၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှဧပြီလအတွင်း ကြုံ တွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ
- Myanmar Internet Project
- 6 days ago
- 6 min read
စစ်အာဏာရှင်လက်အောက် ဖိနှိပ်မှုအမျိုးမျိုးအကြား ရှင်သန်ရင်း၊ တွန်းလှန်ရင်း၊ ရုန်းကန်ရင်းဖြင့် (၄)နှစ်နှင့်(၃)လတိတိ ကာလဖြတ်သန်းခဲ့ကြပြီးဖြစ်သည်။ ကိုဗစ်ကပ်ရောဂါဆိုးကြီးမှ မလွတ်မြောက်သေးခင်ကာလအတွင်း အာဏာသိမ်းခံခဲ့ရ သည်။ ထို့ကြောင့် ဒုက္ခနှစ်ထပ်ကွမ်းတိုင်းပြည်အဖြစ် မြန်မာနိုင်ငံကို ကမ္ဘာ့အလယ်တွင် ပြောစမှတ်ပြုနေကြသည်။
ကိုဗစ်ကပ်ရောဂါနှိပ်စက်မှုနှင့်အာဏာရှင်ဖိနှိပ်မှုအကြား မွန်းကျပ်မှုများစွာဖြင့် အများပြည်သူသည် အသက်ရှုရပ်မတက် ကြံ့ ကြံ့ခံခဲ့ရသည်။ ယုံကြည်ချက်ပြင်းထန်သော လူငယ်အင်အားစု၏တော်လှန်စိတ်နှင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတို့ ၏ပူးပေါင်းမှုများဖြင့် ထိုမွန်းကျပ်မှုများအား အင်အားအဖြစ် ပြောင်းလဲနိုင်ခဲ့သည်ကိုလည်း များစွာသောလွတ်မြောက်နယ်မြေများက သက်သေပြနေသည်။
ထိုသို့ရုန်းကန်နေရဆဲ အများပြည်သူ့အပေါ် သဘာဝတရားကြီးက ဒုတိယအကြိမ်ထိုးနှက်ခဲ့ပြန်သည်။ ၂၀၂၅ ခုနှစ် မတ်လ (၂၈)ရက်က လှုပ်ခတ်ခဲ့သော အင်အားပြင်းထန်သည့်စစ်ကိုင်းငလျင်သည် မန္တလေး၊ စစ်ကိုင်း၊ အင်းဝနှင့်ပျော်ဘွယ်စသည့် မြို့များအတွင်းရှိ လူပေါင်းများစွာ၏အသက်၊ အိုးအိမ်နှင့်စည်းစိမ်များကို ဖျက်ဆီးခဲ့သည်။
ထိုသို့သဘာဝဘေးဆိုးကြီးနှင့်ကြုံတွေရစဉ်ကာလအတွင်း၌ အာဏာသိမ်းစစ်ကောင်စီသည် အများပြည်သူအပေါ်သို့ ဖိနှိပ်မှု များကို ပျက်ကွက်ခြင်းအလျင်းမရှိ ဆောင်ရွက်ခဲ့သည်။ သဘာဝဘေးအန္တရာယ်ကြောင့် အသက်ဘေးနှင့်ရင်ဆိုင်နေရစဉ် ကာ လအတွင်း ဆက်သွယ်ရေးစနစ်သည် အသက်တမျှအရေးကြီးနေသော်လည်း ယင်းတို့ အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ထားသောဒေသများကို စစ်ကောင်စီက မသိကျိုးကျွန်ပြုထားသည်။ တစ်တိုင်ငံလုံးအတိုင်းအတာဖြင့် လူမှုကွန်ရက်မီဒီယာသုံး စွဲခွင့် ပိတ်ပင်ထားခြင်းကြောင့် ဗီပီအဲန်(VPN)များအသုံးပြု၍ သုံးစွဲနေရသည်။ ယင်းအခြေအနေများသည် ဆက်သွယ်ရေးနှေးကွေးစေမှုကိုလည်း ဖြစ်ပေါ်စေသည်။
ငလျင်ဒဏ်ကြောင့် ဆက်သွယ်ရေးစခန်းများထိခိုက်ခဲ့ပြီး အင်တာနက်ကွန်ရက် နှေးကွေးသွားသည့်အချိန်တွင်ပင် ကယ်ဆယ် ရေးအတွက်အရေးပါသောဒေသတွင်း သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီရရှိရန် လူမှုကွန်ရက်များဖွင့်ပေး ခြင်းမရှိခဲ့သည်ကိုလည်း ယခုကာလအတွင်း၌ တွေ့ရသည်။
ယခုအစီအရင်ခံစာတွင် ငလျင်ဘေးသင့်ဒေသများ၏ဆက်သွယ်ရေးပြတ်တောက်မှု အခက်အခဲများအပါအဝင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှဧပြီလအတွင်းဖြစ်ပွားခဲ့သော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့်ပတ်သက်သည့်တွေ့ရှိချက်များကိုပါ စုစည်း ဖော်ပြသွားပါမည်။
(၁) ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှ ထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ကက) မြဝတီ-ကျားဖြန့်-အင်တာနက်အပြတ်နှင့်အများပြည်သူ့အခက်
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းပြဿနာများကြောင့် မြန်မာနိုင်ငံ၏နယ်စပ်မြို့ဖြစ်သော မြဝတီ မြို့နှင့်ဘုရားသုံးဆူမြို့တို့သည် ထိုင်းနိုင်ငံ၏လျှပ်စစ်မီးနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခြင်းခံရသည်။ အွန်လိုင်းငွေ လိမ်ဂိုဏ်းများနှိမ်နင်းနိုင်ရေးအတွက် တရုတ်နိုင်ငံအစိုးရ၏ဖိအားပေးမှုတစ်ခုအဖြစ် ထိုင်းနိုင်ငံအစိုးရအား မြဝတီဘက်ကို လျှပ်စစ်ဓာတ်အား၊ အင်တာနက်နှင့်လောင်စာဆီများ ဆက်လက်ဖြတ်တောက်ထားရန် တိုက်တွန်းခဲ့ကြောင်း တွေ့ရသည်။ ထိုင်းနိုင်ငံအစိုးရက လျှပ်စစ်မီးနှင့်အင်တာနက်လိုင်းများသာမက ထိုင်းဆင်းကဒ်(Thai Sim Card)အသုံးပြုမှုများကိုပါ တိုး မြှင့်ဖြတ်တောက်ခဲ့သည်။ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့်ဘုရားသုံးဆူမြို့တို့တွင်သုံးစွဲနေသော ထိုင်းနိုင်ငံထုတ်အေအိုင်အက်စ် ဆင်းကဒ်(AIS Sim Card)များပါ ဖေဖော်ဝါရီလ(၂၁)ရက်မှစတင်၍ ပိတ်သွားခဲ့သည်။
