top of page

မြန်မာ့အီလက်ထရောနစ်အုပ်ချုပ်ရေး မဟာစီမံကိန်း (၂၀၃၀)အား ခြေရာကောက်ခြင်း (သို့မဟုတ်) ဒစ်ဂျစ်တယ်အာဏာရှင်စနစ်

  • Myanmar Internet Project
  • 2 days ago
  • 2 min read
မြန်မာ့အီလက်ထရောနစ်အုပ်ချုပ်ရေး မဟာဗျူဟာစီမံကိန်း(၂၀၃၀)၏ မျက်နှာဖုံးပုံ
မြန်မာ့အီလက်ထရောနစ်အုပ်ချုပ်ရေး မဟာဗျူဟာစီမံကိန်း(၂၀၃၀)၏ မျက်နှာဖုံးပုံ

အိုင်စီတီနည်းပညာ ဖွံ့ဖြိုးရေးအတွက် မဟာစီမံကိန်းများရေးဆွဲ၍ မြန်မာနိုင်ငံ၌ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြသည်။ ကိုရီးယားနိုင်ငံ၏ပံ့ပိုးမှုဖြင့် မြန်မာ့အိုင်စီတီဖွံ့ ဖြိုးရေးမဟာစီမံကိန်း(၂၀၀၅) (Myanmar ICT Development Master Plan, 2005)နှင့် မြန်မာ့အိုင်စီတီဖွံ့ဖြိုးရေးမဟာစီမံကိန်း(၂၀၁၁-၂၀၁၅) (Myanmar ICT Development Master Plan,2011-2015)တို့ကိုရေးဆွဲအကောင်အထည်ဖော်ခဲ့သည်။ မြန်မာ့အီလက်ထ ရောနစ်အုပ်ချုပ်ရေးမဟာစီမံကိန်း(၂၀၁၆-၂၀၂၀)(Myanmar e-Governance Master Plan, 2016-2020)ကို အာရှဖွံ့ဖြိုးရေးဘဏ်(ADB)၏အကူအညီဖြင့် ရေးဆွဲအကောင်အထည်ဖော်ခဲ့သည်။ ၂၀၂၁ ခုနှစ် အာ ဏာသိမ်းပြီးနောက် ရေးဆွဲအကောင်အထည်ဖော်သည့် မြန်မာ့အီလက်ထရောနစ်အုပ်ချုပ်ရေးမဟာစီမံကိန်း (၂၀၃၀) (Myanmar e-Governance Master Plan 2030)(“မဟာစီမံကိန်း-၂၀၃၀”ဟု ယခုအစီရင်ခံစာ၌ ဆက်လက်သုံးစွဲဖော် ပြမည်။)တွင် အခြားသောနိုင်ငံများ၏အကူအညီအထောက်အပံ့များ ပါဝင်ခြင်းမရှိကြောင်း တွေ့ရသည်။ 


