top of page
  • Myanmar Internet Project

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအတွင်းကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များ



မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းခံရမှုကာလသည် (၃)နှစ်နှင့်(၃)လပြည့်ခဲ့ပြီဖြစ်သည်။ ဖြတ်သန်းခဲ့ပြီးသော စစ်အာဏာသိမ်း ကာလအား ပြန်လည်သုံးသပ်ကြည့်ပါက အချိန်နှင့်အရှိန်သည် တိုက်ရိုက်အချိုးကျနေသည်ကို တွေ့ရသည်။ အချိန်ကာလများ တရွေ့ရွေ့လွန်မြောက်လာသကဲ့သို့ တော်လှန်ရေး၏အရှိန်သည်လည်း တစ်စတစ်စဖြင့် ဇာတ်ရှိန်မြင့်လာနေသည်။ တိုင်း ရင်းသားမဟာမိတ်များ၏ တွန်းလှန်မှုများကြောင့် အာဏာသိမ်းစစ်တပ်သည် ရှမ်းမြောက်၊ ကချင်နှင့် ရခိုင်ဒေသများအတွင်း နယ်မြေဒေသအများအပြားကို လက်လွှတ်ခဲ့ရသောအချက်သည် တော်လှန်ရေးအရှိန် မည်မျှမြင့်လာကြောင်း မီးမောင်းထိုးပြ နေသည်။ 

တအိအိအင်အားပြုန်းတီးလာသည့် အာဏာသိမ်းစစ်တပ်၏အင်အားများ ပြန်လည်ဖြည့်တင်းနိုင်ရေးအတွက် စစ်မှု ထမ်းဥပဒေကိုပြဋ္ဌာန်းရန် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် အမုန်းခံနေရသည့်အကြားက စစ်ကောင်စီသည် ရူးမိုက်ရဲ တင်းစွာ ဆုံးဖြတ်ခဲ့ရသည်။ ထိုအချက်က စစ်ကောင်စီသည် နောက်ဆုံးအချိန်အထိ အာဏာအား လက်လွှတ်ခြင်းမရှိဘဲ အ ဆုံးစွန်အထိ ဖက်တွယ်ထားမည်ကို သက်သေခံနေသည်။ အာဏာလက်မလွှတ်ရရေးအတွက် စစ်ကောင်စီသည် ပြည်တွင်း လူထုကို ဘက်ပေါင်းစုံ၊ ပုံစံမျိုးစုံဖြင့် ဖိနှိပ်လျက်ရှိသည်။

ထိုကဲ့သို့ ဖိနှိပ်မှုများလုပ်ဆောင်ရာတွင် စစ်ကောင်စီ၏အပြင်းအထန်ဖိနှိပ်ခံရသောနယ်ပယ်တစ်ခုမှာ ဒစ်ဂျစ်တယ်ရပ် ဝန်းဖြစ်သည်။ စစ်ကောင်စီသည် လူထု၏ဝေဖန်မှုနှင့်ထိုးနှက်ချက်များကို ကြောက်ရွံသည်။ ယင်းတို့၏ကျရှုံးနေမှု သတင်းစ ကားများ အလျှင်အမြန်ပျံ့နှံ့စေနိုင်စွမ်းရှိသော ဒစ်ဂျစ်တယ်ရပ်ဝန်းကို မကျေနပ်ဖြစ်သည်။ ထို့ကြောင့်ရသည့်နည်း လမ်းဖြင့် ဘက်ပေါင်းစုံမှနေ၍ ဒစ်ဂျစ်တယ်ရပ်ဝန်းကို ဖိနှိပ်သည်။ 

ယခုအစီရင်ခံစာတွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ ဧပြီလအထိ(သုံးလတာကာလ)အတွင်းဖြစ်ပွားခဲ့သည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ်များနှင့်ပတ်သက်သော တွေ့ရှိချက်များကို စုစည်းဖော်ပြသွားပါမည်။


(၁) ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်

(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

(ခ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ

(ဂ) လူထုအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှုအခြေအနေများ

(ဃ) ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းဖြစ်ပေါ်ခဲ့သော

သတိပြုရမည့် ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်းမှ အခြားဖြစ်စဉ်များ 


(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ

အာဏာသိမ်းစစ်ကောင်စီသည် လူထု၏ နားနှင့်မျက်စိများကို ပိတ်ထားနိုင်ရေးနှင့် ဒေသတွင်းဖြစ်ပေါ်နေသည့်သတင်းအချက် အလက်များ မရရှိစေရေးအပါအဝင် ဒီမိုကရေစီပြန်လည်ရရှိရေးလှုပ်ရှားဆက်သွယ်မှုများကို အဟန့်အတားဖြစ်စေရေး ရည် ရွယ်ချက်များဖြင့် အင်တာနက်နှင့် မိုဘိုင်းဖုန်းဖြတ်တောက်မှုများကို အာဏာသိမ်းကာလတစ်လျှောက်လုံးတွင် ပုံစံမျိုးစုံဖြင့်အ သုံးပြုခဲ့သည်ကို တွေ့ရသည်။ 

ကောလင်းမြို့၌ စစ်ကောင်စီတပ်များနှင့်တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများပြင်းထန်နေသည့်ကာလတွင် ဖုန်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့သည်

