top of page

အတုအယောင် ရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းကာလအတွင်းဒစ်ဂျစ်တယ်ဖိနှိပ်မှုများအပေါ် စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာ

  • Myanmar Internet Project
  • 2 days ago
  • 3 min read
AI Generated Image
AI Generated Image

နိဒါန်း


စစ်အုပ်စုပြုလုပ်သော ၂၀၂၅ ခုနှစ် အတုအယောင် ရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ဒစ်ဂျစ်တယ်ဖိနှိပ်မှုများ၊ အွန်လိုင်းခြေရာခံစောင့်ကြည့်မှုများနှင့် သတင်းအချက်အလက်အား လက်နက်သဖွယ်အသုံးပြုမှုစသည့်အခြေအနေများကို မြန်မာအင်တာနက်ပရောဂျက်(MIP)နှင့်နွေဦးလုံခြံရေး(SRS)တို့က စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုသို့ စောင့်ကြည့်လေ့လာရာတွင် ဒစ်ဂျစ်တယ်ပလက်ဖောင်းများကို စောင့်ကြည့်လေ့လာခြင်း၊ လွတ်လပ်သော သတင်းမီဒီယာများမှ အချက်အလက်များ ကောက်ယူခြင်းနှင့်သက်ဆိုင်ရာဒေသအတွင်းမှကွန်ရက်များထံချိတ်ဆက်၍ မြေပြင်အချက်အလက်ရ ယူခြင်း နည်းနာများကို အသုံးပြုခဲ့သည်။


ဤအစီအရင်ခံစာ၌ ၂၀၂၅ ခုနှစ် အတုအယောင် ရွေးကောက်ပွဲ  အပိုင်း(၃)ပိုင်းအတွင်း တွေ့ရှိခဲ့ရသော ဒစ်ဂျစ်တယ်ဖိနှိပ်မှုအခြေအနေများကို စောင့်ကြည့်လေ့လာမှုရလဒ်အဖြစ် စုစည်းတင်ပြထားသည်။


(၁) အတုအယောင် ရွေးကောက်ပွဲကာလအတွင်း

အင်တာနက်ပြတ်တောက်မှုနှင့်ဒစ်ဂျစ်တယ်ဖိနှိပ်မှုအခြေအနေ


အတုအယောင် ရွေးကောက်ပွဲကာလအတွင်း ဆက်သွယ်ရေးပြတ်တောက်မှုအခြေအနေများအား သိရှိနိုင်ရန်အတွက် လွတ် လပ်သော သတင်းမီဒီယာများ၏ သတင်းများနှင့်ဒေသတွင်းကွန်ရက်များထံချိတ်ဆက်၍ မြေပြင်သတင်းရယူမှုများဖြင့် အချိန်နှင့်တစ်ပြေးညီစောင့်ကြည့်လေ့လာမှုများ မြန်မာအင်တာနက်ပရောဂျက်(MIP)က ပြုလုပ်ခဲ့သည်။


(၁.၁) အင်တာနက်နှင့်ဆက်သွယ်ရေးပြတ်တောက်မှုအခြေအနေ

အတုအယောင် ရွေးကောက်ပွဲ မတိုင်မီနှင့်ကျင်းပနေချိန်အတွင်းများ၌ အင်တာနက်ဆက်သွယ်ရေးနှေးကွေးခြင်း၊ တယ်လီ ဖုန်းလိုင်းများဆက်သွယ်ရခက်ခဲခြင်းနှင့်စစ်ကောင်စီ၏လုံခြုံရေးအတွက် ဂျန်ဘာအသုံးပြုခြင်းများကို ကြုံတွေ့ခဲ့ကြသည်။


