဘောင်တွေအ တိုင်း သိမ်းဆည်းထိန်းသိမ်းထားရတဲ့အသုံးပြုသူတွေရဲ့အချက်အလက်(Data)များစွာရှိပါတယ်။ အသုံးပြုသူတွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်များစွာကို တယ်လီနောက စစ်ကောင်စီနဲ့ပတ်သက်တဲ့ ‘M1 Group’ကိုရောင်းချရာမှာ နဂိုရှိရင်းတိုင်းအ ချက်အလက်(Data)များကို လွှဲပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ အသုံးပြုသူအချက်အလက်(Data)တွေကို ဖျက်ပစ်ဖို့ကလည်း တယ်လီနောကုမ္ပဏီဝန်ထမ်းတွေရဲ့လုံခြုံရေးကို ခြိမ်းခြောက်နိုင်တာကြောင့် မဖျက်ပစ်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။ အ ရေးအကြီးဆုံးကတော့ တယ်လီနောက ‘M1 Group’ကိုသာရောင်းချခဲ့ခြင်းဖြစ်ပြီး ‘M1’နဲ့ချိတ်ဆက်ပြီး စစ်တပ်လက်အောက်ရွှေဗျိုင်းဖြူနဲ့အပေးအယူလုပ်ခြင်းမျိုး စကားပြောခဲ့ခြင်းမရှိဘူးလို့လည်း ဆိုထားပါတယ်။ ရွှေဗျိုင်းဖြူကလည်း နိုင်ငံတကာပိတ်ဆို့မှုခံရတဲ့စာရင်းဝင်မဟုတ်တဲ့ကုမ္ပဏီဖြစ်တယ်လို့လည်း ဆိုတာပါတယ်။ ရွှေဗျိုင်းဖြူရဲ့နောက်ကြောင်းကို သတင်းမီဒီယာအားလုံးနီးပါးက ဖော်ပြနေချိန်မှာတောင် တယ်လီနောက လျစ်လျူရှုခဲ့သလို ဖြစ်ပါတယ်။ ၂၀၂၂ခုနှစ် မတ်လ(၃)ရက်မှာတော့ တယ်လီနောရောင်းချမှု အဆုံးသတ်ခဲ့ပြီလို့ ကုမ္ပဏီရဲ့ တရားဝင်အင်တာနက်စာမျက်နှာက ဖော်ပြထားခဲ့ပါတယ်။ လူ့အ ခွင့်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့အရပ်ဖက်အဖွဲ့အစည်းတွေဟာ အောက်ပါအချက်အလက်တွေအပေါ် အခြေခံတယ်လို့ တယ်လီနောကို တရားစွဲခဲ့တာဖြစ်တယ်။



၁။ အခြေခံလူ့အခွင့်အရေးစံနှုန်းတွေကို လေးစားမှုမရှိခဲ့ခြင်း

(Failed to meet the standards of respect for human rights)


