top of page

အင်တာနက်အဖြတ်၊ လေကြောင်းအချက်၊ လူထုအကျပ်

  • SRS
  • Apr 26
  • 2 min read


နိဒါန်း 


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့ တစ်ကျော့ပြန်အာဏာသိမ်းမှုနှင့်ရင်ဆိုင်ရပြီးနောက် မြန်မာနိုင်ငံ၏အင်တာနက်လွတ် လပ်ခွင့်အခြေအနေသည် အဆိုးဝါးဆုံးအခြေအနေအထိ ဦးစိုက်ဆင်းသွားခဲ့သည်။ ထိုသို့ အင်တာနက်ဖြတ်တောက်ပိတ်ပင်မှုအခြေအနေများကြောင့် ၂၀၂၄ ခုနှစ်အတွင်း မြန်မာ့စီးပွားရေးမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၈ ဘီလျံအထိ ဆုံးရှုံးနစ်နာခဲ့သည်ဟု ယူကေ(UK)အခြေစိုက်“Top10VPN”အဖွဲ့၏အစီရင်ခံစာတွင် ဖော်ပြထားသည်။


မြန်မာအင်တာနက်ပရောဂျက်၏ “၂၀၂၄ ခုနှစ် တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ဒစ်ဂျစ်တယ်ဖိနှိပ်ခံရမှုအခြေအနေများ”အစီအရင်ခံစာအရ ၂၀၂၄ ခုနှစ်တစ်နှစ်ထဲတွင်ပင် မြို့နယ်ပေါင်း(၈၂)မြို့နယ်၌ အင်တာနက်ဖြတ်တောက်ခံရသောအခြေအနေများနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုသို့ အင်တာနက်ဖြတ်တောက်မှုများကြောင့် ယင်းဒေသများအတွင်းနေထိုင်သည့် အများပြည်သူသည် ဆက်သွယ်ရေးအခက်အခဲ၊ ကုန်စျေးနှုန်းမြင့်မားလာမှုနှင့်ငွေသားရှားပါးမှုဒဏ်များကိုလည်း ပိုမိုခံ စားလာရသည်။ 


တစ်ဖက်၌ အင်တာနက်ဖြတ်တောက်မှုဖြင့် သတင်းစီးဆင်းမှုကို ဟန့်တားနှောင့်ယှက်နေသလို အာဏာသိမ်းကာလရှည်ကြာပြီး တော်လှန်ရေးအရှိန်မြင့်လာသည်နှင့်အမျှ မြေပြင်အင်အား ပြုန်းတီးမှုများနှင့်ရင်ဆိုင်နေရသော စစ်ကောင်စီသည် လေ ကြောင်းတိုက်ခိုက်မှုများအား အလွန်အကျွံသုံးစွဲလာသည်ကို တွေ့ရသည်။ 


လေ​ကြောင်းသတင်းအချက်အလက်များကြိုတင်သတိ​ပေးစနစ်(Early Warning)ကိုအဓိကလုပ်​ဆောင်​နေသော “Enemy Air Route (EAR)”နှင့်“Nationwide Air Scout (NAS)”အဖွဲ့တို့ ပူးပေါင်းထုတ်ပြန်သော “၁၀၂၇ စစ်ရေး”ဒုတိယလှိုင်းအတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများအား လေ့လာဆန်းစစ်တင်ပြခြင်း”အစီအရင်ခံစာအရ မန္တလေး၊ ရှမ်း (မြောက်)၊ စစ်ကိုင်း၊ ချင်း၊ ရခိုင်၊ ကချင်နှင့်မကွေး စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များသည် “၁၀၂၇ စစ်ရေး” ဒုတိယလှိုင်းစတင်ခဲ့သော ၂၀၂၄ ခုနှစ် ဇွန်လမှ ဒီဇင်ဘာလအတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ရာနှင့်ချီကြုံတွေ့ခဲ့ရသောဒေသများဖြစ်သည်ကို တွေ့ရသည်။ 