ရခိုင်ဒေသအတွင်း စစ်ကောင်စီနှင့်ရက္ခိုင့်တပ်တော်(AA)တို့အကြား တိုက်ပွဲများပြင်းထန်လာပြီးနောက် စစ်ကောင်စီ သည် စစ်တွေမြို့အပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုကို ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခဲ့သည်။

စစ်ကောင်စီသည် အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ရုံသာမက စစ်တွေမြို့နှင့် ပုဏ္ဏားကျွန်းမြို့တို့ကို ဆက်သွယ်ထားသည့် မင်းချောင်းတံတားကို မိုင်းခွဲဖျက်ဆီးခြင်း၊ ကျောက်တော်မြို့နယ်မှ ကစ္ပနဒီတံတားအား လေယာဉ်ဖြင့် ဗုံးကြဲခြင်းများကိုပြုလုပ်၍ ဆက်သွယ်ရေးပြတ်တောက်စေရန် ဆောင်ရွက်ခဲ့သည်။ 

ထို့အပြင် ကလေးမြို့တောင်ပိုင်းတွင်လည်း ဖုန်းလိုင်းများပြတ်တောက်သွားခဲ့ကြောင်း Saganing Scout Telegram Channel မှတစ်ဆင့် ဖော်ပြချက်အရ သိရှိရသည်။  ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဘုရင့်နောင်လမ်း(ပင်လုံလမ်းနှင့် တပင်ရွှေထီးလမ်းကြား)ရှိ ဖိုက်ဘာကေဘယ်ကြိုးများနှင့်ဝိုင်ဖိုင်ကြိုးများအား ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ ဖယ်ရှားရှင်းလင်းမှုများလည်း ပြုလုပ်ခဲ့သေးသည်။ 

တိုက်ပွဲကာလများအတွင်း စစ်ကောင်စီ၏အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်မှုလုပ်ဆောင်ချက်များသည် စစ်ဘေးရှောင်ပြည်သူများအတွက် ဆက်သွယ်ရေးဆိုင်ရာအခက်အခဲများကိုဖြစ်ပေါ်စေပြီး အန္တရာယ်ကျရောက်နိုင်ချေ ပိုမိုမြင့်မားစေသည့်အပြင် ကယ်ဆယ်ရေးလုပ်ငန်းများနှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကိုလည်း အဟန့်အတားဖြစ်စေ သည်။ 


(ခ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ

သတင်းအချက်အလက်စီးဆင်းမှုနှင့် ဆက်သွယ်ရေးဆိုင်ရာအဟန့်အတားများဖြစ်ပေါ်စေရန် စစ်ကောင်စီက တစ်ဖက်တွင် လုပ်ဆောင်နေသကဲ့သို့ အခြားတစ်ဖက်မှလည်း လူမှုကွန်ရက်မှတစ်ဆင့် ပြောဆိုရေးသားမှုများအပေါ် စောင့်ကြည့်ဖမ်းဆီးမှု များအား လစဉ်လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရသည်။ 

အာဏာသိမ်းခြင်း(၃)နှစ်ပြည့် အသံတိတ်သပိတ်လှုပ်ရှားမှုအား မှတ်တမ်းတင်သည့် လူငယ်အချို့အား စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာ၌ လူငယ်နှစ်ဦးအား အရှင်လတ်လတ်မီးရှို့သတ် ဖြတ်ခံရသည့်သတင်းကို လူမှုကွန်ရက်တွင်ပြန်လည်မျှဝေကာ စိတ်မကောင်းကြောင်းရေးသားခဲ့သော မန္တလေးမြို့မှ အသက် (၁၈)နှစ်အရွယ် မယွန်းစန္ဒီမောင်အား ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာအိမ်ယာရှိနေအိမ်၌ စစ်သားနှင့်အရပ်ဝတ်လက် နက်ကိုင်များက ရိုက်နှက်ဖမ်းဆီးသွားခဲ့သည်ကို တွေ့ရသည်။

ပြီးခဲ့သော(၂)နှစ်အတွင်း ဖေ့ဘွတ်ခ်(Facebook)၊ တစ်တော့ခ်(TikTok)နှင့် တယ်လီဂရမ်(Telegram)တို့၌ ပြော ဆိုရေးသားမှုများကြောင့် ဖမ်းဆီးခံရသူ(၁,၅၀၀)နီးပါးရှိကြောင်း Data for Myanmarက ဖော်ပြခဲ့သည်။ အထက်ပါအ ချက်အလက်များကိုကြည့်ပါက စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံသားတို့၏အွန်လိုင်းပေါ်မှ လွတ်လပ်စွာထုတ်ဖော်ပြော ဆိုမှုအခြေအနေ မည်မျှဆုတ်ယုတ်သွားသည်ကို ထင်ရှားစွာတွေ့မြင်နိုင်သည်။ 

ပြည်သူလူထု၏ပြောဆိုရေးသားမှုများကို အွန်လိုင်းပေါ်မှာစောင့်ကြည့်နေရုံသာမက မြေပြင်တွင်လည်း ပြည်သူများအ သုံးပြုသည့်လက်ကိုင်ဖုန်းများကို စစ်ဆေးခြင်း၊ ယင်းတို့အား ဆန့်ကျင်သည့် ပြောဆိုရေးသားချက်များကို သိမ်းဆည်းထားခြင်းတို့အပေါ် ဖမ်းဆီးခြင်းနှင့်စစ်ဆေးခြင်းများအား အလျဉ်းသင့်သလို ပြုလုပ်လျက်ရှိသည်ကို တွေ့ရသည်။

