top of page
  • Myanmar Internet Project

အင်တာနက်ဖြတ်တောက်မှုနှင့် အင်တာနက်ဆက်သွယ်ရေး အခြေခံအဆောက်အုံများ ပျက်စီးမှုအခြေအနေအပေါ်လေ့လာချက်

Updated: 6 days ago

နိဒါန်း


၂၀၂၁ ခုနှစ် အာဏာသိမ်းကာလမှစတင်ပြီး မြန်မာနိုင်ငံသူနိုင်ငံသားများသည် အင်တာနက်ပြတ်တောက်မှုများကို ပုံစံမျိုးစုံဖြင့် ကြုံတွေ့ခဲ့ကြရသည်။ ထင်ရှားသောအင်တာနက်ဖြတ်တောက်ခံရသည့်ပုံစံများမှာ အာဏာသိမ်းစစ်ကောင်စီ၏ညွှန်ကြားချက်ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်ဖြတ်တောက်ခြင်း၊ ယင်းတို့ အင်တာနက်ဖြတ်တောက်စေလိုသည့်နေရာဒေ သများသို့ နေရာအကန့်အသတ်၊ အချိန်အကန့်အသတ်ဖြင့် ဖြတ်တောက်ခြင်း၊ အင်တာနက်မြန်နှုန်းအားလျှော့ချခြင်း၊ လူသုံးများသည့် လူမှုကွန်ရက်မီဒီယာ(Social Media)ဝန်ဆောင်မှုများ၊ သတင်းမီဒီယာများအသုံးပြုသည့်ဝက်ဘ်ဆိုဒ်(Web- site)များအပါအဝင် ယင်းတို့မနှစ်မြို့သည့် ဝက်ဆိုက်များအား တိုက်ရိုက်ဝင်ရောက်ခွင့်မရစေရန်လုပ်ဆောင်ခြင်း စသည်တို့ဖြစ်သည်။ 

ထိုကဲ့သို့ အာဏာသိမ်းစစ်ကောင်စီ၏ တိုက်ရိုက်ညွှန်ကြားစီမံမှုကြောင့် ဖြစ်ပေါ်လာသော အင်တာနက်ဖြတ်တောက်မှုများမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းကာလမှစတင်ပြီး ယနေ့အချိန်အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် အကြိမ်(၂၇၅)နှင့်အထက် ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ တစ်ဖက်တွင်လည်း အင်တာနက်ချိတ်ဆက်မှုဆိုင်ရာ အခြေခံအဆောက်အအုံပျက်စီးမှုများကြောင့် အင်တာနက်ပြတ်တောက်မှုအခြေအနေများရှိနေသည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။ 

ယခုလေ့လာမှုတွင် အာဏာသိမ်းကာလနောက်ပိုင်းဖြစ်ပေါ်ခဲ့သည့် အင်တာနက်ချိတ်ဆက်မှုဆိုင်ရာအခြေခံအဆောက် အအုံပျက်စီးမှုအခြေအနေများနှင့် မြန်မာနိုင်ငံဒေသအသီးသီးတွင် ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသော အင်တာနက်ဖြတ်တောက်ခံရမှုဆိုင်ရာအခြေအနေများကို စုစည်းနှိုင်းယှဉ်သုံးသပ်သွားမည်ဖြစ်ပါသည်။


နောက်ခံအချက်အလက်များ 


ဆက်သွယ်ရေးဥပဒေ(၂၀၁၃)ကို ပြဋ္ဌာန်းပြီးနောက် တယ်လီကွန်းဆက်သွယ်ရေးကဏ္ဍအတွင်းသို့ တယ်လီနော် (Telenor)၊ အူရီဒူး(Ooredoo)စသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများဝင်ရောက်လာပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းကာလမတိုင်မီအ ချိန်အထိ မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် အရှိန်အဟုန်ဖြင့်တိုးတက်လာခဲ့သည်။ ဆက်သွယ်ရေးကဏ္ဍအတွင်း နိုင်ငံပိုင်လုပ် ငန်းတစ်ခုအဖြစ် နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်စိုးမိုးခြယ်လှယ်ခွင့်ရခဲ့သော အမ်ပီတီ(MPT)ပင်လျှင် ဂျပန်ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းဖြစ်သည့် ကေဒီဒီအိုင်(KDDI)နှင့်ပူးပေါင်းပြီး မြန်မာ့တယ်လီကွန်ဆက်သွယ်ရေးကဏ္ဍတွင် ယင်းတို့လက်ဦးမှုရယူထားသောစျေးကွက်ဝေစုကို ဆက်လက်ထိမ်းသိမ်းထားနိုင်ရန် ပြုပြင်ပြောင်းလဲမှုများလုပ်ခဲ့သည်။

၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ် အာဏာသိမ်းကာလမတိုင်မီအထိ မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၏အခြေအနေကို ခြုံငုံသုံး သပ်ကြည့်ပါက ၆၆(ဃ)ကဲ့သို့ အသုံးပြုသူများအပေါ် လူ့အခွင့်အရေးဆိုင်ရာရှုထောင့်မှ အပွန်းအပဲ့ဖြစ်စေသည့်ဥပဒေပြဋ္ဌာန်းချက်အချို့ ရှိလင့်ကစား မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် အပေါင်းလက္ခဏာဆောင်သော အပြောင်းအလဲများဖြင့် ရွေ့လျားလာခဲ့သည်။ 

ထိုကဲ့သို့ ဆက်သွယ်ရေးကဏ္ဍ၏လာခြင်းကောင်းသာ ပြောင်းလဲမှုများသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်နောက်ပိုင်းတွင် တမဟုတ်ခြင်းဆိုသလို ပြောင်းပြန်လန်သွားခဲ့သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းကာလနောက်ပိုင်းတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အင်တာနက်ဖြတ်တောက်မှုကို(၆)ကြိမ်တိတိ ကြုံတွေ့ခဲ့ရပြီး၊ နေရာဒေသအပေါ်ဦးတည်၍ပြု လုပ်ခဲ့သော အင်တာနက်ဖြတ်တောက်မှုများမှာလည်း အကြိမ်ပေါင်း(၂၇၅) ကြိမ်ကျော် ကြုံတွေ့ခဲ့ရသည်။

အာဏာသိမ်းကာလမတိုင်မီက မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် အဓိကဦးဆောင်လုပ်ကိုင်နေသည့်လုပ်ငန်း(၄)ခုရှိသည်။ ယင်းတို့မှာ အမ်ပီတီ(MPT)၊ မိုင်တဲလ်(Mytel)၊ တယ်လီနော်(Telenor)နှင့် အူရီဒူး(Ooredoo) လုပ်ငန်းစုများဖြစ် သည်။ အမ်ပီတီ(MPT)သည် ယခင်ကတည်းကပင် နိုင်ငံပိုင်ဆက်သွယ်ရေးကော်ပရေးရှင်းတစ်ခုအဖြစ် အသွင်ပြောင်းလုပ် ကိုင်ခဲ့သောလုပ်ငန်းတစ်ခုဖြစ်ပြီး မိုင်တဲလ်(Mytel)သည် စစ်တပ်ပိုင်ဆက်သွယ်ရေးလုပ်ငန်းစုတစ်ခုဖြစ်သည်။ ထိုလုပ်ငန်းနှစ်ခုအားအသုံးပြုနေသည့် သုံးစွဲသူများ၏အချက်အလက်များသည် စစ်ကောင်စီ၏တိုက်ရိုက်စောင့်ကြည့်မှုအောက်သို့ အာ ဏာသိမ်းကာလနောက်ပိုင်းတွင် ချက်ချင်းရောက်ရှိသွားသည်မှာ ငြင်းဆိုဖွယ်ရာ မရှိပါ။ 

