မြန်မာ့နွေဦးတော်လှန်ရေးတွင် နိုင်ငံတဝှမ်းမှ ပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင်၏ ဖိနှိပ်မှုများကိုကြံ့ကြံ့ခံနိုင်ရန်၊ အစိုးရယန္တရားများ လည်ပတ်နိုင်မှုမရှိစေရန်၊ ပြည်သူများ၏ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု(Civil Disobedience Movement – CDM)တွင် ပါဝင်သည့်ဝန်ထမ်းများ စစ်အစိုးရအုပ်ချုပ်မှုမှလွတ်ကင်း၍ ဆက်လက်ရှင်သန်နိုင်ရန်၊ ပြည်သူ့အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ(National Unity – NUG)၏လုပ်ငန်းဆောင်တာများ လည်ပတ်နိုင်ရန်၊ ပြည့်သူအုပ်ချုပ်ရေးအဖွဲ့များနှင့် ပြည့်သူကာကွယ်ရေးတပ်ဖွဲ့(People Defense Force – PDF)များလှုပ်ရှားနိုင်ရန်တို့အ တွက် ရန်ပုံငွေရရှိရေးသည် အရေးအကြီးဆုံးသောအခန်းကဏ္ဍတွင် ပါဝင်ပါသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ဘဏ်စနစ်များကို စစ်ကောင်စီက တင်းကျပ်စွာချုပ်ကိုင်ထားမှုကြောင့် ဘဏ်ငွေကြေးလွှဲ ပြောင်းမှုများ၊ ငွေသွင်းငွေထုတ်မှုများနှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများသုံးစွဲမှုတွင် အကျပ်အတည်းများဖြစ်လာခဲ့သည်။ သို့ သော်လည်း မြန်မာ့နွေဦးတော်လှန်ရေး၌ ပြည်သူထဲမှ ပြည်သူများနှင့် NUG မှ လုပ်ငန်းဆောင်တာများ အင်တာနက်စာမျက် နှာများမှတစ်ဆင့် ဆက်လက်လုပ်ကိုင်နိုင်ရန် ရန်ပုံငွေကောက်ခံမှုပြုလုပ်ကြရာတွင် သမရိုးကျနည်းလမ်းများ အသုံးပြုသည့်အပြင် ဆန်းသစ်တီထွင်သည့်နည်းလမ်းများနှင့် ပုံစံများပါအသုံးပြု၍ ပြုလုပ်ခဲ့ကြသည်။ ရန်ပုံငွေကောက်ခံခြင်းနည်းလမ်းများကိုဖော်ဆောင်ရာတွင် အပိုင်း(၂)ပိုင်းခွဲခြားဖော်ပြရမည်။ ပထမအပိုင်းအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှရန်ပုံ ငွေဖော်ဆောင်သောအပိုင်းဖြစ်ပြီး ဒုတိယအပိုင်းမှာ ပြည်သူထဲမှ ပြည်သူများမှစတင်ဦးဆောင်၍ ရန်ပုံငွေဖော်ဆောင်သောအ ပိုင်းဖြစ်သည်။
(၁) အမျိုးသားညီညွတ်ရေးအစိုးရ (NUG)မှ ရန်ပုံငွေဖော်ဆောင်ခြင်း
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ ရန်ပုံငွေဖော်ဆောင်ရေးပြုလုပ်ရာတွင် အသုံးပြုသည့်နည်းလမ်းများမှာ -
လူစုလူဝေးလိုက် ငွေကြေးထောက်ပံ့သော အင်တာနက်စာမျက်နှာများအသုံးပြုခြင်း (ဥပမာ – ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီမှ ဦးစီးဦးရွက်ပြုသော Gofundme ပလက်ဖောင်း)၊
