၂၀၂၅ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသောဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ
- Myanmar Internet Project
- Aug 1
- 5 min read
Updated: Aug 3
စစ်အာဏာသိမ်းမှုအောက်သို့ မြန်မာနိုင်ငံကျရောက်ခဲ့သည်မှာ (၄)နှစ်နှင့်(၆)လတိတိ ရှိလာပြီဖြစ်သည်။ ကာလရှည်တစ်ခု အားဖြတ်သန်းခဲ့ပြီးသော်လည်း စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးလှုပ်ရှားမှုများသည် အရှိန်အဟုန်ဖြင့် ဆက် လက်စီးဆင်းမြဲဖြစ်သည်။
စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် ရနိုင်သမျှနည်းလမ်းပေါင်းစုံဖြင့် တော်လှန်ရေးအင်အားစုများ ဘက်မှ ရုန်းကန်နေသကဲ့သို့ အာဏာသိမ်းစစ်ကောင်စီဘက်မှလည်း ဆက်လက်ဖိနှိပ်နိုင်ရန် နည်းလမ်းပေါင်းစုံဖြင့်လုပ်ဆောင်နေ သည်ကို တွေ့ရသည်။ ၂၀၂၅ ခုနှစ် မေလမှဇူလိုင်လအတွင်း ဖြစ်ပေါ်ခဲ့သောဖိနှိပ်မှုများတွင် ယခင်တွေ့ရသည့် အင်တာနက်ဖြတ်တောက်မှုများ၊ သတင်းလွတ်လပ်ခွင့်ထိန်းချုပ်မှုများနှင့် အွန်လိုင်းမှတစ်ဆင့်ပြောဆိုမှုများအား စောင့်ကြည့်ဖမ်းဆီးမှုများအပြင် Person Scrutinization and Monitoring System(PSMS)မှတစ်ဆင့် စောင့်ကြည့်ဖမ်းဆီးမှုများလုပ်ဆောင်လာသည်ကိုလည်း တွေ့ရသည်။
ယခုအစီအရင်ခံစာတွင် ၂၀၂၅ ခုနှစ် မေလမှ ဇူလိုင်လအတွင်းဖြစ်ပွားခဲ့သည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့်ပတ်သက် သောတွေ့ရှိချက်များကိုပါ စုစည်းဖော်ပြသွားပါမည်။
(၁) ၂၀၂၅ ခုနှစ် မေလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
မေလအတွင်း မြန်မာနိုင်ငံတစ်ဝန်း၌ စစ်ကောင်စီ၏ဆက်သွယ်ရေးဖြတ်တောက်မှုများကြောင့် ပြည်သူများ၏သတင်းစီးဆင်းမှုနှင့်ဆက်သွယ်ရေးမှာ သိသိသာသာပြတ်တောက်ထိခိုက်ခဲ့သည်။ ပြီးခဲ့သည့် ဧပြီလအထိ မြို့နယ်ပေါင်း(၁၃၈)မြို့နယ်တွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်ဟု အသံအဖွဲ့၏ထုတ်ပြန်ချက်က ဆိုသည်။
(ကက) ဆက်သွယ်ရေးကွန်ရက်များကို စစ်ရေးပစ်မှတ်အဖြစ် စစ်ကောင်စီက ဖြတ်တောက်ခြင်း
စစ်ကောင်စီသည် စစ်ရေးလှုပ်ရှားမှုများလုပ်ဆောင်သည့်အခြေအနေများတွင် ဆက်သွယ်ရေးလိုင်းများအား ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ခဲ့သည်ကို တွေ့ရသည်။
မကွေးတိုင်းဒေသကြီး၊ ယောဒေသဖြစ်သော ဆောမြို့နယ်၊ ကျောက်ထုတိုက်နယ် စသည့် ယောနယ်ဒေသများတွင် ဖုန်းလိုင်း များဖြတ်တောက်ပြီး နေ့စဉ်ရက်ဆက် ဗုံးကြဲမှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဂန့်ဂေါမြို့ နယ်တွင်လည်း ဖုန်းလိုင်းများ ဖြတ်တောက်ပြီးနောက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ထို့အတူ ရခိုင်ပြည်နယ်၊ အမ်း-ပဒါန်းလမ်းပိုင်းတွင် တိုက်ပွဲများဖြစ်ပွားစဉ် ဖုန်းလိုင်းပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အ ပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သာပေါင်း၊ ရေကြည်၊ ကျုံပျော်အပါအဝင် မြို့နယ်အများအပြားတွင် (မေလ ၇ ရက်မှစ ၍)တိုက်ပွဲများကြောင့် အင်တာနက်လိုင်းများ မကြာခဏပြတ်တောက်ခဲ့သည်။
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၂)၊ တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ယခုနှစ်အတွင်း ဖုန်းနှင့်အင်တာနက်လိုင်းပြတ်တောက်မှုပိုမိုဆိုးရွားလာသည်ဟု ကေအိုင်စီ(KIC)သတင်းဌာနက ဖော်ပြထားသည်။ တိုင်းရင်းသားလက် နက်ကိုင်များ လွှမ်းမိုးဒေသများတွင်လည်း ဆက်သွယ်ရေးဖြတ်တောက်မှုများကို မဟာဗျူဟာမြောက်လက်နက်တစ်ခုအဖြစ် စစ်ကောင်စီက ဆက်လက်အသုံးချနေသည်ကို တွေ့ရသည်။
(ခခ) ဆက်သွယ်ရေးဝန်ဆောင်မှုများအပေါ် ဖိနှိပ်မှုနှင့် စျေးကွက်သက်ရောက်မှု
စစ်ကောင်စီ၏ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းဖြတ်တောက်မှုများကြောင့် အခြားသောဆက်သွယ်ရေးနည်းလမ်းများကို အများပြည်သူက သတင်းရရှိရေးအတွက် ရှာဖွေချိတ်ဆက်အသုံးပြုလာသည်။ ထိုသို့သုံးစွဲမှုများအပေါ်တွင်လည်း မြေပြင်အထိ စောင့်ကြည့်ဖိနှိပ်မှုများအား စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။
