top of page
  • Myanmar Internet Project

မြန်မာ့အင်တာနက်ဖြတ်တောက်မှု လို - တို - ရှင်း



ရွေးကောက်ပွဲ၊ လူထုလှုပ်ရှားမှု၊ နိုင်ငံရေးနှင့် လူမျိုးရေးဆိုင်ရာပဋိပက္ခကဲ့သို့ နိုင်ငံရေးဆိုင်ရာထူးခြားဖြစ်ရပ်များရှိသည့်ကာလများတွင် သက်ဆိုင်ရာအစိုးရများသည် အင်တာနက်ကွန်ရက်ဖြတ်တောက်မှုများပြုလုပ်လေ့ရှိသည်ကို တွေ့ရသည်။ ထိုသို့ အင်တာနတ်ဖြတ်တောက်မှုများပြုလုပ်ရန်အတွက် အာဏာပိုင်များက အကြောင်းပြချက်ပေးလေ့ရှိသည်မှာ သတင်းအမှားများပြန့်ပွားမှုကို ကာကွယ်ရန်နှင့် တည်ငြိမ်မှုကိုထိန်းသိမ်းရန်ဟူ၍ ဖြစ်သည်။ သို့သော် အင်တာနက်ဖြတ်တောက်မှုတိုင်းသည် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ သတင်းအချက်အလက်ရယူပိုင်ခွင့်နှင့် လွတ်လပ်စွာစုစည်းခွင့်စသည့် အခြေခံအခွင့်လူ့အ ခွင့်အရေးများအပေါ် ပြင်းထန်သည့်သက်ရောက်မှုများကိုသာဖြစ်စေသည်။ ထို့အပြင် ရွေးကောက်ပွဲကာလကဲ့သို့ အချိန်ကာ လများတွင် အင်တာနက်ဖြတ်တောက်မှုများသည် ရွေးကောက်ပွဲ၏တရားမျှတမှုကို သံသယဖြစ်စေသည့်အပြင် အတိုက်အခံတို့၏အသံကို တိတ်ဆိတ်စေသည့်အတွက် ရွေးကောက်ပွဲတရားမျှတမှုကို အဟန့်အတားဖြစ်စေသည်။ ထို့အပြင် လူ့အခွင့်အ ရေးချိုးဖောက်မှုများသည်  အင်တာနက်ပြတ်တောက်နေသည့်ကာလများတွင် ပိုမိုဖြစ်ပေါ်လေ့ရှိကြောင်း နိုင်ငံတကာသာဓကပေါင်းများစွာလည်းရှိသည်။ 


မြန်မာ့အင်တာနက်ပိတ်ဆို့မှု သမိုင်း 

အင်တာနက်ဖြတ်တောက်မှုအား လက်နက်သဖွယ်အသုံးပြုသောနိုင်ငံအဖြစ် နာမည်ဆိုးဖြင့်ကျော်ကြားသည့် နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် တစ်ခုအပါအဝင်ဖြစ်သည်။ 

မြန်မာနိုင်ငံ၏ အင်တာနက်ဖြတ်တောက်မှုသမိုင်းကြောင်းကို ပြန်လည်လေ့လာကြည့်ပါက ၂၀၀၇ ခုနှစ် “ရွှေဝါရောင်တော်လှန်ရေး”(Saffron Revolution)ကာလတွင် စတင်ဖြစ်ပေါ်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဦးဆောင်သော စစ်အစိုးရက ပြည်တွင်း၌ ဖြစ်ပေါ်နေသော လူ့အခွင့်အရေးအပေါ်အကြမ်းဖက်မှုများနှင့် လူထုလှုပ်ရှားမှုများအပေါ် အင်အားသုံးနှိမ်းနင်းမှုများကို နိုင်ငံတကာသို့ မပျံ့နှံ့စေရေးအတွက် အင်တာနက်နှင့်ဖုန်းလိုင်းများကို ဖြတ်တောက်ပစ်ခဲ့သည်။ ထိုအချိန်က လူဦးရေ၏(၁)ရာခိုင်နှုန်းခန့်သာ အင်တာနက်သုံးစွဲနိုင်ပြီး လူဦးရေ ၂၅,၀၀၀ ခန့်သာ အင်တာနက်သုံးစွဲနိုင်သေးသည်။ အင်တာနက်ပြန်လည်ဖွင့်ပေးသည့်အချိန်တွင်လည်း ဂူဂဲလ် မေးလ်(Google Mail)ကဲ့သို့သော အီးမေးလ်ဝန်ဆောင်မှုများနှင့် ဘလော့(Blog)ဝန်ဆောင်မှုများကို ပိတ်ထားခြင်းအားဖြင့် သတင်းစီးဆင်းမှု ပြတ်တောက်နှေးကွေးရန် လုပ်ဆောင်ခဲ့သည်။ 

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြုလုပ်ခါနီး သုံးရက်ခန့်အလိုတွင် အင်တာနက်ပြတ်တောက်နှေးကွေးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုကဲ့သို့ အင်တာနက်ပြတ်တောက်မှုမှာ ပြင်ပမှ DDoS တိုက်ခိုက်ခံရမှုကြောင့်ဟုဆိုသည်။ သို့သော် ရွေးကောက်ပွဲကာလအတွင်း ပြင်ပရွေးကောက်ပွဲစောင့်ကြည့်သူများနှင့် သတင်းမီဒီယာများအား ပြည်ဝင်ခွင့်မပေးသည့်အခြေအနေများ ရှိနေသည်။ ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလအတွင်းကလည်း ဧရာဝတီ၊ မဇ္စျိမ၊ ဒီဘီဗွီ(DVB)စသည့် ပြည်တွင်းသတင်းမီဒီယာများ၏ ဝက်ဘ်ဆိုက်များလည်း DDoS တိုက်ခိုက်မှုဖြင့် ကြုံတွေ့ခဲ့ရသည်။

မြန်မာစစ်တပ်နှင့် ဒေသခံတိုင်းရင်သားလက်နက်ကိုင်အဖွဲ့များအကြား ပဋိပက္ခများတိုးမြင့်လာခြင်းကြောင့် အရပ်သားအစိုးရသည် မြန်မာစစ်တပ်၏တစ်ဖက်သက်အချက်အလက်များအပေါ် အခြေခံ၍ ၂၀၁၉ ခုနှစ် ဇွန်လတွင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်အချို့ကို အင်တာနက်ဝန်ဆောင်မှုဖြတ်တောက်မှုများ အလွန်အကျွံလုပ်ဆောင်ခဲ့သည်။ ယင်းအင်တာနက်ဖြတ်တောက်မှုသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အဆုံးသတ်ခဲ့​ပြီ ကမ္ဘာ့အကြာရှည်ဆုံး အင်တာနက်ဖြတ်တောက်မှုတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ 


တစ်ကြော့ပြန်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာသည့် အင်တာနက်ဖြတ်တောက်မှုများ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့ အာဏာသိမ်းကာလနောက်ပိုင်းတွင် အင်တာနက်ဖြတ်တောက်မှုများ ပိုမိုဆိုးရွားလာသည်ကို တွေ့ရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့နောက်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အင်တာနက်ဖြတ်တောက်မှု  အနည်းဆုံး(၆)ကြိမ် ကြုံတွေ့ခဲ့ရသည်။ 

လူသုံးများသော လူမှုကွန်ရက်စာမျက်နှာများဖြစ်သည့် ဖေ့ဘွတ်ခ်(Facebook)နှင့် တွစ်တာ(Twitter)စသော လူမှုကွန်ရက်စာမျက်နှာများအား အာဏာသိမ်းစစ်ကောင်စီက ပိတ်ထားခဲ့သည်ကို တွေ့ရသည်။ ထိုကဲ့သို့ လူမှုကွန်ရက်စာမျက်နှာများအား တိုက်ရိုက်အသုံးမပြုနိုင်ရန် ပိတ်ပင်ထားသည့်အပြင် အွန်လိုင်းပေါ်တွင် ပြောဆိုရေးသားသူများကို ဖမ်းဆီးခဲ့သော ကြောင့် နှစ်နှစ်အတွင်း ဖမ်းဆီးခံရသူအရေအတွက်(၁၅၀၀)နီးပါး ရှိခဲ့သည်။ 

စစ်ရေးနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေရာဒေသအပေါ်မူတည်၍ အင်တာနက်ဖြတ်တောက်သည့်လုပ်ဆောင် ချက်ကို စစ်ကောင်စီက ဆက်တိုက်လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ အာဏာသိမ်းကာလအတွင်း နေရာဒေသအလိုက် အင်တာနက်ဖြတ်တောက်မှုအကြိမ်အရေအတွက်မှာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနည်းဆုံး(၂၆၀)ကျော်ရှိနေ သည်ကို မှတ်တမ်းတင်ရေတွက်ထားနိုင်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးတစ်ခုထဲတွင်ပင် အင်တာနက်ပြတ်တောက်မှုအကြိမ်ရေ အနည်းဆုံး(၈၀)ကျော်ရှိသည်ကို တွေ့ရသည်။ 

