top of page

လေကြောင်းတိုက်ခိုက်ခံရခြင်းနှင့်ဆက်သွယ်ရေးဖြတ်တောက်မှုများအကြားက တွေးချင့်စရာ အကျိုးအပြစ်ချိန်ခွင်လျှာ

Myanmar Internet Project

Updated: Feb 4

Generated with Wix's AI Image Tools.



နိဒါန်း


၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူထု၏သတင်းအချက်အလက်ရပိုင်ခွင့်နှင့်လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်များသည် စစ်ကောင်စီ၏အင်တာနက်ဖြတ်တောက်မှု၊ လူထု၏အွန်လိုင်းရပ်ဝန်းအတွင်းပြောဆိုမှုများအား စောင့်ကြည့်အရေး ယူခံရမှုများနှင့်အတူ ဦးစိုက်ထိုးကျသွားခဲ့ပြီဖြစ်သည်။

မြန်မာအင်တာနက်ပရောဂျက်(MIP)က စုဆောင်းထားသောအချက်အလက်များအရ ၂၀၂၄ ခုနှစ် တစ်နှစ်ထဲတွင်ပင် မြို့နယ်ပေါင်း(၈၂)မြို့နယ်ထက်မနည်းသည် အင်တာနက်ဖြတ်တောက်ခံရမှုများကို တွေ့ကြုံခဲ့ရသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လအထိ တော်လှန်ရေးအင်အားစုများနှင့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များသိမ်းဆည်းခဲ့သော မြို့ပေါင်း(၉၄)မြို့တွင်လည်း ဆက်သွယ်ရေးဆိုင်ရာအခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။

အာဏာသိမ်းစစ်ကောင်စီ၏ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းဖြတ်တောက်မှုများကြောင့် ဒေသခံလူထုသည် စီးပွားရေး၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာအကျပ်အတည်းများကို ပြင်းထန်စွာခံစားခဲ့ကြရသည်။ ထို့အပြင် အမျိုးသားညီညွတ်ရေးအ စိုးရ(NUG)၊ မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော်(TNLA)နှင့်အာရက္ခတပ်တော်(AA)တို့ကလည်း လုံခြုံရေးဆိုင်ရာစိုးရိမ်မှုများကြောင့် ယင်းတို့၏စိုးမိုးနယ်မြေအတွင်း အင်တာနက်နှင့်ဖုန်းဆက်သွယ်ရေးဆိုင်ရာကန့်သတ်ထိန်းချုပ်မှုများအား ၂၀၂၄ ခုနှစ်အတွင်းလုပ်ဆောင်ခဲ့သည်ကို လွတ်လပ်သောသတင်းမီဒီယာများ၏သတင်းဖော်ပြချက်များအရ တွေ့ရသည်။


