top of page
Myanmar Internet Project

၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်များ

Updated: 4 days ago







၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ စတင်ရေတွက်လျှင် မြန်မာပြည်၏စစ်အာဏာသိမ်းခံရမှုကာလသည် (၃)နှစ်တိတိ ပြည့်ခဲ့ပြီဖြစ်သည်။  လွတ်လပ်ရေးရပြီး ကာလနောက်ပိုင်း မြန်မာစစ်တပ်၏ဖိနှိပ်မှုများကို မျိုးစုံကြုံတွေ့ခဲ့ဖူး‌သော တိုင်းရင်း သားတော်လှန်ရေးအင်အားစုများနှင့် ဖိနှိပ်မှုများကို လက်မခံနိုင်‌သောလူငယ်အင်အားစုများသည် (၃)နှစ်တာအာဏာသိမ်း ကာလတစ်လျှောက်လုံးတွင်  စစ်အာဏာရှင်ပြုတ်ကျရေးအတွက် တစ်ခုတည်းသောစိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်ခဲ့ကြသည်ကို မျက်ဝါးထင်ထင် တွေ့ရသည်။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကာလအတွင်း မြန်မာ့အမျိုးသားဒီမိုကရက်တစ်မဟာမိတ်(MNDA A), ရက္ခိုင့်တပ်တော်(AA)နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)တို့၏ ‘၁၀၂၇စစ်ဆင်ရေး’အမည်ဖြင့် စစ်ရေးအရှိန်မြှင့်တင်မှုများပြုလုပ်ပြီးနောက် အာဏာသိမ်းစစ်တပ်သည် တော်လှန်ရေးအင်အားစုများထံသို့ လက်လွှတ်ပေးခဲ့ရသော မြို့ပေါင်းများစွာ ပေါ် ထွက်လာသည်ကို တွေ့ရသည်။

တော်လှန်ရေးအရှိန်မြင့်တက်လာသည်နှင့်အတူ စစ်ကောင်စီ၏မြေပြင်အင်အားစုများ ဆုတ်ယုတ်ကျရှုံးနေသည်။ ထိုအရှိတရားကို ဖုံးကွယ်လိုသည့် စစ်ကောင်စီသည် ဒီဂျစ်တယ်ရပ်ဝန်းအပေါ် ဖိနှိပ်မှုများ ဆက်လက်လုပ်လာသည်ကို တွေ့ရသည်။ ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များအား သုံး သပ်ကြည့်ပါက စစ်ကောင်စီသည် စစ်ရေးအရ အရေးနိမ့်သည့်ဒေသများတွင် အင်တာနက်ဖြတ်တောက်မှုများ ပိုမိုလုပ် ဆောင်လာပြီး လူမှုကွန်ရက်ပေါ်မှပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးမှုများနှင့်သတင်းမီဒီယာဖိနှိပ်မှုများအား ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။

ယခုဆောင်းပါးတွင် ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(သုံးလတာကာလ)အတွင်းဖြစ်ပွားခဲ့သည့် ဒစ် ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့်ပတ်သက်သော တွေ့ရှိချက်များကို စုစည်းဖော်ပြသွားပါမည်။


(၁) ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်


(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

(ခ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ


(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးအားကောင်းလာမှုနှင့်အတူ အင်တာနက်ပြတ်တောက်မှုနှင့် ဖြတ်တောက် မှုများ ပိုမိုများပြားလာသည်ကို ယခုလအတွင်း တွေ့ရှိလာရသည်။ ယင်းစစ်ရေး အားကောင်းလာမှုနှင့်အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ၎င်းတို့၏သက်ဆိုင်ရာဒေသများတွင် စစ်ရေးဖော် ဆောင်မှုများ အချိန်ကိုက်အကောင်အထည်ဖော်လာပြီး ယင်းနေရာများတွင်လည်း မိုဘိုင်းဖုန်းနှင့် အင်တာနက်ဆက်သွယ် ရေး ပြတ်တောက်မှုများ ဖြစ်ပေါ်လာခဲ့သည်။ 

