top of page
  • Myanmar Internet Project

၂၀၂၂ ခုနှစ် တစ်နှစ်တာကာလ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ဖိနှိပ်ခံရမှု အခြေအနေများ

Updated: Aug 3, 2023


ORMY010
.pdf
Download PDF • 321KB





၂၀၂၂ ခုနှစ် တစ်နှစ်တာကာလ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ဖိနှိပ်ခံရမှု အခြေအနေများ


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှစတင်ပြီး အာဏာသိမ်းစစ်တပ်သည် လူထု၏သတင်းအချက်အလက်ရရှိရေးနှင့် သတင်းဆက်သွယ်ရေးကဏ္ဍများတွင် စောင့်ကြည့်ဖိနှိပ်မှုများကို ဆက်တိုက်ပြုလုပ်ခဲ့သည်မှာ ငြင်းနိုင်ဖွယ်မရှိပါ။ စစ်ကောင်စီ၏ ထိုလုပ်ဆောင်ချက်များကြောင့် အင်တာနက်သုံးစွဲသူများ၏ သုံးစွဲမှုဆိုင်ရာအလေ့အထများပေါ်မူတည်၍ ထိခိုက်ခံရမှုအတိုင်းအတာ ကွာခြားနိုင်သော်လည်း အများပြည်သူသည် အနည်းနှင့် အများဆိုသလို ထိခိုက်ခံခဲ့ရမည်မှာသေချာပင်ဖြစ် သည်။ အာဏာသိမ်းကာလ၏ ဒုတိယမြောက်နှစ်ဖြစ်သော ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း အာ ဏာသိမ်းစစ်တပ်က လူထု၏အွန်လိုင်းအသုံးပြုမှုအပေါ် ဖိနှိပ်လုပ်ဆောင်ခဲ့သည့်အခြေအနေများစွာရှိသည့်အနက်မှ ထူးခြားထင်ရှားသည့်အခြေအနေများကို ပြန်လည်ဖော်ပြ၍ စစ်ကောင်စီ၏ အွန်လိုင်းရပ်ဝန်းအား ထိန်းချုပ်သည့်ပုံစံများကို လေ့လာတင်ပြသွားပါမည်။ ယင်းအခြေအနေများကို သိမြင်သုံးသပ်ခြင်းအားဖြင့် ဒစ်ဂျစ်တယ်နည်းပညာသုံးစွဲမှုဖြင့် ကင်းကွာရန်မဖြစ်နိုင်သောလူထုသည် စစ်ကောင်စီ၏ဒစ်ဂျစ်တယ်ဖိနှိပ်မှုပုံစံများကို ပြန်လည်ဆင်ခြင်သုံးသပ်နိုင်မည်။ ထို့နောက် စစ်ကောင်စီ၏ ဖိနှိပ်မှုထောင်ချောက်အတွင်းမှ ကင်းလွတ်နိုင်သောနည်းလမ်းများကိုရှာဖွေကာ ဒီဂျစ်တယ်ရပ်ဝန်းအတွင်း မိမိ၏တစ်ဦးခြင်းဆိုင်ရာလွတ်လပ်ခွင့်များကို မြှင့်တင်နိုင်ပြီး လုံခြုံစေရေးဘက်ကိုလည်း ပိုမိုအားစိုက်လာနိုင်မည်ဟု ယုံကြည်ရပါသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း တွေ့ရှိရသည့် စစ်ကောင်စီ၏ ဒီဂျစ်တယ်ဖိနှိပ်မှုပုံစံများ