၂၀၂၄ ခုနှစ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က လုပ်ဆောင်ခဲ့သော

ဆက်သွယ်ရေးဆိုင်ရာထိန်းချုပ်ကန့်သတ်မှုဖြစ်ရပ်များ


၂၀၂၄ ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့ MPA သတင်းဌာန၏သတင်းဖော်ပြချက်အရ အမျိုးသားညီညွတ်ရေးအစိုးရ(NU G)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၊ အမှတ်(၁)စစ်ဒေသ၏ညွှန်ကြားချက်ဖြင့် ဂန့်ဂေါခရိုင်အတွင်းရှိ ‌အများပြည်သူအသုံး ပြုနေသော စတားလင့်ခ့်ဝိုင်ဖိုင်(Starlink WiFi)များကို အောက်တိုဘာလ(၁)ရက်နေ့မှစတင်၍ပိတ်ထားရန် ညွှန်ကြားချက်ထုတ်ခဲ့သည်ဟု သိရသည်။ ထိုကဲ့သို့ညွှန်ကြားရသည့်ရည်ရွယ်ချက်မှာ မလိုလားအပ်သော စစ်ရေးသတင်းပေါက်ကြားမှုများရှိနေခြင်းကြောင့်ဖြစ်သည်ဟု သတင်းရေးသားဖော်ပြမှုအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင်လည်း စစ်ရေးသတင်းမပေါက်ကြားစေရန်ဟုဆိုကာ အခကြေးငွေယူ ဆောင်၍ဖွင့်လှစ်ထားသော စတားလင့်ခ့်ဝိုင်ဖိုင်(Starlink WiFi)များယာယီပိတ်သိမ်းရန်ညွှန်ကြားမှုများရှိခဲ့သည်။ ထို့နောက် မနက်(၈)နာရီမှနေ့လယ်(၁၂)နာရီအထိနှင့် ညနေ(၃)နာရီမှ(၆)နာရီအထိအသုံးပြုခွင့်ပေး၍ ပြန်လည်ဖြေလျှော့ပေးခဲ့သည်ဟု ယင်းသတင်း၌ပင် ဆက်လက်ဖော်ပြထားသည်ကို တွေ့ရသည်။

၂၀၂၄ ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့ ဘီဘီစီမြန်မာပိုင်း(BBC)သတင်းဌာန၏ဖော်ပြချက်အရ စစ်ကိုင်းတိုင်းဒေသ ကြီးနှင့်မကွေးတိုင်းဒေသကြီးအတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)စိုးမိုးနယ်မြေများတွင် စတားလင့်ခ့်(Starlink) နှင့်အခြားသောဆက်သွယ်ရေးကုမ္ပဏီများမှရသည့် ဆက်သွယ်ရေးကွန်ရက်များဖြင့်အင်တာနက်ကဖေးဖွင့်သူများ မှတ်ပုံတင်‌ ကြေး(၅)သိန်းပေးဆောင်ရမည်ဖြစ်ပြီး အခွန်ငွေအဖြစ် လစဉ်ဝင်ငွေ၏(၁၀)ရာခိုင်နှုန်း (သို့မဟုတ်) ငွေကျပ်(၆)သိန်းပေးဆောင်ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ကြောင်းသိရသည်။ ၂၀၂၄ ခုနှစ် မေလ(၂၁)ရက်နေ့ နေ့စွဲဖြင့်ထုတ်ပြန်သော ယင်းထုတ်ပြန်ချက်တွင် ဝန်ကြီးဌာန၏ညွှန် ကြားချက်ကို လိုက်နာရမည်ဟုပါရှိပြီး စိစစ်အတည်ပြုပြီးမှသာ မှတ်ပုံတင်ခွင့်ပြုမည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။


အဲန်ယူဂျီ(NUG)အစိုးရ၏ အင်တာနက်ကဖေးဆိုင်များဖွင့်လှစ်မှုနှင့်သက်ဆိုင်သည့် ထုတ်ပြန်ကြေညာချက်


အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန ဝက်ဆိုက် (website)၏မိတ်ဆက်စာမျက်နှာတွင် ကြားကာလအတွင်း ပြည်သူတို့၏နေ့စဥ်ဘဝတွင် သတင်းအချက်အလက်နှင့်ဆက်သွယ်‌ရေးအသုံးပြုမှုများ လွယ်ကူချောမွေ့စေရေး၊ သတင်းမီဒီယာများလွတ်လပ်ခွင့်နှင့် အနာဂတ်တွင် နည်းပညာအခန်းကဏ္ဍ စနစ်တကျနှင့်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လိုအပ်သောအခြေခံအုတ်မြစ်များချမှတ်နိုင်ရေးတို့မှာလိုအပ်လျက်ရှိသည်”ဟု ဖော်ပြထားသည်။

ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့်နည်းပညာဝန်ကြီးဌာန၏သုံးနှစ်တာအတွင်း အောင်မြင်ခဲ့သောလုပ်ဆောင် ချက်များကိုဖော်ပြထားရာတွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ၏ဝန်ကြီးဌာနအသီးသီး၊ တော်လှန်ရေးအင်အားစုများ၊ ရုံးအဖွဲ့ဝင်များနှင့်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များသို့ Satellite Internet Terminal များ၊ Satellite Phone များ၊ StarLink များ၊ Radio Mobile & HandHeld များနှင့် အခြားသောဆက်သွယ်ရေးပစ္စည်းများအား ထောက်ပံ့တပ်ဆင်ပေး”နိုင်ခဲ့သည်ဟု ဖော်ပြခဲ့သည်။ သို့သော်လည်း လူထုအတွက်အပြန်အလှန်ဆက်သွယ်နိုင်သည့် နည်းပညာဆိုင်ရာပံ့ပိုးနိုင်မှုလိုအပ်ချက်များမှာ ရှိနေစဲပင်ဖြစ်သည်။

အများပြည်သူကိုယ်တိုင် ကိုယ်ထူကိုယ်ထကြိုးပမ်းထားရသော အင်တာနက်ကဖေးများအပေါ် မှတ်ပုံတင်ကြေးနှင့်ဝင် ငွေ၏(၁၀)ရာခိုင်နှုန်းအထိကောက်ခံခြင်းသည် စစ်ဘေးစစ်ဒဏ်ကြောင့် ဝင်ငွေတည်ငြိမ်မှုမရှိသော အခြေခံလူထု၏အင်တာနက်သုံးစွဲနိုင်မှုအခြေအနေကို ထိခိုက်နစ်နာစေနိုင်သည်။ စစ်ရေးသတင်းပေါက်ကြားမှုကြောင့်ဟူသည့်အကြောင်းပြချက်ဖြင့် အင်တာနက်သုံးစွဲမှုကိုဟန့်တားခြင်းသည် အလွန်ယေဘုယျဆန်သောအကြောင်းပြချက် ဖြစ်နေသည်။ ယင်းအစား စစ်ရေးသ တင်းပေါက်ကြားမှု‌အခြေခံအားနည်းချက်ကို ရှာဖွေခြင်းသည်သာ ရေရှည်တည်ငြိမ်သော သတင်းဆက်သွယ်ရေးအခြေအနေများဖြစ်ပေါ်စေရေးကို ပိုမိုအထောက်အကူဖြစ်စေနိုင်မည်


၂၀၂၄ ခုနှစ်အတွင်း လားရှိုးမြို့နယ်၌

မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၏

ဆက်သွယ်ရေးဖြတ်တောက်မှုဖြစ်ရပ်များ


၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းတွင် မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က လားရှိုးမြို့အား သိမ်း ပိုက်အပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလအစောပိုင်းတွင် လားရှိုးဒေသခံများ ဖုန်းနှင့်အင်တာနက်ပြန်လည်သုံးစွဲနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ လားရှိုးမြို့အပေါ် စစ်ကောင်စီက ဆက်တိုက်ဗုံးကြဲမှုများကြောင့် လေ ကြောင်းရန်အန္တရာယ်စိုးရိမ်ချက်ဖြင့် စတားလင့်ခ့်(Starlink)အင်တာနက်သုံးစွဲမှုနှင့်ဖုန်းလိုင်းများအား အမ်အဲန်ဒီအေအေ (MNDAA)က ၂၀၂၄ ခုနှစ် အောက်တိုဘာလ(၅‌)ရက်နေ့မှစတင်၍ဖြတ်တောက်ခဲ့သည်ဟု အာရ်အက်ဖ်အေမြန်မာပိုင်း (RFA)သတင်းဌာန၏ဖော်ပြချက်အရ သိရသည်။