(၁.၁.၁) အတုအယောင် ရွေးကောက်ပွဲမတိုင်မီ အင်တာနက် ပြတ်တောက်မှု အခြေအနေများ

ရွေးကောက်ပွဲကာလ မတိုင်မီ နိုဝင်ဘာလ(၁)ရက်နေ့မှစတင်ပြီး ပင်လယ်ရေအောက်ဖိုက်ဘာဆက်ကြောင်း ပြတ်တောက် သည်ဟုဆိုပြီး အင်တာနက်လိုင်းများ မြန်မာနိုင်ငံတစ်ဝန်းလုံး နှေးကွေးသွားသည်ကို ကြုံတွေ့ခဲ့ရသည်။ ၂၀၂၅ ခုနှစ် ဒီဇင် ဘာလကုန်တွင် အင်တာနက်လိုင်းများ ပြန်လည်ကောင်းမွန်မည်ဟု ဆက်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း ရွေး ကောက်ပွဲပထမပိုင်းပြီးသည်အထိ အင်တာနက်လိုင်များ ဆက်လက်နှေးကွေးနေသည်။


(၁.၁.၂) အတုအယောင် ရွေးကောက်ပွဲကာလများအတွင်း ဆက်သွယ်ရေးပြတ်တောက်မှုအခြေအနေများ

ဒေသတွင်းကွန်ရက်များ၏ သတင်းပေးပို့ချက်များအရ ဒီဇင်ဘာ(၂၈)ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်တွင် ဝိုင်ဖိုင်(Wi-Fi)လိုင်းများပြတ်တောက်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နှင့်မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တို့တွင် ဆက်သွယ်ရေးလိုင်းများတည်ငြိမ်မှု မရှိခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဒီဇင်ဘာ(၂၇)နှင့်(၂၈)ရက်နေ့များတွင် ဖုန်းလိုင်းများ ဆက်သွယ်ရခက်ခဲခဲ့သည်။


တော်လှန်ရေးစိုးမိုးနယ်မြေများအတွင်းပါဝင်သော မွန်ပြည်နယ် ဘီးလင်းနှင့်ကျိုက်ထိုမြို့နယ်၊ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ ဖာပွန်နှင့်လှိုင်းဘွဲ့မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူ၊ ထားဝယ်အရှေ့ဘက်ဒေသ၊ လောင်းလုံး၊ မြိတ်ဒေသနှင့်ကျွန်းစုမြို့တို့တွင် ရွေးကောက်ပွဲအပိုင်း(၁)နှင့်(၂)အကြားကာလ၌ လေကြောင်းတိုက်ခိုက်မှုရှိခဲ့သည့်အပြင် အင်တာနက်လိုင်းများလည်း ဖြတ်တောက်ခံထားရသည်ဟု လွတ်လပ်သော မွန်သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။


ရွေးကောက်ပွဲအပိုင်း(၂)နှင့်(၃)အကြားကာလ၌ ကာသာမြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဖုန်းလိုင်းများ ဖြတ်တောက်ခံခဲ့ရသည်။ ဇန်နဝါရီ(၂၂)ရက်နေ့က မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်၊ တပ်ကုန်းကျေးရွာ၌ မင်္ဂလာဆောင်ပြင်ဆင်နေစဉ် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အင်တာနက်လိုင်းများလည်း ဖြတ်တောက်ထားသည်ဟု မဇ္ဈိမသတင်းဋ္ဌာနက ဖော်ပြခဲ့သည်။ ထို့အပြင် ရွေးကောက်ပွဲအပိုင်း(၃)ကျင်းပရန် နီးကပ်လာချိန်တွင် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် အင်တာနက်လိုင်းများ အသုံးပြု၍မရအောင် နှေးကွေးနေခဲ့သည်


(၁.၁.၃) အတုအယောင် ရွေးကောက်ပွဲ ကာလများအတွင်း ဂျန်ဘာ(Jammer)အသုံးပြုမှုကြောင့်

ဆက်သွယ်ရေးပြတ်တောက်မှုအခြေအနေများ

ထားဝယ်မြို့နယ် ကမြောကင်းတံတားထိပ် စစ်ဆေးရေးဂိတ်၊ ရှင်မုတ္ထီးရွာစာသင်ကျောင်းနှင့်ကနိုင်ဒါရွာ စာသင်ကျောင်းမဲရုံများတွင် ဂျန်ဘာ(Jammer)များတပ်ဆင်အသုံးပြုခဲ့သည်ဟု ဒေသတွင်းကွန်ရက်များက မြန်မာအင်တာနက်ပရောဂျက် (MIP)သို့ ပြောသည်။ ဒရုန်းနှင့်လက်နက်ကြီးရန်ကို ကြောက်သဖြင့် မွန်ပြည်နယ် မဲရုံများတွင် ဂျန်ဘာ(Jammer)များတပ်ဆင်ခဲ့ကြောင်းနှင့်မသင်္ကာသူများကိုဖမ်းချုပ်ရန် စစ်ကော်မရှင်က ညွှန်ကြားခဲ့ကြောင်း MPA သတင်းဌာနက ဖော်ပြခဲ့သည်။


ကျောက်ပန်တောင်းနှင့်ပုပ္ပားရှိ နေရာအချို့၌ ရွေးကောက်ပွဲဒုတိယပိုင်းကာလအတွင်း ဂျန်ပါများတပ်ဆင်အသုံးပြုမှုရှိသည်ဟု ဒေသတွင်းအရင်းအမြစ်များက မြန်မာအင်တာနက်ပရောဂျက်(MIP)သို့ ပြောသည်။



(၁.၂) အတုအယောင် ရွေးကောက်ပွဲ ကာလများအတွင်း ကြုံတွေ့ခဲ့ရသော မဲပေးစက်ပြဿနာများ

အတုအယောင် ရွေးကောက်ပွဲတွင် တိကျမှန်ကန်မှုရှိစေရန်ဟုဆို၍ မဲပေးစက်များအား စစ်ကော်မရှင်က ပြောင်းလဲအသုံးပြုခဲ့သည်။ ရွေးကောက်ပွဲ ပထမပိုင်းကာလအတွင်း စစ်တွေဟင်္သာတရန်ကုန်နှင့်ထားဝယ်မြို့များရှိ မဲရုံများတွင် မဲပေးစက်ချို့ ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မဲရုံ(၂၁)ခုတွင်လည်း မဲပေးစက်(၂၂)ခုပျက်စီးခဲ့သည်ဟု CJ Platform က ဖော်ထုတ်ထားသည်။


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်တွင် ဖြစ်ပေါ်ခဲ့သော မဲပေးစက်ချို့ယွင်းမှုတွင် ကြံ့ခိုင်ရေး(USDP)ပါတီတစ်ခုတည်းကိုသာ ခလုပ်နှိပ်၍ရသောအခြေအနေမျာ‌ေဖြစ်ပေါ်ခဲ့သည်ဟု ဒီဗွီဘီ(DVB)သတင်းတစ်ပုဒ်က ဖော်ပြထားသည်။ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖြစ်ခဲ့သော မဲပေးစက်ချို့ယွင်းမှု၌ ပရင်ထုတ်ရာတွင်စာမျက်နှာအပြည့်မပေါ်သည့် ချို့ယွင်းချက် စသည်များ ဖြစ်ပေါ်ခဲ့သည်


ရွေးကောက်ပွဲ ဒုတိယပိုင်း ကာလအတွင်း ဝါးခယ်မ ၊ မောက်မယ်မြို့နယ်၊ ကွမ်းခြံကုန်းနှင့်ကော့မှူးမြို့နယ်တို့တွင် မဲပေးစက် ချို့ယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို တွေ့ရသည်။ “ကော့မှူးက မဲရုံတစ်ခုရဲ့ မဲပေးစက်က ၁၂ ခါနှိပ်ရင် ၆ ခါက ပါတီကြီးတစ်ခုတည်းပဲ ကျတယ်။ ကွမ်းခြံကုန်းမှာက ပြည်သူ့ပါတီရဲ့မဲပေးစက်ခလုတ်က ပျက်နေတယ်။ ဒါကိုသတိထားမိတဲ့သူကပြောမှ စက်ချို့ယွင်းနေတာပါလို့ ပြောတယ်”ဟု ကော့မှူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ပြည်သူ့ပါတီကိုယ်စားလှယ်လောင်း ဦးကျော်ကျော်ထွေးက ပြောခဲ့သည်။


ထို့အပြင် ရွေးကောက်ပွဲ တတိယပိုင်းတွင် ရှမ်းပြည်နယ် ညောင်ရွှေမြို့ရှိ မဲရုံများတွင် မဲပေးစက်များ ချို့ယွင်းခဲ့သည်ဟု Shan News သတင်းဌာနက ရေးသားခဲ့သည်။