အွန်လိုင်းငွေလိမ်လုပ်ငန်းများ၏ဗဟိုချက်အဖြစ် မြဝတီဒေသသည် ၂၀၁၀ ပြည့်နှစ်နှောင်းပိုင်းတွင် အစပြုခဲ့သော်လည်း မြန် မာစစ်တပ်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက် တရားမဝင်အာဏာသိမ်း ကြိုးပမ်းမှုနောက်ပိုင်းတွင် အရှိန်အဟုန်ဖြင့် ပြောင်းလဲလာခဲ့သည်ဟု ‘Justice for Myanamr’အဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။ စစ်ကောင်စီနှင့်ကရင်တော်လှန် ရေးအင်အားစုများ၏ပဋိပက္ခများကြောင့် ယမန်နှစ် ဧပြီလအတွင်းက မြန်မာဖုန်းလိုင်းများအားလုံးနှင့်အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့ပြီး ထိုင်းနိုင်ငံထုတ်ဆင်းကဒ်(Sim Card)များကိုသာ အဓိကအသုံးပြုနေရသောဒေသလည်း ဖြစ်သည်။ ထို သို့အွန်လိုင်းငွေလိမ်ဂိုဏ်များအား ဖိအားပေးနိုင်ရန် ထိုင်းနိုင်ငံ၏လျှပ်စစ်မီးနှင့်ဖုန်းလိုင်းဖြတ်တောက်မှုသည် ဒေသခံအများ ပြည်သူများစွာအတွက်ပါ ထိခိုက်နစ်နာစေခဲ့သည်။
(ခခ)အင်တာနက်ပြတ်တောက်မှု နာတာရှည်ခြင်းနှင့်ဒေသခံအများပြည်သူ၏ဒုက္ခဝေဒနာများ
အာဏာသိမ်းပြီးနောက် စစ်ကောင်စီသည် အင်တာနက်ဆက်သွယ်ရေးကို ပုံစံမျိုးစုံဖြင့် ကန့်သတ်ဖြတ်တောက်မှုများပြုလုပ်ခဲ့သည်။ လူမှုကွန်ရက်မီဒီယာအား ကာလရှည်ကန့်သတ်ထားသည်။ တိုက်ပွဲဖြစ်ပွားရာဒေသများတွင် အင်တာနက်နှင့်ဖုန်းလိုင်းများကို ဖြတ်တောက်ထားသည်။ စစ်ကောင်စီ၏အင်တာနက်ဖြတ်တောက်မှုများ ကြာမြင့်လာခြင်းသည် နာတာရှည်ရောဂါကဲ့ သို့ဖြစ်လာပြီး ယင်းကြောင့်ဖြစ်ပေါ်လာသော ဒေသခံများ၏လူမှုဒုက္ခအခက်အခဲ ဝေဒနာအဖြာဖြာများသည်လည်း ကြီးမားလာသည်။
အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတပ်များအကြား ပဋိပက္ခဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ရခိုင်ဒေသအား အင် တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သည်မှာ (၁)နှစ်ကျော်ကြာမြင့်လာခဲ့သည်။ ယင်းဆက်သွယ်ရေးလိုင်းများ ပြတ် တောက်မှုကြောင့် ရခိုင်ဒေသအခြေစိုက် လူသားချင်းစာနာမှုအကူညီပေးနေသော အရပ်ဖက်အဖွဲ့အစည်းများ၏ဒေသတွင်း ကူညီဆောင်ရွက်ရေးလုပ်ငန်းများ ထိခိုက်ခဲ့ရသည်။
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာလည်း အင်တာနက်ဖြတ်တောက်ခံထားရသည်မှာ (၁)နှစ်ကျော်ခန့်ရှိလာသော မြို့နယ် တစ်ခုဖြစ်သည်။ ယင်းဒေသရှိ ကျောင်းသားများသည် အွန်လိုင်းမှပညာသင်ကြားနိုင်ရေးအတွက် စတားလင့်ခ့်(Starlink) အင်တာနက်အသုံးပြုခမှာ တစ်လလျင် ၁၅၀,၀၀၀(ကျပ်တစ်သိန်းငါးသောင်း)ခန့်အထိ ကျသင့်နေ၍ အွန်လိုင်းမှတစ်ဆင့် ပညာဆက်လက်သင်ကြားနိုင်ရေးအတွက်ပါ စိန်ခေါ်မှုများဖြစ်လာသည်။
၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ အထက်ပိုင်းရှိမြို့နယ်အများစုနှင့် မြင်းမူ၊ ဆားလင်းကြီး၊ အရာတော်၊ ယင်းမာပင်၊ မင်းကင်းနှင့်ဒီပဲယင်း အစရှိသည့်မြို့နယ်များတွင် အင်တာနက်လိုင်းများ ပြတ်တောက်နေခဲ့သည်မှာ (၃)နှစ်ခွဲကာ လသို့ ရောက်ရှိလာခဲ့ပြီဟု “အသံ”အဖွဲ့မှ ထုတ်ဖော်ပြောဆိုထားသည်။
(ဂဂ) ဆက်သွယ်ရေးဖြတ်တောက်ခြင်း တိုးမြှင့်လုပ်ဆောင်လာမှုများ
စစ်ကောင်စီသည် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်မှုများအား ဆက်လက်တိုးမြှင့်လုပ် ဆောင်နေသည်ကို တွေ့ရသည်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့၌ တိုက်ပွဲများပြင်းထန်ချိန်တွင် ဖုန်းနှင့်အင်တာနက်လိုင်း ဖြတ်တောက်ထားသောအခြေအနေ ကြောင့် စစ်ရှောင်ချိန်အတွင်း တစ်ဦးနှင့်တစ်ဦးဆက်သွယ်ရန်ပင် ခက်ခဲနေသည်။ ထို့အပြင် စစ်ရှောင်နေရသည့်အခြေအနေ ကြောင့် ကလေးများ၏ပညာဆက်လက်သင်ကြားရေးအခက်အခဲရှိနေသည်ဟု ယင်းသတင်းကပင် ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နမ့်တောမြို့မှာ အမ်ပီတီ(MPT)ဖုန်းလိုင်းများ ထပ်မံပြတ်တောက်ပြီး အွန်လိုင်းမှငွေထုတ်ယူရန် ပိုမိုခက်ခဲလာသည်ဟု ရှမ်းနီအသံ(The Voice of Shan Ni)သတင်းဌာနက ဖော်ပြခဲ့သည်။ စစ် ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသတွင်လည်း တိုက်ပွဲများဖြစ်ပွားလာပြီးနောက် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ခံရမှုများ ရှိလာသည်။
တိုက်ပွဲဖြစ်ပွားနေသော တနင်္သာရီမြို့နယ်၊ ထုံမခါကျေးရွာနှင့်သဘောလိပ်ရွာတစ်ဝိုက်တွင် ဖုန်းလိုင်းများ ပြတ်တောက်နေ သည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်ရှိ ကမ်းခြေရွာများတွင် ဖုန်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေသည်မှာ (၂)လခန့်ရှိလာပြီဟု တနင်္သာရီတိုင်းသတင်းဌာနက ဖော်ပြခဲ့သည်။