ထိုသို့ အမ်အဲန်ဒီအေအေ(MNDAA)က အင်တာနက်ဖြတ်တောက်ခဲ့သော်လည်း အောက်တိုဘာလ(၆)ရက်နေ့တွင် လားရှိုးမြို့၊ အထက်မန်အိုင်ဘုန်းကြီးကျောင်းအနီးရှိ လူနေအိမ်ပေါ်သို့ ပေါက်ကွဲအားပြင်းထန်သော ဗုံး(၂)လုံးကြဲချခဲ့၍ လူနေ အိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။ အောက်တိုဘာလ(၁၄)ရက်နေ့ကလည်း လားရှိုးမြို့အနီးရှိ၊ လူနေထူထပ်သော အီနိုင်းရွာထဲသို့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူသုံးဦးသေဆုံးကာ ခရစ်ယာန်ဘုရားကျောင်းလည်း ပျက်စီးခဲ့သည်အောက်တိုဘာလ(၂၃)ရက်နေ့တစ်ရက်တည်းတွင် အနည်းဆုံး(၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရသည်။ အင်တာနက်သုံးစွဲမှု ထပ် မံကန့်သတ်ပြီးနောက် လားရှိုးမြို့လုံခြုံရေးအခြေအနေနှင့်ပတ်သက်သော သတင်းတု/သတင်းအမှားများ ပိုမိုပျံ့နှံလာသည်ဟု ရွှေဖီမြေသတင်းဌာနက ရေးသားခဲ့သည်။

လေကြောင်းအန္တရာယ်စိုးရိမ်ချက်များကြောင့် အင်တာနက်ဖြတ်တောက်မှုသည် ဒေသလုံခြုံရေးအပေါ် အကျိုးကျေးဇူး အမှန်တကယ်ရှိ/မရှိဆိုသည်ကို သေချာစွာ စိစစ်သုံးသပ်ရေးမှာ အလွန်အရေးပါနေသည်။ ထိုသို့မဟုတ်ပါက ဒေသခံလူထုသည် အင်တာနက်ပြတ်တောက်မှုကြောင့်နှင့်စစ်ရေးကြောင့်ဖြစ်ပေါ်လာနိုင်သော အန္တရာယ်သတိပေးချက်များကို အချိန်မီမရ ရှိနိုင်ဘဲ အသက်အန္တရာယ်ထိခိုက်ရသည့်ဖြစ်စဉ်များ ဖြစ်လာနိုင်သည်။ သတင်းတု/သတင်းမှားများအပေါ်အခြေခံပြီး မှားယွင်းသည့်ဆုံးဖြတ်ချက်များကြောင့် စစ်ဘေးသင့်လူထုအနေဖြင့်ပိုမိုကြီးမားသည့် အခက်အခဲများနှင့်ရင်ဆိုင်ရနိုင်ချေမြင့်မားလာနိုင်သည်။


မိုးကုတ်မြို့နယ်အတွင်း တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏

ဆက်သွယ်ရေးဖြတ်တောက်မှုဖြစ်ရပ်များ


တီအဲန်အဲလ်အေ(TNLA)သိမ်းပိုက်ထားသော မိုးကုတ်မြို့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ပထမဦးဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရပြီး လူ(၉)ဦးထက်မနည်း သေဆုံးခဲ့သည်။ စစ်ကောင်စီ၏ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူအစုလိုက်အပြုံ လိုက်သေဆုံးမှုဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ၂၀၂၄ ခုနှစ်  နိုဝင်ဘာလ(၁၂)ရက်နေ့တွင် လူစုလူဝေးဖြင့်ပြုလုပ်ရသော ထာပွဲ (ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း) အားလည်း ပိတ်ရန်လုပ်ဆောင်ခဲ့ပြီး  စတားလင့်ခ့်(Starlink)အင်တာနက်နှင့် စီဒီအမ်အေ(CDMA)ဖုန်းဝန်‌ဆောင်မှုများကို ယာယီပိတ်ထားရန်ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ ထိုသို့အင်တာနက်ဖြတ်တောက်ထားသော်လည်း မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့အရှေ့ပိုင်း၊ ဂေါက်ကွင်းအနီးအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၈)ရက်နေ့က ဗုံးအလုံး(၃၀)ကျော် ထပ်မံကြဲချ တိုက်ခိုက်ခံခဲ့သည်ကို တွေ့ရသည်။