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ကန်စွယ်ကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်ပြီး ကျေး ရွာသူကျေးရွာသား(၅၀၀)ခန့်၏ဖုန်းများအား သိမ်းယူသွားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ယင်းတို့၏လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ ခရီးသွားလာသူများ၏မိုဘိုင်းဖုန်းများအားစစ်ဆေးရန် စစ်ကောင်စီ၏လော်ဘီတယ်လီဂရမ်ချန်နယ်တစ်ခုဖြစ်သော“ကျော်စွာလော်ဘီချန်နယ်”မှ လှုံ့ဆော်ရေးသားခဲ့သည်ကိုလည်း ယခုလအတွင်း တွေ့ရှိရသည်။ စစ်ကောင်စီလက်အောက်ပြန်ကြားရေးဌာန၏ “MOI”နှင့် မြန်မာ့အလင်းသတင်းစာတယ်လီဂရမ်၏ထုတ်ပြန်မှုများအရ မတ်လအတွင်း လူမှုကွန်ရက်တွင် ပြောဆိုရေးသားမှုများကြောင်း ဖမ်းဆီးခံရသူ(၃၁)ဦးခန့်ရှိသည်ကိုလည်း ယခုလအတွင်း တွေ့ရှိရသည်။ 


(ဂ) လူထုအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏လုပ်ဆောင်လာမှု အခြေအနေများ 

ဖုန်းလိုင်း၊ အင်တာနက်လိုင်းဖြတ်တောက်မှုနှင့် အွန်းလိုင်းပေါ်ရှိ ပြောဆိုရေးသားမှုများအပေါ် စစ်ကောင်စီက စောင့်ကြည့်နေရုံသာမက လူထုအား အစုလိုက်အပြုံလိုက်စောင့်ကြည့်နိုင်ရေးအတွက်အရေးပါသည့် အချက်အလက်စုဆောင်းရေးကိုလည်း အလေးပေးလုပ်ဆောင်လာသည်ကို တွေ့ရသည်။ 

ထိုကဲ့သို့ပြုလုပ်ရာတွင် ဇီဝအချက်အလက်ရရှိနိုင်ရေးအတွက် စမတ်ကတ်(Smart Card)များအကောင်အထည် ဖော်ဆောင်ရေးလုပ်ငန်းစဉ်သည် စစ်ကောင်စီအတွက် အလွန်အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။ လူထုအား စမတ် ကတ်(Smart Card)များ မဖြစ်မနေလုပ်ဆောင်ရေးအတွက် စစ်ကောင်စီက ပုံစံမျိုးစုံဖြင့် ဖိအားပေးလုပ်ဆောင်လျက်ရှိ သည်ကိုတွေ့ရသည်။ ရွေးကောက်ပွဲပြုလုပ်ရန်အကြောင်းပြချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်း စမတ် ကတ်(Smart Card)များပြုလုပ်ရန် အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်းကောက်ယူရန်များအား လုပ် ဆောင်နေသည်ကို တွေ့ရသည်။ ထို့အပြင် နိုင်ငံကူးလက်မှတ်(Passport)လျှောက်ထားသူများအားလည်း စမတ်ကတ် (Smart Card)နံပါတ်များယူဆောင်လာရန် ဖိအားပေးလုပ်ဆောင်လာသည်ကို တွေ့ရသည်။ ၂၀၂၄ ခုနှစ် အောက်တိုဘာ လ၌ ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် ရှေ့ပြေးလူဦးရေစာရင်းထုတ်ပြန်ရန် စစ်ကောင်စီက စီစဉ်နေသည်ကို တွေ့ရသည်။ 


(ဃ) ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း ဖြစ်ပေါ်ခဲ့သော သတိပြုရမည့် ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်းမှ အခြားဖြစ်စဉ်များ 

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁) ရက်နေ့က တယ်လီနော်မြန်မာ(Telenor Myanmar)ဆက်သွယ်ရေးကုမ္ပဏီအား ဝယ်ယူခဲ့သူ ဦးသိန်းဝင်းဇော်(ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုအားတည်ထောင်သူ)ကို  အမေရိကန်နိုင်ငံက ဆန်ရှင်ချမှတ်ခဲ့သည်

ထူးခြားချက်မှာ ရွှေဗျိုင်းဖြူလုပ်ငန်းစုပိုင်ဆိုင်သည့် အက်တမ်(ATOM)၏ အစုရှယ်ယာများကို ဆန်ရှင်ချမှတ်ခြင်း မတိုင်မီ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် “Myancom Holding Ltd.”သို့ အပြီးတိုင်လွှဲပြောင်းခဲ့ပြီး ရွှေဗျိုင်းဖြူလုပ်ငန်းစုမှ သက် ဆိုင်သူများကို အက်တမ်(ATOM)၏ဒါရိုက်တာအဖွဲ့မှထုတ်ပယ်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ အက်တမ်(ATOM)အနေဖြင့် အရေးယူပိတ်ဆို့ခံရသော မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းနှင့်မျှ ပတ်သက်ဆက်နွယ်ခြင်းမရှိကြောင်းနှင့် အရေးယူပိတ်ဆို့ခံရ သော မည်သည့်ပုဂ္ဂိုလ်/အဖွဲ့အစည်းကိုမှ အစုရှယ်ယာရှင်/အကျိုးခံစားခွင့်ရှိသူ သို့မဟုတ် အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်အ နေဖြင့် ခန့်အပ်ထားရှိခြင်းမရှိကြောင်းကို ယင်းတို့၏ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

