ဝေဟင်တိုက်ခိုက်မှုများအကြား ဆက်သွယ်ရေးအမှောင်ကျခဲ့မှုများ
- Myanmar Internet Project
- Oct 2
- 2 min read

နိဒါန်း
စစ်ကောင်မရှင်၏လူ့အခွင့်အရေးချိုးဖောက်မှုများအနက် သိသာထင်ရှားသည့်လူ့အခွင့်အရေးချိုးဖောက်မှုမှာ သတင်းအချက်အ လက်ရရှိရေးအား ကန့်သတ်ချိုးဖောက်မှုဖြစ်သည်။ စစ်ကောင်စီသည် သတင်းစီးဆင်းမှုများအား ဟန့်တားနိုင်ရန် အင်တာနက်ဖြတ်တောက်မှုကို စစ်ရေးလက်နက်တစ်ခုသဖွယ် အသုံးပြုခဲ့သည်။ နောက်ဆက်တွဲ အကျိုးဆက်အနေဖြင့် အင်တာနက်ဖြတ်တောက်ခံရသည့်ပဋိပက္ခဒေသတွင်းနေထိုင်သောလူထုသည် သတင်းအမှောင်ကျမှုနှင့်အတူ အသက်ဘေးအန္တရာယ်ထိ ခိုက်စေသည့်အန္တရာယ်များကိုပါ ရှောင်ရှားနိုင်စွမ်း ချည့်နဲ့သွားခဲ့သည်။
သိသာထင်ရှားသည့်ပြယုဂ်တစ်ခုမှာ အင်တာနက်ပြတ်တောက်သည့်ဒေသအတွင်း စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် လူထု၏အသက်ဘေးအန္တရာယ်ထိခိုက်ခဲ့မှုအခြေအနေများဖြစ်သည်။ တော်လှန်ရေးရှည်ကြာလာသည့်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုကို စစ်ကော်မရှင်က စစ်ရေးအားသာချက်တစ်ခုအနေဖြင့်အသုံးချကာ အရပ်သားများနေထိုင်ရာဒေ သများကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာခြင်းဖြစ်သည်။ ကချင်ပြည်နယ်နှင့်ကရင်နီပြည်နယ်တို့တွင်လုပ်ဆောင်ခဲ့သည့် လေ ကြောင်းတိုက်ခိုက်မှု(၁၀)ခုအား မှတ်တမ်းတင်လေ့လာ၍ ၂၀၂၅ ခုနှစ် စက်တင်ဘာလတွင်ထုတ်ပြန်ခဲ့သော “Fortify Rights”၏“ကောင်းကင်ပြိုသည့်နေ့”အစီအရင်ခံစာတွင်လည်း စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘုရားကျောင်းများနှင့်နေ အိမ်များကို တမင်တကာပစ်မှတ်ထားသည့် တိုက်ခိုက်မှုများပါဝင်သည်ဟု ဖော်ပြထားသည်။
မြန်မာအင်တာနက်ပရောဂျက်(MIP)မှ ၂၀၂၅ ခုနှစ် မေလအတွင်းထုတ်ပြန်ခဲ့သည့် “အချက်အလက်များကပြောသောဒဏ် ရာဒဏ်ချက်များ”အစီအရင်ခံစာအရ အပစ်အခတ်ရပ်စဲမှုကာလနှစ်ကြိမ်အတွင်းစစ်အုပ်စု(စစ်ကော်မရှင်)လုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသော မြို့နယ်(၇၃)မြို့နယ်အနက်(၆၆)မြို့နယ်၌ အင်တာနက်အပါအဝင် ဆက်သွယ်ရေးပြတ်တောက်မှုများစွာ ကြုံခဲ့ရသောဒေသများဖြစ်နေသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)မှကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့မှ ဩဂုတ်လ(၃၁)ရက်နေ့အထိ (၂)လတာကာလအတွင်း စစ်အုပ်စုကြောင့် သေဆုံးသူ (၂၆၃)ဦးရှိခဲ့ပြီး (၁၆၀)ခန့်မှာစစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူများဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)မှလေ့လာခဲ့သည့်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၆၄၅)ခုအတွင်း သေဆုံးသူအားလုံး၏ (၉၆.၈၇)ရာခိုင်နှုန်းနှင့်ဒဏ်ရာရရှိသူ(၉၆.၁၅)ရာခိုင်နှုန်းမှာ ဆက်သွယ်ရေးပြတ်တောက်သည့်ဒေသများတွင် ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။