တယ်လီနောက ကျယ်ကျယ်လောင်လောင်ပြောခဲ့တဲ့ လူ့အခွင့်အရေးမူဘောင်(Code of Conduct)တွေကို လျစ်လျူရှုခဲ့ပါတယ်။ မိုဘိုင်းဖုန်းအသုံးပြုသူတွေရဲ့ ထိရှလွယ်တဲ့အချက်အလက်တွေကိုထိန်းသိမ်းရမယ်ဆိုတဲ့ ကိုယ်ရေးကိုယ်တာကာကွယ်ပိုင်ခွင့်(Right to Privacy)ကို ချိုးဖောက်မှုတွေရှိနေခဲ့ပါ တယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ တယ်လီနောနံပါတ်အသုံးပြုသူများရဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်းနဲ့အချက်အလက်များကို စစ်ကောင်စီတောင်းခံခဲ့ပြီး တယ်လီနောမြန်မာကပေးခဲ့ရတယ်ဆိုတဲ့သက်သေတွေလည်း ရှိခဲ့ပါတယ်။ စစ်ကောင်စီရဲ့အချက်အလက်တောင်းခံတဲ့အကြိမ်တိုင်းမှာ တယ်လီနောဖုန်းနံပါတ်မျိုးစုံပါ ဝင်ပြီး တချို့သောအကြိမ်များတွင် နံပါတ်ရာဂဏန်းအထိ ပါဝင်နေပါတယ်။ ထိုသို့အချက်အလက်တောင်းခြင်းခံရတဲ့ နံပါတ်တွေမှာ တော်လှန်ရေးမှာလှုပ်ရှားနေတဲ့အနုပညာရှင်များ၊ တေးရေး/တေးဆို လင်းလင်းနဲ့ရန်ကုန်နာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်တို့ရဲ့ဖုန်းနံပါတ်များလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကအသုံးပြုသူတွေရဲ့အချက်အလက်တွေကိုတောင်းခံတဲ့ အကြိမ်အရေအတွက်မှာလည်း အကြိမ် ၂၀၀ ထပ်မနည်းရှိပြီး ဖုန်းနံပါတ်အရေအ တွက် ရာဂဏန်းအထိ ပါဝင်ပါတယ်။ အဲ့ဒီအထဲမှာမှ ဖမ်းဆီးပြီးစစ်ကြောရေးထဲမှာနှိပ်စက်လို့ ဆက်စပ်ရလာတဲ့ ဖုန်းနံပါတ်မြောက်မြားစွာပါဝင်ကာ မတရားဥပဒေနဲ့ထောင်တွင်းအကျဉ်းချသေဒဏ်ပေးအသတ်ခံခဲ့ရတဲ့ ကိုဖြိုးဇေယျာသော်နဲ့ကိုဂျေမီ (ကိုကျော်မင်းယု)တို့ရဲ့ဖုန်းနံပါတ်လည်း ပါဝင်ခဲ့ပါတယ်။ ဒီလိုအချက်အလက်တောင်းခံရတဲ့အထဲမှာ ဖုန်းနံပါတ်ပေါင်း (၁,၃၀၀)ကျော်ပါဝင်ပြီး တော်လှန်ရေးလုပ်ဆောင်မှုနဲ့ပတ်သက်တဲ့အချက်အလက်တွေလည်း ပါဝင်ပါတယ်။ နော်ဝေနိုင်ငံရုပ်သံကနေလည်း ဒီအကြောင်းအရာကို တင်ဆက်ခဲ့တာရှိနေပါတယ်။ ထို့အပြင် အောင်ဆန်းစုကြည်ရဲ့အချက်အလက်တွေကို တောင်းခံခဲ့မှုတွေလည်း ရှိခဲ့ပါတယ်။ စစ်ကောင်စီက တောင်းခံခဲ့တဲ့ တယ်လီနော်အသုံးပြုသူ(၅၀၀)ကျော်ရဲ့အချက်အလက် တွေကလည်း ထိရှလွယ်မှုတွေရှိနေခဲ့တယ်ဆိုတာ တယ်လီနောအနေနဲ့စစ်ကြည့်ပြီး သိရှိခဲ့တယ်လို့ ဆိုထားပါတယ်။ ဒါတွေကို သိနေတာတောင် ထိရှလွယ်တဲ့အချက်အလက်တွေကို မဖျက်ပစ်ဘဲ စစ်ကောင်စီကို ပေးခဲ့ကြောင်း နော်ဝေရုပ်သံသတင်းဌာနက ဖော်ပြရေးသားထားတာရှိပါတယ်။ 



၂။ နိုင်ငံရေးအရ အကဲဆတ်နေတဲ့အချိန်မှာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးသက်ရောက်မှုတွေကို

ချင့်ချိန်မှု မရှိခဲ့ခြင်း

(Failed to conduct appropriate risk-based human rights due diligence)