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ တိုက်ပွဲဖြစ်ရာနေရာတစ်ဝိုက်မှာ အင်တာနက်လိုင်းဖြတ်တောက်ခံထားရပြီး ပေါက်ခေါင်းမြို့ အဝင်အထွက်ကိုလည်း စစ်ကောင်စီတပ်က ကန့်သတ်ထားသည်ဟု လွတ်လပ်သောအာရှအသံမြန်မာပိုင်း(RFA) သတင်းဌာနက ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကချင်ပြည်နယ် ဗန်းမော်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ် နမ့်တောမြို့ နှင့်စစ်ကိုင်းမြို့နယ်အတွင်းရှိ မင်းကွန်းဒေသ၊ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ် ခရိုင် လောင်းလုံးမြို့နယ်နှင့်တနင်္သာရီမြို့နယ်အတွင်းရှိ ထုံမခါကျေးရွာနှင့်သဘောလိပ်ရွာ စသည့် မြို့နယ်(၆)နယ်အတွင်းရှိ ဒေသ( ၇ )ခုတွင် ဆက်သွယ်ရေးဖြတ်တောက်ခံရမှုများ ကြုံတွေ့ခဲ့ရသည်။
Access Now ၏ ဖေဖော်ဝါရီလအတွင်းထုတ်ပြန်ခဲ့သော အစီအရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် အင်တာနက်ပိတ်ဆို့မှုပေါင်း(၈၅)ကြိမ်ဖြင့် ကမ္ဘာပေါ်တွင် အင်တာနက်အကြိမ်အများဆုံး ပိတ်ဆို့ခဲ့သည့်နိုင်ငံတစ်ခုအဖြစ် ဖော်ပြခြင်း ခံခဲ့ရသည်။
(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
စစ်ကောင်စီသည် ဆက်သွယ်ရေးဖြတ်တောက်မှုများလုပ်ဆောင်ရုံသာမက အွန်လိုင်းပေါ်မှပြောဆိုရေးသားမှုများကိုလည်း စောင့်ကြည့်အရေးယူမှုများပြုလုပ်နေသည်။ ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာ ဗုံးကြဲခံရမှုဖြစ်စဉ်အား လူမှုကွန်ရက်မီဒီယာ၌ ဝေဖန်သူရခိုင်အမျိုးသမီးတစ်ဦးအား ရန်ကုန်မြို့၌ ဖမ်းဆီးမှုအပါအဝင် ယခုလအတွင်း လူမှုကွန်ရက် မီဒီယာပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး(၂၁)ဦးခန့်ရှိသည်။
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
အင်တာနက်ဖြတ်တောက်ခြင်းနှင့်အွန်လိုင်းပေါ်မှဝေဖန်ပြောဆိုမှုများအား ဖမ်းဆီးအရေးယူခြင်းများပြုလုပ်ရုံသာမက အများပြည်သူအား ပုံစံမျိုးစုံဖြင့် စောင့်ကြည့်ထိန်းချုပ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
ယခုလအတွင်း စစ်ကောင်စီ၏စောင့်ကြည့်မှုတွင် အများပြည်သူသာမက ယင်း၏လက်အောက်ခံဝန်ထမ်းများကိုပါ သံသယဖြင့်စောင့်ကြည့်သောဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့သည်။ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတချို့ကို မသင်္ကာ၍ စစ်ကောင်စီက ခေါ်ယူစစ်ဆေးရာတွင် ဖုန်းဆက်သွယ်မှုများနှင့် ငွေလွှဲငွေထုတ်မှတ်တမ်းများကိုပါ စစ်ဆေးခဲ့သည်။
စစ်ကောင်စီ၏ဗဟိုဘဏ်က ငွေကြေးပေးချေမှုအားလုံးတွင်အသုံးပြုရန် Myanmar QR (MMQR)စနစ်အားတည်ထောင် ပြီး ငွေကြေးပေးချေမှုများအား ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖြင့် ထိန်းချုပ်ရန်ပြင်ဆင်နေသည်ကို တွေ့ရသည်။
စစ်ကောင်စီက ဉာဏ်ရည်တု(AI)နည်းပညာကိုအသုံးပြုရာတွင်လိုက်နာရမည့်ကျင့်ဝတ်၊ စံနှုန်းများနှင့်စည်းမျဉ်းစည်းကမ်း များပါဝင်သော ဉာဏ်ရည်တုမဟာဗျူဟာမူကြမ်းရေးဆွဲနေသည်ဟု ယခုလအတွင်း ထုတ်ပြန်ခဲ့သည်။ ယင်းမူကြမ်းတွင် မည်သည့်ထိန်းချုပ်မှုများပါဝင်လာမည်ကို မသိနိုင်သေးသော်လည်း စစ်ကောင်စီလက်အောက်တွင် ရေးဆွဲခဲ့သောနည်းပညာရပ် ဝန်းဆိုင်ရာဥပဒေအားလုံးသည် သုံးစွဲသူများအား တင်းကြပ်စွာ ထိန်းချုပ်နိုင်ရန် ပြင်ဆင်ရေးဆွဲခဲ့သည် ချည်းသာဖြစ်သည်။
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
စစ်ကောင်စီသည် အာဏာသိမ်းပြီးနောက် သတင်းမီဒီယာများအားပိတ်သိမ်းခြင်း၊ သတင်းထောက်များအား ထောင်ချခြင်းအ ပါအဝင် ပုံစံမျိုးစုံဖြင့် သတင်းမီဒီယာများအား ဖိနှိပ်ခဲ့သည်။ ထိုကဲ့သို့ ဖိနှိပ်နိုင်ရန်လုပ်ဆောင်သော လုပ်ဆောင်ချက်များတွင် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်နိုင်ရေးအတွက်ဥပဒေများအား ပြင်ဆင်ပြဋ္ဌာန်းခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ(၁)ရက်က စစ်ကောင်စီအတည်ပြုခဲ့သော ဆိုက်ဘာလုံခြုံရေးဥပဒေသည် သတင်းလွတ်လပ်ခွင့်အား ထိပါးနေသည်ဟု လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)က ဖေဖော်ဝါရီလ(၁)ရက်တွင် ထုတ်ပြန်ခဲ့သည်။ “ဆိုက်ဘာလုံခြုံရေးဥပဒေဟာ သတင်းအချက်အလက်တွေ၊ သတင်းဓာတ်ပုံတွေ၊ ရုပ်သံတွေ ရိုက်ကူးနေတဲ့ သတင်းသမား တွေ၊ သတင်းမီဒီယာတွေကိုတင် ထိခိုက်သွားတာမဟုတ်ဘဲ ဒစ်ဂျစ်တယ်ပလက်ဖောင်းကနေ သတင်းရရှိနေတဲ့အများပြည် သူအတွက် သတင်းအမှောင်ချလိုက်တဲ့ဥပဒေတစ်ခု ဖြစ်နေတယ်။ ဒါကလည်း တစ်နိုင်ငံလုံးသတင်းရရှိဖို့ကို ရိုက်ချိုးပစ် လိုက်တဲ့လုပ်ရပ်တစ်ခုလို့ ပြောရမယ်”ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)ဥက္ကဋ္ဌ နန်းဖော့ဂေက ပြောဆိုခဲ့သည်။