မဲပေးစက်များ အားနည်းချက်ရှိခဲ့ကြောင်းကို စစ်ကော်မရှင်၏ရွေးကောက်ပွဲလုံခြုံရေးဆိုင်ရာ ကြီးကြပ်မှုဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဝန်ခံပြောကြားခဲ့သည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်အနေ ဖြင့် ဖြေရှင်းမှုများ လုပ်ဆောင်ခြင်းမရှိသည်ကို တွေ့ရသည်။



(၁.၃) သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေများ

ရွေးကောက်ပွဲကာလာများအတွင်း မီဒီယာများ၏သတင်းလွတ်လပ်ခွင့်အပေါ် နှောင့်ယှက်ခံရမှုများ ဖြစ်ခဲ့သည်။ သတင်းမီဒီယာများသည် ရွေးကောက်ပွဲအတွင်း လွတ်လပ်စွာ သတင်းယူခွင့်မရကြောင်း ထုတ်ဖော်ပြောကြားခဲ့ ကြသည်။ ရွေးကောက်ပွဲတတိယပိုင်းတွင် လှိုင်သာယာမြို့နယ်ရှိ မဲရုံများသို့ တရားဝင်သွားရောက်သတင်းယူသည့် သတင်းထောက်များအား စစ်တပ်ကျောထောက်နောက်ခံပြု ပျူစောထီးများက တားဆီးခဲ့သည်။



(၁.၄) “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို

နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ”အသုံးပြုမှုအခြေအနေများ

အတုယောက် ရွေးကောက်ပွဲအား ဆန့်ကျင်သူများကို နှိပ်ကွပ်ရန် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့် ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေအား စစ်ကော်မရှင်က ပြဋ္ဌာန်းခဲ့သည်။


ယင်းဥပဒေဖြင့် အမျိုးသား(၃၂၄)ဦးနှင့်အမျိုးသမီး(၈၀)၊ စုစုပေါင်း(၄၀၄)ဦးတို့အား အရေးယူခဲ့သည်ဟု စစ်ကော်မရှင်က ၂၀၂၆ ခုနှစ် ဇန်နဝါရီ(၂၃)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အွန်လိုင်းမှဝေဖန်ပြောဆိုမှုများကိုပါ ယင်းဥပဒေ အသုံးပြ၍ စစ်ကော်မရှင်က ဖမ်းဆီးနေသည်။ မြန်မာအင်တာနက်ပရောဂျက်(MIP)မှ ကောက်ယူထားသောအချက်အလက်များအရ အွန်လိုင်းမှတစ်ဆင့်ပြောဆိုရေးသားသူ အမျိုးသား(၂၅)ဦးနှင့်အမျိုးသမီး(၁၃)ဦး၊ စုစုပေါင်း(၃၈)ဦးအား ယင်းဥပဒေဖြင့် ဖမ်းဆီးခဲ့သည်ကို တွေ့ရသည်။ မဲရုံအတွင်းသို့ လက်ကိုင်ဖုန်းယူဆောင်လာသဖြင့် မွန်ပြည်နယ် ၊ သထုံမြို့နယ်၊ မရမ်းကုန်းကျေးရွာတွင် အမျိုးသမီး(၂)ဦးအားလည်း ယင်းဥပဒေဖြင့် ဖမ်းဆီးခဲ့ သည်



(၂)  သတင်းအချက်အလက်အား လက်နက်သဖွယ်အသုံးပြုမှုအခြေအနေ


၂၀၂၅ ခုနှစ် အတုယောင် ရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းလုံး၌ မဲပေးခြင်းလုပ်ငန်းစဉ်များနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်သို့ ဦးတည်တိုက်ခိုက်သော သတင်းမှားကမ်ပိန်းများ မရှိသည်ကို တွေ့ရှိရသည်။ ထိုအစား စစ်ကော်မရှင်ထောက်ခံသူ များနှင့်အမျိုးဘာသာသာသနာချစ်မြတ်နိုးသူများ၏လူမှုကွန်ရက်များ၌ ရွေးကောက်ပွဲကြိုဆိုထောက်ခံခြင်းများ၊ ပါတီမဲဆွယ်ပွဲများတွင် ပါတီထောက်ခံသူများ၏စကားသံများ၊ မဲပေးရန်လှုံဆော်မှုများနှင့်မဲရုံများတွင် မဲပေးသူများဖြင့် ပြည့်နှက်နေသည်ဟုပုံဖော်မှုများ စသောအကြောင်းအရာများကိုသာ အများ အပြားတွေ့ရှိရသည်။