တယ်လီနောကုမ္ပဏီအား မိကာတီ(Mikati)မိသားစုပိုင်ဆိုင်တဲ့ ‘M1 Group’ကို ရောင်းချမယ်ဆိုကတည်းက မြန်မာ့လူ့အခွင့် အရေးလှုပ်ရှားသူများက စိုးရိမ်စိတ်တွေရှိနေခဲ့တာပဲဖြစ်ပါတယ်။ လူ့အခွင့်အရေးလေးစားလိုက်နာမှုမရှိပဲ မတရားမှုတွေကို ကျူးလွန်နေတဲ့စစ်ကောင်စီလက်ထက်မှာ ဖိအားတွေကြောင့် တယ်လီနောကိုရောင်းပြီးထွက်ခွာသွားမှ အဆင်ပြေမယ်ဆိုတဲ့ ယူဆချက်တွေ ရှိနေခဲ့ရင်တောင် တယ်လီနောကို ပြန်လည်ရောင်းချတဲ့အခါမှာ အလျင်မလိုပဲ ရောင်းချမယ့်ကုမ္ပဏီတွေကို သေချာရွေးချယ်ခဲ့သင့်တယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ဆိုပါတယ်။  တယ်လီနောကုမ္ပဏီကို ပြန်လည်ရောင်းချမည့် ‘M1 Group’ရဲ့သမိုင်းကြောင်းကို ပြန်လှည့်ကြည့်မည်ဆိုပါက အာဏာရှင်များနဲ့အချိတ်အဆက်များစွာရှိတယ်။ ကိုယ်ကျိုးစီး ပွားအမြတ်အစွန်းအတွက် လူ့အခွင့်အရေးနဲ့ကိုယ်ရေးကိုယ်တာအချက်အလက်ထိန်းသိမ်ခြင်းမူဝါဒတွေကိုဆန့်ကျင်ကာ အာ ဏာရှင်များနဲ့လိုက်လျောညီထွေနေထိုင်ပြီး အကျိုးအမြတ်ရှာလေ့ရှိကြောင်းကို ‘Justic for Myanamr’ရဲ့ တင်ပြချက်များအရ သိရှိနိုင်တယ်။ ဆီးရီးယား၊ ယီမင်နဲ့အီရန်ကဲ့သို့သောနိုင်ငံတွေမှာ လူ့အခွင့်အရေးများ ချိုးဖောက်သောအစိုးရများနဲ့ပူး ပေါင်းခြင်းများဆောင်ရွက်ခဲ့ပြီး ကျင့်ဝတ်ချိုးဖောက်သောလုပ်ငန်းစုဖြစ်တယ်လို့ ‘Justice For Myanmar’ရဲ့တွေ့ရှိချက်တွေမှာ ဖော်ပြနေပါတယ်။ ဒါတွေအပြင် ‘M1 Group’ဟာ မြန်မာနိုင်ငံနဲ့အလှမ်းဝေးခဲ့ခြင်းမျိုးမဟုတ်ပဲ ၂၀၁၇ ခုနှစ်လောက်ကတည်း “Irrawaddy Green Towers (IGT)”လို့ခေါ်တဲ့ မြန်မာနိုင်ငံတစ်ဝန်း တာဝါတိုင်ထောင်တဲ့ကုမ္ပဏီနဲ့နီးစပ်ခဲ့ပြီးတော့ မိုင်တဲလ်(MyTel)အတွက် အကျိုးအမြတ်များစွာ ရှာပေးခဲ့ပါတယ်။ ဒါကြောင့် နောက်ခံအကြောင်းကိုပြန်ကြည့်လိုက်ရင် ‘M1 Group’ရဲ့သမိုင်းကြောင်းက အကျည်းတန်ဆဲ ဖြစ်ခဲ့ပါတယ်။ နောက်တစ်ခုကတော့ ‘M1 Group’ က နေမှတစ်ဆင့် မြန်မာနိုင်ငံသားပိုင်စစ်တပ်ရဲ့ကာလရှည်ကြာ စီးပွားရေးမိတ်ဖက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီဟာ တယ်လီနောရဲ့ရှယ်ယာ(၇၀) သို့မဟုတ် (၈၀)ရာခိုင်နှုန်းအထိပိုင်ဆိုင်ပြီး အဓိကရှယ်ယာရှင်အနေနဲ့ရှိနေခြင်းက တယ်လီနောအသုံးပြုသူ (၁.၈)သန်းရဲ့ ဖုန်းအသုံးပြုမှုဆိုင်ရာအချက်အလက် များအတွက် စိုးရိမ်စရာဖြစ်ပါတယ်။ ဒါကြောင့် လူ့အခွင့်အရေးကိုအ လေးပေးသော နော်ဝေအစိုးရပါဝင်ပြီး ပိုင်ဆိုင်သောကုမ္ပဏီတစ်ခုအနေနဲ့အသုံးပြုသူများရဲ့အချက်အလက်များ အန္တရာယ်လျော့ပါးရေးအတိုင်းအတာတွေကို သေချာထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိခဲ့ပါဘူး။ 



