top of page
Myanmar Internet Project

၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်းမြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ဖိနှိပ်ခံရမှု အခြေအနေများ

Updated: 4 days ago




၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းမှု စတင်ချိန်မှစ၍ စစ်ကောင်စီသည် လူထု၏သတင်းအချက်အလက်ရယူသုံးစွဲမှုနှင့် သတင်းအချက်အလက်ဆက်သွယ်ရေးကဏ္ဍအပေါ် စောင့်ကြည့်ဖိနှိပ်မှုများဆက်တိုက်ပြုလုပ်ခဲ့သည်။ ယင်းကဏ္ဍများအား ထိန်းချုပ်နိုင်ရေးအတွက် ခေတ်သစ်သတင်းစီးဆင်းမှု၏ကျောရိုးဖြစ်သည့် အင်တာနက်ရပ်ဝန်းအား ပုံစံမျိုးစုံဖြင့် ဖိနှိပ်မှုများ ကို စစ်ကောင်စီက ပြုလုပ်ခဲ့ပါသည်။

ယခုဆောင်းပါးတွင် ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ  ဒီဇင်ဘာလအတွင်း စစ်ကောင်စီပြုလုပ်ခဲ့သည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုများကို လေ့လာဖော်ပြသွားပါမည်။

တစ်နှစ်တာအတွင်းဖြစ်ပေါ်ခဲ့သော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကိုစု ဆောင်းရာတွင် သတင်းမီဒီယာများနှင့် ယုံကြည်စိတ်ချရသည့်မိတ်ဖက်အဖွဲ့အစည်းများထံမှရရှိသောသတင်းအချက်အလက် များကိုအခြေပြု၍ ခွဲခြမ်းလေ့လာထားပါသည်။ 

၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ  ဒီဇင်ဘာလအတွင်း စစ်ကောင်စီပြုလုပ်ခဲ့သည့် ဒီဂျစ်တယ်ဖိနှိမ်မှုများအား အပိုင်း(၄)ပိုင်းဖြင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ဖော်ပြသွားမည်ဖြစ်ပြီး ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်သည်။


(၁) ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြေဆိုခွင့်ကို ကန့်သတ်သည့်အခြေအနေများ 

(၂) လူထု၏ ဒီဂျစ်တယ်လှုပ်ရှားမှုများအပေါ် စောင့်ကြည့်ခြေရာခံမှုအခြေအနေများ

(၃) အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

(၄) အဖိနှိပ်ခံနေရသော အွန်လိုင်းသတင်းလွတ်လပ်ခွင့်အခြေအနေများ


(၁) ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြေဆိုခွင့်ကို ကန့်သတ်သည့် အခြေအနေများ 


စစ်ကောင်စီသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှစတင်ပြီး ဒီဂျစ်တယ်ရပ်ဝန်းအတွင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများ အပေါ် ဖမ်းဆီးရေးယူမှုများအား ဆက်တိုက်ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ အွန်လိုင်းပေါ်မှတစ်ဆင့် ၎င်းတို့အပေါ်ဆန့်ကျင် သည့် အမြင်သဘောထားထုတ်ဖော်ပြောဆိုသူများ၊ ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်နေသည့် အစုအဖွဲ့များ အား လူမှုကွန်ရက်မှတစ်ဆင့် ထောက်ခံအားပေးနေသူများအပါအဝင် ယင်းတို့၏ စီမံခန့်ခွဲမှုအလွဲများအပေါ် ထောက်ပြသူ များအား စောင့်ကြည့်အရေးယူမှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။


ပြန်ကြားရေးဝန်ကြီးဌာန တယ်လီဂရမ်ချန်နယ်၏ ထုတ်ပြန်မှုများအရ သိရှိရသော

လူမှုကွန်ရက်တွင် ပြောဆိုရေးသားမှုများကြောင့် ၂၀၂၃ ခုနှစ်အတွင်း ဖမ်းဆီးခံရသည့်အရေအတွက်


စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာန၏ တယ်လီဂရမ်ချန်နယ်မှတစ်ဆင့်ဖော်ပြသော သတင်းအချက်အလက်များကို စိစစ်လေ့လာမှုအရ ၂၀၂၃ ခုနှစ်၊ (၁)နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏လူသုံးအများဆုံးလူမှုကွန်ရက်ဖြစ်သည့် ဖေ့ဘွတ်ခ် (Facebook)မှတစ်ဆင့် ပြောဆိုရေးသားမှုများအပေါ် စောင့်ကြည့်အရေးယူမှုများပြုလုပ်ခဲ့သောအရေအတွက်မှာ လူဦးရေအားဖြင့်(၅၅၀)ထက်မနည်းရှိကြောင်း တွေ့ရှိရသည်။ 

ထိုသို့ ဖေ့ဘွတ်ခ်(Facebook)လူမှုကွန်ရက်မှတစ်ဆင့်ဖမ်းဆီးမှုများပြုလုပ်ရာတွင် စစ်ကောင်စီ၏လေကြောင်းတိုက် ခိုက်မှုကြောင့် ပဇီးကြီးကျေးရွာတွင် သေဆုံးသွားခဲ့ရသည့် အရပ်သားပြည်သူများအတွက် ဝမ်းနည်းကြောင်းဖော်ပြသောအ နေဖြင့် ဖေ့ဘွတ်ခ့်ပရိုဖိုင်း(Profile)အမည်းရောင်ပြောင်းလဲခဲ့သူများကိုပါ ဖမ်းဆီးခဲ့သည်။ ထိုသို့ ဖမ်းဆီးခံရသည့်အထဲတွင် ထင်ရှားသူများဖြစ်သည့် သတင်းစာဆရာနှင့်အယ်ဒီတာ ဦးကျော်မင်းဆွေ၊ သရုပ်ဆောင် မေပန်းချီတို့အပါအဝင် တေးသံရှင် မေလသံစဥ်နှင့် ရွှေရည်သိန်းတန်တို့ပါလည်း ပါဝင်ခဲ့သည်။ 