စစ်တပ်ပိုင်တယ်လီကွန်တစ်ခုအဖြစ်ထင်ရှားသည့် မိုင်တဲလ်(Mytel Telecom)အောက်ရှိ မိုင်တဲလ်ပေး(Mytel Pay)နှင့် မြန်မာ့ခရီးသွားဘဏ်တို့ပူးပေါင်း၍ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှုပေးရေးအတွက် သဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့သည်ကို တွေ့ရသည်။


(၂) ၂၀၂၄ ခုနှစ် မတ်လအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်

(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

(ခ) အွန်လိုင်းရုပ်သံထုတ်လွှင့်မှုများအပေါ်  ပိုမိုကန့်သတ်လာမှုအခြေအနေများ

(ဂ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ


(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုဖြစ်စဉ်အမြောက်အများကို မတ်လအတွင်း စစ်ကောင်စီက လုပ်ဆောင်ခဲ့သည်ကို တွေ့ရှိရသည်။ 

မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ်ရှိ မြို့အားလုံးနီးပါးသည် တယ်လီဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။ ကချင်ပြည်နယ်အနှံ့အပြားတွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်များအကြား တိုက်ပွဲများပြန်လည်ပြင်းထန်နေသောကာလလည်းဖြစ်သည်။ ပြီးခဲ့သည့်လပိုင်း၌ ကလေးတောင်ပိုင်းတွင် ဖုန်းလိုင်းများဖြတ်တောက်ခဲ့သကဲ့သို့ ယခုလအတွင်းတွင်လည်း ထပ်မံဖြစ်ပေါ်ခဲ့သည်။ 

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ ကျေးရွာပေါင်း(၂၀)ခန့်ကို အင်တာနက်ဖြတ်တောက်ခံထားရသည် မှာ(၂)လခန့်ရှိပြီဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ၏ လူမှုကွန်ယက်စာမျက်နှာတွင် ဖော်ပြထားသည်။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းဒေသတွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းဖြတ်တောက်ခြင်းများပို၍ ရင်ဆိုင်ကြုံတွေ့လာရသည်ဟု တောင်ကြီးနွေဦးတယ်လီဂရမ်ချန်နယ်က ဖော်ပြထားသည်။ ပအိုဝ်းဒေသထဲတွင် ဆီဆိုင်၊ ဟိုပုံး၊ နောင်တရား၊ ပေါင်းလောင်းနှင့် ပင် လောင်း အစရှိသည့်ဒေသများပါဝင်ပြီး ဆီဆိုင်မြို့သည် စစ်ကောင်စီနှင့် စစ်ရေးလွန်စွာ ပြင်းထန်နေသည့်ဒေသဖြစ်သည်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင်မြို့မှာ ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများကို စစ်ကောင်စီက ဖြတ် တောက်ခဲ့သည်သင်္ကန်းညီနောင်မြို့သစ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်ဖွဲ့နှင့် စစ် ကောင်စီတပ်သားများ မတ်လ(၇)ရက်ကတည်းက တိုက်ပွဲဖြစ်ပွားနေသည်။ ကျောက်မဲဧရိယာအတွင်းရှိ ဆက်သွယ်ရေးတာ ဝါတိုင်များ ဆီမဖြည့်နိုင်သည့်အတွက် ဖုန်းလိုင်းအချို့ အသုံးပြု၍မရဖြစ်နေသည့် အခြေအနေများဖြစ်ပေါ်နေသည်။ ရခိုင် ပြည်နယ်၊ အမ်းမြို့နယ်တွင် ဖုန်းလိုင်းများဖြတ်၍ စစ်မှုထမ်းရမည့်လူငယ်များစာရင်းကို အာဏာသိမ်းစစ်ကောင်စီက ကောက် ခံနေသည်ဟု ဒေသခံလူငယ်များက  ပြောဆိုကြောင်း Western Newsက ဖော်ပြခဲ့သည်။ 

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ မြို့နယ်ပေါင်း(၈၀)နီးပါးတွင် ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်တောက်ခံထားရ သည်ဟု အသံအဖွဲ့က ယင်းတို့၏သုတေသနတွေ့ရှိချက်အဖြစ် ထုတ်ပြန်ဖော်ပြခဲ့သည်။ ထိုသို့အင်တာနက်ဖြတ်တောက်မှုအ ခြေအနေများဆိုးဝါးလာမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုသတိပြုမိလာပြီး အီလွန်မတ်စ်အား မြန်မာပြည်သူများနှင့် ဒီမိုကရေစီအရေးအတွက် တိုက်ပွဲဝင်နေသည့်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များအတွက် အခမဲ့အင်တာနက်ပံ့ပိုးပေးရန် မြန်မာ့အရေးအထူးအကြံပေးကောင်စီ(SAC-M)မှ ပါမောက္ခယန်ဟီးလီက ယင်း၏တွစ်တာ(Twitter)လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ရေးသားတောင်းဆိုခဲ့သည်။ 