ထိုသို့ မိုးကုတ်မြို့အား အင်တာနက်နှင့်ဖုန်းလိုင်းများပိတ်ထားရန်ကန့်သတ်ပြီးနောက် ဖုန်းပြောသူများကို တီအဲန်အဲလ်အေ(TNLA)က မိုးကုတ်မြို့၌ ကြိမ်ဒဏ်ပေးရိုက်နှက်နေဟုဆိုသောသတင်းအမှားတစ်ခု တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လာခဲ့သည်ကိုလည်း တွေ့ရှိရသည်။

မိုးကုတ်မြို့အား အင်တာနက်နှင့်ဖုန်းလိုင်းသုံးစွဲခွင့်ကန့်သတ်ခံရသောအခြေအနေများကြောင့် မိုးကုတ်မြို့ခံများသည် ငွေလွှဲငွေထုတ်ကိစ္စများနှင့်စီးပွားရေးကိစ္စများတွင် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်။ အင်တာနက်ပိတ်ပင်ခံထားရသောအခြေအနေတွင် အွန်လိုင်းအမှီပြုပညာသင်ကြားနေသောကျောင်းသားများသည်လည်း ပညာသင်ကြားရေးဆိုင်ရာအခက်အ ခဲများနှင့်ရင်ဆိုင်နေရသည်။

ထို့အပြင် စတားလင့်ခ့်(Starlink)အင်တာနက်ခိုးဖွင့် သုံးစွဲသူများ၏စက်များကို သိမ်းဆည်းခြင်းနှင့်အင်တာနက် လာရောက်သုံးစွဲသူများအပေါ် တီအဲန်အဲလ်အေ(TNLA)က ငွေဒဏ်ချမှတ်မှုများရှိနေသည်ဟု ရွှေဖီမြေသတင်းဌာန၏ဖော်ပြ ချက်အရ သိရသည်။ ထိုသို့ စတားလင့်ခ့်(Starlink)အင်တာနက်ပိတ်ပင်မှုများနှင့်အရေးယူမှုများကြောင့် အင်တာနက်သုံးစွဲခမှာ တစ်နာရီ(၂,၀၀၀)ကျပ်မှ (၅,၀၀၀)ကျပ်အထိ မြင့်တက်လာသည်ဟုသတင်းဖော်ပြချက်အရ သိရသည်။ မိုးကုတ်မြို့ခံများ ဆက်သွယ်ရေးအတွက်ယခင်အသုံးပြုခဲ့သော စီဒီအမ်အေ(CDMA)ဆင်းကဒ်များကိုဝယ်ယူကာ ဖုန်းလိုင်းအသုံးပြု၍ရသောနေရာများတွင် သွားရောက်ပြီး ဆက်သွယ်မှုများ ပြုလုပ်နေရသည်။ စီဒီအမ်အေ(CDMA)ဖုန်းဖြင့်ဆက်သွယ်သူများကိုလည်း တီအဲန်အဲလ်အေ(TNLA)ဘက်က ဖမ်းဆီးအရေးယူမှုများရှိသည်ဟု ရွှေဖီမြေသတင်းဌာနက ဆိုသည်။