မေလ(၁၂)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ရွာမှ စတားလင့်ခ့်အင်တာနက်(Starlink Internet) ဆိုင်အား စစ်အုပ်စုက ဝင်ရောက်စီးနင်းပြီး အမျိုးသားနှင့်အမျိုးသမီး(၂၇)ဦးကို ဖမ်းဆီးခဲ့သည်။ ယင်းမှာ လူထု၏အခြားနည်းလမ်းဖြင့် ဆက်သွယ်ရေးဆိုင်ရာသုံးစွဲမှုများအပေါ် ထိန်းချုပ်ဖိနှိပ်မှု၏သက်သေထင်ရှားသော ဖြစ်ရပ်တစ်ခုဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ဆက်သွယ်ရေးလိုင်းအားလုံးနီးပါး ပြတ်တောက်နေပြီး အမ်ပီတီ(MPT)လိုင်းတစ်ခုသာ အနည်းငယ်အသုံးပြုနိုင်သောကြောင့် အမ်ပီတီ(MPT SIM)ကဒ်တစ်ကဒ်လျှင် ကျပ် ၄၅,၀၀၀(လေးသောင်းငါးထောင်) အထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့၊ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မ တော်(MNDAA)၏ထိန်းချုပ်ဒေသများဖြစ်သည့် ကွမ်းလုံနှင့်သိန္နီဒေသများတွင် ပြည်တွင်းဖုန်းလိုင်းများအစား တရုတ်ဖုန်းလိုင်းများ တပ်ဆင်အသုံးပြုရန် လုပ်ဆောင်လာသည်ကို တွေ့ရသည်။
(ဂဂ) တော်လှန်ရေးအဖွဲ့အစည်းများ၏ လုံခြုံရေးစိုးရိမ်မှုမှဖြစ်ပေါ်လာသည့် ဆက်သွယ်ရေးကန့်သတ်ထိန်းချုပ်မှုများ
စစ်ကောင်စီ၏ဆက်သွယ်ရေးဖြတ်တောက်မှုများအပြင် တော်လှန်ရေးအင်အားစုများဘက်မှလည်း လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့် အများပြည်သူ၏အင်တာနက်သုံးစွဲမှုအား ကန့်သတ်ထိန်းချုပ်မှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ကရင်နီ(ကယား)ပြည်နယ်၊ မော်ချီးဒေသတွင် ရန်သူ့သတင်းပေးများ၏အန္တရာယ်ကြောင့်ဟုဆိုကာ ခရိုင်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက စတားလင့်ခ့်(Starlink)အင်တာနက်အား တစ်လကြာ ယာယီပိတ်ထားရန်နှင့် သုံးစွဲသူများကို မှတ်ပုံတင်ကြရန် ညွှန်ကြားခဲ့သည်။ ထို့အပြင် မော်ချီးဒေသအခြေစိုက် ကြယ်ဖြူတပ်ဖွဲ့ကလည်း လေကြောင်းရန်ကာကွယ်ရေးနှင့်မြေပြင်သ တင်းလုံခြုံရေးအတွက် ယင်းဒေသအတွင်းအသုံးပြုနေသည့် စတားလင့်ခ့်ဝိုင်ဖိုင်(Starlink WiFi)စက်များအား ယာယီသိမ်း ဆည်းမှုများ ပြုလုပ်ခဲ့သည်။
အချုပ်အားဖြင့်ဆိုသော် ဆက်သွယ်ရေးဖြတ်တောက်မှုများသည် စစ်ကောင်စီအတွက် စစ်ရေးလက်နက်တစ်ခုအဖြစ် ဆက် လက်တည်ရှိနေပြီး ပြည်သူများ၏သတင်းရရှိပိုင်ခွင့်နှင့်လုံခြုံရေးကို ကြီးမားစွာခြိမ်းခြောက်လျက်ရှိသည်။ တစ်ချိန်တည်းမှပင် တော်လှန်းရေးအင်အားစုများဘက်မှ လုံခြုံရေးလိုအပ်ချက်ကြောင့် ဆက်သွယ်ရေးကွန်ရက်များအား ထိန်းချုပ်ရန်လုပ် ဆောင်လာရသောအခြေအနေများသည် အာဏာသိမ်းမှုကြောင့်ဖြစ်ပေါ်လာသည့် ပဋိပက္ခကာလအတွင်းရှုပ်ထွေးနေသည့် ဒစ် ဂျစ်တယ်အခင်းအကျင်းအခြေအနေကို ထင်ဟပ်ပြသနေသည်။
(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
ဆက်သွယ်ရေးဖြတ်တောက်မှုများအား စစ်ကောင်စီက တစ်ဖက်၌ပြုလုပ်နေသလို အင်တာနက်အသုံးပြုခွင့်ရရှိသောဒေသ များတွင်လည်း အများပြည်သူ၏အင်တာနက်ပေါ်မှ ပြောဆိုရေးသားမှုများအပေါ် စောင့်ကြည့်ဖမ်းဆီးမှုများ လစဉ်ပြုလုပ်နေ သည်။
၂၀၂၅ ခုနှစ် မေလအတွင်း၌ အာဏာသိမ်းစစ်ခေါင်းဆောင်အား သရော်သည့်စာများ ရေးသားမှု၊ ငလျင်နှင့်ပတ်သက်၍ စစ် တပ်အသိုင်းအဝိုင်းအပေါ် ထေငေါ့သည့်စာများ လူမှုကွန်ရက်တွင် ဖြန့်ဝေမှုများကို ပြုလုပ်ခဲ့သဖြင့် စစ်တပ်ထောက်ခံသူအ ဖြစ်ထင်ရှားသည့် ဦးကျော်ဇေယျကို ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီသည် အာဏာသိမ်းကာလတစ်လျှောက် လုပ်ဆောင်ချက် များအပေါ် အွန်လိုင်းမှဝေဖန်လာပါက ယင်းတို့အား ထောက်ခံသူများပင်ဖြစ်ပါစေ အရေးယူဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
၂၀၂၅ ခုနှစ် မေလအတွင်း လူမှုကွန်ရက်ပေါ်မှပြောဆိုရေးသားမှုများကြောင့် အမျိုးသား(၉)ဦးနှင့်အမျိုးသမီး(၁၁)ဦး၊ စုစု ပေါင်း(၂၀)ဦးခန့်သည် အနည်းဆုံးဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