စစ်အာဏာသိမ်းပြီးနောက် ဆိုးရွားစွာဖြစ်ပေါ်ခဲ့သော လျှပ်စစ်မီးပြတ်တောက်မှုအခြေအနေနှင့်ပတ်သက်ပြီး အွန်လိုင်းမှတစ်ဆင့် စစ်ကောင်စီအားဝေဖန်ခဲ့သူ ဟစ်ဟော့(Hip Hop)အဆိုတော်ဗျူဟာအား ထောင်ဒဏ်အနှစ်(၂၀)ချမှတ်ခဲ့သည်။ ထို့အပြင် ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြားရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဦးရဲထွဋ်သည်လည်း ယင်း၏လူမှုကွန် ရက်စာမျက်နှာမှတစ်ဆင့် စစ်ကောင်စီကိုဝေဖန်သည့်ရေးသားချက်များကြောင့် ဖမ်းဆီး၍ ထောင်ဒဏ်(၁၀)နှစ်ချခဲ့သည်။

ဒစ်ဂျစ်တယ်ရပ်ဝန်းမှ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများအား ဖိနှိပ်ရာတွင် ယင်းတို့ မနှစ်မြို့သည့် သတင်းမီဒီယာစာ မျက်နှာများတွင် မှတ်ချက်ရေးသားသူများ၊ တော်လှန်ရေးအဖွဲ့များ၏ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် မှတ်ချက်ရေးသားသူများနှင့် တော်လှန်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်များအား ပြန်လည်မျှဝေသူများကိုပါ ထိုသို့ပြုလုပ်ရုံဖြင့် စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းနေသည်ကို တွေ့ရသည်။

အင်တာနက်ပေါ်မှ လူထု၏လှုပ်ရှားမှုများကို စောင့်ကြည့်ဖော်ထုတ်မှုပြုလုပ်ရာတွင် စစ်ကောင်စီထောက်ခံသော တယ်လီဂရမ်ချန်နယ်များဖြစ်သည့် ဟန်ငြိမ်းဦး၊ မှိုင်းဝေနှင့် ကျော်စွာ စသည့် အကောင့်များမှတစ်ဆင့် စောင့်ကြည့်ဖော်ထုတ်ပေးမှုများအား စစ်ကောင်စီကအသုံးပြုနေသည်ကို တွေ့ရသည်။ ယင်းတယ်လီဂရမ်ချန်နယ်များမှတစ်ဆင့် ဖော်ထုတ်ခံရသူများအား စစ်ကောင်စီတပ်ဖွဲ့ဝင်များကသွားရောက်၍ ဖမ်းဆီးအရေးယူမှုများပြုလုပ်ခဲ့သည်ကို အရေအတွက်များစွာတွေ့ခဲ့ရသည်။ ထိုသို့ တယ်လီဂရမ်ချန်နယ်များအား စစ်ကောင်စီက သုံးစွဲမှုရှိနေခြင်းသည်ပင် မြန်မာနိုင်ငံ၏လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့် ကျဆုံးမှုအခြေအနေများထဲမှအရေးကြီးသော အကြောင်းအရင်းတစ်ချက်ဖြစ်နေသည်ကို တွေ့ရသည်။


စစ်ကောင်စီ စောင့်ကြည့်နေသည့် လူမှုကွန်ယက်များနှင့် ဖမ်းဆီးခံရမှု အခြေအနေများ


မြန်မာနိုင်ငံတွင် လူသုံးများသောလူမှုကွန်ရက်များဖြစ်သည့် ဖေ့ဘွတ်ခ်(Facebook), တစ်တော့ခ် (Tiktok), အင်စ တာဂရမ်(Instagram)နှင့် တယ်လီဂရမ်(Telegram)တို့အားလေ့လာကြည့်ရာ စစ်ကောင်စီသည် ဖေ့ဘွတ်ခ်လူမှုကွန်ရက်အသုံးပြုသူများအား အဓိကစောင့်ကြည့်နေသည်ကိုတွေ့ရသည်။ လူမှုကွန်ရက်စာမျက်နှာတွင် ပြောဆိုရေးသားမှုများကြောင့် ထိန်းသိမ်းခံရမှုများတွင် ဖေ့ဘွတ်ခ်(Facebook)ပေါ်တွင်ရေးသားမှုများကြောင့် ထိန်းသိမ်းခံရသူ(၉၇.၁၆%)အထိရှိနေပြီး ဒုတိယအများဆုံးအသုံးပြုကြသည့် လူမှုကွန်ရက်တစ်တော့ခ်(Tiktok)ကြောင့် ထိန်းသိမ်းခံရသူမှာ(၂.၆၆%)ရှိသည်။ တယ်လီဂရမ်(Telegram)ပေါ်တွင် ရေးသားမှုကြောင့် ထိန်းသိမ်းခံရသူ(၀.၁၉ %)သာရှိသည်ကို တွေ့ရသည်။ 

ထိုသို့စစ်ကောင်စီ၏ဖိနှိပ်မှုအခြေအနေများကြောင့် ၂၀၂၃ ခုနှစ်၌ထုတ်ပြန်ခဲ့သည့် “Freedom House”၏အစီအရင် ခံစာ “Freedom On the Net” တွင် မြန်မာနိုင်ငံ၏အင်တာနက်လွတ်လပ်ခွင့်အခြေအနေအား ဒုတိယအဆိုးရွားဆုံးနိုင်ငံအဖြစ် သတ်မှတ်ဖော်ပြခဲ့သည်ကို တွေ့ရသည်။ 