စစ်ဘေးကာလအတွင်း ရှင်သန်ရေးအတွက်အရေးပါသည့် သတင်းအချက်အလက်ရရှိရေးကို ဆက်သွယ်ရေးဆိုင်ရာဖြတ်တောက်မှုများပြုလုပ်၍ ထိန်းချုပ်ထားသည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုများမပြုလုပ်မီ အချို့ဖြစ်စဉ်များတွင် ဆက်သွယ်ရေးဖြတ်တောက်မှုများပြုလုပ်ခဲ့ခြင်းသည်လည် အကာအကွယ်မဲ့လူထုအား အထိအရှပိုမိုများစေသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)က စုဆောင်းထားသည့်အချက်အလက်များအရ အာဏာသိမ်းကာလတစ်လျှောက် အင်တာနက်ဖြတ်တောက်မှုပေါင်း(၄၀၀)ကျော်အထိဖြစ်ခဲ့သည်ကို တွေ့ရသည်။
ယခုအစီအရင်ခံစာတွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအတွင်း အာဏာသိမ်းစစ်တပ်လုပ်ဆောင်ခဲ့သော လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များနှင့် ယင်းဒေသများ၏ဆက်သွယ်ရေးရရှိနိုင်မှုအခြေအနေကို နှိုင်းယှဉ်လေ့လာပြီး အင်တာနက်ပြတ်တောက်မှုနှင့်လေကြောင်းတိုက်ခိုက်ခံရမှုဆုံမှတ်များကြောင့် ပဋိပက္ခဒေသအတွင်း လူထု၏ ”ဝေဟင်တိုက်ခိုက်မှုများအကြား ဆက်သွယ်ရေးအမှောင်ကျခဲ့မှုအခြေအနေများ”ကို လေ့လာတင်ပြသွားမည်။
အချက်အလက်ရယူမှုနည်းနာ
လေကြောင်းတိုက်ခိုက်မှုသတင်းအချက်အလက်များနှင့်လေကြောင်းတိုက်ခိုက်မှုများကြောင့်ဖြစ်ပေါ်ခဲ့သည့် ထိခိုက်မှုသတင်းအချက်အလက်များအားရယူရာတွင် ဒေသတွင်း အခြေပြုသတင်းဌာနများနှင့်လွတ်လပ်သော သတင်းမီဒီယာများ၏ဖော်ပြချက်များကို နေ့စဉ်မှတ်တမ်းတင်စုဆောင်းရယူထားပါသည်။ ထို့အပြင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများမှထုတ်ပြန်သည့် လေကြောင်းတိုက်ခိုက်မှုနှင့်သက်ဆိုင်သောအချက်အလက်များနှင့် လွတ်လပ်သောအဖွဲ့အစည်းများ၏အစီအရင်ခံစာများမှလည်း ထည့်သွင်းစုဆောင်းထားပါသည်။
အင်တာနက်၊ ဖုန်းလိုင်းပြတ်တောက်နေမှုအခက်အခဲနှင့်ဆက်သွယ်ရေးဆိုင်ရာလုံခြုံမှုအခြေအနေအများကြောင့် သေဆုံးထိ ခိုက်ဒဏ်ရာရရှိမှုအရေအတွက်များအား အချက်အလက်များရယူ ထည့်သွင်းတွက်ချက်ရာ၌ မြေပြင်အခြေအနေနှင့်အရေအ တွက်ကွဲလွဲမှု ရှိနိုင်ပါသည်။ အချို့သော လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသည့် ဖြစ်စဉ်များကိုဖော်ပြရာတွင် သတင်းဌာနတစ်ခုချင်းစီ၏ ကိန်းဂဏန်းမတူညီမှုအခြေအနေများကိုလည်း တွေ့ရှိရပါသည်။ ထိခိုက်ဒဏ်ရာအများအပြားရရှိသည့်ဖြစ်စဉ်များတွင် အရေအတွက်ထည့်သွင်းဖော်ပြထားခြင်းမရှိ သည့်သတင်းအချက်အလက်များကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအရေအတွက်သည် အစီအရင်ခံစာတွင်ဖော်ပြထားသည့် ကိန်းဂဏန်းထက် မြေပြင်တွင် ပိုမိုများပြားပါမည်။