ကော့ကရိတ်နှင့် ကြာအင်းဆိတ်ကြီးမြို့နယ်ရှိ စစ်စခန်းများကို ကေအန်ယူ/ကေအန်အယ်လ်အေ(KNU/KNLA)ဦး ဆောင်သာ မဟာမိတ်များက ဝင်ရောက်တိုက်ခိုက်ပြီးနောက် ယင်းဒေသအား ဖုန်းလိုင်းများဖြတ်တောက်ခဲ့သည်ကို တွေ့ရ သည်။ ညီနောင်မဟာမိတ်သုံးဖွဲ့ စစ်ရေးဖော်ဆောင်ခဲ့သော လောက်ကိုင်မြို့တွင်လည်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်ကို​ တွေ့ရသည်။ 

ကောလင်းမြို့ ဒေသခံပြည်သူများနေထိုင်ရာ လူနေရပ်ကွက်များကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲမှုများပြုလုပ်ခဲ့ပြီး လျှပ်စစ်မီး၊ အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်မှုများ စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်။

ကချင်ပြည်နယ်ရှိ မြို့နယ်(၁၈)ခုစလုံးတွင် အင်တာနက်ပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပြီး ယင်းပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရခြင်းအကြောင်းမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့သိမ်းတိုက်ပွဲအတွင်း အင်တာနက်ကေဘယ်လ်ကြိုးများ ပြတ်တောက်သွားခြင်းကြောင့်ဖြစ်ပေါ်ခဲ့သည်ဟု အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းရှင်များကပြောကြောင်း အာရ်အက်ဖ်အေမြန်မာပိုင်း (RFA Burmese)သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုသို့ ကချင်ပြည်နယ်အတွင်း အင်တာနက်ပြတ်တောက်မှုများကြောင့် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စများ အခက်အခဲဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။

ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများပြန်လည်ဖြစ်ပွားပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များအားလုံးတွင် အာဏာသိမ်းစစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ထားသည်ဟု ‘Arakan Express News’တွင် ဖော်ပြထားသည်ကို တွေ့ရသည်။ 

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်းတွင်လည်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် ကျေးရွာ(၂၀)ဝန်းကျင်တွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်နေသည်ကို တွေ့ရသည်။ ကရင်နီ (ကယား)ပြည်နယ် လွိုင်ကော်မြို့တွင် “၁၁.၁၁ စစ်ဆင်ရေး” မြို့သိမ်းတိုက်ပွဲများစတင်ခဲ့ပြီးနောက် ဖုန်းလိုင်းများအားလုံးပြတ်တောက်သွားခဲ့သည်။ 

အထက်ပါ မိုဘိုင်းဖုန်းနှင့် အင်တာနက်ပြတ်တောက်မှုဖြစ်စဉ်များကိုကြည့်ပါက စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားရာဒေသများတွင် ဆက်သွယ်ရေးဆိုင်ရာဖြတ်တောက်မှုများအား လက်နက်တစ်ခုသဖွယ်အသုံးချနေခြင်းဖြစ်ကြောင်း ထင်ရှားသည်။ ထိုသို့ဆက်သွယ်ရေးဆိုင်ရာ ဖြတ်တောင်မှုဖြစ်စဉ်များကြောင့် စစ်ရေးပြင်းထန်ရာဒေသရှိ ဒေသခံပြည်သူများ လိုအပ်နေသည့်သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီရရှိနိုင်မှု နှောင့်နှေးပြီး လိုအပ်သည့်စစ်ဘေးရှောင်ကိစ္စရပ်များကို ဆောင်ရွက်ရာတွင်လည်းအခက်အခဲများဖြစ်ပေါ်နိုင်စေသည်။ ထို့အပြင် ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကိစ္စရပ်များအတွက် အခက်အခဲများစွာဖြစ်ပေါ်နိုင်သည်။