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအစပိုင်း၌ပင် စဉ့်ကိုင်မြို့နယ်နှင့် မြင်းခြံမြို့၊ စံပြစျေးတို့တွင် စျေးရောင်းချနေသူ ၁၂ ဦးအပါအဝင် ဖေ့ဘွတ်ခ်အကောင့်နှင့် စာမျက်နှာ(Page)များတွင် ယင်းတို့အပေါ်ဆန့်ကျင်သည့် အကြောင်းအရာများအား ရေးသားသူများကို နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးပျက်ပြားစေရန်လှုံ့ဆော်မှုဖြင့် စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ တယ်လီနောမြန်မာ(ရောင်းချခြင်းကိစ္စများ ထိုအချိန်က မပြီးပြတ်သေးပါ)သည် ဖုန်းခေါ်ဆိုမှုနှင့် မှတ်တမ်းများကို စစ် တပ်သို့ပေးခဲ့ရသည်ဟု စုံစမ်းသိရှိရကြောင်း Myanmar Now သတင်းဋ္ဌာနက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် သတင်းဖော် ပြခဲ့သည်။ စစ်ကောင်စီက အချက်အလက်တောင်းခံသည့် အကြိမ်တိုင်းတွင် တယ်လီနောဖုန်းနံပါတ်မျိုးစုံပါဝင်ပြီး တချို့သောအကြိမ်များတွင် ဖုန်းနံပါတ်ရာဂဏန်းအထိပါဝင်ကြောင်း၊ အကြိမ်ရေပေါင်း ၂၀၀ ထက်မနည်းရှိသောကြောင့် တယ်လီနောမြန်မာအသုံးပြုသူထောင်ပေါင်းများစွာအပေါ် သက်ရောက်နိုင်မည်ဖြစ်ကြောင်း ယင်းသတင်းတွင်ဆက်လက်ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ(၁၂)ရက်၊ ပြည်ထောင်စုနေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ဆင်နွှဲရန် သပိတ်ကော် မတီများ၏ လှုံ့ဆော်မှုများအွန်လိုင်းတွင် စတင်ပျံ့နှံ့လာသည်။ ထို့နောက် ယင်းနေ့ မနက်(၄)နာရီဝန်းကျင်မှစတင်ကာ ညနေ (၄)နာရီဝန်းကျင်အထိ ရန်ကုန်၊ မန္တလေး၊ ပဲခူးအပါအဝင် မြို့ကြီးများအား အင်တာနက်ဖြတ်တောက်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ချင်းပြည်နယ်တွင်လည်း စစ်ကောင်စီပိုင်ဆိုင်သည့် မိုင်တဲလ်တယ်လီကွန်း(Mytel Telecom)ဖြင့် တစ်နေ့လျှင် (၂)နာရီသာ အင်တာနက်လိုင်းဖွင့်ပေးခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ၂၀၂၂ ခုနှစ် မတ်လ(၂)ရက်နေ့တွင် Wave Money ၏ ငွေကြေးလွှဲပြောင်းမှုများကို ခြေရာခံစုံစမ်းမှုများကြောင့် ANTS – ပုရွက်ဆိတ်များ၊ မြတ်နိုးရင်းလှူနှင့် မူမနေနဲ့လာလှူ စသည့်အဖွဲ့များအပါအဝင် အွန်လိုင်းမှတစ်ဆင့် တော်လှန်ရေး ရန်ပုံငွေရရှိရန်ကူညီပေးနေသည့် အဖွဲ့များ၏လှုပ်ရှားမှုများကို ရပ်နားမှုများပြုလုပ်ခဲ့ရသည်။ ၂၀၂၂ ခုနှစ် မတ်လ(၃)ရက်နေ့တွင် မုံရွာ၊ စစ်ကိုင်း၊ ကလေး၊ ရွှေဘို (၄) မြို့နယ်မှအပ စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုလုံးကို အင်တာနက်ဖြတ်တောက်ခဲ့သည်။ ထိုကဲ့သို့ အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စစ်ကောင်စီသည် ထိုးစစ်ဆင်မှုများအား ပိုမိုပြုလုပ်လာသည်ကို တွေ့ရသည်။ သုံးစွဲသူများအပေါ် လူ့အခွင့်အရေးရှုထောင့်အရ အကာအကွယ်ပေးမှု အကောင်းဆုံးဖြစ်ခဲ့ဖူးသော တယ်လီနော် မြန်မာတယ်လီကွန်း၏ အကြီးပိုင်းတာဝန်ယူထားသူများအား နိုင်ငံပြင်ပထွက်ခွာခွင့်ကို စစ်ကောင်စီက အထက်ဖော်ပြပါ ဖိနှိပ်မှုများကို ပြုလုပ်နေစဉ်အတွင်း ကန့်သတ်ခဲ့သည်။ “ကုမ္ပဏီခေါင်းဆောင်တွေက နိုင်ငံခြားကို ခရီးသွားဖို့ ခွင့်ပြုချက်မရတော့ဘူးလို့ အာဏာပိုင်တွေဆီကနေ ရှင်းရှင်းလင်းလင်း မက်ဆေ့ချ်ရထားပါတယ်”လို့ တယ်လီနော၏ အမှုဆောင်အရာရှိချုပ် ‘Sigve Brekke’ က ‘Dagens Næringsliv (DN)’သတင်းစာကို ထုတ်ဖော်ပြောကြားခဲ့သည် ၂၀၂၂ ခုနှစ် ဧပြီလတွင် စစ်ကောင်စီသည် အန်ယူဂျီ(NUG)၊ စီအာရ်ပီအိတ်ချ်(CRPH)၊ သတင်းမီဒီယာများနှင့် စစ် တပ်ဆန့်ကျင်သူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အင်တာနက်စာမျက်နှာများအားဖြုတ်ချရန် လိုင်စင်ရဆက်သွယ်ရေးအော်ပရေ တာနှင့် ကုမ္ပဏီများကို လျှို့ဝှက်ညွှန်ကြားစာများ ပေးပို့ခဲ့ပြီး လုပ်ဆောင်ခြင်းမရှိပါက အရေးယူမည်ဟု ခြိမ်းခြောက်ခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် တယ်လီနော၏ ပိုင်ရှင်အသစ်က တယ်လီနောဆင်းကဒ်များအား ပြန်လည်မှတ်ပုံတင်ခိုင်းပြီး မှတ်ပုံမတင်သည့် ဆင်းကဒ်များ၏ အထွက်ခေါ်ဆိုမှုများ ပိတ်ပင်ခံရသည့် ဖြစ်ရပ်များလည်း ဧပြီလအတွင်း ဖြစ်ပေါ်ခဲ့သည်ကိုတွေ့ရသည်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်း အွန်လိုင်းရပ်ဝန်းထိန်းချုပ်မှုများကို ပြဿနာများအပေါ်မူတည်၍ သတင်းအမှောင်ချနိုင်ရန် အင်တာနက်အား သက်ဆိုင်ရာနေရာဒေသအလိုက်ကန့်သတ်ပိတ်ပင်ခြင်း၊ အများပြည်သူ၏ သတင်းဆက်သွယ်မှုများအား တယ်လီကွန်းများမှတစ်ဆင့် ဖိအားပေးထိန်းချုပ်ခြင်း၊ ငွေကြေးလွှဲပြောင်းမှုများအပေါ်စောင့်ကြည့်၍ ဖမ်းဆီးခြင်းနှင့် စစ်ကောင်စီကမလိုလားသော လူမှုကွန်ရက်မီဒီယာစာမျက်နှာများအား ကန့်သတ်ပိတ်ပင်ခိုင်းခြင်း၊ အများပြည်သူအ ကြား အကြောက်တရားပျံနှံ့လာစေလိုမှုကိုရည်ရွယ်သော လူမှုကွန်ရက်မီဒီယာမှတစ်ဆင့် မျှဝေမှုများအပေါ် ဖမ်းဆီးမှုများပြု လုပ်ခြင်းနှင့် ယင်းဖမ်းဆီးမှုများအား တရားဝင်ထုတ်ပြန်ခြင်း စသည့်ပုံစံများဖြင့် စစ်ကောင်စီက ပြုလုပ်ခဲ့သည်ကိုတွေ့ရသည်။