မြန်မာအင်တာနက်ပရောဂျက်(MIP)၏အာဏာသိမ်းကာလတစ်လျှောက် အင်တာနက်ဖြတ်တောက်မှုများကို စောင့်ကြည့်စု ဆောင်းထားသောအချက်အလက်များအရ စစ်ကိုင်း၊ ကချင်၊ ရှမ်းမြောက်၊ ချင်း၊ မကွေး၊ ရခိုင်နှင့်မန္တလေး စသည့်ဒေသကြီးများသည် အာဏာသိမ်းကာလတစ်လျှောက် အကြိမ်ရေ(၁၀)ကြိမ်နှင့်ချီ၍ အင်တာနက်ဖြတ်တောက်မှုကြုံတွေ့ခဲ့ရသော တိုင်းဒေသကြီးနှင့်ပြည်နယ်များဖြစ်နေသည်ကို တွေ့ရသည်။ 


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့(AAPP)၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ ထုတ်ပြန်ချက်အ ရ ၂၀၂၄ ခုနှစ် ဇူလိုင်လ(၁)ရက်နေ့မှ ဒီဇင်ဘာလ(၂၀)ရက်နေ့အတွင်း  စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရသည့်အရေအတွက်(၂၈၇)ဦးကို အမည်နှင့်တကွစာရင်းပြုစုထားနိုင်ခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ သေဆုံးသူများအနက် ရခိုင်ပြည်နယ်မှာ(၉၀)ဦးရှိပြီး သေဆုံးမှုအများဆုံးဒေသဖြစ်သည်ဟုလည်း အစီအရင်ခံစာက ထည့် သွင်းဖော်ပြထားသည်။ ရခိုင်ပြည်နယ်သည် အာရက္ခတပ်တော်(AA)နှင့်စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် ပြည်နယ်တစ်ခုလုံးနီးပါးကို ဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံခဲ့ရသည့် ပြည်နယ်လည်း ဖြစ်သည်။


ဖုန်းနှင့်အင်တာနက်ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံဒေသများသည် လူမှုစီးပွားဒုက္ခများသာမက၊ အသက်အန္တရာယ်စိုး ရိမ်ရသည့် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ ခြိမ်းခြောက်မှုမားနှင့် ပိုမိုရင်ဆိုင်နေရပြီလားဆိုသည်မှာ အထက်ပါနှိုင်းယှဉ်ချက်များအရ စိုးရိမ်ဖွယ်ရာ ဖြစ်လာသည်။ 


ယခုအစီအရင်ခံစာတွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း စစ်ကောက်စီလုပ်ဆောင်ခဲ့သည့် လေ ကြောင်း တိုက်ခိုက်မှုဖြစ်စဉ်များနှင့် ယင်းဒေသများ၏သတင်းဆက်သွယ်ရေးဆိုင်ရာအခြေအနေများကိုလေ့လာပြီး သတင်း ဆက်သွယ်ရေးအခက်အခဲ၊ လေကြောင်းတိုက်ခိုက်မှုအခြေအနေနှင့် မြင့်တက်လာသော အများပြည်သူ၏အသက်ဘေးအန္တ ရာယ်အခြေအနေများကို သုံးသပ်လေ့လာသွားမည် ဖြစ်ပါသည်။ 



အချက်အလက်ရယူမှုနည်းနာ


လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ သတင်းအချက်အလက်များနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့်ဖြစ်ပေါ်ခဲ့သည့် ထိခိုက်မှုဆိုင်ရာ သတင်းအချက်အလက်များကိုရယူရာတွင် ဒေသတွင်းအခြေပြုသတင်းဌာနများနှင့်လွတ်လပ်သော သတင်းမီဒီယာများ၏ဖော်ပြချက်များအား နေ့စဉ်မှတ်တမ်းတင် စုဆောင်းရယူထားပါသည်။ ထို့အပြင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဘက်မှထုတ်ပြန်သော လေကြောင်းတိုက်ခိုက်မှုနှင့်သက်ဆိုင်သောအချက်အလက်များကိုလည်း ထည့်သွင်းစုဆောင်းထားပါသည်။ အစီအရင်ခံစာပါအချက်အလက်များ ခိုင်မာအားကောင်းစေရေးအတွက် လွတ်လပ်သောအဖွဲ့အစည်းများမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအထိ ထုတ်ပြန်သောအစီအရင်ခံစာပါ အချက်အလက်များနှင့်သတင်းဖြစ်စဉ်အချို့ကိုလည်း ကိုးကားအ သုံးပြုထားပါသည်။ 