မဟာစီမံကိန်း(၂၀၃၀)၏ရည်ရွယ်ချက်များတွင် ပြည်သူ့ဝန် ဆောင်မှုများအား ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုပြီး ထိရောက်စွာဆောင်ရွက်နိုင်ရန်၊ ပွင့်လင်းမြင်သာမှုနှင့်တာဝန်ယူမှု၊ တာဝန်ခံမှုတိုးမြင့်လာစေရန်နှင့်ကောင်းမွန်သောအုပ် ချုပ်မှုစနစ်များ ဖြစ်ပေါ်လာစေရန်စသည့် ရည်ရွယ်ချက်ကောင်းများ တွေ့ရသည်။ သို့သော် အာဏာသိမ်းမှုနောက်ပိုင်းတွင်ဖြစ်ပေါ်ခဲ့သည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုပုံစံများ၊ ဒစ်ဂျစ်တယ်ရပ် ဝန်းနှင့်သက်ဆိုင်သည့်ဥပဒေများအား သုံးသပ်ကြည့်ပါက စစ်အာဏာရှင်လက်အောက်ရှိ ဒစ်ဂျစ်တယ်အကူးအပြောင်း (Digital Transformation)များတွင် လူထုအား ကောင်းမွန်သောဝန်ဆောင်မှုပေးရေးထက် ဒစ်ဂျစ်တယ်အချုပ်အခြာအာ ဏာပိုင်ဆိုင်မှု(Cyber Sovereignty)ကိုသာ ဦးစားပေးဆောင်ရွက်ခဲ့ကြောင်းတွေ့ရသည်။ မဟာစီမံကိန်း(၂၀၃၀)အား လေ့ လာကြည့်ရာတွင်လည်း အုပ်ချုပ်သူများသည် ဒစ်ဂျစ်တယ်အဆောက်အအုံနှင့်အချက်အလက်(Data)အသုံးပြုပြီး လူထုအ ပေါ်စောင့်ကြည့်ထိန်းချုပ်မှုများ ပိုမိုလုပ်ဆောင်လာနိုင်သည့်အလားအလာများကို တွေ့ရသည်။ တစ်နည်းအားဖြင့် လူထု၏အ ကျိုးစီးပွားဦးတည်သည့်ဒစ်ဂျစ်တယ်နိုင်ငံတော်(Digital State)မှ ဒစ်ဂျစ်တယ်အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ပိုမိုမြှင့်တင်သည့် စောင့်ကြည့်ရေးနိုင်ငံတော်(Surveillance State)ဆီသို့ ဦးတည်သွားနိုင်သည့်လားရာများရှိနေသည်ကြောင်း တွေ့ရသည်။ 



အီလက်ထရောနစ်အုပ်ချုပ်ရေးမဟာစီမံကိန်း(e-Governance Master Plan)မှတစ်ဆင့်

ဖြစ်ပေါ်လာနိုင်သော စောင့်ကြည့်ရေးဂေဟစနစ်များ


မဟာစီမံကိန်း(၂၀၃၀)သည် ဝန်ကြီးဌာန(၂၆)ခုနှင့်အစိုးရအဖွဲ့အစည်း(၇)ခုက ပူးပေါင်းပါဝင်အကောင်အထည်ဖော်ရန် ရည် ရွယ်ထားသည့်စီမံကိန်းကြီးဖြစ်သည်။ ထို့သို့ အစိုးရအဖွဲ့အစည်းများစွာဖြင့်ပူးပေါင်းထားသလို ယင်းစီမံကိန်းတွင်ပါဝင်သော အစီအစဉ်များသည်လည်း "ပြီးပြည့်စုံသော စောင့်ကြည့်ရေးဂေဟစနစ် (Comprehensive Surveillance Ecosystem)”တစ်ခုအား ချိတ်ဆက်သွားစေနိုင်သည့် ဆောင်ရွက်ချက်ပေါင်းများစွာပါဝင်နေကြောင်း တွေ့ရသည်။ ယင်းနှင့်ပတ်သက်သော အောက်ပါအကြောင်းအရာများကို ခေါင်းစဉ်ငယ်(၅)ခုဖြင့် ဆက်လက်တင်ပြပါမည်။