အထက်ပါအခြေအနေများကိုလေ့လာပါက တီအဲန်အဲလ်အေ(TNLA)၏အင်တာနက်နှင့်ဖုန်းလိုင်းများဖြတ်တောက် ရန်ညွှန်ကြားမှုများအကြားက ဒေသခံအများပြည်သူမှာ ဆက်သွယ်ရေးအတွက် ခက်ခက်ခဲခဲရုန်းကန်နေရသည်ကိုမြင်တွေ့ရမည်။ သတင်းအချက်အလက်ရရှိရေးအတွက် ဒေသခံအများပြည်သူသည် ပိုမိုရုန်းကန်ရပြီး စီးပွားရေးနှင့်လူမှုရေးဆိုင်ရာအ ကျပ်အတည်းများလည်း ပိုမိုရင်ဆိုင်လာရသည်။ ထို့အပြင် ယင်းသို့ထိန်းချုပ်ကန့်သတ်ခြင်းနည်းဖြင့် ဆက်သွယ်ရေးဖြတ်တောက်မှုများအား တီအဲန်အဲလ်အေ(TNLA)က အလုံးစုံထိန်းချုပ်ထားနိုင်သောအခြေအနေတွင်ရှိနေခြင်းမဟုတ်သည်ကိုလည်း တွေ့ရသည်။

လုံခြုံရေးစိုးရိမ်ချက်ကြောင့် ထိုကဲ့သို့အင်တာနက်နှင့်ဖုန်းလိုင်းများ ဖြတ်တောက်ရသောအခြေအနေ ဆောင်ရွက်သူ များဘက်မှဆိုသော်လည်း ဒေသခံများ၏အခက်အခဲ၊ လက်တွေ့ထိရောက်မှုများကို နှိုင်းယှဉ်သုံးသပ်ကြည့်ပါကာ အင်တာနက်ဖြတ်တောက်မှုကြောင့်ဖြစ်ပေါ်လာသော အကျိုးအပြစ်ရေချိန်အားသိရှိနိုင်ပြီး ယင်းအခြေအနေအား ပြန်လည်စဉ်းစားခြင်းသည် ဒေသခံများ၏အခက်အခဲကို ကူညီဖြေရှင်းပေးရာရောက်နိုင်မည်ဖြစ်သည်။


အာရက္ခတပ်တော်(AA)၏ထိန်းချုပ်နယ်မြေအတွင်းက လေကြောင်းအန္တရာယ်စိုးရိမ်ချက်ကြောင့်

ဆက်သွယ်ရေးဖြတ်တောက်မှုနှင့်ဒေသတွင်းလူမှုဘဝဒုက္ခများ


အာရက္ခတပ်တော်(AA)၏ထိန်းချုပ်နယ်မြေများတွင်လည်း လေကြောင်းအန္တရာယ်များကြောင့်လုံခြုံရေးအတွက်ဆက်သွယ်ရေးလိုင်းဖြတ်တောက်ထားမှုများပြုလုပ်နေသည်ဟု Western News သတင်းဌာနမှဖော်ပြလာသည်ကို တွေ့ရသည်။ ရခိုင် ပြည်နယ်သည် အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတို့၏တိုက်ပွဲများကြောင့် ဖုန်းလိုင်းဖြတ်တောက်မှုများနှင့်ရင်ဆိုင်ကြုံ တွေ့ခဲ့ရပြီး စစ်ကောင်စီလက်အောက်မှ လွတ်မြောက်လာချိန်တွင်လည်း လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်ကြောင့် ဆက်သွယ်ရေးပြတ်တောက်မှုများနှင့်ဆက်လက်ရင်ဆိုင်နေရသည်ဟု သတင်းက ဆိုသည်။ 