ကြားဖြတ်ဖမ်းယူစောင့်ကြည့်ရေးဆိုင်ရာ စက်များတပ်ဆင်ရန် အာဏာသိမ်းစစ်ကောင်စီက ဖိအားပေး လုပ်ဆောင်မှုနှင့်အတူ တယ်လီနော်မြန်မာ(Telenor Myanmar)သည်လည်း စစ်တပ်နှင့်နှီးနွယ်မှုရှိသော ခရိုနီစီးပွားရေးလုပ်ငန်းစုဖြစ်သည့် ရွေဗျိုင်းဖြူစီးပွားရေးလုပ်ငန်းစုသို့ ရောင်းချပြီး မြန်မာနိုင်ငံမှပြန်လည်ထွက်ခွာသွားခဲ့သည်။ အူရီဒူး(Ooredoo)သည်လည်း ထိုင်းနိုင်ငံမှ “Link Family”လုပ်ငန်းစုထံသို့ အပြီးသပ်ရောင်းချ၍ ထွက်ခွာသွားခဲ့သည်။ ထိုသို့ဖြင့် ပုဂ္ဂလိကပိုင်ရင်းနှီး မြှုပ်နှံမှုများဖြင့် အတိုင်းအတာတစ်ခုအထိ ပွင့်လင်းမြင်သာမှုရှိခဲ့သော မြန်မာ့ဆက်သွယ်ရေးကဏ္ဍသည် စစ်ကောင်စီ၏အ လုံးစုံထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားခဲ့သည်။ 

တစ်ဖက်၌ စစ်ကောင်စီ၏ဖိအားပေးထိန်းချုပ်မှုများကြောင့် အင်တာနက်ပြတ်တောက်မှုများသိသာစွာ မြင့်တက်လာခဲ့သလို အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီ၏ဝင်ငွေရလမ်းကို ဖြတ်တောက်နိုင်ရေးအတွက် တယ်လီကွန်တာဝါများအား တိုက်ခိုက်သည့်ဖြစ်စဉ်များလည်း ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ “၂၀၂၁ ခုနှစ် ဒီဇင်ဘာလ(၃)ရက်နေ့၊ ရိုက်တာ(Reuters) သတင်းဌာန၏သတင်းတွင် တာဝါတိုင်ပေါင်း(၄၀၉)ခုဖျက်ဆီးခံခဲ့ရသည်ဟု စစ်ကောင်စီထိန်းချုပ်ထားသော အစိုးရသတင်းမီဒီယာ‌၏ထုတ်ပြန်ချက်အပေါ်ခြေခံ၍ ဖော်ပြထားသည်။  ယင်းတို့အနက် ၈၈% ရာခိုင်နှုန်းမှာ စစ်ကောင်စီပိုင် မိုင်တဲလ်တာဝါ (Mytel Tower)တိုင်များဖြစ်သည်ဟု ဆိုသည်။ ထိုသို့တာဝါတိုင်များ တိုက်ခိုက်ဖျက်ဆီးခံရမှုကြောင့် လူဦးရေ(၇)သိန်းခန့် အင်တာနက်ဆက်သွယ်ရေးပြတ်တောက်ခဲ့သည်ဟု စစ်ကောင်စီပိုင်မိုင်တဲလ်(Mytel)က ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် စွပ်စွဲပြောကြားခဲ့သည်”ကို တွေ့ရသည်။

တယ်လီကွန်းအခြေခံအဆောက်အအုံ ဖျက်ဆီးခံရသောဖြစ်စဉ်များကို သရုပ်ခွဲလေ့လာနိုင်ရန်အတွက် အချက်အ လက်များကို ပြန်လည်စုစည်းရာ ၂၀၂၁ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သော ဖျက်ဆီးခံရသည့်တာဝါတိုင်အရေအတွက်(၂၀၉)ခု၏အ ချက်အလက်များ ရရှိခဲ့သည်။ စစ်ကောင်စီထုတ်ပြန်ခဲ့သော ဖျက်ဆီးခံရသည့် ထိုတာဝါတိုင်အရေအတွက်အပေါ် စိစစ်ခဲ့ရာ တွင် ထက်ဝက်ခန့်သောအချက်အလက်များကိုသာ ရရှိအသုံးပြု၍ရခဲ့ပြီး လေ့လာမှုကို ဆက်လက်လုပ်ဆောင်ခဲ့ရသည်။

တာဝါတိုင်ထိခိုက်ဖျက်ဆီးခံရမှုများသည် ၂၀၂၁ ခုနှစ်အတွင်း အများဆုံးဖြစ်ပေါ်ခဲ့ပြီး ယခုသုတေသနအတွက်အချက်အလက်စုဆောင်းရာတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ (၃)နှစ်တာကာလအတွင်း ဖျက်ဆီးခံခဲ့ရသည့်တာဝါအရေအတွက် (၃၀၅)ခု၏အချက်အလက်များပေါ်တွင်အခြေခံ၍ လေ့လာနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။


အချက်အလက် စုဆောင်းမှုပုံစံ 


ယခုလေ့လာမှုအတွက် အခြေခံအဆောက်အအုံပျက်စီးခဲ့မှုများနှင့်ပတ်သက်သည့် အချက်အလက်များကို စုစည်းရာတွင် သ တင်းမီဒီယာများ၏ဝက်ဆိုက်(website)များ၊ လူမှုကွန်ရက်စာမျက်နှာများနှင့် တယ်လီဂရမ်ချန်နယ်များ၌  ၂၀၂၁ ခုနှစ်မှ ၂၀ ၂၃ ခုနှစ်အတွင်းဖော်ပြခဲ့သော အင်တာနက်ဆိုင်ရာအခြေခံအဆောက်အုံပျက်စီးမှု သတင်းအချက်အလက်များအား အဓိကအားဖြင့်စုစည်း၍ သရုပ်ခွဲလေ့လာမှုကို ပြုလုပ်ထားပါသည်။ လေ့လာမှုအတွက် တိုင်းရင်းသတင်းမီဒီယာစာမျက်နှာများအပါ အဝင် သတင်းမီဒီယာ(၂၂)ခုနှင့် တယ်လီဂရမ်ချန်နယ်(၉)ခုတို့၏ ဖော်ပြချက်များကို အဓိကအသုံးပြုထားပါသည်။ ထို့အပြင် အင်တာနက်ဖြတ်တောက်ခံရမှုအခြေအနေများနှင့်ပတ်သက်ပြီး အမ်အိုင်ပီ(MIP)မှ နေ့စဉ်စုဆောင်းသိမ်းဆည်းထားခဲ့သော အချက်အလက်များပေါ်တွင်လည်း မူတည်၍ အသုံးပြုထားပါသည်။ 

အချက်အလက်များအား စုစည်းရှာဖွေရာတွင် “Google Search Engine”အပါအဝင် သက်ဆိုင်ရာဝန်ဆောင်မှုများ ၌ထည့်သွင်းထားသော “Searching Tool”များကို အသုံးပြုခြင်းနှင့် “CrowdTangle” ကဲ့သို့အချက်အလက်သရုပ်ခွဲသည့်ကိရိယာ(Tools)များကို အသုံးပြုခဲ့ပါသည်။ ထို့အပြင် ပြည့်စုံနိုင်သမျှ ပြည့်စုံမှုရှိစေရန်အတွက် (၃)နှစ်တာကာလအတွင်းဖြစ်ပျက်ခဲ့သည့် အခြေခံအဆောက်အအုံဆိုင်ရာ ပျက်စီးခဲ့မှုများကိုလည်း ပြန်လည်ခြေရာကောက်ခဲ့ပါသည်။

