ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် စစ်ကော်မရှင်ကတိုက်ရိုက်ခြိမ်းခြောက်နေသော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်
- Myanmar Internet Project
- Nov 19
- 1 min read
Updated: Nov 24

“ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှကာကွယ်ပေးရေးဥပဒေ”အား စစ်ကော်မရှင်က ပြဋ္ဌာန်းပြီး ယင်းဥပဒေအသုံးပြု၍ လူတစ်ဦးခြင်းနှင့်အဖွဲ့အစည်းများအား ဖမ်းဆီးမှုနှင့်တရားစွဲဆိုမှုများပြုလုပ်လာသည်ကို တွေ့ရသည်။ အဆိုပါ ဥပဒေကို ၂၀၂၅ ခုနှစ် ဇူလိုင်လ(၂၉)ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၄၈/၂၀၂၅)အဖြစ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့သည်။ ထိုဥပဒေ၏ပြစ်မှုပြစ်ဒဏ်များသည် အလွန်ပြင်းထန်၍ အနည်းဆုံး ထောင်ဒဏ်(၃)ချမှတ်နိုင်ပြီး အမြင့်ဆုံး သေဒဏ်အထိချမှတ်နိုင်ကြောင်း တွေ့ရသည်။
“ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေ” အသုံးပြု၍ အရေးယူမှု(၄၀)ရှိသည်ဟု စစ်ကောက်မရှင်၏ ၂၀၂၅ ခုနှစ် အောက်တိုဘာလ(၂၉)ရက်နေ့အထိ ထုတ်ပြန်ချက်အရ သိရသည်။ ယင်းသို့အရေးယူထားမှုတွင် အမျိုးသား(၈၃)နှင့်အမျိုးသမီး(၅)ဦးပါဝင်ပြီး စုစုပေါင်း(၈၈)ဦးဖြစ်သည်ဟု စစ်ကော်မရှင်က ဆိုသည်။
ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့် ဖမ်းဆီးခဲ့ရသော အခြေအနေများ
မြန်မာအင်တာနက်ပရောဂျက်(MIP)၏ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၁၄)ရက်နေ့အထိ ကောက်ယူစုဆောင်းထားသောအချက် အလက်များအရ “ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ဖြင့် ဖမ်းဆီးခံထားရသော အမျိုးသား(၂၉)ဦးနှင့်အမျိုးသမီး(၃)ဦးရှိပြီး စုစုပေါင်း(၃၂)ဦး ရှိကြောင်း အမည်နှင့်တကွ မှတ်တမ်းတင်ထားနိုင်သည်။

မြန်မာအင်တာနက်ပရော(MIP)က အမည်နှင့်တကွမှတ်တမ်းတင်ထားနိုင်သော
တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် ဖမ်းဆီးခံထားရသူအရေအတွက်
ထိုသို့မှတ်တမ်းတင်ထားနိုင်မှုအရ ရန်ကုန်တိုင်းဒေသကြီးမှ(၁၄)ဦး၊ ကရင်နီပြည်နယ်မှ(၅)ဦး၊ ရှမ်းပြည်နယ်မှ(၂) ဦး၊ ပဲခူးတိုင်းဒေသကြီးမှ(၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ(၂)ဦး၊ ကရင်ပြည်နယ်မှ(၂)ဦး၊ မွန်ပြည်နယ်မှ(၁)ဦးနှင့် မြို့နယ်အတည်မပြုနိုင်သေးသူ(၅)ဦးပါဝင်သည်။

ရွေးကောက်ပွဲကာကွယ်ရေးဥပဒေအကြောင်းပြဖမ်းဆီးမှုများနှင့်
လူမှုကွန်ရက်မီဒီယာအသုံးပြု၍ လွတ်လပ်စွာထုတ်ဖော်ပြောဆို၍ ဖမ်းဆီးခံရမှုအခြေအနေ