အင်တာနက်မှတစ်ဆင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများအသုံးပြု၍ 'အောင်လံလွှင့်ချီ နွေဦးထီ'ဆိုသည့် လစဉ်ထီထိုးနိုင်မည့်အစီအစဉ်ပြုလုပ်ခြင်း၊
ငွေကြေးပမာဏတစ်ခုသတ်မှတ်၍ မဲလတ်မှတ်များရောင်းချပေးပြီး ဆုကြေးငွေပြန်ဖောက်သည့်အစီအစဉ်များပြုလုပ်ခြင်း (ဥပမာ – ယုံကြည်ရာခြေတစ်လှမ်း တော်လှန်ရေးအတွက် ငါးသန်း)၊
အမျိုးသားညီညွတ်ရေးအစိုးရမှ အာမခံပြီး ပြည်သူများကို ငွေတိုက်စာချုပ်များ ရောင်းချခြင်း၊
စစ်ကောင်စီခေါင်းစဉ်နှင့် စစ်အုပ်စုခေါင်းဆောင်များ ရယူထားသောနေအိမ်များနှင့် ပိုင်ဆိုင်မှုများကို ဘဏ္ဍာရေးဆိုင် ရာပိုင်ဆိုင်ခွင့်ရှယ်ယာများဖြင့် ရောင်းချခြင်း (ဥပမာ – ၁၄-အင်းလျား ၊ အင်းလျား View @ 6.5 mile)၊
စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂလိကတစ်ဦးချင်းစီ အခွန်ဆောင်နိုင်ရန် ပြည်တွင်းအခွန်များဦးစီးဌာနထားရှိပေးခြင်းနှင့် အခွန်တံဆိပ်ခေါင်းများ ရောင်းချပေးခြင်း၊
ရန်ကုန်နှင့် မန္တလေးမြို့များ၏ အချက်အချာကျသောနေရာများရှိ စစ်တပ်ပိုင်မြေများကို နွေဦးရန်ကုန်၊ နွေဦးမန္တလေးစီမံကိန်းများပြုလုပ်၍ ပြည်သူအများ ကြိုတင်ရင်းနှီးမြုပ်နှံမှုများပြုလုပ်နိုင်သည့် အချက်အချာကျသော စီးပွားရေးအ ဆောက်အအုံများ၊ တိုက်ခန်းများနှင့် မြေကွက်တည်နေရာများကို ကြိုတင်ဖော်ဆောင်၍ ကြိုတင်စာရင်းပေးငွေချေစ နစ်ဖြင့် အရစ်ကျရောင်းချခြင်း (ဥပမာ – Spring Yangon Investment၊ Spring Mandalay Investment)၊
နိုင်ငံရှိသယံဇာတများကို တူးဖော်နိုင်မည့်အခွင့်အရေးများရရှိစေရန် လုပ်ကွက်များဖော်ဆောင်ပေးပြီး ကြိုတင်ရောင်း ချခြင်း(ဥပမာ – Early Partnership Program ၏ မိုးကုတ်ပတ္တမြားလုပ်ကွက်) စသည်တို့ ဖြစ်သည် ။
NUG သို့ ရန်ပုံငွေများ လှူဒါန်းရာတွင် သို့မဟုတ် ရန်ပုံငွေအတွက်ရောင်းချသည့် ငွေတိုက်စာချုပ်များ၊ ထီများ၊ ရှယ် ယာများ၊ ရောင်းချခြင်းများပြုလုပ်ရာတွင် နိုင်ငံတကာနှင့် ပြည်တွင်းမှ မြန်မာနိုင်ငံသားများ ပါဝင်နိုင်ရန်အတွက် နိုင်ငံတကာငွေကြေးလွှဲပြောင်းမှုများပြုလုပ်နိုင်သော “Master” (သို့မဟုတ်) “Visa”ကဒ်များဖြင့် အသုံးပြုနိုင်အောင်ထားရှိခြင်း၊ ပြည် တွင်းဘဏ်များနှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများမှ ငွေကြေးပေးချေနိုင်အောင်ပြုလုပ်ပေးခြင်း၊ ပြည်တွင်းပြည်ပကိုယ်စား လှယ်များထားရှိ၍ ဘဏ်များနှင့် ငွေကြေးဝန်ဆောင်မှုများလက်ခံခြင်း စသည့်လုပ်ငန်းဆောင်တာများကို NUG မှဦးစီး၍နှင့် NUGကိုထောက်ခံသော ပြည်သူလူထုများနှင့် ပူးပေါင်းလုပ်ဆေင်ခြင်း စသဖြင့် လုပ်ငန်းဆောင်တာများကို ဆောင်ရွက်လျက်ရှိသည်ကိုတွေ့ရှိရသည်။ ထို့အပြင် နိုင်ငံတကာမှရန်ပုံငွေလှူဒါန်းရာတွင် အဆင်ပြေချောမွေ့မှုရှိစေရန် NUG မှ ဒစ်ဂျစ်တယ်ငွေကြေးအမျိုးအစားဖြစ်သည့် USD Tether (USDT)ကို ပြည်တွင်းသုံးစွဲနိုင်ရန်အတွက် တရားဝင်အသိမှတ်ပြုထုတ်ပြန်ကြေ ညာခြင်းများ ပြုလုပ်ခဲ့သည်။
စစ်ကောင်စီမှ ဘဏ်အကောင့်များ ငွေကြေးလွှဲပြောင်းမှုများနှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများ အသွားအလာများကို စောင့်ကြည့်မှုများပြုလုပ်လျက်ရှိပြီး မသင်္ကာပါက ပြည်သူလုထု၏ ဘဏ်အကောင့်များနှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုများကို ပိတ်ပင်မှုများ ပြုလုပ်လာခဲ့သည်။ စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်မှ မိုဘိုင်းငွေကြေးဝန်ဆောင်မှုများအတွက် ငွေသွင်းငွေထုတ်ပြုလုပ်ရာတွင် လုံခြုံရေးမြှင့်တင်ရမည်ဆိုသည့်အကြောင်းပြချက်ဖြင့် ငွေလွှဲရသည့်အကြောင်းအရာများ၊ မှတ်ပုံ တင်များ၊ နေရပ်လိပ်စာများစသည့် ကိုယ်ရေးကိုယ်တာအချက်အလက်များဖြည့်သွင်းခြင်းပြုလုပ်စေရန် မိုဘိုင်းငွေကြေးဝန် ဆောင်မှုပြုလုပ်သည့် ကိုယ်စားလှယ်များထံ ထုတ်ပြန်ချက်များထုတ်ပြန်၍ ညွှန်ကြားခြင်းများပြုလုပ်ခဲ့သည်။
စစ်ကောင်စီထိန်းချုပ်ထားသည့် ငွေကြေးလည်ပတ်မှုစနစ်အပေါ် မှီခိုနေရမှုကိုအဆုံးသတ်ရန်နှင့် သီးခြားလွတ်လပ်သည့် ငွေကြေးလည်ပတ်မှုစနစ် ပေါ်ပေါ်လာရန်ရည်ရွယ်ပြီး NUG ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန (Ministry of Planning, Finance and Investment – MOPFI )မှဦးစီး၍ မြန်မာနိုင်ငံ၏ ပထမဆုံး “blockchain” နည်းပညာအခြေပြု ဒစ်ဂျစ်တယ်ငွေကြေးပိုက်ဆံအိတ်ဖြစ်သည့် NUG Pay ကို ၂၀၂၂ ခုနှစ် ဇွန်လတွင် စတင်မိတ်ဆက်ခဲ့သည်။ ထို့အပြင် မိုဘိုင်းပိုက်ဆံအိတ်တွင် တွဲဖက်အသုံးပြုရမည့်(Digital Myanmar Kyat – DMMK)အမည်ရှိ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအမျိုးအစားကိုလည်း ထုတ်ပြန်ကြေညာ၍ မိတ်ဆက်ခဲ့သည်။ NUG pay ကို အသုံးပြုနိုင်ရန် ပြည်တွင်းပြည်ပကိုယ်စားလှယ်များထားရှိပြီး