အချက်အလက်စုဆောင်းမှုပြုလုပ်ရာတွင်လိုအပ်သော ဒေသတွင်းအခြေအနေများကို သိရှိနိုင်စေရန်အတွက် ကရင်နီ (ကယား)ဒေသနှင့် ရခိုင်ဒေသအတွင်း နည်းပညာဆိုင်ရာဆက်စပ်လုပ်ငန်းများလုပ်ကိုင်နေသူ(၂)ဦးကိုပါချိတ်ဆက်၍ တွေ့ ဆုံမေးမြန်းခြင်းကို ဆောင်ရွက်ခဲ့ပါသည်။ 


အချက်အလက်စုဆောင်းမှုဆိုင်ရာ အကန့်အသတ်ရှိသောအခြေအနေ 


အချက်အလက်များအား ရှာဖွေရာတွင် ဘာသာစကားဆိုင်ရာ စာလုံးပေါင်းရေးထုံးများကြောင့်လည်းကောင်း၊ သတင်းအချက် အလက်များနှင့် အချက်အလက်ရှာဖွေရေးစနစ်(Search Engine)များအကြား ချိတ်ဆက်ထားနိုင်မှု နည်းပညာအရ အား နည်းလစ်ဟမှုများကြောင့်လည်းကောင်း၊ အချို့သောအချက်အလက်များကို တရားဝင်စုံစမ်း၊ မေးမြန်း၊ သိရှိခွင့် မရခဲ့ခြင်းများကြောင့်လည်းကောင်းနှင့် အချိုသောအခြေခံအဆောက်အုံဖျက်ဆီးခံရမှု၊ ပျက်စီးမှုဖြစ်ရပ်များအား ထုတ်ဖော်ဖွင့်ချမှုမရှိခြင်းကြောင့်လည်းကောင်း ကျန်ရစ်ခဲ့သောအချက်အလက်အချို့ရှိနိုင်ကြောင်း ကြိုတင်ဝန်ခံအပ်ပါသည်။


အာဏာသိမ်းကာလအတွင်း အင်တာနက်ဖြတ်တောက်ခံရမှုအခြေအနေ (၂၀၂၁ -၂၀၂၃)


Myanmar Internet Project က ထုတ်ပြန်ထားသော အချက်အလက်များအပေါ် အခြေခံတွက်ချက်မှုအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းကာလမှစတင်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် အင်တာနက်ပြတ်တောက်မှုအကြိမ်ပေါင်း အနည်းဆုံး(၂၄၅)ကြိမ်နှင့်အထက် ကြုံတွေ့ခဲ့ရသည်။

သတင်းစီးဆင်းမှုကို နှောင့်နှေးစေရေး၊ လူထု၏ဒီမိုကရေစီလှုပ်ရှားမှုနှင့်သက်ဆိုင်သော ချိတ်ဆက်ဆောင်ရွက်မှုများကို အနှောင့်အယှက်ပေးနိုင်ရေးနှင့် ယင်းတို့၏စစ်ရေးလှုပ်ရှားမှုသတင်းများကို လျှို့ဝှက်ထားနိုင်ရေးအတွက် နေရာဒေသအ လိုက် အင်တာနက်ဖြတ်တောက်မှုများကို စစ်ကောင်စီသည် အာဏာသိမ်းကာလအတွင်း ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည်။



စစ်ကောင်စီ၏အင်တာနက်ဖြတ်တောက်မှုဆိုင်ရာလုပ်ဆောင်မှုများအား ပြန်လည်သုံးသပ်ကြည့်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့် ပဋိပက္ခများပြားသည့်ဒေသများတွင် အင်တာနက်ဖြတ်တောက်မှုများ ပိုမိုလုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း တော်လှန်ရေးအင်အားစုများနှင့် ပဋိပက္ခပြင်းထန်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီးတွင်  စုစုပေါင်းအင်တာနက်ဖြတ်တောက်မှု၏(၃၃.၃၃)ရာခိုင်နှုန်းအ ထိ တွေ့ကြံခဲ့ရသည်ကို တွေ့ရသည်။ အာဏာသိမ်းပြီးနောက် (၃)နှစ်တာကာလအတွင်း ချင်း၊ ကချင်နှင့် ကရင်နီ(ကယား) ပြည်နယ် (၃)ခုတွင် အာဏာသိမ်းစစ်ကောင်စီသည် တိုင်းရင်းသားဒေသခံ တော်လှန်ရေးသမားများ၏ခုခံမှုကို ပြင်းထန်စွာရင် ဆိုင်ခဲ့ရပြီး အင်တာနက်ဖြတ်တောက်မှု စုစုပေါင်း၏(၃၀)ရာခိုင်နှုန်းခန့်မှာ ယင်းဒေသများတွင် ဖြစ်ပေါ်ခဲ့သည်။ အင်တာနက်ဖြတ်တောက်ခံရမှု အများဆုံးတွေ့ကြုံခဲ့ရသည့် ပြည်နယ်မှာ ကချင်ပြည်နယ်ဖြစ်ပြီး အင်တာနက်ဖြတ်တောက်မှုအကြိမ်ရေ အ နည်းဆုံး(၃၀)ကြိမ်၊ ရာခိုင်နှုန်းအားဖြင့် (၁၂.၂)ရာခိုင်နှုန်းရှိသည်


၂၀၂၁ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း တိုင်းဒေသကြီးနှင့်

ပြည်နယ်အလိုက် အင်တာနက်ဖြတ်တောက်ခံရမှု ရာခိုင်နှုန်းပြဇယား


ထို့ကြောင့် လက်နက်ကိုင်ပဋိပက္ခကြီးထွားရာဒေသများတွင် အခြေချနေထိုင်သောလူထုအနေဖြင့် သတင်းဆက်သွယ်ရေးပြတ်တောက်မှုဆိုးကျိုးကို အခြားဒေသများထက် ပိုမိုခံစားရသည်။ 

အင်တာနက်ဖြတ်တောက်မှုများကို အာဏာသိမ်းကာလတစ်လျှောက် ဆက်တိုက်ပြုလုပ်နေသော စစ်ကောင်စီသည် ယင်းအားလူထုစည်းရုံးရေးသဖွယ် ပြန်လည်အသုံးပြုမှုများလုပ်နေသည်ကိုလည်း ဒေသတွင်းရောက်ရှိနေသည့် နည်းပညာဆိုင်ရာကျွမ်းကျင်သူတစ်ဦး၏ဖြေကြားချက်အရ တွေ့ရသည်။ ကရင်နီ(ကယား)ပြည်နယ်အတွင်း အင်တာနက်ဖြတ်တောက်မှုများကိုပြုလုပ်နေသော စစ်ကောင်စီက အင်တာနက်ပြန်လည်ရရှိအောင်လုပ်ပေးမည်ဟုဆိုကာ လူထုစည်းရုံရေးပုံစံမျိုးအသုံး ပြုနေသည်ဟုလည် အင်တာဗျူးဖြေဆိုသူတစ်ဦးက ဆိုသည်။ “အရင်တုန်းကတော့ ဖြတ်တာ၊ အခုကျတော့ အဲဒီဟာကို လူထုစည်းရုံးရေးအနေနဲ့ ပြန်သုံးတာ…၊ တာဝါတိုင်ပြီးတော့ လျှပ်စစ်မီး၊ လျှပ်စစ်မီးက သူတို့ထိန်းချုပ်တဲ့နေရာမှာတော့ရတယ်။ ဥပမာ လွိုင်ကော်ပေါ့။ သူတို့က တာဝါတိုင်တွေမှာ ထိုင်တယ်။ ထိုင်တဲ့အခါကျတော့ သူတို့ထိန်းချုပ်နယ်မြေတွေမှာ ရအောင်လုပ်တယ်”ဟု သူက ဆိုသည်။ 


အာဏာသိမ်းကာလအတွင်း တာဝါတိုင်များ ဖျက်ဆီးခံရမှုအခြေအနေ (၂၀၂၁ -၂၀၂၃)