၃။ ပွင့်လင်းမြင်သာမှုမရှိခြင်းနဲ့ သက်ဆိုင်သူများနဲ့ပူးပေါင်းဆောင်ရွက်မှု မရှိခြင်း

Not Engaged with relevant stakeholders and No Transparency 


နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ တယ်လီနောရောင်းချခြင်းကိစ္စရပ်များမှာ ပွင့်လင်းမြင်သာမှုမရှိခဲ့သလို၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့အစည်းများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနဲ့ လုံးဝထိတွေ့ဆက်ဆံခြင်းမရှိခဲ့ပါ။ တယ်လီနောကုမ္ပဏီရောင်းချရာတွင် ပွင့်လင်းမြင်သာမှုအားနည်းသည်ကိုလည်း အသိုက်အဝန်းတော် တော်များများက ထောက်ပြခဲ့ပြီးဖြစ်ပါတယ်။ နိုင်ငံရေးအရ အကဲဆတ်နေတဲ့အချိန်မှာ အသုံးပြုသူများရဲ့အချက်အလက်လွှဲ ပြောင်းခြင်းမှာဆိုင်ရာ(Data Transfer)ကိစ္စရပ်တွေမှာလည်း ပွင့်လင်းမြင်သာမှုမရှိပါ။ အချက်အလက်တွေအပြင် စောင့် ကြည့်လေ့လာနိုင်မှု လုပ်နိုင်စွမ်းရှိတဲ့နည်းပညာတွေကိုပါ လွှဲပြောင်းပေးခဲ့တာမျိုးဖြစ်တာကြောင့် အတော်လေးစိုးရိမ်စရာကောင်းခဲ့တယ်။ ထို့အပြင် တယ်လီ နောဘက်က ရောင်းချမယ့်ကုမ္ပဏီနဲ့ရှယ်ယာတွေကိုဖော်ပြရာမှာလည်း ပွင့်လင်းမြင်သာမှုမရှိတာပဲ ဖြစ်ခဲ့ပါတယ်။ ပွင့်လင်းမြင်သာမှုကိုအလေး‌ပေးတဲ့ တယ်လီနောက အချက်အလက်တွေကို လုံခြုံရေးအကြောင်းပြပြီး အန္တရာယ်ရှိနိုင်မယ့်အချက်အလက်တွေကို မျှဝေလက်လွှဲပေးအပ်ခဲ့ပြီး ‘Mediation’လို့ခေါ်တဲ့ ကုစားမှုနဲ့ အထောက်အပံတွေပေးအပ်ဖို့ ပျက်ကွက်ခဲ့သော်လည်း၊ တယ်လီနောဟာ စင်ကာပူနိုင်ငံမှာ မြန်မာနိုင်ငံကို ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတိုင်ကြားချက် (Investment Dispute Settlement)ဖွင့်ခဲ့ပါတယ်။ တစ်နည်းအားဖြင့် ယင်းတို့ရဲ့လုပ်ရပ်အတွက် ပွင့်လင်းမြင်သာမှု၊ ပူးပေါင်းမှု၊ ညှိ‌နှိုင်းမှုတွေ လုံလုံလောက်လောက် မရှိခဲ့သော်လည်း တယ်လီနောဟာ သူ့ရဲ့နစ်နာမှုအနေနဲ့ယူဆပြီး မြန်မာ့ပြည်သူတွေကို ၂၀၂၄ ခုနှစ်မှာ တရားပြန်စွဲခဲ့ပါသေးတယ်။