အန်ယူဂျီ(NUG)၏ဆက်သွယ်ရေးဝန်ကြီးက စစ်ကောင်စီအင်တာနက်ဖြတ်တောက်ထားသည့် မြို့နယ်(၅)ခုတွင် ဒေါ် လာ(၅)သိန်းအသုံးပြုကာ အင်တာနက်ရရှိရေး ပြန်လည်လုပ်ဆောင်မည်ဟု ယခုလအတွင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ဖုန်းလိုင်းများဖြတ်တောက်ခံထားရသည့် ကရင်ပြည်နယ်အတွင်းတွင် စတားလင့်ခ်(Starlink)ကိုအသုံးပြုပြီး အင်တာနက်ကဖေးတစ်ခုဖွင့်လှစ်ခဲ့သည်ကိုလည်း တွေ့ရှိရသည်။ အထက်ပါအခြေအနေများကြောင့် စစ်ကောင်စီ၏ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက မြန်မာနိုင်ငံတွင် ဂြိုလ်တုအင်တာနက်အသုံးပြုမှုများသည် တရားဝင်မှုမရှိကြောင်းနှင့် လိုင်စင်ရယူရန်လိုအပ်ကြောင်းတို့ကို ထုတ်ပြန်ကြေညာခဲ့သည်။


(ခ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ

နိုင်ငံရေး၊ စစ်ရေးနှင့် သံတမန်ရေးရာတိုင်ပွဲများတွင် အကျပ်အတည်းများဖြင့် ဆက်တိုက်ရင်ဆိုင်လာရသော စစ်ကောင်စီ သည် လူထု၏သတင်းရရှိနိုင်မှုကို နှောင့်နှေးစေရန် အင်တာနက်နှင့် မိုဘိုင်းဖုန်းဖြတ်တောက်မှုများကို လုပ်ဆောင်ရုံသာမက လူထု၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုလည်း အကြောက်တရားဖြင့်ထိန်းချုပ်ရန် လုပ်ဆောင်နေသည်။

ယခုလအတွင်း မွန်ပြည်နယ်တွင် လူမှုကွန်ရက်အသုံးပြုသူများအား ဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာသည်ဟု သံလွင်တိုင်းမ်သတင်းဌာနက ဆိုသည်။ ထိုသို့စောင့်ကြည့်ခြေရာခံဖမ်းဆီးမှုများတွင် ဖေ့ဘွတ်ခ့်(Facebook)ကိုသာမက တစ်တော့ခ်(TikTok)ပေါ်မှ ပြောဆိုရေးသားမှုများအားလည်း စောင့်ကြည့်ခြေရာခံဖမ်းဆီးမှုများ လုပ်ဆောင်နေသည်ကို တွေ့ရသည်။ မော်လမြိုင်မြို့ဒေသခံကိုကိုထွဋ်အား ဝန်ကြီးအိမ်ရှေ့ရှိအတားအဆီးများကို ဗီဒီယို(Video)ရိုက်ကူးပြီး တစ်တော့ခ်(Tik Tok)ပေါ်တင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။ ထို့ပြင် သားဖွားဆရာမတစ်ဦးအားလည်း ရေးမြို့ ငါးလုပ်ငန်းဦးစီးမှူးအသတ်ခံရသည့်သတင်းကို ဖေ့ဘွတ်ခ့်(Facebook)ပေါ်တွင် ပြန်လည်မျှဝေသည်ဟု စွပ်စွဲ၍ ပုဒ်မ ၅၀၅-က ဖြင့် အရေးယူခဲ့သည်။

‘ပေါ်တာဆွဲနေတယ်’ဟု လူမှုကွန်ရက်ပေါ်၌ ရေးသားခဲ့သောကြောင့် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်မှ အရပ်သားပြည်သူ(၁၂)ဦးကို နယ်မြေရဲစခန်းက ဖမ်းဆီးခဲ့သည်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်ကြား ရေးဝန်ကြီးအဖြစ်တာဝန်ယူခဲ့သူ ဦးရဲထွဋ်ကိုလည်း ယင်း၏လူမှုကွန်ရက်ပေါ်တွင်ပြောဆိုရေးသားမှုများကြောင့် ထောင်ဒဏ် (၁၀)နှစ်အထိ ချမှတ်ခဲ့သည်ကို တွေ့ရသည်။ 