(၂) လူထု၏ ဒီဂျစ်တယ်လှုပ်ရှားမှုများအပေါ် စောင့်ကြည့်ခြေရာခံမှုအခြေအနေများ


ဒီဂျစ်တယ်ရပ်ဝန်းရှိ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများအပေါ် စစ်ကောင်စီက စောင့်ကြည့်နေရုံသာမက ပြည်သူလူထုတစ် ရပ်လုံးအား အစုလိုက်အပြုံလိုက်စောင့်ကြည့်မှုများပြုလုပ်ရန်အတွက်အစီအစဉ်များကိုလည်း အကောင်အထည်ဖော်နေ သည်ကို တွေ့ရသည်။ ထိုသို့လူထု၏လှုပ်ရှားမှုများကို အစုလိုက်အပြုံလိုက်စောင့်ကြည့်နိုင်ရေးအတွက် စစ်ကောင်စီက ၂၀၂၃ ခုနှစ်အတွင်း၌ အဓိကအကောင်အထည်ဖော်သည့်ကိစ္စမှာ အီးအိုင်ဒီ(E-ID)စနစ် အကောင်အထည်ဖော်ရေးဖြစ်သည်။ တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် မှတ်ပုံတင်များကို စမတ်ကဒ်(Smart Card)ပြောင်းလဲမှုဖြင့်ပြီးမြောက်သွားပါက နိုင်ငံသားအား လုံး၏ဇီဝအချက်အလက်များကို စစ်ကောင်စီက ရရှိသွားမည်ဖြစ်သည်။ ရရှိသွားသောအချက်အလက်များအား အသုံးပြု၍ နိုင်ငံသားတို့၏နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များအပါအဝင် သွားလာလှုပ်ရှားမှုများအားလုံးကို ခြေရာခံနိုင်သွားမည်ဖြစ် သည်။


(၂.၁) ဇီဝအချက်အလက်ရရှိရေးနှင့် အီးအိုင်ဒီ(E-ID)စနစ်အကောင်အထည်ဖော်ရေး စစ်ကောင်စီ၏ ခြေလှမ်းများ 


ဇီဝအချက်အလက်ကောက်ယူမှုသင်တန်းများကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် စစ်ကောင်စီက စတင်လုပ်ဆာင်ခဲ့သည်။ ၂၀၂၃ ခုနှစ် မတ်လ၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ကနဦးစီမံကိန်း(Pilot Project)အနေဖြင့် စတင်ခဲ့ခြင်းဖြစ် သည်။ ထို့နောက် ၂၀၂၃ ခုနှစ် မတ်လ(၃၀)ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့တွင် ဇီဝအချက်အ လက်(Biometric Data)ကောက်ယူမှုများအား စတင်လုပ်ဆောင်လာခဲ့သည်ကို တွေ့ရသည်။

ထို့နောက် ဇီဝအချက်အလက်ကောက်ယူမှုသင်တန်းများကို တိုင်းဒေသကြီးအသီးသီးတွင် စစ်ကောင်စီက ဆက်လက်ဖွင့်လှစ်၍ အကောင်အထည်ဖော်ခဲ့သည်။


ဇီဝအချက်အလက်ကောက်ယူရေးသင်တန်းကို ပဲခူးတိုင်ဒေသကြီးတွင်ပြုလုပ်ခဲ့ကြောင်း

စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာတွင်  ဖော်ပြသောသတင်း


စစ်ကောင်စီ၏ပြန်ကြာရေးဝန်ကြီးဌာနကအသုံးပြုသောတယ်လီဂရမ်ချန်နယ်တွင် ဖော်ပြသည့်သတင်းများအရ ၂၀၂၃ ခုနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရန်ကုန်တိုင်း​ဒေသကြီးတို့ရှိ​ မြို့နယ်အချို့တွင် ဇီဝအချက်အလက်ကောက်ယူနိုင်ရေးကိစ္စများ လုပ်ဆောင်ခဲ့ကြောင်း တွေ့ရှိရသည်။ 

၂၀၂၃ ခုနှစ် ဩဂုတ်လ(၁၀)ရက်အနေ့အထိ ဇီဝအချက်အလက်ကောက်ခံမှုအတွက်လူဦးရေ(၇)သိန်းကျော်၏အချက်အ လက်များ ကောက်ခံထားနိုင်ပြီးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။ ဇီဝအချက်အလက်ကောက်ယူရေးလုပ်ငန်းစဉ်အား အပြီးသတ်နိုင်ရေးအတွက် ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် စမတ်ကဒ်(Smart Card)မပြုလုပ်ရသေးသူ များခရီးသွားပါက အုပ်ချုပ်ရေးမှူးနှင့် လဝကရုံးထောက်ခံချက်များ တောင်းခံခိုင်းသည့်လုပ်ဆောင်ချက်များကို စစ်ကောင်စီ က လုပ်ဆောင်ခဲ့သည်။


စစ်ကောင်စီခန့် ပြည်ထောင်စုဝနကြီး ဦးမြင့်ကြိုင်သည် အီးအိုင်ဒီ(E-ID)စနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် အိန္ဒိယနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း

စစ်ကောင်စီလက်အောက်ခံ နိုင်ငံပိုင်သတင်းစာ၏ သတင်းဖော်ပြချက်


ဇီဝအချက်အလက်ကောက်ခံမှုလုပ်ငန်းစဉ်အတွက် အိန္ဒိယနှင့်တရုတ်နိုင်ငံတို့၏အကူအညီများရရှိနိုင်ရန်အားထုတ်မှုများအား စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။


(၂.၂) မိုဘိုင်းဖုန်းဆင်းကဒ်(Sim Card)များ ပြန်လည်မှတ်ပုံတင်ရန် စစ်ကောင်စီ၏ ဆောင်ရွက်မှုများ 