(ခ) အွန်လိုင်းရုပ်သံ ထုတ်လွှင့်မှုများ အပေါ် ပိုမိုကန့်သတ်လာမှုအခြေအနေများ

စစ်ကောင်စီ၏ ဒစ်ဂျစ်တယ်ရပ်ဝန်းအား ဖိနှိပ်ရာများတွင် လူတစ်ဦးခြင်း၏ထုတ်ဖော်ပြောဆိုမှုများအပေါ် ဖိနှိပ်ခြင်း၊ ကွန်ရက်ချိတ်ဆက်မှုများအား အနှောင့်အယှက်ဖြစ်စေရန်ပုံစံမျိုးစုံဖြင့် လုပ်ဆောင်ခြင်းတို့သာမက မီဒီယာများအပေါ်တွင်လည်း ပုံစံမျိုးစုံဖြင့် ဖိနှိပ်လျက်ရှိသည်ကို တွေ့ရသည်။ 

ယခုလတွင်လည်း ဆက်သွယ်ရေးလူမှုကွန်ယက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လွင့်ပြသခြင်းများအပေါ် ကန့်သတ်မှုပြုလုပ်ခဲ့သည်ကို တွေ့ရသည်။ ဆက်သွယ်ရေးလူမှုကွန်ယက်ကိုအသုံးပြု၍ ရုပ်ရှင်ကားထုတ်လုပ်ပြသလိုသူများအနေဖြင့် လိုင်စင်လုပ်ဆောင်ရန်လိုအပ်ပြီး ခွင့်ပြုချက်မရှိပဲ ပြသမှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ(၅) အရ အရေးယူမည်ဟု စစ်ကောင်စီ၏ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ 



အွန်လိုင်ပေါ်တွင် ရုပ်ရှင်ထုတ်လွှင့်ပြသခြင်းအား အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြောင်း ပြန်ကြားရေးဝန်ကြီးဋ္ဌာန၏ ကြေညာချက်


(ဂ) အွန်လိုင်းပေါ်မှ ပြောဆိုရေးသားမှုများအပေါ် ဖမ်းဆီးအရေးယူမှုအခြေအနေများ

စစ်ကောင်စီသည် ယင်းတို့မနှစ်မြို့သည့် မြေပြင်အခြေအနေတစ်ရပ်ရပ်၏အမှန်တရားများ အွန်လိုင်းပေါ်သို့ ပျံ့နှံလာသည့် အ ခါတိုင်း ခြိမ်းခြောက်အရေးယူရန် လုပ်ဆောင်လေ့ရှိသည်။ 

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏စီးပွားရေးတိုးတက်မှုအခြေအနေသည် သိသာစွာဆုတ်ယုတ်လာခဲ့ပြီး မြန်မာငွေ တန်ဖိုးမှာ ဆိုးဝါးစွာကျဆင်းလျက်ရှိသည်။ ထိုကဲ့သို့ မြန်မာငွေကြေးတန်ဖိုးကျဆင်းလာမှုကြောင့် ငွေလဲနှုန်းမြင့်တက်လာပြီး ပြင်ပတွင် အမှန်တကယ်ဖြစ်ပေါ်နေသော ငွေလွှဲနှုန်းနှင့်သက်ဆိုင်သည့်အချက်အလက်များအား လူမှုကွန်ရက်ပေါ်သို့မျှဝေပေးသည့် လူမှုကွန်ရက်စာမျက်နှာများ၊ အက်ပလီကေးရှင်း(Application)များနှင့် ဝက်ဘ်ဆိုက်(Website)များအား ငွေလဲနှုန်းတည်ငြိမ်မှုမရှိရန်လှုံ့ဆော်နေသည့်အတွက် တရားစွဲမည်ဟု စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်မှ ခြိမ်းခြောက်ခဲ့သည်။ စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန၏ “MOI” နှင့် မြန်မာ့အလင်းသတင်းစာတယ်လီဂရမ်မှ ထုတ်ပြန်မှုများအရ မတ်လအတွင်း လူမှုကွန်ရက်တွင် ပြောဆိုရေးသားမှုများကြောင်း ဖမ်းဆီးခံရသူ(၃၀)ခန့်ရှိသည်ကို ယခုလအတွင်း တွေ့ရှိရသည်။ 


(၃) ၂၀၂၄ ခုနှစ် ဧပြီလအတွင်း ကြုံတွေ့ခဲ့ရသည့် ဒစ်ဂျစ်တယ်ဖိနှိပ်မှုဖြစ်စဉ် အနှစ်ချုပ်


(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

(ခ) လူထုအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏ လုပ်ဆောင်လာမှုအခြေအနေများ 

(ဂ) ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ ဖြစ်စဉ်များ 

(ဃ) အမျိုးသားဦးညွတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုများဖြင့်သက်ဆိုင်သော

လူ့အခွင့်အရေးဆိုင်ရာ ထိလွယ်ရှလွယ် ဖြစ်စဉ်များ 


(က) မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုအခြေအနေများ 

မိုဘိုင်းဖုန်းနှင့် အင်တာနက်ဖြတ်တောက်မှုဖြစ်စဉ်အချို့သည် ဧပြီလအတွင်းတွင်လည်းဖြစ်ပေါ်ခဲ့ကြောင်း သတင်းမီဒီယာများ ၏ဖော်ပြချက်များအရ တွေ့ရှိရသည်။ 