ထို့အပြင် အစီအရင်ခံစာတွင်ဖော်ပြသောကိန်းဂဏန်းများ သေချာမှုရှိစေရန်အတွက် ကွဲလွဲချက်ရှိသောသတင်းများမှ အချက် အလက်များအား ရေတွက်ရာတွင် အနည်းဆုံးသောကိန်းဂဏန်းများကိုသာ ထည့်သွင်းတွက်ချက်ထားပါသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှဇူလိုင်လအတွင်း
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့်ဒေသများ
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှဇူလိုင်လအတွင်း စစ်အုပ်စုလုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုပေါင်း(၆၄၅)ခုအား မြန် မာအင်တာနက်ပရောဂျက်(MIP)က စုစည်းနိုင်ခဲ့ပါသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုများသည် ရန်ကုန်တိုင်းဒေသကြီးမှလွဲ၍ ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၃)ခုရှိ မြို့နယ်ပေါင်း(၁၂၃)မြို့နယ်တွင် တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် မြန်မာနိုင်ငံရှိ မြို့နယ်သုံးပုံတစ်ပုံကျော်ခန့်မှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှဇူလိုင်လအတွင်း စစ်အုပ်စု၏လေကြောင်းတိုက် ခိုက်မှုနှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
တိုင်းဒေသကြီးအလိုက် လေကြောင်းတိုက်ခိုက်မှုကြုံတွေ့ခဲ့ရသည့်မြို့နယ်များနှင့်
ဆက်သွယ်ရေးပြတ်တောက်မှုအခြေအနေ

ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်မှုကြုံတွေ့ခဲ့ရသည့်မြို့နယ်များနှင့်
ဆက်သွယ်ရေးပြတ်တောက်မှုအခြေအနေ

မြန်မာအင်တာနက်ပရောဂျက်(MIP)မှမှတ်တမ်းပြုစုထားသောအင်တာနက်ဖြတ်တောက်ခံရမှုမှတ်တမ်းများနှင့်တိုက်ဆိုင်စစ် ဆေးကြည့်ရာတွင် လေကြောင်းတိုက်ခိုက်ခံရမှု ကြုံတွေ့ခဲ့ရသည့် မြို့နယ်ပေါင်း(၁၂၃)မြို့နယ်အနက် (၁၁၅)မြို့နယ်ရှိ လေ ကြောင်းတိုက်ခိုက်ခံဒေသများသည် ဆက်သွယ်ရေးပြတ်တောက်မှုနှင့်ကြုံတွေ့ခဲ့ရသည်ကို တွေ့ရှိရသည်။ တစ်နည်းအားဖြင့် လေကြောင်းအန္တရာယ်နှင့်ကြုံတွေခဲ့ရသည့်ဒေသများ၏(၉၃.၄၉)ရာခိုင်နှုန်းသည် ဆက်သွယ်ရေးပြတ်တောက်မှုများနှင့်ပါကြုံ တွေ့နေရသည်။
လေကြောင်းတိုက်ခိုက်မှု နေ့စဉ်ပြုလုပ်ခဲ့သည့်အခြေအနေ
မြန်မာအင်တာနက်ပရောဂျက်(MIP)မှနေ့စဉ်စုဆောင်းထားသောအချက်အလက်များအရ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ ဇူ လိုင်လအတွင်း အာဏာသိမ်းစစ်အုပ်စုသည် အရပ်သားနေရာများသို့ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများအား နေ့ စဉ်နီးပါးပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။