(၁) အချက်အလက်များကို ပေါင်းစည်းခြင်း 

စောင့်ကြည့်ရေးစနစ်တစ်ခုလုံး၏အသက်သွေးကြောဟုဆိုနိုင်သော အချက်အလက်များသည် ယခုမဟာစီမံကိန်း (၂၀၃၀) အောက်တွင် ပါဝင်နေသည်ကို တွေ့ရသည်။ ပြောင်းလဲ၍မလွယ်သော ဇီဝအချက်အလက်များဖြင့် မှတ်တမ်းတင်ထားသည့် အီးအိုင်ဒီ(e-ID)စနစ် အကောင်အထည်ဖော်မှုများသည် မဟာစီမံကိန်း(၂၀၃၀)၏အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေသည်။ မြေပြင်တွင်လည်း နိုင်ငံသားအများစု၏ဇီဝအချက်အလက်များ စုစည်းပြီးဖြစ်သည်။ “e-Governance Integration Policy Framework”အရ ဝန်ကြီးဌာနအားလုံး၏အချက်အလက်များအား နေရှင်နယ်ဒေတာစင်တာ(National Data Center)တွင်စုစည်းသွားမည့်အစီအစဉ်လည်း ပါဝင်နေသည်။ ယင်းအစီအစဉ်ပြီးပြည့်စုံသွားပါက နိုင်ငံသားတစ်ဦး၏အိုင်ဒီ (ID)ကို ရိုက်ထည့်လိုက်ရုံဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်၊ မိသားစုရာဇဝင်၊ ပညာရေး၊ အလုပ်အကိုင်နှင့်ပြစ်မှုဆိုင်ရာနောက်ကြောင်းများ စသည့်အချက်အလက်အားလုံးသည် အလွယ်တကူ ပေါင်းစပ်နိုင်သွားသည်။


(၂) သွားလာလှုပ်ရှားမှုများကို ခြေရာခံခြင်း 

နိုင်ငံသားတစ်ဦးခြင်း၏ဇီဝအချက်အလက်ကောက်ယူမှုအပြင် သွားလာမှုများကို အချိန်နှင့်တပြေးညီစောင့်ကြည့်နိုင်သည့်အစီ အစဉ်များလည်း မဟာစီမံကိန်း(၂၀၃၀)တွင် ပါဝင်နေသည်။ ပို့ဆောင်ရေးဝန်ကြီးဌာနအောက်တွင် အကောင်အထည်ဖော်မည့် “Vehicle Information Management System”, “Radio Frequency Identification System”, “Real Time updates on Fare Changes”, “Route Changes and Scheduled Maintenance updates for Public Transport” စနစ်များက မည့်သည်အချိန်တွင် မည်သည့်တိုးဂိတ်(Toll Gate)နှင့်မည်သည့်လမ်းဆုံသို့ မည်သည့်ယာဉ်တစ်စီးဖြတ်သန်းသွားကြောင်း အချိန်နှင့်တပြေးညီ သိရှိနိုင်သည်။ 


အများပြည်သူပို့ဆောင်ရေးစနစ်(ဥပမာ- ရထား၊ ဘတ်စ်ကား)များတွင်အသုံးပြုမည် ‘e-Ticket’များ ဆက်လက် အကောင်အ ထည်ဖော်လာပါက ယင်းလက်မှတ်များကို ဝယ်ယူသူ၏အီးအိုင်ဒီ(e-ID)နှင့်ပေါင်းစပ်ပြီး လူတစ်ဦးအနေဖြင့် မည်သည့်နေရာသို့ ခရီးသွားလာနေကြောင်း အချိန်နှင့်တပြေးညီ စောင့်ကြည့်ရန် ပိုမိုလွယ်ကူသွားမည်။ ရထားလက်မှတ်ရောင်းချရာတွင် “e-Ticket” များ စတင်အသုံးပြုလာကြောင်းလည်း တွေ့ရသည်။


ဧည့်စာရင်းတိုင်ကြားသည့်စနစ် (Guest-List Management System)များလည် အကောင်အထည်ဖော်ဆောင်မည်ဖြစ်ရာ အီးအိုင်ဒီ(e-ID)နှင့်ချိတ်ဆက်၍ မည်သည့်ဒေသသို့ ခရီးသွားသည်၊ မည်သည့်တည်းခိုခန်း/ဟိုတယ်များတွင် (သို့မဟုတ်) အိမ်တွင် အိပ်သည်တို့ကို အချိန်နှင့်တပြေးညီ သိရှိသွားနိုင်မည်။