ဒေတာများမှသည်  သွေးစွန်းသော လူ့အခွင့်အရေးချိုးဖောက်ခြင်းဆီသို့


၂၀၂၁ ခုနှစ်မှစလို့ စစ်ကောင်စီက အဆင့်ဆင့် ထပ်ဆင့်မြှင့်တင်လာတဲ့ နည်းပညာအခင်းအကျင်းနဲ့ စောင့်ကြည့်မှုနည်းပညာတွေက လူတွေရဲ့အချက်အလက် တွေကနေတစ်ဆင့် လူ့အခွင့်ရေးချိုးဖောက်တွေဆီကို ဦးတည်နေတာပါ။ စစ်ကောင်စီအ နေနဲ့လည်း လူသန်းပေါင်း(၅၀)ကျော်ရဲ့အချက်အလက်တွေကို နေရှင်နယ်ဒေတာဘေ့စ်(National Database)ထဲတွင်ရှိနှင့်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ဖော်ပြောကြားခဲ့သလို အဲ့ကနေမှတစ်ဆင့် လူဝင်မှုကြီးကြပ်ရေးမှာရှိနေတဲ့အချက်အလက်ယူအိုင်ဒီ/အီးအိုင်ဒီ(U-ID/E-ID)နဲ့အတူ ဆင်းကဒ်မှတ်ပုံတင်တုန်းက ပေးခဲ့တဲ့အချက်အလက်တွေက လူပေါင်းများစွာကို အ ချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်တာဖြစ်ပါတယ်။ ဒီအချက်အလက်တွေနဲ့အတွက် ‘PSMSစနစ်တွေနဲ့ချိတ်ဆက်မှုတွေရှိလာပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တောက်လျှောက်ပြုလုပ်နိုင်ဖို့ တွန်းအားပေးလိုက်ခြင်းဖြစ်ပါတယ်။ ဒီတော့ တယ်လီနောအပြင် တခြားသော ဖုန်းအော်ပရေတာဟာ ဘယ်လိုဒေတာအမျိုးအစားများကို အသုံးပြုသူတွေဆီကနေ သိမ်းဆည်းထားရလည်းဆိုတာလေးကို ဆွေးနွေးချင်ပါတယ်။ 


(က) ကိုယ်ရေးသက်သေခံအချက်အလက် (Personal Identification Information)

ကိုယ်ရေးကိုယ်တာ သက်သေခံအချက်အလက်တွေကို ဆင်းကဒ်မှတ်ပုံတင်ခြင်း(Sim registration)အဖြစ် အော်ပ ရေတာတွေက သိမ်းပါတယ်။ ဆင်းကဒ်မှတ်ပုံတင်တုန်းကပေးခဲ့တဲ့ ဖုန်းနံပါတ်၊ အိမ်လိပ်စာ၊ အီးမေးလ်လိပ်စာနဲ့မှတ်ပုံ တင်နံပါတ်တွေဟာ သိမ်းဆည်းခံလိုက်ရတဲ့ ကိုယ်ရေးသက်သေခံအချက်အလက်ဖြစ်ပါတယ်။ ဆင်းကဒ်တစ်ကဒ်ကို စ တင်အသုံးပြုပြီးဆိုတာနဲ့ ဆင်းကဒ်ကနေ ချိတ်ဆက်မှုမှတ်တမ်း(Call Logs)၊ ဆက်သွယ်ခဲ့တဲ့ဖုန်းနံပါတ်၊ ဆက်သွယ်မှုကြာချိန်၊ ပြောဆိုခဲ့တဲ့အသံဖိုင်(Voice Recording)၊ မက်ဆေ့(ချ်)အပြန်အလှန်ပေးပို့မှု စတဲ့အချက်အလက်တွေကို ဖုန်းကုမ္ပဏီတွေက ဆိုက်ဘာလုံခြုံရေးဥပဒေအရ အသုံးပြုသူတွေရဲ့အချက်တွေကို (၃)နှစ်သိမ်းထားရမည်ဖြစ်ကာ စစ်ကောင်စီက အချက်အလက်တွေကို တောင်းခံလာပါက ပေးရမည်ဆိုသည့်အချက် ပါဝင်နေပါတယ်။ ဒါကြောင့် အ သုံးပြုသူတွေအနေနဲ့ တယ်လီကွန်းတွေကို ပေးထားရတဲ့အချက်အလက်တွေက အချိန်မရွေးတောင်းခံရနိုင်ပါတယ်။ တယ်လီနောက စစ်ကောင်စီကို လွှဲပြောင်းပေးလိုက်ရတဲ့အချက်အလက်တွေထဲ ဒီအချက်အလက်တွေ အားလုံးပါဝင်နေပါတယ်။


(ခ) အချက်အလက်အသုံးပြုမှု(Usage Data)