လေကြောင်းတိုက်ခိုက်မှု(၁၀)ကြိမ်ထက်မနည်းပြုလုပ်ခဲ့သည့် နေ့ရက်ပေါင်း(၇)ရက်ထက်မနည်း ရှိခဲ့သည်ကိုလည်း တွေ့ရှိရသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)မှနေ့စဉ်စုဆောင်းထားသောမှတ်တမ်းများအရ (၆)လအတွင်း လေကြောင်းတိုက် ခိုက်မှုမတွေ့ရှိရသည့် ရက်ပေါင်း(၁၉)ရက်သာ တွေ့ရှိရသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအတွင်းလုပ်ဆောင်ခဲ့သည့် နေ့စဉ်လေကြောင်းတိုက်ခိုက်မှု အကြိမ်အရေအတွက်
(၆)လအတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ(၆၄၅)ကြိမ် ဖြစ်ပေါ်ခဲ့ကြောင်း မှတ်တမ်းရရှိခဲ့သည်ဖြစ်ရာ ပျမ်းမျှအားဖြင့်(၁)ရက်လျှင် အနည်းဆုံးလေကြောင်းတိုက်ခိုက်မှု(၃.၄၆)ကြိမ် တွေ့ကြုံခဲ့ရသည်ဟု ဆိုနိုင်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်
လေကြောင်းတိုက်ခိုက်ခံခဲ့ရသောအခြေအနေများ
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေများကိုလေ့လာကြည့်ရာ စစ်ကိုင်းတိုင်းဒေသကြီး သည် လေကြောင်းတိုက်ခိုက်မှုအများဆုံးကြုံတွေ့ခဲ့ရသော တိုင်းဒေသကြီးဖြစ်သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှ ဇူလိုင်လအတွင်းလုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုပေါင်း(၆၄၅)ခုတွင် အနည်းဆုံး(၁၆၂)ခုမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင်ဖြစ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုအားလုံး၏(၂၅)ရာခိုင်နှုန်းခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ခဲ့သည်ကိုတွေ့ရသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)ကစုဆောင်းထားသည့်အချက်အလက်များအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့်မြို့နယ်များသည် အင်တာနက်ပြတ်တောက်မှုနှင့်ကြုံတွေ့နေရသည့်ဒေသများဖြစ်သည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီးသည် အာဏာသိမ်းကာလမှစတင်ပြီး အင်တာနက်ဖြတ်တောက်ခံရမှုအများဆုံးကြုံတွေ့ခဲ့သည့် မြို့နယ်လည်း ဖြစ်သည်။

လေကြောင်းတိုက်ခိုက်ခံရမှုကို ဒုတိယအများဆုံးကြုံတွေခဲ့ရသည့်ဒေသမှာ မန္တလေးတိုင်းဒေသကြီးဖြစ်သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှဇူလိုင်လအတွင်းလုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုပေါင်း(၆၄၅)ခုတွင် အနည်းဆုံး(၁၀၀)ခုမှာ မန္တလေးတိုင်းဒေသကြီးတွင် ဖြစ်ခဲ့သည်။

လေကြောင်းတိုက်ခိုက်မှုအားလုံး၏(၁၅.၅)ရာခိုင်နှုန်းခန့်မှာ မန္တလေးတိုင်းဒေသကြီးအတွင်းဖြစ်ခဲ့သည်ကိုတွေ့ရသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)မှစုဆောင်းထားသည့်အချက်အလက်များအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် မြို့နယ်များ၏(၉၀)ရာခိုင်နှုန်းသည် အင်တာနက်ပြတ်တောက်မှုနှင့်ကြုံတွေ့နေရသည့်ဒေသများ ဖြစ် သည်။