ဦးရဲထွဋ်အား ထောင်ဒဏ်(၁၀)နှစ်ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ဗီအိုအေမြန်မာပိုင်း(VOA)သတင်းဌာန၏ သတင်းဖော်ပြချက်


စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော‘MOI’၌ တရားဝင်ထုတ်ပြန်သော ထုတ်ပြန်ချက်အရ ယခုလအတွင်း လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ(၆၀)ကျော်ရှိသည်ကို တွေ့ရသည်။

 

(၂) ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်အနှစ်ချုပ်


(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

(ခ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ

(ဂ) သတင်းမီဒီယာဖိနှိပ်မှုအခြေအနေများ 


(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

စစ်ကောင်စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲပြင်းထန်ရာနေရာတစ်ခုဖြစ်သည့် ပလက်ဝမြို့နယ်အား စစ်ကောင် စီက ကုန်းလမ်းနှင့်ရေလမ်း ဖြတ်တောက်ပိတ်ဆို့မှုများလုပ်ထားသည့်အပြင် ဖုန်းလိုင်းများကိုပါ ဖြတ်တောက်ထားကြောင်းဧ ရာဝတီတိုင်းမ်သတင်းဌာန၏ဖော်ပြမှုအရ သိရသည်။ ရွှေဖီမြေသတင်းဌာန၏ဖော်ပြမှုအရ မူဆယ်(၁၀၅)မိုင်တွင်လည်း ဖုန်းလိုင်းများဖြတ်တောက်ထားကြောင်း တွေ့ရသည်။ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တွင် စစ်ကောင်စီနှင့် ပြည်သူ့ကာ ကွယ်ရေးတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားပြီး လျှပ်စစ်မီးနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။ အမ်းမြို့နယ်အပါ အဝင် ရခိုင်ပြည်နယ်၏မြို့နယ်အချို့တွင် စစ်ကောင်စီက ဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ထားသည်ဟု The Arakan Express က ရေးသားဖော်ပြခဲ့သည်။ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ နမ့်တွေရွာဘက်တွင် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်နေပြီး ဖုန်းလိုင်းများဖြတ်တောက်ထားသည်ဟု ခေတ်သစ်သတင်းဌာနက ဖော်ပြထားသည်။ နတ်သံကွင်း၊ ပဲနွယ်ကုန်းနှင့် မုန်းဒေသတဝိုက်အပါအဝင် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းဒေသ နေရာအများအပြားတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည်ကို တွေ့ရသည်။ အထက်ပါဖြစ်ရပ်များကိုကြည့်ပါက စစ်ကောင်စီသည် ယင်းတို့၏ လုပ်ရိုးလုပ်စဉ်အတိုင်း စစ်ရေးပြင်းထန်လာပါက အင်တာနက်နှင့်ဖုန်းလိုင်းများဖြတ်တောက်မှုများအား ဆက်လက်လုပ်ဆောင်နေ သည်ကို တွေ့ရမည်။