၂၀၂၂ ခုနှစ်ကထဲက စတင်လုပ်ဆောင်ခဲ့သည့် မိုဘိုင်းဖုန်းဆင်းကဒ်များ ပြန်လည်မှတ်ပုံတင်ရေးလုပ်ငန်းစဉ်အား ၂၀၂၃ ခုနှစ် ၌လည်း ဆက်လက်လုပ်ဆောင်နေသည်ကို တွေ့ရသည်။ ဆင်းကဒ်(Sim Card)များကို မှတ်ပုံတင်ရာတွင် အမည်၊ မှတ်ပုံ တင်အမှတ်၊ ဓာတ်ပုံနှင့် လိပ်စာစသည့် ကိုယ်ရေးကိုယ်တာအချက်အလက်အပြည့်အစုံအား ထည့်သွင်းကောက်ခံထားသည်ကို တွေ့ရသည်။ အချို့သော ဆက်သွယ်ရေးအော်ပရေတာ(Operator)များအနေဖြင့် လူမှုကွန်ရက်အကောင့်များကိုပင် ထည့်သွင်းတောင်းဆိုထားသည်ကို တွေ့ရသည်။ 

ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် မိုဘိုင်းတာဝါတိုင်များမှတစ်ဆင့် သုံးစွဲသူ၏တည်နေရာကို အတိအကျခြေ ရာခံနိုင်သည်။ ထို့ကြောင့် ဆင်းကဒ်(Sim Card)မှတ်ပုံတင်မှုပြုလုပ်ခြင်းသည် စစ်ကောင်စီ၏လူထုအပေါ်စောင့်ကြည့်ရေးနည်းဗျူဟာအပေါ်များစွာ အထောက်အကူဖြစ်စေမည်ဖြစ်သည်။ 

၂၀၂၃ ခုနှစ် မတ်လဇူလိုင်လနှင့် အောက်တိုဘာလများတွင် ဖုန်းဆင်းကဒ်များ စနစ်တကျမှတ်ပုံတင်ရေးနှင့် မှတ်ပုံ တင်ခြင်းမရှိသောဆင်းကဒ်များကို ပိတ်သိမ်းပစ်မည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ(၂၆) ရက်နေ့၌ ဆင်းကဒ်(Sim Card)များရောင်းချရာတွင် မှတ်ပုံတင်ပြီးမှရောင်းချရန်နှင့် လွှဲပြောင်းသုံးစွဲရာတွင် ပြန်လည်မှတ်ပုံ တင်မှုများပြုလုပ်ရန် စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းမရှိပါက ဆက်သွယ်ရေးဥပဒေပုဒ်မ (၇၂)အရ အရေးယူသွားမည်ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။


ဆင်းကဒ်မှတ်ပုံတင်ရောင်းချရေးနှင့် လွှဲပြောင်းသုံးစွဲရာ၌

ပြန်လည်မှတ်ပုံတင်မှုဆောင်ရွက်ရေးအတွက် စစ်ကောင်စီ၏ကြေညာချက် 


၂၀၂၃ ခုနှစ် စက်တင်ဘာလ(၁၆)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်ရှိ မိုင်တဲလ်(Mytel)ရုံးသို့ စစ် ကောင်စီလက်အောက်ခံတပ်ဖွဲ့များလာရောက်၍ ဖုန်းဆင်းကဒ်နံပါတ်များပေးပြီး အသုံးပြုသူ၏တည်နေရာတောင်းယူမှုများ ပြုလုပ်ခဲ့ကြောင်း ဧရာဝတီတိုင်းသတင်းဌာနက သတင်းဖော်ပြခဲ့သည်။ 


(၂.၃) စစ်ကောင်စီ၏ စောင့်ကြည့်ခြေရာခံမှုဖြစ်စဉ်များနှင့် ပုဂ္ဂလိကအခွင့်အရေးချိုးဖောက်မှုဖြစ်စဉ်များ 


ပြည်သူလူထုအားအစုလိုက်အပြုံလိုက်စောင့်ကြည့်နိုင်သောအစီအစဉ်များကို အကောင်အထည်ဖော်နေသည်နှင့်တပြိုင်နက် အခြားသောနည်းလမ်းများကိုအသုံးပြု၍ လူထုအပေါ်စောင့်ကြည့်ခြင်းနှင့် ပုဂ္ဂလိကအခွင့်အရေးချိုးဖောက်ခံရခြင်းဖြစ်စဉ်များ လုပ်ဆောင်နေသည်ကို တွေ့ရသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရန်ကုန်မြို့အတွင်း ခရီးသွားလာနေကြသူများ၏ ဖုန်းနှင့်လက်ကိုင်အိတ်များကို ရှောင် တခင်စစ်ဆေးမှုများပြုလုပ်တတ်သည်။ ထို့အပြင် စစ်ကောင်စီ၏စစ်ဆေးရေးဂိတ်များတွင်လည်း မိုဘိုင်းဖုန်းနှင့် ပိုက်ဆံအိတ်များအား စစ်ဆေးမှုများပြုလုပ်ကြသည်ကိုတွေ့ရသည်။ ၂၀၁၃ ခုနှစ် မေလတစ်လတည်းအတွင်းမှာပင် ကေပေး(KBZ Pay), ဝေ့ဖ်ပေး(Wave Pay), ဧရာပေး(AYA Pay)နှင့် စီဘီပေး(CB Pay)အကောင့် စုစုပေါင်း(၇၂၁)ခုကို နွေဦးတော်လှန်ရေး ထောက်ပံ့မှုသံသယဖြင့် စစ်ကောင်စီက ပိတ်သိမ်းခဲ့သည်။ ဘဏ်အကောင့်များအား ခြေရာခံစောင့်ကြည့်ပိတ်သိမ်းမှုများကို ဆက်တိုက်ပြုလုပ်ခဲ့ပြီး ထိုသို့လုပ်ဆောင်ခံရသည့်အကောင့်ပိုင်ရှင်များသည် သက်ဆိုင်ရာဘဏ်နှင့်စစ်ကောင်စီတို့ထံမှ ယင်းအတွက်တိကျသောဖြေရှင်းချက် မရခဲ့ကြပါ။ 