၂၀၂၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း တွေ့ရှိရသည့် စစ်ကောင်စီ၏ ဒီဂျစ်တယ်ဖိနှိပ်မှုပုံစံများ ၂၀၂၂ ခုနှစ် မေလ(၁၁)ရက်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆)တွင် ကျင်းပခဲ့သည့် အ ခွန်ကောက်ခံရေးအစည်းအဝေး၌ မိုဘိုင်းဖုန်းများတွင်ပါဝင်သော IMEI များမှတစ်ဆင့် အခွန်ကောက်ခံရန်နှင့် အခွန်ကောက်မှတ်ပုံတင်များပြုလုပ်ရန်တို့ကို စစ်ကောင်စီက ဆွေးနွေးခဲ့သည်။ ထိုသို့ အများပြည်သူအသုံးပြုသည့် မိုဘိုင်းဖုန်းပါ IMEI နံပါတ်များအား မှတ်ပုံတင်စေခြင်းအားဖြင့် မိုဘိုင်းဖုန်းအသုံးပြုသူများ၏ သွားလာမှုများကိုပါ အချိန်နှင့်တပြေးညီ ခြေရာခံနိုင်မည်ဖြစ်သည်။ ထိုလုပ်ဆောင်မှုသည် စစ်ကောင်စီ၏ ဒီဂျစ်တယ်အာဏာရှင်စနစ်အကောင်အထည်ဖော်မှုအတွက် များစွာအထောက်အကူဖြစ်စေမည့် ပံ့ပိုးမှုတစ်ခုဖြစ်သည်။ ယင်းသည် လူ သားတိုင်းရရှိရမည့် အခြေခံလွတ်လပ်ခွင့်များကိုပါ ထိခိုက်စေနိုင်သည့် လုပ်ဆောင်ပုံဖော်မှုတစ်ခုလည်းဖြစ်သည်။ မေလသည် မြန်မာနိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းအပ်လက်ခံသည့် လတစ်လဖြစ်သည်နှင့်အညီ အန်ယူဂျီ(NUG)ကလည်း အာဏာသိမ်းကာလအတွင်း ကြားကာလပညာသင်ကြားရေးအစီအစဉ်တစ်ရပ် အကောင်အထည် ဖော်ရန် ကြိုးပမ်းခဲ့သည်ကို တွေ့ရှိရသည်။ အန်ယူဂျီ(NUG)၏ ကြားကာလပညာသင်ကြားရေးအစီအစဉ်များ မဖြစ်မြောက်စေရန်အတွက် ကြားကာလပညာသင်ကြားရေးအစီအစဉ်များတွင်ပါဝင်နေသူ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများအား ဖမ်းဆီးရန်လှုံဆော်မှုများကို စစ်တပ်ထောက်ခံသော ဝါဒဖြန့်ချိရေးတယ်လီဂရမ်က လုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။ အန်ယူဂျီ(NUG)၏ ကြားကာလပညာသင်ကြားရေးအစီအစဉ်တွင် အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ခဲ့သော Kaung For You (KFU) အွန်လိုင်းပညာသင်ကြားရေးအစီအစဉ်၌ပါဝင် ဆောင်ရွက်ခဲ့သည့် ဆရာဆရာမများ ဇူလိုင်လအတွင်း၌ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ယင်းဖြစ်ရပ်သည် လူသားတို့၏ မွေးရာပါအခွင့်အရေးတစ်ခုဖြစ်သော လွတ်လပ်စွာပညာသင် ကြားခွင့်ကို ချိုးဖောက်ခံရသည့်ဖြစ်ရပ်တစ်ခုဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇူလိုင်လအတွင်း၌ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မြို့ကြီးများတွင် တရုတ်နိုင်ငံကထုတ်လုပ်သော လူမျက်နှာ များကိုဖတ်နိုင်သည့်(Facial Recognize)ကင်မရာများကိုတပ်ဆင်ရန်အာဏာသိမ်းစစ်ကောင်စီက ဆောင်ရွက်နေကြောင်း ရိုက်တာ(Reuters)သတင်းဌာန၏ ဖော်ပြချက်အရ သိရှိရသည်။ ထိုသို့ လုပ်ဆောင်ခဲ့မှုများအပြင် စစ်ရေးလှုပ်ရှားမှုလုပ် ဆောင်ရာနေရာများတွင် ဖုန်းလိုင်းများဖြတ်တောက်ခြင်းနှင့် သတင်းမီဒီယာများအပေါ်ဖိနှိပ်ခြင်းများကိုလည်း ပြုလုပ်ခဲ့သည်။ သတင်းမီဒီယာဖိနှိပ်ခြင်းအား ထင်ရှားစွာသက်သေခံနိုင်သည်မှာ စစ်တွေမြို့အခြေစိုက် နိရဉ္စရာသတင်းဌာနကို ဝင်ရောက်စီး နင်းခြင်းဖြစ်သည်။ ထို့အပြင် ပိုမိုသိသာထင်ရှားသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုအဖြစ် အတိအကျရည်ညွှန်းနိုင်သည့်ဖြစ်ရပ်မှာ အာ ဏာသိမ်းပြီးနောက် သေဒဏ်ချမှတ်ခြင်းခံခဲ့ရသည့် နိုင်ငံရေးသမားများဖြစ်သော ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့အား ပထမဆုံးသေဒဏ်စီရင်ခြင်းဖြစ်ရပ်အပေါ် ဝမ်းနည်းကြောင်းဖော်ပြသောအနေဖြင့် ပရိုဖိုင် (Profile)ပုံ အနက်ပြောင်းသူများအား ဖမ်းဆီးခဲ့သည့်ဖြစ်ရပ်ဖြစ်သည်။ ၂၀၂၂ ခုနှစ် မေလမှ ဇူလိုင်လအတွင်း ဒီဂျစ်တယ်ရပ်ဝန်းဖိနှိပ်မှုများကို မိုဘိုင်းဖုန်းသုံးစွဲမှုများအပေါ် အလုံးစုံထိန်းချုပ်နိုင်ရေးအားထုတ်ခြင်း၊ လွတ်လပ်စွာပညာသင်ကြားခွင့်ကိုဖိနှိပ်ခြင်း၊ သတင်းမီဒီယာအပေါ်ဖိနှိပ်ခြင်း၊ အများပြည်သူ၏လွတ် လပ်စွာသွားလာလှုပ်ရှားမှုများကို စောင့်ကြည့်နိုင်ရေးအစီအစဉ်များအကောက်အထည်ဖော်ခြင်းနှင့် အွန်လိုင်းပေါ်မှလွတ်လပ် စွာရေးသားထုတ်ဖော်ပြောဆိုခွင့်ကိစ္စများအား အပြင်းအထန်ဖိနှိပ်ခြင်း စသည်တို့ကို စစ်ကောင်စီက လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း တွေ့ရှိရသည့် စစ်ကောင်စီ၏ ဒီဂျစ်တယ်ဖိနှိပ်မှုပုံစံများ အာဏာသိမ်းကာလအစပိုင်းတွင် ဒီမိုကရေစီပြန်လည်အသက်ဝင်ရေးနှင့် အာဏာသိမ်းခြင်းအားဆန့်ကျင်ရေးတို့ကို ငြိမ်းချမ်း စွာ ဆန္ဒထုတ်ဖော်ခြင်းဖြင့် အများပြည်သူက လုပ်ဆောင်ခဲ့သည်။ ယင်းကို စစ်ကောင်စီက ပြင်းထန်စွာဖိနှိပ်မှုများပြုလုပ်ခဲ့ပြီး အများပြည်သူအပေါ် အကြမ်းဖက်ခဲ့သည်။ ထို့ကြောင့် ဒီမိုကရေစီပြန်လည်ရှင်သန်ရေးအတွက် စစ်ကောင်စီအား တန်ပြန်တော်လှန်ခြင်းလမ်းကြောင်းပေါ်သို့ မဖြစ်မနေလျှောက်လှမ်းခဲ့ကြရသည်။ ထိုသို့ တုန့်ပြန်လာသောတော်လှန်မှုများအား အရှိန်ကျဆင်းသွားစေရန်အတွက် စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားမှုများပြားရာနေရာဒေများဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် အင်တာနက်သာမက ဖုန်းလိုင်းများကိုပါ ဖြတ်တောက်မှုများပြုလုပ်ခဲ့သည်။ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် စစ်ကောင်စီအား တုန့်ပြန်နေသည့် အင်အားစုများထံ ငွေကြေးစီးဆင်းမှုပြတ်တောက်သွားစေရန်အတွက် Wave Money နှင့် Kpay တို့ကဲ့သို့ အွန်လိုင်းမှတစ်ဆင့် ငွေကြေးလွှဲ ပြောင်းနိုင်သည့် အက်ပလီကေးရှင်း(Application)များအား ကိုယ်ရေးကိုယ်တာအချက်အလက်များ ဖြည့်စွက်မှဆက်လက်အသုံးပြုနိုင်မည့်လယ်ဗယ်လ်(Level 2)အဖြစ်မြှင့်တင်ရန် ဖိအားပေးဆောင်ရွက်ခြင်း၊ ငွေကြေးလွှဲပြောင်းမှုဆိုင်ရာဝန်ဆောင် မှုပေးသည့် စျေးဆိုင်နှင့် ကိုယ်စားလှယ်များအား ငွေကြေးပေးပို့သူ၊ လက်ခံသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ စုဆောင်းထားရန် ဖိအားပေးလုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။ မိုဘိုင်းဖုန်းမှတစ်ဆင့် ဆက်သွယ်မှုများအား အလုံးစုံထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဆင်းကဒ်(SimCard)များကို ပြန်လည်မှတ်ပုံတင်ရန်နှင့် အမည်၊ မှတ်ပုံတင်နံပါတ်တို့ကို မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသော ဆင်းကဒ်(SimCard)များကို ပိတ်သိမ်းမည်ဟု ကြေညာသည့် လုပ်ဆောင်မှုများကိုလည်း ယခုကာလအတွင်းတွင် တွေ့ရှိခဲ့ရသည်။ စစ်ကောင်စီ၏ ထိန်းချုပ်နိုင်မှုအောက်တွင်ရှိမနေသော လူမှုကွန်ရက်မီဒီယာများကို ထိန်းချုပ်ကန့်သတ်နိုင်ရန်အတွက် “Mtube”ကဲ့သို့ ပလက်ဖောင်းများကို အစားထိုးသုံးစွဲရန် ပြင်ဆင်ခဲ့သည်ကို တွေ့ရသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှု အပြည့်အဝဖြင့် မြန်မာနိုင်ငံ၌ လာရောက်လုပ်ကိုင်နေသော တယ်လီကွန်းလုပ်ငန်းနှစ်ခုအနက်မှ ဒုတိယမြောက်တစ်ခုဖြစ်သည့် အူရီဒူး (Oored၀၀)ဆက်သွယ်ရေးလုပ်ငန်းကို မြန်မာစီးပွားရေးသမား ဦးမျိုးမြင့်အုန်းပိုင် စင်ကာပူ One Martrix Ventures (TOMV) TOMV ကုမ္ပဏီသို့ ရောင်းချရန်စီစဉ်ခဲ့သည်ကိုလည်း တွေ့ရသည်။ စစ်အာဏာသိမ်းမှုမတိုင်မီက ပြည်ပရင်းနှီးမြှုပ် နှံမှုအပြည့်အဝဖြင့် မြန်မာနိုင်ငံလာရောက်ရင်းနှီးမြှုပ်နှံသော တယ်လီကွန်းအော်ပရေတာ နှစ်ခုရှိသည်။ ယင်းတို့အနက် တယ်လီနော်သည် ၂၀၂၂ ခုနှစ် ဇွန်လ၌ မြန်မာနိုင်ငံမှအပြီး ထွက်ခွာခဲ့သည်။ ထို့အတူ အူရီဒူးလည်း ထွက်ခွာမည်ဆိုပါက မြန်မာ နိုင်ငံ၏ ဆက်သွယ်ရေးကွန်ရက်တစ်ခုလုံးသည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်သို့ အလုံးစုံကျရောက်သွားမည်ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း ဒီဂျစ်တယ်ရပ်ဝန်းဖိနှိပ်မှုများကို မိုဘိုင်းဖုန်းသုံးစွဲမှုများအပေါ် အ လုံးစုံထိန်းချုပ်နိုင်ရန် ဆက်လက်တွန်းအားပေးခြင်း၊ သတင်းစီးဆင်းမှုဖြတ်တောက်ခြင်းဖြင့် အများပြည်သူအား ဖိနှိပ်ခြင်း၊ အများပြည်သူ၏ ငွေကြေးစီးဆင်းမှုအပေါ် ထိန်းချုပ်ကန့်သတ်ခြင်းနှင့် ဆက်သွယ်ရေးကဏ္ဍအား လိုအပ်သလိုထိန်းချုပ်နိုင် သည်အထိဆောင်ရွက်လာနိုင်ခြင်း စသည်တို့ကို စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း တွေ့ရှိရသည့် စစ်ကောင်စီ၏ ဒီဂျစ်တယ်ဖိနှိပ်မှုပုံစံများ