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းကာလမှစတင်ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ ဖြစ်ပျက်ခဲ့သော တာဝါတိုင်များဖျက်ဆီးခံရသည့် ဖြစ်စဉ်များအရ ဖျက်ဆီးခံရသောတာဝါတိုင်အရေအတွက်စုစုပေါင်း၏(၃၅.၇၄)ရာခိုင်နှုန်းမှာ စစ် ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့ပြီး၊ (၁၈.၃၆)ရာခိုင်နှုန်းဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယအများဆုံးဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ ပြည်နယ်များအားလုံးအတွင်း တာဝါတိုင်များဖျက်ဆီးခံရသည့်အရေအတွက်စုစုပေါင်းမှာ ဖြစ်စဉ်အား လုံး၏ ငါးပုံတစ်ပုံအောက်သာရှိသည်ကို တွေ့ရသည့်။


၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း

မိုဘိုင်းတာဝါတိုင်များ ဖျက်ဆီးခံခဲ့ရသည့်အခြေအနေပြဇယား


တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပဋိပက္ခပြင်းထန်သည့်ဒေသများဖြစ်သည့် ကချင်ပြည်နယ်နှင့် ချင်းပြည် နယ်တို့တွင် တာဝါတိုင်ပျက်စီးမှုအခြေအနေမှာ(၁.၉၇)ရာခိုင်းနှုန်း၊ ကရင်နီ(ကယား)ပြည်နယ်တွင် (၀.၃၃)ရာခိုင်နှုန်းနှင့် က ရင်ပြည်နယ်တွင် (၁.၁၃)ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရသည်။ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမှုနည်းသည့် ဧရာဝတီတိုင်းဒေ သကြီးတွင် တာဝါတိုင်ဖျက်ဆီးခံရမှုရာခိုင်နှုန်းမှာ(၈.၅၂)ရာခိုင်နှုန်းဖြစ်ပေါ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးတွင်(၅.၅၇)ရာခိုင်နှုန်းဖြစ်ပေါ် ခဲ့သည်ကို တွေ့ရသည်။ 

ကယားပြည်နယ်အတွင်း နည်းပညာဆိုင်ရာဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦး၏အဆိုအရ အခြားတာဝါတိုင်များနှင့် မိုင်တဲလ်(Mytel)တာဝါတိုင်များကို မှားယွင်းထိခိုက်စေမှုများလည်း ရှိသည်ဟုဆိုသည်။ “အဓိက, တာဝါတိုင်တွေ​လေ တာဝါတိုင်တွေက မီးမပေးနိုင်တာတစ်ခုရယ်၊ တစ်ချို့တာဝါတိုင်တွေကျ မိုင်တဲလ်(Mytel)နဲ့တွဲထားတဲ့ဟာတွေ၊ အဲ့ဒီတာဝါတိုင်တွေ ဖျက်ခံရတာပေါ့။ မိုင်တဲလ်(Mytel)နဲ့ မှားပြီးတော့ပေါ့။ နောက်အရင်ကဆို စီးဘူးဘက်လိုင်းရတယ်။ အခုဆို စီးဘူးဘက်မရတော့ဘူး၊ ကြိုးပြတ်တယ်ပြောတယ်”ဟု သူက ဆိုသည်။ ယခုအချိန်တွင် ကရင်နီ(ကယား)ဒေသအတွင်း လွိုင်ကော်နှင့်အနီးဝန်းကျင်တွင်သာ ဖုန်းဆက်သွယ်မှုရရှိနိုင်သည့်အခြေအနေရှိတော့သည်ဟု ဆိုသည်။ “ဆီပြတ်သွားပြီး တစ်ခုခုပျက်သွားပြီးဆိုရင် ပြင်မယ့်သူ မရှိတော့ဘူး။ တစ်ချို့နေရာမှာ တာဝါတိုင်က ဘက်ထရီတို့ ဘာတို့ဖြုတ်တယ်။ မီးစက်ကို တစ်ခြားနေရာတွေမှာပြန် သုံးတယ်။ အဲဒါတွေကြောင့် ပိုဆိုးသွားတာ”ဟုလည်း ဖြည့်စွက်ပြောကြားခဲ့သည်။



တာဝါတိုင်ဖျက်ဆီးခံရမှုနှင့် အင်တာနက်ဖြတ်တောက်ခံရမှု နှိုင်းယှဉ်လေ့လာချက် 


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းဖြစ်ပေါ်ခဲ့သည့် တာဝါတိုင်ဖျက်ဆီးခံရမှုဖြစ်စဉ်များနှင့် အင်တာနက်ဖြတ်တောက်ခံရသောဖြစ်စဉ်များအား နှိုင်းယှဉ်သုံးသပ်ကြည့်ရာတွင် တာဝါတိုင်ဖျက်ဆီးခံရမှု၏ (၃၅.၇၄)ရာခိုင် နှုန်းနှင့် အင်တာနက်ဖြတ်တောက်ခံရသည့်ဖြစ်စဉ်များ၏(၃၃.၃၃)ရာခိုင်နှုန်းမှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၌ တာဝါတိုင်ဖြစ်တောက်ခံရမှု(၁၈.၃၆)ရာခိုင်နှုန်းအထိဖြစ်ပေါ်ခဲ့သော်လည်း အင်တာနက်ဖြတ်တောက်ခံရသောအခြေအနေမှာ(၃.၆၆)ရာခိုင်နှုန်းခန့်သာ ရှိခဲ့သည်။


တာဝါတိုင်ဖျက်ဆီးခံရမှုနှင့် အင်တာနက်ဖြတ်တောက်ခံရမှု နှိုင်းယှဉ်ပြဇယား


တာဝါတိုင်ဖျက်ဆီးခံရမှု မရှိသလောက်နီးပါးဖြစ်သည့် ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်ခံရသည့်အခြေအ နေမှာ(၄.၈၈)ရာခိုင်နှုန်းခန့်ရှိပြီး ယင်းသည် တာဝါတိုင်ဖျက်ဆီးခံရမှု ဒုတိယအများဆုံးဖြစ်သည့် မန္တလေးတိုင်းဒေသကြီးထက်ပိုမိုပြီး အင်တာနက်ဖြတ်တောက်မှုခံခဲ့ရကြောင်းကို သက်သေခံနေသည်။ 

အာဏာသိမ်းကာလ(၃)နှစ်တာအတွင်း ပြည်နယ်များအနက် ကချင်ပြည်နယ်သည် စုစုပေါင်းအင်တာနက်ဖြတ်တောက်မှုရာခိုင်နှုန်း၏(၁၂.၂)ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သော်လည်း ကချင်ပြည်နယ်အတွင်း တာဝါတိုင်ပျက်ဆီးမှုအခြေအနေမှာ(၂) ရာခိုင်နှုန်း နီးပါးခန့်သာရှိသည်ကို တွေ့ရသည်။ 

ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အင်တာနက်ဖြတ်တောက်ခံရမှုအခြေအနေမှာ(၂.၄၄)ရာ ခိုင်နှုန်းစီသာရှိခဲ့သော်လည်း တာဝါတိုင်ဖျက်ဆီးမှုအခြေအနေမှာ ရန်ကုန်တိုင်းဒေသကြီးတွင်(၅.၅၇)ရာခိုင်နှုန်းနှင့် ဧရာဝတီ တိုင်းဒေသကြီးတွင် (၈.၅၂)ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။


တာဝါတိုင်ဖျက်ဆီးခံရမှုနှင့် အင်တာနက်ဖြတ်တောက်ခံရမှုဆိုင်ရာ နှိုင်းယှဉ်ပြဇယား


အသံအဖွဲ့၏ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း အင်တာနက်ဖြတ်တောက်ခံရသည့် မြို့နယ်ပေါင်း(၈၀)ခန့်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် မြို့နယ်(၂၇)မြို့နယ်နှင့် တာဝါတိုင်ဖျက်ဆီးခံရမှုအနည်း ဆုံးဖြစ်သည့် ရခိုင်ပြည်နယ်သည်(၁၇)မြို့နယ်ဖြင့် ဒုတိယအများဆုံးဖြစ်နေသည်ကို တွေ့ရှိရသည်။