ထိုသို့ စစ်ကောင်စီသည် စစ်ဆင်ရေးအခြေအနေများအပေါ်မူတည်ပြီး အင်တာနက်ဖြတ်တောက်မှုများကို လက်လွတ် စပယ်ပြုလုပ်နေခြင်း‌ကြောင့် အင်တာနက်ပြတ်တောက်မှုများဖြစ်ပေါ်နေသည့်အပြင် စစ်ကောင်စီ၏စီမံခန့်ခွဲမှုဆိုင်ရာအလွဲများကြောင့် စက်သုံးဆီပြတ်လတ်မှုအခြေအနေများလည်း ယခုလအတွင်းဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက်၌ စွမ်းအင်ထုတ်လုပ်မှုမလုံလောက်‌သောပြဿနာကိုရင်ဆိုင်နေရသည့်အပြင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ယင်းအခြေအနေသည် ပိုမိုဆိုးရွားလာခဲ့သည်။ ထိုသို့စွမ်းအင်မလုံလောက်မှုပြဿနာကြောင့် တိုင်းရင်းသား ဒေသများနှင့် မြို့ပြဖြင့်ဝေးကွာ‌သောဒေသများရှိ ဆက်သွယ်ရေးတာဝါတိုင်များသည် စက်သုံးဆီဖြင့် လည်ပတ်နေရသည်။ ထို့ ကြောင့် စွမ်းအင်ပြတ်လပ်မှုပြဿနာသည် ဆက်သွယ်ရေးကဏ္ဍသို့ပါ သက်ရောက်လာခဲ့သည်။ ဒီမောဆိုးမြို့နယ် အနောက်ဘက်ခြမ်းရှိတာဝါတိုင်များလည်ပတ်ရန် ဆီမလုံလောက်သဖြင့် တစ်နေ့တွင် အင်တာနက်နှင့်ဖုန်းများ(၆)နာရီသာ ပျမ်းမျှအ သုံးပြုနိုင်ခဲ့သည်။ ဖုန်းတာဝါတိုင်များတွင် စက်သုံးဆီပြတ်လပ်ပြီး ကျောက်တော်မြို့နယ်နှင့် ပေါက်တောမြို့နယ်တို့တွင် လည်း အင်တာနက်လိုင်းများ ပြတ်တောက်ခဲ့သည်။ တာဝါတိုင်များကို ဆီမဖြည့်နိုင်သည့်အတွက် ရခိုင်ကျေးလက်ဒေသများတွင် ဖုန်းလိုင်း(၉၀)ရာခိုင်နှုန်းကျော် အသုံးပြု၍မရဖြစ်နေသည်ဟု Westen Newsသတင်းဌာနကလည်းရေးသားဖော်ပြထားသည်ကို ယခုလအတွင်း တွေ့ရှိရသည်။

စစ်ကောင်စီ၏ အင်တာနက်ဖြတ်တောက်မှုများအား ကျော်လွှားနိုင်ရန်လုပ်ဆောင်သော ဆောင်ရွက်မှုအချို့ကိုလည်း ယခုလအတွင်း မြင်တွေ့လာရသည်။ ထန်တလန်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးလက်အောက်ရှိ နည်းပညာအထောက်အကူပြုဌာနဖြစ်သည့် “Team ZNET”က ထန်တလန်မြို့တွင် အင်တာနက်ကွန်ရက်ကို ပြည်သူ့အုပ်ချုပ်ရေးဌာနအချို့သို့ စတင်ပံ့ပိုးပေးနေပြီဟု ထုတ်ပြန်ကြေညာနိုင်ခဲ့သည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်နီ(ကယား)ပြည်နယ်နှင့်က ရင်ပြည်နယ်အတွင်း မြို့နယ်(၄၀)ကျော်မှနေရာပေါင်း(၆၁)နေရာတွင် ကိုယ်ပိုင်အင်တာနက်တပ်ဆင်ပြီးပြီဆိုသော အန်ယူဂျီ (NUG)နည်းပညာဝန်ကြီး၏ပြောဆိုမှုများကိုလည်း တွေ့ရသည်။ သို့သော် အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်ခံရသည့်ဒေသရှိ ပြည်သူများသည် လွတ်လပ်သောဆက်သွယ်ရေးစနစ်တစ်ခုကိုရရှိနိုင်ရေးမှာ အလှမ်းဝေးနေစဲသာဖြစ်သည်။