အမည်နှင့်တကွ မှတ်တမ်းတင်ထားနိုင်သူ(၃၂)ဦးအနက် (၁၁)ဦးမှလူမှုကွန်ရက်မှတစ်ဆင့် ‘အတုအယောင် ရွေးကောက်ပွဲ’ အား ဝေဖန်ပြောဆိုခြင်းနှင့်‘အတုအယောင် ရွေးကောက်ပွဲ’အား ဝေဖန်ပြောဆိုထားသောပို့စ်များအား တု့န်ပြန်(Reaction) ပေးခြင်းတို့ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်သည်။ (၃၃.၄)ရာခိုင်နှုန်းသောအွန်လိုင်း(လူမှုကွန်ရက်မီဒီယာ)မှတစ်ဆင့် ပြောဆိုဝေ ဖန်မှုများကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တစ်နည်းအားဖြင့် မှတ်ယူနိုင်သည်။
‘အတုအယောင် ရွေးကောက်ပွဲ’အား လူမှုကွန်ရက်မီဒီယာမှ ဝေဖန်ခြင်းကြောင့် ဖမ်းဆီးခံရသူများထဲတွင် အနုပညာရှင်(၅)ဦး ပါဝင်သည်။ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ’ ရွေးကောက်ပွဲဝါဒဖြန့်ဇာတ်လမ်းတွင် ပါဝင်ခဲ့သောအနုပညာရှင်များအား လူမှုကွန်ရက်မှတစ်ဆင့် မဟုတ်မမှန်ဝေဖန်ရေးသားသဖြင့်ဟုဆို၍ ဒါရိုက်တာ မိုက်တီး(ခ)သန်းထွန်းဇော်၊ ဇာတ်ပို့သရုပ် ဆောင်ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နှင့်ဟာသသရုပ်ဆောင် အုန်းဒိုင်း(ခ) ဇော်မြင့်တို့အား ‘ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေ’ဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ(၂၇) ရက်နေ့က ဖမ်းဆီးခဲ့သည်။ ထို့အပြင် ဒါရိုက်တာအောင်ချမ်းလူနှင့်ဒါရိုက်တာဇဗ္ဗူထွန်းသက်လွင် တို့ကိုလည်း ထပ်မံအရေး ယူခဲ့သည်။
အနုပညာရှင်ဖွေးဖွေးကိုလည်း ရွေးကောက်ပွဲကမ်ပိန်း ရိုက်ကူးရေးအစီအစဉ်များတွင်ပါဝင်ရန် ငြင်းဆန်သည်ဟုဆိုကာ ဖမ်း ဆီးမေးမြန်းမှုများ ပြုလုပ်ခဲ့သေးသည်။ ထို့သို့သတင်းများထွက်ပေါ်ပြီးရက်ပိုင်းအကြာတွင် ရွေးကောက်ပွဲဝါဒဖြန့်ရေးအတွက် အနုပညာရှင်များဖြင့်ရိုက်ကူးထားသောဗီဒီယိုအတိုများကို မြန်မာ့ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့ပြီးနောက် အွန်လိုင်းပေါ်သို့ပါ ပျံနှံ့လာသည်ကို တွေ့ရသည်။
ရွေးကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့် အမှုဖွင့်ခံထားရသောအခြေအနေများ
ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထားသောဖြစ်စဉ်(၁၅)ခုအား မြန်မာအင်တာနက်ပရောဂျက်(MIP)က ခွဲခြမ်းလေ့လာကြည့်ရာ အဖွဲ့အစည်း(၄)ခု၊ သတင်းမီဒီယာနှင့်တယ်လီဂရမ်ချန်နယ်မှတစ်ဆင့် သတင်းမျှဝေပေးနေသော အင်တာနက်စာမျက်နှာ(၃)ခုတို့အား တရားစွဲဆိုထားသည်ကို တွေ့ရသည်။ ယင်းဖြစ်စဉ်(၁၅)ခုတွင် တရားစွဲဆိုခံရထားသောလူပုဂ္ဂိုလ်အရေအတွက်(၆၆)ဦး ရှိသည်။