(ဂ) အများပြည်သူအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
စစ်ကောင်စီသည် ယင်းတို့အား ဆန့်ကျင်သူများနှင့်စီဒီအမ်(CDM)လှုပ်ရှားမှုများတွင် ပါဝင်သူများအား စောင့်ကြည့်ဖမ်းဆီး ရန်အတွက် ဒစ်ဂျစ်တယ်နည်းပညာသုံး စောင့်ကြည့်မှုများနှင့်မြေပြင်စစ်ဆေးမှုများကို ပိုမိုဆောင်ရွက်လာသည်။
(ကက) PSMS ဆော့ဝဲလ်အားအသုံးပြု၍ စောင့်ကြည့်ဖမ်းဆီးမှုများ လုပ်ဆောင်လာခြင်း
၂၀၂၅ ခုနှစ် မတ်လမှမေလအတွင်း Person Scrutinization and Monitoring System(PSMS)စနစ်မှတစ်ဆင့် (၁,၆၅၇)ဦးအား ဖမ်းဆီးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ပြောဆိုချက်ကို ကိုးကား၍ သတင်းဖော်ပြချက်များထွက်ပေါ်ခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့ တိုးဂိတ်တွင် PSMS စနစ်ဖြင့်စစ်ဆေးကာ ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်နေသူတစ်ဦးကို ပီဒီအက်ဖ်(PDF)များအား ကေပေး(Kpay)ဖြင့် ငွေကြေးထောက်ပံ့သည်ဟုဆိုကာ ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီလော်ဘီများက ရေးသားဖော်ပြခဲ့သည်။ ကရင်နီ(ကယား)ပြည်နယ်တွင်လည်း မေလအတွင်း အဆိုပါစနစ်ဖြင့် ဖမ်း ဆီးခံရသူအနည်းဆုံး(၄)ဦးအထိ ရှိခဲ့သည်။
(ခခ) လက်ကိုင်ဖုန်းများအား တိုက်ရိုက်စစ်ဆေးခြင်း
အများပြည်သူအား ခြေရာခံစောင့်ကြည့်မှုများလုပ်ရာတွင် အဆင့်မြင့်နည်းပညာများအား စစ်ကောင်စီက အသုံးပြုနေသလို မြေပြင်စစ်ဆေးမှုများမှတစ်ဆင့် စောင့်ကြည့်ဖမ်းဆီးမှုများ လုပ်ဆောင်နေသေးသည်ကိုလည်း တွေ့ရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံများ၏ လက်ကိုင်ဖုန်းများအား စစ်ဆေးပြီး နောက် အရပ်သား(၄)ဦးကို ဖမ်းဆီးခဲ့သည်။ တပ်တွင်းသတင်းပေါက်ကြားမှုကိုထိန်းချုပ်ရန် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နယ်ရှိ စစ်ကောင်စီတပ်ရင်းများမှ ရခိုင်တိုင်းရင်းသားတပ်ဖွဲ့ဝင်များ၏မိသားစုဝင်များ ကိုင်ဆောင်သောလက်ကိုင်ဖုန်းများအား သိမ်းဆည်းထားသည့်ဖြစ်စဉ်များလည်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
စစ်ကောင်စီ၏မြေပြင်စောင့်ကြည့်မှုတွင် အများပြည်သူကိုသာမက ယင်းတို့၏တပ်တွင်းတွင်ပင် သံသယမျက်လုံးဖြင့်စောင့် ကြည့်နေသည်။
(ဂဂ) အင်တာနက်ဝန်ဆောင်မှုမှတစ်ဆင့် စောင့်ကြည့်ခြေရာခံမှုကိုတိုးမြှင့်ခြင်း
ပြည်တွင်းအင်တာနက်ဝန်ဆောင်မှုတစ်ခုဖြစ်သော Myanmar Net သည် အသုံးပြုသူများ၏အွန်လိုင်းလှုပ်ရှားမှုများကို ခြေ ရာခံနိုင်သော၊ ဝက်ဘ်ဆိုက်များပိတ်ဆို့နိုင်သော၊ ဗီပီအဲန်(VPN)အသုံးပြုမှုတားဆီးနိုင်သော စက်ပစ္စည်းများကို သုံးစွဲနေ ကြောင်း Myanmar Now နှင့် Finance Uncovered သတင်းဌာနတို့က မေလ(၂၃)ရက်နေ့တွင် ထုတ်ဖော်ခဲ့သည်။ ဤ သည်မှာ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများမှတစ်ဆင့် စစ်ကောင်စီ၏အွန်လိုင်းစောင့်ကြည့်ရေးကွန်ရက် ကျယ်ပြန့်လာမှု ကို ပြသနေသည်။
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)၏ ၂၀၂၅ ခုနှစ်ညွှန်းကိန်းအရ မြန်မာနိုင်ငံ၏သတင်းမီဒီယာလွတ်လပ်ခွင့် သည် နိုင်ငံပေါင်း(၁၈၀)အနက် ညွှန်းကိန်းအဆင့်(၁၆၉)တွင်ရပ်တည်နေပြီး သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် အလွန် အန္တရာယ်ရှိသော(အနီရောင်)အဆင့်တွင် ရှိနေသည်ကို တွေ့ရသည်။ အာဏာသိမ်းပြီးနောက် သတင်းသမား(၂၀၀)ကျော် ဖမ်းဆီးခံခဲ့ရပြီး သတင်းသမား(၄၀)မှာ ယခုအချိန်ထိ ဖမ်းဆီးခံထားရစဲဟု မေလ(၃)ရက်နေ့တွင် လွတ်လပ်သော မြန်မာသ တင်းမီဒီယာကောင်စီ(IPCM)က ထုတ်ပြန်ခဲ့သည်။
အင်တာနက်နှင့်ဖုန်းလိုင်းများ ကာလရှည်ဖြတ်တောက်ခံထားရသော ရခိုင်ပြည်နယ်ကဲ့သို့ ဒေသများတွင် သတင်းသမားများ သည် ဒေသတွင်း သတင်းအရင်းအမြစ်များနှင့်ဆက်သွယ်ရန်၊ သတင်းများကို အချိန်နှင့်တစ်ပြေးညီတင်ပြနိုင်ရန် စသည့်အ ခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
အထက်ဖော်ပြပါ ဖြစ်ရပ်များသည် မြန်မာနိုင်ငံ၏သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေမှာ ဆက်လက်ဆိုးရွားနေဆဲဖြစ် ကြောင်း ထင်ရှားသည့်သက်သေခံချက်များ ဖြစ်သည်။