(၂.၁) ပဋိပက္ခနှင့်ဆက်စပ်သော အတုအယောင် ရွေးကောက်ပွဲကာလအတွင်း အခြေအနေများ

၂၀၂၅ ခုနှစ် ဒီဇင်ဘာ(၂၇)ရက်ည၌ တမူး၊ လယ်ဝေး၊ ပြည်၊ ထားဝယ်၊ မန္တလေး၊ မုံရွာနှင့်မြဝတီမြို့များတွင် ဗုံးပေါက်ကွဲမှုများနှင့်ပစ်ခတ်မှုများဖြစ်ခဲ့ပြီး ရွေးကောက်ပွဲပထမပိုင်း ဒီဇင်ဘာ(၂၈)ရက်နေ့မနက်ပိုင်း အွန်လိုင်းပေါ်၌ အများပြည်သူဆွေးနွေးသည့် အဓိကအကြောင်းအရာများဖြစ်ခဲ့သည်။


ရွေးကောက်ပွဲဒုတိယပိုင်းကျင်းပသော ဇန်နဝါရီ(၁၁)ရက်နေ့၌ စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်ရှိ ရပ်ကွက်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့်မြို့မရဲစခန်းတို့တွင်   လက်နက်ကြီးများဖြင့်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ ထိုနေ့မှာပင် ပဲခူး တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးမှုးရုံးအား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် မဲပေးမှုများရပ် တန့်ခဲ့ပြီး မဲရုံများပိတ်လိုက်ရကြောင်း သိရသည်။


ရွေးကောက်ပွဲတတိယပိုင်းကျင်းပသော ဇန်နဝါရီ(၂၅)ရက်နေ့၌ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ မဲရုံများဝန်းကျင်တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များမှ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ပြီး တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေကြောင်း လွတ်လပ်သောသတင်းမီဒီယာများက ဖော်ပြပြီး စစ်ကော်မရှင်ဘက်က ပြန်လည်တိုက်ခိုက်မှုများပြုလုပ်ခဲ့သဖြင့် နှစ်ဖက်ကြားတိုက်ပွဲများပြင်းထန်ခဲ့ကြောင်း သိရှိရသည်။


(၂.၂) အာဏာရပိုင်ခွင့်အား အလွဲသုံးစားပြုလုပ်၍ မဲပေးသူများကို ဖိအားပေးမှုအခြေအနေများ

ရွေးကောက်ပွဲ ပထမပိုင်းဖြစ်သော ဒီဇင်ဘာ(၂၈)ရက်နေ့၌ မုံရွာ၊ လားရှိုး၊ ဘိုကလေး၊ ရန်ကုန်မြို့ သာကေတနှင့်ကျောက်တံတားမြို့နယ်တွင် ဒေသအာဏာပိုင်များက ဒေသတွင်းနေထိုင်သူများအား မဲပေးရန်မဖြစ်မနေလိုအပ်သည်ဟု ဖိအားပေးခဲ့ကြောင်း သတင်းများထွက်ခဲ့ပြီး မဲမပေးပါက အရေးယူခံရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။


ရွေးကောက်ပွဲ ဒုတိယအပိုင်းဖြစ်သော ဇန်နဝါရီ(၁၁)ရက်နေ့၌ မင်းလှ၊ ရေး၊ ကော့မှုးနှင့် ရွှေပြည်သာ စသည့်မြို့နယ်များတွင် ဒေသအာဏာပိုင်များက ဒေသတွင်းနေထိုင်သူများအား မဲပေးရန်မဖြစ်မနေလိုအပ်သည်ဟု  ဖိအားပေးခဲ့ကြောင်း သတင်းများထွက်ခဲ့ပြီး မဲမပေးပါက အရေးယူခံရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။