ရန်ကုန်မြို့ အင်းစိန်ထောင်အတွင်းမှ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖွင့်ချခဲ့သော မြန်မာနောင်း(Myanmar Now)သ တင်းထောက်အပါအဝင် နိုင်ငံရေးအကျဉ်းသား(၃)ဦးသည် ထောင်တွင်းညှဉ်းပန်းနှိပ်စက်မှုများနှင့်ရင်ဆိုင်နေကြရသည်ဟု မြန်မာနောင်း(Myanmar Now)သတင်းဌာနက ထုတ်ဖော်ရေးသားခဲ့သည်ကိုလည်း တွေ့ရသည်။
(၂) ၂၀၂၅ ခုနှစ် မတ်လအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
၂၀၂၅ ခုနှစ် မတ်လအတွင်းတွင်လည်း စစ်ကောင်စီ၏ဖုန်းနှင့်အင်တာနက်လိုင်းဖြတ်တောက်မှုများကို ဆက်လက်တွေ့ရှိရ သည်။ စစ်ရေးလှုပ်ရှားမှုများမပြုလုပ်ခင် ဆက်သွယ်ရေးလိုင်းဖြတ်တောက်မှုများပြုလုပ်သည်ကိုလည်း တွေ့ရှိရသည်။ စစ် ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များနှင့်စစ်ဘောင်ကျယ်လာသည့်အလျောက် ယင်းဒေသများကို အင်တာနက်နှင့်ဖုန်းလိုင်း တိုးမြှင့်ဖြတ်တောက်မှုများ ဆက်လက်ပြုလုပ်လာသည်။
အာရက္ခတပ်တော်(AA)နှင့်တိုက်ပွဲများသည် ရခိုင်ပြည်နယ်နိမိတ်ကိုကျော်လွန်ပြီး ရခိုင်နှင့်ဧရာဝတီထိစပ်ဒေသများသို့ ရောက်ရှိလာသည်။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်အထိ အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတပ်များအ ကြားတိုက်ပွဲများ ရောက်ရှိလာပြီးနောက် ယင်းဒေသတွင် ဖုန်းလိုင်းများဖြတ်တောက်ခံခဲ့ရသည်။
မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်တွင် ဖုန်းနှင့်အင်တာနက်လိုင်းများအား စစ်ကောင်စီက ဖြတ်တောက်ထားခဲ့သည်။ ခေတ်သစ်သတင်းဌာန၏ဖော်ပြချက်အရ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတစ်ဝိုက်တွင် မတ်လ အစပိုင်းတွင် စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်မှုများရှိခဲ့သည်။
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့တွင် ဖုန်းနှင့်အင်တာနက်လိုင်းများဖြတ်တောက်ပြီး စစ်ကောင်စီက စစ်ရေးပြင်ဆင်နေသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။ ချင်းပြည်နယ်တွင် မြို့နယ်(၉)ခုရှိသည့်အနက် ကျန်(၈)မြို့နယ်သည် ယခင်ကတည်းက ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ခံထားရသည်။ ချင်းပြည်နယ်တွင်သာမက မကွေးတိုင်းဒေသကြီး ယောဒေသအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထုနှင့်ဆောမြို့နယ်တို့တွင် ဖုန်းလိုင်းများဖြတ်တောက်ထားပြီး စစ်ရေးလှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်နေသည်။
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့အနောက်ဘက်ကမ်း၊ ပြည်-ကံမလမ်းပိုင်းရှိ တည်ပင်ကျိုးဂိတ်၌ စစ်ကောင်စီက စားသောက်ကုန်သယ်ယူခွင့်ပိတ်ထားပြီး ဖုန်းလိုင်းနှေးခြင်းနှင့်လိုင်းပြတ်ခြင်းများလည်း ဖြစ်ပေါ်နေသည်။ ထိုသို့ပိတ်ပင်မှုတွင် ကုန်စည်ပို့ ဆောင်သောကားများကိုသာမက အမ်ပီတီ(MPT)တာဝါတိုင်ဆီဖြည့်ရန်လာသော ကားများကိုပင် ဖြတ်သန်းခွင့်မပြုဟုသ တင်းက ဆက်လက်ဖော်ပြထားသည်။
မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းရှိ ကျေးရွာအများစု၌ နေ့ခင်းပိုင်းသာဖုန်းလိုင်းရရှိပြီး ညပိုင်းတွင် ဖုန်းလိုင်းအားလုံး ဖြတ်တောက်ခံနေရသည်။ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ ချောင်းညီကိုရွာနှင့်ရမ်းဖိုရွာဘက်တွင် စစ် ဆေးမှုများတိုးမြှင့်ပြီး အက်တမ်(Atom)ဖုန်းလိုင်းများ ဖြတ်တောက်ခံထားရသည်။ အဆိုပါစစ်ဆေးမှုမှာ တနင်္သာတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ မင်းသန်း-မောင်းလှော်တံတားဖွင့်ပွဲနီးလာသဖြင့် လုံခြုံရေးတိုးမြှင့်ခြင်းဟုဒေသခံများက ယူဆသည်။
၂၀၂၅ ခုနှစ် မတ်လ၌ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လေးမျက်နှာမြို့နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ရေစကြိုမြို့ နယ်၊ ချင်းပြည်နယ်ရှိ ဟားခါးမြို့နယ်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောမြို့နယ်၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပြည်မြို့နယ်၊ မွန်ပြည်နယ်အတွင်းရှိ ရေးမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တနင်္သာရီမြို့ နယ် စသည့် မြို့နယ်(၁၀)ခုတွင် ဆက်သွယ်ရေးဖြတ်တောက်ခံရမှုများ ကြုံတွေ့ခဲ့ရသည်။
ဆက်သွယ်ရေးဖြတ်တောက်မှုများကို စစ်ကောင်စီက ဆက်တိုက်ပြုလုပ်နေသလို တော်လှန်ရေးအင်အားစုများဘက်မှ လည်း လေကြောင်းတိုက်ခိုက်မှုများအတွက် သတင်းပေးမှုများရှိနေသည်ဟုဆိုကာ ဒေသတွင်းအင်တာနက်အသုံးပြုမှုကန့်သတ်ချက်များ ပြုလုပ်လေ့ရှိလာသည်ကိုလည်း ယခုနောက်ပိုင်းတွင် တွေ့လာရသည်။