မတ်လ(၁)ရက်နေ့၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးနည်းဥပဒေကို စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ယင်းဥပဒေ အ ခန်း(၁၄)တွင် အီလက်ထရောနစ်သတင်းအချက်အလက် ကြားဖြတ်ဖမ်းယူခြင်းဆိုင်ရာကိစ္စရပ်များအား ထည့်သွင်းပြဋ္ဌာန်း ထားပြီး ယင်းတို့၏စောင့်ကြည့်ရေးလုပ်ငန်းစဉ်များကို ဥပဒေအရတရားဝင်ဖြစ်စေရန် စစ်ကောင်စီက တစ်ဖက်သတ်ဆောင် ရွက်ခဲ့သည်။ 

ဧပြီလ(၃)ရက်နေ့၌ ရန်ကုန်လေဆိပ်တွင် ပြေးဆွဲနေသော အငှားယာဉ်များအား Grabနှင့်ချိတ်ဆက်ရန် လုံခြုံရေး ဆိုင်ရာအကြောင်းပြချက်ဖြင့် ဖိအားပေးခဲ့သည်ကို တွေ့ရသည်။ Grab အက်ပလီကေးရှင်းမှတစ်ဆင့် မှတ်ပုံတင်ပြုလုပ်ရာ တွင် သုံးစွဲသူ၏ဓာတ်ပုံများထည့်သွင်းထားရပြီး ခရီးသွားမှတ်တမ်းများကို ပြန်လည်ခြေရာခံနိုင်ရာ စစ်ကောင်စီ၏စောင့်ကြည့်ရေးလုပ်ငန်းစဉ်အတွက်အထောက်အကူပြုမည်ဖြစ်သောကြောင့် စစ်ကောင်စီ၏အကြောင်းပြချက်သည် သံသယဖြစ်ဖွယ်ဖြစ်သည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ရှိ လမ်းဘေးစျေးဆိုင်များအား စီစီတီဗွီ(CCTV)ကင်မရာများတပ်ဆင်ရန် ဖိအားပေးလုပ်ဆောင်ခဲ့သည်။ ဩဂုတ်လ(၂၄)ရက်၌ အရပ်ဝတ်ဝတ်ဆင်ထားသည့်စစ်ကောင်စီစစ်သားများနှင့် မြူနီစပါယ်ဝန်ထမ်းများသည် အောင်မြေသာဇံမြို့နယ်၏အဓိကလမ်းများတွင် ဖွင့်လှစ်ထားသောဆိုင်များအား စီစီတီဗွီကင်မရာများတပ်ဆင်ရန် အကြောင်းကြားစာများ ပေးပို့ခဲ့သည်။ 

သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် အကောက်ခွန်ဦးစီးဌာနတို့ပူးပေါင်း၍ ကုန်သေတ္တာယာဉ်နှင့် အလုံပိတ်ယာဉ်များ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုများအား စောင့်ကြည့်စစ်ဆေးရေးစနစ်(Logistic Surveillance System, E-Lock)ကို စတင်အသုံးပြု၍ ဆောင်ရွက်နေကြောင်း စက်တင်ဘာလ(၂၀)ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။ 


(၃) အင်တာနက်ဖြတ်တောက်မှုအခြေအနေများ


သတင်းစီးဆင်းမှုကန့်သတ်နိုင်ရေးနှင့်စစ်ရေးလှုပ်ရှားမှုသတင်းများအား လျှို့ဝှက်နိုင်ရေးအပါအဝင် တော်လှန်ရေးအဖွဲ့များ၏ လှုပ်ရှားမှုများအား ကန့်သတ်နိုင်ရေးအတွက် အင်တာနက်ဖြတ်တောက်မှုများကို စစ်ကောင်စီက လက်နက်သဖွယ်အသုံးပြုလာသည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက် အာဏာသိမ်းမှုစတင်စဉ်ကာလကတည်းက ဖြစ်သည်။ 

၂၀၂၃ ခုနှစ် အင်တာနက်ဖြတ်တောက်မှုများကိုလေ့လာကြည့်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက် ဖြတ်တောက်မှုလုပ်ဆောင်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။ သို့သော် ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများတွင် အင်တာနက်ဖြတ်တောက်မှုများအား စစ်ကောင်စီက ဆက်တိုက်ဆက်လက်ပြုလုပ်နေသည်ကို ထင်ရှားစွာတွေ့ရသည်။ 

ထိုသို့ စစ်ကောင်စီ၏အင်တာနက်ဖြတ်တောက်မှုများကြောင့် သတင်းအချက်အလက်စီးဆင်းမှုများနောက်ကျပြီး ပြည် သူလူထုသည် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာထိခိုက်မှုများ သိသာစွာဖြစ်ပေါ်ခဲ့သည်။ ချင်းပြည်နယ်တွင် ဆက်သွယ်ရေးဖြတ်တောက်ခံထားရမှုကြောင့် ၂၀၂၃ ခုနှစ် မေလအတွင်းက ဝင်ရောက်တိုက်ခတ်ခဲ့သည့် အင်အားကြီးဆိုက်ကလုန်းမုန်တိုင်းဖြစ်သော မိုခါမုန်တိုင်းနှင့်ပတ်သက်သည့်သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီ မရရှိနိုင်ခဲ့ပါ။ ထို့ကြောင့် ချင်းပြည် နယ်အတွင်း အခြေချနေထိုင်သူများသည် မုန်တိုင်းဒဏ်ကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်နိုင်မှုအားနည်းခဲ့ရသည်။ 