ပြည်နယ်များအားလုံး၏ တာဝါတိုင်ပျက်စီးမှုအခြေအနေမှာ (၂၀)ရာခိုင်နှုန်းဝန်းကျင်သာရှိခဲ့သော်လည်း စစ်ကောင်စီ၏ ပြည်နယ်များအားလုံးအပေါ်ပြုလုပ်ခဲ့သော အင်တာနက်ဖြတ်တောက်ခံရမှုအခြေအနေမှာဖြစ်စဉ်အားလုံး၏ ထက်ဝက်နီးပါးရှိသည်ကို တွေ့ရသည်။ 


နှစ်အလိုက် အင်တာနက်ဖြတ်တောက်မှုနှင့်တာဝါတိုင်ပျက်စီးမှုအခြေအနေအား နှိုင်းယှဉ်လေ့လာခြင်း


နှစ်အလိုက်တာဝါတိုင် ဖျက်ဆီးခံရသည့်အခြေအနေအား လေ့လာကြည့်ရာတွင် ၂၀၂၁ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့် တာဝါတိုင်ဖျက်ဆီးခံရသည့်အခြေအနေမှာ စုစုပေါင်းဖြစ်စဉ်၏(၇၀)ရာခိုင်နှုန်းနီးပါးရှိခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်မှာ စုစုပေါင်းဖြစ်စဉ်၏(၂၀)ရာခိုင်နှုန်းဝန်ကျင်အထိ လျော့ကျသွားသည်ကို တွေ့ရသည်။ ၂၀၂၁ ခုနှစ်ဖြင့်နှိုင်းယှဉ်ကြည့်ပါက ဖြစ်စဉ်၏(၃)ပုံ(၂)ပုံကျော်ခန့်အထိ လျော့ကျသွာသည်ကို တွေ့ရပြီး ၂၀၂၃ ခုနှစ်အတွင်းဖြစ်ပေါ်ခဲ့သည့်ဖြစ်စဉ်မှာ စုစုပေါင်းဖြစ် စဉ်၏(၁၀)ရာခိုင်းနှုန်းခန့်သာရှိသည်ကို တွေ့ရသည်ဖြစ်ရာ နှစ်အလိုက်ဖြစ်စဉ်များအပေါ် အခြေခံသုံးသပ်ကြည့်ပါက ဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အအုံ ပျက်စီးမှုအခြေအနေများမှာ သိသာစွာလျော့ကျလာသည်ကို တွေ့ရသည်။

အင်တာနက်ဖြတ်တောက်မှုဖြစ်စဉ်များကို သုံးသပ်ကြည့်ရာတွင် ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် အင်တာနက်ဖြတ်တောက်မှုဖြစ်စဉ်မှာ စုစုပေါင်းဖြစ်စဉ်၏ (၄၀.၄၆)ရာခိုင်နှုန်းရှိခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် (၃၂.၈၂)ရာခိုင်နှုန်းရှိသည်ဖြစ်ရာ (၇.၅)ရာ ခိုင်နှုန်းကျော်သာ လျော့ကျခဲ့သည်ကို တွေ့ရသည်။ ၂၀၂၃ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည် အင်တာနက်ဖြတ်တောက်မှုဖြစ်စဉ်များမှာ စုစုပေါင်းဖြစ်စဉ်၏ ၂၆.၇၂)ရာခိုင်နှုန်းခန့်ရှိသည်ဖြစ်ရာ (၆.၁)ရာခိုင်နှုန်းခန့်သာ လျော့ကျခဲ့သည်ကို တွေ့ရှိရသည်။


နှစ်အလိုက် အင်တာနက်ဖြတ်တောက်မှုနှင့်တာဝါတိုင်ပျက်စီးမှု နှိုင်းယှဉ်ပြသချက်


အထက်ပါတွေ့ရှိချက်အရ တာဝါတိုင်ကဲ့သို့ အခြေခံအဆောက်အအုံပျက်စီးမှုအခြေအနေများမှာ တစ်နှစ်ထက်တစ်နှစ် သိသာစွာလျော့ကျလာခဲ့သော်လည်း အင်တာနက်ဖြတ်တောက်မှုဆိုင်ရာအ​ခြေအနေမှာသိသာ စွာကျဆင်းမှုမရှိသည်ကို တွေ့ရသည်။ 

ရခိုင်ပြည်နယ်ဒေသများအတွင်း နည်းပညာဆိုင်ရာလုပ်ငန်းများကို လက်ရှိဆောင်ရွက်နေသူတစ်ဦး၏ အဆိုအရ “ရခိုင်ဘက်ဆို တာဝါတိုင်ဖျက်ဆီးတာတွေ မရှိဘူး။ တံတားဖျက်တာမှာ ဖိုက်ဘာ(Fiber)ကြိုးတွေပါ သွားတယ်။ လမ်းတွေထိခိုက်တဲ့အခါ ပါသွားတယ်။ တာဝါတိုင်တွေမှာ လျှပ်စစ်ပြတ်သွားတော့ ဆီထည့်ဖို့ ဆီရှားတာကလည်း အဓိကအကြောင်းအရင်း (Main Factor)တွေထဲမှာ ပါတယ်။ တစ်ချို့နေရာတွေမှာဆို ဆီက တစ်လီတာကို နှစ်သောင်းခွဲ(၂၅,၀၀၀)လောက်ပေးနေရတာ”ဟု ဆိုသည်။ ထို့အပြင် ဒေသတွင်း တာဝါတိုင်နှင့် အင်တာနက်ဖိုက်ဘာလိုင်းများ ပြေးဆွဲရေးကို အဓိကလုပ်ကိုင်နေသည့် ဟာဝေး(Huawei)၊ အက်တမ်(Atom)နှင့် ဇက်တီအီး(ZTE)စသည့် လုပ်ငန်းများအနေဖြင့်လည်း အခြေခံအဆောက်အုံထိ ခိုက်နိုင်သည့်အခြေအနေရှိသော စစ်မက်ဒေသထဲရောက်နေသည့်အတွက် ဝင်ရောက်ပြင်ဆင်ခွင့်မရသည့်အခြေအနေများရှိနေသည်ဟု ယင်းက ဆိုသည်။ “ဖိုက်ဘာဆက်ကြောင်းဆို ဝင်ပြင်ချင်တယ်။ ပြင်ခွင့်မရဘူး။ အမ်ပီတီ(MPT)ဆို တမင်တကာ “Port”တွေ ပိတ်ထားတာရှိတယ်”ဟု ဖြည့်စွက်ပြောကြားခဲ့သည်။


မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီအသီးသီး၏ တာဝါတိုင်ဖျက်ဆီးခံရမှုအခြေအနေ


မြန်မာနိုင်ငံ၌ မိုဘိုင်းဝန်ဆောင်မှုပေးနေသောကုမ္ပဏီကြီး(၄)ခု လက်ရှိတွင် ရှိ‌‌သည်။ အာဏာသိမ်းစကာလက နော်ဝေအစိုးရ ၏ရှယ်ယာပိုင်ဆိုင်မှုများပါဝင်သည့် တယ်လီနော်(Telenor Myanmar)၊ ကာတာအခြေစိုက် အူရီဒူး(Ooredoo)၊ ဂျပန်ဖြင့်ဖက်စပ်ဆောင်ရွက်နေသည့် အစိုးရပိုင်အမ်ပီတီ(MPT)နှင့် အာဏာသိမ်းစစ်တပ်ပိုင် မိုင် တဲလ်(Mytel)တို့ ဖြစ်သည်။  