ရွေးကောက်ပွဲ တတိယပိုင်းဖြစ်သော ဇန်နဝါရီ(၂၅)ရက်နေ့၌ အင်္ဂပူ၊ ရေကြီး၊ မင်္ဂလာတောင်ညွန့်၊ ဖားအံ၊ မလှိုင်၊ ပုသိမ်ကြီးစသည့် မြို့နယ်များနှင့်မြို့နယ်အတွင်းရှိ ရွာများတွင် ဒေသအာဏာပိုင်များက ဒေသတွင်းနေထိုင်သူများအား မဲပေးရန်မဖြစ်မနေလိုအပ်သည်ဟု  ဖိအားပေးခဲ့ကြောင်း သတင်းများထွက်ခဲ့ပြီး မဲမပေးပါက အရေးယူခံရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။



(၃) ဒစ်ဂျစ်တယ်ဖိနှိပ်မှုနှင့်စောင့်ကြည့်မှုအခြေအနေ


(၃.၁) ပီအက်စ်အမ်အက်စ်(PSMS)ဖြင့်  စောင့်ကြည့်ဖိနှိပ်မှုများအပေါ် ထိတ်လန့်နေရမှုနှင့်

စောင့်ကြည့်ရေးစနစ်များ ထပ်မံဖြန့်ကြက်ရန်ပြင်ဆင်မှုအခြေအနေများ

ပီအက်စ်အမ်အက်စ်(PSMS)စနစ်ဖြင့်စောင့်ကြည့်မှုများအား အတုအယောင် ရွေးကောက်ပွဲမတိုင်ခင်ကာလများ၌ အများပြည်သူမှာ ထိတ်လန့်နေခဲ့ကြရသည်။ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၂၆ဒီဇင်ဘာ ၂၅ဒီဇင်ဘာ ၂၆ဒီဇင်ဘာ ၂၆ နှင့်ဒီဇင်ဘာ ၂၇ တို့၌ ဖော်ပြသောသတင်းများအရ ပီအက်စ်အမ်အက်စ်ဖြင့် ဧည့်စာရင်းစစ်ခြင်း၊ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးခြင်းနှင့်လုံခြုံရေးတင်းကြပ်ခြင်းများ ရှိခဲ့သည်ကို တွေ့ရသည်။


သို့သော် စစ်ကော်မရှင်၏အတုအယောင် ရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းလုံးတွင် ပီအက်စ်အမ်အက်စ်(PSMS)စနစ်အသုံးပြုခြင်းနှင့်နည်းပညာအသုံးပြုခြေရာခံဖမ်းဆီးထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့သည်ကို အများအပြားမတွေ့ခဲ့ရပါ။ ပီအက်စ်အမ်အက်စ်(PSMS)စနစ်အား နည်းပညာအဆင့်မြှင့်ခြင်းနှင့်ပိုမိုကျယ်ပြန့်စွာအသုံးပြုနိုင်ရန်ဆောင်ရွက်မှုများကို ၂၀၂၅ ခုနှစ် စက် တင်ဘာနှင့်ဒီဇင်ဘာလတို့တွင် တွေ့ရှိခဲ့ရပြီး ပီအက်စ်အမ်အက်စ်(PSMS)စနစ်တွင် မျက်နှာသွင်ပြင်မှတ်သားနိုင်သောစနစ် ထည့်သွင်းထားကြောင်း ယူဆရနိုင်သည့်စစ်ဆေးမှုများလည်း ရှိခဲ့သည်။ ရွေးကောက်ပွဲကော်မတီသည် မဲပေးသူစာရင်းအား “excel”ဟုယူဆရနိုင်သော အက်ပလီကေးရှင်းအသုံးပြုပြီး ဒစ်ဂျစ်တယ်အားဖြင့်ထိန်းသိမ်းထားနိုင်ကြောင်း ယူဆရနိုင်သည်။