လေကြောင်းသတင်းပေးမှုများကို စိစစ်ကြပ်မတ်နိုင်ရေးအတွက်ဟုဆိုကာ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်းရှိ စ တားလင့်အင်တာနက်ဆိုင်များယာယီပိတ်ရန် မတ်လ(၃)ရက်နေ့စွဲဖြင့် မြိုင်ပကဖက ထုတ်ပြန်ညွန်ကြားခဲ့သည်ဟု MPA သ တင်းဌာနတွင် ရေးသားဖော်ပြခဲ့သည်။
(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
စစ်ကောင်စီသည် အာဏာသိမ်းကာလတစ်လျှောက်တွင် ယင်းတို့အား ဝေဖန်သူမည်သူ့ကိုမဆို အရေးယူဖမ်းဆီးမှုများပြု လုပ်ခဲ့သည်ကို တွေ့ရသည်။ စစ်တပ်ထောက်ခံသူအဖြစ်လူသိများသော ငါးမင်းဆွေအား အာဏာသိမ်းခေါင်းဆောင်မင်း အောင်လှိုင်ကိုဝေဖန်သဖြင့် ထောင်ဒဏ်(၃)နှစ် ချမှတ်ခဲ့သည်။
မတ်လ(၂၈)ရက် နေ့လယ်ပိုင်းက ပြင်းထန်သော ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် မြေငလျင်နောက်ဆက်တွဲကူညီကယ်ဆယ်ရေး ကိစ္စရပ်များနှင့်ပတ်သက်ပြီး စစ်ကောင်စီအား ဝေဖန်သူများကိုဖမ်းဆီးရန် စစ်ကောင်စီလော်ဘီချန်နယ်များက လှုံ့ဆော်နေ သည်ကိုလည်း တွေ့ရသည်။
ယခုလအတွင်း လူမှုကွန်ရက်မီဒီယာပေါ်တွင် ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူအနည်းဆုံး(၁၆)ဦးခန့်ရှိခဲ့သည်။ စစ်အာဏာသိမ်း(၄)နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်မီဒီယာပေါ်မှ ပြောဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ ၁,၈၈၄ ဦး ရှိသည်ဟု Data for Myanmar အဖွဲ့က ထုတ်ဖော်ပြောကြားထားသည်။
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏အများပြည်သူအပေါ် စောင့်ကြည့်မှုများတွင် ငွေကြေးလွှဲပြောင်းမှုများအပေါ် စောင့် ကြည့်မှုသည် အဓိကစောင့်ကြည့်မှုများထဲမှတစ်ခုဖြစ်သည်။ ပြီးခဲ့သည့်လက MMQR စနစ်ကို အကောင်အထည်ဖော်ပြီး အွန်လိုင်းငွေကြေးလွှဲပြောင်းမှုများကို ကျောရိုးတစ်နေရာထဲတွင် မှတ်တမ်းတင်ထားနိုင်ရန် ဆောင်ရွက်ထားသည်။
ယခုလတွင်လည်း အများပြည်သူ၏ဘဏ်အကောင့်များစွာကို ရှင်းလင်းသောအကြောင်းပြချက်မပေးပဲ မကြာခဏပိတ်ပင် လေ့ရှိသော ကမ္ဘောဇဘဏ်က KBZ Pay အကောင့်များကို ပြည်ပဖုန်းနံပါတ်များဖြင့် သုံးစွဲခွင့်မရှိတော့ဟု ထုတ်ပြန်လာ သည်။
စစ်ကောင်စီသည် ဖုန်းနံပါတ်မှတ်တမ်းတင်မှုများကို အာဏာသိမ်းကာလတစ်လျှောက် ဖိအားပေးလုပ်ဆောင်ခဲ့ပြီးဖြစ်ရာ ဘဏ်အကောင့်မှတ်ပုံတင်ခဲ့သောကိုယ်ရေးအချက်အလက်များနှင့် ဆင်းကဒ်(SIM Card)မှတ်ပုံတင်ခဲ့သောကိုယ်ရေးအ ချက်အလက်များကို တိုက်ဆိုင်စစ်ဆေးခြင်းအားဖြင့် အွန်လိုင်းငွေပေးချေမှု(Online Payment)အသုံးပြု၍ ငွေပေးငွေယူပြု လုပ်မှုများအား စစ်ကောင်စီက ပိုမိုလွယ်ကူစွာဖြင့် ခြေရာခံနိုင်သွားမည်ဟု ယူဆဖွယ်ရှိသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် နေရှင်နယ်ဒေတာဘေ့စ်(National Database)စနစ်မှအချက်အလက်များအပေါ် အ ခြေခံဖမ်းဆီးမှုများရှိလာဟု သံလွင်တိုင်းမ်သတင်းဌာနကရေးသားခဲ့သည်ကိုလည်း တွေ့ရှိရသည်။
(၃) ၂၀၂၅ ခုနှစ် ဧပြီလအတွင်းကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
(က) မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုအခြေအနေများ
၂၀၂၅ ခုနှစ် ဧပြီလအတွင်း ကြုံတွေ့ခဲ့ရသည့် မိုဘိုင်းဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုဖြစ်စဉ်များတွင် စစ်ကောင်စီ၏တိုက် ရိုက်လုပ်ဆောင်မှုကြောင့်ဖြစ်ပေါ်ခဲ့သည့် အင်တာနက်နှင့်ဖုန်းလိုင်းပြတ်တောက်မှုဖြစ်စဉ်များပြင် မတ်လ(၂၈)ရက်နေ့က စစ်ကိုင်းဒေသကြီးအတွင်း ဗဟိုပြုလှုပ်ခတ်ခဲ့သော အင်အားပြင်းစစ်ကိုင်းငလျင်ကြောင့်ဖြစ်ပေါ်ခဲ့သည့် ဆက်သွယ်ရေးပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
(ကက) စစ်ကောင်စီ၏တိုက်ရိုက်လုပ်ဆောင်မှုကြောင့်ဖြစ်ပေါ်ခဲ့သော အင်တာနက်နှင့်ဖုန်းလိုင်းပြတ်တောက်မှုဖြစ်စဉ်များ
ချင်းပြည်နယ် ဟားခါးမြို့ပေါ်တွင် လျှပ်စစ်မီးနှင့်ဖုန်းလိုင်းများပြတ်တောက်နေသည်ဟု BNI သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။ ချင်းပြည်နယ်သည် ယခင်ကတည်းက မြို့တော်ဟားခါးမှလွဲ၍ ပြည်နယ်တစ်ခုလုံး ဆက်သွယ်ရေးဖြတ်တောက်ခံ ထားရသည့်ပြည်နယ်လည်း ဖြစ်သည်။