အင်တာနက်ဖြတ်တောက်မှုနှင့်ပြန်လည်ဖွင့်ပေးမှုတို့ကိုလုပ်ဆောင်ရာတွင် မည်သည့်ရည်ရွယ်ချက်ကြောင့်ဟုဆိုသော ခန့်မှန်းရခက်သည့်လုပ်ဆောင်ချက်များကိုလည်း လုပ်ဆောင်တတ်သည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့၌ ကာလရှည်အင်တာနက်ပိတ်ဆို့ခံထားရသည့် ကချင်(ဖားကန့်)နှင့် စစ်ကိုင်း(မြင်းမူ၊ ဆားလင်းကြီး၊ အရာတော်၊ ယင်းမာပင်၊ မင်းကင်း၊ ကန့်ဘလူ၊ ကသာ၊ ကောလင်း၊ ဘုတလင်၊ ရေဦး၊ ဒီပဲယင်း၊ ခင်ဦး၊ အင်းတော်နှင့် ကျွန်းလှ)မြို့နယ်များတွင် အက်တမ် (Atom)ဖုန်းဆင်းကဒ်(Sim Card)များဖြင့် အင်တာနက်အသုံးပြုခွင့်ရခဲ့သည်။ ထို့နောက် ဇန်နဝါရီလ(၅)ရက်နေ့တွင် ယင်း လိုင်းများ ပြန်လည်ပိတ်သွားကြောင်း ဘီဘီစီမြန်မာပိုင်း(BBC)သတင်းဌာနအောက်ရှိ ဒေသခံများ၏မှတ်ချက်များအရ သိရ သည်။ ချင်းပြည်နယ်၊ မင်းတပ်မြို့တွင်လည်း အက်တမ်(Atom)ဆင်းကဒ်(Sim Card)ဖြင့်ပင် ထိုသို့သောအခြေအနေများ ဖြစ်ပေါ်ခဲ့သေးသည်ကို တွေ့ရသည်။ 

ယခုနှစ်၏အင်တာနက်ဖြတ်တောက်မှုများကို လေ့လာကြည့်ရာတွင် စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများအား အဓိကပစ်မှတ်ထား၍ ဖြတ်တောက်မှုများလုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ 

ဧပြီလ(၁၇)ရက်နေ့၌ ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မိုဘိုင်းဖုန်းနှင့် ဝိုင်ဖိုင်အင်တာနက်လိုင်းများပြတ်တောက်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ယင်းဒေသ၌ စစ်ကောင်စီနှင့်တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့မှုများစွာဖြစ်ခဲ့ပြီး စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုအကြိမ်(၄၀)ကျော်ကို စစ်ကောင်စီကပြုလုပ်ခဲ့ရာ အနည်းဆုံးလူဦးရေ(၁၉)ဦးခန့် သေဆုံးပြီး ဘာသာရေးအဆောက်အအုံများနှင့် အရပ်သားနေအိမ်အများအပြားပျက်စီးခဲ့သည်ဟု အာရ်အက်ဖ်အေမြန်မာပိုင်း(RFA)သတင်းဌာ န၏သတင်းဖော်ပြချက်အရ သိရသည်။ 

ဇွန်လ(၂၇)ရက်နေ့၌ ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့အနီးတဝိုက်တွင် အင်တာနက်လိုင်းများပြတ်တောက်ခဲ့သည်။ ကရင်နီ(ကယား)ပြည်နယ်သည် စစ်ကောင်စီတပ်နှင့်ကရင်နီကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေသည့်နေရာလည်းဖြစ်သည်။ ကရင်နီ(ကယား)ပြည်နယ်စပ်၊ ရှမ်းပြည်နယ်တောင်ဘက်ပိုင်းရှိ မိုးဗြဲမြို့တွင် ဇွန်လ(၆)ရက်မှ (၈)ရက်နေ့အထိ သုံးရက်အတွင်း စစ်ကောင်စီ၏လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့်ပစ်ခတ်ခံရမှုကြောင့် အရပ်သား(၂၆)ဦးသေ ဆုံးခဲ့ကြောင်း “Free Burma Rangers-FBR”က ဇွန်လ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ ၂၀၂၁ ခုနှစ် ဖေဖော် ဝါရီလမှ ၂၀၂၃ ခုနှစ် ဇွန်လ(၃၀)ရက်နေ့အထိ တိုက်ပွဲပေါင်း(၇၂၉)ကြိမ်အထိဖြစ်ပွားခဲ့ပြီး မကြာခဏအင်တာနက်ဖြတ်တောက်ခံရသည့် ပြည်နယ်လည်းဖြစ်သည်။ ဇူလိုင်လ(၆)ရက်နေ့တွင် ကရင်နီ(ကယား)ပြည်နယ်အား စစ်ကောင်စီက ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သေးသည်။ 

ဇွန်လ(၂၈)ရက်နေ့တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တွင် ဖုန်းနှင့် အင်တာနက်လိုင်းများကို စစ်ကောင်စီက ဖြတ်တောက်၍ ထိုးစစ်ဆင်မှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ 

ပဲခူးတိုင်း(အရှေ့ခြမ်း)၊ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက်ရှိ မြို့နယ်များဖြစ်သည့် ဖြူး၊ ကျောက်တံခါး၊ မုန်း၊ ကျောက်ကြီးနှင့် ရေတာရှည် စသည့်ဒေသများတွင် နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်မှာတစ်လဝန်းကျင်ရှိပြီဖြစ်ကြောင်း စက်တင်ဘာလ(၂)ရက်နေ့ဧရာဝတီတိုင်းမ်သတင်းဌာန၏သတင်းဖော်ပြချက်အရသိရသည်။ 

