မိတ်ဆက်
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁) ရက်နေ့၌ အာဏာသိမ်းမှုအား ကြေညာပြီးနောက် အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း မြန်မာလူထုက နည်းလမ်းမျိုးစုံဖြင့် ထုတ်ဖော်ပြသခဲ့ကြသည်။ “သံပုံတီးကမ်ပိန်း”မှစတင်ခဲ့သော အာဏာသိမ်းမှုကိုဆန့်ကျင်သည့်လှုပ်ရှားမှုများသည် လျင်မြန်စွာအရှိန်မြင့်တက်ခဲ့ပြီး သန်းပေါင်းများစွာသော ဆန္ဒထုတ်ဖော်သူများဖြင့် မြို့ကြီးများတွင်ပြည့်နှက်သွားခဲ့သည်။ ထိုအကြမ်းမဖက်လှုပ်ရှားမှုများကို ဖေဖော်ဝါရီ (၉) ရက်နေ့မှစတင်ကာ အကြမ်းဖက်နှိမ်နင်းမှုများပြု လုပ်ခဲ့သည်။ ယင်းနှိမ်နင်းမှုများကြောင့် အကြမ်းမဖက်ဆန္ဒထုတ်ဖော်နေသည့် မမြသွဲ့သွဲ့ခိုင်သည် ကျဉ်ဆန်ထိမှန်၍ ကျဆုံးခဲ့သည်။ ယင်းဖြစ်ရပ်သည် အနာဂတ်တွင် မြန်မာစစ်တပ်က ဆက်လက်ကျူးလွန်တော့မည့် ထောင်ပေါင်းများစွာသော ရက်စက်ကြမ်းကြုတ်မှုများ၏အစဟု ဆိုနိုင်သည်။
ထိုကဲ့သို့ စစ်အာဏာရှင်တို့၏ ဖိနှိပ်မှုများကြားမှ မြန်မာ့တော်လှန်ရေး၏ အရွေ့သည် တုန့်ဆိုင်းသွားခြင်းမရှိခဲ့ပါ။ စစ် တပ်၏ အုပ်ချုပ်ရေးယန္တယားကို ရပ်တန့်သွားစေရန် ပြည်သူ့ဝန်ထမ်းများကဦးဆောင်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု၊ စစ်အာဏာရှင်ထံသို့ စီးဝင်သော ငွေကြေးစီးဆင်းမှုကို ဟန့်တားနိုင်မည့် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု၊ အာဏာရှင်ကိုဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသသည့်အနေဖြင့် စီးပွားရေးအပါအဝင် တစ်နေ့တာလှုပ်ရှာမှုများအားလုံးကို ရပ် တန့်ပြီး ဆန္ဒထုတ်ဖော်သည့် အသံတိတ်သပိတ်(Silence)စသည့် အကြမ်းမဖက်သော နည်းလမ်းပေါင်းစုံကို အသုံးပြုကာ ဆက်လက်တော်လှန်ခဲ့ကြသည်။
အာဏာသိမ်းမှုကို ဆန့်ကျင်သောလှုပ်ရှားမှုများ (၂) နှစ်နီးပါးကြာမြင့်လာချိန်၌ ထိုလှုပ်ရှားမှုများကို ဆက်လက်ဆောင် ရွက်နိုင်ရန်အတွက် ပြည်သူများ၏ ဘဏ္ဍာရေးဆိုင်ရာပံ့ပိုးမှုများသည် အရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်လာသည်။ ဒီမိုကရေစီပြန်လည်ရှင်သန်ရေးကို လိုလားသူများသည် တော်လှန်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်နိုင်စေရန်ပံ့ပို့မှုများ လျော့ ကျမသွားခဲ့ပါ။ အခြားတစ်ဘက်တွင်လည်း အာဏာသိမ်းစစ်တပ်သည် ပံ့ပိုးမှုဆိုင်ရာလမ်းကြောင်းများကို ဖြတ်တောက်ပစ်နိုင်ရန်၊ ပြတ်တောက်သွားစေရန်နှင့် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