(၃) ငွေကြေးစီးဆင်းမှုကို စောင့်ကြည့်ထိန်းချုပ်ခြင်း 

ဗဟိုဘဏ်၏အစီအစဉ်ဖြင့် အကောင်အထည်ဖော်ထားသည့် “Digital Payment Switch”စနစ်များသည် လူတစ်ဦးချင်းစီ ၏ငွေဝင်/ငွေထွက်၊ ပစ္စည်းဝယ်ယူမှုနှင့်လှူဒါန်းမှုများကို အတိအကျစောင့်ကြည့်နိုင်မည်။ သံသယရှိသူတစ်ဦး၏ဘဏ်အကောင့် သို့မဟုတ် မိုဘိုင်းပိုက်ဆံအိတ်ကို အလွယ်တကူစောင့်ကြည့်နိုင်ပြီး နိုင်ငံသားတစ်ဦး၏ငွေကြေးပိုင်ဆိုင်မှုကို ခလုတ်တစ်ချက်ဖြင့် ထိန်းချုပ်လာနိုင်မည်။


(၄) ဉာဏ်ရည်တုနည်းပညာများ အသုံးပြုလာခြင်း 

မဟာစီမံကိန်း(၂၀၃၀)အောက်တွင် အစိုးရအေအိုင်ပလက်ဖောင်း(Government AI Platform)များအကောင်အထည် ဖော်ဆောင်ရွက်ရန်အစီအစဉ်များလည်း ပါဝင်သည်။ အေအိုင်(AI)၏စွမ်းဆောင်ရည်ကြောင့် နေရာအနှံ့မှ ရရှိလာသည့်အ ချက်အလက်(စီစီတီဗီ(CCTV)၊ ငွေကြေး၊ သွားလာမှု၊ အွန်လိုင်းအသုံးပြုမှု)များကို အလွယ်တကူ ခွဲခြမ်းစိတ်ဖြာ(Analyze) လုပ်နိုင်လာပြီး စောင့်ကြည့်ထိန်းချုပ်မှုများ ပိုမိုအရှိန်မြှင့်လာနိုင်သည့်။ ဥပမာ - ပုံမှန်မဟုတ်သော ခရီးသွားလာမှုများနှင့်ငွေလွှဲ ပြောင်းမှုများကို အေအိုင်(AI)က အလိုအလျောက် သတိပေးနိုင်သည့် စနစ်များအပြင်၊ တပ်ဆင်ထားသောစီစီတီဗီ(CCTV) များမှတစ်ဆင့် မျက်နှာမှတ်မိစနစ်(Facial Recognition)များဖြင့် စောင့်ကြည့်မှုများကို အချိန်နှင့်တပြေးညီတိုးမြှင့်ဆောင် ရွက်လာနိုင်သည်။


(၅) လူမှုကွန်ရက်မီဒီယာ အသစ်ဖန်တီးခြင်း 

အစိုးရကထိန်းချုပ်နိုင်မည့် လူမှုကွန်ရက်မီဒီယာပလက်ဖောင်းများ အကောင်အထည်ဖော်မည့်အစီအစဉ်အား မဟာစီမံကိန်း (၂၀၃၀)၌ ထည့်သွင်းထားသည်။ ပြည်သူများအား ယင်းတို့ထိန်းချုပ်ထားသော ထိန်းချုပ်လူမှုကွန်ရက်မီဒီယာပလက်ဖောင်းများသို့ပြောင်းလဲအသုံးပြုရန် ဖိအားပေးခြင်းဖြင့် ပြည်သူများ၏လွတ်လပ်စွာထုတ် ဖော်ပြောဆိုခွင့်၊ နိုင်ငံရေးအမြင်၊ သဘော ထားနှင့် အချင်းချင်းဆက်သွယ်မှုများကို အလွယ်တကူ စောင့်ကြည့်ခြေရာခံနိုင်လာသည်။ 