ထိုကိုယ်စားလှယ်များမှတစ်ဆင့် စတင်အသုံးပြုနိုင်သည့် နံပါတ်ဝယ်ယူခြင်းများ ပြုလုပ်နိုင်သည်ကို လေ့လာတွေ့ရှိရသည်။ NUG pay ဖြင့် CDM တွင်ပါဝင်သည့် ဝန်ထမ်းများအား ရန်ပုံငွေများထောက်ပံ့နိုင်ခြင်း၊ PDF များအား ထောက်ပံ့နိုင်ခြင်း၊ NUG ၏ လုပ်ငန်းဆောင်တာများ လုပ်ဆောင်နိုင်ရန် လှူဒါန်းနိုင်ခြင်း၊ ငွေတိုက်စာချုပ်များဝယ်ယူနိုင်ခြင်းနှင့် အခွန်ဆောင်ခြင်းစသည့် လုပ်ငန်းစဉ်များ ပြုလုပ်နိုင်ရန် ဖော်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။ NUG pay သုံးစွဲခြင်းကို စမ်းသပ်ကာလသုံးလထားရှိခဲ့ပြီး ကုန်သွယ်ဝန်ဆောင်မှုများလုပ်ဆောင်နိုင်ရန် ရှေ့ဆက်ပြုလုပ်သွားမည်ဖြစ်ကြောင်း MOPFI – NUG က ကြေညာခဲ့သည်။
ပြည်သူလူထုသည် NUG မှပြုလုပ်သည့် ရန်ပုံငွေဖော်ဆောင်ခြင်းနည်းလမ်းများတွင် နည်းလမ်းမျိုးစုံ ပုံစံမျိုးစုံဖြင့် ဝင်ရောက်ပါဝင်လုပ်ဆောင်ခဲ့သည်။ ထိုသို့ရန်ပုံငွေမှရရှိသည့် ငွေကြေးများကို CDM တွင်ပါဝင်သည့် ပြည့်သူဝန်ထမ်းအများစုကို လစဉ်ထောက်ပံ့ခြင်းများ၊ NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင်လှုပ်ရှားနေသည့် PDFအဖွဲ့များ စစ်ရေးဖော်ဆောင်ရာတွင် လိုအပ်သည့်အရာများဖြစ်သော လက်နက်များ၊ ရိက္ခာများ၊ အသုံးအဆောင်များကို ထောက်ပံ့ပေးခြင်းများနှင့် NUG ၏ လုပ်ငန်းဆောင်တာများ လည်ပတ်မှုရှိစေရန် ဝန်ကြီးဌာနများအား ထောက်ပံ့ပေးခြင်းများကို NUG က လုပ်ဆောင်လျှက်ရှိသည်ကို လေ့လာတွေ့ရှိရသည်။
(၂) ပြည်သူထဲမှ ပြည်သူများမှ စတင်ဦးဆောင်ပြီး ရန်ပုံငွေဖော်ဆောင်ခြင်း
နွေဦးတော်လှန်ရေးတွင် ပြည်သူလူထုသည်အခရာဖြစ်သည်။ ပြည်သူလူထုပါဝင်လှုပ်ရှားမှုသည် အဓိကကျသည့်အခန်းကဏ္ဍတွင် တည်ရှိသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူအားကိုးအားထားပြုရမည့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ပေါ် ပေါက်လာသည့်အချိန်မှစ၍ NUG မှ ရန်ပုံငွေဖော်ဆောင်သည့်လုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက်လှူဒါန်းမှုများ၊ မဲလက်မှတ်များ၊ ငွေတိုက်စာချုပ်များ၊ အိမ်ရာများနှင့် မြေကွက်ဝယ်ယူမှုများပါဝင်ခဲ့ကြသည်။ ထိုသို့ပါဝင်ခဲ့ကြသည့်အပြင် ပြည်သူများထဲမှ ပြည်သူအချင်းချင်း တီထွင်ဆန်းသစ်သည့် ပုံစံမျိုးစုံနှင့် နည်းလမ်းမျိုးစုံတို့ဖြင့် အဖက်ဖက်မှရန်ပုံငွေထောက်ပံ့ ပံပိုးမှုများ ပြုလုပ်ခဲ့ကြသည်။
ယင်းပုံစံမျိုးစုံနှင့် နည်လမ်းမျိုးစုံများမှာ –