ထိုသို့ ဆက်သွယ်ရေးဆိုင်ရာပြတ်တောက်မှုများနှင့်ရင်ဆိုင်နေရသည့်အခြေအနေတွင် ဒေသခံများသည် ဆက်သွယ်ရေးလိုင်းမိသောနေရာများအထိသွားရောက်ပြီး ဖုန်းဆက်သွယ်မှုများကိုဆောင်ရွက်ရသည့်အတွက် မလိုလားအပ်သော ငွေ ကြေးကုန်ကျမှုများနှင့်ရင်ဆိုင်နေရသည်။ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့တို့မှလွဲပြီး ဘဏ်စနစ်မလည်ပတ်နိုင်သော ရခိုင်ပြည်နယ်တွင် အင်တာနက်လိုင်းသာမက ဖုန်းလိုင်းများပါ ပြတ်တောက်နေသည့်အတွက် ငွေလွှဲဝန်ဆောင်မှုအခက်အခဲများလည်း ဖြစ်ပေါ်နေသည်။ ဖုန်းလိုင်းရရှိသောနေရာများတွင် ဖုန်းပြောခမှာ တစ်မိနစ်လျှင်(၂,၀၀၀) ကျပ်အထိ မြင့်တက်နေသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အင်ဇုန်ပြင်ကျေးရွာရှိ ဖုန်းလိုင်းမိသောနေရာတွင် ဖုန်းဆက်နေကြစဉ် စစ်ကောင်စီ၏ဗုံးကြဲချမှုကြောင့်  ဒေသခံ(၄)ဦး အနည်းဆုံးသေဆုံးခဲ့ရသည်

လေကြောင်းတိုက်ခိုက်မှုစိုးရိမ်ချက်ကြောင့် ဆက်သွယ်ရေးလိုင်းများဖြတ်တောက်ထားပါက ဒေသခံအများပြည်သူသည် သတင်းဆက်သွယ်ရေးအတွက်ကြိုးပမ်းရင် အသက်အန္တရာယ်နှင့်ရင်ဆိုင်ရသောအခြေအနေများ တွေ့ကြုံနေရသည်ကို ယင်းဖြစ်ရပ်က ညွှန်ပြနေသည်။ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပိုမိုပြုလုပ်လာ၍ ဖုန်း/အင်တာနက်များကို သတိထားသုံးစွဲကြရန် ထုတ်ဖော်သတိပေးခဲ့သည်ကို တွေ့ရသည်။ ယင်းသတိပေးချက်သည် လေကြောင်းအန္တရာယ်စိုးရိမ်ချက်ကြောင့် လူထု၏ဆက်သွယ်ရေးကွန်ရက်များအား ဖြတ်တောက်ခြင်းထက် ပိုမိုကောင်းမွန်သည့် ဆောင်ရွက်ချက်ပင်ဖြစ်ပါသည်။


နိဂုံး


စစ်ကောင်စီလက်အောက်မှ လွတ်မြောက်နေသောဒေသများတွင် ကြုံတွေ့နေရသည့် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းဖြတ် တောက်မှုဖြစ်ရပ်များသည် စစ်ကောင်စီကလုပ်ဆောင်ခဲ့သော ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းဖြတ်တောက်မှုအခြေအနေများ နှင့်မတူဘဲ လုံခြုံရေးဆိုင်ရာစိုးရိမ်ချက်အပေါ် အခြေခံဖြစ်ပေါ်လာခဲ့ရသည်ကို ထင်ရှားစွာ မြင်တွေ့ရပါသည်။

သို့သော်ဖြစ်ရပ်တစ်ခုချင်းတွင်ဖော်ပြခဲ့သည့်အတိုင်း ဆက်သွယ်ရေးဖြတ်တောက်မှု၊ ယင်း၏သက်ရောက်မှုနှင့်ဒေသခံတို့၏လူမှုဘဝဒုက္ခများကိုနှိုင်းယှဉ်ကြည့်ရာတွင် ဒေသခံများသည် ဝန်ထုတ်ဝန်ပိုးများစွာကို ပိုမိုခံစားရသည်ကိုလည်းမြင်တွေ့ရပါသည်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့်သတင်းအချက်အလက်ရယူပိုင်ခွင့်တို့သည် အခြေခံလူ့အခွင့်အရေးများ ဖြစ်ပါသည်။ ယင်းလွတ်လပ်ခွင့်များ၏အကန့်အသတ်ကို စစ်ကောင်စီလက်အောက်လူထုသာမက လွတ်မြောက်နယ်မြေများအ တွင်းမှလူထုပါ မတူညီသောအခြေအနေနှင့်ဆက်လက်ခံစားနေရသည်ကိုလည်း တွေ့မြင်ရပါသည်။ မည်သည့်အခြေအနေကြောင့် ဆက်သွယ်ရေးဖြတ်တောက်သည်ဖြစ်စေ လူ့အခွင့်အရေးတန်ဖိုးများ၏ဆုံးရှုံးမှုသည် တူညီစွာဖြစ်ပေါ်လေ့ ရှိပါသည်။