ယခုဆောင်းပါးတွင် တော်လှန်ရေးရန်ပုံငွေ စုဆောင်းရရှိနိုင်ရေးအတွက် ကြိုးပမ်းမှုဆိုင်ရာနည်းလမ်းများနှင့် တော် လှန်ရေးရန်ပုံငွေစုဆောင်မှုအား ပြတ်တောက်ပြီး အင်အားလျော့ကျသွားစေရေးရည်ရွယ်ဆောင်ရွက်သည့် စစ်ကောင်စီ၏ ထိန်းချုပ်မှုဆိုင်ရာနည်းလမ်းများကို လေ့လာတင်ပြသွားပါမည်။
တော်လှန်ရေးရန်ပုံငွေ စုဆောင်းခြင်းဆိုင်ရာ လှုပ်ရှားမှုများနှင့် အတားအဆီးများ
အာဏာသိမ်းမှုကို ဆန့်ကျင်သော အစုအဖွဲ့များသည် တော်လှန်ရေးလှုပ်ရှားမှု၏ အရှိန်အဟုန်ကို ဆက်လက်ထိန်းထားနိုင်ရန် စိတ်ကူးစိတ်သန်းအမျိုးမျိုးဖြင့် ယခုအချိန်အထိ အကောင်အထည်ဖော်လျှက်ရှိသည်။ လှုပ်ရှားမှုများ၏ အစောပိုင်းကာလများတွင် တွေ့ရသည့် ဘဏ္ဍာငွေရှာဖွေရေးနည်းလမ်းများသည် သမားရိုးကျ ပုံစံများသားဖြစ်သည်။ ထိုမှတစ်ဆင့် နည်းပညာအခြေပြု ဘဏ္ဍာငွေရှာဖွေခြင်း၊ တီထွင်ဆန်းသစ်သောပုံစံများနှင့် အိုင်ဒီယာအခြေပြု ဘဏ္ဍာငွေရှာဖွေ စုဆောင်းမှုပုံစံများဆီသို့ ဆင့်ကဲပြောင်းလဲလာသည်။
ထိုသို့ တီထွင်ဆန်းသစ်လာသည့် ကမ်ပိန်းပုံစံများထဲတွင် အွန်လိုင်းကြော်ငြာများအား ဝင်ရောက်ကြည့်ရှုခြင်းမှတစ်ဆင့် ဝင်ငွေရှာလာသောပုံစံသည် ပထမဆုံးတီထွင်ဆန်းသစ်မှုပုံစံတစ်ခုဟု ဆိုနိုင်သည်။ တော်လှန်ရေးရန်ပုံငွေရရှိနိုင်ရန် ဖန်တီးထားသည့် လင့်ခ့်(Link)များကို စုစည်းပေးထားသော မိုဘိုင်းအက်ပလီကေးရှင်း(Mobile Application)များ ဖန်တီးကာ သုံး စွဲသူများကို ဆွဲဆောင်နိုင်စေရန်အတွက် ယင်းလင့်ခ့်(Link)များတွင် စာအုပ်များ၊ သတင်းများ၊ ပုံပြင်များနှင့် ရုပ်ရှင်ဇာတ်လမ်းများကို ရှာဖွေနိုင်ရန် ဖန်တီးပေးထားသည်။ ထိုသို့ ကလစ်လင့်ခ့်(Click Link)များကို စုစည်းမှုမှတစ်ဆင့် ထပ်မံပြောင်းလဲလာရာ ခရစ်တိုမိုင်းနင်းအက်ပလီကေးရှင်း(Crypto Mining Application)များနှင့် တော်လှန်ရေးလှုံ့ဆော်မှုဆိုင်ရာဂိမ်းများအားဖန်တီးကာ ငွေကြေးရှာဖွေခြင်းများကို ဆက်လက်ပြုလုပ်လာခဲ့သည်။