“TLNA”, “MNDAA”နှင့် “AA” ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက် စစ်ကောင်စီနှင့်တိုင်း ရင်းသားမဟာမိတ်များ၊ တော်လှန်ရေးတပ်ဖွဲများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့လောက်ကိုင်မြို့မူဆယ်မြို့ ၊ စစ်ကိုင်းတိုင်း ကောလင်းမြို့၊ ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ရခိုင်ပြည်နယ် ပေါက်တောမြို့၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ်(၁၈)မြို့နယ်၊ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)တို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းပြတ်တောက်မှုများ ကြုံတွေ့ခဲ့ရသည်။ 

၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း(၆၂)ခုတွင် အင်တာနက်နှင့် ဖုန်းလိုင်ပြတ်တောက်မှုအကြိမ်ရေ(၇၂) ကြိမ်ထက်မနည်း ကြုံတွေ့ခဲ့ရသည်။ ကြုံတွေ့ခဲ့ရသည့် မြို့နယ်များမှာ ချင်းပြည်နယ်အတွင်း(၃)မြို့နယ်၊ ပဲခူးတိုင်းအတွင်း(၄) မြို့နယ်၊ ကချင်ပြည်နယ်အတွင်း(၁၈)မြို့နယ်၊ ကယားပြည်နယ်အတွင်း(၇)မြို့နယ်၊ ကရင်ပြည်နယ်အတွင်း(၁)မြို့နယ်၊ မွန် ပြည်နယ်အတွင်း(၁)မြို့နယ်၊ မကွေးတိုင်းအတွင်း(၁)မြို့နယ်၊ ရှမ်းပြည်နယ်အတွင်း(၅)မြို့နယ်၊ ရခိုင်ပြည်နယ်အတွင်း(၅)မြို့ နယ်နှင့် စစ်ကိုင်းတိုင်းအတွင်း(၁၇)မြို့နယ်တို့ ပါဝင်သည်။


၂၀၂၃ ခုနှစ်အတွင်း အင်တာနက်ပြတ်တောက်ခဲ့သည့် မြို့နယ်များပြ မြေပုံ

ISP Myanmar ၏ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ပဋိက္ခဖြစ်ပွားရာ ဒေသနှင့် စစ်ကောင်စီ၊

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအဖွဲ့များ၏ လွမ်းမိုးမှုပြမြေပုံ


ISP Myanmar၏ပဋိက္ခဖြစ်ပွားရာဒေသနှင့် စစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအ ဖွဲ့များ၏လွမ်းမိုးမှုပြမြေပုံပါ အချက်အလက်များနှင့် ယှဉ်တွဲသုံးသပ်ကြည့်ပါက စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားလက် နက်ကိုင်များ အပြည့်အဝလွှမ်းမိုးထားသည့်နေရာများ၊ စစ်ကောင်စီတပ်များနှင့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ၊ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ၊ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ၊ တိုင်းရင်းသားလက်နက် ကိုင်များ ထိတွေ့ရာနေရာများတွင် အင်တာနက်နှင့် မိုဘိုင်းဖုန်းဖြတ်တောက်မှုများအား ပြုလုပ်လေ့ရှိသည်ကို တွေ့ရသည်။


(၄) အဖိနှိပ်ခံနေရသော အွန်လိုင်းသတင်းလွတ်လပ်ခွင့်အခြေအနေများ


၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် သတင်းမီဒီယာများအား လုပ်ငန်းလိုင်စင်ရုပ်သိမ်းခြင်းနှင့် သတင်းသမားများ အားဖမ်းဆီးခြင်းတို့ကို နည်းလမ်းမျိုးစုံအသုံးပြု၍ စစ်ကောင်စီက ဖိနှိပ်လာခဲ့သည်။ သတင်းမီဒီယာများသည် သတင်းများ အား ဆက်လက်တင်ဆက်နိုင်ရန်အတွက် လူမှုကွန်ရက်၊ ဒီဂျစ်တယ်ပလက်ဖောင်းမျိုးစုံနှင့် ဝက်ဆိုက်များအပေါ် အဓိကအား ထားခဲ့ကြရသည်။

သတင်းမီဒီယာများမှ ပြည်သူလူထုထံသို့သတင်းများ ဆက်လက်တင်ဆက်ပေးနိုင်ရန် ကြိုးပမ်းနေသကဲ့သို့ သတင်းမီဒီယာများကို စစ်ကောင်စီကလည်း  နည်းလမ်းပေါင်းစုံဖြင့် ဖိနှိပ်နိုင်ရန် အားထုတ်လျက်ရှိသည်။ 

၂၀၂၃ ခုနှစ် မတ်လ(၁၁)ရက်နေ့၌ စစ်ကောင်စီ၏ လိုက်လံဖမ်းဆီးမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်အ ခြေစိုက် နိရဉ္စရာသတင်းဌာန၏အယ်ဒီတာချုပ်အား ဆက်သွယ်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့်ခဲ့သည်။ ၂၀၂၃ ခုနှစ် ဇွန်လ(၈) ရက်နေ့ကလည်း ဧရာဝတီတိုင်းအခြေစိုက် ဧရာဝတီတိုင်းမ်သတင်းဌာန၏လိုင်စင်ကို စစ်ကောင်စီက ရုပ်သိမ်းခဲ့သည်။ ထို့အ ပြင် ဇူလိုင်လ(၈)ရက်နေ့၌လည်း လူသိများထင်ရှားသောသတင်းဌာနများဖြစ်သည့် ဒီဗွီဘီ(DVB)နှင့် မဇ္ဈိမ(Mizzima)သ တင်းဌာနတို့အား ကြွေးကျန်ရှိသည်ဟူသောအကြောင်းပြချက်ဖြင့် စစ်ကောင်စီက တရားစွဲရန်ပြင်ဆင်နေကြောင်း ပြန်ကြား ရေးဝန်ကြီးဌာနမှ ထုတ်ဖော်ပြောကြားခဲ့သည်။ 