စစ်အာဏာသိမ်းမှုကာလ (၂)နှစ်ပြည့်မြောက်ရန် (၃)လအလိုတွင် စစ်ကောင်စီသည် ဆင်းကဒ်(Sim Card)များပြန်လည်မှတ်ပုံတင်ရေးအား ဆက်လက်ဖိအားပေးလုပ်ဆောင်လာသည်ကို တွေ့ရှိရသည်။ ယင်းထက် ပိုမိုထူးခြားသည့်အခြေအနေတစ်ခုမှာ ကာလရှည်အင်တာနက်ဖြတ်တောက်ခံထားရသည့် ဖားကန့်ဒေသတွင် စစ်ကောင်စီသည် မိုင်တဲလ်ဝိုင်ဖိုင်(Mytel Wifi)များဖြင့် အင်တာနက်ပြန်လည်အသုံးပြုနိုင်ရန်အစီအစဉ်များ လုပ်ဆောင်ခြင်းဖြစ်သည်။ မိုင်တဲလ်(Mytel)သည် စစ် တပ်ပိုင်တယ်လီကွန်း(Telecom Operator)တစ်ခုဖြစ်၍ ယင်းမှတစ်ဆင့်သုံးစွဲခြင်းကြောင့် အသုံးပြုသူ၏ အချက်အလက်များသည် စစ်တပ်၏ အလုံးစုံထိန်းချုပ်မှုအောက်တွင် ရှိနေမည်ဖြစ်သည်၊ ထိုအချက်သည် သုံးစွဲသူများအတွက် စိုးရိမ်ဖွယ်ရာကောင်းသော အချက်တစ်ချက် ဖြစ်သည်။ ထို့အပြင် လူမှုကွန်ရက်မီဒီယာ(Social Media)သုံးစွဲသူများအားလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေပါ ပုဒ်မများဖြင့် အရေးယူမှုများ လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ စစ်ကောင် စီ၏ လျှို့ဝှက်အစည်းအဝေးမှတ်တမ်းတစ်ခုလည်း ပေါက်ကြားလာခဲ့ပြီး ယင်းအစည်းအဝေးမှတ်တမ်းပါ အချက်အလက်များတွင် ဖေ့ဘွတ်ခ်အကောင့်(Facebook), ပီဒီအက်ဖ်ဂိမ်း(PDF Game)နှင့် အက်ပလီကေးရှင်းလင့်ခ်(Application Link) များအား အော်ပရေတာ(Operator)များမှတစ်ဆင့် အသုံးမပြုနိုင်ရေးဆောက်ရွက်ရန်အချက်များပါဝင်သည်။ ထို့အပြင် စစ်ကောင်စီလက်အောက်ခံ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနသည် ဂူဂဲလ်(Google)နှင့် ဖေ့ဘွတ်ခ့်(Facebook) တို့ထံ ကန့်ကွက်စာများ ပေးပို့ခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။ ထို့အပြင် ဆက်လက်လုပ်ဆောင်မည့်ကဏ္ဍများတွင် စာတို (SMS)များမှတစ်ဆင့် စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာန၏ ကြေညာချက်များကို ပေးပို့ခြင်း၊ လူဦးရေစာ ရင်းကောက်ယူစဉ် တော်လှန်ရေးသမားများကို စုံစမ်းဖော်ထုတ်ခြင်း၊ လူမှုကွန်ရက်များအား ဖောက်ထွင်းတိုက်ခိုက်ခြင်း (hacking)စသည့်အချက်များပါဝင်သည်ကို တွေ့ရှိရသည်။ ယင်းအစည်းအဝေးမှတ်တမ်းပေါက်ကြားမှုအပေါ် သုံးသပ်ကြည့် ပါက စစ်ကောင်စီသည် လူထု၏အွန်လိုင်းပေါ်မှတစ်ဆင့် လှုပ်ရှားမှုများကို သတိထားစောင့်ကြည့်ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေ သည်မှာ ထင်ရှားသည်။ ယင်အစည်းအဝေးမှတ်တမ်းများ ထွက်ပေါ်လာပြီးနောက် မကြာမီရက်ပိုင်းအတွင်းပင် “အကြမ်းဖက်မှုနှင့်ဆိုင်သော 'Post'၊ 'Share'၊ 'Like'၊ 'Comment'တင်ခြင်းများသည် ဥပဒေအရအရေးယူခံရနိုင်ကြောင်း CCCT (အ ကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ)မှ အသိပေးအပ်ပါသည်”၊ “အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ခြင်းသည် ဥပဒေအရအရေးယူခံရနိုင်သည်”ဆိုသည့်စာသားများကို မိုဘိုင်းဖုန်းစာတိုပို့စနစ်( SMS)မှတစ်ဆင့်ပေးပို့ပြီး လူမှုကွန်ရက်မီဒီယာ(Social Media)သုံးစွဲသူများကို ခြိမ်းခြောက်လာသည်ကို တွေ့ရှိရသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ဒီဂျစ်တယ်ရပ်ဝန်းဖိနှိပ်မှုများကို မိုဘိုင်းဖုန်းသုံးစွဲမှုများအ ပေါ် အလုံးစုံထိန်းချုပ်နိုင်ရန် ဆက်လက်တွန်းအားပေးလုပ်ဆောင်ခြင်း၊ အင်တာနက်ဖြတ်တောက်ထားသည့်နေရာများတွင် မိုင်တဲလ်အင်တာနက်ကွန်ရက်အသုံးပြုနိုင်ရန် ဆောင်ရွက်ခြင်း၊ စစ်ကောင်စီအား ဆန့်ကျင်ကြောင်း လူမှုကွန်ရက်အသုံးပြု၍ ဝေဖန်တိုက်ခိုက်နေမှုများအား ထိန်းချုပ်နိုင်ရန်လုပ်ဆောင်ခြင်းနှင့် လူမှုကွန်ရက်မီဒီယာသုံးစွဲသူများအား အကြမ်းဖက်တိုက် ဖျက်ရေးဥပဒေနှင့် အီလက်ထရောနစ်ဆက်သွယ်ရေးဥပဒေများအသုံးပြုပြီး မတရားဖမ်းဆီးမှုများပြုလုပ်၍ အကြောက်တ ရားသွင်းခြင်း စသည်တို့ကို စစ်ကောင်စီက လုပ်ဆောင်ခဲ့ပါသည်။