အာဏာသိမ်းကာလ တစ်လျှောက်အား ပြန်လည်သုံးသပ်ကြည့်ပါက စီအာပီအိတ်ချ်(CRPH)၏ ဦးဆောင်မှုဖြင့် Go Fund Me မှတစ်ဆင့် တော်လှန်ရေးရန်ပုံငွေ စုဆောင်းခဲ့မှုသည် တော်လှန်ရေး၏ အစောဆုံးကာလအတွင်း အလွန်ထင်ရှားသော ရန်ပုံငွေစုဆောင်းမှုဖြစ်သည်။ အာဏာသိမ်းခြင်းဖြစ်ပွားပြီး မကြာမီကာလအတွင်း၌စတင်နိုင်ခဲ့သည့် ယင်းကမ်ပိန်သည် လူထုအကြားအလျင်အမြန်ပျံ့နှံသွားပြီး ရက်ပိုင်းအတွင်း ငွေကြေးအမြောက်အများ စုဆောင်းရရှိခဲ့သည်။ ၂၀၂၁ ခုနှစ် မတ်လ (၃၁) ရက်နေ့တွင် ပြည်တွင်းပြည်ပထောက်ခံသူများထံမှာ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ (၉) သန်းခန့်ရရှိခဲ့သည်။ အချိန်တိုအတွင်း ငွေကြေးအမြောက်အများ ကောက်ခံရရှိမှုများကြောင့် Go Fund Me ၏ ခရက်ဒစ်ကတ်ငွေပေးချေမှုများကို တာဝန်ယူဆောင်ရွက်လျက်ရှိသော WePay company မှ Transaction များကို စစ်ဆေးရန်အတွက် အလှူငွေစုဆောင်းသည့် လင့်ခ့်(Link)အား ပိတ်သိမ်းခဲ့သည်။ ထိုကဲ့သို့ Go Fund Me ၏ ဆိုင်းငံမှုအခြေအနေများနှင့် ကြုံတွေ့ရပြီးနောက် ယုံကြည်စိတ်ချရပြီး ငွေကြေးကောက်ခံမှုများကို အကူအညီပေးနိုင်သော ကမ္ဘာတစ်ဝှမ်းရှိရန်ပုံငွေစုဆောင်ပေးနိုင်သူများဖြင့် ဖွဲ့စည်းထားသည့် ရန်ပုံငွေရှာဖွေသူများကွန်ရက်(Fundraiser Network)ကို စီအာပီအိတ်ချ်(CRPH)က ထူထောင်ခဲ့သည်။
ထိုသို့ ရန်ပုံငွေရှာဖွေရေးဆိုင်ရာကမ်ပိန်းများနှင့်ပတ်သက်သော နောက်ထပ်အတားအဆီးတစ်ခုမှာ ကေပေး(KPay), စီဘီပေး(CB Pay), ဝေ့ဖ်မန်းနီး(Wave Money), ဗီဇာ(Visa), မာစတာ(Master), ပေးပဲလ်(Paypal)အစရှိသော ငွေလွှဲနိုင်သည့်နည်းလမ်းများအပေါ်တွင် စစ်ကောင်စီကတင်းကြပ်စွာစောင့်ကြည့်ထိန်းချုပ်မှုဖြစ်သည်။ ထိုကဲ့သို့ တင်းကြပ်စွာစောင့်ကြည့်နေသည့်ကြားမှ တော်လှန်ရေးရန်ပုံငွေ မြှင့်တင်ရေးကမ်းပိန်းများထဲမှတစ်ခုဖြစ်သည့် အန်ယူဂျီ(NUG)၏ အောင်လံလွှင့်ချီ နွေဦးထီသည် (၁) နာရီအတွင်း လက်မှတ်(၅၀,၀၀၀)ကျော် ရောင်းချခဲ့ရပြီး ငွေကျပ်သန်း(၁၀၀)ကျော် စုဆောင်းနိုင်ခဲ့သည်။ အန်ယူဂျီ(NUG)နှင့် စီအာပီအိတ်ချ်(CRPH)တို့သည် ထိုကာလတွင် Raffel Ticket အစီအစဉ်တစ်ခုကို အကောင် အထည်ဖော်ဆောင်ခဲ့သည်။ ထိုအစီအစဉ်ဖြင့်ရန်ပုံငွေစုဆောင်းရေးကို ဆက်လက်ပြုလုပ်ခဲ့ပြီး အမေရိကန်ဒေါ်လာ(၅)သန်းရရှိရန် ရည်မှန်းခဲ့သည်။ ယင်းအစီအစဉ်တွင် ပြည်တွင်းမှ ထည့်ဝင်သူများ ပါဝင်နိုင်ရန်အတွက် စစ်ကောင်စီ စောင့်ကြည်နေသည့် ငွေကြေးလွှဲပြောင်းမှုလမ်းကြောင်းများကိုသာ အသုံးပြုနိုင်ခဲ့သေးသည်။ ထိုသို့ အာဏာသိမ်းစစ်တပ်၏ စောင့်ကြည့်မှုကို ရှောင်လွှဲနိုင်ရန်နှင့် ထောက်ပံ့သူများ၏ ငွေကြေးလွှဲပြောင်းပေးပို့မှုလမ်းကြောင်းများ ပိုမိုလုံခြုံမှုရရှိစေရန်အတွက် အန်ယူဂျီ (NUG)သည် ၂၀၂၂ ခုနှစ် ဇွန်လတွင် အန်ယူဂျီပေး(NUG Pay)ကို စတင်မိတ်ဆက်ပေးခဲ့သည်။ သို့သော်လည်း အန်ယူဂျီပေး(NUG Pay)၏ စီမံခန့်ခွဲမှုဆိုင်ရာအဆင်ပြေချောမွေ့မှုနှင့် အသုံးပြုသူဆိုင်ရာအကန့်အသတ်ရှိမှု အခြေအနေများသည် စိန်ခေါ်မှုများစွာ ရှိနေသေးသည်။ ထိုသို့ တော်လှန်ရေးအဖွဲ့အစည်းများအနေဖြင့် ငွေကြေးလွဲပြောင်းမှုဆိုင်ရာအခြေအနေများ အဆင်ပြေချောမွေ့စေရေးအတွက် နည်းပညာရှုထောင့်မှ ဖြေရှင်ရန်ကြိုးပမ်းနေချိန်တွင် အာဏာသိမ်းစစ်ကောင်စီသည် ဝေ့ဖ်မန်းနီး(Wave Money)၊ ကေပေး(Kpay)ကဲ့သို့ ငွေကြေးလွှဲပြောင်းခြင်းဝန်ဆောင်မှုလုပ်ငန်းများအပေါ် တင်းကြပ်သောစည်းမျဉ်းများချမှတ်နေပြီး ဒီမိုကရေစီလိုလားသည့် အင်အားစုများသည် အခြားသောရွေးချယ်စရာနည်းလမ်းများ အားနည်းသေးသည့်အချိန်တွင် ရှိရင်းစွဲနည်းလမ်းအပေါ်သာ ဆက်လက်မီခိုနေရသည်။
ငွေကြေးလွှဲပြောင်းမှုကိစ္စရပ်များအပေါ် စစ်ကောင်စီ၏ စောင့်ကြည့်ခြေရာခံမှုများ
စစ်ကောင်စီသည်တော်လှန်ရေးထောက်ပံ့လှူဒါန်းမှုများနှင့်ပတ်သက်ပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လ အစပိုင်းမှစတင်၍ အရေးယူမှုများပြုလုပ်လာသည်ကို တွေ့ရှိရသည်။ ဩဂုတ်လအစောပိုင်းတွင် တော်လှန်ရေးအတွက်အလှူခံမှုများ ပြုလုပ်သည့် ကေပေးအကောင့်(Kpay Account)များအား ပိတ်သိမ်းအရေးယူလာသည်ကို တွေ့ရှိရသည်။
၂၀၂၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ငွေကြေးလွှဲပြောင်းသူများ၏ အသေးစိတ်ကိုယ်ရေးကိုယ်တာအချက်အလက်များကို စုဆောင်းထားရန်နှင့် “နွေဦးထီ” သို့မဟုတ် တော်လှန်ရေးလှုပ်ရှားမှုများနှင့်ပတ် သက်သည့် တစ်စုံတစ်ရာလွှဲပြောင်းခြင်း ရှိမရှိကိုအစီရင်ခံရန် ဘဏ်များနှင့် ငွေရေးကြေးရေးအေဂျင်စီများအား ညွှန်ကြား ချက်ထုတ်ပြန်ခဲ့ပါသည်။ မိုဘိုင်းငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် အစီရင်ခံရန်ပျက်ကွက်ခဲ့ပါက ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေ ပုဒ်မ (၁၅၄)အရ တရားစွဲဆိုမည်ဟု ယင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