(၂) ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
ဇွန်လအတွင်း၌ မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ရေးပဋိပက္ခများ၊ အခြေခံအဆောက်အအုံ ပြတ်တောက်မှုများနှင့်ဒေသဆိုင်ရာ အဖွဲ့အစည်းများ၏ကန့်သတ်မှုများကြောင့် မိုဘိုင်းဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးကွန်ရက်သည် ဆိုးရွားစွာပြတ်တောက် လျက်ရှိသည်။ ရခိုင်ပြည်နယ်တွင် အင်တာနက်နှင့်ဖုန်းလိုင်းသုံးစွဲနိုင်သူ(၄)ရာခိုင်နှုန်းခန့်သာရှိတော့ကြောင်း Western News သတင်းဌာန၏ဖော်ပြချက်က အခြေအနေ၏အရွယ်အစားကို အထူးသဖြင့် ထင်ရှားစေသည်။
(ကက) စစ်ရေးပဋိပက္ခနှင့် တိုက်ရိုက်ဆက်စပ်သော ဖြတ်တောက်မှုများ
စစ်ကောင်စီတပ်ဖွဲ့များ၏စစ်ကြောင်းထိုးခြင်းအပါအဝင် တိုက်ပွဲများမတိုင်မီနှင့်တိုက်ပွဲများအတွင်း၌ ဆက်သွယ်ရေးလိုင်းများအား စစ်ကောင်စီက နည်းဗျူဟာမြောက် ဖြတ်တောက်ခဲ့သည်။
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ပြီးနောက်လုပ်ဆောင်ခဲ့သော လက်နက်ကြီးဖြင့်ပစ်ခတ်မှုများ၊ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦး-ချောက်လမ်းပိုင်းအတွင်း၌ စစ် ကြောင်းထိုးစဉ် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်း ပြတ်တောက်ခဲ့မှုများသည် စစ်ရေးပဋိပက္ခကာလအတွင်း ဆက်သွယ်ရေးဖြတ်တောက်မှုများသည် နည်းဗျူဟာမြောက်အသုံးပြုနေမှုကို ထင်ရှားစေသည်။
ထို့အပြင် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ လောင်းလုံမြို့နယ်၊ ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့်ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ တောင်ငူမြို့နယ်တို့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားလာပြီးနောက် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဆက်သွယ်ရခက်ခဲလာခြင်းနှင့်ပြတ်တောက်သွားခြင်းစသည့် ဖြစ်စဉ်များသည့် အင်တာနက်ဖြတ်တောက်မှုအား လက်နက် တစ်ခုသဖွယ်အသုံးချနေသည့်ဖြစ်ရပ်များကို သက်သေခံနေသည်။
(ခခ) အခြေခံအဆောက်အအုံပြတ်တောက်မှုကြောင့်ဖြစ်ပေါ်သော ဆက်သွယ်ရေးအခက်အခဲများ
အင်တာနက်နှင့်ဖုန်းလိုင်းများအား တိုက်ရိုက်ဖြတ်တောက်မှုများကြောင့် ဖြစ်ပေါ်ရသည့် ဆက်သွယ်ရေးပြတ်တောက်မှုများအ ပြင် ပဋိပက္ခကြာမြင့်လာသည်နှင့်အမျှ တစ်စတစ်စယိုယွင်းလာသော အခြေခံအဆောက်အအုံထိခိုက်လာမှုများကလည်း ဆက်သွယ်ရေးကွန်ရက်အပေါ် ကြီးမားစွာသက်ရောက်လာသည်။
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်တွင် (၂)ပတ်ကျော်ကြာ လျှပ်စစ်မီးပြတ်တောက်ခဲ့သည်။ ထို့နောက် စက်သုံးဆီ အခက်အခဲကြောင့် တာဝါတိုင်အချို့ လည်ပတ်နိုင်ခြင်းမရှိတော့သည်ကို တွေ့ရသည်။ အလားတူ ကချင်ပြည်နယ်၊ နောင်မွန် မြို့တွင်လည်း စက်သုံးဆီအခက်အခဲအား အကြောင်းပြ၍ တစ်ခုတည်းသောဆက်သွယ်ရနေသည့် အမ်ပီတီ(MPT)ဆက် သွယ်ရေးလိုင်းများကို အချိန်ပိုင်းဖြင့်သာ ဖွင့်ပေးခဲ့သည်။
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် (၃)လကျော်ကြာ လျှပ်စစ်မီးပြတ်တောက်နေသောကြောင့် ပြည်သူများသည် ဖုန်းနှင့်အခြား ဆက်သွယ်ရေးပစ္စည်းများကို အားသွင်းရန် အခကြေးငွေပေး၍ ဆောင်ရွက်နေကြရသည်။ ထိုသို့ အခြေခံအဆောက်အအုံ အားနည်းမှုများကလည်း အများပြည်သူ၏သတင်းရရှိနိုင်မှုနှင့်ဆက်သွယ်ရေးအခွင့်အလမ်းများအပေါ် ကြီးမားစွာထိုးနှက်နေ သည်။
(ဂဂ) ကာလရှည် ဆက်သွယ်ရေးဖြတ်တောက်မှုများနှင့်ဝန်ဆောင်မှုအပြောင်းအလဲများ
စစ်အာဏာသိမ်းမှုကာလ ရှည်ကြာလာသည်နှင့်အမျှ ကာလရှည်ဆက်သွယ်ရေးပြတ်တောက်မှုများ ရင်ဆိုင်နေရသည့် ဧရိ ယာများသည်လည်း ပိုမိုကျယ်ပြန့်လာသည်။
ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်မှာ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်ပြီး ဒေသခံများမှာ ဆက်သွယ်ရေးခက်ခဲနေဆဲဖြစ်သည်။ ပြည်နယ်တစ်ခုလုံးနီးပါ အင်တာနက်ဖြတ်တောက်ခံထားရသည့် ရခိုင် ပြည်နယ်တွင် ယခင်ကအသုံးပြုနိုင်ခဲ့သည့်အမ်အီးစီ(MEC)ဖုန်းလိုင်းများပါ ထပ်မံအပိတ်ခံခဲ့ရသည်။ ရှမ်းပြည်နယ်၊ တောင် ကြီးမြို့တွင်လည်း အင်တာနက်လိုင်းများ သိသာစွာနှေးကွေးနေသည်ဟု The People’s Voice က ထုတ်ဖော်ရေးသားထား သည်ကို တွေ့ရသည်။
ပြည်နယ်တစ်ခုလုံးနီးပါး ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် ကချင်ပြည်နယ်၏မြို့တော် မြစ်ကြီးနား မြို့တွင် မြန်မာစစ်တပ်ရင်းနှီးမြှုပ်နှံထားသည့် မိုင်တဲလ်(Mytel)ဖုန်းလိုင်းတစ်ခုတည်းသာ ပြန်လည်ရရှိနေခဲ့သည်။
(ဃဃ) ဒေသဆိုင်ရာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ၏ ဆက်သွယ်ရေးကန့်သတ်ထိန်းချုပ်မှု
စစ်ကောင်စီ၏အင်တာနက်ဖြတ်တောက်မှုများအပြင် ဒေသတွင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များကလည်း လုံခြုံရေးအတွက် အင်တာနက်အသုံးပြုမှုကို ထိန်းချုပ်လာကြသည်။ ချင်းပြည်နယ်၊ လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အများ ပြည်သူ၏အင်တာနက်သုံးစွဲမှုအပေါ် ကန့်သတ်ချက်များပါဝင်သော ကြေညာချက်တစ်စောင်ကို ဇွန်လ(၁၇)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
ဆက်သွယ်ရေးဖြတ်တောက်မှုများအား စစ်ကောင်စီက တစ်ဖက်တွင် ပြုလုပ်နေသကဲ့သို့ အင်တာနက်အသုံးပြုခွင့်ရရှိသော ဒေသများတွင်လည်း အများပြည်သူ၏အင်တာနက်ပေါ်မှ ပြောဆိုရေးသားမှုများအပေါ် စောင့်ကြည့်ဖမ်းဆီးမှုများကို လစဉ်ပြု လုပ်နေသည်။ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း လူမှုကွန်ရက်ပေါ်မှပြောဆိုရေးသားမှုများကြောင့် အမျိုးသား(၁၈)ဦးနှင့်အမျိုးသမီး (၁၀)ဦး၊ စုစုပေါင်း(၂၈)ဦးခန့်သည် အနည်းဆုံးဖမ်းဆီး ထိန်းသိမ်းခံခဲ့ရသည်။
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
စစ်ကောင်စီသည် အတိုက်အခံများကို နှိမ်နင်းရန်နှင့်တော်လှန်ရေးထောက်ပံ့မှုကွင်းဆက်များကို ဖြတ်တောက်ရန်အတွက် စောင့်ကြည့်စစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။
(ကက) PSMS ဒစ်ဂျစ်တယ်စနစ်ဖြင့် စောင့်ကြည့်ဖမ်းဆီးခြင်း
Person Scrutinization and Monitoring System(PSMS)ဆော့ဝဲလ်တွင် ယင်းတို့ အလိုရှိနေသော နိုင်ငံရေးလှုပ် ရှားသူများ၊ စီဒီအမ်(CDM)များနှင့်စစ်ပြေးရဲပြေးစုစုပေါင်း လူဦးရေ(၅)သောင်းစာရင်းကိုထည့်သွင်းပြီး စစ်ဆေးရေးဂိတ်များ၊ လေဆိပ်နှင့်မြို့အဝင်အထွက်ဂိတ်များ စသည့်နေရာများမှတစ်ဆင့် စောင့်ကြည့်ဖမ်းဆီးမှုများပြုလုပ်နေသည်ဟု သတင်းဖော် ပြချက်များအရ တွေ့ရသည်။
ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့်ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင် အဆိုပါ PSMS ဆော့ဝဲလ်ကိုအသုံးပြု၍ ခရီးသွားပြည်သူများကို စစ်ဆေးကာ စီဒီအမ်(CDM)ဝန်ထမ်းများနှင့် ပုဒ်မ- ၅၀၅ ဖြင့် အမှု ဖွင့်ခံထားရသူများကို ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေသည်ဟု သျှမ်းသံတော်ဆင့်က ဖော်ပြခဲ့သည်ကိုလည်း တွေ့ရသည်။
(ခခ) တော်လှန်ရေးဘဏ္ဍာငွေစီးဆင်းမှုကို ခြေရာခံပစ်မှတ်ထားခြင်း
တော်လှန်ရေးဘဏ္ဍာငွေစီးဆင်းမှုအား ဖြတ်တောက်နိုင်ရန်အတွက် ဘဏ်အကောင့်များနှင့်အွန်လိုင်းရောင်းဝယ်မှုများကို စောင့်ကြည့်ကာ ခြိမ်းခြောက်ဖမ်းဆီးမှုများ စစ်ကောင်စီက ပြုလုပ်ခဲ့သည်။
တော်လှန်ရေးတွင်ပါဝင်နေသူများ၏ အွန်လိုင်းတွင်ရောင်းချသည့်ပစ္စည်းများကို ဝယ်ယူခြင်း သို့မဟုတ် ဖြန့်ဖြူးခြင်းပြုလုပ်ပါ က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခြိမ်းခြောက်ခဲ့သည်။
ထို့အပြင် ဘဏ်အကောင့်အပိတ်ခံထားရသူများကို မန္တလေးမြို့တွင် စစ်ကောင်စီက ပြန်လည်ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်ခဲ့ သည်ကိုလည်း တွေ့ရသည်။
(ဂဂ) မြေပြင်တွင် တိုက်ရိုက်စစ်ဆေးဖမ်းဆီးမှုများ
PSMS ဆော့ဝဲလ်ကဲ့သို့ အဆင့်မြင့်နည်းပညာသုံးစောင့်ကြည့်မှုများအပြင် ရုတ်တရက်စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည် ကိုလည်း တွေ့ရသည်။