နိဂုံး အာဏာသိမ်းကာလ ဒုတိယနှစ်အတွင်း စစ်ကောင်စီက လုပ်ဆောင်ခဲ့သည့် ဒီဂျစ်တယ်ဖိနှိပ်မှုများကို လေ့လာကြည့်ပါက – (၁) လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်ကို ထိန်းချုပ်ကန့်သတ်သည့် အင်တာနက်နှင့် မိုဘိုင်းဖုန်း ပိတ်ပင်မှုများ (၂) လူထု၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်မှုကို ခြိမ်းခြောက်နေသည့် မိုဘိုင်းဝန်ဆောင်မှုလုပ်ငန်းများမှ

တစ်ဆင့် စောင့်ကြည့်မှုများ (၃) အွန်လိုင်းမှတစ်ဆင့် ငွေကြေးလွှဲပြောင်းမှုများအပေါ် စောင့်ကြည့်ထိန်းချုပ်မှုများ (၄) အွန်လိုင်းမှအသုံးပြု၍ လွတ်လပ်စွာ ပညာသင်ကြားခွင့်အပေါ် ထိန်းချုပ်နှောင့်ယှက်မှုများ (၅) လွတ်လပ်စွာထုတ်ဖော်မှုကို အဟန့်အတားဖြစ်စေသည့် သတင်းမီဒီယာများအပေါ် ကန့်သတ်ထိန်းချုပ်မှုများ