ကောက်ယူရရှိသောအချက်အလက်များပေါ် အခြေခံတွက်ချက်မှုအရ ဖျက်ဆီးခံရသည့်တာဝါတိုင်အရေအတွက်၏ (၉၅)ရာခိုင်နှုန်းကျော်မှာ စစ်တပ်ပိုင်မိုင်တဲလ်(Mytel)တာဝါတိုင်များဖြစ်သည်ကို တွေ့ရသည်။ အခြားဆက်သွယ်ရေးကုမ္ပဏီ (၃)ခု၏တာဝါတိုင်ဖျက်ဆီးခံရမှုအခြေအနေမှာ တယ်လီနော်(Telenor)အနေဖြင့်(၁.၃၁)ရာခိုင်နှုန်း၊ အူရီဒူး(Ooredoo)အ နေဖြင့်(၁.၉၇)ရာခိုင်နှုန်းနှင့် အမ်ပီတီ(MPT)အနေဖြင့် (၀.၉၈)ရာခိုင်နှုန်းသာရှိသည်ကို တွေ့ရသည်။ မည်သည့်ကုမ္ပဏီ၏ တာဝါတိုင်ဖြစ်မှန်းမသိသည့်ရာခိုင်နှုန်းမှာ(၀.၃၃)ရာခိုင်နှုန်း ရှိသည်။


မိုဘိုင်းဝန်ဆောင်မှုကုမ္ပဏီအသီးသီး၏ တာဝါတိုင်ဖျက်ဆီးခံရမှု အခြေအနေပြပုံ


အထက်ပါတွေ့ရှိချက်အရ တာဝါတိုင်ဖျက်ဆီးခံရမှုများသည် စစ်တပ်ကျောထောက်နောက်ခံပြု မိုင်တဲလ်(Mytel) လုပ်ငန်းအား ဦးတည်တိုက်ခိုက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သက်သေအတိအကျပြနေသည်။ 

ထိုကဲ့သို့ တာဝါတိုင်ဖျက်ဆီးခံရမှုအခြေအနေများကြောင့် မိုင်တဲလ်(Mytel)နှင့် အမ်ပီတီ(MPT)တာဝါတိုင်များကို လုံ ခြုံရေးဆောင်ရွက်ရန် စစ်ကောင်စီက စာထုတ်ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။ ထိုကဲ့သို့ ဆောင်ရွက်ရာတွင်လည်း စစ်ကောင်စီသည် ယင်းတို့အကျိုးစီးပွားနှင့်တိုက်ရိုက်ချိတ်ဆက်မှုရှိသည့် ဆက်သွယ်ရေးလုပ်ငန်းနှစ်ခု၏တာဝါတိုင်များကိုသာ ဦး စားပေးဆောင်ရွက်ရန် ထည့်သွင်းဖော်ပြထားသည်ကို တွေ့ရသည်။ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီပိုင် မိုင်တဲလ်(Mytel)တာဝါတိုင်များ ဖျက်ဆီးခံရခြင်းမရှိစေရန် လုံခြုံရေးယူမည့် စစ်ကောင်စီမဟာမိတ်လက်နက် ကိုင်အဖွဲ့တစ်ခုဖြစ်သည့် နယ်ခြားစောင့်တပ် (BGF)များအတွက် ကျေးရွာအုပ်ချုပ်ရေးမှုးများက အလှူငွေလိုက်လံကောက်ခံမှုများပြုလုပ်ခဲ့သည်။


တာဝါတိုင်များ ဖျက်ဆီးခံရသည့်အခြေအနေများအတွက်လုံခြုံရေးဆောင်ရွက်ရန်

စစ်ကောင်စီ၏ထုတ်ပြန်ချက်အား ရွှေဖီမြေသတင်းဋ္ဌာန သတင်းဖော်ပြမှု


မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အတွင်း စစ်ခေါင်းဆောင်မိသားစုအကျိုးစီးပွားဖြင့် ဆက်နွယ်နေသောမိုင်တဲလ် (Mytel)ကုမ္ပဏီ၏ဆက်သွယ်ရေးတာဝါတိုင် ခြံဝင်းများအနီး၌ စစ်ကောင်စီတပ်သားများက နင်းမိုင်းများထောင်နေသည်ကို တွေ့ခဲ့ရတယ်ဟု ဒေသခံများ၏ထုတ်ဖော်ပြေဆိုမှုများလည်း ရှိခဲ့သည်။ မူဆယ်မြို့နယ်၊ မိုင်းယု(၁၀၅)မိုင်ကျေးရွာအုပ်စု၊ နမ့်ဟွယ်ကျေးရွာအနီး မိုင်တဲလ်(Mytel)ဖုန်းတာဝါတိုင်အနီး၌ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က ဖုန်းတာဝါတိုင်ပြင်ရန်လာသောသူများအနက်မှ လုပ်သားတစ်ဦးသည် ထောင်မိုင်းတစ်လုံးနင်းမိမှုကြောင့် ခြေဖဝါးပြတ်ဒဏ်ရာရရှိခဲ့သည်။

မိုဘိုင်းဆက်သွယ်ရေးတာဝါတိုင်များအနီး၌ ထိခိုက်မှုများဖြစ်ပွားခဲ့သောကြောင့် အများပြည်သူဘေးအန္တရာယ် ကင်းရှင်းရေးအတွက် တာဝါတိုင်များနှင့် ဆက်သွယ်ရေးအခြေစိုက် စခန်းရှိရာနေရာများအနီးသို့ မသွားလာကြရန် တယ်လီနောမြန်မာက သတိပေးထုတ်ပြန်ခဲ့မှုများ လုပ်ဆောင်ခဲ့သည်ကိုလည်း တွေ့ရသည်။


တာဝါတိုင်ဖျက်ဆီးမှုလုပ်ဆောင်ခဲ့သော အဖွဲ့အစည်းများ

တာဝါတိုင်ဖျက်ဆီးမှုများကို အဓိကလုပ်ဆောင်ခဲ့သည့်အဖွဲ့အစည်းများ၏အခြေအနေ


တာဝါတိုင်ဖျက်ဆီးမှုများနှင့်ပတ်သက်ပြီး အဓိကအားဖြင့်လုပ်ဆောင်ခဲ့သောအင်အားစုများမှာ ပီဒီအက်ဖ်(PDF)နှင့်ဒေ သခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည်။ သတင်းဌာနများ၏ဖော်ပြချက်ပါ အချက်အလက်များကို ကောက်ယူ၍တွက်ချက်ရာ တွင် ဖြစ်စဉ်များ၏လေးပုံသုံးပုံခန့်မှာ ပီဒီအက်ဖ်(PDF)နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များက အဓိကဆောင်ရွက်ခဲ့သည်ကို တွေ့ရသည့်။ ကျန်(၂၅)ရာခိုင်နှုန်းခန့်သောဖြစ်စဉ်များတွင် မည်သည့်အဖွဲ့အစည်းမှလုပ်ဆောင်သည်ကို တရားဝင်ကြေညာခြင်းမရှိသည်ကို တွေ့ရသည်။ 

ထိုကဲ့သို့ တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် တာဝါတိုင်ဖျက်ဆီးမှုများအား လုပ်ဆောင်ရာတွင် စစ်တပ်ပိုင်မိုင်တဲလ် (Mytel)တာဝါတိုင်များ အဓိကပျက်စီးခဲ့သည့်အချက်အရ စစ်တပ်၏ ဝင်ငွေရင်းမြစ်တစ်ခုကို ဖြိုချရန်နှင့် တော်လှန်ရေးကန ဦးကာလ လက်နက်ပြည့်စုံမှုမရှိသည့်အချိန်တွင် တာဝါတိုင်မှရရှိသည့်ပစ္စည်းများအား လက်နက်တပ်ဆင်ရေးအတွက်အသုံး ပြုရန်ဆိုသော ရည်ရွယ်ချက်(၂)မျိုးဖြင့် လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။