တရားစွဲဆိုခံထားရသောအဖွဲ့အစည်းများမှာ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းလဲန်း(Chinland)၊ အာရက္ခတပ်တော်(AA)နှင့်ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တို့ပါဝင်သည်ကို တွေ့ရသည်။ “Hlaing Info”တယ် လီဂရမ်ချန်နယ်၊ “ခေတ်သစ်သတင်းဌာန”တယ်လီဂရမ်ချန်နယ်နှင့်“AAMIJ News”တို့အားလည်း ယင်းဥပဒေဖြင့် တရားစွဲဆိုထားသည်။
တရားစွဲဆိုခံရသူများထဲတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)မှ(၃၄)ဦး၊ ချင်းလဲန်း(Chinland)မှ(၁၈)ဦး၊ ပီဒီအက်ဖ် (PDF)အဖွဲ့ဝင်(၅)ဦး၊ လူမှုမီဒီယာကွန်ရက်တွင်ပြောဆိုမှုကြောင့် တရားစွဲဆိုခံရသူ(၃)ဦး၊ အခြားသောရွေးကောက်ပွဲနှောင့် ယှက်ဖျက်ဆီးမှုများဖြင့် စွပ်စွဲဖမ်းဆီးခံရသူ(၆)ဦးရှိသည်ကို တွေ့ရသည်။ ‘အတုအယောင် ရွေးကောက်ပွဲ’အား ဟန့်တားရန်ကြိုးပမ်းသော အာရက္ခတပ်တော်နှင့်ပီဒီအက်ဖ်အဖွဲ့ဝင်များကိုလည်း စစ်ကော်မရှင်က ရွေးကောက်ပွဲဥပဒေဖြင့် တရားစွဲဆိုသည့်ဖြစ်စဉ်များလည်း လေ့လာမှုတွင်ပါဝင်ခဲ့သည်။ ယင်းအတွက် အချက်အလက်စုဆောင်းရာတွင် ဖော်ပြပါလက်နက်ကိုင်အဖွဲ့အစည်းအမည်များကိုသာသိရှိရပြီး လူဦးရေအရေအတွက် မသိရှိရပါ။
ထို့အပြင် ပြည်သူ့ပါတီမှ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်၏မဲဆွယ်စည်းရုံးမှု၌ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဖြစ်စဥ်ကိုဖော်ပြသော“အရေးတော်ပုံ”နှင့်“တော်လှန်ရေး” ဆိုသည့်စကားလုံးများသုံးနှုန်းခဲ့သဖြင့် ဥပဒေနှင့်မညီကြောင်း၊ ကိုယ်စားလှယ်လောင်းအရည်အချင်းနှင့်ကိုက်ညီမှု မရှိကြောင်းစသဖြင့် စစ်တပ်လော်ဘီချန်နယ်များက လှုံ့ဆော်ခဲ့သည်။ ထို့နောက် စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အရေးယူမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ဖော်ပြပါအခြေအနေနှင့်အချက်အလက်များအရ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေးဥပဒေ”သည် ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်များကို တိုက်ရိုက်ခြိမ်းခြောက်နေကြောင်းနှင့်ယင်းဥပဒေကို လက်နက်သဖွယ်အသုံးချနေကြောင်းလေ့လာတွေ့ရှိသည်။
Recommended Citation Style - Myanmar Internet Project(2025, November 19)၊
ရွေးကောက်ပွဲကာကွယ်ရေးဥပဒေဖြင့် စစ်ကော်မရှင်က တိုက်ရိုက်ခြိမ်းခြောက်နေသော လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ https://www.myanmarinternet.info/my/post/sham_election_law_and_freedom_of_expression




Comments