အချက်အလက်များရယူရာတွင် အင်တာနက်နှင့်ဖုန်းလိုင်းပြတ်တောက်နေမှုဆိုင်ရာ အခက်အခဲနှင့် ဆက်သွယ်ရေးဆိုင်ရာလုံ ခြုံမှုအခြေအနေများကြောင့် သေဆုံးထိခိုက်ဒဏ်ရာရရှိမှု အရေအတွက်များအား ထည့်သွင်းတွက်ချက်ရာတွင် မြေပြင်အခြေအ နေနှင့်အရေအတွက် ကွဲလွဲမှုရှိနိုင်ပါသည်။ အချို့သော လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသည့်ဖြစ်စဉ်များကိုဖော်ပြရာတွင် သတင်းဌာနတစ်ခုချင်းစီ၏ကိန်းဂဏန်မတူညီမှု အခြေအနေများကိုလည်း တွေ့ရှိရပါသည်။ အစီအရင်ခံစာတွင်ဖော်ပြသော ကိန်းဂဏန်းများအား သေချာမှုရှိစေရန်အတွက် ကွဲလွဲချက်ရှိသောသတင်းများမှအချက်အလက်များကို ရေတွက်ရာတွင် အနည်းဆုံးသောကိန်းဂဏန်းများကိုသာ ထည့်သွင်းတွက်ချက်ထားပါသည်။ 



၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့်ဒေသများ 


၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်း တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံခဲ့ရသော ဖြစ်စဉ်ပေါင်း(၁၄၀)ကို မြန်မာအင်တာနက်ပရောဂျက်(MIP)က စုဆောင်းနိုင်ခဲ့ပါသည်။

 

သုံးလအတွင်းဖြစ်ပေါ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၁၄၀)အပေါ်လေ့လာချက်အရ တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၄)ခုရှိသည့်အနက် ဒေသ(၁၃)ခုရှိ မြို့နယ်ပေါင်း(၆၅)မြို့နယ်တွင် လေကြောင်းမှတစ်ဆင့် ဗုံးကြဲသည့်ဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိရသည်။



မြန်မာအင်တာနက်ပရောဂျက်(MIP)က မှတ်တမ်းပြုစုထားသော အင်တာနက်နှင့်ဆက်သွယ်ရေးဆိုင်ရာဖြတ်တောက်ခံရမှုကြုံတွေ့ခဲ့ရသည့် ဒေသဆိုင်ရာအချက်အလက်များနှင့်တိုက်ဆိုင်စစ်ဆေးကြည့်ရာ ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါ ရီလအတွင်း လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခံရသည့်မြို့နယ်(၆၅)ခုအနက် (၆၄)မြို့နယ်သည် ဆက်သွယ်ရေးဆိုင်ရာဖြတ် တောက်ခံရမှုများနှင့်ကြုံတွေ့နေရသည်ကိုတွေ့ရှိရသည်။ တောင်သာမြို့နယ်နှင့်ပတ်သက်သောအချက်အလက်ကိုမူ အတည်မပြုနိုင်ခဲ့ပါ။



တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံခဲ့ရသောအခြေအနေများ



၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းတွေ့ရှိခဲ့ရသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များကိုလေ့လာကြည့်ရာတွင် ရခိုင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ပေါ်ခဲ့သည်ကို တွေ့ ရှိရသည်။ 


ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့်အာရက္ခတပ်တော်(AA)တို့အကြား တိုက်ပွဲများအပြင်းအထန်ဖြစ်ပွားနေပြီး ပြည်နယ်တစ်ခုလုံး ဖုန်းနှင့်အင်တာနက် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရသော ပြည်နယ်တစ်ခုဖြစ်သည်။ ရခိုင်ပြည်နယ်တွင် မြို့နယ်ပေါင်း(၁၇)မြို့နယ်ရှိသည့်အနက် (၁၄)မြို့နယ်အား စစ်ကောင်စီ လက်လွှတ်ထားရသည်။ စစ်ကောင်စီ လက် လွှတ်လိုက်ရသောမြို့နယ်များတွင် လူနေရပ်ကွက်များအတွင်း ဗုံးကြဲချမှုများပြုလုပ်လာသည်ကိုလည်း တွေ့ရှိရသည်။ 


စစ်ကောင်စီက ဒုတိယအများဆုံးလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များကို လေ့လာကြည့်ရာတွင် ပြည်သူ့ကာကွယ်ရေးတပ်များ အဓိကထိုးစစ်ဆင်တိုက်ခိုက်နေသော မြို့နယ်များဖြစ်သည်ကို တွေ့ရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများတွင် စက်တပ်လေထီး(Powered   parachute)များအသုံးပြုတိုက်ခိုက်လာသည်ကိုလည်း တွေ့ရှိလာရသည်။ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော်(TNLA)ထံ နယ်မြေလက်လွှတ်ထားရသော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မိုးကုတ်မြို့အား တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့ညတွင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံ(၉)ဦးသေဆုံးပြီး (၁၃)ဦးဒဏ်ရာရရှိခဲ့သည်ကို တွေ့ရသည်။ 


ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိ စစ်ကောင်စီလက်လွှတ်ခဲ့ရသော မြို့နယ်အများအပြားနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ အင်အားကောင်းသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုအ များအပြား လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်။ 


“အင်တာနက်နဲ့ဖုန်းလိုင်းတွေ ပြတ်တောက်နေတဲ့အချိန်မှာ ညီမတို့ လေယာဉ်လာတဲ့အခြေအနေကိုလည်း ဘယ်လိုအချက်ပြမှုမျိုးမှ မရှိဘူး။ လာလို့ရှိရင်လဲ ဖြစ်တဲ့အတိုင်း ခံလိုက်ရတာပဲ ရှိတယ်။ ညီမတို့ကတော့ ဖြစ်စေချင်တာကတော့ တစ်နေရာရာ၊ မီးသတ်ဌာနကနေပဲဖြစ်ဖြစ် ဥဩဆွဲပေးတာမျိုး ညီမတို့ကို တစ်ခုခုတော့ လုပ်ပေးရင်တော့ ကောင်းမှာပေါ့။ အခုဟာ ညီမတို့ ဂျက်ဖိုက်တာ(Jet Fighter)လေယာဉ်ဆိုရင် လေယာဉ်က ရှေ့ရောက်နေပြီ အသံက နောက်ကပါလာတယ်။ တကယ် တမ်းကြဲသွားလို့ရှိရင် ညီမတို့ဘာမှကို မသိလိုက်ရဘူးရှင့်။ ညီမတို့မှာအချက်ပေးမှု၊ ဆက်သွယ်မှုဆိုတာလဲ မရှိပါဘူးရှင့်” ဟု ကျောက်မဲဆေးရုံတိုက်ခိုက်မှုကို ကြုံတွေ့ခဲ့ရသူ နန်းယိင်းအွန်(အမည်လွှဲ)မှ ပြောကြားခဲ့သည်။ 


“လေကြောင်းတိုက်ခိုက်ခံရပြီးဆိုရင် အခုကဘာကွန်နက်ရှင်(Connection)မှလည်း မရှိဘူး။ ချိတ်ဆက်မှုမရှိတော့ ဖြစ်လို့ ဖြစ်သွားမှန်းတောင် မသိလိုက်ဘူး။ လေယာဉ်လာလို့ ရှိရင်လဲ ညီမတို့ကမသိတော့ ကြဲသွားရင်လဲ သေရုံပဲရှိတယ်။ ညီမတို့အ ချင်းချင်းဆက်သွယ်လို့လည်း မရဘူးလေ”ဟု သူမကပင် ဆက်လက်ပြောကြားခဲ့သည်။ 