မြန်မာအင်တာနက်ပရောဂျက်(MIP)မှကောက်ယူထားသော အချက်အလက်များအရ မန္တလေးတိုင်းဒေသကြီးတွင် အင်တာနက်ပြတ်တောက်မှုအကြိမ်(၂၁)ကြိမ်သာရှိသည်ကို တွေ့ရသည်။ သို့သော် မန္တလေးတိုင်းဒေသကြီးအတွင်း လေကြောင်းတိုက် ခိုက်ခံရသည့်မြို့နယ်များ၏အခြေအနေကို ပြန်လည်သုံးသပ်ရာတွင် မြို့နယ်ပေါင်း(၁၀)မြို့နယ်အနက်(၉)မြို့နယ်သည် အင်တာနက်ဖြတ်တောက်ခံထားရသည်ကိုတွေ့ရသည်။ ထို့အပြင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စစ်ကောင်စီလက်လွှတ်ခဲ့ရသည့် မိုးကုတ်ကဲ့သို့ မြို့နယ်များနှင့်တော်လှန်ရေးအင်အားစုများနှင့်ထိတွေ့မှုများသည့်မြို့နယ်များဖြစ်သော သပိတ်ကျင်းကဲ့သို့မြို့နယ်များသည် လေကြောင်းတိုက်ခိုက်မှုအကြိမ်များစွာ ကြုံတွေ့ထားရသည်။ တစ်နည်းအားဖြင့် အင်တာနက်ပြတ်တောက်နေသည့်မြို့နယ်များအပေါ် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုဖြင့် ခြိမ်းခြောက်နေခြင်းကသက်သေပြနေခြင်းပင် ဖြစ်သည်။
ပြည်နယ်များ၌ ရှမ်းပြည်နယ်နှင့်ရခိုင်ပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးကြုံတွေ့ခဲ့ရသည့် ပြည်နယ်များဖြစ်သည်။ ရှမ်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်ခံရမှုအကြိမ် အနည်းဆုံး(၆၀)ကြိမ်ကြုံတွေ့ခဲ့ရသည်။ ရခိုင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု(၄၉)ကြိမ် အနည်းဆုံးကြုံတွေ့ခဲ့ရသည်။ ယင်းပြည်နယ်နှစ်ခု၏လေကြောင်းတိုက်ခိုက်ခံရမှုအခြေအ နေမှာလေကြောင်းတိုက်ခိုက်မှုအားလုံး၏(၁၆.၉)ရာခိုင်နှုန်းခန့်ရှိသည်။ ရခိုင်ပြည်နယ်သည် ပြည်နယ်တစ်ခုလုံးနီးပါး ဆက်သွယ်ရေးဖြတ်တောက်ခံခဲ့ရသည့်ဒေသတစ်ခုဖြစ်သည်။ ရှမ်းပြည်နယ်အတွင်းရှိ လေကြောင်းတိုက်ခိုက်ခံရမှုနှင့်ကြုံတွေ့ခဲ့ရသည့်မြို့နယ်(၇)မြို့နယ်သည်လည်း ဆက်သွယ်ရေးပြတ်တောက်မှုများနှင့်ကြုံတွေ့နေရသည့်ဒေသများ ဖြစ်သည်။
အထက်ပါအခြေအနေများကို လေ့လာကြည့်ပါက ဆက်သွယ်ရေးပြတ်တောက်နေသောဒေသများသည် လေကြောင်းတိုက် ခိုက်ခံရမှုအန္တရာယ်နှင့် ပိုမိုကြုံတွေ့ရနိုင်ခြေရှိသောအခြေအနေဖြစ်ကြောင်း မီးမောင်းထိုးပြနေသည်။
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့်အရပ်သားထိခိုက်မှုအခြေအနေ
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှဇူလိုင်လအတွင်းလုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုပေါင်း(၆၄၅)ခုတွင် အရပ်သားပြည်သူအနည်းဆုံး(၁,၀၈၆)ဦး အသက်ဆုံးရှုံးခဲ့ရပြီး၊ အရပ်သားပြည်သူအနည်းဆုံး(၁,၇၁၄)ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်သွယ်ရေးပြတ်တောက်မှုအခြေအနေနှင့်ပတ်သက်၍ အတည်မပြုနိုင်သည့်နေရာ(၉)ခုရှိ သေဆုံးဒဏ်ရာရရှိသောစာ ရင်းကိုဖယ်ထုတ်ပြီး တွက်ချက်မှုပြုလုပ်ခဲ့သည်။ ယင်းတွက်ချက်မှုအရ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် (၆၄၅)ခုအတွင်း သေ ဆုံးသူအားလုံး၏(၉၆.၈၇)ရာခိုင်နှုန်းနှင့်ဒဏ်ရာရရှိသူ(၉၆.၁၅)ရာခိုင်နှုန်းမှာ ဆက်သွယ်ရေးပြတ်တောက်သည့်ဒေသများတွင်ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။