မြစ်ကြီးနားမြို့အပါအဝင် ကချင်ပြည်နယ် မြို့နယ်အချို့တွင် ဖုန်းလိုင်းများ ထပ်မံပြတ်တောက်ခဲ့သည်ကို တွေ့ရသည်။ ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်များနှင့်ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KIA)တို့အကြား စစ်ရေးပြင်းထန် နေသည်။ ပြီးခဲ့သော မတ်လ(၁)ရက်နေ့တွင်လည်း ကချင်ပြည်နယ် တစ်ပြည်နယ်လုံးနီးပါးသည် ဖုန်းလိုင်းများ ဖြတ်တောက်ခြင်းခံခဲ့ရသေးသည်။ 

စစ်ကောင်စီသည် နယ်စပ်ကုန်သွယ်ရေး၏အရေးကြီးသောဒေသတစ်ခုဖြစ်သည့် မြဝတီမြို့တွင် စစ်ရေးအရ အရေးနိမ့်ခဲ့ပြီးနောက် မြဝတီမြို့အား ဖုန်းဆက်သွယ်ရေးလိုင်းများ ဖြတ်တောက်ခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများထပ်မံဖြတ်တောက်ခံရကြောင်း People’s Spring Telegram Channel၏ဖော်ပြချက်အရ သိရသည်။ ကလေးမြို့နယ်သည် စစ်ကောင်စီ၏အင်တာနက်နှင့်ဖုန်းလိုင်းများ မကြာခဏဖြတ်တောက်ခံရသည့် မြို့နယ်တစ်ခုလည်းဖြစ်သည်။ ပေါက်မြို့ရှိ ပင်မအမ်ပီတီ(MPT)ရုံး၌ စက်သုံးဆီပြတ်လတ်ခဲ့ပြီး မင်းတပ်မြို့ပေါ်နှင့်နယ်ဘက်များ၊ ကျောက်ထုနှင့် ယောနယ်များတွင် အမ်ပီတီ(MPT)ဖုန်းလိုင်း ပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့သည်။ 

(ခ) လူထုအပေါ် စောင့်ကြည့်ခြေရာခံနိုင်ရေးအတွက် စစ်ကောင်စီ၏ လုပ်ဆောင်လာမှုအခြေအနေများ 

သတင်းစီးဆင်းမှုဖြတ်တောက်ခြင်းများကို အာဏာသိမ်းကာလတစ်လျှောက် စစ်ကောင်စီက ဆက်တိုက်ပြုလုပ်နေရုံသာမက အစုလိုက်အပြုံလိုက်စောင့်ကြည့်နိုင်ရေးအစီအစဉ်များကိုလည်း ခပ်စိပ်စိပ်အကောင်အထည်ဖော်လာသည်ကို တွေ့ရသည်။ ထိုကဲ့သို အကောင်အထည်ဖော်မှုများ၌ အီးအိုင်ဒီ(E-ID)လုပ်ငန်းစဉ်မှာ သိသာထင်ရှားသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ စစ်ကောင်စီသည် အီးအိုင်ဒီ(E-ID)အကောင်အထည်ဖော်မှုမှတစ်ဆင့် လူထု၏ဇီဝအချက်အလက်များကို ရယူစုဆောင်းကာ သွားလာလှုပ်ရှားမှုအားလုံးကို စောင့်ကြည့်ထိန်းချုပ်နိုင်ရန်ကြိုးစားခဲ့သည်။ လူထု၏ဇီဝအချက်အလက်များကို အတိုင်းအတာတစ်ခုအထိ စုဆောင်းရရှိသွားပြီဖြစ်သောစစ်ကောင်စီသည် ယင်းအချက်အလက်များအားအသုံးချ၍ လူထုအပေါ်စောင့်ကြည့်နိုင်ရန် စတင်ကြိုးစားလာသည်ကို တွေ့ရသည်။ 

နယ်စပ်ဖြတ်သန်းသွားလာသူများအား မှတ်ပုံတင်အပြင် အီးအိုင်ဒီ(E-ID)လက်မှတ်များပါမှသာ နယ်စပ်ဖြတ်သန်းသွား လာခွင့်များပေးတော့မည်ဟု စစ်ကောင်စီက ယခုလအတွင်း အသိပေးကြေညာလာသည်ဧပြီလဒုတိယအပတ်မှစတင်ပြီး တာချီလိတ်မြို့ အမှတ်(၁)ချစ်ကြည်ရေးတံတားမှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်သို့ ဖြတ်သန်းသွားလာရာတွင် အကြမ်းမဖက်အာ ဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)စာရင်းတွင်ပါဝင်သူများကို ဖြတ်သန်းခွင့်ပိတ်ပင်မှုများ စတင်လုပ်ဆောင်လာခဲ့သည်။ ထိုဖြစ် စဉ်သည် အီးအိုင်ဒီ(E-ID)အချက်အလက်များဖြင့် ဆက်စပ်နေသည်ဟု ကြုံတွေ့ခဲ့ကြသူများက ယူဆနေသည်ကိုလည်း ယင်းသတင်းတွင်ဖော်ပြထားသည်။ မြန်မာနှင့်ရုရှား သတင်းအချက်အလက် လုံခြုံရေးသဘောတူညီချက်ကိုလည်း ယခုနှစ်အတွင်းစတင်နိုင်ရန် လုပ်ဆောင်နေသည်။ လူမှုကွန်ရက်ပေါ်တွင် ရေးသားပြောဆိုမှုများကြောင့် ဖမ်းဆီးခံရသူ အနည်းဆုံး(၂၀)ဦးခန့်ရှိကြောင့် စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာန၏ ‘MIO’နှင့် ‘Myanmar Newspaper Telegram Channel‘များကဖော်ပြမှုအရ သိရသည်။