မြင်းခြံဒေသတွင် လက်ရှိနေထိုင်နေသော မနွေဦးစံ(အမည်လွှဲ)ကလည်း “ဖုန်းလိုင်းအခြေအနေနဲ့ပြောရမယ်ဆိုရင် တစ်ခါတစ်လေ မြို့ပေါ်ကနေ လေကြောင်းတိုက်ခိုက်ဖို့အတွက် လေယာဉ်ဖြတ်တယ်။ ဘယ်ရွာကိုသွားမယ်ဆိုတာလည်း သိတယ်။ ဒါ ပေမယ့် ဖုန်းဆက်ပြီး အကြောင်းကြားပေးဖို့ ဖုန်းလိုင်းမမိတဲ့အနေအထားမျိုးတွေ ရှိတာမျိုးကြုံတွေ့ရတယ်။ အဲ့အတွက် ဆက်သွယ်ရေးက အတော်ခက်ခဲတယ်လို့ ပြောရမယ်”ဟု ဖြေကြားခဲ့သည်။ 


နမ့်စန်ဒေသခံ မင်းသစ်(အမည်လွှဲ)မှလည်း “လေယာဉ်လာတာကို သိနိုင်ဖို့က အသံနဲ့ပဲ ခွဲခြားနေရပါတယ်။ ဂျက်ဖိုက်တာဆိုရင် ဘယ်လိုအသံ၊ “Y-12”ဆိုရင် ဘယ်လိုအသံ၊ ခရီးသည်လေယာဉ်ဆိုရင် ဘယ်လိုအသံဆိုပြီးပေါ့။ ဒီနည်းလမ်းတွေဟာ သိပ် တော့ မတိကျပေမယ့် ဖုန်းလိုင်းဖြတ်ခံထားရတဲ့ဒေသတွေမှာ ဒီထက်ပိုပြီး ဘာမှလုပ်လို့မရပါဘူး”ဟု ဆိုသည်။ 


မိုးကုတ်ဒေသခံ ဒီးဒီး(အမည်လွှဲ)မှလည်း ဆက်သွယ်ရေးလိုင်းများရှိနေပါက ဒလံသတင်းပေးမှုကြောင့် ပိုမိုကြုံတွေ့လာနိုင် သည့် လေကြောင်းအန္တရာယ်ကိုစိုးရိမ်ပြီး ဆက်သွယ်ရေးလိုင်းများ မရှိသည့်အခြေအနေတွင် အဝေးရောက်မိသားစုများနှင့်မဆက်သွယ်နိုင်သည့် အခက်အခဲများရှိနေသည်ဟု ယင်း၏စိုးရိမ်ချက်ကို ဖြေကြားသွားခဲ့သည်။  စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု အများဆုံးကြုံတွေ့ခဲ့ရသော မြို့နယ်များသည် အင်တာနက်နှင့်ဖုန်းလိုင်းများပြတ်တောက်နေသည့် အခြေအနေများကြောင့် လေကြောင်းအန္တရာယ်အချက်ပေးမှုများကို အချိန်နှင့်တပြေးညီရရှိနိုင်ရန် ခဲယဉ်းသည်



စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်အရပ်သားထိခိုက်မှုအခြေအနေ 


မြန်မာအင်တာနက်ပရောဂျက်(MIP)မှ စုဆောင်းရရှိထားသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၁၄၀)အတွင်း အရပ်သားသေဆုံးမှု အနည်းဆုံး(၃၈၇)ဦးနှင့်ဒဏ်ရာရရှိသူ(၄၄၆)ဦးရှိသည်ကို တွေ့ရသည်။ သေဆုံးသူများထဲတွင် အသက်(၁၈)နှစ်အောက်ကလေး(၂၇)ဦး ပါဝင်သည်။



တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံရမှုနှင့်အရပ်သားထိခိုက်သေဆုံးမှုအခြေအနေအား လေ့လာရာ တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့သည့် အရပ်သားထိခိုက်သေဆုံးမှုအ များဆုံးဒေသများ ဖြစ်သည်