အထက်ပါ ကိန်းဂဏန်းများသည် ဆက်သွယ်ရေးပြတ်တောက်နေသည့် ပဋိပက္ခဒေသများတွင်နေထိုင်သော အရပ်သားများ သည် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများအတွင်း အသက်အန္တရာယ်ဖြစ်ပေါ်နိုင်ခြေမှာ သိသာစွာမြင့်မားနေကြောင်း သက် သေခံနေသည်။

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှဇူလိုင်လအတွင်းလုပ်ဆောင်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး(၁၆၈)ဦးအ နည်းဆုံးသေဆုံးခဲ့ပြီး (၈၅)ဦးဒဏ်ရာရရှိခဲ့သည်။ ကလေးသူငယ်(၆၇)ဦးမှာလည်း အနည်းဆုံးသေဆုံးခဲ့ပြီး(၄၀)ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးနှင့်ဒဏ်ရာရကိန်းဂဏန်းအား ကျား၊ မ ခွဲခြားကောက်ယူရာတွင် အစုလိုက်အပြုံလိုက်သေဆုံးသည့်ဖြစ်စဉ်များတွင် ကျား၊ မခွဲခြားဖော်ပြခြင်းမရှိသည့်အတွက် အတိအကျကောက်ယူနိုင်ခြင်းမရှိသဖြင့် မြေပြင်တွင် အမျိုးသမီးနှင့်က လေးထိခိုက်သေဆုံးမှုအခြေအနေမှာ ယခုကိန်းဂဏန်းထက် များစွာပိုနိုင်ပါသည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် အခြေခံအဆာက်အအုံပျက်စီခဲ့မှုအခြေအနေ
အာဏာသိမ်းစစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်ပေါ်စေသည့်နာကျင်မှုများတွင် ထိခိုက်သေဆုံးမှုများသာမ က အခြေခံအဆောက်အအုံဖျက်စီးခံရမှုများလည်း ပါဝင်သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှဇူလိုင်လအတွင်း လုပ်ဆောင်ခဲ့သည့်လေကြောင်းတိုက်ခိုက်မှုများကြောင့် ဗုဒ္ဓဘာသာသာသနာအဆောက်အဦ(စေတီနှင့်ဘုန်းကြီးကျောင်း)(၇၇)ခု၊ ဗလီ(၁) လုံးနှင့်ခရစ်ယာန်ဘုရားကျောင်း(၅)ကျောင်းထိခိုက်ပျက်စီးခဲ့သည်။ ထို့အပြင် စာသင်ကျောင်းပေါင်းအနည်းဆုံး(၅၀)ကျောင်းနှင့်ဆေးရုံဆေးခန်းအနည်းဆုံး(၁၉)ခု ထိခိုက်ဆုံးရှံးခဲ့သည်။
ပျက်စီးဆုံးရှုံးမှုများထဲတွင် အရပ်သားများ၏ပိုင်ဆိုင်မှုများဖြစ်သော စျေးဆိုင်၊ တည်းခိုခန်းနှင့်လူနေအိမ် ထောင်ပေါင်းများစွာပါ ပျက်စီးဆုံးရှုံးခဲ့သည်။

ဘုန်းကြီးကျောင်း၊ ဗလီနှင့်ခရစ်ယာန်ဘုရားကျောင်းကဲ့သို့ ဘာသာရေးအဆောက်အဦများစွာ ဗုံးကြဲခံရသည့်အခြေအနေများကြောင့် စစ်ဘေးရှောင်အရပ်သားများအတွက် နားခိုရာမဲ့စေသည်။ ဆေးရုံဆေးခန်းများသို့ ဦးတည်သည့်ဗုံးကြဲမှုများသည် သာ မန်ကျန်းမာရေးကိစ္စထက်ပိုသော အသက်အန္တရာယ်ပါ အချိန်မရွေးထိခိုက်စေသည့် ပဋိပက္ခဒေသတွင်နေထိုင်သောအရပ် သားများကို သွယ်ဝိုက်သောနည်းဖြင့် အသက်အန္တရာယ်ခြိမ်းခြောက်မှုတစ်ခုပင်ဖြစ်သည်။ အထက်ပါ ကိန်းဂဏန်းများအရ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူမှုအခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုများသည် မတော်တဆမဟုတ်ဘဲ ရည် ရွယ်ချက်ရှိရှိပြုလုပ်ခဲ့သည်ကို သက်သေခံနေသည်။