စစ်ကောင်စီ၏ပြန်ကြားရေးဝန်ကြီးဌာနကလည်း လူမှုကွန်ရက်ပေါ်သို့ လွှင့်တင်သောရုပ်သံများကို စောင့်ကြည့်နေ ကြောင်းနှင့် မြန်မာ့ယဉ်ကျေးမှုဖြင့်ဆန့်ကျင်သော တေးသီချင်းဗီဒီယိုများအား လူမှုကွန်ရက်ပေါ်သို့လွှင့်တင်သူများကို ဥပဒေ နှင့်အညီ အမှုဖွင့်ဆောင်ရွက်နေသည်ဟု ထုတ်ပြန်ကြေညာလာသည်။ ယင်းသို့ ကြေညာလာမှုနှင့်အတူ စစ်ကောင်စီ၏ပြန် ကြားရေးဝန်ကြီးဌာနသည် “ဘီယာဗိုက်”တေးသီချင်းဗီဒီယို ရိုက်ကူးထုတ်လွှင့်ပြသခဲ့သော အဆိုတော်မေသူ၊ ဟာသသရုပ် ဆောင်အိုကေနှင့် အခြားသက်ဆိုင်သူများအား အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ - ၃၃(က)ဖြင့် အမှု ဖွင့်အရေးယူခဲ့သည်ကို တွေ့ရသည်။ ဧပြီလ (၂၈) ရက်နေ့တွင် နောက်ထပ်သီချင်းနှစ်ပုဒ်ကိုလည်း အီလက်ထရောနစ်ဆက် သွယ်ဆောင်ရွက်ရေးဥပဒေဖြင့်ပင် ထပ်မံအရေးယူခဲ့သည်ဖြစ်ရာ ယခုလအတွင်း အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက် ရေးဥပဒေကိုအသုံးပြု၍ အရေးယူခံရသည့် သီချင်း(၃)ပုဒ်အထိရှိခဲ့သည်။


(ဂ) ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ ဖြစ်စဉ်များ 

စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ဆုတ်ခွာ သွားမှုနှင့်အတူ သိသာစွာဆုတ်ယုတ်သွားခဲ့သည်။ တယ်လီနောအနေဖြင့် မြန်မာနိုင်ငံမှထွက်ခွာရသောအကြောင်းအရာများ ထဲမှတစ်ခုမှာ ကြားဖြတ်ဖမ်းယူစက်များတပ်ဆင်ရန် စစ်ကောင်စီ၏ဖိအားပေးမှုကြောင့်ဟု ထုတ်ဖော်ပြောဆိုမှုများ ရှိခဲ့သည်။ 

ယခုလတွင်လည်း မလေးရှားအခြေစိုက်တာဝါတိုင်ဝန်ဆောင်မှုကုမ္ပဏီ “Axiata Group” မြန်မာနိုင်ငံမှ ထွက်ခွာရန်ပြင် ဆင်လာပြီး အမ်ပီတီ(MPT)နှင့်ဖက်စပ်လုပ်ကိုင်နေသည့် ဂျပန်ဆက်သွယ်ရေးလုပ်ငန်းစု “KDDI”အရှုံးပေါ်ကြောင်း ထုတ်ပြန်ကြေ ညာလာခဲ့သည်ကိုလည်း တွေ့ရသည်။ အမ်ပီတီ(MPT)သည် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် XH Smart Tech နှင့်ပူးပေါင်းပြီး အီးဆင်းကဒ်(e-sim)ဝန်ဆောင်မှုပေးရန် ဆောင်ရွက်နေသည်ကို တွေ့ရသည်။ ယခုလအတွင်း ပြည်ပနိုင်ငံများမှ ‘MPT Roaming ဝန်ဆောင်မှု’အသုံးပြုသူများအနေဖြင့် အခက်အခဲများဖြစ်ပေါ်နေပြီး ထိုသို့ဖြစ်ရခြင်းမှာ SE-ME-WE5 ချို့ယွင်းချက်ကြောင့်ဟု အမ်ပီတီ(MPT)က ပြန်လည်ဖြေကြားခဲ့သည်ကိုလည်း တွေ့ရသည်။



Roaming ဝန်ဆောင်မှု အခက်အခဲများနှင့်ပတ်သက်သော အမ်ပီတီ(MPT)၏ ပြန်လည်ဖြေကြားချက်


မြန်မာနိုင်ငံ၏ဆက်သွယ်ရေးကဏ္ဍသည် အာဏာသိမ်းကာလနောက်ပိုင်းတွင် အနုတ်လက္ခဏာဆောင်သည့် အခြေအ နေများဘက်သို့သာ ဆက်တိုက်ကျဆင်းလျက်ရှိသည်ကို တွေ့ရသည်။ 