မြန်မာအင်တာနက်ပရောဂျက်(MIP)က စုဆောင်းထားသည့် သုံးလတာအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်(၁၄၀) အပေါ် အခြေခံသုံးသပ်ရာတွင်လည်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့ သည့် လေကြောင်းတိုက်ခံရမှု အများဆုံးဒေသများဖြစ်သည်။ ထို့အပြင် လေကြောင်းတိုက်ခိုက်ခံခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များသည် အင်တာနက်နှင့်ဖုန်းလိုင်းဆက်သွယ်မှုပိတ်ပင်မှုများနှင့်ရင်ဆိုင်နေရသည်




လေကြောင်းအန္တရာယ်အကြား ပျောက်ဆုံးသွားသော အခြေခံရပိုင်ခွင့်များ 


စစ်ကောင်စီမှ တိုးမြှင့်လာသော လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူတို့၏အသက်အန္တရာယ် ထိခိုက်စေရုံသာမက အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်သည့် လွတ်လပ်စွာပညာသင်ကြားနိုင်ခွင့်အပေါ်သို့ပါ သက်ရောက်လျက်ရှိသည်ကို တွေ့ရသည်။


မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အနောက်ပိုင်းတွင် ဖွင့်လှစ်ထားသည့် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏အောင်ဆန်း ဘာသာရပ်စုံတက္ကသိုလ်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ(၃၀)ရက်နေ့၌ စစ်ကောင်စီက လေကြောင်းမှ နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းကြောင့် ကျောင်းသူ(၁)ဦးသေဆုံးပြီး(၄)ဦးဒဏ်ရာရရှိခဲ့သည်။


စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်နယ်၌ စစ်ကောင်စီက လေကြောင်းမှဗုံးကြဲ၍ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ လက် အောက်ခံ စာသင်ကျောင်းအများစု ပိတ်ထားရသည်


မ​ကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်က ​အောင်ဆန်းတက္ကသိုလ်အား စစ်​ကောင်စီ​လေ​ကြောင်းမှ​ပစ်ခတ်ခဲ့သည့်

လက်နက်ကြီးဗုံးတစ်လုံးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်​နေ့က ​တွေ့ရစဥ် (ပုံ - RFA)


စစ်ကောင်စီ၏လေကြောင်းအန္တရာယ်ကြောင့် ပညာသင်ကြားခွင့်ဆုံးရှုံးနေသည့်အပြင် အင်တာနက်ပြတ်တောက်နေမှုများကြောင့် ကျောင်းသားကျောင်းသူများအနေဖြင့် စာသင်ကျောင်းများတွင် ပညာသင်ကြားခွင့်မရနိုင်ရုံမက အွန်လိုင်းမှပညာသင်ကြားနိုင်ခွင့်အခြေအနေပါ ဆုံရှုံးနေရသည်။ စတားလင့်ခ့်(Starlink)အင်တာနက်ချိတ်ဆက်မှု လက်လှမ်းမမီသောဒေသများတွင် အွန်လိုင်းမှပညာသင်ကြားနိုင်ရေးအတွက် စတားလင့်ခ့်(Starlink)အင်တာနက်ကို လစဉ်ကြေးပေး၍ အသုံးပြုကြသော် လည်း တစ်လလျှင် မြန်မာကျပ်ငွေ(၁၅၀,၀၀၀)ခန့် လစဉ်ကြေးပေးဆောင်နေရသည်။ ယင်းအခြေအနေသည် ကျောင်းသားကျောင်းသူအားလုံး အွန်လိုင်းပညာရေးလက်လှမ်းမီနိုင်ရန် ကြီးမားသည့်စိန်ခေါ်ချက်ဖြစ်နေသည်။ စစ်ကောင်စီ၏လေ ကြောင်းတိုက်ခိုက်မှုများနှင့် အင်တာနက်ပြတ်တောက်မှုများသည် အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်သည့် လွတ်လပ်စွာပညာ သင်ကြားခွင့်အပေါ် သိသာစွာရိုက်ခတ်လျက်ရှိသည်ကို တွေ့ရသည်။ 


“လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေသမှာရှိတဲ့ ကျောင်းသားတွေအနေနဲ့က အခက်အခဲတွေကတော့ အများကြီးရှိတယ်။ ချမ်း သာတဲ့မိသားစုတွေကတော့ မြို့ပေါ်ကိုတက်ပြီး စာသင်တာတွေ ရှိတယ်။ အလတ်တန်းစား လူတန်းစာတွေ၊ အခြေခံလူတန်း စားတွေ၊ အဲဒီမှာရှိတဲ့ ကျောင်းသားတွေကတော့ ပညာသင်ကြားခွင့်တွေ ဆက်လက်ဆုံးရှုံးနေတယ်”ဟု မြင်းခြံဒေသခံ မနွေဦးစံ(အမည်လွှဲ)က ပြောကြားခဲ့သည်။


၂၀၂၄ ခုနှစ် စက်တင်ဘာလမှဒီဇင်ဘာလအတွင်း စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်း(၃၂) ကျောင်းနှင့် ဆေးရုံ၊ ဆေးခန်း(၇)ခုခန့် ထိခိုက်ပျက်စီးခဲ့ရသည်ဟု ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီအရင်ခံစာတွင် ဖော်ပြထား သည်။


ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ ထုတ်ပြန်ထား‌သောဆေးရုံ၊ စာသင်ကျောင်းနှင့်ဘာသာရေးအဆောက်အုံပျက်စီးမှုအခြေအနေ


လေကြောင်းတိုက်ခိုက်မှုများအား စစ်ကောင်စီကပြုလုပ်ရာတွင် အရပ်သားနေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေးအ ဆောက်အအုံများအပြင် ဆေးရုံ၊ ဆေးခန်များကိုပါ ဗုံးကြဲတိုက် ခိုက်မှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ 


ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင့်ကြီးမြို့အား ဇန်နဝါရီလ(၃)ရက်နေ့၌ ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှု တွင် ဆေးရုံနှင့်စာသင်ကျောင်းများပါ ထိခိုက်ပျက်စီးခဲ့သည်။ ဇန်နဝါရီ(၁၁)ရက်နေ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုတွင် ကျောက်တော်ဆေးရုံ၊ လူနာဆောင်၊ ပြင်ပလူနာဌာန၊ ဆေးစတိုခန်းနှင့်ဝန်ထမ်းအိမ်ရာများပျက်စီးကာ လူနာနှင့်ဝန်ထမ်းအချို့ ထိခိုက်ခဲ့သည်။ ဇန်နဝါရီလ(၂၅)ရက်နေ့ နေ့လယ်ပိုင်းက ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် (၂)ဦးသေဆုံးပြီး ဆေးရုံတက်နေသော လူနာများအပါအဝင် လူ(၂၀)ကျော် ထိခိုက်ဒဏ်ရာရခဲ့သည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)မှစုဆောင်းထားသည့် လေ ကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၁၄၀)အတွင်း ဆေးရုံ၊ ဆေးခန်းထိခိုက်မှုဖြစ်စဉ်(၆)ခုနှင့် စာသင်ကျောင်းထိခိုက်သည့်ဖြစ်စဉ် (၁၄)ခုပါဝင်သည်ကို တွေ့ရသည်။ 


ရခိုင်ပြည်နယ်တွင် မြို့သိမ်းတိုက်ပွဲများ ပြင်းထန်လာခြင်းနှင့်အတူ စစ်ကောင်စီတပ်က မြို့ပေါ်နှင့်နယ်ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသည့် လူနာများ၊ စစ်ကောင်စီ၏မိုင်းနှင့်အသက်အန္တရာယ်ထိခိုက်စေသော စစ်လက်ကျန်ပစ္စည်းများကြောင့် ထိခိုက်ဒဏ်ရာရရှိသွားသော လူနာများနှင့်ကျန်းမာရေးမကောင်း ၍ဆေးကုသမှုခံယူနေရသောလူနာများအတွက် အရေးပေါ်သွေးလိုအပ်ပါက ချက်ချင်းရှာဖွေမရသည့်အခက်အခဲဖြင့်ရင်ဆိုင်နေရသည်ဟု နိရဉ္စရာသတင်းဌာနက ရေးသားဖော်ပြခဲ့သည်။