(ခ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ

စစ်ကောင်စီသည် အာဏာသိမ်းယူပြီးသည့်နေ့မှစတင်ပြီး ယနေ့အချိန်အထိ လူထု၏လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို နည်းမျိုးစုံဖြင့် ဖိနှိပ်ချုပ်ကိုင်ရန် ကြိုးပမ်းနေသည်။ မိမိ၏ကိုယ်ပိုင်ဖေ့ဘုတ်စာမျက်များပေါ်တွင် ပြောဆိုရေးသားမှုများကို စောင့်ကြည့်ရုံသာမက သတင်းမီဒီယာများအောက်တွင် မှတ်ချက်ရေးသားမှုများ ပြုလုပ်သူများကိုပင် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည်။ ယခုလတွင် ရခိုင်သတင်းဌာနများ၏သတင်းများအပေါ် မှတ်ချက်ရေး၊ မျှဝေခြင်းပြုလုပ်ပါက အရေးယူမည်ဟု စစ် ကောင်စီက ကြေညာခဲ့သည်ကိုလည်း တွေ့ရသည်။ လူမှုကွန်ရက်တွင် အကြမ်းဖက်မှုအားပေးလှုံဆော်ခြင်း၊ ငွေကြေး ထောက်ပံ့ခြင်းများပြုလုပ်သည်ဟုစွပ်စွဲ၍ သံဖြူဇရပ်မြို့နယ်ရှိ အမျိုးသားလေးဦးအား စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ စစ် ကောင်စီထောက်ခံသော တယ်လီဂရမ်ချန်နယ်များသည် ဖေ့ဘွတ်ခ်(Facebook)အား ပိတ်ပင်မှုပြုလုပ်ရန် မကြာခဏဆိုသလိုလှုံ့ဆော်လေ့ရှိသည်ကို တွေ့ရသည်။ ယခုလလည်း စစ်တပ်ထောက်ခံသော အမည်ခံသတင်းဌာနတစ်ခုဖြစ်သည့် “Myanmar National Post”က ဖေ့ဘွတ်ခ်(Facebook)အား ပိတ်ပင်ရန်လှုံ့ဆော်မှု ပြုလုပ်ခဲ့သေးသည်။ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏ တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သောMOI၌ တရားဝင်ထုတ်ပြန်သော ထုတ်ပြန်ချက်အရ ယခုလအတွင်း လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ(၃၀)ထက်မနည်း ရှိသည်ကို တွေ့ရသည်။ 


(ဂ) သတင်းမီဒီယာဖိနှိပ်မှု အခြေအနေများ 

စစ်ကောင်စီသည် အင်တာနက်သုံးစွဲသူတစ်ဦးတစ်ယောက်ခြင်း၏ လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုများအား နှိပ်ကွပ်သကဲ့သို့ သတင်းမီဒီယာများအပေါ်တွင် ပုံစံမျိုးစုံဖြင့် နှိပ်ကွပ်မှုများပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ သတင်းထောက်များအား နှစ်ရှည်ထောင်ဒဏ်များချမှတ်ခြင်း၊ သတင်းမီဒီယာများအား လွတ်လပ်စွာရပ်တည်နိုင်ခွင့်မရှိစေရန် လိုင်စင်ပိတ်သိမ်းခြင်းအပါအဝင် အမျိုးအစားစုံလင်သောနည်းလမ်းများဖြင့်လုပ်ဆောင်ခဲ့သည့် သာဓကများစွာရှိခဲ့သည်။


“မဲခေါင်သတင်း(Mekong News)”သတင်းအေဂျင်စီ၏လုပ်ငန်းလိုင်စင်အား ပိတ်သိမ်းလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ ကြေညာချက်


ယခုလတွင်လည်း “မဲခေါင်သတင်း(Mekong News)”သတင်းအေဂျင်စီ၏လုပ်ငန်းလိုင်စင်အား ပိတ်သိမ်းလိုက် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရသည်။ “အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအ ပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ” ခေါင်းစဉ်အောက်တွင် ဖော်ပြခဲ့သည့် ရခိုင်သတင်းဌာနများ၏သတင်းများအပေါ် မှတ်ချက်ရေး၊ မျှဝေခြင်းပြုလုပ်ပါက အရေးယူမည်ဆိုသည့် ကြေညာချက်သည် တစ်နည်းအားဖြင့် သတင်းမီဒီယာများ၏သ တင်းများအား မျှဝေမှုကျဆင်းသွားပြီး ပျံ့နှံ့မှုလျော့ကျစေရန်သွယ်ဝိုက်သောနည်းဖြင့် ဖိနှိပ်မှုတစ်ခုလည်းဖြစ်သည်ကိုတွေ့ရသည်။