အင်တာနက်ပြတ်တောက်မှုနှင့် ဒေသတွင်းလူထုအပေါ် ထိခိုက်စေမှုများ


အင်တာနက်နည်းပညာသည် လူမှုဘဝ၏အခြေခံလိုအပ်ချက်ဖြစ်နေရာ အင်တာနက်ပြတ်တောက်မှုများကြောင့် ဒေသတွင်းလူထုအပေါ် သိသာထင်ရှားသည့်သက်ရောက်မှုများ ဖြစ်စေခဲ့သည်။ အင်တာနက်ပြတ်တောက်မှုအခြေအနေများကြောင့် ဘဏ်ငွေသွင်းငွေထုတ်လုပ်ငန်းများကအစ အခက်အခဲများဖြစ်ပေါ်ခဲ့ပြီး ဒေသတွင်းစီးပွားရေးလုပ်ဆောင်ရခြင်းများတွင်လည်း အခက်အခဲများကြုံတွေလာရသည်။ “ရခိုင်ဘက် ဘဏ်တွေ ငွေသွင်းငွေထုတ်ကအစ အဆင်မပြေဘူး။ ဖိုင်ဘာ(Fiber)လိုင်းတို့ ဘာတို့အသုံးပြုပြီး ငွေလွှဲ(Trasfer)လုပ်ရင်လဲ ငွေသွင်းငွေထုတ်မရဘူး။ ငွေသားရှားလာတယ်။ စီးပွားရေးလုပ်ရတာကအ စ အဆင်မပြေဘူး။ ကုန်စျေးနှုန်းတက်တယ်”ဟု ဖြေဆိုသူတစ်ဦးက ဆိုသည်။ ရခိုင်ဒေသအတွင်း လွန်ခဲ့သည့် ငါးလခန့်မှစ တင်ကာ အင်တာနက်ဖြတ်တောက်မှုအပြင် ကုန်သွယ်စီးဆင်းမှုများပါ ဖြတ်တောက်ထားသည့်အတွက် လူထုသည်အကျပ်အ တည်းများဖြင့် အတော်လေး ရင်ဆိုင်လာရသည်ဟု ယင်းက ဆိုသည်။ 

စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက “လမ်းတွေ ပိတ်ထားတော့ စားနပ်ရိက္ခာတို့၊ စောင်တို့ဘာတို့ သွားလှူလို့မရဘူး။ လှူလို့ရတာ တစ်ခုတည်းဖြစ်တဲ့ ကေပေး(K-pay)နှင့် ဝေ့မန်း(Wave Money)က ငွေလွှဲပြီး လှူမယ်ဆိုရင်လည်း အခုက အင်တာနက်ပိတ်ချလိုက်ပြီ။ အခုက မြောက်ပိုင်းတစ်ခုလုံးနီးပါး၊ မြို့နယ်တိုင်းမှာ တိုက်ပွဲဖြစ်နေတော့ အကုန်လုံးက စစ်ဘေးရှောင်ဖြစ်နေတယ်။ ခုက ဘဏ်တွေပါ ပိတ်တာတော့ ငွေက ထုတ်မရတော့ဘူး။ အဲဒါကြောင့် စစ်ဘေးရှောင်တွေ ကူညီဖို့ အခက်အခဲဖြစ်နေတယ်။ စစ်ဘေးရှောင် ပြည်သူတွေလည်း တအားကို ဒုက္ခရောက်နေကြရပါတယ်”ဟု ပြောသည်

“တစ်နေရာနဲ့ တစ်နေရာမှာ ပြည်သူတွေ သတင်းအချက်အလက် မရတော့တာမျိုးတွေ ဖြစ်တယ်။ အနည်းဆုံးဘယ်မှာ ဘာဖြစ်နေတယ်။ ဘယ်မှာ ဘာတိုက်ပွဲဖြစ်နေတယ်။ မိသားစုနဲ့အဆက်အသွယ်ပြတ်တဲ့ ဟာမျိုးတွေဖြစ်တယ်။ လူတွေ ပျောက်တာတွေဖြစ်တယ်။ စစ်ကောက်စီဘက်က ဂိတ်တွေမှာလဲ အဖမ်းခံရပြီး ပျောက်တာမျိုးတွေရှိတယ်။ ဒီဘက်က တစ်ချို့ဂိတ်တွေမှာလဲ မိတယ်။ မိတော့အာမခံဖို့ ဖုန်းအဆက်အသွယ်မရတဲ့အခြေအနေမှာ အဖမ်းခံပြီး ပျောက်သွာတာမျိုးတွေလဲ ဖြစ်တယ်”ဟု ကယားပြည်နယ်အတွင်း လက်ရှိရောက်ရှိနေသူတစ်ဦးက ဆိုသည်။ 

ထိုကဲ့သို့ အင်တာနက်ပြတ်တောက်နေမှုအခြေအနေများကို တုန့်ပြန်နိုင်ရန် လူထုသည် ရသည့်နည်းဖြင့် ကြိုးစားအား ထုတ်လုပ်ဆောင်နေသည်ကို တွေ့ရသည်။ အင်တာနက်ပြတ်တောက်သည့်ဒေသအတွင်း ရေဒီယိုများ ပြန်လည်နားထောင်လာကြသည်ဟု ဖြေဆိုသူတစ်ဦးက ဆိုသည်။ တစ်ချို့နေရာဒေသများတွင် စတားလင့်ခ့်(Star Link)အင်တာနက်လိုင်းကိုအ သုံးပြုပြီး ဒေသတွင်းအင်တာနက်ချိတ်ဆက်မှုများကို တက်နိုင်သမျှ ဆောင်ရွက်ကြသည်ဟု ဆိုသည်။ “ပုဂ္ဂလိက ဆိုင်တွေ စတားလင့်ခ့်(Star Link)ဆိုင်တွေ အများကြီးရှိလာတယ်။ တစ်နာရီ ငါးရာ၊ တစ်ထောင်နဲ့ ပေးသုံးရတယ်။ တစ်ချို့စားသောက် ဆိုင်တွေက သူတို့ဆိုင်မှာထိုင်ရင် အင်တာနက်အလကားပေးသုံးတာ ရှိတယ်။ အဲဒီလိုဆိုင် ကျနော်သိသလောက်(၅)ဆိုင်လောက်ရှိတယ်”ဟု ကယားပြည်နယ်အ တွင်း​ ရောက်ရှိနေသူတစ်ဦးက ဆိုသည်။ 

ချင်းပြည်နယ်တွင်လည်း “Team ZNET”အဖွဲ့သည် ဂြိုလ်တုအင်တာနက်ကိုအသုံးပြုကာ အင်တာနက်ကွန်ရက်တစ်ခုတည်ဆောက်ပြီး တော်လှန်ရေးအဖွဲ့များအတွက် အင်တာနက်ရရှိရန်ဆောင်ရွက်ပေးနေသည်မှာ တစ်နှစ်ကျော်ခန့်အထိ ရှိလာပြီဖြစ်သည်