ဖုန်းတွေရဲ့ဖုန်းခေါ်ဆိုမှုမှတ်တမ်း၊ ဆက်သွယ်ခဲ့တဲ့ဖုန်းနံပါတ်၊ ကြာချိန်၊ မက်ဆေ့(ချ်)မှတ်တမ်း၊ မက်ဆေ့(ချ်)တွင်ပါဝင်သော Stampတွေအပြင်၊ အင်တာနက်အသုံးပြုမှုအချိုးအစား၊ အများဆုံးအသုံးပြုခဲ့သောဝက်ဘ်ဆိုက်တွေ၊ အများဆုံးအသုံးပြုသောအက်ပလီကေးရှင်းအမျိုးအစားတွေပါဝင်တယ်။ 


(ဂ) တည်နေရာအချက်အလက်(Location Data)

ပထဝီဒေသ(Geo-location)တွေကို မှတ်တမ်းတင်ပြီး နောက်ယောင်ခံလိုက်နိုင်တဲ့သော့ချက်ဟာ ဆင်းကဒ်တည် နေရာ အချက်အလက်မှတ်တမ်းပါ ဆင်းကဒ်လက်ရှိတည်နေရာကို တာဝါတိုင်တွေနဲ့ထောက်ပြီး တိုင်သုံးတိုင်ချိတ် ဆက်(Triangulation)နည်းလမ်းနဲ့သိနိုင်သလို၊ ဆင်းကဒ်အသုံးပြုသူ သွားလာခဲ့တဲ့မှတ်တမ်းတွေကိုလည်း ကြည့်နိုင်တာပဲ ဖြစ်ပါတယ်။


(ဃ) စက်ကိရိယာအကြောင်း(Device Information)

အသုံးပြုသူရဲ့စက်ပစ္စည်းနဲ့ဆိုင်တဲ့အချက်အလက်တွေလည်း ရှိပါတယ်။ အသုံးပြုတဲ့စက်ပစ္စည်းအမျိုးအစား၊ IMEI နံပါတ်စတဲ့အချက်အလက်တွေ ပါဝင်ပါတယ်။ IMEI မှတစ်ဆင့်လည်း သုံးစွဲသူဖုန်းအမျိုးအစားနှင့် မော်ဒယ်ကိုပါ သိရှိနိုင်ပါတယ်။ နောက်တစ်ခုကတော့ ကွန်ရက်အချက်အ လက်(Network information)ပါ။ အသုံးပြုသူသုံးနေတဲ့ကွန်ရက်(Network)အမျိုးအစားတွေဟာလည်း စက်ကိရိယာအကြောင်းများ ဖြစ်ပါတယ်။


ဒါတွေကတော့ ပွင့်လင်းမြင်သာစွာ သိရှိနိုင်တဲ့အချက်အလက်တွေဖြစ်ပြီတော့ သာမန်လူတစ်ယောက်အနေနဲ့မသိနိုင်တဲ့ အ ချက်အလက်အချို့လည်း  တယ်လီကွန်းဆက်သွယ်ရေးကုမ္ပဏီတွေမှာ ကျိန်းသေပေါက်ရှိနေမှာဖြစ်တယ်။ စစ်အာဏာသိမ်းပြီး သိပ်မကြာခင်မှာ တယ်လီနောမြန်မာကို ဖုန်းနံပါတ်(၁,၃၀၀) ကျော်ရဲ့အသုံးပြုမှုအချက်အလက်(Data traffic)တွေကို စစ်အုပ်စု(စစ်ကောင်စီ)က တောင်းဆိုခဲ့တာပါ။ ဒီလိုထိရှလွယ်တဲ့အချက်အလက်တွေကို တယ်လီနောမြန်မာက စစ်အုပ်စု(စစ်ကောင်စီ)ကိုပေးပြီးနောက်ပိုင်းမှာလူ(၅၀၀)ကျော်အဖမ်းခံလိုက်ရပြီး လူပေါင်းများစွာဟာအသက်ဆုံးပါးနိုင်တဲ့အထိအန္တရာယ် ရှိနေတာ ဖြစ်ပါတယ်။ နိုင်ငံသားပေါင်း(၃၃.၄)သန်းရဲ့အင်တာနက်စီးဆင်းမှုတွေကို ကြည့်ရှုစစ်ဆေးခွင့်ရစေပြီး ဖြတ်သန်းစီးဆင်းမှုကို ကန့်သတ်ပိတ်ပင်နိုင်စွမ်းရှိတဲ့“Great Firewall”ကို နိုင်ငံအတွင်းဝန်ဆောင်မှုပေးတဲ့ အင်တာနက်အော်ပရေတာ (၁၃)ခုမှာတပ်ဆင်ကာ စောင့်ကြည့်မှုတွေလည်း ရှိနေတယ်လို့ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ ‘Justice For Myanmar’ရဲ့ အစီအရင်ခံစာအရ ထပ်မံအတည်ပြု သိရှိရပါတယ်။  