လူစုလူဝေးလိုက် ငွေကြေးထောက်ပံ့နေသော အင်တာနက်စာမျက်နှာ(GoFundme)တွင် master နှင့် visa ကဒ်၊ Credit ကဒ် စသည့်ကဒ်များမရှိသော၊ အင်တာနက်မှတစ်ဆင့် ဘဏ်ငွေကြေးလွှဲပြောင်းမှုများပြုလုပ်ရန်ခက်ခဲသော ပြည်တွင်းမှပြည်သူများအားပြည်ပရောက်အလုပ်လုပ်ကိုင်နေထိုင်သူ မြန်မာနိုင်ငံသားများမှ ကူညီလုပ်ဆောင်လှူဒါန်းပေးခြင်း၊
ရန်ပုံငွေလှူဒါန်းရန်ခက်ခဲသော ပြည်သူများသည် ပြည်ပမှ မိမိတို့ကိုယ်ပိုင်အရည်အချင်းများဖြင့် လုပ်ဆောင်နိုင်သည်များကို အစားထိုးလုပ်ဆောင်၍ ပါဝင်ခြင်း (ဥပမာအားဖြင့် ပန်းချီဆွဲတတ်သူများမှ ထိုသို့လှူဒါန်းထားသည့် ပြေစာများအား ပြသနိုင်သည့်သူများကို ပုံတူပြန်ဆွဲပေးခြင်းများ၊ ဈေးရောင်းသူများမှ လက်ဆောင်များပေးခြင်း၊ ပန်းချီကားများ အခမဲ့ပေးခြင်း၊ အင်တာနက်စာမျက်နှာ ဝက်ဘ်ဆိုက်ရေးသားတတ်သူများမှ စီးပွားရေးအင်တာနက်စာမျက်နှာများ အခမဲ့ရေးသားပေးခြင်း၊ နယ်ပယ်အသီးသီးမှ တတ်သိနားလည်သူများသည့် ဗဟုသုတများ မျှဝေပေးခြင်း၊ တတ်သိနား လည်သည့် ပညာရပ်များ သင်ကြားပို့ချခြင်း စသဖြင့် တွေ့ရှိရသည်။)
ပြည်သူများမှ ဦးစီးလုပ်ဆောင်ပြီး မိုဘိုင်းငွေကြေးဝန်ဆောင်မှုများမှတစ်ဆင့် လစဉ် သို့မဟုတ် အပတ်စဉ် သို့မဟုတ် အခါအလားလျော်စွာ ရန်ပုံငွေကောက်ခံခြင်း၊ ထိုသို့ကောက်ခံရာတွင်လည်း မတူညီသည့်ဆန်းသစ်မှုများဖြင့် ငွေကြေးပမာဏာ အများအပြားထည့်သွင်းစရာမလိုဘဲ ပြည်သူများတတ်နိုင်သည့် ငွေကြေးပမာဏများကိုသာလျှင် (ဥပမာ – ၁ ကျပ်သာလှူပါ ၊ HluPar 1500 – လှူပါ ၁၅၀၀ စသည့် ရန်ပုံ ငွေကောက်ခံမှုများ)ကောက်ခံခြင်း၊
မတူညီကွဲပြားသည့် ဖျော်ဖြေရေးနယ်ပယ်အသီးသီးမှ ပရိတ်သတ်များက လူမှုကွန်ရက်များမှ လှုံ့ဆော်၍ ရန်ပုံငွေများကောက်ခံပြီး(ဥပမာ – ကိုးရီးယားအနုပညာရှင်၊ အဆိုတော်အဖွဲ့များ၏ ပရိတ်သတ်များမှစုစည်း၍ ရန်ပုံငွေကောက်ခံခြင်းနှင့် ဘောလုံးအသင်းပရိတ်သတ်များမှစုစည်း၍ ရန်ပုံငွေကောက်ခံခြင်း)အဖွဲ့လိုက်လှူဒါန်းခြင်း
CDM ပြုလုပ်သော ပြည့်သူ့ဝန်ထမ်းများကို အင်တာနက်စာမျက်နှာများနှင့် လူမှုကွန်ရက်များတစ်ဆင့် အတတ်ပညာ၊ အသိပညာ အခမဲ့မျှဝေပေးခြင်းနှင့် သင်ကြားပေးခြင်းများ။ ထိုသူတို့ ပြုလုပ်ရောင်းချသည့် စီးပွားရေးထုတ်ကုန်များ၊ လက်မှုပညာများ၊ အစားအသောက်များအစရှိသည်တို့ကို လူမှုကွန်ရက်မီဒီယာများတွင် သတင်းစကားများဝေပေးခြင်း များနှင့် ဝယ်ယူအားပေးခြင်း ပြုလုပ်ခြင်း၊