ချင်းပြည်နယ်နှင့်ထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကလေးမြို့နယ်တွင်လည်း ဖုန်းလိုင်းများဖြတ်တောက်ခံ ထားရသည်။ ထိုသို့ ဖုန်းလိုင်းများဖြတ်တောက်ခံထားရချိန်တွင် လေယာဉ်လာရောက်မှုများ မကြာခဏကြုံရတတ်သည်ဟု ဒေ သခံများ၏ပြောဆိုချက်အားကိုးကား၍ သတင်းက ဖော်ပြထားသည်ကိုတွေ့ရသည်။ ဖုန်းလိုင်းဖြတ်တောက်ခံရသည့် ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်တော်လှန်ရေးတပ်များ တိုက်ပွဲပြင်းထန်နေသည်ကိုလည်းတွေ့ရသည်။ ဧပြီလ(၁၁)ရက်နေ့မှစ၍ ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က ဖုန်းလိုင်းနှင့်ဖိုင်ဘာအင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့ပြီး ဧပြီလ(၁၅) ရက်နေ့ညနေပိုင်းတွင် ဖိုင်ဘာအင်တာနက်လိုင်းများ ပြန်လည်ရရှိခဲ့သည်ဟု မဇ္ဈိမ(Mizzima)သတင်းဌာနက ဖော်ပြသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်တွင်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံထားရသည်။
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်မှုများရှိနေပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ကို တွေ့ရသည်။ ထို့အပြင် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်အရှေ့ဘက် ခြမ်းတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ဖုန်းလိုက်များလည်း ပြတ်တောက်နေသည်ဟု လူထု နွေဦးသတင်းမီဒီယာက ဖော်ပြသည်။
ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း လေကြောင်းတိုက်ခိုက်မှုများခံရပြီးနောက် ဖုန်းလိုင်းများပါ ပြတ်တောက်နေသည်။ သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း စစ်ကောင်စီ တပ်မှ စစ်ကြောင်းထိုးဝင်ရောက်စဉ် ဖုန်းလိုင်းများ ဖြတ်တောက်ခံရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စုတွင် တိုက်ပွဲများဖြစ်ပွားပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။ ထို့အပြင် တရုတ်နိုင်ငံအစိုးရအကူအညီဖြင့် စစ်ကောင်စီ ပြန်လည်ဝင်ရောက်ခဲ့သည့် လားရှိုးမြို့တွင်လည်း ဖုန်းလိုင်းဆက်သွယ်ရေးအခြေအနေမှာ ခက်ခဲနေဆဲဖြစ်သည်။
အထက်ပါအခြေအနေများကို ကြည့်ပါက စစ်ကောင်စီအနေဖြင့် အင်တာနက်လိုင်းသာမက ဖုန်းလိုင်းများကိုပါ သိသာစွာ တိုးမြှင့်ဖြတ်တောက်လာသည်ကို တွေ့ရသည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ချိန်နှင့်စစ်ရေးလှုပ်ရှားချိန်များတွင် ဖုန်းလိုင်းများကို ဖြတ်တောက်ထားသည်ကိုလည်း ထင်ရှားစွာတွေ့ရသည်။
(ခခ) ကိုယ်ထူကိုယ်ထ ရုန်းကန်နေရသော လူမှုဘဝထဲက ဆက်သွယ်ရေး
အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ခံထားရသည့် ဒေသအတွင်းရှိ အများပြည်သူသည် တစ်ဦးနှင့်တစ်ဦး အဆက်အသွယ် မပြတ်စေရေးနှင့်သတင်းအချက်အလက်ရရှိရေးတို့ကို မိမိအစီအစဉ်ဖြင့် ရုန်းကန်နေရသည်။
အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ခံထားရသည့် ဘုရားသုံးဆူမြို့တွင် ကိုယ်ထူကိုယ်ထ စတားလင့်ခ့်(Starlink)စက်များ တပ်ဆင်ပြီး အင်တာနက်အသုံးပြုနိုင်ရေးရုန်းကန်နေရသည်။ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ခံထားရသည့်အ တွက် ရခိုင်ပြည်နယ်လွတ်မြောက်နယ်မြေအချို့တွင် အရပ်သားများသည် စကားပြောစက်များအသုံးပြုလာသည်ကို တွေ့ရ သည်။
ဝယ်ယူရခက်ခဲ့သည့် စတားလင့်ခ့်(Starlink)အင်တာနက်စက်များကို မရအရ တပ်ဆင်အသုံးပြုခြင်းနှင့်အကန့်အသတ်ဖြင့် သာဆက်သွယ်နိုင်သည့် စကားပြောစက်များကို တပ်ဆင်အသုံးပြုခြင်း စသည့် အခြေအနေများသည် ဆက်သွယ်ရေးဖြတ် တောက်ခံဒေသရှိ လူထု၏အခက်အခဲနှင့်ရုန်းကန်နေရမှုအခြေအနေကို သိသာစွာမီးမောင်းထိုးပြနေသည်။
(ဂဂ) သဘာဝဘေးနှင့်ပိုမိုခက်ခဲခဲ့ရသော ဆက်သွယ်ရေးအခြေအနေများ
မြန်မာအင်တာနက်ပရောဂျက်(MIP)မှစုဆောင်းထားသည့် အချက်အလက်များအရ မတ်လ(၂၈)ရက်နေ့က စစ်ကိုင်းမြို့အနီး ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ယင်းနေ့တွင်ပင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ စစ်ကိုင်း၊ မြင်းခြံ၊ ကျိုက်ထို၊ ပြင်ဦးလွင်နှင့်တောင်ကြီး စသည့်မြို့နယ်များအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားတွင် ဖုန်းခေါ်ဆိုမှုအခက်အခဲများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။
စစ်ကောင်စီ၏ထုတ်ပြန်ချက်အရ ငလျင်ကြောင့် မိုဘိုင်းဆက်သွယ်ရေးစခန်းပေါင်း ၆,၇၃၀ ကျော် ပျက်စီးခဲ့ပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏အော်တိုအိတ်ချိန်း(၉၅)ခု ချွတ်ယွင်းပျက်စီးခဲ့သည်ဟု ဆိုသည်။