ဒီလိုရှိနှင့်နေပြီး ဒေတာအချက်အလက်တွေနဲ့ ‘PSMS’လိုမျိုး အသုံးပြုသူတစ်ဦးတစ်ယောက်ချင်းစီရဲ့ အင်တာနက်အသုံးပြုမှုကိုခွဲခြမ်းစိတ်ဖြားနိုင်တဲ့အေအိုင်(AI)စနစ်တွေပါဝင်တဲ့နည်းပညာတွေ ထပ်ဆင့်တိုးမြှင့်အသုံးပြုလိုက်တဲ့အချိန်မှာတော့ စောင့်ကြည့်ခံရတဲ့ရေချိန်က တစ်ဆင့်မြင့်တက်လာပါတယ်။ ယခု လက်ရှိအခြေအနေမှာ ‘PSMS’စနစ်ကြောင့်  အဖမ်းခံရသူအများအပြားရှိနေကာ စောင့်ကြည့်မှုနည်းပညာကို ဒီမိုကရေစီရရှိဖို့ ကြိုးပမ်းနေတဲ့သူတွေအပြင် တိုင်းပြည်တစ်ခုလုံးရဲ့ဖုန်းအသုံးပြုမှုပုံစံကို စောင့်ကြည့်ခြင်းဆိုတဲ့အဆင့်ကနေ လက်နက်သဖွယ်အသုံးပြုနေခြင်းဖြစ်ပါတယ်။ ဒါကြောင့် ‘PSMS’စနစ်ကလည်း စစ်အုပ်စု(စစ်ကောင်စီ)အထိန်းအကွပ်မဲ့ လူ့အခွင့်အရေးချိုးဖောက်နိုင်ဖို့တင်လိုက်တဲ့မောင်းတစ်ခုလိုပါပဲ။ ဒီအတွက်လည်း တရုတ်၊ ရုရှားနဲ့အစ္စရေး နိုင်ငံတို့က ဖြေဆိုရန်လိုအပ်တဲ့မေးခွန်းတွေဖြစ်ပါတယ်။ ဒါကြောင့် တယ်လီနောကုမ္ပဏီက စစ်အုပ် စု(စစ်ကောင်စီ)ကို မျှဝေလိုက်တဲ့ဒေတာတွေကနေ တစ်ဆင့်သွေးစွန်းစေတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တင်ပြခဲ့ခြင်းဖြစ်ပါတယ်။ နိုင်ငံတကာစာမျက်နှာတွေမှာလည်း တယ်လီနောနဲ့ပတ်သက်ပြီး ရေးသားထားတဲ့အကြောင်းအရာတွေကို မြင်တွေ့နိုင်မှာပဲဖြစ်ပါတယ်။  တယ်လီနောအပြင် အခြားသောတယ်လီကွန်းဆက်သွယ်ရေးကုမ္ပဏီတွေ အားလုံးနီးပါးက စစ်အုပ် စု(စစ်ကောင်စီ)ရဲ့ထိန်းချုပ်မှုအောက်မှာရှိနေတဲ့အတွက်ကြောင့် အချက်အလက်(Data)တွေကနေ တစ်ဆင့်နောက်ယောင် ခံခြင်းတွေ များစွာရှိလာမှာလည်းအသေအချာဖြစ်တာမို့ တော်လှန်ရေးနဲ့ထိစပ်သူတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားကြသူတွေ၊ ပြည်သူတွေအနေနဲ့ ဒစ်ဂျစ်တယ်အချက်အလက်တွေအပေါ် သတိချပ်ရမှာဖြစ်ပါတယ်။



Recommended Citation Style - Myanmar Internet Project(2025, Nov 14)၊

ဒစ်ဂျစ်တယ်ကိုယ်ရေးအချက်အလက် တလွဲအသုံးချခံရမှုအပေါ် သတိပြုရမည့်အချက်အလက်များ၊ 

Comments


bottom of page