ရန်ကုန်မြို့ရှိ ဘတ်စ်ကားမှတ်တိုင်များနှင့် လူစည်ကားရာနေရာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အရပ်ဝတ်ဖြင့် အများ ပြည်သူများ၏ လက်ကိုင်ဖုန်းများအား အတင်းအဓမ္မစစ်ဆေးပြီး လူငယ်များကို ဖမ်းဆီးမှုများပြုလုပ်ခဲ့ကြောင်း နိရဥ္စရ( Narinjara)သတင်းဌာနက ဖော်ပြခဲ့သည်။
(၃) ၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်းတွင်လည်း အင်တာနက်နှင့်မိုဘိုင်းဖုန်းဆက်သွယ်ရေး ဖြတ်တောက်ထိန်းချုပ်မှုအခြေအနေများ ကို သိသာစွာတွေ့မြင်ရသည်။ အင်တာနက်သုံးစွဲမှုအား ကန့်သတ်ထိန်းချုပ်ရာတွင် တော်လှန်ရေးအင်အားစုများ လွှမ်းမိုးရာ ဒေသများတွင်ပါ ထိန်းချုပ်ထားသည့်အခြေအနေများကို တွေ့မြင်ခဲ့ရသည်။
(ကက) စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
စစ်ရေးနှင့်လုံခြုံရေးအကြောင်းပြချက်များဖြင့် ဆက်သွယ်ရေးကွန်ရက်ဖြတ်တောက်မှုများအား စစ်ကောင်စီက ဆက်လက် လုပ်ဆောင်နေသည်ကို တွေ့ရသည်။
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့အား ဗုံးကြဲတိုက်ခိုက်ပြီးနောက် အင်တာနက်လိုင်းများ ပြတ်တောက်သွားခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်နှင့်ပုလောမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်ကျေးရွာများတွင် ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သည်။ ဇူလိုင်လ(၁၉)ရက်နေ့၌ စစ်ခေါင်းဆောင်တက်ရောက်ခဲ့သော အာဇာနည်နေ့ အခမ်းအနားကျင်းပရာဝန်းကျင်ရှိ ဗဟန်းနှင့်စမ်းချောင်းမြို့နယ်များတွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ယာယီဖြတ်တောက်ခဲ့သည်။ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် တိုက်ပွဲများပြန်လည်ပြင်းထန်လာချိန်၌ စစ်ကောင်စီနှင့်တော်လှန်ရေးအင် အားစုနှစ်ဘက်စလုံးက ဖုန်းနှင့်အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်ဟု ဒီဗွီဘီ(DVB)သတင်းဌာန၏ဖော်ပြချက်အ ရ သိရသည်။ ထို့အပြင် ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ အများပြည်သူသုံးစွဲနေသည့် စတားလင့်ခ့်(Starlink Wi-fi)စက်များကို စစ်ကောင်စီက အဓမ္မဖြုတ်ယူသိမ်းဆည်းမှုများ ပြုလုပ်ခဲ့သည်။
(ခခ) ပဋိပက္ခဒေသများ၏ ကာလရှည်အင်တာနက်ဖြတ်တောက်ခံရမှုအခြေအနေများ
ပဋိပက္ခပြင်းထန်းသောဒေသများတွင်နေထိုင်သည့်အများပြည်သူများသည် ကာလရှည်ဆက်သွယ်ရေးပြတ်တောက်မှုများနှင့် ရင်ဆိုင်နေရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာမြို့နယ်နှင့် ကချင်ပြည်နယ်၏မြို့တော်မြစ်ကြီးနားအပါအဝင် ပြည်နယ်တစ်ခုလုံးနီး ပါးအား စစ်ကောင်စီက အင်တာနက်ဖြတ်တောက်ထားသည်မှာ(၁)နှစ်ခန့်ကြာမြင့်လာပြီဖြစ်သည်။ စစ်ကောင်စီ၏အင်တာ နက်ဖြတ်တောက်မှုကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုများပြားလာကြောင်း Kachin Human Rights Watch (KHRW)မှ ပြောရေးဆိုခွင့်ရသူ ကိုဂျေကော့က ထောက်ပြပြောဆိုခဲ့သည်။ အင်တာနက်ဖြတ်တောက်ခံရမှုကြောင့် သတင်း စီးဆင်းမှုပိတ်ဆို့ပြီး ဖမ်းဆီးခံရမှုနှင့်လေကြောင်းတိုက်ခိုက်ခံရမှုများ ပိုမိုဖြစ်ပေါ်စေသည်ဟု ယင်းက ပြောဆိုခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်အတွင်းရှိ ခမ်းပတ်မြို့တွင် (၂)နှစ်နီးပါးပိတ်ထားခဲ့သည့် အူရီဒူး(Ooredoo)ဖုန်းလိုင်းများ ကို စစ်ကောင်စီက အချိန်ပိုင်းဖြင့် ဇူလိုင်လအတွင်း ပြန်လည်ဖွင့်ပေးခဲ့သည်။ သို့သော်လည်း ဝိုင်ဖိုင်(Wifi)အင်တာနက်လိုင်း နှင့်အမ်ပီတီ(MPT)၊ အက်တမ်(Atom)ဖုန်းလိုင်းများကို ဆက်လက်ပိတ်ထားစဲဖြစ်သည်။
(ဂဂ) တော်လှန်ရေးအဖွဲ့အစည်းများ၏ အင်တာနက်ထိန်းချုပ်အုပ်ချုပ်မှု
၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ရခိုင်ပြည်နယ်တွင် အာရက္ခတပ်တော်(AA)က အင်တာနက်ဝန်ဆောင်မှုများအား ထိန်းချုပ်ကိုင် တွယ်ဆောင်ရွက်မှုများလုပ်ဆောင်ခဲ့သည်ကို အထူးသဖြင့် တွေ့ရသည်။