တော်လှန်ရေးတွင် ပြန်လည်ခုခံသော PDF များနှင့် အခြားတော်လှန်စစ်ပြုလုပ်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စစ်ရေးအတွက်လိုအပ်သည့် လက်နက်ခဲယမ်းများဝယ်ယူရန် ငွေကြေးပမာဏသတ်မှတ်၍ ရန်ပုံငွေရှာရာ၌ လူမှုကွန် ရက်တွင် နာမည်ကျော်ကြားလွှမ်းမိုးမှုရှိသူများနှင့် အနုပညာရှင်များမှတစ်ဆင့် မတူညီသည့်လှုပ်ရှားမှုခေါင်းစဉ်များ၊ ဆန်းသစ်တီထွင်သည့် လှုပ်ရှားမှုများနှင့် လှုံ့ဆော်ခြင်းများပြုလုပ်၍(ဥပမာ – မမများနှင့် ပွဲကမယ်၊ Project Dragonfly)ရန်ပုံငွေကောက်ခံခြင်း။
အင်တာနက်စာမျက်နှာများနှင့် လူမှုကွန်ရက်မီဒီယာများတွင် မတူညီသည့်နယ်ပယ်အစုံမှ ဗဟုသုတအကြောင်းအ ရာများ၊ ဗီဒီယိုရုပ်သံများစသည်များကို ကဏ္ဍလိုက်ထားရှိပြီး ထိုအကြောင်းအရာများတွင် ကြော်ငြာများ၊ ကြားခံကြည့် ရှူစေခြင်းများမှတစ်ဆင့် ရန်ပုံငွေရရှိရန် ဆောင်ရွက်ခြင်း၊
မိုဘိုင်းဖုန်းတွင် သတင်းများ၊ ဗီဒီယိုများနှင့် ဖျော်ဖြေရေးဂိမ်းများစသည့် အက်ပလီကေးရှင်းများ ဖန်တီးတည်ဆောက်ပြီး ပြည်သူများအား သတင်းများဖတ်စေခြင်း၊ ရုပ်သံများကြည့်စေခြင်း၊ ဂိမ်းများကစားစေခြင်းဖြင့် ကြော်ငြာများကိုလည်း ကြားခံကြည့်စေခြင်းများမှ တစ်ဆင့်ရန်ပုံငွေရရှိရန်ဆောင်ရွက်ခြင်း၊
ကြော်ငြာများမှတစ်ဆင့် ငွေရရှိရန်လုပ်ဆောင်ရာတွင် မတူညီသည့်နေရာဒေသ နိုင်ငံတိုင်းပြည်အပေါ်မူတည်၍ ရန်ပုံ ငွေပိုမိုရရှိစေရန်အတွက် တည်နေရာပြောင်းကွန်ရက်(Virtual Private Network – VPN )များ အခမဲ့မျှဝေခြင်းနှင့် ရောင်းချခြင်းများ စသည်တို့ ဖြစ်သည်။
ပြည်သူထဲမှ ပြည်သူများအချင်းချင်း ရန်ပုံငွေကောက်ခံခြင်းပြုလုပ်ရာတွင် ပြည်တွင်းပြည်ပ ဘဏ်ဝန်ဆောင်မှုများနှင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုအသုံးပြုခြင်းများ ပြုလုပ်ကြသော်လည်း စစ်ကောင်စီမှ ငွေကြေးအသွားအလာများတင်းကြပ်ခြင်း၊ နိုင်ငံတကာမှ စစ်ကောင်စီအား အရေးယူမှုများပြုလုပ်ခြင်းကြောင့် စစ်ကောင်စီမှ ထိန်းချုပ်ထားသော ပြည်တွင်းထုတ်ကုန်သွင်းကုန်လျော့နည်းလာခြင်း၊ ပြည်တွင်းငွေကြေးတန်ဖိုးကျဆင်းခြင်းနှင့် ပြည်သူများ စားဝတ်နေရေးကျပ်တည်းခြင်းများ ဖြစ်ပေါ်လာခဲ့သည်။