စစ်ကောင်စီ၏ ငွေကြေးလွှဲပြောင်းခြင်း စောင့်ကြည့်မှုအခြေအနေများမှ ရှောင်လွှဲနိုင်ရန်အတွက် အန်ယူဂျီပေး(NUG pay)ကို စတင်မိတ်ဆက်သောလဖြစ်သည့် ၂၀၂၂ ခုနှစ် ဇွန်လ၌ စစ်ကောင်စီသည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တွင် မှတ်ပုံ တင်ထားခြင်းမရှိသည့်အခြားသော မိုဘိုင်းငွေချေစနစ်(Mobile Pay/Mobile Wallet)များကို အသုံးပြုခြင်းသည် တရား ဝင်မှုမရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၅) ရက်နေ့တွင် ကေပေး၊ ဝေ့ဖ်မန်းနီး(KPay/Wave Money)စသည့် မိုဘိုင်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေသည့် ကိုယ်စားလှယ်များသည် သုံးစွဲသူများ၏အချက်အလက်များကို လျှို့ဝှက်မှတ်တမ်းတင်ထားရန်နှင့် စောင့်ကြည့်ရေးကင်မရာ(CCTV)များ တပ်ဆင်ထားရန်အပါအဝင် လိုက်နာရမည့်အချက်၁၀ ချက်ကို စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ထို့နောက် ၂၀၂၂ ခုနှစ် စက် တင်ဘာလ (၁၆) ရက်နေ့တွင် စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်သည် “Level 2” မြှင့်တင်ထားခြင်းမရှိသည့် (ဆိုလိုသည်မှာ နိုင်ငံသားစိစစ်ရေး ကဒ်များဖြင့် အတည်ပြုရခြင်း မရှိသေးသည့်အကောင့်များ) မိုဘိုင်းငွေပေးချေမှုအကောင့်များအား အပြီးပိတ်သိမ်းမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ မိုဘိုင်းငွေပေးချေမှုအကောင့်များအား စစ်ကောင်စီလက်အောက် ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဆက်သွယ်ရေး ညွန်ကြားမှုဦးစီးဌာနများ၏ စာရင်းတွင် ဖြည့်စွက်ထားသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်နှင့် ဆင်းမ်ကတ်နံပါတ်များကို အီလက်ထရွန်နစ်မှတ်ပုံတင်ခြင်းဒေတာဘေ့စ်နှင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဒေတာဘေ့စ်များမှ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးသွားမည်ဟု ယင်းကြေ ညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၁၉) ရက်နေ့၌ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် အမည်၊ မှတ်ပုံတင်နံပါတ်တို့ကို မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသော ဆင်းကဒ်(Sim Card)များကို ပိတ်သိမ်းမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့ထုတ်ပြန်ကြေညာပြီး နှစ်ရက်ခန့်အကြာ ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကေပေးအကောင့်(Kpay Account)အများအပြားသည် အကြောင်းပြချက် အခိုင်အလုံမရှိပဲ ပိတ်သိမ်းခံခဲ့ရသည်။