သဘာဝဘေးကာလအတွင်း ဆက်သွယ်ရေးလိုင်းများ ပြတ်တောက်သွားမှုသည် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများကို သိသာစွာထိခိုက်စေခဲ့သည်။ ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းအခက်အခဲများကြောင့် ငလျင်အပြီး အရေးပေါ်ကယ်ဆယ်ရေးအတွက် အကူအညီတောင်းခံရန်အတွက် အခက်အခဲများဖြစ်စေသည်ဟု ဧရာဝတီ တိုင်းမ်သတင်းဌာနက ဖော်ပြခဲ့သည်။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းနှင့်လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် စစ်ကိုင်းမြို့ ရှာ ဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်သလောက်ခရီးမပေါက်ဟု BNI သတင်းဌာနကလည်း ဖော်ပြခဲ့သည်။
ငလျင်လှုပ်ခတ်ပြီး တစ်ပတ်ခန့်ကြာသည်အထိ မန္တလေးမြို့၌ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေဆဲဖြစ်ပြီး ဝိုင်ဖိုင်(WIFI)လိုင်းအချို့သာ သုံးစွဲနိုင်ခဲ့သည်။ ပျက်စီးသွားသောမိုဘိုင်းဆက်သွယ်ရေးစခန်း(၈၀၀)ကျော်သာ ပြင်ဆင်ရန် ကျန်ရှိသည်ဟု စစ်ကောင်စီက ထုတ်ပြန်ခဲ့သော်လည်း ငလျင်လှုပ်ခတ်ပြီး ဆယ်ရက်ကျော်ကြာသည်အထိ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်များအပါအဝင် ငလျင်ဘေးသင့်ဒေသများတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေဆဲဖြစ်ကာ လျှပ်စစ်မီး၊ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ကောင်းစွာမရရှိ သေးဟု ဧရာဝတီသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။ ငလျင်လှုပ်ခတ်ပြီး (၂)ပတ်ကြာသည်အထိ စစ်ကိုင်းတွင် ဖုန်းလိုင်းနှင့်အင် တာနက်လိုင်းများ ကောင်းမွန်စွာ မရရှိသေးသည်ကိုလည်း တွေ့ရသည်။
အထက်ပါအခြေအနေများသည် သဘာဝဘေးကာလအတွင်း ထိခိုက်လွယ်သည့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံအဆောက် အအုံများ၏ပျက်စီးမှုဖြစ်စဉ်ကို မီးမောင်းထိုးပြနေသည်။ မြန်မာနိုင်ငံသည် ငလျင်ကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက် နိုင်ခြေရှိသောအန္တရာယ်ဇုံတွင် ရှိနေသည့်အတွက် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများသည် ယခုအားနည်းချက်များအား လေ့လာပြီး သဘာဝဘေးအန္တရာယ်ကို ပိုမိုခံနိုင်ရည်ရှိသော ဆက်သွယ်ရေးအခြေခံအဆောက်အုံဒီဇိုင်းများကို မွမ်းမံပြင် ဆင်ရန် လိုအပ်သည်။
ငလျင်သဘာဝဘေးအန္တရာယ်ကြောင့် အများပြည်သူသည် နေအိမ်များအပါအဝင် ပိုင်ဆိုင်မှုများပျက်စီးခဲ့ရပြီး အသက်ဘေး နှင့်ရင်ဆိုင်ကြုံတွေ့နေရချိန်တွင်ပင် ဆက်သွယ်ရေးအတွက် အကန့်အသတ်ဖြစ်စေသော လူမှုကွန်ရက်အားကန့်သတ်ထား သည့်ကန့်သတ်ချက်များကို မဖယ်ရှားခြင်း၊ အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ထားသော ဒေသများအားလည်း ဆက် သွယ်ရေးလိုင်းများ ပြန်လည်ဖွင့်လှစ်ပေးရန်လုပ်ဆောင်ခြင်းမရှိသည်တို့ကို တွေ့ရှိရသည်။ ငလျင်ဒဏ်ခံစားခဲ့ရသည့် မြန်မာ နှင့်ထိုင်းနိုင်ငံတို့အတွက် ဆက်သွယ်ရေးလိုအပ်ချက်နှင့်ကယ်ဆယ်ရေးလုပ်ငန်းများကို အထောက်အကူဖြစ်စေရန် စတား လင့်ခ့်(Starlink kits)များကို ပြင်ဆင်ထားကြောင်း စတားလင့်ခ့်(Starlink)က ယင်း၏ x(twitter)ပို့စ်တွင်ရေးသားဖော်ပြခဲ့ သော်လည်း အများပြည်သူအဆင်ပြေစေရေးအတွက် ခွင့်ပြုချက်ပေးရန် လုပ်ဆောင်ခဲ့ခြင်းမရှိသည်ကိုတွေ့ရသည်။ မြန်မာ နိုင်ငံ၌ အဆိုးဝါးဆုံးမြေငလျင်ဒဏ်ခံရချိန်တွင် ဆက်သွယ်ရေးလိုင်းများ ဆက်လက်ဖြတ်တောက်ထားခြင်းကို ပြန်ဖွင့်ပေးရန် မြန်မာနှင့်နိုင်ငံတကာရှိ အဖွဲ့ပေါင်း(၁၀၀)ကျော်မှ စုပေါင်းတောင်းဆိုခဲ့သော်လည်း အာဏာသိမ်းစစ်ကောင်စီက လျစ်လျူရှုခဲ့ သည်။
သဘာဝဘေးအန္တရာယ်များ အချိန်မရွေးရင်ဆိုင်နိုင်နေရချိန်ကာလများတွင် ဆက်သွယ်ရေးကောင်းမွန်မှုသည့်အရေးပေါ်တုံ့ ပြန်ရေးယန္တရားအတွက်အလွန် အရေးကြီးသည်။ မြစ်ကြီးနားတွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုအခြေအနေကို အင်တာနက်ဆက်သွယ်ရေးအခက်အခဲကြောင့် အချိန်နှင့်တစ်ပြေးညီ အသိမပေးနိုင်ဖြစ်နေသည်ဟု ဒီဗွီဘီ(DVB)သတင်းဌာနက ဖော်ပြထားသည်။
အင်တာနက်ဖြတ်တောက်ခံထားရသောဒေသများ၌ နေထိုင်ကြသောအများပြည်သူသည် သဘာဝဘေးအန္တရာယ်ကို တုံ့ပြန် ရင်ဆိုင်နိုင်ရေးမှာ အသက်အန္တရာယ်ထိုက်ခိုက်နိုင်သည်အထိပင် အကန့်အသတ်ရှိနေသည်။
(ခ) အွန်လိုင်းပေါ်မှထုတ်ဖော်ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ
ယခုလအတွင်း စစ်ကောင်စီအား အွန်လိုင်းမှပြောဆိုဝေဖန်မှုများကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ အမျိုးသား(၃)ဦး၊ စစ် ကိုင်းတိုင်းဒေသကြီးအတွင်းမှ အမျိုးသား(၁)ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ အမျိုးသမီး(၁)ဦး၊ မကွေးတိုင်းဒေသကြီး မှအမျိုးသမီး(၁)ဦး၊ ကရင်ပြည်နယ်မှ အမျိုးသမီး(၂)ဦး စုစုပေါင်း(၈)ဦး ဖမ်းဆီးခံခဲ့ရသည်။ လူမှုကွန်ရက်အလိုက် ဆန်းစစ် ကြည့်ပါက ဖေ့ဘွတ်ခ့်(Facebook)သုံးစွဲမှုမှတစ်ဆင့် ဖမ်းဆီးခံရသူ(၅)ဦးနှင့် တစ်တော့ခ့်(TikTok)မှတစ်ဆင့် ဖမ်းဆီးခံရသူ(၃)ဦးရှိခဲ့သည်။
(ဂ) အများပြည်သူအပေါ်စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ
အာဏာသိမ်းပြီးကတည်းကပင် အများပြည်သူအားစောင့်ကြည့်ရန် စစ်ကောင်စီက ပုံစံမျိုးစုံဖြင့် လုပ်ဆောင်ခဲ့သည်။ ဉာဏ် ရည်တု(AI)နည်းပညာအသုံးပြုမှုကျယ်ပြန့်လာသည့်နောက်တွင် ဉာဏ်ရည်တု(AI)နည်းပညာဖြင့် ဥပဒေအသိပညာပြန့်ပွား ရေးကြီးကြပ်မှုကော်မတီကို စစ်ကောင်စီက မတ်လ(၂၁)ရက်နေ့၌ ဖွဲ့စည်းထားကြောင်းသတင်းသည် ယခုလအတွင်း ထွက်
သည်။ အာဏာသိမ်းပြီးနောက် ဥပဒေများကို ပြင်ဆင်ခြင်း၊ ပြဋ္ဌာန်းခြင်း နည်းလမ်းများနှင့်အဆင့်မြင့်နည်းပညာများအ သုံးပြုသည့် နည်းလမ်းများပါအသုံးပြုပြီး အများပြည်သူကို နည်းလမ်းပေါင်းစုံဖြင့် တင်းကြပ်ရန် ကြံစည်ခဲ့သည်။ ယင်းဖြစ်ရပ်များကို အခြေခံကြည့်ပါက စစ်ကောင်စီဖွဲ့စည်းခဲ့သည့် ယခုကော်မတီသည် ရည်ရွယ်ချက်ကောင်းဖြင့် ဖွဲ့စည်းခြင်း မည်သို့မျှမဖြစ်နိုင်ရာ ယင်းကော်မတီမှတစ်ဆင့် အများပြည်သူအားမည်သို့ တိုးမြှင့်ဖိနှိပ်လာမည်ကို စောင့်ကြည့်ရန်လိုအပ်လာသည်။ Justice For Myanmarမှလည်း စောင့်ကြည့်ထောက်လှမ်းရေးအတွက် စစ်ကောင်စီအသုံးပြုသည့် MOBILedit Forensic Pro အားရောင်းချခဲ့သည့် ချက်ကုမ္ပဏီကို စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုမှုပြုလုပ်ခဲ့သည်ကို လည်းတွေ့ရသည်။
စစ်ကောင်စီအား ရောင်းချပေးထားသော MOBILedit Forensic Pro ဆော့ဝဲလ်
အများပြည်သူ၏သွားလာလှုပ်ရှားမှုများကို ခြေရာခံစောင့်ကြည့်နိုင်ရန်အတွက် အာဏာသိမ်းကာလနောက်ပိုင်းတွင်ဆင်းကဒ် (Sim Card)များကိုမှတ်ပုံတင်ရန် နည်းမျိုးစုံဖြင့် စစ်ကောင်စီက ဖိအားပေးလုပ်ဆောင်ခဲ့သော်လည်း ယခုလအတွင်း ပြည် တွင်းဖုန်းကဒ်သုံးစွဲသူများထံသို့ လောင်းကစားဂိမ်းလင့်များအား ပြည်တွင်းဖုန်းနံပါတ်များအသုံးပြုပြီး နေ့စဉ်ရက်ဆက် ပေးပို့သည့်ဖြစ်စဉ်များ ဖြစ်ပေါ်မှုကိုမှု ဟန့်တားရန် ပျက်ကွက်ခဲ့သည်။
(ဃ) သတင်းမီဒီယာလွတ်လပ်ခွင့်ဆိုင်ရာအခြေအနေများ
ပြီးခဲ့သည့်လ(၂၈)ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီးအားဗဟိုပြုပြီး အင်အား(၇.၇)မဂ္ဂနီကျူရှိ ပြင်းထန်သည့် ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် နိုင်ငံခြားသတင်းဌာနများမှ ပြည်တွင်းသို့ လာရောက်သတင်းယူရန်တင်ပြမှုများအား စစ်ကောင်စီက ငြင်းဆန်ခဲ့သည်။ တည်းခိုနေထိုင်စရာအဆင်မပြေမှုများကြောင့် လာရောက်ခွင့်မပြုခြင်းဟု စစ်ကောင်စီ၏ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားခဲ့သည်။ သဘာဝဘေးအန္တရာယ်ကိုပင် လွတ်လပ်စွာ လာရောက်သတင်းမယူနိုင်သည့် အခြေအနေသည် မြန်မာနိုင်ငံ၏သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေမည်မျှဆိုးဝါးနေသည်ကို မီးမောင်းထိုးပြနေသည်။ ယင်း အခြေ အနေကြောင့် ငလျင်ဘေးသင့်ဒေသများသို့ လွတ်လပ်စွာသတင်းရယူခွင့်ပေးရန် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ(IPCM)နှင့်အရပ်ဘက်အဖွဲ့အစည်းများက စုပေါင်းတောင်းဆိုခဲ့သော်လည်း ထူးခြားသည့် တုန့်ပြန်မှုအား မတွေ့ ရှိရပါ။ ယခုလအတွင်း မြေလတ်အသံ သတင်းထောက်ဖြစ်သူ ကိုသန်းထိုက်မြင့်ကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် ထောင်ဒဏ်(၅)နှစ်ချမှတ်ခဲ့သည်ကိုလည်းတွေ့ရသည်။ ငလျင်ကြောင့် ဆက်သွယ်ရေးလိုင်းများပြတ်တောက်စဉ် သ တင်းအချက်အလက်စီးဆင်းမှုအထောက်အကူပြုစေရန် ဘီဘီစီ(BBC)မြန်မာပိုင်းအစီအစဉ်က ညပိုင်းထုတ်လွှင့်မှုကို မိနစ် (၃၀)တိုးမြှင့် ထုတ်လွှင့်ခဲ့ပေးခဲ့သည်။ ထို့အပြင် ဒီဗီဘီ(DVB)သတင်းဌာနကလည်း ငလျင်ဘေးအထူးရေဒီယိုအစီအစဉ်ကို မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ထုတ်လွှင့်ပေးခဲ့သည်။
Recommended Citation Style - Myanmar Internet Project(2025, May 2)၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှဧပြီလအတွင်း ကြုံတွေ့ခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ, https://www.myanmarinternet.info/my/post/quarterly_feb_apr_2025
Commentaires