ထို့အပြင် ငွေကြေးလွှဲပြောင်းမှုများအား အီးအိုင်ဒီ(e-ID)စနစ်နှင့်ဆင်းကဒ်မှတ်ပုံတင်(SIM-Registration)စနစ်တို့ဖြင့် ချိတ်ဆက်စောင့်ကြည့်နိုင်ရန် ဗဟိုဘဏ်လုပ်ဆောင်နေကြောင်းလည်း ရွေးကောက်ပွဲကာလအတွင်း တွေ့ရှိခဲ့ရပြီး ငွေကြေးလဲ လှယ်မှုဝန်ဆောင်မှုပေးသူ အများအပြားကိုလည်း စိစစ်တားဆီးခဲ့သည်


(၃.၂) ဆင်ဆာဖြတ်တောက်မှုနှင့်စောင့်ကြည့်မှုအခြေအနေများ

ဗီပီအန်(VPN)နှင့်ဆင်ဆာပိတ်ပင်မှုအား ဖြတ်ကျော်ရေးနည်းပညာများကို စစ်ကော်မရှင်၏ပိတ်ဆို့မှုများရှိသော်လည်း နည်းပညာအားဖြင့် ထပ်ဆင့်တိုးတက်လာမှုမတွေ့ရပါ။ အတုအယောင် ရွေးကောက်ပွဲကာလအတွင်း “Outline VPN server” အား စောင့်ကြည့်ပိတ်ဆို့မှုများဖြစ်ခဲ့ကြောင်း တွေ့ရသည်။



နိဂုံး


၂၀၂၅ ခုနှစ် အတုအယောင် ရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းလုံး၌ အင်တာနက်ဆက်သွယ်ရေးနှေးကွေးခြင်း၊ ဖုန်းလိုင်းဆက်သွယ်ရေးခက်ခဲခြင်းနှင့်စစ်အုပ်စုလုံခြုံရေးလိုချင်သောဒေသများတွင် ဂျန်ဘာသုံးစွဲခြင်းများ ပြုလုပ်ခဲ့ကြောင်းတွေ့ရသည်။ အ တုအယောင် ရွေးကောက်ပွဲကာလဟုဆိုနိုင်သော ဒီဇင်ဘာနှင့်ဇန်နဝါရီလများတွင် စစ်ရေးပဋိပက္ခများရှိမြဲရှိနေပြီး လေ ကြောင်းဗုံးကြဲရန်အတွက် အင်တာနက်ဖြတ်တောက်ခြင်းများကိုလည်း ကြုံတွေ့ခဲ့ရသည်။ မဲပေးစက်အသုံးပြုရာတွင်လည်း စက်ချို့ယွင်းခြင်း၊ ပျက်ခြင်းနှင့်အငြင်းပွားဖွယ်စက်ပိုင်းဆိုင်ရာပြဿနာအချို့ကို ကြားသိခဲ့ရသည်။ မဲပေးသောနေ့၌ မဲရုံးသ တင်းယူသူများအား ကန့်သတ်ခြင်းများလည်း ရှိခဲ့သည်။ ရွေးကောက်ပွဲဆိုင်သော သတင်းအချက်အလက်များတွင် သတင်းတုသတင်းမှားဖြန့်ချိမှုနည်းပါးပြီး ရွေးကောက်ပွဲ မဲပေးရန်လှုံ့ဆော်ခြင်း၊ မဲဆွယ်ခြင်းနှင့်မဲရုံများတွင် မဲပေးသူများဖြင့် စည်ကားနေကြောင်းပုံဖော်သောအကြောင်းအရာများကို တွေ့ရသည်။ စောင့်ကြည့်ခံရမှုအခြေအနေများတွင် ပီအက်စ်အမ်အက်စ်အသုံး ပြု၍ ရွေးကောက်ပွဲမဲပေးခြင်းကို စောင့်ကြည့်၍ ဖမ်းဆီးခံရမည်ကို ထိတ်လန့်မှုများရှိခဲ့ကြသော်လည်း ယင်းကြောင့် တစ်စုံတရာဖမ်းဆီးအရေးယူခံခဲ့ရသည်ကို မတွေ့ရပါ။



Recommended Citation Style - Myanmar Internet Project(2026, January 29)

အတုအယောင် ရွေးကောက်ပွဲ အပိုင်း(၃)ပိုင်းကာလအတွင်းဒစ်ဂျစ်တယ်ဖိနှိပ်မှုများအပေါ် စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာ

Comments


bottom of page