အထက်ဖော်ပြပါဖြစ်စဉ်များအရ စစ်ကောင်စီသည် တော်လှန်ရေးရန်ပုံငွေ စီးဆင်းနိုင်သည့်လမ်းကြောင်းများကို ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း ထင်ရှားသည်။
နည်းပညာအခြေပြု တော်လှန်ရေးရန်ပုံငွေရှာဖွေမှုများအပေါ် စစ်ကောင်စီ၏ ဖိနှိပ်မှု
စစ်ကောင်စီသည် မိုဘိုင်းငွေပေးချေမှုကဲ့သို့ ယင်းတို့တိုက်ရိုက်ထိန်းချုပ်နိုင်သည့် လမ်းကြောင်းများမှတစ်ဆင့် ဒီမိုကရေစီလှုပ်ရှားမှုများအတွက် ရန်ပုံငွေရှာဖွေမှုများအပေါ် ဖိနှိပ်မှုများပြုလုပ်နေသည်။ ထို့အပြင် နည်းပညာအခြေပြု ရန်ပုံငွေ ရှာဖွေမှုပုံစံများဖြစ်သည့် “Click2Donate (C2D), PDF Game”ကဲ့သို့ စစ်ကောင်စီ တိုက်ရိုက်ဟန့်တားနိုင်စွမ်းမရှိသည့် အခြေအနေများအပေါ်တွင်လည်း အင်တာနက်မြန်နှုန်းများကို ကန့်သတ်ခြင်းနှင့် အရေးယူနိုင်မည့်ည်းလမ်းပေါင်းစုံအသုံးပြု၍ သွယ်ဝိုက်သောနည်းလမ်းများဖြင့်လည်း နှောက်ယှက်နေသည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့တွင် “C2D”ကဲ့သို့ တော်လှန်ရေးရန်ပုံငွေ ရှာဖွေမြှင့်တင်ရေးကိစ္စရပ်များတွင် ပြည်သူ၏ ပါဝင်မှုကိုလျှော့ကျစေရန်အတွက် မိုဘိုင်းအင်တာနက်အသုံးပြုမှုစျေးနှုန်းများကို (၂) ဆမြှင့်တင်ခဲ့သည်။ မြန်မာနိုင် ငံအတွင်းရှိ ဒေသအသီးသီးတွင် ဖိုင်ဘာအင်တာနက်(Fiber Internet)လိုင်းများ ချိတ်ဆက်အသုံးပြုနိုင်မှု အကန့်အသတ်ရှိနေချိန်တွင် ထိုသို့ မိုဘိုင်းအင်တာနက်စျေးနှုန်းများ တိုးမြှင့်ကောက်ခံခြင်းသည် သုံးစွဲသူများ၏ သတင်းအချက်အလက်ရရှိနိုင်မှုအပါအဝင် ပညာရေးဆိုင်ရာကိစ္စရပ်များအတွက်လည်း ကြီးမားသည့် သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်။ ဖိုက်ဘာအင်တာနက်လွှမ်းခြုံမှု ကောင်းမွန်သည့် ရန်ကုန်မြို့တွင် ဓာတ်တိုင်များမှတစ်ဆင့် သွယ်တန်းထားသော ဆက်သွယ်ရေးကြိုးများအား ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နောက်ဆုံးထား၍ ဖယ်ရှားရှင်းလင်းရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းကထုတ်ပြန်ကြေညာခဲ့သည်။
စစ်ကောင်စီ၏ အင်တာနက်အသုံးပြုမှုအပေါ် ဖိနှိပ်မှုများသည် ပိုမိုများပြားလာခဲ့သည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၆) ရက်နေ့တွင် စစ်ကောင်စီသည် ပြည်ထောင်စုအကောက်ခွန်ဥပဒေကိုပြင်ဆင်၍ ဆင်းကဒ်တစ်ခုအတွက် ကုန်သွယ်ခွန်ကျသင့် ငွေကို ကျပ်(၂၀,၀၀၀)ခန့်အထိ တိုးမြင့်ကောက်ခံခဲ့သည်။ အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းများအပေါ် အခွန် ၁၅ ရာ ခိုင်နှုန်းအထိ တိုးမြှင့်ကျသင့်စေခဲ့သည်။ “အင်တာနက်ဝန်ဆောင်မှုများအပေါ် အခွန်တိုးကောက်ခံခြင်းသည် အင်တာနက်အ လွန်အကျွံသုံးစွဲမှုကြောင့် ပြည်သူများ အလုပ်အကိုင်ထိခိုက်ခြင်း၊ ကျောင်းသူကျောင်းသားများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခြင်းများကိုလျှော့ချရန်အတွက်”ဟုဆိုသည့် အလွန်ထူးဆန်းသောအကြောင်းပြချက်များလဲ ထည့်သွင်းဖော်ပြထားသေး သည်။
လားရာများကို သုံးသပ်ကြည့်ခြင်း
တော်လှန်ရေးရန်ပုံငွေ စီးဆင်းမှုလမ်းကြောင်းမှန်သမျှကို စစ်ကောင်စီက ပြင်းထန်စွာဖိနှိပ်နိုင်ရန်ကြိုးပမ်းနေခြင်းသည် ယင်းတို့အပေါ် တော်လှန်ရေး၏ သက်ရောက်မှုများ ကြီးမားစွာရှိခြင်းကြောင့်ဖြစ်ကြောင်း လေ့လာတွေ့ရှိခဲ့သော အချက်အ လက်များအရ သိရသည်။ ထို့အတူ စစ်ကောင်စီ၏ တယ်လီကွန်းဆက်သွယ်ရေး အဆောက်အအုံ အားလုံးအပေါ် အပြည့်အဝထိန်းချုပ်နိုင်မှုနှင့် ငွေကြေးယန္တယားများအပေါ် စစ်ကောင်စီ၏ လွှမ်းမိုးနိုင်မှုကလည်း တော်လှန်ရေးအရှိန်အဟုန်အပေါ်သို့ သက်ရောက်မှုရှိနေပြန်သည်။
အလေ့အထဆိုင်ရာလုံခြုံရေးကို တော်လှန်ရေးထောက်ပံ့နေသူများက ကောင်းမွန်စွာဂရုစိုက်ခြင်းဖြင့် အကောင့်များ ပိတ်သိမ်းခံရမှု လျော့နည်းသွားစေနိုင်ကြောင်း ပထမအချက်အဖြစ် အလေးထားသင့်သည်။ သုံးစွဲသူများအတွက် ဖြစ်နိုင်ခြေအရှိဆုံး အားနည်းချက်တစ်ခုမှာ ငွေကြေးလွှဲပြောင်းမှုနှင့်ပတ်သက်၍ ငွေလွှဲရသည့်အကြောင်း ဖော်ပြရခြင်းဖြစ်သည်။ ထို့ ကြောင့် ပီဒီအက်ဖ်(PDF), အန်ယူဂျီ (NUG)အစရှိသည့် တော်လှန်ရေးနှင့်သက်ဆိုင်သော စကားလုံးများကို ရှောင်ရှား၍ အသုံးပြုခြင်းကို အလေးထားသင့်သည်။ ခွဲခြားမှုများဖြင့် လုံခြုံစေခြင်း၊ လုံခြုံသောဒီဂျစ်တယ်လမ်းကြောင်းများမှ ဆက်သွယ်ခြင်း၊ သတင်းအချက်အလက်ဆိုင်ရာ အကဲဆတ်သည့်ကိစ္စရပ်များအတွက် ပုံမှန်ဖုန်းဆက်သွယ်မှုများဖြင့် အသုံးပြုဆက်သွယ်ခြင်း စသည့် အခြေခံလုံခြုံရေးဆိုင်ရာ သိမှုများကိုလည်း မြှင့်တင်ရန်လိုအပ်သည်။ ဒီဂျစ်တယ်လုံခြုံရေးဆိုင်ရာသိနားလည်မှု မြှင့်တင်နိုင်ရန်အတွက် ရင်းမြစ်များစွာကို “Spring Revolution Security” တယ်လီဂရမ်ချန်နယ်တွင် ရယူနိုင်ပါသည်။