ပြည်သူများထဲမှ နည်းပညာကျွမ်းကျင်သူများသည် အင်တာနက်လိုင်းဖြင့်အချိန်ပေးကာ ကြော်ငြာများကြည့်ရုံ့ဖြင့် ရန်ပုံ ငွေရရှိသောနည်းလမ်းများကိုလည်း စတင်ပြုလုပ်လာခဲ့သည့်။ Click to Donate ဟုအမည်ရသော လူမှုကွန်ရက်စာမျက်နှာမှစတင်၍ အင်တာနက်စာမျက်နှာများကို ခလုတ်နှိပ်(လင့်များကို ကလစ်နှိပ်ခြင်း)ကြော်ငြာကြည့်ခြင်းဖြင့် ပိုက်ဆံရရှိနိုင်သည့် နည်းလမ်းများကို မိတ်ဆက်လာခဲ့သည်။ အင်တာနက်စာမျက်နှာများ(ဝက်ဘ်ဆိုက်များ)တည်ဆောက်၍ လူမှုကွန်ရက်များတွင် လူအများအပြားက လင့်များကို ကလစ်နှိပ်ခြင်းဖြင့် ဝင်ငွေများရရှိပြီး ထိုဝင်ငွေများအား CDM ဝန်ထမ်းများ၊ PDF များ အစရှိသည့် တော်လှန်ရေးတွင် ပါဝင်ဆောင်ရွက်နေသော နေရာများနှင့် လူများကို ထောက်ပံ့ပေးပို့နိုင်ခဲ့သည်။
ထိုသို့ကလစ်နှိပ်၍ ကြော်ငြာများကြည့်ခြင်းဖြင့်ဝင်ငွေများရရှိရန်အတွက် ဆန်းသစ်တီထွင်ကြံဆသောနည်းလမ်းများကို နည်းပညာကျွမ်းကျင်သူများနှင့် ထောက်ပံ့ပေးလိုသူများက ပူးပေါင်းပြီး ပြုလုပ်လျက်ရှိသည်။
ထိုပလက်ဖောင်းများမှာ –
သတင်းများ ဖတ်စေခြင်းဖြင့် တော်လှန်ရေးတပ်များရှိ ရာထူးအဆင့်များအတိုင်း ရာထူးတက်စေသော မိုဘိုင်းလ်အက်ပလီကေးရှင်းများ (ဥပမာ – Tha Din)
သတင်းနှင့် ဗဟုသုတများ ဖတ်ရှူ၍ရသော မိုဘိုင်းလ်အက်ပလီကေးရှင်းများ (ဥပမာ – ပဒေသာပင်၊ လက်ဆောင်)
ရုပ်ရှင်များနှင့် ဘောလုံးပွဲ ကြည့်ရှူ၍ရသော မိုဘိုင်းလ်အက်ပလီကေးရှင်းများ (ဥပမာ – နွေဦးဗီဒီယို)
ကာတွန်းများကြည့်ရှူ၍ရသောမိုဘိုင်းလ်အက်ပလီကေးရှင်းများ (ဥပမာ – Myanmar Local Arts and Comics – MLAC)
ဂိမ်းကစားပြီး ကြော်ငြာကြည့်ရှူရသော မိုဘိုင်းဂိမ်းများ (ဥပမာ - သေနတ်ပစ် – The PDF၊ Su Yadanar ဂိမ်းများ)
သီချင်း၊ တရားဓမ္မ၊ အန်နီမေးရှင်း(animation)၊ အသံစာအုပ်(Audio Book)၊ သတင်းအကြောင်းအရာ၊ ဇာတ်လမ်းတိုများ၊ ဗဟုသုတနယ်ပယ်စုံများပါရှိသည့် ယူကျူ့(Youtube)ဗီဒီယိုချန်နယ်များ၊
နိုင်ငံတကာဇာတ်ကားများကြည့်ရင်း ကြော်ငြာများပါကြည့်ရှူရသော အင်တာနက်စာမျက်နှာများနှင့် ထိုဇာတ်ကားများကို ဝေမျှပေးနေသော တယ်လီဂရမ်ချန်နယ်များ၊
သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဒေသများကို ထောက်ပံ့ရန်အတွက် ကြော်ငြာများပြုလုပ်ထားသော မိုဘိုင်းလ်အက်ပလီကေးရှင်းများ
ထိုကြော်ငြာများ မတူညီသည့်နေရာမှ ကြည့်ရှူလျှင် ကြော်ငြာမှတစ်ဆင့် ဝင်ငွေများပိုမိုရရှိစေရန်ရည်ရွယ်ပြီး VPN များ ရောင်းချသောစာမျက်နှာများနှင့် VPN code များ အခမဲ့မျှဝေသော လူမှုကွန်ရက်စာမျက်နှာများ စသည့်တို့ဖြစ်ပါသည်။