(ဃ) အမျိုးသားဦးညွတ်ရေးအစိုးရ(NUG)အပါအဝင် တော်လှန်ရေးအင်အားစုများဖြင့်သက်ဆိုင်သော

လူ့အခွင့်အရေးဆိုင်ရာ ထိလွယ်ရှလွယ်ဖြစ်စဉ်များ 

နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ဒစ်ဂျစ်တယ်နည်းပညာသည် လူတစ်ဦးချင်းစီ၏လူမှုဘဝထဲသို့ ဝင်ရောက်လာသည့် အလျှောက် ဒစ်ဂျစ်တယ်ရပ်ဝန်းအတွင်းရှိ လူတစ်ဦးချင်းစီ၏အခွင့်အရေးများကို ကာကွယ်ရေးသည် သက်ဆိုင်ရာအစိုးရနှင့် အုပ်ချုပ်သူများအားလုံးဖြင့်သက်ဆိုင်သောကိစ္စရပ်ဖြစ်လာသည်။ လူ့အခွင့်အရေးသည် ဒစ်ဂျစ်တယ်ရပ်ဝန်းနှင့် ဒစ်ဂျစ်တယ် ပြင်ပရပ်ဝန်းတွင်ပါသက်ရောက်သည်ဟု ကုလသမဂ္ဂ၏ဆွေးနွေးဆုံးဖြတ်ချက်များတွင် သဘောတူညီစွာ ချမှတ်ခဲ့သည်များ ရှိသည်။

လူ့အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များထဲတွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်သည် ဒီမိုကရေစီ၏အခြေခံအုတ်မြစ်ဖြစ်သကဲ့သို့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်ရှုထောင့်မှ ကြည့်ပါကလည်း အလွန်အရေးပါသောအခွင့်အရေးတစ်ခုဖြစ်သည်။ ၂၀၂၄ ခုနှစ် ဧပြီ(၁၆)ရက်နေ့၌ ကရင်နီ(ကယား)ပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီက “မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြား ချက်”ဟူသောခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့သောထုတ်ပြန်ချက်သည် တော်လှန်ရေးကာလအတွင်း အုပ်ချုပ်ရေးဆိုင်ရာလုပ် ဆောင်ချက်များအား လုပ်ဆောင်ရန်ဖွဲ့စည့်ထားသောအဖွဲ့အစည်းအနေဖြင့် မီဒီယာ၏လွတ်လပ်ခွင့်အပေါ် ဝိရောဓိဖြစ်ဖွယ် ရာအခြေအနေများကို ဖြစ်ပေါ်စေခဲ့သည်။ ဧပြီ(၂၁)ရက်နေ့၌ ပြင်ပသတင်းမီဒီယာများ သတင်းရယူခြင်းနှင့်ပတ်သက်၍ အသိ ပေးကြေညာချက်အား ကရင်အမျိုးသားအစည်းအရုံး(KNU)က ထပ်မံထုတ်ပြန်လာသည်ကို တွေ့ရသည်။ ယင်းထုတ်ပြန်ချက်တွင်လည်း သတင်းမီဒီယာသမားများ၏သတင်းရယူခွင့်နှင့်ပတ်သက်သော ကန့်သတ်ချက်များပါဝင်နေသည်ကိုတွေ့ရသည်။ ထိုသို့သောအခြေအနေများကြောင့် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ(IPCM)က စစ်ပွဲဖြစ်ပွားနေရာ တိုင်းရင်းသားနယ်မြေနှင့် ဒေသအသီးသီးတွင် သတင်းသမားများ၏လုံခြုံရေး၊ သတင်းလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာသတင်း ရယူခွင့်ကို တိုက်တွန်းသည့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်ကိုလည်း တွေ့ရသည်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ပညာရေးဝန်ကြီးဌာနလက်အောက်တွင် ဖွဲ့စည်းထားသည့် ရေဦးမြို့နယ် ပညာ ရေးဘုတ်အဖွဲ့သည် စစ်ကောင်စီအုပ်ချုပ်မှုအောက် စာသင်ကျောင်းများတွင် ပညာသင်ကြားခဲ့သည့် ကျောင်းသားများ ပြည်သူ့အခြေပြုကျောင်းတွင် ကျောင်းပြောင်းပညာသင်လိုပါက ဒဏ်ကြေးအဖြစ် သုံးသိန်းမှငါးသိန်းအထိ ပေးဆောင်ရမည်ဟု ထုတ် ပြန်ကြေညာခဲ့သော ကြေညာချက်သည်လည်း လူမှုကွန်ရက်မှတစ်ဆင့်ပျံ့နှံလာသည်ကို တွေ့ရသည်။ လွတ်လပ်စွာပညာသင်ကြားခွင့်သည် အခြေခံလူ့အခွင့်အရေးတစ်ရပ်ဖြစ်သည်။ ထို့ကြောင့် အစိုးရအဖွဲ့အစည်းတစ်ခုအဖြစ် ခံယူဆောင်ရွက်နေသူ များအနေဖြင့် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းများကို သတိထားလိုက်နာခြင်းသည် အစိုးရတစ်ရပ်၏တည်ရှိမှုဆိုင်ရာဂုဏ် သိက္ခာအပေါ် တိုက်ရိုက်သက်ရောက်မှုရှိစေသဖြင့် မိမိ၏လက်အောက်တွင် ဖွဲ့စည်းထားသောအဖွဲ့အစည်းများ၏ထုတ်ပြန်ချက်များအပေါ် ဂရုတစိုက်ဆောင်ရွက်ရေးသည် အလွန်အရေးကြီးသည်။

Comments


bottom of page