(၃) ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်အနှစ်ချုပ်


(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

(ခ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ


(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းတွင်လည်း စစ်ကောင်စီသည် အင်တာနက်နှင့် မိုဘိုင်းဖုန်းဖြတ်တောက်မှုများအား ကျယ်ကျယ်ပြန့်ပြန့်ဆက်လက်လုပ်ဆောင်လာသည်ကို တွေ့ရသည်။ 

ဇန်နဝါရီလ(၆)ရက်နေ့၌ ကွတ်ခိုင်မြို့တွင် စစ်ကောင်စီနှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားပြီးနောက် ဖုန်းလိုင်းများ ဖြတ်တောက်ခဲ့သည်ကို တွေ့ရသည်။ စစ်ကောင် စီနှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများ ရခိုင်ပြည်နယ်တွင် ပြန်လည်ဖြစ်ပွားပြီးနောက် ပေါက် တော၊ ဘူးသီးတောင်နှင့် မောင်းတောမြို့နယ်များတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်သွားခဲ့သည်။ ယင်းမြို့နယ်များတွင် အင်တာနက်နှင့် ဖုန်းလိုင်းများ ပြတ်တောက်ပြီးနောက် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်တစ်ခုလုံးတွင် အင်တာနက်နှင့် ဖုန်းလိုင်းများဖြတ်တောက်ခံခဲ့ရသည်ကို တွေ့ရသည်။ ထိုကဲ့သို့ ရခိုင်ပြည်နယ်တစ်ခုလုံးတွင် အင်တာနက်ပြတ် တောက်မှုဖြစ်စဉ်ကြောင့် ရခိုင်ပြည်နယ်အတွင်းလည်ပတ်နေသည့် ဘဏ်နှင့် ငွေလွှဲငွေထုတ်လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပြီး ဒေသခံများအနေဖြင့် အခက်အခဲနှင့် နစ်နာမှုများဖြစ်ပေါ်ခဲ့သည်။ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)ပူးပေါင်းအဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေတဲ့ မိုးမိတ်မြို့တွင်လည်း အင်တာနက်ပြတ်တောက်ခဲ့သည်။ ရန်ကုန်မြို့ တွင်လည်း လျှပ်စစ်မီးပြတ်တောက်မှုများ ပိုမိုများပြားလာပြီးနောက်  ဝိုင်ဖိုင်(wifi)အင်တာနက်လိုင်းများ ပိုမိုပြတ်တောက်လာသည်ကို တွေ့ရသည်။ ထိုကဲ့သို့ အင်တာနက်နှင့် ဖုန်းလိုင်းများဖြတ်တောက်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို အင်တိုက်အားတိုက်ကျူးလွန်ရန် စစ်ကောင်စီ၏ပြင်ဆင်မှုဖြစ်ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့တို့က ထုတ်ပြန်ကြေညာခဲ့သည်ကို တွေ့ရသည်။ 

ပေါက်နှင့် ထီးလင်းကြားတွင် ဝိုင်ဖိုင်ကြိုးများ ပြတ်တောက်ခြင်းကြောင့် ဂန့်ဂေါမြို့နယ်တွင် အင်တာနက်ပြတ်တောက်မှုဖြစ်ပွားခဲ့ကြောင်း ယောအလင်းတန်း၏ဖော်ပြမှုအရ တွေ့ရှိရသည်။ 

စစ်ကောင်စီသည် စစ်ရေးတင်းမာသောနေရာများတွင် အင်တာနက်ဖြတ်တောက်မှုများကို ပြုလုပ်နေသကဲ့သို့ ဒရုန်း (Drone)ရန်ကာကွယ်ရေးအတွက် ဂျန်ဘာ(Jumber)များ တပ်ဆင်မှုများကြောင့် ပုသိမ်မြို့နှင့် ဂန့်ဂေါမြို့ရှိနေရာအချို့တွင် အင်တာနက်နှင့် ဖုန်းလိုင်းများပြတ်တောက်မှုများဖြစ်ပေါ်ခဲ့သော သတင်းများကိုလည်းတွေ့လာသည်။ 