ထိုသို့ အရေးပေါ်သွေးရှာဖွေရခက်ခဲလာရသည်မှာ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အတွက် ပုံမှန်သွေးအလှူရှင်များနှင့်အဆက်အသွယ်မရခြင်းများကြောင့်လည်းပါသည်ဟု သတင်းကပင် ဆိုသည်။  မြန်မာအင်တာနက်ပရောဂျက်(MIP)မှစုဆောင်းထားသည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်(၁၄၀)အပေါ် အခြေခံတွက်ချက်ရာတွင်ပင် ဒဏ်ရာရရှိသူ(၄၄၆)ဦးရှိခဲ့သည်ကို တွေ့ရသည်။ ဒဏ်ရာရရှိသူများအား အချိန်မီဆေးဝါးကုသမှုပေးနိုင်ရန်အတွက် လိုအပ်သည့်ဆက်သွယ်မှုများတွင် အင်တာနက်နှင့်ဖုန်းလိုင်းပြတ်တောက်နေမှုများသည် အသက်အန္တရာယ်ထိခိုက်စေသည့်အခြေအနေကို တိုးမြင့်သွားစေသည်။ ထို့ကြောင့် စစ်ကောင်စီ၏အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ထားသည့် ဒေသများအတွင်း ပြုလုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်များသည် အရပ်သားပြည်သူတို့၏လွတ်လပ်စွာပညာသင်ကြားနိုင်ခွင့်နှင့်အခြေခံကျန်း မာရေးစောင့်ရှောက်မှုတို့အပေါ် အကြီးအကျယ်ခြိမ်းခြောက်လျက်ရှိသည်။ 


အဓိကတွေ့ရှိချက်များ


(၁)စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှုအများဆုံး ကြုံတွေ့ခဲ့ရသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့်ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များသည် ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခံထားရမှုများနှင့်ကြုံတွေ့နေရသည်။


(၂)၂၀၂၄ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ သုံးလအတွင်းဖြစ်ပေါ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် (၁၄၀)အပေါ် လေ့လာချက်အရ တိုင်းဒေသကြီးနှင့်ပြည်နယ်(၁၄)ခုရှိသည့်အနက် (၁၃)ခုရှိမြို့နယ်ပေါင်း (၆၅)မြို့နယ်တွင် လေကြောင်းမှတစ်ဆင့် ဗုံးကြဲသည့်ဖြစ်စဉ်များဖြစ်ပေါ်ခဲ့ပြီး မြို့နယ်(၆၄)မြို့နယ်တွင် ဆက်သွယ်ရေးပြတ်တောက်မှုများနှင့်ကြုံတွေ့နေရသည်။


(၃)အင်တာနက်နှင့်ဖုန်းလိုင်းများ ပြတ်တောက်နေသည့်အခြေအနေများကြောင့် ဒေသခံများသည် လေကြောင်းအန္တရာယ်အ ချက်ပေးမှုများကို အချိန်နှင့်တပြေးညီရရှိနိုင်ရန် ခဲယဉ်းသည်။ 


(၄)လေကြောင်းတိုက်ခိုက်မှုများကြောင့် စာသင်ကျောင်းများပိတ်ထားရသည့်အပြင် အင်တာနက်နှင့်ဖုန်းလိုင်းဖြတ်တောက်ခံ ထားရသည့် အခြေအနေများကြောင့် ယင်းဒေသများရှိ ကျောင်းသားများသည် အွန်လိုင်းမှ ပညာသင်ကြားခွင့် ရရှိနိုင်ရန် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်။ 


(၅)ဖုန်းနှင့်အင်တာနက်ဖြတ်တောက်မှုများသည် ကျန်းမာရေးစောင့်ရှောက်မှုအချိန်မီပေးနိုင်ရေးအတွက် အခက်အခဲများနှင့်ရင်ဆိုင်နေရသည်။ 


Recommended Citation Style -

Comments


bottom of page