ဒစ်ဂျစ်တယ်ပထမ မူဝါဒနှင့်အန္တရာယ်များ


မဟာစီမံကိန်း(၂၀၃၀)၏အစီအစဉ်တစ်ခုတွင် ဒစ်ဂျစ်တယ်ပထမ မူဝါဒ (Digital First Policy)အား အကောင် အထည်ဖော်မည်ဟု ပါဝင်သည်။ အင်တာနက်ဖြတ်တောက်ခံထားရသော မြေပြင်ဒေသများသည် ဒစ်ဂျစ်တယ် ပထမ(Digital First Policy)အတွက် စိန်ခေါ်ချက်တစ်ခုဖြစ်သည်။ အင်တာနက်မရသည့်ဒေသများနှင့် သင့်တင့် သောဒစ်ဂျစ်တယ်ပစ္စည်းများကို သုံးစွဲနိုင်ခြင်းမရှိသည့်လူထုသည် ဒစ်ဂျစ်တယ်ပထမ မူဝါဒ( Digital First Policy)တွင် အပယ်ခံအုပ်စုဖြစ်သွားနိုင်သည်။


ထို့အပြင် ဒေတာစင်တာတစ်ခုထဲတွင် စုစည်းထားရှိမည့်အချက်အလက်များသည် အချက်အလက်ခိုးယူမည့် ဟက်ကာများအတွက် မျက်စိကျစရာနေရာတစ်ခုဖြစ်သည်။ ပြောင်းလဲရန်မလွယ်ကူသည့် ဇီဝအချက်အလက်များသိမ်းဆည်းထားသည့်အ ချက်အလက်များ ပေါက်ကြားသွားပါက လူထုသည် ကြီးမားသည့်နစ်နာဆုံးရှုံးမှုများကို ရင်ဆိုင်ရနိုင်သည်။ 



အနှစ်ချုပ် 


မြန်မာ့အီလက်ထရောနစ်အုပ်ချုပ်ရေးမဟာစီမံကိန်း(၂၀၃၀)အား ဓားသွားနှစ်ဖက်ရှိသောစီမံကိန်းများဟု ခေါင်းစဉ်တပ်လိုသည်။ ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုဝန်ဆောင်မှုများ ကောင်းမွန်လာစေရေးအတွက် အထက်ပါ စီမံကိန်းအများစုသည် အ ခြေခံအားဖြင့် လိုအပ်သည်။ သို့သော် ဒီမိုကရေစီမှေးမှိန်နေသောကာလတွင် ဥပဒေပြုလွှတ်တော်၏အပြန်အလှန် ထိန်း ကျောင်းနိုင်မှု၊ လွတ်လပ်သောတရားစီရင်ရေးဆိုင်ရာအားနည်းမှု၊ ပြည်သူလူထု ၏ကိုယ်ရေးအချက်အလက်များကို ဥပဒေများဖြင့် အားကောင်းမောင်းသန် အကာအကွယ်ပေးနိုင်မှုမရှိသည့် အခြေအနေများတွင် ယင်းစီမံကိန်းပါ အစီအစဉ်များသည် အ ထက်တွင်ဖော်ပြခဲ့သည့်အတိုင်း လူထုဝန်ဆောင်မှုထက်"ဒစ်ဂျစ်တယ်အာဏာရှင်စနစ်"၏လက်နက်များသဖွယ်ဖြစ်နေကြောင်း တွေ့ရသည်။




Recommended Citation Style - Myanmar Internet Project (2026, June 19),

မြန်မာ့အီလက်ထရောနစ်အုပ်ချုပ်ရေး မဟာစီမံကိန်း (၂၀၃၀)အား ခြေရာကောက်ခြင်း (သို့မဟုတ်) ဒစ်ဂျစ်တယ်အာဏာရှင်စနစ် https://www.myanmarinternet.info/my/post/mm_egovernance_masterplan_2030

Comments


bottom of page