အဆိုပါ မတူညီကွဲပြားသည့် ပလက်ဖောင်းများမှ အခါအားလျော်စွာ ဝင်ငွေများရရှိအောင်ပြုလုပ်သည့် လှုပ်ရှားမှုများလည်းရှိသည်။ ဥပမာအားဖြင့် သတ်မှတ်ထားသည့် ယူကျူချန်နယ်များကို လူဦးရေတစ်သန်း ကြည့်ရှူအောင်ပြုလုပ်သည့် စိန်ခေါ်လှုပ်ရှားမှုများ(1 million view Challenge)များ၊ တော်လှန်ရေးအတွက်ရည်ရွယ်ပြီး သီကုံးထားသည့် သီချင်းများ ကြည့်ရှူသူများအောင်ပြုလုပ်သည့် စိန်ခေါ်လှုပ်ရှားမှုများ၊ တော်လှန်ရေးအတွက်ရည်ရွယ်ပြီး ရိုက်ကူးထားသည့် ဇာတ်လမ်းတိုများ(ဥပမာ – နိုင်ငံပျောက်သူ)တို့ကို သတ်မှတ်ထားသည့် ရက်အတိုင်းအတာတွင် သတ်မှတ်ထားသည့် ကြည့်ရှူသူများအောင် မျှဝေခြင်းများစသည့်ဖြင့် မတူညီကွဲပြားသည့် ရန်ပုံငွေဖော်ဆောင်သည့် လုပ်ငန်းများလုပ်ဆောင်ကြသည်ကို တွေ့ရှိရသည်။ ရရှိသည့် ဝင်ငွေများကိုလည်း လူမှုကွန်ရက်စာမျက်နှာများတွင် နေ့စဉ်လစဉ်ပွင့်လင်းမြင်သာစွာဖြင့် စာရင်းရှင်းတမ်းများပြု လုပ်ကြပြီး ပေးပို့လှူဒါန်းသည့် ဒေသများ၊ အဖွဲ့အစည်းများကိုလည်း ပေးပို့သည့် မှတ်တမ်းများဖော်ပြသည်ကို လေ့လာတွေ့ရှိရသည်။
အင်တာနက်မှတစ်ဆင့် အချိန်ပေး၍ ကလစ်များနှိပ်ခြင်းသည် အင်တာနက်အသုံးပြုမှုရရှိနေသရွေ့ ပြည်သူများအချိန်ပေးနိုင်သလောက် ဝင်ရောက်ပြုလုပ်နိုင်သည်ဖြစ်သည့်အတွက် မြန်မာ့နွေဦးတော်လှန်ရေး၏ ရန်ပုံငွေဖော်ဆောင်ရေးတွင် ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် ပြည်သူလူထုအများအပြားမှ ပါဝင်လုပ်ဆောင်ကြသည်ကိုတွေ့ရှိရပြီး လိုအပ်သည့်နေ ရာများကို ထောက်ပံ့ပေးပို့နိုင်သည်များကိုလည်း တွေ့ရှိရသည်။
ကန့်သတ်ချက်
မြန်မာ့နွေဦးတော်လှန်ရေးတွင် အင်တာနက်စာမျက်နှာမှ ရန်ပုံငွေကောက်ခံခြင်းနှင့် ဒစ်ဂျစ်တယ်နည်းနာများအသုံးပြု၍ ရန်ပုံ ငွေဖော်ဆောင်ခြင်းအကြောင်းအရာများနှင့် အချက်အလက်များကို လူမှုကွန်ရက်စာမျက်နှာများနှင့် သတင်းမီဒီယာများမှတစ် ဆင့်စုဆောင်းထားခြင်းဖြစ်သည့်အတွက် လှုပ်ရှားမှုအကြောင်းအရာများအားလုံးကို မခြုံငုံနိုင်ခြင်းနှင့် မပါဝင်နိုင်ခြင်းများအစရှိသည့်ကန့်သတ်မှု အချို့များရှိပါသည်။
Recommended Citation Style -
Myanmar Internet Project (2023, April 11). အင်တာနက်မှတစ်ဆင့် ဒစ်ဂျစ်တယ်နည်းနာဖြင့် ရန်ပုံငွေကောက်ခံခြင်း. https://www.myanmarinternet.info/my/post/blog_009
Comments