အာရက္ခတပ်တော်(AA)သည် ယင်းတို့ထိန်းချုပ်နယ်မြေများတွင် စတားလင့်ခ့်(Starlink)အင်တာနက်သုံးစွဲခွင့်အား ထိန်းချုပ် ကိုင်တွယ်ခဲ့ပြီး၊ အင်တာနက်သုံးစွဲခနှုန်းထားကို တစ်နာရီလျှင် ၂,၀၀၀(နှစ်ထောင်)ကျပ်နှုန်းဖြင့်တစ်ပြေးညီ သတ်မှတ်ခဲ့ သည်။ ထိုသို့အာရက္ခတပ်တော်(AA)၏စျေးနှုန်းသတ်မှတ်ပေးမှုကြောင့် ရခိုင်ပြည်နယ်အတွင်း စတားလင့်ခ့်(Starlink)အင်တာနက်သုံးစွဲမှုစျေးနှုန်းများမှာ ယခင်ထက်ကျဆင်းသွားပြီး အသုံးပြုသူပိုမိုတိုးမြှင့်လာသည်ကိုတွေ့ရသည်။ သို့သော် ရခိုင်ပြည်နယ်အ တွင်း အင်တာနက်သုံးစွဲခွင့်ရသည့်အခြေအနေမှာ မြောက်ပိုင်းမြို့နယ်များတွင်သာ သုံးစွဲခွင့်ရနေခြင်းဖြစ်ပြီး တောင်ပိုင်းဒေသရှိ ဂွ၊ သံတွဲနှင့်တောင်ကုတ်မြို့များတွင်မူ အသုံးပြုခွင့်ကို ဆက်လက်ပိတ်ထားဆဲဖြစ်သည်။
(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
ဆက်သွယ်ရေးဖြတ်တောက်မှုများအပြင် အင်တာနက်ပေါ်မှ အများပြည်သူ၏ပြောဆိုရေးသားမှုများအပေါ်လည်း စောင့်ကြည့်ဖမ်းဆီးမှုများ ဆက်လက်ပြုလုပ်နေသည်ကိုလည်း တွေ့ရသည်။
၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း လူမှုကွန်ရက်ပေါ်မှပြောဆိုရေးသားမှုများကြောင့် အမျိုးသား(၁၂)ဦးနှင့်အမျိုးသမီး(၄)ဦး၊ စုစု ပေါင်း(၁၆ )ဦးခန့်သည် အနည်းဆုံးဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း စစ်ကောင်စီသည် အများပြည်သူကိုထိန်းချုပ်ရန်အတွက် မှတ်ပုံတင်စမတ်ကတ်(e-ID/UID) စနစ်အား အဆင့်မြှင့်တင်ခြင်း၊ Person Scrutinization and Monitoring System (PSMS)အက်ပလီကေးရှင်းအသုံးပြု၍ ဖမ်းဆီးမှုများလုပ်ဆောင်ခြင်းနှင့်ပြည်သူ့စစ်မှုထမ်းကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်(National Service Information Management System-NSIMS)တွင် အချက်အလက်ဖြည့်သွင်းရန် ပြင်ဆင်ခြင်းတို့အား လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။
(ကက) ဒစ်ဂျစ်တယ်အချက်အလက်မှတ်တမ်းများအား အသုံးချနိုင်ရန်ပိုမိုပြင်ဆင်လာမှုများ
အီးအိုင်ဒီ(e-ID)စနစ် အဆင့်မြှင့်တင်ရန်ဟုဆိုကာ စမတ်ကတ်ထုတ်ပေးခြင်းကို ဇူလိုင်လ(၄)ရက်နေ့မှစ၍ ယာယီရပ်နား ထားမည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။ စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် ယင်းတို့စိတ်ကြိုက်ပြဋ္ဌာန်းထား သည့် စစ်မှုထမ်းဥပဒေအောက်၌ စစ်မှုထမ်းသတ်မှတ်ချက် အသက်ကန့်သတ်ချက်အတွင်းအကြုံးဝင်သည့်လူငယ်များကို မှတ်တမ်းတင်ထားနိုင်မည့် "ပြည်သူ့စစ်မှုထမ်းကိုယ်ရေးအချက်အလက်စီမံခန့်ခွဲမှုစနစ်" (National Service Information Management System-NSIMS)တွင် အချက်အလက်ဖြည့်သွင်းမှုများ ပြုလုပ်နေသည်။ ယင်းသည် လူငယ်များကို ထိန်းချုပ်ရန်အတွက် သီးသန့်ဒေတာဘေ့စ်တစ်ခုတည်ဆောက်ခြင်း ဖြစ်သည်။ စစ်ကောင်စီအနေဖြင့် ဒစ်ဂျစ်တယ်မှတ်တမ်းများဖြည့်သွင်းရာတွင် အချက်အလက်ပြည့်စုံမှုရှိစေရန် ယူအိုင်ဒီ(UID)လုပ်ငန်းစဉ်အား အားစိုက်အကောင် အထည်ဖော်နေသည်ကို တွေ့ရသည်။ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းနဲ့ ယူအိုင်ဒီ(UID)နံပါတ်များ အတုအပပြုလုပ်ကိုင်ဆောင်သူများကို ထိရောက်စွာအရေးယူမည်ဟုလည်း ယခုလအတွင်း ကြေညာခဲ့သည်ကို တွေ့ရသည်။
(ခခ) နည်းပညာအခြေပြု တိုးမြှင့်စောင့်ကြည့်မှု အခြေအနေများ
စစ်ကောင်စီ၏ PSMS အက်ပ်ပလီကေးရှင်းဖြင့် စစ်ဆေးဖမ်းဆီးမှုကြောင့် ယခုလအတွင်း ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်တွင် နေထိုင်သူ မသက်ထားသူဇာသည် ကလောမြို့နယ်၊ နန့်ပန်တက် ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်။ ယင်းဖြစ် စဉ်အရ စစ်ကောင်စီသည် ယင်းတို့ ကောက်ယူထားပြီးဖြစ်သော လူထု၏ဒစ်ဂျစ်တယ်အချက်အလက်များအား စောင့်ကြည့်ရေးအတွက် ထိရောက်စွာအသုံးပြုနေပြီဖြစ်သည်ကို တွေ့မြင်နိုင်သည်။