မိုခါမုန်တိုင်းဘေးဒဏ်ကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်အတွင်းအခြေအနေများကို သွားရောက်မှတ်တမ်းတင်နေစဉ် မေလ(၂၃)ရက်နေ့၌ စစ်တွေမြို့တွင် ဖမ်းဆီးခံလိုက်ရသည့် မြန်မာနောင်း(Myanmar Now)ဓာတ်ပုံသတင်းထောက် ကို စိုင်းဇော်သိုက်ကို စက်တင်ဘာလ(၆)ရက်နေ့တွင် စစ်ကောင်စီက ထောင်ဒဏ်အနှစ်(၂၀)ချမှတ်ခဲ့သည်။ အောက်တိုဘာလ (၂၉)ရက်နေ့တွင်လည်း စစ်တွေမြို့အခြေစိုက်“DMG”သတင်းဌာနအား ဝင်ရောက်စီးနင်းပြီး သတင်းထောက် ထက်အောင်နှင့် ညစောင့် စိုးဝင်းအောင်တို့ကို ဖမ်းဆီးခဲ့သေးသည်။ ထို့အပြင် ရခိုင်သတင်းဌာနများ၏သတင်းများအပေါ် မှတ်ချက်ရေးခြင်းနှင့် မျှဝေခြင်းများကိုပြုလုပ်ပါက အရေးယူမည်ဟု ဒီဇင်ဘာလ(၅)ရက်နေ့တွင် စစ်ကောင်စီက ကြေညာခဲ့သည်။ ထို့အပြင် ဒီ ဇင်ဘာလ(၁၂)ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီးအခြေစိုက် “Dawei Watch”သတင်းဌာနမှ မြိတ်မြို့ဒေသခံသ တင်းထောက်နှစ်ဦးဖြစ်သည့် အောင်ဆန်းဦးနှင့် မျိုးမြင့်ဦးတို့နှစ်ဦးအား ညအချိန်၌ နေအိမ်တွင်ဖမ်းဆီးခဲ့သည်။ သတင်းသမားများဖြစ်၍ဖမ်းဆီးခြင်းဖြစ်ကြောင်း မိသားစုကို ပြောကြားခဲ့သည်ဟု “Dawei Watch”သတင်းဌာန၏ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၂၄)ရက်မှစတင်၍ “မဲခေါင်သတင်း(Mekong News)”သတင်းအေဂျင်စီ၏လုပ်ငန်းလိုင်စင်အား ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ(၂၉)ရက်တွင် ကြေညာခဲ့သည်။ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း စစ်ကောင်စီက လိုင်စင်ပိတ်သိမ်းခဲ့သည့် သတင်းအေဂျင်စီနှင့်သတင်းဌာန(၁၅)ခုရှိပြီ ဖြစ်သည်။ 

၂၀၂၃ ခုနှစ် မေလ(၆)ရက်နေ့၌  နယ်စည်းမခြားသတင်းသမားများအဖွဲ့(RSF)ကထုတ်ပြန်သည့် သတင်းမီဒီယာလွတ် လပ်ခွင့်အညွှန်းကိန်းအရ ကမ္ဘာ့နိုင်ငံပေါင်း(၁၈၀)တွင် မြန်မာနိုင်ငံသည် အဆင့်(၁၇၃)နေရာသို့ ရောက်ရှိခဲ့သည်။ တရုတ်နိုင်ငံပြီးလျှင် သတင်းသမားများကို အများဆုံးထောင်ချထားသည့်ဒုတိယမြောက်နိုင်ငံတစ်ခုအဖြစ်လည်း ဖော်ပြခံထားရသည်။

အထက်ပါဖြစ်ရပ်များအားလေ့လာကြည့်ပါက စစ်ကောင်စီ၏မီဒီယာလွတ်လပ်ခွင့်အပေါ် ကန့်သတ်ချက်များနှင့်သ တင်းလွတ်လပ်ခွင့်အပေါ် ထိန်းချုပ်မှုများကို ထင်ရှားစွာ တွေ့မြင်နိုင်သည်။ 


နိဂုံး


၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်းဖြစ်ပေါ်ခဲ့သည့် ဒီဂျစ်တယ်ဖိနှိပ်မှုများကို လေ့လာကြည့်ပါက စစ်ကောင်စီသည် လူမှုကွန်ရက်များအားစောင့်ကြည့်နေပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အပေါ်ဟန့်တားနိုင်ရန် ကြိုးစားနေသည်ကို ရှင်းလင်းစွာတွေ့မြင်ရမည်။ ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီသည် လူထုအား အစုလိုက်အပြုံလိုက် စောင့်ကြည့်နိုင်ရေးအစီအစဉ်များကို တိုးမြှင့်လုပ်ဆောင်လာနေပါသည်။ ပဋိပက္ခဖြစ်ပွားရာနေရာဒေသများတွင် အင်တာနက်နှင့်မိုဘိုင်းဖုန်းအသုံးပြုမှုများအား ဖြတ်တောက်ခြင်းနည်းလမ်းကို လက်နက်သဖွယ်ဆက်လက်အသုံးပြုနေပြီး သတင်းမီဒီယာများအပေါ် ပြင်းထန်သည့်ဖိနှိပ်မှုများကို လုပ်ဆောင်လျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။



Recommended Citation Style -


Myanmar Internet Project. (2024, January 2). ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလအတွင်းမြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်ဖိနှိပ်ခံရမှု အခြေအနေများ. https://www.myanmarinternet.info/my/post/blog_014

留言


bottom of page