တွေ့ရှိချက်
မြန်မာနိုင်ငံရှိ မြို့နယ်သုံးပုံတစ်ပုံကျော်ခန့်မှာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှဇူလိုင်လအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှင့်ကြုံတွေ့ခဲ့သည်။ လေကြောင်းအန္တရာယ်နှင့်ကြုံတွေခဲ့ရသည့်ဒေသများ၏ ၉၂.၇၄ရာခိုင်နှုန်းသည် ဆက်သွယ်ရေးပြတ်တောက်မှုများနှင့်ပါ ရင်ဆိုင်နေရာသောဒေသများဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုအားလုံး၏ ၂၅ ရာခိုင်နှုန်းခန့်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ခဲ့သည်ကို တွေ့ရသည်။ စစ် ကိုင်းတိုင်းဒေသကြီးအတွင်းရှိ လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် မြို့နယ်များသည် အင်တာနက်ပြတ်တောက်မှုနှင့်ကြုံ တွေ့နေရသည့် ဒေသများဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၆၄၅)ခုအတွင်း သေဆုံးသူအားလုံး၏(၉၆.၈၇)ရာခိုင်နှုန်းနှင့်ဒဏ်ရာရ ရှိသူ(၉၆.၁ ၅)ရာ ခိုင်နှုန်းမှာ ဆက်သွယ်ရေးပြတ်တောက်သည့်ဒေသများတွင် နေထိုင်သူများဖြစ်သည်။
လူမှုအခြေခံအဆောက်အအုံများအား ပစ်မှတ်ထားသည့် လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။
အကြံပြုချက်
နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် အားနည်းသောအပြစ်မဲ့အသိုင်းအဝိုင်းအပေါ်လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက်အန္တရာယ်ထိခိုက်မှုများ လျော့ပါသက်သာစေရေးအတွက် ဆက်သွယ်ရေးဆိုင်ရာပစ္စည်းများနှင့်နည်းပညာများကို ထောက်ပံ့ပေးရန်။
ဖြစ်ပေါ်နေသော ဆက်သွယ်ရေးပြတ်တောက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ရသည့်အခြေအနေများ လျော့ပါးစေရေးအ တွက် ဆက်သွယ်ရေးဖြတ်တောက်မှုများ ဆက်လက်မပြုလုပ်စေရေး အာဏာသိမ်းစစ်တပ်အား ဖိအားပေးဆောင်ရွက်ရန်။
အရပ်သားလူထုအပေါ် အာဏာသိမ်းစစ်တပ်၏ဖိနှိပ်မှုများအား မှတ်တမ်းတင်ထားနိုင်ရေးအတွက်လိုအပ်သောနည်းပ ညာနှင့်ဘဏ္ဍာရေးအရင်းအမြစ်ပံ့ပိုးပေးရေးများအား လွတ်လပ်သောဒေသတွင်းအဖွဲ့အစည်းများက အကူအညီပံ့ပိုးပေးရန်။
တို့ကို အကြံပြုတိုက်တွန်းအပ်ပါသည်။
Recommended Citation Style - Myanmar Internet Project(2025, Oct 2)၊ ဝေဟင်တိုက်ခိုက်မှုများအကြား ဆက်သွယ်ရေးအမှောင်ကျခဲ့မှုများ၊ https://www.myanmarinternet.info/my/post/airstrike_2_0ct_2025




Comments