ယူကေ(UK)အခြေစိုက်“TOP10VPN”အဖွဲ့၏အစီရင်ခံစာအရ ၂၀၂၄ ခုနှစ်အတွင်း အင်တာနက်ပိတ်ပင်မှုကြောင့် မြန်မာ နိုင်ငံ၏စီးပွားရေးဆုံးရှုံးမှုမှာ ၁.၄၈ ဘီလီယံ(ဒေါ်လာ)ရှိသည်ဟု ဖော်ပြထားပါသည်။ စစ်ဘေးဒဏ်ကြောင့် စီးပွားရေးအကျပ် အတည်းနှင့်ရင်ဆိုင်နေရသည့်ဒေသများတွင် ဆက်သွယ်ရေးဆိုင်ရာဆက်လက်ပြတ်တောက်မှုသည့်ဒေသခံတို့၏လူမှုဒုက္ခကို ပိုမိုမြင့်မားလာစေနိုင်ပါသည်။

လုံခြုံရေးအကြောင်းပြချက်အရ တော်လှန်ရေးအင်အားစုများမှ ဆက်သွယ်ရေးဖြတ်တောက်ခဲ့သည့်နေရာများအဖြစ် သတင်းထွက်ပေါ်ခဲ့သည့်နေရာအားလုံးအပေါ်လေ့လာမှုအရ ဆက်သွယ်ရေးဖြတ်တောက်ပြီးနောက်ပိုင်းတွင်လည်း ဗုံးကြဲတိုက်ခိုက်မှုများဆက်လက်ဖြစ်ပေါ်ခဲ့သည်ကို တွေ့နေရသည်။

လုံခြုံရေးအခြေအနေများကြောင့် စာသင်ကျောင်းများ ပြည့်ဝစွာလည်ပတ်နိုင်သည့် အနေအထားမရှိသည့်အခြေအ နေတွင် အွန်လိုင်းသင်ကြားရေးစနစ်သည် ကျောင်းသားများ၏အဓိကအားကိုးရာ ပညာသင်ကြားခွင့်လမ်းကြောင်းတစ်ခုဖြစ်ပါ သည်။ ဆက်သွယ်ရေးကွန်ရက်များအား ရေရှည်ပိတ်ပင်ထားခြင်းသည် လွတ်လပ်စွာပညာသင်ကြားခွင့်အပေါ်သို့ပါ သွယ်ဝိုက်သက်ရောက်စေနိုင်ပါသည်။

အထက်ပါအခြေအနေများတွင် တော်လှန်ရေးအင်အားစုများနှင့် လူထုအကြား နားလည်မှုနှင့်ယုံကြည်မှုပေါင်းကူးများလည်း ပျက်ယွင်းစေနိုင်သည့်အတွက် အင်တာနက်ဖြတ်တောက်မှုများကြောင့်ဖြစ်ပေါ်လာနိုင်သည့် အကျိုးအပြစ်များကို ပြန် လည်ချိန်ဆပြီး အများပြည်သူ၏သတင်းဆက်သွယ်ခွင့်အခွင့်အရေးကိုမြှင့်တင်ပေးရန် အကြံပြုတိုက်တွန်းအပ်ပါသည်။


Recommended Citation Style -

Myanmar Internet Project (2025, February). လေကြောင်းတိုက်ခိုက်ခံရခြင်းနှင့်ဆက်သွယ်ရေးဖြတ်တောက်မှုများအကြားက တွေးချင့်စရာ အကျိုးအပြစ်ချိန်ခွင်လျှာ.

၂၄ views

Comments


bottom of page