ကောလင်းမြို့တွင် ဖုန်းနှင့်ဝိုင်ဖိုင်လိုင်းများ ပြန်လည်သုံးစွဲခွင့်ရနေသည်နှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးသူများကို စိစစ်ဖော်ထုတ်ရန် စစ်ကောင်စီ၏လော်ဘီတယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သည့် ကျော်စွာချန်နယ်က ရေးသားလှုံ့ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။ 


(ခ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုနှင့် စောင့်ကြည့်မှုအခြေအနေများ

သတင်းစီးဆင်းမှုကို ဟန့်တားနိုင်စေရေးအတွက် အင်တာနက်ဖြတ်တောက်မှုများကို စစ်ကောင်စီက တစ်ဖက်တွင်ပြုလုပ်နေသလို တစ်ဖက်တွင်လည်း အင်တာနက်ပေါ်မှပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးနှိပ်ကွပ်မှုများအားဆက်တိုက်ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

စစ်ကောင်စီအားဆန့်ကျင်သည့်စာသားများ လူမှုကွန်ရက်တွင်တင်သည်ဟုဆိုကာ ဟင်္သာတမြို့ခံ အသက်(၇၀)အရွယ်သို့ပင်ရောက်ရှိနေသော အမျိုးသားတစ်ဦးဖမ်းဆီးခံခဲ့ရသည်။ စစ်ကောင်စီထောက်ခံသောသံဃာတစ်ပါးဖြစ်သည့် ပေါက်ကိုယ်တော်သည် တပ်ထောက်ခံသောဟောပြောပွဲတစ်ခုတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား အရပ်ဘက်တာဝန်ယူရန်၊ ဒုတိယခေါင်းဆောင်စိုးဝင်အား စစ်ခေါင်းဆောင်နေရာတွင် အစားထိုးရန်ပြောဆိုမှုများသည် လူမှုကွန်ရက်တွင် ပျံ့နှံလာပြီးနောက် ခေါ်ယူစစ်ဆေးမှုပြုလုပ်ခဲ့သည်ကို တွေ့ရသည်

မှတ်တမ်းရုပ်ရှင်ဒါရိုက်တာတစ်ဦးအဖြစ်ထင်ရှားသော ဒါရိုက်တာရှင်ဒေဝီအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ် မ(၂)ခုဖြင့် စစ်ခုံရုံးကစစ်ဆေးပြီး ပုဒ်မ ၅၀(ည)ဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သေးသည်

အွန်လိုင်းပေါ်၌ စစ်ကောင်စီအား ဆန့်ကျင်ပြောဆိုသူများကို ပိုမိုတင်းကျပ်စွာစောင့်ကြည့်ရန်ရည်ရွယ်ပုံရသော လုပ် ဆောင်ချက်များကိုလည်း တိုးမြှင့်လုပ်ဆောင်လာသည်။ အင်တာနက်ပေါ်တွင် နိုင်ငံရေးအရတိုက်ခိုက်ပြောဆိုမှုများနှင့် လိင်အသားပေးကိစ္စများအား လွှင့်တင်ခြင်းများကိုအရေးယူရန် ကော်မတီတစ်ရပ်ဖွဲ့စည်းပြီး (၂၄)နာရီစောင့်ကြည့်မှုများလုပ် ဆောင်ရန် ပြင်ဆင်လာသည်ကို တွေ့ရသည်။


အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများကို စောင့်ကြည့်ရေးအတွက် စစ်ကောင်စီ၏ ကော်မတီ ဖွဲ့စည်းကြောင်း အမိန့်ကြော်ငြာစာ


စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာန၏တယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော ‘MOI’ ၌ တရားဝင်ထုတ်ပြန်သော ထုတ်ပြန်ချက်အရ လူမှုကွန်ရက်ပေါ်တွင် ရေးသားမှုများကြောင့် ယခုလအတွင်း ဖမ်းဆီးခံရသူ(၂၀)ကျော်ရှိသည်ကို တွေ့ရသည်။



Recommended Citation Style -


Myanmar Internet Project. (2024, February 1). ၂၀၂၃ ခုနှစ် နိုဝင်ဘာလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှု ဖြစ်စဉ်များ.

Comments


bottom of page