(၆) လူမှုကွန်ယက်သုံးစွဲသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အီလက်ထရောနစ်ဆက်သွယ်ရေး

ဥပဒေတို့ကိုအသုံးပြု၍ ထိန်းချုပ်မှုများ (၇) လူမှုကွန်ရက်မီဒီယာအား လက်နက်သဖွယ်အသုံးပြု၍ ပြည်သူ့အသက်၊ အိုးအိမ်များအား တိုက်ခိုက်ခြင်းများ (၈) သတင်းမှားများဖြင့် ဝါဒဖြန့်ချိခြင်းများ စသည့် နည်းလမ်းများကို အသုံးပြု၍ လုပ်ဆောင်လာခဲ့သည်ကို တွေ့ရှိရသည်။

အထက်ပါလုပ်ရပ်များကို ကြည့်ခြင်းဖြင့် ဒစ်ဂျစ်တယ်လူထုတွင်ရှိသော ဖန်တီးနိုင်မှုစွမ်းအားများနှင့် ပုန်ကန်နိုင်မှုစွမ်းအားများအပေါ် စစ်ကောင်စီ၏ စိုးရိမ်မှုရေချိန်အတော်မြင့်မားသည်ကို တွေ့ရှိနိုင်သည်။ ထိုသို့စိုးရိမ်သည်နှင့်အမျှ တစ်ဖက်တွင်လည်း ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများအပါအဝင် အခြေခံရပိုင်ခွင့်ဖြစ်သည့် အများပြည်သူ၏ အင်တာနက်သုံးစွဲနိုင်မှုကိုလျှော့ချနိုင်ရန်အတွက်လည်း နည်းပညာအရ၊ ဥပဒေအရနှင့် စီးပွားရေးအရပါ အဖက်ဖက်မှနေ၍ ဖိနှိပ်ရန်ကြိုးစားလျက်ရှိသည်ကို တွေ့ရှိရသည်။ ကြားဖြတ်စောင့်ကြည့်ရေးနည်းပညာများ(Surveillance Technology)ကိုလည်း စစ်ကောင်စီက အဆင့်မြှင့်ရန် ကြိုးစားလာပြီး အများပြည်သူများအား တစ်ချိန်လုံးစောင့်ကြည့်ခံနေရနိုင်သည်ဆိုသော အကြောက်တရားအားထိုးသွင်းရန် ကြိုးစားနေသည်ကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်သည်။ ထို့ကြောင့် အများပြည်သူများအနေဖြင့် ထိုအကြောက်တရားကိုတွန်းလှန်၍ မိမိတို့၏ဒစ်ဂျစ်တယ်အခွင့်အရေးများအားကာကွယ်နိုင်ရန်အတွက် လုံခြုံရေးကိုရှေးရှုပြီး အတတ်နိုင်ဆုံးနှင့် ကုန်ကျစရိတ်အနည်းဆုံးသော ဒစ်ဂျစ်တယ်လုံခြုံရေးဆိုင် ရာနည်းလမ်းများအား အလေ့အကျင့်များဖြင့် ကြိုတင်အကာအကွယ်ပြုလုပ်နိုင်ရေးအတွက် မဖြစ်မနေကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်သည်။ စစ်ကောင်စီဘက်မှ အလိုရှိသလိုပြောင်းလဲနေသော အင်တာနက်နှင့်ပတ်သက်သော ဥပဒေအပြောင်းအ လဲများကို မျက်ခြေမပြတ်ရန်လည်း လိုအပ်သည်။ တစ်ဖက်တွင်လည်း လက်လှမ်းမှီနိုင်လောက်သော တော်လှန်နည်းပညာ (Resistance Technology)များအား စဥ်ဆက်မပြတ် စောင့်ကြည့်စမ်းသပ်အသုံးပြုနိုင်ပါမှ စစ်ကောင်စီ၏ ဘက်ပေါင်းစုံက ဒစ်ဂျစ်တယ်ဖိနှိပ်မှုများကို ကြံ့ကြံ့ခံနိုင်မည်ဖြစ်ပါသည်။

Commenti


bottom of page