ခရစ်တိုငွေကြေး(Cryptocurrency)ကို တော်လှန်ရေးထောက်ပံ့နေသူများ လွယ်လင့်တကူအသုံးပြုလာနိုင်ပါက စစ်ကောင်စီ၏ စောင့်ကြည့်မှုအခြေအနေများမှ အတိုင်းအတာတစ်ခုအထိ လွတ်မြောက်နိုင်ပါသဖြင့် ယင်းကို ဒုတိယအချက်အဖြစ် အလေးထားသင့်သည်။ မြန်မာ့ခရစ်တိုငွေကြေးစနစ်တွင် ထင်သာမြင်သာရှိသော အခင်းအကျင်းကောင်းများလည်း ရှိနေသည်။ ယင်းတို့မှာ အန်ယူဂျီ(NUG)အနေဖြင့် တယ်တာ(USDT)ကို တရားဝင်ငွေကြေးအဖြစ်ကြေညာထားခြင်း၊ ဒစ်ဂျစ်တယ်မြန်မာကျပ်(DMMK)ကို ဘလောက်ချိန်း(Blockchain)အခြေပြုငွေကြေးအဖြစ်လုပ်ဆောင်ထားခြင်း၊ ခရစ်တိုငွေ ကြေးအသုံးပြုမှုအား ဦးဆောင်မှုပေးနိုင်သူများရှိနေခြင်းနှင့် အလှူငွေရရှိရန်အတွက် ဆုရတနာခရစ်တိုမိုင်းနင်းအစီအစဉ်များ ရှိနေခြင်းတို့ဖြစ်သည်။ ထိုသို့ အခင်းအကျင်းကောင်းများရှိနေသော်လည်း အသုံးပြုမည့်သူအသစ်များအတွက် ငွေလဲကောင်တာမရှိခြင်း၊ အက်ပလီကေးရှင်းများအားနည်းခြင်း၊ နည်းပညာအသိုင်းအဝိုင်း၊ အစိုးရနှင့် ပညာရှင်တို့အကြား ပူးပေါင်းဆောင်ရွက်မှု လစ်ဟင်းချက်များ ရှိခြင်းများကိုလည်း ကြုံတွေ့ရသည်။ ထိုအတားအဆီးများကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်ပါက ငွေကြေးဆိုင်ရာလွှဲပြောင်းမှုအပေါ် စစ်ကောင်စီ၏ စောင့်ကြည့်မှုအခြေအနေဆိုးများကို ရှောင်းရှားနိုင်ပြီး ပိုမိုကောင်းမွန်သည့်အခြေအနေများကို ရရှိလာနိုင်သည်။
အန်ယူဂျီပေး(NUGpay)ကဲ့သို့ ဘလော့ချိန်းအခြေပြု ငွေကြေးလွှဲပြောင်းမှုပလက်ဖောင်းများ ပိုမိုပေါ်ထွန်းလာစေရန်နှင့် အသုံးပြုသူများပြားလာစေရန် ထိုလုပ်နည်းလုပ်ဟန်ပုံစံများအား လူငယ်စွန့်ဦးတီထွင်သူများကို မျှဝေပေးခြင်းအားဖြင့် အ သုံးပြုသူများသည် အစားထိုးရွေးချယ်စရာအသစ်များကို စဉ်းစားလာနိုင်ဖွယ်ရှိသည်ကို တတိယအချက်အဖြစ် အလေးထားသင့်သည်။ အန်ယူဂျီပေး(NUG pay)အသုံးပြုနိုင်ရေးသည် အတိုင်းအတာတစ်ခုအထိ ယခုအခါတွင် အခက်အခဲရှိနေသေးသည်။ ထို့အတူ အသုံးပြုနိုင်ရန် လက်လှမ်းမီမှုလည်း အကန့်အသတ်ဖြစ်နေသေးသည်။ သို့သော် အန်ယူဂျီပေး(NUGpay) ကဲ့သို့ဝန်ဆောင်မှုများ ပိုမိုထွန်းကားလာပါက တော်လှန်ရေးရန်ပုံငွေ ရှာဖွေသုံးစွဲရန်အတွက် လုံခြုံသောငွေကြေးစီးဆင်းမှုအ ခြေအနေတစ်ခုဖြစ်လာနိုင်သည်ကို မှန်းဆကြည့်နိုင်သည်။
Recommended Citation Style -
Myanmar Internet Project. (2022, December 11). မြန်မာနိုင်ငံအတွင်း ငွေကြေးလွှဲပြောင်းမှုတွေကို စစ်ကောင်စီ ဘယ်လို ထိန်းချုပ်နေသလဲ. https://www.myanmarinternet.info/my/post/blog-003
Комментарии