အချက်အလက်များကပြောသော ဒဏ်ရာဒဏ်ချက်များ
- Myanmar Internet Project
- May 21
- 2 min read
အပစ်ရပ်ကာလကြေညာထားချိန် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများ
၂၀၂၅ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့ အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် စစ်ကောင်စီက ဧပြီလ(၂)ရက်နေ့မှ (၂၂)ရက်နေ့အ ထိ အပစ်ရပ်မည်ဟု ကြေညာခဲ့သည်။ ထို့နောက် အပစ်ရပ်ကာလကို ဧပြီလ(၃၀)ရက်နေ့အထိ သက်တမ်းတိုးခဲ့သည်။ အပစ်ရပ်ကြေညာခဲ့သော်လည်း လေကြောင်းတိုက်ခိုက်မှုနှင့်စစ်ကြောင်းထိုးမှုများကို စစ်ကောင်စီက အဆက်မပြတ်ပြုလုပ်ခဲ့သည်။
မြန်မာအင်တာနက်ပရောဂျက်(MIP)က စစ်ကောင်စီ၏အပစ်ရပ်သက်တမ်း(၂)ခုအတွင်းလုပ်ဆောင်ခဲ့သော လေကြောင်း တိုက်ခိုက်မှုများအား လွတ်လပ်သောသတင်းမီဒီယာများနှင့်ဒေသတွင်းသတင်းမီဒီယာများမှာဖော်ပြလာသည့် ဖြစ်စဉ်များကို စောင့်ကြည့်စုဆောင်းခဲ့ရာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၁၃၇)ခုကို စုဆောင်းရရှိခဲ့ပါသည်။ ယခုအစီအရင်ခံစာတွင်ပါရှိ သည့်အချက်အလက်များသည် မြန်မာအင်တာနက်ပရောဂျက်(MIP)မှစုဆောင်းထားသော လေကြောင်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်(၁၃၇)အပေါ်တွင် အခြေပြုလေ့လာထားပါသည်။
လေကြောင်းတိုက်ခိုက်ခံရသော မြို့နယ်များအခြေအနေ
အပစ်ရပ်ကာလ(၂)ကြိမ်အတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၃)ခုအတွင်းရှိ မြို့နယ်(၇၃)မြို့နယ်တွင် စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)ကစုဆောင်းထားသော ဆက်သွယ်ရေးပြတ် တောက်မှုဆိုင်ရာအချက်အလက်များဖြင့် စစ်ဆေးကြည့်ရာတွင် လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် မြို့နယ်ပေါင်း(၇၃)မြို့နယ်အနက် မြို့နယ်(၆၆)မြို့နယ်သည် အင်တာနက်အပါအဝင် ဆက်သွယ်ရေးဆိုင်ရာပြတ်တောက်မှုများနှင့်တွေ့ကြုံခဲ့ကြရသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံရသည့်မြို့နယ်အရေအတွက်ပြဇယား
အပစ်ရပ်ကာလ(၂)ကြိမ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အနည်းဆုံးမြို့နယ်ပေါင်း(၂၀)မြို့နယ်အထိ လေကြောင်း တိုက်ခိုက်ခံရမှုများ ကြုံတွေ့ခဲ့ရသည်။
ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးသေဆုံးမှုများဖြစ်ပေါ်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်ကောင်စီနှင့်ပဲခူးတိုင်းဒေသကြီးတို့အား အရေးပေါ်အခြေအနေအ ဖြစ်ကြေညာခဲ့သည်။ အရေးပေါ်အခြေအနေအဖြစ်ကြေညာထားသည့်ဒေသများတွင်ပါဝင်သော စစ်ကိုင်းတိုင်းဒေသကြီးအ တွင်းရှိ မြို့နယ်(၂၀)မြို့နယ်၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၆) မြို့နယ်နှင့်ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်တို့၌ အနည်းဆုံးမြို့နယ်(၄၀)မြို့နယ်တို့သည် စစ်ကောင်စီ၏လေ ကြောင်းတိုက်ခိုက်မှုဒဏ်ခံခဲ့ရသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံရမှုအခြေအနေ
မြန်မာအင်တာနက်ပရောဂျက်(MIP)မှ စုဆောင်းနိုင်ခဲ့သော လေကြောင်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်(၁၃၇)ခုအနက် လေ ကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၄၃)ခုမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၀)မြို့နယ်တွင် ဖြစ်ပေါ်ခဲ့ပြီး၊ ဖြစ်စဉ်(၂၄)ခု မှာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၇)မြို့နယ်တွင် ဖြစ်ပေါ်ခဲ့သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံရသည့်အရေအတွက်ပြဇယား
အရေးပေါ်အခြေအနေကြေညာခံထားရသော စစ်ကိုင်း၊ မကွေး၊ မန္တလေးနှင့်ပဲခူး စသည့် တိုင်းဒေသကြီး(၄)ခု၌ လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ် အနည်းဆုံး(၈၃)ကြိမ် ကြုံတွေ့ခဲ့ရသည်။ တစ်နည်းအားဖြင့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အားလုံး၏ ၆၀.၅၉ ရာခိုင်နှုန်းမှာ ငလျင်ဒဏ်အကြီးအကျယ်ခံရသည့်ဒေသများအတွင်း ဖြစ်ပေါ်ခဲ့သည်ဟု ဆိုနိုင်သည်။ မြန်မာအင်တာ နက်ပရောဂျက်(MIP)မှစုဆောင်းထားသော ဆက်သွယ်ရေးပြတ်တောက်မှုဆိုင်ရာအချက်အလက်များအရ အရေးပေါ်အခြေ အနေကြေညာရာတွင်ပါဝင်ပြီး လေကြောင်းတိုက်ခိုက်မှုကြုံတွေ့ခဲ့ရသည့် တိုင်းဒေသကြီး(၄)ခုရှိ မြို့နယ်(၄၀)မြို့နယ်အနက် (၃၃)မြို့နယ်သည် အင်တာနက်ပြတ်တောက်မှုနှင့် ကြုံတွေ့ခဲ့ရသည့်မြို့နယ်များဖြစ်သည်။
နေ့စဉ်လုပ်ဆောင်ခဲ့သော လေကြောင်းတိုက်ခိုက်မှုအခြေအနေ
မြန်မာအင်တာနက်ပရောဂျက်(MIP)မှစုဆောင်းထားသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၁၃၇)ခုအား သရုပ်ခွဲလေ့လာ ကြည့်ရာတွင် အပစ်ရပ်(၂)ကြိမ်ကြေညာထားစဉ်ကာလအတွင်း လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။
အပစ်ရပ်ကာလကြေညာထားချိန်အတွင်း စစ်ကောင်စီ၏နေ့စဉ်လေကြောင်းတိုက်ခိုက်မှုအခြေအနေပြဇယား
အရပ်သား သေဆုံး/ဒဏ်ရာရရှိမှု အခြေအနေ
မြန်မာအင်တာနက်ပရောဂျက်(MIP)မှစုဆောင်းထားသည့်လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၁၃၇)ခုကို သရုပ်ခွဲလေ့လာကြည့် ရာတွင် အပစ်ရပ်(၂)ကြိမ်ကြေညာထားစဉ်ကာလအတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးသူ (၂၀၁)ဦးရှိသည်ကို တွေ့ရှိရပြီး ဒဏ်ရာရရှိသူ(၂၆၈)ဦးရှိသည်ကို တွေ့ရှိရသည်။ (အချို့သောလေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များတွင် သေဆုံး၊ ဒဏ်ရာရရှိသူအရေအတွက်ကို တိကျစွာဖော်ပြထားခြင်းမရှိသည့်အတွက် ထည့်သွင်းတွက်ချက်နိုင်ခြင်း မရှိပါ။ ထို့ကြောင့် သေဆုံးသူနှင့်ဒဏ်ရာရအရေအတွက်သည် ယခုဖော်ပြချက်ထက် သိသာစွာ ပိုမိုနိုင်ပါသည်။)
လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူနှင့်ဒဏ်ရာရရှိသူများ အခြေအနေပြပုံ
လေကြောင်းတိုက်ခိုက်မှုများကြောင့် (၅)ဦးနှင့်အထက် သေဆုံးသောဖြစ်စဉ်(၉)ခုနှင့် (၁၀)ဦးနှင့်အထက် သေဆုံးသောဖြစ် စဉ်(၃)ခုရှိခြင်းကြောင့် အစုလိုက်အပြုံလိုက်သေဆုံးသည့်ဖြစ်စဉ်စုစုပေါင်း(၁၂)ခုဖြစ်ခဲ့သည်။ ယင်းတို့မှာ လိပ်ကျကျေးရွာဖြစ် စဉ်၊ လူ(၂၇)ဦးအထိ သေဆုံးခဲ့သည့်ရေထွက်ရွာဖြစ်စဉ်နှင့် လူ(၃၀)နီးပါးသေဆုံးခဲ့သည့် ဝန်းသိုမြို့နယ် နန်းခမ်းရွာဖြစ်စဉ်တို့ဖြစ်သည်။ လေကြောင်းတိုက်ခိုက်မှုကြောင်း သေဆုံးသူများ၏ ၉၇.၅ ရာခိုင်နှုန်းမှာ အင်တာနက်ပြတ်တောက်နေသည့် ဒေသများတွင် နေထိုင်သူများဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် အရပ်သားသေဆုံးမှုနှင့်ဒဏ်ရာရမှုအခြေအနေပြဇယား
လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း (၈၆)ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်း(၅၀)ဦး၊ မကွေး တိုင်းဒေသကြီးအတွင်း(၈)ဦးနှင့်ပဲခူးတိုင်းဒေသကြီးအတွင်း(၁၀)ဦး သေဆုံးခဲ့သည်။ သေဆုံးသူ ၇၆.၆၁ ရာခိုင်နှုန်းမှာ ငလျင်ကြောင့် အရေးပေါ် အခြေအနေကြေညာခံထားရသည့်ဒေသများမှဖြစ်သည်ကို တွေ့ရသည်။
လူမှုအခြေခံအဆောက်အအုံများ ပျက်စီးခြင်းအခြေအနေ
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ဆေးရုံ/ဆေးခန်း၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံစသည့် လူ မှုအခြေခံအဆောက်အအုံ အများအပြားထိခိုက်ပျက်စီးခဲ့ရသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)မှစုဆောင်းနိုင်ခဲ့သည့် လေကြောင်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်(၁၃၇)ခုအတွင်း စာသင်ကျောင်း(၃)ခု၊ ဆေးရုံ/ဆေးခန်း(၉)ခုနှင့် သာသနိကအ ဆောက်အအုံ(၁၄)ခုတို့ ထိခိုက်ပျက်စီးခဲ့သည်ကို တွေ့ရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့်ပျက်စီးခဲ့သော အခြေခံအဆောက်အအုံများအခြေအနေပြပုံ
သာသနိကအဆောက်အအုံများ ထိခိုက်ပျက်စီးမှုသည် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များ၏(၁၀)ရာခိုင်နှုန်းတွင် တွေ့ရှိရပြီး၊ ဆေးရုံ/ဆေးခန်းထိခိုက်မှုသည် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များ၏(၆.၅၆)ရာခိုင်နှုန်းတွင် တွေ့ရှိရသည်။ လူမှုအခြေခံအ ဆောက်အအုံ ထိခိုက်ပျက်စီးမှုသည် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်အားလုံး၏ (၅)ပုံ(၁)ပုံခန့်တွင် တွေ့ရှိရသည်ဖြစ်ရာ ယင်းနေရာများသို့ စစ်ဘေးရှောင်မှုများမှာ စစ်ဘေးရှောင်သူများအတွက်အန္တရာယ်ရှိသည့်အခြေအနေဖြစ်သည်။ ထို့အပြင် လေ ကြောင်းတိုက်ခိုက်မှုကြောင့် လူမှုအခြေခံအဆောက်အအုံထိခိုက်မှုအားလုံးသည် ဆက်သွယ်ရေးပြတ်တောက်နေသည့် ဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တွေ့ရှိချက်များ
မြန်မာအင်တာနက်ပရောဂျက်(MIP)၏လေ့လာမှုများအရ အောက်ဖော်ပြပါ အချက်အလက်များကို တွေ့ရှိခဲ့ပါသည်။
ငလျင်ဘေးအန္တရာယ်ကြောင့် အရေးပေါ်အခြေအနေကြေညာထားသည့်ဒေသများရှိ အနည်းဆုံးမြို့နယ်(၄၀)မြို့ နယ်ကို အပစ်ရပ်ကြေညာထားစဉ်ကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်
စစ်ကောင်စီ၏အပစ်ရပ်(၂)ကြိမ်အတွင်း လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် မြို့နယ်(၇၃)မြို့နယ်အနက်(၆၆)မြို့ နယ်၌ အင်တာနက်အပါအဝင် ဆက်သွယ်ရေးဆိုင်ရာပြတ်တောက်မှုကြုံခဲ့ရသောဒေသများဖြစ်နေသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူများ၏ ၉၇.၅ ရာခိုင်နှုန်းမှာ အင်တာနက်ပြတ်တောက်နေသော ဒေသများတွင် နေထိုင်သူများဖြစ်သည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် လူမှုအခြေခံအဆောက်အအုံ ထိခိုက်မှုများအားလုံးသည် ဆက်သွယ်ရေးပြတ်တောက်နေသောဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
Recommended Citation Style - Myanmar Internet Project(2025, May 21), အချက်အလက်များကပြောသော ဒဏ်ရာဒဏ်ချက်များ, https://www.myanmarinternet.info/my/post/earthquake_airstrike_21_may_2025
ความคิดเห็น