ရခိုင်ဒေသအတွင်း နည်းပညာလုပ်ငန်းများ ဆောင်ရွက်နေသူတစ်ဦးက အင်တာနက်ပြတ်တောက်နေသည့် တိုင်းရင်း သားဒေသများအတွင်း နီးစပ်ရာအိမ်နီးချင်းနိုင်ငံများမှတစ်ဆင့် ဖိုက်ဘာဆက်ကြောင်းများချိတ်ဆက်ရေးကို ညှိနှိုင်းဆောင် ရွက်နိုင်ပါက ယခုအင်တာနက်ပြတ်တောက်နေသည့် အခြေအနေအပေါ် သိသာသည့် အပြောင်းအလဲဖြစ်စေမည်ဟု ဆို သည်။ စစ်ကောင်စီသည် ယခုထက်ပိုမိုတင်းကြပ်သည့် အင်တာနက်ပိတ်ပင်မှုများကို ပိုမိုပြုလုပ်လာနိုင်သည့်အလားအလာများ တွေ့မြင်နေရသည်ဟု ယင်းကဆိုသည်။ “သူတို့က ဘယ်အထိ အောင်သွားဖို့ရည်ရွယ်ထားလဲဆိုတော့ အချက်အလက်တွေကို သူတို့ပြည်တွင်းက ဒေတာစင်တာ(Data Center) တွေမှာပဲထား။ ဝက်ဘ်ဆိုဒ်(Website)တွေကိုလဲ လိုကယ်ရောက်ခ်(local Route)သွားမှာ။ အဲလိုပုံစံမျိုးအထိ သွားမှာ။ အိုင်ဆိုလေးရှင်း(Isolation)ကို မဖြစ်အောင် အစွမ်းကုန် ကြိုးစားမှာပဲ။ သူတို့သွားချင်းတာကို မဖြစ်အောင် ကြိုးစားရမယ်”ဟု ယင်းက ဖြည့်စွက်ပြောကြားထားသည်။


လေ့လာတွေ့ရှိချက်များ 


အာဏာသိမ်းကာလနောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် အင်တာနက်ဖြတ်တောက်မှုနှင့်အခြေခံအဆောက်အအုံဖျက်ဆီးမှုဆိုင်ရာကိစ္စရပ်များအပေါ် စုစည်းလေ့လာရာတွင် အောက်ပါအချက်များကို တွေ့ရှိရသည်။ 

တိုင်းရင်းသားလက်ကိုင်များ၊ တော်လှန်ရေးအင်အားစုများနှင့်စစ်ကောင်စီတပ်များ ထိတွေ့မှုများသည့် ဒေသများတွင် စစ်ကောင်စီသည် အင်တာနက်ဖြတ်တောက်မှုများကို ပြင်းထန်စွာပြုလုပ်သည်။ ယင်းဒေသများတွင် အခြေချနေထိုင်သည့် လူ ထုသည် သတင်းဆက်သွယ်ရေးဆိုင်ရာပြတ်တောက်မှုဒဏ်ကို သိသိသာသာခံစားရသည်။ အကျိုးဆက်အနေဖြင့် ယင်းဒေသများတွင် အွန်လိုင်းငွေကြေးဝန်ဆောင်မှုများကို အသုံးပြုရန်ခက်ခဲလာခြင်း၊ ငွေသားရှားပါးခြင်းနှင့် ကုန်စျေးနှုန်းကြီးမြင့်ခြင်းစသည့် လူမှုစီးပွားဆိုင်ရာဆိုးကျိုးများကို ဆက်တိုက်ဖြစ်ပေါ်စေသည်။ 

အခြေခံအဆောက်အုံပျက်စီးမှုတစ်ခုဖြစ်သည့် တာဝါတိုင်ဖျက်ဆီးခံရမှုအခြေအနေများအား တော်လှန်ရေးအင်အားစုများမှ အဓိကလုပ်ဆောင်ခဲ့သည်ကိုတွေ့ရှိရပြီး စစ်တပ်၏ဝင်ငွေရင်းမြစ်တစ်ခုအား ဖြတ်တောက်ရန်နှင့် ရရှိလာသောတာဝါတိုင်အပိုင်းအစများအား တော်လှန်ရေးကနဦးကာလတွင် လက်နက်ပြန်လည်ထုတ်လုပ်ရန်ရည်ရွယ်သည်ကို တွေ့ရသည်။ 

တာဝါတိုင်ဖျက်ဆီးမှုများမှာ နှစ်အလိုက် လျော့ကျလာသည်ကို တွေ့ရှိရသော်လည်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု၊ လောင်စာဆီစျေးနှုန်းကြီးမြင့်မှုနှင့် တာဝါတိုင်များသို့ လောင်စာဆီဖြည့်တင်းရေးအတွက် သွားရောက်ရန် အန္တရာယ်ရှိနေမှုစသည့် အခြေအနေများသည်လည်း ဒေသတွင်း ဆက်သွယ်ရေးဆိုင်ရာပြတ်တောက်မှုများကို ပိုမိုဆိုးရွားစေသည်ကို တွေ့ရှိရသည်။ 

ပဋိပက္ခအခြေအနေအတွင်း လမ်းတံတားဆိုင်ရာပျက်စီးမှုနှင့်အတူ ဖိုက်ဘာဆက်ကြောင်း ပြတ်တောက်မှုဆိုင်ရာအ ခြေအနေများနှင့် ယင်းဖိုက်ဘာဆက်ကြောင်းများအားသွားရောက်ပြင်ဆင်ရန် လုံခြုံရေးဆိုင်ရာအခက်အခဲရှိနေသည့်အခြေအ နေများသည်လည်း အင်တာနက်ပြတ်တောက်မှုကိုပိုမိုဆိုးရွားစေသည်ကို တွေ့ရှိရသည်။ 

အဓိကအားဖြင့် ဆက်သွယ်ရေးဆိုင်ရာအခြေခံအဆောက်အုံဖျက်ဆီးခံရမှုနှင့် အင်တာနက်ဖြတ်တောက်မှုဖြစ်စဉ်များကြောင့် အဓိကနစ်နာရသည်မှာ ဒေသခံများသာဖြစ်သည်။


အကြံပြုချက်များ


ဆက်သွယ်ရေးဆိုင်ရာ ပြတ်တောက်မှုပြဿနာများကြောင့် ဒေသခံလူထု၏ထိခိုက်နစ်နာမှုများကို ကုစားကာကွယ်နိုင်ရေးအ တွက် အောက်ပါအချက်အလက်များကို အကြံပြုပါသည်။


(၁) စစ်ရေးဆိုင်ရာအရေးပေါ်အခြေအနေများအရ ဆက်သွယ်ရေးလမ်းကြောင်းများကို မလွဲမရှောင်သာ ထိခိုက်စေရ မည့်အခြေအနေများတွင်ပင် ဖိုက်ဘာဆက်ကြောင်းကဲ့သို့ အခြေခံအဆောက်အုံများကို တတ်နိုင်သမျှ အထိအခိုက်နည်းစေရေး စဉ်းစားရန်။


(၂) ဒေသတွင်းလူထု သတင်းအချက်အလက်အမှန်များ ရရှိစေရေး၊ အရေးအပေါ်အခြေအနေများတွင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်ရေးအတွက် နည်းပညာဆိုင်ရာကျွမ်းကျင်သည့်အဖွဲ့အစည်းများ၏စုစည်းအင်အားဖြင့် ဆက်သွယ်ရေးနည်းလမ်းသစ်များကို ရှာဖွေအသုံးပြုရန်။


(၃) နိုင်ငံနယ်နိမိတ်ခြင်း ထိစပ်ဒေသများတွင် အင်တာနက်ဖိုက်ဘာဆက်ကြောင်းများ ရယူအသုံးပြုနိုင်ရေးအတွက် နိုင်ငံ တကာအဖွဲ့အစည်းများအပါအဝင် လက်ရှိအင်အားစုများအနေဖြင့် လိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းမှုများပြုလုပ်ပြီး တတ် နိုင်သမျှနည်းလမ်းဖြင့် အကောင်အထည်ဖော်နိင်ရန်။


(၄) ကောင်းကျိုးထက် ဆိုးပြစ်များကိုသာဖြစ်ပေါ်စေသည့် အင်တာနက်ဖြတ်တောက်မှုများကို အမြန်ဆုံးရပ်တန့်ရန်များကို အကြံပြုပါသည်။



ကိုးကားစာရင်း


Comments


bottom of page