ဗြိတိန်၊ နော်ဝေနှင့်ဒိန်းမတ်နိုင်ငံများမှ ဖွံ့ဖြိုးရေးရန်ပုံငွေ အနည်းဆုံးဒေါ်လာသန်း(၄၀)ခန့်ပံ့ပိုးမှုရရှိခဲ့သည့် မြန်မာနိုင်ငံ၏အ ကြီးဆုံးအင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများထဲမှတစ်ခုဖြစ်သည့် Frontier သည် ဆန်းပြားသောတရုတ်စောင့်ကြည့်ရေး နည်းပညာများကို အသုံးပြုနေသည်ဟု မဇ္ဈိမ(Mizzima)သတင်းဌာနက ရေးသားဖော်ပြထားသည်။ ထို့အပြင် ယခုလအတွင်း အီလက်ထရွန်နစ် ဒစ်ဂျစ်တယ်အိုင်ဒီ(ID)စနစ် အကောင်အထည်ဖော်ရေးပံ့ပိုးပေးရန် အိန္ဒိယနိုင်ငံနှင့်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးကြောင်း ကနေဒါအခြေစိုက် Biometric Update သတင်းဝက်ဆိုက်၏ ဖော်ပြချက်အရ သိရသည်။
အထက်ဖော်ပြပါအခြေအနေနှစ်ရပ်စလုံးသည် မြန်မာနိုင်ငံတွင် နည်းပညာအခြေပြုစောင့်ကြည့်မှုများ အလွန်အမင်းတိုးမြှင့် လာနေခြင်းကို မီးမောင်းထိုးပြနေသည်။ ထိုကဲ့သို့ နည်းပညာအခြေပြုစောင့်ကြည့်မှုများကို တိုးမြှင့်လုပ်ဆောင်နေသည့် စစ် ကောင်စီက ယခုလအတွင်း နိုင်ငံတော်အဆင့် ဒစ်ဂျစ်တယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီဖွဲ့စည်းထားပြီး “မြန်မာဒီဂျစ်တယ်စီးပွားရေးလမ်းပြမြေပုံ ၂၀၃၀”ကို ထုတ်ပြန်ခဲ့သေးသည်။
(ဂဂ) ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ကိုယ်ရေးအချက်အလက်များအတွက် စိုးရိမ်ဖွယ်အခြေအနေ
ဒစ်ဂျစ်တယ်နည်းပညာနှင့်ပေါင်းစပ်လာသည့် စစ်ကောင်စီ၏ပြည်တွင်းစောင့်ကြည့်ရေးယန္တရားအရှိန်အဟုန် ကောင်းလာစဉ် ပြည်ပရောက်နိုင်ငံသားများ၏ကိုယ်ရေးအချက်အလက်လုံခြုံရေးဆိုင်ရာမှာလည်း စိုးရိမ်ဖွယ်ရာအခြေအနေတစ်ရပ်ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
အိန္ဒိယနိုင်ငံရှိ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ(UNHCR)ရုံးက မြန်မာဒုက္ခသည်များ၏လျှို့ဝှက်ထားရမည့် ကိုယ် ရေးအချက်အလက်များအား အိန္ဒိယအစိုးရထံလွှဲပြောင်းပေးခဲ့၍ အရေးယူပေးပါရန်အဖွဲ့အစည်း(၁၄၁)ဖွဲ့က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီ(UNHCR)ရုံးချုပ်ကို တိုင်ကြားစာပေးပို့ခဲ့သည်။ မြန်မာဒုက္ခသည်များသည် လုံလောက်သော အကာအကွယ်မရရှိဘဲ လျှို့ဝှက်ထားရမည့်ကိုယ်ရေးအချက်အလက်များကို ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UNHCR)အိန္ဒိယရုံးကလွှဲပြောင်းပေးခဲ့ခြင်းသည် တာဝန်ယူမှုကင်းမဲ့သောလုပ်ရပ်ဖြစ်သည်ဟု တိုင်ကြားသူများက ဆိုသည်။
(ဃဃ) ဥပဒေအရ ဖိနှိပ်ရန် တိုးမြှင့်လုပ်ဆောင်လာမှု
၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့က ပြဋ္ဌာန်းထားသည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို စတင်ကျင့်သုံးရန် ၂၀၂၅ ခုနှစ် ဇူလိုင်လ(၃၀)ရက်နေ့တွင် စစ်ခေါင်းဆောင်က လက်မှတ်ရေးထိုးခဲ့သည်။
ယင်းဥပဒေအရ နိုင်ငံအတွင်း အသုံးပြုသူ တစ်သိန်းနှင့်အထက်ရှိသော ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းများ သည် အသုံးပြုသူများ၏ကိုယ်ရေးအချက်အလက်များအပြင် အသုံးပြုမှုမှတ်တမ်းများအား (၃)နှစ်အထိ သိမ်းထားရမည် ဖြစ်ပြီး ယင်းတို့လိုအပ်ပါက စိတ်ကြိုက်တောင်းခံနိုင်သည်ကို တွေ့ရသည်။ ယင်းဥပဒေအရ စစ်ကောင်စီသည် ဒစ်ဂျစ်တယ် ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်း (သို့မဟုတ်) အီလက်ထရောနစ်သတင်းအချက်အလက်ကို ယာယီပိတ်ခြင်း၊ ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းနှင့်ပတ်သက်သောပစ္စည်းများကို ယာယီထိန်းချုပ်ခြင်းအပြင် အပြီးတိုင်ပိတ်သိမ်းအရေးယူခြင်းတို့ကို ပြုလုပ်နိုင်သည်ကိုလည်းတွေ့ရသည်။ ယင်းဥပဒေအောက်တွင်ဆောင်ရွက်မည့် ဗီပီအဲန်(VPN)ဝန်ဆောင်မှုလုပ် ငန်းများပေါ်ပေါက်လာပါက အသုံးပြုသူ၏ကိုယ်ရေးအချက်အလက်အပါအဝင် သုံးစွဲမှုမှတ်တမ်းများကို သိမ်းထားပေးရမည်ဖြစ်ပြီး ခွင့်ပြုချက်မရှိပဲ ဗီပီအန်(VPN)ထူထောင်သူများကို ထောင်ဒဏ်သင့်စေနိုင်သည့်ပုဒ်မများထည့်သွင်း ပြဋ္ဌာန်းထား သည်။
Recommended Citation Style - Myanmar Internet Project (2025, Aug 1)၊ ၂၀၂၅ ခုနှစ် မေလမှဇူလိုင်လအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ၊ https://www.myanmarinternet.info/my/post/quarterly_may_july_2025
Comments