ထိုကဲ့သို့ စစ်ကောင်စီ၏တိုက်ရိုက်ညွှန်ကြားမှုများကြောင့်ဖြစ်ပေါ်သည့် အင်တာနက်ပြတ်တောက်မှုများအပြင် ပဋိပက္ခဖြစ်ပွားရာနေရာဒေသများတွင် အခြေခံအဆောက်အအုံပျက်စီးယိုယွင်းမှုကြောင့် ဖြစ်ပေါ်လာသည့် အင်တာနက်ပြတ်တောက်မှုများကိုပါ ဒေသခံများအနေဖြင့် ရင်ဆိုင်နေရသည်။ အခြေခံအဆောင်အအုံ ယိုယွင်းပျက်စီးမှုကြောင့်ဖြစ်ပေါ်သည့် အင်တာနက်ပြတ်တောက်မှုများတွင် တာဝါတိုင်နှင့်ဆက်စပ်ပစ္စည်းများပျက်စီးမှုကြောင့်ဖြစ်ပေါ်သည့် အင်တာနက်ပြတ်တောက်မှုများ၊ ဖိုက်ဘာဆက်ကြောင်းများ ထိခိုက်ပျက်စီးမှုများအား အချိန်မီပြင်ဆင်နိုင်ခြင်း မရှိသည့်အတွက် ဖြစ်ပေါ်လာသည့် အင်တာနက်ပြတ်တောက်မှုများ၊ လျှပ်စစ်မီး ပြတ်တောက်မှုများ (သို့) လျှပ်စစ်မီး မရရှိသည့်ဒေသများတွင် တာဝါတိုင်များ လည်ပတ်နိုင်ရေးအတွက် မီးစက်များအား သွားရောက်ဆီမဖြည့်နိုင်မှုကြောင့် ဖြစ်ပေါ်လာသည့် အင်တာနက်ပြတ်တောက်မှုများကို ဒေ သခံများအနေဖြင့် အဓိကအားဖြင့် ကြုံတွေ့လာရသည်။ 


တွေ့ရှိခဲ့ရသော အင်တာနက်ပြတ်တောက်မှုပုံစံများ 

အာဏာသိမ်းကာလာနောက်ပိုင်း အင်တာနက်ဖြတ်တောက်မှုများပြုလုပ်ရာတွင် ပုံစံအမျိုးမျိုးသောအင်တာနက်ဖြတ်တောက်မှုများကို သုံးစွဲလုပ်ဆောင်ခဲ့သည်ကိုတွေ့ရသည်။ အဓိကအားဖြင့်တွေ့ရသည့် အမျိုးအစားများမှာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်ဖြတ်တောက်မှု၊ သတ်မှတ်ဝက်ဘ်ဆိုက်နှင့် ဝန်ဆောင်မှုများအား ပိတ်ပင်သည့် ဝန်ဆောင်မှုအခြေပြု အင်တာနက်ဖြတ်တောက်မှု၊ နေရာဒေသအလိုက် အင်တာနက်ဖြတ်တောက်မှုနှင့် အခြေခံအဆောက်အအုံ ယို့ယွင်းမှုကြောင့်ဖြတ်ပေါ်လာသည့် အင်တာနက်ဖြတ်တောက်မှုတို့ ဖြစ်သည်။

ထို့အပြင် လူထု၏အင်တာနက်ပေါ်မှာ ပြောဆိုလှုပ်ရှားမှုများကို စောင့်ကြည့်အရေးယူမှုများကိုလည်း သိသိသာသာ လုပ်ဆောင်ခဲ့သည်။ ထိုကဲ့သို့ စောင့်ကြည့်အရေးယူမှုများအား တရားဝင်ဖြစ်စေရန်အတွက် ဆက်သွယ်ရေးဥပဒေကဲ့သို့သောဥပဒေများကိုလည်း စိတ်တိုင်းကျပြင်ဆင်အသုံးပြုခဲ့သည်ကို တွေ့ရသည်။

Comments


bottom of page